အခန်း (၈၂၅-၈၂၆)
Vol. 66 Ch. 825-826
အခန်း ၈၂၅- အကြီးစား အခြေစိုက်စခန်းနှင့် လက်ကိုင်ဖုန်းများ စတင်ရောင်းချခြင်း
အဆင့်မြှင့်တင်ထားသော ဤအကြီးစား။အခြေစိုက်စခန်း၏ လွှမ်းခြုံနိုင်စွမ်းကို မြင်လိုက်ရသောအခါ ရှောင်းယီမှာ လုံးဝ မှင်သက်သွားခဲ့ရ၏။
အသေးစားအခြေစိုက်စခန်းတစ်ခု၏ လွှမ်းခြုံမှုအကွာအဝေးမှာ ကီလိုမီတာ တစ်ထောင်သာ ရှိသည်ကို သိထားရမည်ဖြစ်သည်။ အကြီးစားအဖြစ် အဆင့်မြှင့်တင်လိုက်ခြင်းက အဆပေါင်း တစ်ရာတောင် တိုးသွားခြင်း ဖြစ်သည်။
“ဒီလောက် ကျယ်ပြန့်တဲ့ လွှမ်းခြုံမှုဧရိယာနဲ့ဆိုရင် လူပုမျိုးနွယ်စုတွေ သူတို့ကျွန်းကို ဒီဘက်မရွှေ့ခင်ကတည်းက သူတို့ဖုန်းတွေမှာ လိုင်းမိနေလောက်တယ်။”
ရှောင်းယီက သူ့ဘာသာ တွေးလိုက်မိ၏။ သို့သော် သူတို့က ပြောင်းလာပြီးသားဖြစ်သဖြင့် ထပ်ပြောနေစရာ မလိုတော့ပေ။
လူပုဘုရင်ကြီး နောင်တရသွားလျှင် ခက်ရချည်ရဲ။
တကယ်တမ်း နောင်တရစရာ အကြောင်းမရှိချေ။ လူပုဘုရင်ကြီး ပြောင်းလာရခြင်းမှာ ဖုန်းလိုင်းတစ်ခုတည်းကြောင့် မဟုတ်သည်မှာ သေချာပေသည်။
ဤကမ္ဘာရှိ ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူများရှိရာ ဧရိယာ၏ အချင်းမှာ ကီလိုမီတာ ငါးသောင်းပင် မရှိပေ။ ဆိုလိုသည်မှာ ယခုအခါ ရှားနိုင်ငံရှိရာ မည်သည့်နေရာမှမဆို ဤအခြေစိုက်စခန်းမှ လွှတ်ထုတ်သော လှိုင်းကို ရရှိနိုင်ပြီ ဖြစ်သည်။
“ဒါဆိုရင် ငါ ဆက်သွယ်ရေးလုပ်ငန်းကို စတင်လို့ရပြီပေါ့။”
ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူ၏ ယခင်ကမ္ဘာတွင် ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသည့် ကုမ္ပဏီများမှာ ငွေကို ရေလိုသုံးနိုင်အောင် ချမ်းသာခဲ့ကြသည်ကို သူ မှတ်မိနေသေး၏။
အချို့နှစ်များ၏ တရုတ်နှစ်သစ်ကူးပွဲတော် ကာလအတွင်းမှာပင် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုသည် SMS (စာတို) ပို့ခ တစ်ခုတည်းမှတင် အသားတင်အမြတ်ငွေ ငါးဘီလီယံကျော်အထိ ရရှိခဲ့ဖူးသည်ဟု ဆိုကြသည်။
ထိုစဉ်က စာတိုတစ်စောင်လျှင် တစ်ယွမ် ကျသင့်သော်လည်း ၎င်း၏ ကုန်ကျစရိတ်မှာ မပြောပလောက်ပေ။ အချက်အလက် အနည်းငယ်မျှဖြင့် တစ်လလုံးနီးပါး စာပို့နိုင်သည့် နောက်ပိုင်းကာလများနှင့် နှိုင်းယှဉ်ကြည့်လျှင် သိသာလှပေသည်။
ထို့ကြောင့် ရှောင်းယီသည် ဆက်သွယ်ရေးလုပ်ငန်း စတင်ရန် စိတ်ကူးပေါ်လာခဲ့၏။
စိတ်ကူးရသည်နှင့် ရှောင်းယီသည် ဖုန်းကိုကောက်ကိုင်ကာ ဝမ်ရှင်းဖုန်းထံ ဖုန်းဆက်လိုက်တော့လေသည်။
