← Chapters

အခန်း (၈၃၃-၈၃၄)

Vol. 67 Ch. 833-834

အခန်း (၈၃၃-၈၃၄)

Vol. 67 Ch. 833-834

အခန်း ၈၃၃- အလင်းနတ်သူငယ်များနှင့် အမှောင်နတ်သူငယ်များ ထိပ်တိုက်တွေ့ဆုံခြင်း

ဟေအာ၏ အကြံပြုချက်ကို ကြားသောအခါ ရှောင်းယီ ခဏတာ တုံ့ဆိုင်းသွားပြီးမှ ဖြည်းညှင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။

“ရပါတယ်...။ ဒါပေမဲ့ ‘တားဆီးမှု တစ်ကြိမ်’ ဆိုတဲ့ အဓိပ္ပာယ်ကို သတ်မှတ်ရတာ ခက်တယ်။ ဒီလိုလုပ်ရအောင်။ မင်းတို့ ငါတို့ကို နတ်သူငယ်မျိုးနွယ်စုရန်ကနေ ကာကွယ်ပေးထားတဲ့ အချိန်အပေါ် မူတည်ပြီး အဆင့်မြင့်အစားအစာကို ငါပေးမယ်။”

ဤအစီအစဉ်အရ နတ်သူငယ်မျိုးနွယ်စုက လာမတိုက်လျှင်ပင် ရှောင်းယီက အစားအစာ ပေးနေရမည်ဖြစ်ရာ သူက နစ်နာနေသကဲ့သို့ပင် ရှိပေသည်။

သို့သော် ဤသို့လုပ်ခြင်းဖြင့် ရှောင်းယီသည် ဈေးနှုန်းကို အနိမ့်ဆုံးအထိ နှိမ်ထားနိုင်သလို တစ်ဖက်လူကိုလည်း သူတို့က အမြတ်ရနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပေသည်။

အဆင့်မြင့်အစားအစာနှင့် ပတ်သက်လျှင် ရှောင်းယီတွင် အကန့်အသတ်မရှိ ရှိနေသည်မဟုတ်ပါလား။

အရေးအကြီးဆုံးအချက်မှာ ဤတိုက်ကြီးပေါ်တွင် ရန်သူတစ်ယောက် တိုးလာမည့်အစား မဟာမိတ်တစ်ယောက် တိုးလာခြင်းက ပို၍ကောင်းမွန်ခြင်းပင်။

ဟေအာသည် ရှောင်းယီ၏ စကားကို ကြားသောအခါ ခဏမျှ မှင်တက်သွားပြီး ပြောလိုက်၏။

“ကောင်းပါပြီ...ငါတို့ အခု အလိုအပ်ဆုံးက A အဆင့်ရှိတဲ့ သစ်သီးတွေ၊ ကောက်ပဲသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေပဲ။”

“ပြဿနာမရှိဘူး။ တစ်နာရီကို A အဆင့် အစားအစာ ၁၀ ကီလိုဂရမ်ဆိုရင် မင်းတို့ လက်ခံနိုင်မလား။”

ရှောင်းယီက မေးလိုက်သည်။

“၁၀ ကီလိုဂရမ် ဟုတ်လား။”

ဟေအာ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ရှောင်းယီ စကားပြန်ရုပ်သိမ်းသွားမည်ကို စိုးရိမ်သဖြင့် သူက ချက်ချင်းပင် သဘောတူလိုက်သည်။

“ပြဿနာမရှိဘူး...,၁၀ ကီလိုဂရမ်ပဲ။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“နတ်သူငယ်မျိုးနွယ်စုက ငါတို့ကို သတိပေးသွားပြီးပြီ။ မင်းတို့ မြန်မြန်လုပ်မှဖြစ်မယ်။ မဟုတ်လို့ သူတို့ စစ်တပ်ကြီး ရောက်လာတဲ့အထိ မင်းတို့ဘက်က ရောက်မလာသေးရင် ငါတို့ရဲ့ သဘောတူညီချက်က အလိုအလျောက် ပျက်ပြယ်သွားလိမ့်မယ်။”

သူက သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့...ငါတို့ အဆင်သင့်ပြင်ထားတာ ကြာပါပြီ။”

ဟေအာက အေးစက်စွာ ပြောလိုက်ပြီးနောက် အချက်ပြ ဝီစီသံ ရှည်ရှည်တစ်ချက်ကို မှုတ်လိုက်၏။

ထိုအခါ ပတ်ဝန်းကျင် တောအုပ်အတွင်းမှ အမှောင်နတ်သူငယ်များစွာ ချက်ချင်းပင် ခုန်ထွက်လာခဲ့ကြသည်။ ထို့နောက် ဟေအာက ရှောင်းယီကို ကြည့်ကာ မေးလိုက်သည်။

