အခန်း (၈၃၁-၈၃၂)
Vol. 67 Ch. 831-832
အခန်း ၈၃၁- သမန်းဝံပုလွေများ အပန်းဖြေစခန်းသို့ ရောက်ရှိလာခြင်းနှင့် နတ်သူငယ်တိုက်ကြီးမှ ထူးခြားမှုများ
“ကီလိုမီတာ ခြောက်သောင်းကျော်နေတာတောင် အချက်ပြလှိုင်းက မိနေသေးတာလား။”
ကျန်းရွှဲ့ အံ့အားသင့်စွာ ပြောလိုက်သည်။
“ကျုပ်တို့ အရင်ကမ္ဘာရဲ့ အီကွေတာပတ်လည်အကွာအဝေးက ကီလိုမီတာ လေးသောင်းလောက်ပဲ ရှိခဲ့တာ။ ဒီလိုဆိုရင် ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အခြေစိုက်စခန်း တစ်ခုတည်းနဲ့တင် တစ်ကမ္ဘာလုံးကို ဖုန်းလိုင်းပေးလို့ရနေပြီပေါ့ ဟုတ်လား။”
သတင်းထောက်ကလည်း ထပ်တူပင် အံ့သြနေ၏။
အခြေစိုက်စခန်းကို အဆင့်မြှင့်တင်ပြီးနောက် ရှောင်းယီသည် ၎င်း၏ အချက်ပြလှိုင်း လွှမ်းခြုံနိုင်စွမ်းကို မည်သူ့ကိုမျှ ထုတ်ဖော်မပြောကြားခဲ့ပေ။
၎င်း၏ လွှမ်းခြုံမှုမှာ အလွန်ကျယ်ပြန့်ကြောင်းသာ သူတို့ သိထားခဲ့ကြခြင်းဖြစ်သည်။ သို့မဟုတ်ပါက ရှောင်းယီသည်လည်း ရှားနိုင်ငံ နယ်နိမိတ်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများထံသို့ လက်ကိုင်ဖုန်းများ ရောင်းချနိုင်မည်မဟုတ်ပေ။
“ငါတို့ ကျွန်းပိုင်ရှင် ရရှိထားတဲ့ အဆောက်အဦးတွေရဲ့ စွမ်းအားကို အထင်သေးမိခဲ့တာပဲ။”
ကျန်းရွှဲ့ စိတ်လှုပ်ရှားစွာ မှတ်ချက်ပေးလိုက်သည်။
သတင်းထောက်က ခေါင်းငြိမ့်လိုက်ပြီး အန်းယွဲ့ထံသို့ ချက်ချင်း သတင်းပို့လိုက်၏။
“အကြီးအကဲအန်း...ဒီမှာ ဖုန်းလိုင်းမိနေသေးတယ်။ ဒါကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်လို့ရပါတယ်။”
ကျွန်းပေါ်တွင် ရှိနေသော အန်းယွဲ့သည်လည်း သူလွှတ်လိုက်သော သတင်းထောက်က တိုက်ရိုက်ထုတ်လွှင့်နိုင်သည်ကို သိလိုက်ရသောအခါ မှင်တက်သွားခဲ့သည်။ ထို့နောက် သူက ပြန်ဖြေလိုက်၏။
“ရုပ်သံလွှင့်ဌာနက အစီအစဉ်တွေ မပြီးသေးဘူး။ လောလောဆယ်တော့ ရိုက်ကူးရေးကိုပဲ အာရုံစိုက်ထားလိုက်ဦး။”
“ဟုတ်ကဲ့ပါ။”
ခြင်္သေ့ခေါင်းမဟာမိတ်၏ ပင်မကျွန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ပြီးနောက် ကျန်းရွှဲ့သည် အခြားသော လက်အောက်ခံကျွန်းများကို ဆက်လက်တိုက်ခိုက်လိုက်၏။
ပင်မကျွန်းက တောင့်မခံနိုင်တော့သဖြင့် အခြားကျွန်းငယ်များသည်လည်း အလံဖြူထောင်ကာ တိုက်ရိုက်အရှုံးပေးလိုက်ကြတော့သည်။
ကျွန်းပေါ်ရှိ စစ်သားများအားလုံးကို ထိန်းချုပ်ပြီးနောက် ကျန်းရွှဲ့ ရှောင်းယီထံ တိုက်ပွဲအခြေအနေကို အစီရင်ခံလိုက်တော့လေသည်။
“ကျွန်းပိုင်ရှင် ဒီဘက်ခြမ်းကို လုံးဝထိန်းချုပ်လိုက်နိုင်ပါပြီ။”
ကျန်းရွှဲ့က ဖုန်းဖြင့် ပြောလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။
“စီမံခန့်ခွဲရ လွယ်ကူအောင် သူတို့ကျွန်းတွေကို ငါတို့ကျွန်းနဲ့ တိုက်ရိုက်ပေါင်းစည်းလိုက်တော့။”
ရှောင်းယီ၏ ကျွန်းဧရိယာမှာ ယခုအခါ အလွန်ကျယ်ဝန်းနေပြီဖြစ်ရာ ထိုမဟာမိတ်ကျွန်းများကို ပေါင်းစည်းရန် နေရာလွတ်များစွာ ရှိနေပြီဖြစ်သည်။
