← Chapters

အခန်း (၈၃၅-၈၃၆)

Vol. 67 Ch. 835-836

အခန်း (၈၃၅-၈၃၆)

Vol. 67 Ch. 835-836

အခန်း ၈၃၅- ရန်လိုရခြင်းအကြောင်းရင်းနှင့် နတ်သူငယ်မျိုးနွယ်စု၏ ထူးခြားသောကဏ္ဍ

ထိုသို့ဆိုစေကာမူ ဟေအာသည် စိတ်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်နေဆဲပင်။

“ခဏနေလို့ အထဲရောက်လို့ကတော့ မင်းတို့ကို နောင်တရအောင် လုပ်ပစ်မယ်။”

သူက ကျိတ်၍ တွေးလိုက်၏။

ဘုရင်မနှင့် ဟေအာတို့သည် စစ်သားနောက်သို့ လိုက်သွားကာ အထဲသို့ဝင်လာကြရာ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ စားပွဲတွင် ထိုင်၍ စားသောက်နေကြသော အခန်းသို့ ရောက်ရှိလာခဲ့ကြလေသည်။

“စောစောလာတာထက် အချိန်ကိုက်ရောက်လာတာက ပိုကောင်းတာပဲ။ ကျုပ်တို့နဲ့အတူ စားပါဦးလား။”

ရှောင်းယီက ဟေအာကို နှုတ်ဆက်လိုက်သော်လည်း သူ၏ဘေးမှ နတ်သူငယ်ဘုရင်မကို မြင်သောအခါ အနည်းငယ် မှင်တက်သွားခဲ့သည်။

“ဆာရာ - SSS အဆင့်

အမှောင်နတ်သူငယ်ဘုရင်မ၊ မှောင်မိုက်လေးကို ကိုင်ဆောင်သူ။ အလွန်အမင်း အစွမ်းထက်ပြီး အထူးအန္တရာယ်များသည်။”

ကျန်းယွင်ထျန်းသည် ဆာရာ့ထံမှ ထွက်ပေါ်လာသော ဖိအားကို ချက်ချင်းခံစားလိုက်ရသဖြင့် သူ၏လက်မှာ စားပွဲဘေးရှိ ရိုင်ဖယ်သေနတ်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“မင်းတို့ရဲ့ ဘုရင်မကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး။ ကောင်းကောင်းမကြိုဆိုနိုင်တာကို ခွင့်လွှတ်ပါ။ ထိုင်ကြပါဦး။”

ရှောင်းယီက တက်ကြွစွာ နှုတ်ဆက်ရင်း လက်ဖဝါးထဲတွင် ရူးသွပ်ဆေးလုံးတစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။

“တစ်ယောက်ယောက်... သစ်သီးတချို့ ယူလာပေးစမ်း...ငါယူလာတဲ့ အသီးတွေဆိုရင် ရပြီ။”

ဆာရာက တောက်ပစွာ ပြုံးလိုက်သည်။

“ရှင်က အရမ်းဖော်ရွေတာပဲ။ ကျွန်မ ဒီတစ်ခေါက်လာတာက ရှင့်ရဲ့ မေးခွန်းတွေကို ဖြေပေးဖို့ပါ။”

“မတ်တပ်ရပ်ပြီး စကားပြောနေလို့ မကောင်းပါဘူး။ ဟုတ်တယ်မလား။”

ရှောင်းယီက တိုက်တွန်းလိုက်၏။

ဆာရာက ခေါင်းငြိမ့်လိုက်ပြီး အနီးရှိ ခုံတန်းလျားတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

ထိုစဉ် စစ်သားက ရှောင်းယီပေးထားသော သစ်သီးများကို ယူဆောင်လာခဲ့သည်။ ဆာရာနှင့် ဟေအာတို့သည် ထိုသစ်သီးများကို မြင်သောအခါ မျက်တောင်မခတ်နိုင်အောင် ဖြစ်သွားခဲ့ကြ၏။

ထိုသစ်သီးများ၏ အဆင့်အတိအကျကို မမြင်ရသော်လည်း ရရှိနေသော ရနံ့တစ်ခုတည်းနှင့်ပင် ဤအသီးများသည် S အဆင့်အထက်မှာ ရှိနေသည်မှာ သေချာကြောင်း သူတို့ ဆုံးဖြတ်နိုင်ကြပေသည်။

ထိုအချိန်တွင် ဟေအာသည် လက်လှမ်းပြီး လုယူချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်နေသော်လည်း ဆာရာက ချက်ချင်း ချောင်းဟန့်ကာ အလောတကြီး မလုပ်ရန် အချက်ပြလိုက်၏။

ဟေအာက အသာအယာ ခေါင်းငြိမ့်လိုက်ရသည်။

“သစ်သီးစားကြပါဦး။ စားရင်းနဲ့ စကားပြောကြတာပေါ့။”