“ငါတို့ မင်းတို့ကို ကာကွယ်ပေးမှာဆိုတော့ မင်းတို့ စခန်းကို ဝိုင်းရံပြီး စောင့်ကြည့်ရလိမ့်မယ်။ အဲဒါ အဆင်ပြေရဲ့လား။”

“အဆင်ပြေတယ်။ မင်းတို့ စိတ်ကြိုက်လုပ်ပါ။ တံတိုင်းကနေ မီတာ ၂၀ အတွင်းကိုတော့ အနားမကပ်လာနဲ့။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။”

ဟေအာက အမိန့်ပေးလိုက်ရာ အမှောင်နတ်သူငယ်များသည် လူစုခွဲလိုက်ကြပြီး အချို့က ရှောင်းယီ၏ စခန်းပတ်လည်ကို စောင့်ကြပ်ကာ အများစုကမူ နတ်သူငယ်မျိုးနွယ်စု ရောက်ရှိလာမည့်လမ်းဘက်တွင် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြတော့လေသည်။

ထိုအချိန်တွင် ရှောင်းယီ၏ ယာယီစခန်းနှင့် ၅ ကီလိုမီတာခန့် အကွာ၌ နတ်သူငယ်မျိုးနွယ်စု၏ စစ်သားများ စုရုံးနေခဲ့ကြ၏။

“ဒီအပြင်လူက အရမ်းခေါင်းမာတယ်။ ငါတို့မှာ စစ်တပ်သုံးပြီး နှင်ထုတ်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူး။”

ဒိုယာက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

ထိုအခါ အနီးတွင် ရပ်နေသော လေညင်းသံက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။

“အကြီးအကဲ...တိုက်ပွဲမဖြစ်ဘဲ ရှောင်လွှဲလို့ မရဘူးလား။ အဲဒီအပြင်လူက မရိုးရှင်းဘူးလို့ ကျွန်မ ခံစားနေရတယ်။”

ဒိုယာက နှာခေါင်းရှုံ့လိုက်သည်။

“သူက မရိုးရှင်းရင်တောင် ငါတို့ သူ့ကို နှင်ထုတ်ရမယ်။ မဟုတ်ရင် ငါတို့ နတ်သူငယ်မျိုးနွယ်စုရော၊ ဒီတိုက်ကြီး တစ်ခုလုံးပါ ကြီးမားတဲ့ ဘေးဒုက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ်။”

“အကြီးအကဲ...အဲဒီ ဒဏ္ဍာရီက အဟောင်းကြီးပါ။ အဲဒါက တကယ်ဟုတ်၊ မဟုတ်တောင် ကျွန်မတို့ မသိဘူးလေ။ တကယ်ပဲ ဒီလိုလုပ်ဖို့ လိုလို့လား။”

လေညင်းသံ မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“နင် ဘယ်လိုတောင် ပြောရဲတာလဲ။”

ဒိုယာက ငေါက်ငမ်းလိုက်၏။

“ဒါက နတ်သူငယ်ဘုရင်မ အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ စကားပဲ။ ဒီကိစ္စရဲ့ မှန်ကန်မှုကို နင်က ဘယ်လိုလုပ် သံသယဝင်ရဲတာလဲ။”

ထိုအခါ လေညင်းသံက ချက်ချင်းပင် ပြန်ဖြေလိုက်ရသည်။

“ကျွန်မ မရည်ရွယ်ပါဘူး။”

“ဟမ့်...ဒီကိစ္စကို နောက်တစ်ခါ သံသယဝင်တာမျိုး မကြားမိစေနဲ့။ မဟုတ်ရင် နင့်ကို အချုပ်ချပစ်မယ်။”

ဒိုယာက ဒေါသတကြီး ပြောလိုက်ပြီး အမိန်းပေးလိုက်၏။

“အမိန့်ထုတ်လိုက်...အပြင်လူရဲ့ စခန်းကို တိုက်ခိုက်ဖို့ အသင့်ပြင်ကြ။”

“ဟုတ်ကဲ့”

နတ်သူငယ်စစ်သားများက တစ်ပြိုင်နက် ဟစ်ကြွေးလိုက်ကြသည်။

ဒိုယာ၏ အမိန့်အရ နတ်သူငယ်စစ်တပ်သည် ရှောင်းယီ၏ စခန်းဆီသို့ စတင်ချီတက်လာခဲ့ကြ၏။

ကျန်းယွင်ထျန်းသည် မဟာမိတ်အဖွဲ့မှ လူတစ်ထောင်ပါသော အဖွဲ့ကို တည်နေရာကူးပြောင်းကာ ခေါ်ယူထားခဲ့ပြီးဖြစ်သည်။

“ဟင်...အမှောင်နတ်သူငယ်တွေက စတိုက်နေပြီလား။”