အကယ်၍ မပေါင်းစည်းပါက တည်နေရာကူးပြောင်းခြင်းအစီအရင် တပ်ဆင်ရမည်ဖြစ်ပြီး စွမ်းအင်သလင်းကျောက်များ ကုန်ကျမည်ဖြစ်ရာ တွက်ခြေမကိုက်ပေ။
၎င်းတွင် မျောက်နက်နိုင်ငံရှိ ကျန်းယွီ စီမံခန့်ခွဲနေသော မဟာမိတ်အဖွဲ့လည်း ပါဝင်ပေသည်။ သူသည် ၎င်းကိုလည်း ပြန်လည်ပေါင်းစည်းရန် ပြင်ဆင်ထားခဲ့၏။ မည်သို့ပင်ဖြစ်စေ ပေါင်းစည်းလိုက်ခြင်းကြောင့် ကျွန်းပေါ်ရှိ ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော သယံဇာတများ ပြန်လည်ထွက်ရှိခြင်းကို ထိခိုက်မည်မဟုတ်ပေ။
ရှောင်းယီသည် မျောက်နက်နိုင်ငံ၏ သာမန်မဟာမိတ်အဖွဲ့များကို စိတ်မဝင်စားတော့ပေ။ သူတို့ ပျက်စီးသွားလျှင်ပင် စတုရန်းမီတာ သောင်းဂဏန်းမျှသာရှိသော ထိုကျွန်းများကို သူ အလေးမထားချေ။
ထို့အပြင် ယခုကာလအတွင်း ကျန်းယွီသည် ရှောင်းယီ၏ ထောက်ပံ့မှုဖြင့် ရှားနိုင်ငံဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အသက်ရှင်ကျန်ရစ်သူများကို တစ်ဦးပြီးတစ်ဦး ချေမှုန်းနိုင်ခဲ့၏။
သူ၏ကလဲ့စားချေခြင်း အောင်မြင်ခဲ့ပြီဖြစ်သလို ရှောင်းယီသည်လည်း သူတို့၏ကျွန်းများကို စိတ်မဝင်စားသဖြင့် အားလုံးကို ပြန်ခေါ်လာခြင်းက ပိုကောင်းပေသည်။ နီးကပ်စွာရှိနေခြင်းက စွမ်းအင်သလင်းကျောက်များကို သက်သာစေပြီး စီမံခန့်ခွဲမှုအတွက်လည်း ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
ကျွန်းတိုင်းတွင် ကိုယ်ပိုင်ကမ်းရိုးတန်းရှိစေရန်အတွက် ပေါင်းစည်းမည့်ပုံစံကို အသေအချာ စီစဉ်ရန်လည်း လိုအပ်သေးပေသည်။
အန်းယွဲ့သည် ထိုကျွန်းများမှ တာဝန်ရှိသူများနှင့်အတူ ထိုကိစ္စများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုအချိန်တွင် အပန်းဖြေစခန်းသို့ ထူးခြားသော ခရီးသွားအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့၏။
အခြားခရီးသွားများက သူတို့ကို မြင်သောအခါ အားလုံး နောက်ဆုတ်သွားခဲ့ကြလေသည်။ အကြောင်းမှာ သူတို့၏ မြင့်မားသော အရပ်အမောင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေခေါင်းများမှာ အလွန်ပင် ထိတ်လန့်စရာနေကောင်းသောကြောင့်ပင်။
“ကျုပ်တို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ သမန်းဝံပုလွေမျိုးနွယ်စုကို အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်ခြင်းအတွက် နွေးထွေးစွာ ကြိုဆိုပါတယ်။”
ထိုအခိုက်၌ ဒူခန်းက အသံချဲ့စက်ဖြင့် အော်ဟစ်လိုက်၏။
ယီရန်ပင်းမဟာမိတ်အဖွဲ့ဝင်များက ချက်ချင်းပင် လက်ခုပ်တီးကာ အားပေးလိုက်ကြသော်လည်း အခြားမဟာမိတ်အဖွဲ့များမှ ခရီးသွားများမှာမူ အခြေအနေကို ကောင်းစွာ နားမလည်ကြပေ။
“ခင်ဗျားတို့ကျွန်းမှာ သမန်းဝံပုလွေတွေ ဘယ်လိုလုပ်ရှိနေတာလဲ။ ပြီးခဲ့တဲ့အပတ်က သူဌေးကြီး ရှာဖွေတွေ့ရှိခဲ့တဲ့ တိုက်သစ်ကြီးမှာ သူတို့နဲ့ တိုက်ပွဲတောင် ဖြစ်ခဲ့ကြသေးတယ် မဟုတ်ဘူးလား။”
