အခန်း (၈၄၁-၈၄၂)
Vol. 68 Ch. 841-842
အခန်း ၈၄၁- ဉာဏ်ရည်မြင့် ဆေးဘက်ဆိုင်ရာ စက်ရုပ်၏ အကူအညီ၊ အတူတူသွားကြစို့
“အလင်းနတ်သူငယ်ဘုရင်မက မင်းကို လုံးဝ မတွေ့ချင်ဘူး ထင်တယ်။”
ရှောင်ယီက ပျင်းရိငြီးငွေ့စွာ ပြောလိုက်သည်။
“အချိန်အတော်ကြာသွားပြီ။ အဲဒီဘက်က ဘာတုံ့ပြန်မှုမှလည်း မရှိဘူး။”
အမှောင်နတ်သူငယ်ဘုရင်မဆာရာက ပြုံးကာ ပြောလိုက်၏။
“ခဏလေးပဲ ရှိသေးတာပါ။ ကျွန်မတို့ဆိုရင် ဒီထက်ပိုပြီးတောင် ငေးငိုင်နေတတ်သေးတယ်။”
“မင်းတို့က ငေးငိုင်ဖို့အတွက်တင် တစ်နေ့ခင်းလုံး အချိန်ပေးရတာလား။”
ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။
“ဒါပေါ့၊ မဟုတ်ရင် ဒီနှစ်ပေါင်း ထောင်ချီတဲ့ အချိန်တွေကို ကျွန်မဘယ်လို ဖြတ်သန်းခဲ့ရမယ် ရှင်ထင်လို့လဲ။”
ဆာရာက ပြန်ပြောလိုက်သည်။ ရှောင်းယီက မျက်လုံးအသာလှန်ကာ မှတ်ချက်ပေးလိုက်၏။
“သက်တမ်းရှည်ရတာက တကယ်ကို အချိန်ဖြုန်းတီးလွန်းတယ်။”
ထိုစဉ် ကျန်းယွင်ထျန်းသည် အပြင်မှ လျှောက်လာဝင်လာခဲ့သည်။
“ကျွန်းကို စရောက်တုန်းက တွေ့ခဲ့တဲ့ နတ်သူငယ်ရောက်နေပါတယ်။”
ထိုအခါ ရှောင်းယီက ချက်ချင်း ထရပ်လိုက်သည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဒီစောင့်ဆိုင်းမှုကြီး ပြီးဆုံးတော့မယ်။”
အနည်ငယ် စဉ်းစားပြီးနောက် ရှောင်းယီ ပြန်ထိုင်ကာ ပြောလိုက်သည်။
“သူ့ကို အထဲကို ဖိတ်လိုက်ပါ။”
နတ်သူငယ်မျိုးနွယ်ဝင်၏ အကြီးအကဲတစ်ယောက် မဟုတ်ဘဲ ဖုန်းယုသာ ရောက်လာခြင်းဖြစ်၍ သူမ ခိုးထွက်လာခြင်း ဖြစ်နိုင်ပေသည်။ သူမအနေဖြင့် အခြေအနေကို ရှင်းပြရန် လိုအပ်ပေလိမ့်မည်။ အပြင်မှာ အေးနေသဖြင့် အိမ်ထဲမှာ စကားပြောရသည်က ပို၍အဆင်ပြေပေသည်။
“ဟုတ်ကဲ့။”
ထို့နောက် ကျန်းယွင်ထျန်း အပြင်သို့ ပြန်ထွက်သွားခဲ့သည်။
ထိုအခါ ဆာရာက ရှောင်းယီကို အံ့သြစွာကြည့်ပြီး မေးလိုက်၏။
“ရှင် ဘာလို့ ပြန်ထိုင်လိုက်တာလဲ။”
“ဘာမှမဟုတ်ပါဘူး။ အကြီးအကဲ ဒိုယာရဲ့ ခေါင်းမာတဲ့ အကျင့်နဲ့ဆိုရင် ကျုပ်တို့လို အပြင်လူတွေကို ဆက်သွယ်ဖို့ သဘောတူမှာ မဟုတ်ဘူး။ ဖုန်းယုက ခိုးထွက်လာတာ ဖြစ်ရမယ်။ ဒါမှ ကျုပ်တို့လိုချင်တဲ့ အချက်အလက်တွေ ရနိုင်လိမ့်မယ်။ အထဲမှာ ပြောရတာက ပိုကောင်းတယ်လေ။”
ရှောင်းယီက ပခုံးတွန့်ပြလိုက်သည်။ ဆာရာလည်း ခေါင်းငြိမ့်လိုက်မိသည်။