တံတိုင်းပေါ်သို့ တက်လာသော ကျန်းယွင်ထျန်းက အပြင်ဘက်တွင် ဝိုင်းရံထားသော အမှောင်နတ်သူငယ်များကို မြင်သောအခါ မေးလိုက်သည်။

ရှောင်းယီက ခေါင်းခါပြလိုက်၏။

“သူတို့က ငါတို့ကို ကူညီဖို့ ရောက်နေတာ။ သူတို့ဘက်က ရုတ်တရက် တိုက်ခိုက်လာမှာကိုပဲ သတိထားဖို့ အဖွဲ့ကို နေရာချလိုက်ပါ။”

ကျန်းယွင်ထျန်း မှင်တက်သွားခဲ့သည်။

“သူတို့က ငါတို့ကို ကူညီမှာ ဟုတ်လား။ မင်း သေချာလား။ နတ်သူငယ်မျိုးနွယ်စု အကြီးအကဲက ငါတို့ကို ဒီလောက် ရန်လိုနေတာ...ဘာလို့ အမှောင်နတ်သူငယ်တွေက ကူညီမှာလဲ။”

“အဆင့်မြင့် အစားအစာကြောင့် ဖြစ်နိုင်သလို တခြားအကြောင်းပြချက်တွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး။ သူတို့ ဒီတိုက်ကြီးပေါ်မှာ အချင်းချင်း အရင်ရှုပ်ကြပါလိမ့်စေ။ သူတို့ ကိစ္စပြီးမှ ငါတို့က ဝင်ရှင်းလိုက်တာပေါ့။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်ပြီး မြို့ရိုးပေါ်တွင် ခံစစ်ပြင်ဆင်မှုများ ပြုလုပ်တော့သည်။ နတ်သူငယ်မျိုးနွယ်စု၏ လှုပ်ရှားမှုများအားလုံးကို စောင့်ကြည့်ရန်နှင့် ရန်သူက စခန်းကို တိုက်ခိုက်မည့် အရိပ်အယောင်ပြသည်နှင့် ချက်ချင်း ပြန်လည်တိုက်ခိုက်ရန် ညွှန်ကြားလိုက်လေသည်။

မကြာမီ နတ်သူငယ်မျိုးနွယ်စုသည် ရှောင်းယီ၏ ယာယီစခန်းသို့ ရောက်ရှိလာခဲ့ကြ၏။ သူတို့၏ အလျင်မှာ အလွန်ပင် မြန်ဆန်လှပေသည်။

သို့သော် ဒိုယာသည် ဟေအာနှင့် သူ၏အဖွဲ့ကို မြင်သောအခါ မှင်တက်သွားပြီးမှ မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ဟေအာ ဒါက ဘာအဓိပ္ပာယ်လဲ။”

“ရှင်းပါတယ်။ ဒါ ငါတို့နယ်မြေပဲ။ နင်တို့ မြန်မြန် ထွက်သွားလိုက်တော့။”

ဟေအာက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။

ဒိုယာက မျက်မှောင်ကျုံ့လိုက်သည်။

“နင်တို့သာ ဒီအပြင်လူတွေကို နှင်ထုတ်ပေးမယ်ဆိုရင် ငါတို့ အခုချက်ချင်း ထွက်သွားပေးမယ်။”

“ဟမ့်...ငါနဲ့ လာပြီး ဈေးဆစ်ဖို့ နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ။”

ဟေအာက အေးစက်စွာ ပြောလိုက်၏။

“ဟေအာ နင် သိထားသင့်တယ်။ ဒီအပြင်လူတွေကို ဒီတိုက်ကြီးပေါ်မှာ ထားလိုက်ရင် ငါတို့ နတ်သူငယ်မျိုးနွယ်စုတင်မကဘူး တစ်တိုက်လုံးအတွက်ပါ ကြီးမားတဲ့ ဘေးဒုက္ခတွေ ကျရောက်လာလိမ့်မယ်။”

ဒိုယာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

ဟေအာက ပြုံးကာ ခေါင်းခါရမ်းသည်။ ဒိုယာ၏ စကားကို သူ လုံးဝ အလေးမထားပေ။

“နင်တို့ကို သုံးမိနစ် အချိန်ပေးမယ်။ အကယ်၍ မဆုတ်ခွာဘူးဆိုရင် ငါတို့ နင်တို့ကို ချက်ချင်း တိုက်ခိုက်တော့မယ်။”

အလင်းနတ်သးငယ်များနှင့် အမှောင်နတ်သူငယ်များ ထိပ်တိုက်ရင်ဆိုင်နေသည်ကို တံတိုင်းပေါ်မှ ကြည့်နေသော ရှောင်းယီမှာ အနည်းငယ် အံ့အားသင့်နေမိခဲ့သည်။