“ဟုတ်တယ်။ ဒီသမန်းဝံပုလွေတွေက ကြည့်ရတာ ကြောက်စရာကြီး။ သူတို့ ဒီမှာရှိနေရင် ငါတော့ လာမကစားရဲတော့ဘူး။”
“နေဦး သူငယ်ချင်း...မင်းက ရုပ်ရည်ကိုကြည့်ပြီး ဆုံးဖြတ်လွန်းနေပြီ။ သမန်းဝံပုလွေတွေက ပွင့်လင်းရိုးသားကြပေမယ့် သူတို့က ရက်စက်ကြမ်းကြုတ်တဲ့သူတွေ မဟုတ်ဘူး။ သူတို့က ရန်သူအပေါ်မှာပဲ ရက်စက်ကြတာ။ မင်း သူတို့နဲ့ တကယ် မထိတွေ့ဖူးသေးဘဲနဲ့ အလောတကြီး မဆုံးဖြတ်ပါနဲ့။”
“ကျုပ်တို့ မဟာမိတ်အဖွဲ့လည်း သမန်းဝံပုလွေတွေနဲ့ တစ်ခါ တိုက်ပွဲဖြစ်ဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းက သူတို့က ချူဖုန်းမြို့ကိုပဲ ပစ်မှတ်ထားခဲ့တာ။ ကျုပ်တို့ မဟာမိတ်အဖွဲ့ကို မဟုတ်ဘူး။ ပြောရရင် ကျုပ်တို့က တိုက်ရင်းခိုက်ရင်းနဲ့ သူငယ်ချင်းတောင် ဖြစ်သွားခဲ့ကြသေးတာ။”
“ခင်ဗျား တကယ် မကြောက်ဘူးလား။”
အပြင်က လာသည့် ခရီးသွားတစ်ယောက်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“နည်းနည်းတော့ ကြောက်တာပေါ့။ ဒါပေမယ့် အသားကျသွားပါပြီ။ သူတို့က ခင်ဗျားကို အရင်လာစကားပြောမှာ မဟုတ်ပါဘူး။ အဝေးကနေပဲ ကြည့်နေလို့ရပါတယ်။”
ထိုစဥ် ရှောင်းယီက ရှေ့သို့တက်လာကာ ဒန်နီကို လက်ဆွဲနှုတ်ဆက်ပြီး ပြောလိုက်သည်။
“ခင်ဗျားတို့ သေချာပေါက် လာမယ်ဆိုတာ ကျုပ်သိသားပဲ။”
“ကျုပ်တို့ လာတာက မဟာမိတ်အဖွဲ့ရဲ့ စီးပွားရေးကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်။”
ဒန်နီသည် အခြားသူများ၏ ကြောက်ရွံ့သော အကြည့်များကို သတိပြုမိနေခဲ့၏။
“စိတ်မပူပါနဲ့။ သူတို့ ခင်ဗျားတို့ကို သိသွားတာနဲ့ ခင်ဗျားတို့နဲ့ သူငယ်ချင်းဖြစ်ရတာကို ပျော်သွားကြမှာပါ။”
ရှောင်းယီက ထိုသို့ပြောရင်း ဒန်နီကို ဘားသို့ ခေါ်ဆောင်သွားခဲ့သည်။
အခြားသမန်းဝံပုလွေများသည် အပန်းဖြေစခန်းသို့ ရောက်ရှိသွားပြီး အပန်းဖြေကစားစရာ အဆောက်အဦးများစွာကို ထူးဆန်းစွာ တွေ့ရှိသွားခဲ့ကြ၏။
“မင်းတို့ ကြိုက်သလို ကစားကြ။ ဘယ်သူ့ကိုမှ မခြောက်လှန့်မိဖို့ပဲ သတိထား။”
ဒန်နီက အခြားသမန်းဝံပုလွေများကို ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် သမန်းဝံပုလွေများ အတူတူ ထွက်ခွာသွားခဲ့ကြ၏။
ရှောင်းယီနှင့် ဒန်နီတို့ ဘားထဲသို့ ရောက်သွားသောအခါ အတွင်းမှလူများက ဒန်နီ၏ ဝံပုလွေခေါင်းကို မြင်ပြီး လန့်ဖျပ်သွားခဲ့ကြလေသည်။ သို့သော် ယီရန်ပင်းသူဌေးကြီးကိုယ်တိုင် ဦးဆောင်လာသည်ကို မြင်သောအခါ အနည်းငယ် စိတ်အေးသွားကြ၏။
ယီရန်ပင်းသူဌေးကြီး ရှိနေသရွေ့ သမန်းဝံပုလွေတွေတောင် ပြဿနာရှာနိုင်မှာ မဟုတ်ဘူး။
“အဲဒီသမန်းဝံပုလွေက ဘယ်လောက်တောင် အစွမ်းထက်လို့ သူဌေးကြီးကိုယ်တိုင် ခေါ်လာရတာလဲ။”
တစ်စုံတစ်ယောက်က စပ်စုလိုက်သည်။
“သူက သမန်းဝံပုလွေမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဒန်နီလေ။ ကျွန်းပိုင်ရှင်က သမန်းဝံပုလွေတွေကို ကျုပ်တို့ လူသားတွေရဲ့ လူနေမှုဘဝထဲမှာ ပေါင်းစည်းနိုင်ဖို့ ကြိုးစားနေတာ။ အခုမြင်ကွင်းက သူက သူတို့ဘက်က ရပ်တည်ပေးတယ်ဆိုတာကို ပြသနေတာပဲ။”