ရှောင်းယီက ပြောရင်း သူ၏ ထမင်းပန်းကန်ကို မကာ ဆက်လက်စားသောက်လိုက်လေသည်။ ဆာရာက သူမရှေ့မှသစ်သီးကို ကြည့်ကာ မေးလိုက်၏။

“ဒီအသီးတွေက အဆင့်မြင့်မယ်ထင်တယ် ဟုတ်တယ်မလား။”

“အင်း...ဟုတ်ပါတယ်။ အားလုံး SSS အဆင့်တွေချည်းပါပဲ။”

ရှောင်းယီက အေးအေးဆေးဆေး ပြန်ဖြေလိုက်လေသည်။

ဆာရာနှင့် ဟေအာတို့၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။ ဤသည်မှာ သူတို့သိထားသမျှတွင် အမြင့်ဆုံးအဆင့်ရှိသော အစားအစာ ဖြစ်သည်။ သို့သော် ရှောင်းယီ၏ ပါးစပ်ဖျားတွင်မူ “ဟုတ်ပါတယ်” ဆိုရုံမျှသာလော။

“ရှင်တို့ဆီမှာ အဆင့်မြင့်အစားအစာတွေ အများကြီး ရှိတာလား။”

ဆာရာက စပ်စုစွာ မေးလိုက်သည်။

“မင်းက ကျုပ်မေးခွန်းတွေကို ဖြေဖို့ လာတာ မဟုတ်ဘူးလား။ အခု ဘာလို့ ကျုပ်ကို ပြန်မေးနေတာလဲ။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်၏။။ဆာရာက ခေါင်းငြိမ့်ပြလိုက်သည်။

“အလင်းနတ်သူငယ်မျိုးနွယ်စုဟာ တစ်ချိန်က အပြင်လူတွေရဲ့ အမဲလိုက်တာကို ခံခဲ့ရဖူးတယ်။ အဲဒါကြောင့် သူတို့က အပြင်လူတွေအပေါ် ရန်လိုနေကြတာပဲ။”

ထိုစကားကို ကြားသောအခါ ရှောင်းယီသည် ဆာရာ ဆိုလိုသည်မှာ ယခင်မျိုးဆက် အသက်ရှင်ကျန်ရစ်သူများကို ပြောခြင်းဖြစ်ကြောင်း သိလိုက်လေသည်။ အကြောင်းမှာ ယခုတစ်ခေါက် အသက်ရှင်ကျန်ရစ်သူများထဲတွင် ယီရန်ပင်းမဟာမိတ်နှင့် မာတင်၏ မဟာမိတ်အဖွဲ့ဝင်များသာ နတ်သူငယ်တိုက်ကြီးသို့ ရောက်ရှိသေးသောကြောင့်ဖြစ်သည်။

“အမဲလိုက်ခံရတာ ဟုတ်လား။”

ရှောင်းယီ အနည်းငယ် အံ့သြသွား၏။

“ဒါက ဘာကို ဆိုလိုတာလဲ။ အပြင်လူတွေက နတ်သူငယ်တွေကို တကယ်ပဲ စားကြတာလား။”

“စားတာထက် ပိုဆိုးပါတယ်။”

ဆာရာက လေသံအေးအေးဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်မတို့နဲ့ အလင်းနတ်ငယ်တွေက ရန်ဘက်ဟောင်းတွေ ဖြစ်ပေမဲ့ အပြင်လူတွေ သူတို့အပေါ် ပြုမူပုံကို မြင်ရတာကတော့ ကျွန်မတို့အတွက်တောင် ရင်လေးစရာပဲ။”

ဤအထိရောက်လာသောအခါ ရှောင်းယီ အခြေခံအားဖြင့် နားလည်သွားပြီဖြစ်သည်။ ဆာရာကို ကြည့်ကာ သူက မေးလိုက်သည်၏။

“အပြင်လူတွေက အဲဒီလောက် ရက်စက်နေမှတော့ မင်းတို့က ဘာလို့ ကျုပ်တို့နဲ့ ကုန်သွယ်ဖို့ ရွေးချယ်ခဲ့တာလဲ။”

“အပြင်လူတွေက အလင်းနတ်သးငယ်တွေကိုပဲ ပစ်မှတ်ထားခဲ့တာလေ။ ကျွန်မတို့ အမှောင်နတ်သူငယ်တွေကတော့ အပြင်လူတွေနဲ့ ကောင်းမွန်တဲ့ ကုန်သွယ်မှု ဆက်ဆံရေးမျိုး ရှိခဲ့ဖူးတယ်။

ဆာရာက ဆိုသည်။

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ကုန်သွယ်မှုလား။ ကျုပ်တို့ အပြင်လူတွေအတွက် မင်းတို့ဆီမှာ ဝယ်စရာ ကောင်းကောင်းရှိလို့လား။”