“ဒီအလင်းနတ်သူငယ်တွေက တစ်ခုခုကို သိထားပုံပဲ။”

ရှောင်းယီက အနားရှိ ကျန်းယွင်ထျန်းကို ဘာသာပြန်ပြလိုက်သည်။

“သူမပြောတာက ငါတို့ ဒီမှာရှိနေတာက နတ်သူငယ်မျိုးနွယ်စုနဲ့ ဒီတိုက်ကြီးအတွက် ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်စေလိမ့်မယ်တဲ့။”

“နတ်သူငယ်မျိုးနွယ်စုထဲမှာလည်း စုန်းမလိုမျိုး ဇာတ်ကောင်တွေ ရှိနေတာလား။”

ကျန်းယွင်ထျန်းက အလွန်အံ့သြသွားခဲ့သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။

“မဖြစ်နိုင်ဘူးလို့ ငါထင်တယ်။ တကယ်လို့ စုန်းမ ဒါမှမဟုတ် မှော်ဆရာသာ ရှိနေရင် သူတို့က ငါတို့ကို နှင်ထုတ်ရုံတင် မဟုတ်ဘူး။ ဖမ်းဆီးဖို့ပါ ကြိုးစားကြလိမ့်မယ်။”

ကျန်းယွင်ထျန်းက အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်လေသည်။

မှန်ပါသည်...။ စုန်းမသာဆိုလျှင် ကျွန်းအထိမ်းအမှတ်ကျောက်ကို သေချာပေါက် အလိုရှိမည်ဖြစ်သည်။ ဒိုယာနှင့် သူ၏အဖွဲ့ တုံ့ပြန်ပုံအရဆိုလျှင် သူတို့သည် အပြင်လူများကို နှင်ထုတ်ချင်ရုံသက်သက်သာဖြစ်၏။

“စုန်းမ မဟုတ်ဘူးဆိုရင် သူတို့က ဒီအချက်အလက်တွေကို ဘယ်ကရတာလဲ။”

ကျန်းယွင်ထျန်း သိချင်သွားမိသည်။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“သူတို့ တိုက်ပွဲပြီးမှပဲ မေးကြည့်ရတော့မယ်။ အဲဒီအခါကျရင် အဖြေကို သိရမှာပါ။”

အလင်းနတ်သူငယ်များနှင့် အမှောင်နတ်သူငယ်များမှာ အချင်းချင်း ရင်ဆိုင်နေကြဆဲပင်။ မည်သည့်ဘက်ကမျှ အခြားတစ်ဖက်ကို အနိုင်ရမည်ဟု အကြွင်းမဲ့ ယုံကြည်ချက်မရှိသဖြင့် အလောတကြီး မလှုပ်ရှားရဲကြပေ။

“ဟေအာ ဒါက ငါတို့ နတ်သူငယ်ဘုရင်မ လက်ဆင့်ကမ်းထားတဲ့ သတင်းအချက်အလက်တွေပဲ။ ကျေးဇူးပြုပြီး ငါတို့ကို ယုံကြည်ပေးပါ။”

ဒိုယာက ဟေအာကို ဆက်လက် ဖျောင်းဖျရန် ကြိုးစားနေခဲ့သည်။။ဟေအာက ခေါင်းခါလိုက်၏။

“နင်တို့ နတ်သူငယ်ဘုရင်မရဲ့ စကားတွေက အရမ်းကို အစွန်းရောက်လွန်းတယ်။ အပြင်လူတွေက အဲဒီလောက် မကြောက်စရာပါဘူး။”

“ကြည့်ရတာ နင်က ဒီအပြင်လူတွေကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားပုံပဲ။”

ဒိုယာ၏ စိတ်ရှည်သည်းခံမှုမှာ ကုန်ဆုံးသွားပြီဖြစ်သည်။

“ကာကွယ်ပေးတာ မဟုတ်ပါဘူး။ ဒါ ငါတို့နယ်မြေဖြစ်နေလို့ သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အမှောင်နတ်သူငယ်တွေဖြစ်တဲ့ ငါတို့ရဲ့ ကိစ္စပဲ။ နင်တို့ လာပြီး အမိန့်ပေးစရာ မလိုဘူး။”

ဟေအာက သူ၏ပြတ်သားသော သဘောထားကို ဆက်လက် ဆုပ်ကိုင်ထား၏။

ဒိုယာက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

“အဲဒီလိုဆိုရင်တော့ ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရတော့ဘူး။”

ဟေအာ၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာခဲ့သည်။

“နှစ်ပေါင်း တစ်ရာရှိပြီ။ ငါ နင်တို့ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ချင်နေတာ ကြာပြီ။”