“မအံ့သြတော့ပါဘူး။ ဒါပေမယ့် သူဌေးကြီးရဲ့ မျှော်မှန်းချက်က တကယ်ကို ကြီးကျယ်တာပဲ။ တခြားမျိုးနွယ်စုတွေကိုပါ ကျုပ်တို့ဘဝထဲ ထည့်သွင်းချင်နေတယ်။”
“အဲဒီလိုလည်း ပြောလို့မရဘူးလေ။ ဒီက ဒေသခံတွေနဲ့ ယှဉ်ရင် ကျုပ်တို့ အပြင်လူတွေကလည်း သူတို့အတွက်တော့ တခြားမျိုးနွယ်စုတွေပဲ မဟုတ်ဘူးလား။”
“ဟုတ်သားပဲ။ ရုပ်သွင်ပြင်ချင်း မတူကြတာပဲ ရှိတာ။ ကျုပ် အသွင်အပြင်ပေါ်မှာ အရမ်း အစွဲအလမ်းကြီးသွားတယ်။”
ရှောင်းယီသည် ဒန်နီကို အပေါ်ထပ်ရှိ သီးသန့်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး ဘီယာနှစ်ခွက်မှာကာ ထိုင်လိုက်ကြသည်။
“ကျွန်းပိုင်ရှင် ခင်ဗျား အရမ်းအလုပ်များနေတာပဲ။ ကိုယ်တိုင် လာနေဖို့ မလိုပါဘူး။”
ဒန်နီသည် ရှောင်းယီက သူတို့ကို ထောက်ခံအားပေးရန် လာခဲ့ခြင်းဖြစ်ကြောင်း သိပေသည်။ ရှောင်းယီက ခေါင်းခါလိုက်၏။
“ဒီကမ္ဘာကြီးက အရောင်အသွေး စုံလင်ပါတယ်။ အနာဂတ်မှာ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲကို မျိုးနွယ်စုတွေ အများကြီး ရောက်လာနိုင်တယ်။ မဟာမိတ်အဖွဲ့ဝင်တွေကို ကျုပ်ရဲ့ ရပ်တည်ချက်ကို သိစေချင်တယ်။ ခင်ဗျားတို့က ပထမဆုံးပဲ။ အဲ့ဒါကြောင့် ပိုပြီး အရေးကြီးတယ်။”
ဒန်နီက ခေါင်းငြိမ့်လိုက်သည်။
“တခြားမျိုးနွယ်စုတွေသာ ခင်ဗျားရဲ့ အတွေးအခေါ်ကို သိသွားရင် သူတို့လည်း ဒီကို လာချင်ကြမှာ သေချာတယ်။”
“အဲဒီလို ဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်။”
ရှောင်းယီက ပြန်ပြောလိုက်၏။ ထိုစဉ် အစောင့်တစ်ဦး အပြင်မှ ဝင်လာခဲ့လေသည်။
“ကျွန်းပိုင်ရှင် နည်းပြကျန်းရဲ့ ဘက်မှာ ကိစ္စတစ်ခု ဖြစ်နေပါတယ်။ အဲ့ဒီကို နတ်သူငယ်တွေ ရောက်နေကြပြီး တစ်ခုခု ပြောချင်နေပုံရတယ်။ ဒါပေမယ့် အစ်ကိုကျန်းတို့က နတ်သူငယ်ဘာသာစကားကို နားမလည်ကြဘူး ဖြစ်နေတယ်။”
ရှောင်းယီ မျက်ခုံးပင့်လိုက်မိ၏။
“နတ်သူငယ်တွေ ထပ်ရောက်လာတာလား။ သူတို့ ဘာတွေ ကြံစည်နေလဲ မသိဘူး။”
ထိုစဉ် ဒန်နီက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် သွားကြည့်လိုက်ပါ။ ဒီမှာ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။”
ရှောင်းယီက သူ၏ ဘီယာခွက်ကို မော့ချလိုက်၏။
“ကောင်းပြီ၊ ခင်ဗျားတို့ ပျော်ပျော်ပါးပါး အနားယူကြပါ။ ကျုပ် အစ်ကိုကျန်းတို့ဘက်ကို သွားကြည့်လိုက်ပါဦးမယ်။”
ထို့နောက် ရှောင်းယီသည် အစောင့်နောက်သို့ လိုက်သွားကာ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် စွမ်းအင်သလင်းကျောက်ကြောရှိရာ ယာယီစခန်းသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ရှောင်းယီ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာသောအခါ သူ၏ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားရလေတော့သည်။