“ဒါဆိုရင်တော့ ရှင် ကျွန်မတို့ရဲ့ လေးနဲ့ မြှားတွေအကြောင်း မသိသေးလို့ပဲ ဖြစ်ရမယ်။”

ဆာရာက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ရှောင်းယီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားခဲ့၏။ ယခင်မျိုးဆက် အသက်ရှင်ကျန်ရစ်သူများ လာခဲ့စဉ်က သူတို့တွင် ရိုင်ဖယ်သေနတ်ကဲ့သို့သော လက်နက်ထုတ်လုပ်မှုပုံစံများ ပွင့်ချင်မှ ပွင့်ဦးမည်ဖြစ်သည်။

အကယ်၍ သူတို့တွင် သေနတ်မရှိပါက လေးနှင့်မြှားမှာ အမှန်တကယ်ပင် လက်တွေ့အကျဆုံး လက်နက်များ ဖြစ်ပေလိမ့်မည်။

သူ့ကြောင့်သာ အသက်ရှင်ကျန်ရစ်သူများ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပုံရသည်။

ရှောင်းယီ သဘောပေါက်သွားသည်ကို မြင်သောအခါ ဆာရာက ဆက်မေးလိုက်သည်။

“အခု ရှင် ပြောပြလို့ရပြီလား။ ရှင်တို့ဆီမှာ ဘာလို့ အဆင့်မြင့်အစားအစာတွေ ဒီလောက် အများကြီး ရှိနေရတာလဲ။”

“ရိုးရှင်းပါတယ်။ ကျုပ်တို့ အပြင်လူတွေရဲ့ မဟာမိတ်အဖွဲ့က ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်နေလို့ အဆင့်မြင့်အစားအစာတွေ အများကြီးရှိနေတာပေါ့။”

ရှောင်းယီက ပခုံးတွန့်ပြရင်း ပြန်ဖြေလိုက်သည်။

“အများကြီးဆိုတာ ဘယ်လောက်လဲ။”

ဆာရာက ထပ်မေးလိုက်၏။

“ကျုပ်တို့ စားလို့တောင် မကုန်နိုင်လောက်အောင်ပေါ့။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

ဆာရာနှင့် ဟေယာတို့ ထပ်မံ မှင်တက်သွားကြရပြန်၏။ ဟေအာက A အဆင့်အစားအစာနှင့် လဲလှယ်ရန် ကမ်းလှမ်းစဉ်က ရှောင်းယီ ဘာကြောင့် တွန့်ဆုတ်မနေဘဲ ချက်ချင်း သဘောတူခဲ့သည်ကို ယခုမှ သူတို့ နားလည်သွားတော့လေသည်။

ထိုစဉ် စစ်သားတစ်ဦး ဝင်လာပြီး သတင်းပို့လာခဲ့၏။

“ကျုပ်တို့ စခန်းရဲ့ အရှေ့ဘက်မှာ အရေအတွက် မသိရတဲ့ ကျားအုပ်ကြီး ပေါ်လာပါတယ်။ သူတို့ကို ရှင်းပစ်ရလိုက်မလား။ ညွှန်ကြားချက် ပေးပါဦး။”

“သွားကြည့်ရအောင်။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် ထရပ်ကာ ထွက်လာခဲ့လိုက်သည်။ ဆာရာနှင့် ဟေအာတို့လည်း သူ့နောက်မှ လိုက်လာခဲ့ကြသည်။

မြို့ရိုးပေါ်သို့ ရောက်သောအခါ ကျားအကောင်ရေ တစ်ရာနီးပါးရှိသော ကျားအုပ်ကြီးကို မြင်လိုက်ရရာ ကျန်းယွင်ထျန်းက မြို့ရိုးပေါ်ရှိ စစ်သားများကို အသင့်ပြင်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။

သို့သော် ဆာရာက သူတို့ကို ချက်ချင်း တားဆီးလိုက်သည်။

“သူတို့ကို မတိုက်ခိုက်ပါနဲ့။”

“ခဏနေဦး။”

ရှောင်းယီက ကျန်းယွင်ထျန်းကို လှမ်းပြောလိုက်ပြီးမှ ဆာရာကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

“ဘာလို့လဲ။”

“ဘာလို့လဲဆိုတော့ ဒီကျားအုပ်က ရှင်တို့ကို အရင်လာတိုက်မှာ မဟုတ်လို့ပဲ။ အဲဒီတော့ သူတို့ကို ဘာလို့ တိုက်ခိုက်နေမှာလဲ။”

ဆာရာက ပြန်မေးလိုက်သည်။ ရှောင်းယီ မှင်တက်သွား၏။

“မင်း သေချာလို့လား။”