“အခု ငါတို့ဆီမှာ လက်ကိုင်ဖုန်း ဘယ်လောက်လောက် ထုတ်လုပ်ပြီးပြီလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကို သတင်းပို့ပါတယ်။ လောလောဆယ် အလုံးရေ တစ်သောင်းအောက်ပဲ ရှိပါသေးတယ်။”
ဝမ်ရှင်းဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဖုန်းအလုံးရေ တစ်သောင်း ထုတ်လုပ်ပြီး ဒီကို တိုက်ရိုက် ပို့ပေးလိုက်ပါ။”
“ဟုတ်ကဲ့။”
အမိန့်ပေးပြီးနောက် ရှောင်းယီသည် ဂရုထဲတွင် မက်ဆေ့ဂျ်တစ်ခု ချက်ချင်း တင်သွင်းလိုက်၏။
“ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အတွင်းပိုင်း ဆွေးနွေးမှုတွေအရ လက်ကိုင်ဖုန်းတွေကို အများပြည်သူကို စတင်ရောင်းချဖို့ ပြင်ဆင်နေပါပြီ။ လောလောဆယ်တော့ ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူ ဧရိယာအတွင်းမှာပဲ သုံးလို့ရပါဦးမယ်။ စုစုပေါင်း အလုံးရေ နှစ်သောင်းပဲ ရှိပြီး တစ်လုံးကို အုတ်မြစ်ကျောက် ၁၀၀ ပါ။ နောက်ပိုင်း အသုံးပြုခကတော့ တစ်ရက်ကို အုတ်မြစ်ကျောက် တစ်တုံး ကျသင့်မှာ ဖြစ်ပါတယ်။ အခုကတည်းက ကြိုတင်မှာယူနိုင်ပါပြီ။”
ဝမ်ရှင်းဖုန်းသည် ဖုန်းအလုံးတစ်သောင်းသာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ရှောင်းယီတွင် ယနေ့ ဆုကြေးနှစ်ဆ ရရှိနေသဖြင့် သူသည် အများပြည်သူကို အလုံးရေ နှစ်သောင်းအထိ ရောင်းချနိုင်ခြင်း ဖြစ်သည်။
ရှောင်းယီ၏ အရောင်းအဝယ်ကမ်းလှမ်းမှုကို မြင်သောအခါ ဂရုထဲ၌ အမှန်တကယ် ပွက်လောရိုက်သွားတော့လေသည်။
“ခဏလေး... ဘာတွေဖြစ်နေတာလဲ။ သူဌေးကြီးဆီမှာ လက်ကိုင်ဖုန်းတွေတောင် ရှိနေပြီလား။”
“အဲဒါထက် ပိုအရေးကြီးတာက သူက ရှားနိုင်ငံ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားတယ်တဲ့လား။ အဲဒါ တကယ်ဖြစ်နိုင်လို့လား။ သူက ဂြိုဟ်တုလှိုင်းတွေကို သုံးနေတာလား။”
“ဟုတ်တယ်...ငါတို့ ရှားနိုင်ငံ ဧရိယာက အချင်း ကီလိုမီတာ လေးငါးသောင်းလောက်တော့ ရှိမှာပဲ။ ဂြိုဟ်တုလှိုင်းဆိုရင်တော့ ဖြစ်နိုင်တယ်။”
“မဖြစ်နိုင်တာ...။ ငါတို့က ကျွန်းပေါ်မှာ ငတ်ပြတ်ပြီး ရုန်းကန်နေရတုန်းရှိသေးတယ်။ ယီရန်ပင်း သူဌေးကြီးက အာကာသထဲအထိတောင် တက်သွားနေပြီလား။”
“မဖြစ်နိုင်လောက်ပါဘူး။ အဲလောက် အဆင့်မြင့်တာမျိုးဆိုရင် ကောင်းကင်မှာရှိတဲ့ အရာတွေက ပစ်ချမှာပေါ့။”
“ကောင်းကင်က အရာတွေလား။ ကောင်းကင်မှာ ဘာရှိလို့လဲ။”
“ဒီကမ္ဘာ့စည်းမျဉ်းတွေက သူတို့ဖြစ်ချင်တာကို စီစဉ်လို့ရနေတာပဲ။ ယီရန်ပင်း သူဌေးကြီး အစပိုင်းမှာ အပျော်စီးရွက်သင်္ဘော ရတုန်းကလိုပေါ့။ အဲဒါက အဆင့်မြင့်လွန်းတော့ ရွက်သင်္ဘောနဲ့ အပြင်ထွက်ရင် ရှေးဦးသားရဲကြီးတွေနဲ့ တွေ့ဖို့ ရာခိုင်နှုန်းက အရမ်းများသွားတာလေ။ မဟုတ်ဘူး... ရာနှုန်းပြည့်ကို တွေ့ရမှာ။”