အခန်း ၈၃၂- အလင်းနတ်သူငယ်များ၏ သတိပေးချက်နှင့် အမှောင်နတ်သူငယ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
မာတင် ရှာဖွေတွေ့ရှိခဲ့သော ဤတိုက်သစ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိသေးပေ။ ထို့ကြောင့် ထိုနေရာ၏ ဆောက်လုပ်ရေးလုပ်ငန်းများသည် အသစ်ဖွဲ့စည်းထားသော ဆောက်လုပ်ရေးအဖွဲ့အပေါ်၌သာ လုံးဝမူတည်နေ၏။
သို့သော် နှစ်ရက်တာ တိုတောင်းသောအချိန်ကာလအတွင်းမှာပင် ဆောက်လုပ်ရေးအဖွဲ့သည် ရှစ်ကီလိုမီတာပတ်လည်ရှိသော နံရံကြီးကို အပြီးသတ်တည်ဆောက်နိုင်ခဲ့ပြီး နံရံအတွင်း၌လည်း ရိုးရှင်းသော အိမ်ရာအချို့ကို တစ်ပါတည်း ဆောက်လုပ်ပြီးစီးခဲ့သည်။
ရှောင်းယီသည် ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်ကို တွေ့သောအခါ ချီးကျူးသည့်အနေဖြင့် လက်မထောင်ပြလိုက်၏။
“ဒီဘက်က ဆောက်လုပ်ရေးကတော့ အခြေခံအားဖြင့် ပြီးစီးသွားပါပြီ။ ကျုပ်တို့မှာရှိတဲ့ ကိရိယာတွေက နည်းနည်းမကြမ်းထည်ဆန်တော့ လောလောဆယ် ဒီလောက်ပဲ လုပ်ပေးနိုင်ပါသေးတယ်။”
ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။
“အင်း...ဒါတောင် တော်တော်လေး ကောင်းနေပါပြီ။”
ရှောင်းယီက ကျေနပ်စွာ ပြောလိုက်သည်။
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ခေါင်းဆောင်က ဝမ်းသာအားရ ပြန်ပြောလိုက်၏။
“တခြားခိုင်းစရာမရှိတော့ဘူးဆိုရင် ကျုပ်တို့ ပြန်လိုက်ပါဦးမယ်။”
“အင်း...ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ကြပါဦး။”
ရှောင်းယီက မှာကြားပြီးနောက် တံတိုင်းနံရံဆီသို့ လျှောက်သွားလိုက်၏။
ကျန်းယွင်ထျန်းမှာ နံရံပေါ်တွင် ရပ်လျက် အဝေးတစ်နေရာကို အကဲခတ်ကာ ကြည့်ရှုနေခဲ့သည်။
“အစ်ကိုကျန်း...အခြေအနေ ဘယ်လိုရှိလဲ။”
ရှောင်းယီက ကျန်းယွင်ထျန်းအနားသို့ လျှောက်သွားရင်း မေးလိုက်သည်။
“စောစောက နတ်သူငယ်တချို့ ငါတို့ တံတိုင်းနားအထိ လာပြီး တစ်ခုခုပြောနေကြတယ်။ ဒါပေမဲ့ ငါတို့က သူတို့ပြောတာကို နားမလည်ဘူး။ အဲ့ဒါကြောင့် အနားမကပ်ဖို့ သတိပေးချက်အနေနဲ့ သေနတ်ဖောက်လိုက်ရတယ်။ အဲ့ဒါနဲ့ သူတို့ အနားမကပ်လာတော့ဘဲ ခဏလောက် လက်ဟန်ခြေဟန်ပြပြီး ပြန်သွားကြတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“နတ်သူငယ်မျိုးနွယ် နှစ်မျိုးလုံး ရောက်လာကြတာလား။”
ရှောင်းယီက ဆက်မေးလိုက်သည်။
“ဟုတ်တယ်...ငါတို့ ရောက်နေတဲ့နေရာက နတ်သူငယ်မျိုးနွယ် နှစ်ခုကြားထဲမှာ ညပ်နေပုံပဲ။”
ကျန်းယွင်ထျန်းက အနည်းငယ်စဉ်းစားပြီး ပြန်ပြောလိုက်သည်။
“ပုံမှန်နတ်သူငယ်တွေက ဒီဘက်အရပ်ကလာပြီး၊ အမှောင်နတ်သူငယ်တွေကတော့ ဆန့်ကျင်ဘက်အရပ်ကနေ လာကြတာ။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ဒါက မထူးဆန်းပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ ဒီဘက်လာတုန်းကလည်း နတ်သူငယ်တွေနဲ့ အမှောင်နတ်သူငယ်တွေကို ဒီလိုပဲ တွေ့ခဲ့တာပဲ မဟုတ်လား။”