မြို့ရိုးပေါ်ရှိ စစ်သားများသည် သန်မာထွားကျိုင်းသော ကျားအုပ်ကြီးကို ကြည့်ကာ စိုးရိမ်ထိတ်လန့်နေကြပြီဖြစ်သည်။

ဆာရာက ယုံကြည်ချက်ရှိရှိ ပြန်ဖြေ၏။

“သေချာတယ်။ အလင်းနတ်သူငယ်ပဲဖြစ်ဖြစ်၊ အမှောင်နတ်သူငယ်ပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးက သဘာဝလောကထဲက သတ္တဝါအမျိုးမျိုးနဲ့ ဆက်သွယ်နိုင်စွမ်း ရှိကြတယ်။ သူတို့နဲ့ စကားမပြောနိုင်ပေမဲ့ ကျွန်မတို့ရဲ့ စေတနာကိုတော့ သူတို့ဆီ ပေးပို့နိုင်တယ်။”

ဆာရာ၏ စကားအပြီးတွင် ပတ်ဝန်းကျင်ရှိ အမှောင်နတ်သူငယ်များက ရှေ့သို့တိုးကာ ကျားအုပ်နှင့် ဆက်သွယ်နေပုံရသည်။ ထို့နောက် ထိုကျားများမှာ တဖြည်းဖြည်းချင်း ထွက်ခွာသွားကြတော့လေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။

“ဒါဆိုရင် နတ်သူငယ်တိုက်ကြီးမှာ သားရဲတွေ ဆူပူသောင်းကျန်းတဲ့ကိစ္စမျိုး တစ်ခါမှ မဖြစ်ဖူးဘူးလား။”

ဆာရာက ခေါင်းခါပြလိုက်သည်။

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“လာပါ...အထဲကို ပြန်ပြီး စကားဆက်ကြရအောင်။”

ထို့နောက် ရှောင်းယီနှင့် အဖွဲ့ အခန်းထဲသို့ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။

“မင်းတို့နဲ့ စကားပြောရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ မင်းတို့နဲ့ အလင်းနတ်သူငယ်တွေက တွေ့ရင် ဘာလို့ သေရည်သေကန် ရန်သူတွေလို ဆက်ဆံနေကြတာလဲ။”

“ရိုးရှင်းပါတယ်။ ကျွန်မတို့ရဲ့ ယုံကြည်ချက်ချင်း မတူလို့ပဲ။ တစ်ဖက်က အလင်း၊ တစ်ဖက်က အမှောင်။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့က တိုက်ခိုက်မှုနဲ့ ယှဉ်ပြိုင်မှုကို အလေးထားပြီး သူတို့ကတော့ ငြိမ်းချမ်းရေးနဲ့ သဘာဝတရားကို အလေးထားကြတယ်။”

ဆာရာက ပခုံးတွန့်ပြရင်း ပြောလိုက်သည်။

“ငြိမ်းချမ်းစွာ အတူယှဉ်တွဲ မနေထိုင်နိုင်ကြဘူးလား။ ဒီကမ္ဘာမှာ အလင်းရှိရင် အမှောင်လည်း ရှိရမှာပဲ။ ဘယ်အရာမှ မရှိလို့မဖြစ်ဘူး။ အကယ်၍ အနာဂတ်မှာ မင်းတို့က အလင်းနတ်သူငယ်တွေကို အနိုင်ရသွားရင်တောင် အဲဒါက ဘာထူးခြားသွားမှာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“မင်းတို့ အလင်းနတ်သူငယ်တွေ အားလုံးကို သတ်ပစ်ဖို့ စိတ်ကူးထားတာလား။”

ဆာရာ အနည်းငယ် ကြောင်အသွား၏။ သူမ ထိုကဲ့သို့သော မေးခွန်းမျိုးကို တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။

ထိုစဉ် နောက်တွင် ရပ်နေသော ဟေအာက ဝင်ပြောလိုက်၏။

“သူတို့ကို အနိုင်ယူလိုက်တာက ငါတို့ ယုံကြည်တဲ့ အမှောင်တရားက သူတို့ထက် ပိုသာလွန်တယ်ဆိုတာကို သက်သေပြလိုက်တာပဲ။”

“ဒါဆိုရင် ငါက မင်းတို့ကို အမြစ်ပြတ်အောင် ချေမှုန်းလိုက်မယ်ဆိုရင် ငါတို့ရဲ့ ယုံကြည်ချက်က မင်းတို့ထက် ပိုသာလွန်တယ်လို့ ဆိုလိုလိုက်တာပဲမဟုတ်ဘူးလား။”

ရှောင်းယီက ဟေအာကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ဟေအာသည် ချက်ချင်းပင် သူ၏ လေးနှင့် မြှားကို တင်းတင်းဆုပ်ကိုင်လိုက်၏။

“ရပ်လိုက်စမ်း။”