“ဟုတ်တယ်။ တကယ်လို့ သူဌေးကြီးသာ အခု ဂြိုဟ်တုလွှတ်တင်လိုက်ရင် ဥက္ကာခဲတစ်လုံးလောက်နဲ့တင် အဲဒီဂြိုဟ်တုက သွားပြီပဲ။ အဲဒီလောက်ထိကို ရိုးရှင်းတယ်။”
“ကမ္ဘာ့စည်းမျဉ်းတွေက တကယ်ကို ကောက်ကျစ်လွန်းတယ်။ ငါတို့က ရှေ့ကို ကြိုရောက်ချင်ရင်တောင် အခွင့်အရေး မပေးဘူး။”
“ဒါက ပြဿနာတစ်ခုကိုလည်း ရှင်းပြနေတယ်လေ။”
“ဘာပြဿနာလဲ။”
“သူဌေးကြီး ဒီလို အဆင့်မြင့်ပစ္စည်းတွေ ရတာက သာမန်နည်းလမ်းနဲ့တော့ မဟုတ်လောက်ဘူး။”
“ဟမ်...ဖြတ်လမ်းနည်းတွေလည်း ရှိသေးလို့လား။ ကျုပ်ကိုလည်း လမ်းညွှန်ပေးပါဦး။ ကျုပ်လည်း ဖြတ်လမ်းနည်း သုံးချင်လို့ပါ။”
“စဉ်းစားကြည့်လေ။ အကယ်၍ ဒါက ရိက္ခာသေတ္တာထဲကနေ ရိုးရိုးသားသား ရတာဆိုရင် ကမ္ဘာ့စည်းမျဉ်းတွေက ဒီလောက်အထိ တုံ့ပြန်မှု ကြီးမှာမဟုတ်ဘူးလေ...ဟုတ်တယ်မလား။”
“ဟုတ်သလိုပဲ။ သူဌေးကြီးခင်ဗျာ...ကျုပ်တို့ကို လမ်းညွှန်ပေးပါဦး။ ကျုပ်လည်း နည်းနည်းလောက် လိုချင်လို့ပါ။”
ခဏအတွင်းမှာပင် ချတ်ဘောက်စ်ထဲ၌ @ယီရန်ပင်း ဆိုသည့် တက်ဂ် (Tag) များဖြင့် ပြည့်နှက်သွားတော့၏။
လူတိုင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ရှောင်းယီက ဂရုထဲတွင် ပြန်လည်ဖြေကြားလိုက်သည်။
“ကျုပ်မှာ အရင်းအမြစ်တွေ ရနိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါတွေက ကျုပ် ထိန်းချုပ်လို့ရတဲ့ အရာတွေ မဟုတ်သလို ခင်ဗျားတို့လည်း သင်ယူလို့ မရပါဘူး။ အဲ့ဒါကြောင့် ခင်ဗျားတို့အနေနဲ့ လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုကို ဝယ်မလား၊ မဝယ်ဘူးလားဆိုတာကိုပဲ အာရုံစိုက်တာ ပိုကောင်းပါလိမ့်မယ်။”
“အမှန်ပဲ။ ဒါက ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ရမယ်။ လူတိုင်း ဘယ်လိုလုပ် ရနိုင်မှာလဲ။ အဲဒီစိတ်ကူးကို လက်လျှော့လိုက်ကြတော့။ ကျုပ် ဖုန်း ၉ လုံး လိုချင်တယ်။ တစ်လုံးချင်းစီအတွက် တစ်ပတ်စာ ဆက်သွယ်ရေး ဝန်ဆောင်မှုပါ ဝယ်မယ်။ စုစုပေါင်း အုတ်မြစ်ကျောက် ၉၆၃ ခုပါ။ သီးသန့်မက်ဆေ့ဂျ်ကနေ ကမ်းလှမ်းချက် ပို့ထားပြီးပါပြီ။ အရောင်းစမှာကို စောင့်နေပါတယ်။”
“အားပါးပါး... လူငယ်လေး...မင်းလက်က တော်တော်မြန်တာပဲ။ ၉ လုံးတောင် ဝယ်လိုက်တယ်လား။ ဒါက စုစုပေါင်း နှစ်သောင်းပဲ ရှိတာလေ။ ခဏလေးနဲ့ ကုန်သွားတော့မှာပဲ။”
“မြန်မြန်သာ ဝယ်ကြ ဒီလို လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရတာက အတော်လေး အဆင်ပြေတယ်။”
“ကျုပ်ကတော့ သိပ်အရေးမကြီးဘူးလို့ ထင်တယ်။ ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။”