အခန်း ၈၃၄- အမှောင်နတ်သူငယ်ဘုရင်မ၏ လာရောက်လည်ပတ်မှု

အလင်းနတ်သူငယ်မျိုးနွယ်စုနှင့် အမှောင်နတ်သူငယ်မျိုးနွယ်စုတို့သည် နှစ်ပေါင်းတစ်ရာအတွင်း အကြီးအစား တိုက်ပွဲများ မဖြစ်ပွားခဲ့ကြသော်လည်း ယခုအခါ အပြင်လူဖြစ်သူ ရှောင်းယီကြောင့် နှစ်ဖက်စလုံး ထပ်မံထိပ်တိုက်တွေ့နေကြရပြီဖြစ်သည်။

အခြားမျိုးနွယ်စုများနှင့် တိုက်ပွဲများကဲ့သို့မဟုတ်ဘဲ သူတို့အားလုံးသည် သူတို့၏ လျင်မြန်ဖြတ်လတ်မှုနှင့် အရှိန်အဟုန်ကို အသုံးပြုကာ လေးနှင့်မြှားဖြင့်သာ အဝေးတိုက်ပွဲများကို ဆင်နွှဲကြနေသည်။

ရှောင်းယီသည် နှစ်ဖက်စလုံး အင်အားချင်း ညီမျှနေပြီး မည်သူကမျှ အသာစီးမရနိုင်သည်ကို မြင်သောအခါ ပြောလိုက်၏။

“သူတို့က အချင်းချင်း အရမ်းရင်းနှီးနေကြပုံပဲ။ အနိုင်အရှုံးပေါ်ဖို့ကတော့ အချိန်အတော်လေး ကြာဦးမယ်။”

ကျန်းယွင်ထျန်းက အနားတွင်ရပ်လျက် ခေါင်းငြိမ့်လိုက်သည်။

“အင်း...ဒါပေမဲ့ အလင်းနတ်သူငယ်တွေရဲ့ တိုက်ခိုက်မှုတွေက အရမ်းကို သနားညှာတာလွန်းနေသေးတာတော့ အသိသာကြီးပဲ။”

အလင်းနတ်သူငယ်များ တိုက်ခိုက်သောအခါ သူတို့သည် ရန်သူကို ဒဏ်ရာရရုံသာ ရည်ရွယ်ပြီး အသက်အန္တရာယ်ရှိသော နေရာများကို ပစ်မှတ်မထားကြပေ။ သို့သော် အမှောင်နတ်သူငယ်များမှာမူ ထိုသို့ မဟုတ်ကြဘဲ မြှားတိုင်းနီးပါးကို အသက်အန္တရာယ်ရှိသော နေရာများသို့သာ ဦးတည်ပစ်ခတ်ကြပေသည်။

“တကယ်ပဲ...။”

ရှောင်းယီက ပို၍ပင် စိတ်ဝင်စားလာကာ ရေရွတ်လိုက်၏။

“အလင်းနတ်သးငယ်တွေက အမှောင်နတ်သူငယ်တွေအပေါ် ဒီလောက် သနားညှာတာနေပြီးတော့မှ ဘာလို့ ငါတို့လို သူတို့နဲ့ ဘာမှမပတ်သက်တဲ့ အပြင်လူတွေကိုကျမှ တိုက်ရိုက်ပစ်မှတ်ထားနေရတာလဲ။”

အပြန်အလှန် မြှားပစ်တိုက်ခိုက်မှု ခဏကြာပြီးနောက် ဒိုယာက မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။

“အားလုံး ဆုတ်ခွာကြမယ်။”

အလင်းနတ်သူငယ်တပ်ထဲတွင် ထိခိုက်ဒဏ်ရာရသူများ ရှိနေပြီဖြစ်ရာ သူတို့ကို ကုသရန် လိုအပ်ပေသည်။

အမှောင်နတ်သူငယ်များဘက်တွင်လည်း ဒဏ်ရာရသူများရှိ၏။ အလင်းနတ်သူငယ်များ ဆုတ်ခွာသွားသည်ကို မြင်သောအခါ သူတို့ လိုက်မတိုက်တော့ဘဲ ထိုနေရာမှာပင် ဒဏ်ရာရသူများကို စတင်ကုသကြတော့လေသည်။

ရှောင်းယီက ခေါင်းခါလျက် ဟေအာ ချဉ်းကပ်လာသည်ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“မင်းလူတွေကို ခေါ်လာပြီး A အဆင့်အစားအစာတွေ လာယူလိုက်တော့။”

ဟေအာက ခေါင်းညိတ်ပြပြီး အမှောင်နတ်သူငယ် နှစ်ဦးကို ခေါ်ကာ တံတိုင်းအတွင်းသို့ ဝင်လာခဲ့လေသည်။