ဆာရာ အမိန့်ပေးလိုက်သည်။ ဟေအာသည် မကျေမနပ်ဖြင့် လေးနှင့်မြှားကို ပြန်ချလိုက်ရလေသည်။

အခန်း ၈၃၆- အထင်လွဲမှု ပြေလည်သွားခြင်းနှင့် ရှောင်းယီ၏ အစီအစဉ် ပျက်ပြားခြင်း

“ကျုပ်တို့ရဲ့ အရင်ကမ္ဘာမှာ ‘ကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး တူညီတဲ့အချက်တွေကို ရှာဖွေခြင်း’ ဆိုတဲ့ စကားစုတစ်ခု ရှိခဲ့တယ်။ အားလုံးက စုစည်းပြီးမှ ဒီလိုမျိုး ကြွယ်ဝပြီး မတူကွဲပြားတဲ့ ကမ္ဘာကြီးကို တည်ဆောက်ကြတာလေ။ ဘာလို့များ အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်နေကြရတာလဲ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

ရှောင်းယီသည် ရုတ်တရက် ပျင်းရိလာသဖြင့် နတ်သူငယ်မျိုးနွယ်နှစ်ခုကြားတွင် ဖျန်ဖြေပေးသူ လုပ်ချင်နေခြင်းမဟုတ်ဘဲ ခုနက မြင်ကွင်းကြောင့် သူ့ကို နတ်သူငယ်များကို စုဆောင်းရန် စိတ်ကူးရရှိစေခဲ့ခြင်းဖြစ်သည်။

ယခုအခါ သူ၏ကျွန်းသည် ဧရိယာ ပိုမိုကျယ်ဝန်းလာသည်နှင့်အမျှ သစ်တောများနှင့် အရင်းအမြစ်များ တိုးပွားလာသည့်အပြင် တောတွင်းရှိ သားရဲတိရစ္ဆာန် အရေအတွက်သည်လည်း များပြားလာမည်ဖြစ်သည်။ ယခင်က ထိုသားရဲများကို ထိန်းချုပ်ရန် နည်းလမ်းမှာ သူ၏ အဆင့်မြင့်အိမ်မွေးတိရစ္ဆာန်များကို အသုံးချပြီး ‘သတ်ဖြတ်ခြင်းဖြင့် သတ်ဖြတ်ခြင်းကို ရပ်တန့်စေခြင်း’ သာ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ အကုန်လုံးကို သတ်ဖြတ်ရန် မဖြစ်နိုင်တော့ပေ။ အကယ်၍ သူ၏ တောအုပ်အတွင်း၌ နတ်သူငယ်များသာ ထိန်းချုပ်ပေးထားမည်ဆိုပါက သားရဲတိရစ္ဆာန်များ ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။

ဧရိယာ ပိုကျယ်လေလေ သားရဲတိရစ္ဆာန်များ၏ ရုန်းရင်းဆန်ခတ်မှုသည် ပိုမိုပြင်းထန်လေလေ ဖြစ်မည်ကို သိထားရမည်ဖြစ်သည်။

အကယ်၍ ဤပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဆိုပါက ရှောင်းယီအနေဖြင့် အားစိုက်ထုတ်ရန် အသင့်ရှိနေမည်ဖြစ်သည်။

ယခုအခါ မဟာမိတ်အဖွဲ့အတွင်း ထွက်ရှိသည့် အဆင့်မြင့်အသားများသည် လူတိုင်းစားသုံးရန် လုံလောက်နေပြီဖြစ်ရာ တောထဲတွင် အမဲလိုက်ရန် မလိုတော့ပေ။

နတ်သူငယ်များသည် ကမ္ဘာ့စည်းမျဉ်းများအရ ဖြစ်ပေါ်လာမည့် သားရဲတိရစ္ဆာန်ရုန်းရင်းဆန်ခတ်မှုများကို တားဆီးနိုင်ခြင်း ရှိ၊ မရှိကိုမူ လက်ရှိတွင် မသိရသေးသော်လည်း နည်းလမ်းတစ်ခု အပိုထားရှိခြင်းက အမြဲတမ်း ကောင်းမွန်သောအချက်ပင်။

ထို့အပြင် ယခုအချိန်တွင် ရှောင်းယီ၏ တစ်ဖက်သတ် ဆန္ဒသာ ရှိသေး၏။ အလင်းနှင့် အမှောင်ကြားရှိ ကွဲလွဲချက်များကို ဖယ်ရှားရန်မှာ လွယ်ကူလှသည်မဟုတ်ချေ။ ထိုသို့လွယ်ကူပါက သူတို့သည် နှစ်ပေါင်းများစွာ တိုက်ခိုက်နေကြမည်ပင် မဟုတ်ပေ။

ရှောင်းယီသည်လည်း ဤအချက်ကို ကောင်းစွာသိရှိထားသော်လည်း အနည်းဆုံးတော့ ချစ်ကြည်ရေး အရိပ်အယောင်အချို့ကို အရင်ပြသရမည်ဖြစ်သည်။