“တူတော့ တူပါတယ်။ ဒါပေမဲ့ ကျောက်တိုင်ကြီးကို ကျောပိုးပြီး လမ်းလျှောက်လို့ ရလို့လား။”
“ဟားဟားဟား...သူက လိပ်မှ မဟုတ်တာ။ ဘယ်လိုလုပ် ကျောပိုးလို့ ရမှာလဲ။”
“ဘာပဲဖြစ်ဖြစ် ကျုပ်တို့ဆီမှာ ကျောက်တိုင်ကို စောင့်ကြည့်ပေးမယ့်သူ သီးသန့်ရှိတယ်။ ကျုပ်တော့ မဝယ်တော့ဘူး။ ဒါက ဈေးကြီးလွန်းပြီး မလိုအပ်ဘူးလို့ ထင်တယ်။”
“တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမှ မတူတာပဲလေ။ လိုအပ်တယ် ထင်ရင် ဝယ်၊ မလိုအပ်ဘူး ထင်ရင် မဝယ်နဲ့ပေါ့။ ဒါကို ငြင်းခုံနေစရာ မလိုပါဘူး။”
“ကဲ... ငြင်းမနေကြနဲ့တော့။ ခုနက ကျုပ် ကြိုတင်မှာယူဖို့ ကြိုးစားကြည့်တာ သူဌေးကြီးက ပစ္စည်းကုန်သွားပြီလို့ ပြောတယ်။”
“ဟမ်... အဲဒီလောက်တောင် မြန်တာလားဟ။ ဖုန်းအလုံနှစ်သောင်းလုံး ဒီလောက်မြန်မြန် ကုန်သွားပြီလား။”
ထိုအခါ ရှောင်းယီက ဂရုထဲတွင် ထပ်မံပြောကြားလိုက်သည်။
“အားလုံးပဲ စိတ်မပူကြပါနဲ့။ အနာဂတ်မှာလည်း ကျုပ်တို့အနေနဲ့ ဖုန်းတွေကို ဆက်တိုက် ထုတ်လုပ်ပေးသွားမှာပါ။ ဒါပေမဲ့ ဒီနေ့ကတော့ မိတ်ဆက် အရောင်းမြှင့်တင်တဲ့အနေနဲ့ ရောင်းတာဖြစ်လို့ နောက်ပိုင်းမှာတော့ ဖုန်းတစ်လုံးကို အုတ်မြစ်ကျောက် ၁၅၀ အထိ ဈေးနှုန်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။”
“ဟာ... တော်တော်ကြီး ဈေးတက်သွားတာပဲ။ ငါသာ ကြိုသိခဲ့ရင် ခုနက တစ်လုံးလောက် ဝယ်ထားလိုက်ပါတယ်ကွာ။”
“ဟဲဟဲ...ကျုပ်တို့ မဟာမိတ်အဖွဲ့က ၃ လုံး ရလိုက်တယ်။ မဆိုးဘူး...အရေးပေါ်ကိစ္စတွေအတွက်တော့ လုံလောက်တယ်။”
“ဟီးဟီး...ကျုပ်က အလုံး ၂၀ ရလိုက်တယ်။ ဘယ်သူ လိုချင်သေးလဲ။ ကျုပ်ဆီမှာ တစ်လုံးကို ၁၄၅ နဲ့ ပြန်ဝယ်လို့ရတယ်။”
“ကုန်လှောင်စီးပွားရှာသူတွေကို သတ်ကြစမ်းပါ။ ဒီလိုအချိန်မှာ အမြတ်ထုတ်ဖို့ ကြိုးစားမနေနဲ့။ ကဲ... ညှိရအောင်...တစ်လုံး ၁၀၀ နဲ့ ငါ ၅ လုံး ယူမယ်။”
“ကျစ် အခွင့်အရေးမရှိဘူး...။ မင်းတို့က အခြေအနေကို သေချာမမြင်သေးဘူးပဲ။ သူဌေးကြီးက ဖုန်းတွေကို ထုတ်လိုက်ပြီဆိုမှတော့ နောက်ပိုင်းမှာ လုပ်ဆောင်ချက်တွေ အများကြီး ဒါမှမဟုတ် အက်ပ်(app) တွေတောင် ပါလာနိုင်သေးတယ်။ ဖုန်းတွေက တကယ်ကို အသုံးဝင်လာမှာပဲ။ မင်းတို့ကတော့ ကျောက်တိုင်ကြီးကိုပဲ ဆက်ပြီး ထိုင်စောင့်နေကြပေါ့။”
“အမှန်ပဲ။ ကျောက်တိုင်က ကမ္ဘာ့စည်းမျဉ်းတွေက ပေးထားတာဆိုတော့ တစ်နေ့နေ့မှာ ချို့ယွင်းချက်ဖြစ်ပြီး သုံးလို့မရတော့ရင် ဘာလုပ်မလဲဆိုတာ စဉ်းစားသာကြည့်တော့။”
“သောက်ကျိုးနည်း... ကျုပ် အစကတော့ အေးဆေးပါပဲ။ ဒါပေမဲ့ ခင်ဗျားတို့ပြောတာ ကြားပြီးမှ ဘာလို့ နည်းနည်း ထိတ်လန့်လာရတာလဲ။”