ထိုစဉ် အနီးရှိ စစ်သားတစ်ဦးက အဝေးသို့ လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်၏။
“ကြည့်ကြည့် သူတို့ ပြန်လာကြပြန်ပြီ။”
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ အဝေးသို့ အတူတူ ကြည့်လိုက်ရာ ပုံရိပ်သုံးခု အလျင်အမြန် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရလေသည်။
ရှောင်းယီက ရှေ့သို့ တစ်လှမ်းတက်ကာ အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်၏။
“ဘယ်သူလဲ။ ကျေးဇူးပြုပြီး ရပ်လိုက်ပါ။”
ထိုပုံရိပ်သုံးခုသည် ရှောင်းယီ၏ အသံကို ကြားသောအခါ ချက်ချင်း ရပ်တန့်သွားခဲ့ကြသည်။
“မင်္ဂလာပါ၊ ကျွန်မက နတ်သူငယ်မျိုးနွယ်စုရဲ့ အကြီးအကဲ ဒိုယာပါ။ လေညင်းသံဆီကနေ ကြားရတာတော့ ရှင်တို့က အပြင်ကနေလာတဲ့ လူသားတွေဆို ဟုတ်လား။”
ရှေ့ဆုံးမှ နတ်သူငယ်က ပြန်ပြောလာခဲ့သည်။ ရှောင်းယီက ပြုံးလိုက်၏။
“မင်းတို့အတွက်တော့ ငါတို့က တကယ်ပဲ အပြင်လးတွေပါပဲ။”
“မဟုတ်ဘူး...။ ကျွန်မ ဆိုလိုတာက ရှင်တို့က ဒီကမ္ဘာက လူသားတွေ မဟုတ်ဘူးမလား။”
ဒိုယာက ဆက်မေးလိုက်၏။ ရှောင်းယီ မျက်ခုံးပင့်လိုင်မိသည်။
“ဘာလို့ အဲဒီလို ပြောရတာလဲ။”
“အကယ်၍ ရှင်တို့က ဒီကမ္ဘာက လူသားတွေ မဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားပေးပါ။ မဟုတ်ရင် ကျွန်မတို့ ရှင်တို့ကို အခုချက်ချင်း နှင်ထုတ်ရလိမ့်မယ်။”
ဒိုယာက ပြတ်သားစွာ ပြောလိုက်သည်။
“တောင်းပန်ပါတယ်...။ ဒါပေမယ့် ကျုပ် မလိုက်နာနိုင်ဘူး။”
ရှောင်းယီက ခေါင်းခါလိုက်သည်။
“ဒီတိုက်ကြီးက မင်းတို့ စိတ်ကြိုက် အမိန့်ပေးလို့ရတဲ့ နေရာ မဟုတ်ဘူး။”
“ဟမ့်...ဒီတိုက်ကြီးပေါ်မှာ နတ်သူငယ်မျိုးနွယ်ပဲ ရှိတယ်။ ငါတို့က ဘာလို့ အမိန့်မပေးနိုင်ရမှာလဲ။”
ဒိုယာက ဒေါသတကြီး ပြောလိုက်၏။
“ငါ မင်းနဲ့ စကားနိုင်လုမနေချင်ဘူး။ ငါတို့ ဒီမှာ လုပ်စရာ တာဝန်ရှိတယ်။ ငါတို့ အလုပ်မပြီးခင် မင်းတို့က အတင်းနှင်ထုတ်ချင်တယ်ဆိုရင်တော့ တိုက်ပွဲတစ်ခုကို ထိတ်တိုက်ရင်ဆိုင်ဖို့ပဲ ရှိတော့တာပေါ့။”
ရှောင်းယီကလည်း ထပ်တူပင် ပြတ်သားစွာ ပြန်ပြောလိုက်၏။
ဒိုယာသည် ရှောင်းယီကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်ကာ ဘာမှ ထပ်မပြောတော့ဘဲ လက်ဝှေ့ယမ်းပြလိုက်ရာ နတ်သူငယ်သုံးဦးမှာ နောက်သို့ ပြန်ဆုတ်သွားကြတော့သည်။
ရှောင်းယီသည် ထွက်ခွာသွားသော နတ်သူငယ်သုံးဦးကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“ဒီက ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ဖို့ကတော့ ရှောင်လွှဲလို့ မရနိုင်တော့ဘူး ထင်တယ်။”
“ဒါဆိုရင် ငါ ဒီကို စစ်ကူတချို့ ထပ်လွှဲပေးရမယ်။”
ကျန်းယွင်ထျန်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“အင်း...အဲဒါကိုတော့ မင်းပဲ စီစဉ်လိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုစဉ် အခြားတစ်ဖက်ရှိ တံတိုင်းမှ စစ်သားတစ်ဦး ပြေးလာပြီး အစီရင်ခံလာခဲ့သည်။