ဆာရာက ရှောင်းယီကို အံ့သြတကြီး ကြည့်ကာ ပြောလာခဲ့၏။

“ရှင်က ကျွန်မကြားဖူးတဲ့ တခြားအပြင်လူတွေနဲ့ လုံးဝမတူဘူးပဲ။”

“ဒါပေါ့၊ ဆန်တစ်စေ့က လူတစ်ရာကို ကျွေးနိုင်ပေမယ့် လူတိုင်းကတော့ မတူကြဘူးလေ။ လူတိုင်းမှာ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိကြတာပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဘာလို့ ဘာမှမစားတာလဲ။ ကျုပ်တို့ရဲ့ သစ်သီးတွေကို အထင်သေးလို့လား ဒါမှမဟုတ် အဆိပ်ခတ်ထားမှာကို ကြောက်နေတာလား။”

ပြောပြောဆိုဆိုဖြင့် ရှောင်းယီသည် စပျစ်သီးနှစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။

“အရသာက အဆင်ပြေပါတယ်။ မြည်းကြည့်ပါဦး။”

“ကောင်းပါပြီ...ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ရှင့်နာမည်က ဘယ်သူလဲ။”

ဆာရာက ပြုံးကာ မေးလိုက်သည်။

“ရှောင်းယီပါ...။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲက လူတွေကတော့ ကျုပ်ကို ကျွန်းပိုင်ရှင်ရှောင်းလို့ ခေါ်ကြတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်၏။ ဆာရာက ခေါင်းငြိမ့်လိုက်သည်။

“ကျွန်မနာမည်က ဆာရာပါ။ အမှောင်နတ်သူငယ်တွေရဲ့ ဘုရင်မပါ။”

သူမ မိတ်ဆက်လိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်၏။

ထိုအချိန်တွင် စစ်သားတစ်ဦး အပြေးဝင်လာကာ အစီရင်ခံလာခဲ့သည်။

“ကျွန်းပိုင်ရှင်၊ နည်းပြ၊ နတ်သူငယ်တွေ နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်ပြီ။”

ရှောင်းယီသည် ဆာရာနှင့် ဟေအာတို့ နားလည်မည်မဟုတ်သည်ကို သိသဖြင့် သူတို့အတွက် ပြန်လည်ဘာသာပြန်ပေးလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ပြောလိုက်၏။

“သွားကြစို့၊ အရင်အပြင်လူတွေကြောင့် ဖြစ်ခဲ့တဲ့ အထင်လွဲမှုကို အခုပဲ ဖြေရှင်းကြည့်ကြတာပေါ့။”

“ရှင် တကယ်ပဲ ကိုယ်တိုင်ထွက်သွားမလို့လား။”

ဆာရာက အံ့သြတကြီး မေးလိုက်သည်။

ရှောင်းယီသည် ဆာရာ၏ဆိုလိုရင်းကို နားလည်ပေသည်။ သူ ကိုယ်တိုင်ထွက်သွားရန်မှာ အမှန်တကယ် အန္တရာယ်ရှိသော်လည်း သူက ပြုံးလျက်ပင် ပြန်ဖြေလိုက်သည်။

“အထင်လွဲမှုတွေကို ဖြေရှင်းချင်ရင် ရိုးသားမှုကို အရင်ပြရမယ်လေ။”

ထို့အပြင် သူ့ကို နာကျင်အောင် လုပ်နိုင်မည့်သူလည်း ဤနေရာတွင် အမှန်တကယ် မရှိပေ။ ရှောင်းယီ၏ စနစ်အာကာသထဲတွင် ဝတ်စုံတစ်ခု ရှိနေခဲ့လေသည်။

သူတို့၏ လေးနှင့် မြှားများ မည်မျှပင် လျင်မြန်ပါစေ သူ၏ စိတ်ကူးထက်တော့ မမြန်နိုင်ပေ။ သူသည် ထိုဝတ်စုံကို ချက်ချင်း ဝတ်ဆင်နိုင်ပြီး လျင်မြန်ဖြတ်လတ်လှသည့် နတ်သူငယ်များသည်ပင် ထိုဝတ်စုံ၏ ကာကွယ်မှုကို မဖောက်ထွင်းနိုင်ပေ။

ဟေအာသည် မြို့ရိုးအပြင်ဘက်သို့ လျှောက်သွားသော ရှောင်းယီကို ကြည့်ကာ မျက်မှောင်ကျုံ့နေမိ၏။ အမှန်အတိုင်းပြောရလျှင် ရှောင်းယီ၏ လုပ်ရပ်ကို သူ နားမလည်နိုင်ချေ။ ဤသို့လုပ်ရန် မည်သည့်အကြောင်းပြချက်မျှ မရှိပေ။