“ဘာထိတ်လန့်စရာ ရှိလို့လဲ။ ကျောက်တိုင်က တကယ် တည်ငြိမ်ပါတယ်။ ဘယ်လိုလုပ် အလုပ်မလုပ်ဘဲ နေမှာလဲ။ သူတို့ပြောတာတွေကို နားမယောင်နဲ့။ ငါတို့ရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြစို့။”
မကြာခင်မှာပင် ဝမ်ရှင်းဖုန်းသည် တပ်ဆင်ပြီးသား ဖုန်းများကို သယ်ဆောင်လာခဲ့၏။ ဤတစ်ကြိမ်တွင် ဖုန်းများကို သေတ္တာများဖြင့် သေသေသပ်သပ် ထုပ်ပိုးထားခဲ့သည်။
အတွင်း၌ ပါဝင်သည့်အရာများမှာ ရိုးရှင်းပါသည်။ ဖုန်းတစ်လုံး၊ အားသွင်းကြိုး တစ်ခုနှင့် အလွန်ရိုးရှင်းသော လမ်းညွှန်စာအုပ်ငယ် တစ်အုပ်သာ ဖြစ်သည်။ အခြား ဘာမှ အပိုမပါဝင်ပေ။
“ရရှိသော ပစ္စည်းများ... နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - ခရီးဆောင် ဆက်သွယ်ရေးကိရိယာ (SSS အဆင့်) ၂၀,၀၀၀။”
ရှောင်းယီသည် ထိုဖုန်းများကို အရင်က ကြိုတင်မှာယူထားသူများထံသို့ အသီးသီး လဲလှယ်ပေးလိုက်၏။
ဖုန်းဝယ်လိုက်သူများသည် ထိုကိရိယာ၏ အဆင့်ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားကြတော့လေသည်။
အခန်း ၈၂၆- အားလုံး စုစည်းပြီးစီးခြင်းနှင့် ပိုမိုမြန်ဆန်သော သယ်ယူပို့ဆောင်ရေး လိုအပ်ချက်
“သောက်ကျိုးနည်း... ငါ ခုနက ဘာမြင်လိုက်တာလဲ။ သူဌေးကြီးရဲ့ လက်ကိုင်ဖုန်းက တကယ်ကြီး SSS-အဆင့်လား။ အုတ်မြစ်ကျောက် တစ်ရာတည်းနဲ့ဆိုတော့... တကယ်ကို တန်လွန်းတယ်။”
“ဘာ...SSS အဆင့် ဖုန်းလား။ ဟာ... ပြစမ်းပါဦး။ ကျုပ်လည်း ရတုန်းက တစ်လုံးလောက် ဝယ်ထားလိုက်ရမှာ။”
“တကယ် မိုက်တယ်။ အရမ်းလည်း စမတ်ကျတယ်။ အရင်ကမ္ဘာက ပန်းသီးဖုန်း (iPhone) ထက်တောင် အများကြီး ပိုကောင်းသေးတယ်။”
“ငါတို့ကို လာပြီး အာသီးယောင်မနေစမ်းပါနဲ့။ အားလုံးမြင်ရအောင် ပုံလေး ဘာလေး တင်ပေးစမ်းပါ။”
“[ခရီးဆောင် ဆက်သွယ်ရေးကိရိယာ] (SSS အဆင့်) ၁။ ကဲ... ကျေနပ်ပြီလား။”
“တကယ်ကြီး SSS အဆင့်ဟ။”
“ဟေ့လူ...ကျုပ်က လိမ်ပြောပါ့မလား။ လိမ်လို့လည်း ကျုပ်အတွက် ဘာမှ အပိုမရဘူး။”
“ငါက မင်းကို သူဌေးကြီးရဲ့ လူယုံတော်များလားလို့ ထင်နေတာ။”
“လူယုံတော်လား။ သူဌေးကြီးမှာ လူယုံတော် လိုလို့လား။ ဒီလောက်ကြာနေပြီကို...မင်းက သူ့အကြောင်း မသိသေးဘူးလား။”
“ဟားဟားဟား...။ ဖုန်းထဲမှာ ဂိမ်းအသေးလေးတွေတောင် ပါသေးတယ်။ တကယ်လန်းတယ်ဟေ့။ အခုဆို သူဌေးကြီးရဲ့ အပန်းဖြေစခန်းကို သွားနေစရာ မလိုတော့ဘူး။ ပိုက်ဆံတွေ အများကြီး သက်သာသွားပြီ။”
တစ်နာရီခန့် ကြာပြီးနောက် လူပုကျွန်းနှင့် ရှောင်းယီတွေ့ရှိထားသော ကျွန်းအသေနှစ်ကျွန်းလုံး အပြည့်အဝ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