“ဟေအာ ငါ့မှာ မေးစရာ မေးခွန်းအချို့ရှိတယ်။ အကယ်၍ မင်း ငါ့ကို သတင်းအချက်အလက် ပေးနိုင်မယ်ဆိုရင် A အဆင့် အစားအစာ တစ်ရက်စာ ထပ်ပေးမယ်။”

ရှောင်းယီက ဆိုသည်။

“တစ်ရက်စာ ဟုတ်လား။”

ဟေအာ ရှောင်းယီကို အံ့အားသင့်စွာ ကြည့်လိုက်၏။ တစ်ဖက်လူက ဘာမေးခွန်းတွေ မေးမည်ကို သူ မသိသော်လည်း A အဆင့် အစားအစာ တစ်ရက်စာဆိုသည်မှာ စုစုပေါင်း ၂၄၀ ကီလိုဂရမ် ဖြစ်သည်။

ဟေအာအတွက်မူ ဤသည်မှာ ကြီးမားလှသော ရတနာကြီးတစ်ခုပင်။ ထိုကဲ့သို့ အဆင့်မြင့် အစားအစာမျိုးမှာ သူတို့ အမှောင်နတ်သူငယ်မျိုးနွယ်စုကြားတွင် ဒဏ္ဍာရီတစ်ခု ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

“ကောင်းပါပြီ...မေးပါ။ ငါ သိသမျှတော့ သေချာပေါက် ပြောပြပါ့မယ်။”

ဟေအာက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

“အလင်းနတ်သူငယ်မျိုးနွယ်စုက ငါတို့လို အပြင်လူတွေအပေါ် ဘာလို့ ဒီလောက် ရန်လိုနေရတာလဲဆိုတာကို ငါ သိချင်တယ်။”

ရှောင်းယီက မေးလိုက်သည်။

ဟေအာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

“အဲဒီကိစ္စကို ငါ သိပ်တော့ မရှင်းဘူး။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကို ငါ စုံစမ်းကြည့်ပေးလို့ ရတယ်။”

“ကောင်းပြီ...။ အကြောင်းရင်းကို သိရတာနဲ့ ငါ့ကို လာပြောပြပါ။ အဲဒီအခါကျရင် မင်း တစ်ရက်စာ အစားအစာ ရလိမ့်မယ်။”

ရှောင်းယီက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။

“ကောင်းပါပြီ...ဒါက သဘောတူညီချက်ပဲ။”

ဟေအာက ထိုသို့ပြောပြီးနောက် A အဆင့် အစားအစာ ၂၀ ကီလိုဂရမ်ကို ယူဆောင်သွားခဲ့သည်။

ရှောင်းယီထံမှ ထွက်လာပြီးနောက် ဟေအာသည် ထို ၂၀ ကီလိုဂရမ်ကို အမှောင်နတ်သူငယ်များ၏ စခန်းဆီသို့ ကိုယ်တိုင် သယ်ဆောင်သွားခဲ့၏။

စစ်ကိုလိုလားသော အမှောင်နတ်သူငယ်များပီပီ သူတို့၏ စခန်းမှာ ဤနေရာနှင့် အလွန်နီးကပ်သောကြောင့် အလင်းနတ်သူငယ်များ၏ လှုပ်ရှားမှုများကို အစဉ်တစိုက် စောင့်ကြည့်နေနိုင်ကာ သူတို့နှင့် ထိပ်တိုက်တွေ့ရန် အမြဲ အသင့်ရှိနေကြခဲ့သည်။

တစ်နာရီခွဲခန့် ကြာပြီးနောက် ဟေအာသည် သူ၏ အဖွဲ့နှင့်အတူ မျိုးနွယ်စု စခန်းသို့ ပြန်လည်ရောက်ရှိလာသည်။

ဤစခန်းတွင် ကြီးမားထူထပ်သော သစ်ပင်ကြီးများစွာ ရှိပြီး ထိုအပင်များပေါ်တွင် နွယ်ပင်များဖြင့် ရက်လုပ်ထားသော သစ်ပင်အိမ်လေးများစွာ ရှိနေ၏။

ထိုအထဲမှ တစ်ခုမှာ တမူထူးခြားစွာ ကြီးမားလှပြီး ဗဟိုရှိ ဧရာမသစ်ပင်ကြီး၏ ပင်မကိုင်းပေါ်တွင် တည်ရှိပေသည်။

“ဟေအာက ဘုရင်မမင်းကြီးကို ဖူးမြော်ဖို့ ခွင့်တောင်းပါတယ်။”

ဟေအာက ဒူးတစ်ဖက် ထောက်လျက် ရိုသေစွာ လျှောက်တင်လိုက်၏။

“အင်း...ထပါ။ အဲဒီ အပြင်လူနဲ့ မင်း အဆက်အသွယ် လုပ်ခဲ့ပြီးပြီလား။”