ရှောင်းယီနှင့် အခြားသူများသည် ရှေ့တန်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။ ဟေအာသည် အမှောင်နတ်သူငယ်အဖွဲ့ကို နောက်ဆုတ်ရန် ဘုရင်မထံမှအမိန့်ကို လက်ခံရရှိခဲ့လေသည်။

အလင်းနတ်သူငယ်အဖွဲ့သည် အမှောင်နတ်သူငယ်များ၏ တုံ့ပြန်မှုကို မြင်သောအခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ကြ၏။

“အကြီးအကဲ... ဒါက ဘာသဘောလဲ။”

ဖုန်းယုက ဘေးနားမှနေ၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဒိုယာက ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်၏။

“လူတိုင်းပဲ စိတ်လိုက်မာန်ပါမလုပ်ကြနဲ့။ သူတို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ကြရအောင်။”

“ဟုတ်ကဲ့။”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

ထိုစဉ် ရှောင်းယီသည် ရှေ့ဆုံးမှ ဦးဆောင်လာပြီး ဆာရာနှင့် ဟေအာတို့ကို အရှေ့ဆုံးသို့ ခေါ်ဆောင်လာသည်ကို မြင်လိုက်ရလေသည်။

ဒိုယာ မျက်မှောင်ကျုံ့လိုက်မိ၏။

“အမှောင်နတ်သူငယ် ဘုရင်မကိုယ်တိုင် ရောက်လာတာလား။ သူ ဒီမှာ ဘာလုပ်နေတာလဲ။”

ရှောငယီသည် မျက်နှာချင်းဆိုင်ရှိ အလင်းနတ်သူငယ်များကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျုပ် ခုနလေးတင် အမှောင်နတ်သူငယ် ဘုရင်မနဲ့ စကားပြောခဲ့ပြီးပြီ။ ခင်ဗျားတို့ ဘာလို့ ကျုပ်တို့အပေါ် အမြင်စောင်းနေလဲဆိုတာကိုလည်း ကျုပ်တို့ သိပြီးပြီ။ ကျုပ်က ခင်ဗျားတို့ အရင်က တွေ့ဖူးတဲ့ အပြင်လူလိုမျိုး မဟုတ်ဘူး။ ကျုပ်တို့က ဘယ်လို သက်ရှိမျိုးကိုမဆို အလေးအနက်ထားပြီး လေးစားတယ်။ အရင်အပြင်လူတွေ လုပ်ခဲ့သလိုမျိုး လုံးဝလုပ်မှာမဟုတ်ဘူးလို့ အာမခံပါတယ်။”

“ဟွန့် နင်တို့ အပြင်လူတွေအားလုံးက လူလိမ်တွေဆိုတာ ဘယ်သူကမသိဘဲ နေလို့လဲ။ ငါတို့ နင်တို့ကို နောက်ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။”

ဒိုယာက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်၏။ ဆာရာသည် ဒိုယာ၏ အဖြေကို ကြားသောအခါ သူမကလည်း ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်မကတော့ ကျွန်းပိုင်ရှင်ရှောင်းကို ယုံကြည်တယ်။ သူက ကျွန်မတို့ကြားက ပဋိပက္ခတွေကိုလည်း ဖြေရှင်းပေးချင်နေတာ။ သူက ကျွန်မတို့ ဘိုးဘေးတွေ တွေ့ခဲ့တဲ့ အပြင်လူလိုမျိုး မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။”

“ဟမ့် ရှင်က အသက် ထောင်ချီနေပြီဖြစ်တဲ့ လူတစ်ယောက်ပဲ။ ရှင့်ကို ဒီလောက်အထိ ရိုးအလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ဒိုယာက လှောင်ပြောင်လိုက်၏။ ဆာရာက မျက်မှောင်ကျုံ့လိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။

ဒိုယာက ဆက်ပြောသည်။

“ရှင့်ကို အကြံပေးချင်တာကတော့ သူနဲ့ အရမ်းနီးနီးကပ်ကပ် မနေဖို့ပဲ။ နောက်မှ နောင်တရနေရလိမ့်မယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကတင်ပဲ ကျွန်မတို့ မျိုးနွယ်စုဝင်တစ်ယောက်ကို အပြင်လူတစ်ယောက်က ဖမ်းဆီးသွားခဲ့သေးတယ်။”

ထိုစကယးကို ကြားလိုက်ရသောအခါ ရှောင်းယီရဲ့ စိတ်ထဲ၌ လှုပ်ခတ်သွားခဲ့၏။ လွန်ခဲ့သည့် တစ်ပတ်လောက်က အုပ်စုထဲတွင် တစ်ယောက်ယောက်က ကျွန်းပေါ်မှာ နတ်သူငယ်တစ်ယောက်ကို တွေ့ခဲ့သည်ဟု ပြောခဲ့သည်ကို သူသတိရသွားခဲ့သည်။ ဤမျှ တိုက်ဆိုင်စွာပင် နတ်သူငယ်တိုက်ကြီးမှ ဖြစ်နေနိုင်ပါ့၏လော။