လူပုဘက်ခြမ်းအတွက် ရှောင်းယီ စိတ်ပူစရာမလိုပေ။ သူတို့တွင် ကိုယ်ပိုင် အုပ်ချုပ်ရေးတပ်ဖွဲ့ ရှိပေသည်။ သို့သော် အရှေ့တောင်ဘက်တွင် သူချိတ်ဆက်ထားသော လူမနေသည့် ကျွန်းဟောင်းကြီးဆီသို့မူ သူ သွားရောက်စစ်ဆေးရမည်ဖြစ်သည်။
ရှောငယီသည် ရှောင်လင်း (ချီလင်) ကို ချီမကာ မြို့ပြန်ကျောက်ကို အသုံးပြုပြီး ယခင်ပိုင်ရှင်၏ အုတ်မြစ်ကျောက်ကျွန်းသို့ ရောက်ရှိသွားခဲ့၏။
သူ့ကျွန်းမှာ ယခုအခါ စတုရန်းကီလိုမီတာ တစ်သန်းကျော် ကျယ်ဝန်းနေပြီ ဖြစ်သည်။ အကယ်၍ ကျွန်းသည် စတုရန်းပုံစံ ဖြစ်နေပါက တစ်ဖက်လျှင် ကီလိုမီတာ တစ်ထောင်ခန့် ရှည်လျားပေလိမ့်မည်။
ကျွန်းအစပ်တစ်ခုမှ တစ်ခုသို့ ကားမောင်းသွားမည်ဆိုလျှင် ဆယ်နာရီခန့် ကြာမြင့်မည် ဖြစ်သည်။
အချိန်ကုန်သက်သာစေရန် သူနှင့် ရှောင်လင်းသည် ကျွန်းအထိမ်အမှတ်ကျောက်တိုင်ရှိရာသို့ တန်းတန်းမတ်မတ်သာ သွားလိုက်ကြ၏။
“ကျွန်းပိုင်ရှင်”
ထိုစဉ် တာဝန်ကျစစ်သည်က အလေးပြုပြီး နှုတ်ဆက်သည်။ ရှောင်းယီက လက်ကာပြကာ အမိန့်ပေးလိုက်သည်။
“အခမ်းအနားတွေ လုပ်မနေနဲ့တော့။ မင်းတို့ ဒီမှာ ဆက်ပြီး ကင်းစောင့်နေစရာ မလိုတော့ဘူး။ ဒီကျွန်းက ငါတို့ရဲ့ ပင်မကျွန်းနဲ့ ပေါင်းစည်းသွားပြီ။ ကျွန်းနှစ်ကျွန်းကို ဆက်ထားတဲ့ လမ်းမကြီးပေါ်မှာပဲ ကင်းလှည့်ပေးတော့။”
“ကျုပ်တို့ ပြန်ရောက်လာပြီပေါ့။”
စစ်သည်များက အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်ကြ၏။
“အင်း”
ရှောင်းယီက ခေါင်းငြိမ့်ပြပြီး သူပွေ့ချီထားသော ချီလင်ကို အောက်သို့ ချပေးလိုက်လေသည်။ခြေထောက်များ မြေကြီးပေါ်သို့ ရောက်သည်နှင့် ချီလင်သည် တောအုပ်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့၏။
“ကစားလို့ ဝသွားရင် ကိုယ့်ဘာသာကိုယ် လမ်းရှာပြီး ပြန်ထွက်လာခဲ့နော်။”
ရှောင်းယီက လှမ်းအော်လိုက်သည်။ ချီလင်က နှစ်ချက်ခန့် ဟိန်းကာ ပျောက်ကွယ်သွားခဲ့သည်။
ရှောင်းယီသည် နောက်ထပ် မြို့ပြန်ကျောက်ကို အသုံးမပြုတော့ဘဲ စစ်သည်အုပ်စုကို ဦးဆောင်ကာ ယခင်ကျွန်းပိုင်ရှင် ဖောက်လုပ်ထားသော လမ်းအတိုင်း လျှောက်လာခဲ့လိုက်၏။
“နောက်ဆို ဒီကျွန်းပေါ်မှာ လေ့ကျင့်မယ့်သူ ဘယ်သူ့ကိုမဆို သတိပေးထားလိုက်။ ဒီထဲက သတ္တဝါတိုင်းနီးပါးက S အဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တယ်။ SSS အဆင့်တွေကိုတောင် ခဏခဏ တွေ့ရနိုင်တယ်။”
သူက လမ်းလျှောက်ရင်း စစ်သည်များကို ပြောပြလိုက်သည်။
စစ်သည်များက ခေါင်းငြိမ့်ကြပြီး ရုတ်တရက် ပေါ်ထွက်လာနိုင်သည့် သားရဲများကို သတိကြီးစွာဖြင့် တောအုပ်ကို ဝိုင်းဝန်းစောင့်ကြည့်လိုက်ကြသည်။