“ကျွန်းပိုင်ရှင် ဟိုဘက်မှာလည်း နတ်သူငယ်တွေရဲ့ အရိပ်အယောင်တွေ တွေ့နေရပါတယ်။”
ရှောင်းယီသည် ထိုစစ်သားနောက်သို့ လိုက်သွားကာ အခြားတစ်ဖက်ရှိ တံတိုင်းသို့ သွားကြည့်လိုက်၏။ သူတို့ထံ ပြေးလာသော ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ထိုသူမှာ ဟေအာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူသိလိုက်လေသည်။
ဟေအာသည် တံတိုင်းပေါ်ရှိ ရှောင်းယီကို မြင်သောအခါ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။ သူက ရပ်တန့်ကာ နှုတ်ဆက်လာခဲ့၏။
“မင်္ဂလာပါ...ငါတို့ အရင်က တွေ့ဖူးတယ်နော်။”
“အင်း...ငါသိတယ်။ မင်းကကော ငါတို့ကို နှင်ထုတ်ဖို့ ရောက်လာတာလား။”
ရှောင်းယီက တည့်တိုးမေးလိုက်သည်။
ရှောင်းယီ၏ မေးခွန်းကြောင့် ဟေအာ အနည်းငယ် မှင်တက်သွားခဲ့ပြီး၏။
“မင်းတို့ နတ်သူငယ်မျိုးနွယ်စုရဲ့ နှင်ထုတ်တာကို ခံလိုက်ရတာလား။”
သူက ပြန်မေးလိုက်သည်။
“သူတို့ ငါ့ကို နောက်ဆုံးသတိပေးချက် ပေးသွားပြီးပြီ။ အကယ်၍ ငါတို့ မထွက်သွားဘူးဆိုရင် သူတို့က အင်အားသုံးပြီး နှင်ထုတ်တော့မယ်တဲ့။”
ရှောင်းယီက လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြန်ဖြေလိုက်သည်။ ဟေအာက နှာခေါင်းရှုံ့လိုက်သည်။
“ဒီနေရာက ငါတို့ အမှောင်နတ်သူငယ်တွေရဲ့ နယ်မြေထဲမှာ ရှိတာ။ သူတို့မှာ ဘာအခွင့်အရေးရှိလို့ လာစီမံနေတာလဲ။”
ထိုအခါ ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“ဒါက မင်းတို့နယ်မြေဆိုတော့ မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ။ သူတို့နဲ့ ပူးပေါင်းပြီး ငါတို့ကို နှင်ထုတ်မလို့လား။”
“မဟုတ်ဘူး...ငါက မင်းတို့နဲ့ ကုန်သွယ်ချင်လို့ပဲ။”
ဟေအာက ခေါင်းခါပြလိုက်သည်။
“ကုန်သွယ်ဖို့လား။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။
“မင်းက ဘာဝယ်ချင်လို့လဲ။”
“နတ်သူငယ်မျိုးနွယ်က မင်းတို့ကို နှင်ထုတ်ချင်တယ်ဆိုရင် မင်းတို့က တခြားကမ္ဘာက လာတဲ့ လူသားတွေပဲ ဖြစ်ရမယ်။”
ဟေအာက ဆိုသည်။ ရှောင်းယီ ဘာမှ ပြန်မပြောပေ။ ထိုအခါ ဟေအာက ဆက်ပြောလိုက်သည်။
“မင်းတို့က အပြင်လူတွေ ဖြစ်နေမှတော့ မင်းတို့ လက်ထဲမှာ အဆင့်မြင့် အစားအစာတွေ ရှိရမယ် ဟုတ်တယ်မလား။”
“ရှိတာပေါ့...တော်တော်များများတောင် ရှိသေးတယ်။”
ရှောင်းယီက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
“အဲဒါတွေကို ငါတို့ဆီ ရောင်းပေးလို့ရမလား။”
ဟေအာက အလောတကြီး မေးလိုက်သည်။
“ရောင်းဖို့ကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နတ်သူငယ်မျိုးနွယ်စုနဲ့ ကိစ္စက ဘယ်လိုဖြစ်သွားမှာလဲ။”
ရှောင်းယီက ဆိုသည်။ တစ်ဖက်လူက အကူအညီတောင်းလာမှတော့ သူသည် အမှောင်နတ်သူငယ်များ၏ အင်အားကို ကောင်းကောင်း အသုံးချရပေလိမ့်မည်။