သစ်ပင်အိမ်အတွင်းမှ အလွန်ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“တင်ပြပါတယ် ဘုရင်မ။ လုပ်ခဲ့ပြီးပါပြီ။ ကျွန်မတို့ သူတို့ကို အလင်းနတ်သူငယ်တွေရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပြီး သူက ကျွန်မတို့ကို အဆင့်မြင့် အစားအစာတွေ ပေးခဲ့ပါတယ်။”

ဟေအာက ခေါင်းငြိမ့်ကာ ပြောလိုက်၏။

“ဘယ်အဆင့်လဲ။ C အဆင့်လား ဒါမှမဟုတ် B အဆင့်လား။”

“A အဆင့်ပါ။”

ဟေအာက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။

“ A အဆင့်ဟုတ်လား။”

သစ်ပင်အိမ်အတွင်းရှိ ဘုရင်မမှာ အတန်ငယ် အံ့အားသင့်သွား၏။

“မှန်ပါတယ်...ကျွန်မ အစကတည်းက A အဆင့်နဲ့ လဲလှယ်ဖို့ ကမ်းလှမ်းခဲ့တာ။ အဲဒီအပြင်လူက ဈေးတောင်မဆစ်ဘဲ တိုက်ရိုက် သဘောတူလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။”

ဟေအာကလည်း မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

“အခုတစ်ခေါက် ရောက်လာတဲ့ အပြင်လူတွေက အရင်ကလူတွေနဲ့ မတူတာများလာ။”

ဘုရင်မ၏ အသံတွင် သံသယရိပ်များ ပါဝင်နေ၏။

သူတို့ အမှောင်နတ်သူငယ် မျိုးနွယ်စု၏ မှတ်တမ်းများအရ ဤအပြင်လူများသည် အဆင့်မြင့် အစားအစာအချို့ကို ရရှိနိုင်သော်လည်း ပမာဏမှာ အလွန်အမင်း မများသင့်ပေ။

သို့သော် ယခုတစ်ခေါက်မှာမူ မတူညီပုံရသည်။

“ကျွန်မလည်း မသိပါဘူး။ အခု ကျွန်မ လာတွေ့ရတာက အဲဒီအပြင်လူက ကျွန်မကို မေးခွန်းတစ်ခု မေးလိုက်လို့ပါ။ အကယ်၍ ကျွန်မက သူ့ရဲ့ သံသယကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် သူက ကျွန်မတို့ကို A အဆင့်အစားအစာ ၂၄၀ ကီလိုဂရမ် ပေးမယ်လို့ ပြောပါတယ်။”

ဟေအာက ခေါင်းခါပြပြီးနောက် ပြောပြလိုက်၏။

“ဘာမေးခွန်းလဲ။”

ဘုရင်မက စပ်စုစွာ မေးလိုက်သည်။

“အလင်းနတ်သူငယ်တွေက သူတို့လို အပြင်လူတွေအပေါ် ဘာလို့ ဒီလောက် ရန်လိုနေရတာလဲလို့ သူက မေးပါတယ်။”

ဟေအာက ဆိုသည်။။ဘုရင်မသည် ဤမေးခွန်းကို ကြားသောအခါ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်မေးလိုက်၏။

“အဲဒီ မေးခွန်းတစ်ခုတည်းလား။”

“မှန်ပါတယ်...ကျွန်မက ဒီကိစ္စကို သိပ်မသိတာကြောင့် ဘုရင်မရဲ့ လမ်းညွှန်မှုကို လာရောက်တောင်းခံရတာပါ။”

ဟေအာက ပြန်ဖြေလိုက်သည်။

သစ်ပင်အိမ်အတွင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုင်၏။

“အင်း...အခုတစ်ခေါက်တော့ ငါကိုယ်တိုင် မင်းနဲ့အတူ လိုက်ခဲ့မယ်။”

ဤစကားကို ကြားသောအခါ ဟေအာက ချက်ချင်းပင် တားဆီးတော့လေသည်။

“ဘုရင်မ ဒါက အရမ်း အန္တရာယ်များပါတယ်။ အဲဒီအပြင်လူက သာမန်မဟုတ်ဘူး။”

“ရပါတယ်...သူ့လက်ထဲမှာရှိတဲ့ အဆင့်မြင့် အစားအစာတွေအတွက်နဲ့တင် ဒီစွန့်စားမှုက လုပ်ရကျိုးနပ်ပါတယ်။”