တောအုပ်ကြီးမှာ အထင်သေး၍ မရပေ။ ထိုစဉ် ကြီးမားလှသော မီးခိုးရောင်ဝံပုလွေကြီးတစ်ကောင်သည် ဘယ်ဘက်မှ ခုန်ထွက်လာခဲ့၏။
စစ်သည်များသည် ၎င်းတို့လက်ထဲရှိ သေနတ်များကို မြှောက်ကာ ပစ်ခတ်လိုက်ကြတော့လေသည်။
သေနတ်သံများကို မကြားဖူးသဖြင့် ဝံပုလွေကြီးမှာ အသံကြောင့် တစ်ချက်တွန့်သွားခဲ့၏။
အကွာအဝေး အနီးကပ်လွန်းသဖြင့် ၎င်းသည် ရှောင်တိမ်းရန် အချိန်မရဘဲ ကျည်ဆန် ခြောက်တောင့် ထိမှန်သွားကာ သွေးများ စီးကျလာခဲ့သည်။
၎င်းက နာကျင်စွာ ဟိန်းဟောက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း နောက်ထပ် သေနတ်သံများ ထွက်ပေါ်လာခဲ့ပြန်သည်။
ဤစစ်သည်များသည် ကျန်းယွင်ထျန်း၏ လက်အောက်တွင် လေ့ကျင့်ထားသူများ ဖြစ်ကြ၏။ ခြောက်ယောက်က ပစ်ခတ်နေစဉ် ကျန်ကိုးယောက်က အသင့်စောင့်ဆိုင်းနေပြီး စနစ်တကျ အလှည့်ကျ ပစ်ခတ်ကြတော့သည်။
နောက်ထပ် အမြောက်အမြား ပစ်ခတ်မှုကြောင့် ထို S အဆင့် ဝံပုလွေကြီးမှာ လုံးဝ လဲကျသွားတော့လေသည်။
“ကောင်းတယ်။”
ရှောင်းယီက ချီးကျူးလိုက်သည်။
“မြန်မြန် သိမ်းကြ။ သွေးနံ့က တခြားသားရဲတွေကို ဆွဲဆောင်လိမ့်မယ်။”
“ဟုတ်ကဲ့ပါ ဆရာ။”
စစ်သည်နှစ်ဦးသည် ဝံပုလွေအသေကောင်ကို ထမ်းကာ အမြန်ဆုံး ပြေးထွက်လာခဲ့ကြ၏။
မကြာခင်မှာပင် သူတို့သည် အန္တရာယ်များသော ကျွန်းပေါ်မှ ထွက်ခွာလာနိုင်ခဲ့ပြီး မီတာတစ်ရာခန့် ကျယ်ဝန်းသော လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုလမ်းမပေါ်တွင် တံတိုင်း ၅ ခုကို တည်ဆောက်ထားပြီး ကင်းလှည့်စစ်သည်များဖြင့် စောင့်ကြပ်ထား၏။
တံတိုင်း ၅ ခုလုံးကို ကျော်ဖြတ်ပြီးနောက် သူတို့သည် ရှောင်းယီ၏ ပင်ပကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့ကြသည်။ ယခုအခါ ကျွန်းမှာ အလွန်ကျယ်ဝန်းသွားသဖြင့် မိုးကုပ်စက်ဝိုင်းကိုပင် မမြင်ရတော့ပေ။
“ကျွန်းပိုင်ရှင် ကျုပ်တို့ဟာက ကျွန်းမဟုတ်တော့ဘဲ တကယ့် တိုက်ကြီးတစ်ခုလိုတောင် ဖြစ်နေပြီ။”
စစ်သည်တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။
“ကြီးတာတော့ ကြီးတာပေါ့။ ဒါပေမဲ့ ဒီသမုဒ္ဒရာကြီးနဲ့ ယှဉ်ရင်တော့ ကျွန်းတစ်ကျွန်းပါပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အိမ်ပြန်ပြီး အနားယူကြတော့။ မနက်ဖြန်ကျရင် မင်းတို့ရဲ့ တပ်ဖွဲ့ဆီ သတင်းပို့လိုက်ကြ။”
“ဟုတ်ကဲ့။”
ထို့နောက် သူသည် အနည်းငယ် စဉ်းစားပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်လာခဲ့လိုက်သည်။