“လွယ်ပါတယ်။ သူတို့ လာတိုက်ရင် ငါတို့ တားဆီးပေးမယ်။”
ဟေအာက ပြတ်သားစွာ ပြောလိုက်၏။
“အဲဒီလိုဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မင်းက ငါတို့နဲ့ ဘာနဲ့ လဲမှာလဲ။”
ရှောင်းယီက ဆက်မေးလိုက်သည်။
ဤနေရာတွင် ဟေအည မျက်မှောင်ကျုံ့သွားခဲ့သည်။ သူတို့ နတ်သူငယ်မျိုးနွယ်စုထဲတွင် ရွှေငွေ ရတနာများ မရှိသဖြင့် သူက ပြန်မေးလိုက်၏။
“မင်းက ဘာနဲ့ လဲလှယ်ချင်တာလဲ။”
“အုတ်မြစ်ကျောက်တွေဆိုရင် အကောင်းဆုံးပဲ။ မင်းတို့မှာ ရှိလား။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အုတ်မြစ်ကျောက်လား။ အဲဒါက ဘာလဲ။”
ဟေအာက မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်၏။
တစ်ဖက်လူ၏ စကားကို ကြားသောအခါ နတ်သူငယ်မျိုးနွယ်စုတွင် အုတ်မြစ်ကျောက်ကဲ့သို့သော အရာမျိုး မရှိနိုင်ကြောင်း ရှောင်းယီ နားလည်လိုက်သည်။
သို့သော် သူသည် အုတ်မြစ်ကျောက်တစ်ခုကို ထုတ်ယူကာ လက်ထဲတွင် ကိုင်ပြရင်း ပြောလိုက်သည်။
“ဒါမျိုးပဲ..။ အကယ်၍ မင်းမှာ ဒါမျိုးရှိရင် ငါတို့ အခုချက်ချင်း ကုန်သွယ်လို့ရတယ်။”
ဟေအာသည် ရှောင်းယီလက်ထဲရှိ အနက်ရောင် ကျောက်တုံးကို အသေအချာ ကြည့်ပြီး ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“ငါတို့ဆီမှာ ဒီဟာမျိုး တကယ်မရှိဘူး။”
“မင်းတို့ဆီမှာ ဒီဟာမျိုးမရှိဘူးဆိုရင် တခြား ဘာကောင်းတာတွေ ရှိလဲ ပြောပြလေ။”
ရှောင်းယီက စိတ်ပါဝင်စားမှု အနည်းငယ် လျော့နည်းသွားဟန်ဖြင့် ပြောလိုက်၏။
သူတို့ဆီတွင် ကောင်းမွန်သောအရာများ ရှိသည်မှာ အမှန်ပင်။ ဥပမာအားဖြင့် ဟေအာ၏ လက်ထဲတွင် ကိုင်ထားသော လေးသည် အမှောင်နတ်သူငယ်မျိုးနွယ်စု၏ နတ်ဘုရားလေးဖြစ်၏။ သို့သော် ထိုကဲ့သို့သော အရာမျိုးကို အစားအစာနှင့် လဲလှယ်ရန်မှာ မဖြစ်နိုင်ပေ။
အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်သည့် အရာများကိုသာ ကုန်သွယ်မှုအတွက် ထုတ်ပေးနိုင်မည်ဖြစ်သည်။
ဟေအာက အကျပ်ရိုက်သွားကာ စဉ်းစားလိုက်၏။ သူတို့ အမှောင်နတ်သူငယ်များတွင် အစုလိုက်အပြုံလိုက် ထုတ်ပေးနိုင်သော ကောင်းမွန်သည့်အရာမှာ မရှိသလောက်ပင်။ တစ်ခုတည်းသော အရာမှာ...
‘မဟုတ်ဘူး၊ အဲဒီအရာကိုတော့ အပြင်လူတွေရဲ့ လက်ထဲကို အရောက်မခံနိုင်ဘူး!’
ဟေအာက သူ၏ အတွေးကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်၏။
“မင်းတို့ အမှောင်နတ်သူငယ်တွေဆီမှာ ဘာမှ ကောင်းတာမရှိဘူး ထင်တယ်။”
ရှောင်းယီက စကားစလိုက်သည်။
“ဒါဆိုရင်တော့ ငါတို့ ကုန်သွယ်ဖို့က တော်တော် ခက်ခဲလိမ့်မယ်။”
ထိုအခါ ဟေအာက မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။
“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ...။ နတ်သူငယ်မျိုးနွယ်စုရဲ့ တိုက်ခိုက်မှုတွေကို ငါတို့ တားဆီးပေးမယ်။ တစ်ခါ တားဆီးပေးတိုင်း မင်းတို့က ငါတို့ကို အဆင့်မြင့်အစားအစာ တချို့ ပေးပေါ့။”