ဘုရင်မက ထိုသို့ပြောရင်း သစ်သားအိမ်အတွင်းမှ ထွက်လာခဲ့၏။

အမှောင်နတ်သူငယ်ဘုရင်မသည် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက် ရှိပြီး သူမ၏ ရှည်လျားသော ငွေရောင်ဆံနွယ်များမှာ ဘေးတစ်ဖက်တစ်ချက်ရှိ ချွန်ထက်သော နားရွက်များကို ဖုံးကွယ်မထားနိုင်ပေ။ သူမ၏ အလွန်လှပသော မျက်နှာပေါ်တွင်လည်း အနက်ရောင် အဆင်တန်ဆာများ ရှိနေခဲ့လေသည်။

သို့သော် ထိုအဆင်တန်ဆာများမှာ သူမကို ရုပ်ဆိုးစေခြင်းမရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် လျှို့ဝှက်ဆန်းကြယ်မှုနှင့် ရိုင်းစိုင်းသော အလှတရားတစ်မျိုးကိုပင် ပေးစွမ်းနေခဲ့၏။

သူမသည် သားရေဖြင့် ပြုလုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် လုံးဝနက်မှောင်နေသော လေးရှည်ကြီးတစ်လက်ကို လွယ်ထားသည်။

“သွားကြစို့...”

အမှောင်မိုက်နတ်သူငယ်ဘုရင်မက ဆိုသည်။

ဟေအယသည် ခေါင်းငြိမ့်လိုက်ရုံမှလွဲ၍ အခြားမရှိတော့ဘဲ ဘုရင်မကို ရှောင်းယီရှိရာဆီသို့ ဦးဆောင်ကာ ခေါ်သွားရတော့လေသည်။

ရှောင်းယီနှင့် အခြားသူများ နေရာထိုင်ခင်းပြင်ဆင်ပြီး နေ့လည်စာ စားခါနီးအချိန်တွင် စစ်သားတစ်ဦး ရောက်လာပြီး ဟေအာ ထပ်မံရောက်ရှိလာသည်ဟု သတင်းပို့လာခဲ့၏။

“သူတို့ကတော့ အချိန်ကို သေသေချာချာ ရွေးပြီး ရောက်လာတာပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါပြပြီး မတ်တပ်ရပ်ကာ ဆိုလိုက်သည်။

“ငါ သွားခေါ်လိုက်မယ်။”

“မလိုပါဘူး...။ တခြားတစ်ယောက်ကိုပဲ သွားခေါ်ခိုင်းလိုက်ပါ။”

ရှောင်းယီက ကျန်းယွင်ထျန်းကို ပြန်ထိုင်ရန် လက်ဟန်ပြလိုက်၏။

ကျန်းယွင်ထျန်းက ဇွတ်မလုပ်တော့ဘဲ အနားရှိ အစောင့်ကို အမိန့်ပေးလိုက်သည်။

“သူတို့ကို အထဲကို ခေါ်လာခဲ့။”

“ဟုတ်ကဲ့။”

ထိုအချိန်တွင် နံရံအပြင်ဘက်၌ ရပ်နေသော အမှောင်နတ်သူငယ်ဘုရင်မသည် ရှောင်းယီ၏ ယာယီစခန်းကို စပ်စုစွာ ကြည့်ရှုနေခဲ့သည်။

ယခင်ဘုရင်မထံမှတစ်ဆင့် လုံးဝမတူညီသော အရာဝတ္ထုအမျိုးမျိုးကို ယူဆောင်လာနိုင်သော အပြင်လူများအကြောင်းကို သူမ ကြားဖူးရုံသာ ရှိသည်။

“ဒီမြို့ရိုးကလည်း အဲဒီအထဲက တစ်ခုပဲဖြစ်လိမ့်မယ်။”

ဘုရင်မက တွေးလိုက်မိသည်။

မကြာမီ စစ်သားတစ်ဦး လျှောက်လာပြီး နောက်ကလိုက်ခဲ့ရန် အချက်ပြလိုက်၏။ ဘာသာစကားချင်း မတူသော်လည်း ဟေအာသည် စစ်သား၏ ဆိုလိုရင်းကို ခန့်မှန်းမိလိုက်သည်။

သို့သော် ဟေအာ မျက်မှောင်ကျုံ့သွား၏။ သူတို့ အမှောင်နတ်သူငယ်ဘုရင်မကိုယ်တိုင် လာရောက်လည်ပတ်ခြင်းဖြစ်သော်လည်း သူတို့ခေါင်းဆောင်က ကိုယ်တိုင်ထွက်မကြိုဘဲ စစ်သားတစ်ယောက်ကိုသာ လွှတ်လိုက်ခြင်းမှာ ရိုင်းပျလွန်းသည်ဟု သူ ခံစားနေရသည်။

ဘုရင်မက ဟေအာ၏ တုံ့ပြန်မှုကို မြင်သောအခါ ပြောလိုက်၏။

“ရပါတယ်...။ ငါလာမယ်ဆိုတာ သူတို့မှ မသိတာ။”

All Chapters