“ကျွန်းက အရမ်းကျယ်လွန်းတယ်။ သွားလေရာ မြို့ပြန်ကျောက်တုံး သုံးနေရတာ အချိန်ကုန်လိုက်တာ။”
သူ တိုးတိုးလေး ညည်းတွားလိုက်၏။
အခြား အသက်ရှင်ကျန်ရစ်သူတစ်ဦးဦးသာ ဤညည်းတွားသံကို ကြားပါက သူ့ကို ဝိုင်းထိုးကြပေလိမ့်မည်။ အခြားသူများမှာ ရထားတစ်စင်းစာ နေရာပင် မရှိကြသည်မဟုတ်ပါလား။
“ပိုမြန်တဲ့ သယ်ယူပို့ဆောင်ရေးပစ္စည်းတွေ လိုအပ်နေပြီ။”
သူက ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
ယခုအခါ ယီထျန်းဂရု၏ ချတ်ဘောက်စ်မှ ဈေးကွက်မှာ အေးသွားပြီ ဖြစ်သည်။ သူသည် ကျန်ရှိနေသော ကုန်ပစ္စည်းများကို အရောင်းခန်းမသို့ ရွှေ့ပြောင်းကာ ချတ်ဘောက်စ်ထဲကထက် ငါးဆခန့် ဈေးတင်ကာ ရောင်းချလိုက်လေသည်။
သို့သော် လူများက ဝယ်ယူနေကြဆဲပင်။ သူ့ပစ္စည်းများမှာ အလွန်အဆင့်မြင့်လွန်းနေသည်မဟုတ်ပါလား။
အကယ်၍ ဒေသခံများတွင် ဤပစ္စည်းများ မရှိပါက သူတို့သည် အသက်ရှင်ကျန်ရစ်သူများကို ဘယ်တော့မှ အနိုင်ရလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသော ဒေသခံအဖွဲ့အစည်းများသည် အံကြိတ်ကာ ဈေးကြီးပေးပြီး ထိုကွာဟချက်ကို ဖြည့်ဆည်းနေကြရခြင်း ဖြစ်သည်။
အရောင်းအဝယ် ဖြစ်နေသည်ကို ကြည့်ရင်း ရှောင်းယီ ပြုံးလိုက်၏။
“နောက်ဆုံးမိနစ်မှာ ရရှိတဲ့ ဆုလာဘ်တွေက တကယ်ကို ချိုမြိန်တာပဲ။”
အချို့သော ဒေသခံအဖွဲ့အစည်းများမှာ အတော်လေး ချမ်းသာကြပေသည်။ အဖွဲ့တစ်ခုဆိုလျှင် သံချပ်ကာစစ်သင်္ဘော ၁၀ စင်းကို တစ်ပြိုင်နက်တည်း ဝယ်ယူသွားခဲ့သည်။
“ဟင်း... သူတို့ဆီမှာ စုထားတဲ့ အုတ်မြစ်ကျောက်တွေကို ငါ လျှော့တွက်မိသွားတယ်။”
သူက တွေးလိုက်မိသည်။
သူသည် လက်ကိုင်ဖုန်းကိုတော့ အရောင်းခန်းမတွင် မတင်ထားခဲ့ပေ။ တင်ထားလျှင်ပင် ဒေသခံများ ဝယ်လိမ့်မည် မဟုတ်ချေ။ ၎င်း၏ အခြေစိုက်စခန်းမှာ ရှောင်းယီ၏ ကျွန်းပေါ်တွင် ရှိနေသဖြင့် သူတို့အတွက် လျှို့ဝှက်ချက် လုံးဝ ရှိမည်မဟုတ်သောကြောင့်ပင်။
ည ၇ နာရီ တိတိတွင် ဖုန်းယန်နှင့်အတူ သွားရောက်ခဲ့သော အဖွဲ့မှာ တာဝန်ပြီးဆုံး၍ ပြန်ရောက်လာခဲ့ကြပြီး အဖွဲ့သစ်မှာ ဖုန်းယန်၏ စခန်းသို့ ချီတက်သွားခဲ့ကြလေသည်။
ပြန်ရောက်လာသော စစ်သည်များသည် တိုက်ပွဲအကြောင်းကို ချက်ချင်း ဖြန့်ဝေကြတော့၏။ ရှောင်းယီကလည်း ထိုသတင်းကို ကူညီဖြန့်ဝေပေးလိုက်သည်။
“မင်းတို့ ယုံမှာတောင် မဟုတ်ဘူး။ ချောင်ယန်နိုင်ငံက ခြင်္သေ့ခေါင်းမဟာမိတ်မှာ ဗန်ပိုင်းယားတွေ ရှိနေတယ်ကွ။ သူတို့ရဲ့ အရှိန်က တကယ်ကို ကြောက်စရာပဲ။ ငါတို့တောင် မလိုက်နိုင်ဘူး။”
“ဘာ...မင်းတို့တောင် သူတို့အရှိန်ကို မလိုက်နိုင်ဘူးဆိုရင် မင်းတို့ အကုန်အသတ်ခံလိုက်ရမှာပေါ့။”