ဒါပေမယ့် အဲ့ဒီလူက တစ်ယောက်တည်းတွေ့ခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ဒိုယာက အပြင်လူ ဖမ်းသွားမှန်း ဘယ်လိုလုပ် သိနေတာလဲ။

ဆာရာသည် ရှောင်းယီကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်၏။

ရှောင်းယီက ပုခုံးတွန့်ကာ ပြန်ပြောလိုက်သည်။

“အခု ကျုပ်ပြောသမျှကို ခင်ဗျားတို့ သံသယဝင်နေနိုင်ပေမယ့် ဒါကို ကျုပ် တကယ်မလုပ်ခဲ့ဘူး။ ဒီကိစ္စကို စုံစမ်းဖို့ ကျုပ် ကူညီပေးနိုင်တယ်။”

“ဟွန့်၊ အခုထိ ဆင်ခြေပေးနေတုန်းပဲ။ နင်မလုပ်ခဲ့ရင် ဘာလို့ စုံစမ်းပေးမှာလဲ။”

ဒိုယာက အေးစက်စွာ ပြောလိုက်သည်။

ရှောင်းယီက ရန်လိုနေသော ဒိုယာကို ကြည့်ကာ မေးလိုက်သည်။

“ဝမ်းဆွဲသည်တိုင်းက ကိုယ့်ကလေးကိုယ် ပြန်မွေးပေးရတာလား။ ဒါလား ငြိမ်းချမ်းရေးနဲ့ သဘာဝတရားကို မြတ်နိုးပါတယ်ဆိုတဲ့ နတ်သူငယ်မျိုးနွယ်ဆိုတာ။”

ဒိုယာ အံ့အားသင့်သွားသော်လည်း သူက အေးစက်စွာပင် ပြောလိုက်၏။

“နင်တို့ အပြင်လူတွေအားလုံးက ဒီလောက်တောင် စကားတတ်ကြတာလား။”

ရှောင်းယီ ခေါင်းခါလိုက်ပြီး သူ့ကို ဆက်ပြောနေရန် ပျင်းရိလာသဖြင့် လှည့်ပြန်လာခဲ့သည်။

သူသည် နတ်သးငယ်များကို သိမ်းသွင်းရန် ကြိုးစားချင်ရုံသာ ဖြစ်ပြီး။အမုန်းခံရန် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ်ပေါ့။

“ခင်ဗျားတို့ ဆက်လုပ်လိုက်ကြပါဦး။”

ရှောင်းယီက သူ၏လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

ဟေအာသည် ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး အမိန့်ပေးလိုက်တော့လေသည်။

“အားလုံးပဲ တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် မြို့ရိုးအတွင်းဘက်သို့ လျှောက်လှမ်းလာခဲ့ပြီး ဆာရာသည်လည်း နောက်မှ လိုက်ပါလာခဲ့သည်။

“ဘာလဲ။ မင်းက မတိုက်တော့ဘူးလား။”

ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မတိုက်ပါဘူး။ ဒါက မျိုးဆက်သစ်တွေရဲ့ တိုက်ပွဲပဲလေ။ ကျွန်မ ဝင်စွက်ဖက်ဖို့ မသင့်တော်ဘူး။”

ဆာရာက ပြုံးကာ ပြန်ဖြေလိုက်သည်။

“မျိုးဆက်သစ်လား။ မင်းက သူတို့နဲ့ အသက်တူတူလောက်ပဲ ထင်ရတယ်‌လေ။”

ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့၏။

“ကျွန်မ အသက်က ငါးထောင်ကျော်နေပြီလေ။ သူတို့ကတော့ အများအားဖြင့် အသက် ငါးရာဝန်းကျင်တွေပဲ ရှိသေးတာ။”

ဆာရာက ရှင်းပြလိုက်သည်။ ရှောင်းယီက လက်မထောင်ပြလိုက်ပြီး မေးလိုက်သည်။

“ဘာလို့ ကျုပ်နောက်ကို ထပ်လိုက်လာတာလဲ။ ကျုပ် လိမ်မှာ မကြောက်ဘူးလား။”

စာရာက ခေါင်းခါပြလိုက်၏။

“ရှင် ကျွန်မကို မလိမ်ဘူးလို့ ခံစားရတယ်လေ။ အဲ့ဒါကြောင့် တစ်ခုလောက် ကူညီပေးဖို့ အကူအညီတောင်းလို့ ရမလား။”

“ဘာကိစ္စလဲ။”

ရှောင်းယီက ဆာရာကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

All Chapters