မကြာခင်မှာပင် ကျန်းယွင်ထျန်းသည် ခရီးပန်းလာပုံရသော ဖုန်းယုကို ခေါ်ဆောင်လာခဲ့၏။
“ပြန်တွေ့ရတာ ဝမ်းသာပါတယ်။”
ရှောင်းယီက ပြုံးကာ နှုတ်ဆက်လိုက်သည်။။ဖုန်းယုက ခေါင်းငြိမ့်ပြလာခဲ့သည်။
“ရှင်တို့ အပြင်လူတွေမှာ အဆင့်မြင့်အစားအစာတွေနဲ့ ကုသရေးဆေးတွေ ရှိတယ်လို့ ယီနော့ပြောတာ ကျွန်မကြားခဲ့တယ်။ အဲဒါ တကယ်ပဲလား။”
သူမ မေးလိုက်သည်။
“ဒါပေါ့၊ ဒီစားပွဲပေါ်က အသီးအနှံတွေ အကုန်လုံးက အဆင့်မြင့်တဲ့ အစားအစာတွေပဲလေ။”
ရှောင်းယီက ဘေးနားရှိ စားပွဲပေါ်မှ အသီးအနှံများကို ညွှန်ပြလိုက်သည်။
ဖုန်းယု ကြည့်လိုက်ရာ သူမမျက်လုံးထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားခဲ့ပြီး မေးလိုက်ပြန်သည်။
“ရှင် သားရဲတွေကြောင့် ဒဏ်ရာရတဲ့ နတ်သူငယ်တွေကို ကုပေးနိုင်သလား။”
“အသက်ရှင်နေသရွေ့၊ အသက်ရှူနေသရွေ့ ငါကယ်တင်ပေးနိုင်တယ်။ ဒါပေမဲ့ မူလအခြေအနေကို ပြန်ရောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာကိုတော့ အာမမခံနိုင်ဘူး။”
ရှောင်းယီက ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်၏။ ဖုန်းယု ချက်ချင်းပင် ရှေ့တစ်လှမ်း တိုးလာခဲ့သည်။
“တကယ်လား။”
ကျန်းယွင်ထျန်းသည် ဖုန်းယုက ရှောင်းယီကို အန္တရာယ်ပြုမည် စိုးသဖြင့် ကြားက ချက်ချင်း ဝင်ကာလိုက်၏။
ရှောင်းယီက ကျန်းယွင်ထျန်းကို အသာပုတ်လိုက်သည်။
“ဒါပေါ့...။ ဒါပေမဲ့ မင်းတို့ အလင်းနတ်သူငယ်ဘုရင်မ ဘာဖြစ်တာလဲဆိုတာ ငါသိချင်တယ်။ မင်း ငါ့ဆီ လာကတည်းက ငါတို့ အချင်းချင်း ရိုးသားဖို့ လိုတယ်။ ဖုံးကွယ်ထားတာ ရှိရင် နောက်ပိုင်း ပူးပေါင်းဆောင်ရွက်တဲ့အခါ ပြဿနာတက်လိမ့်မယ်။”
ဖုန်းယု အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်တော့လေသည်။
“ကောင်းပြီ...။ ကျွန်မတို့ ဒါပေမဲ့ သွားရင်းနဲ့ စကားပြောလို့ ရမလား။ ကျွန်မတို့ ဘုရင်မက အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။”
“ရတာပေါ့၊ ခဏစောင့်ပါ။”
ရှောင်းယီ ထကာ အပြင်သို့ ထွက်သွားခဲ့သည်။
တည်နေရာကူးပြောင်းခြင်အစီအရင်မှတစ်ဆင့် ရှောင်းယီသည် ဉာဏ်ရည်မြင့် နာနိုဆေးဘက်ဆိုင်ရာ စက်ရုပ်ကို ယူဆောင်လာခဲ့ပြီးနောက် ဖုန်းယုကို ခေါ်လိုက်တော့လေသည်။
“သွားကြစို့။ လမ်းမှာ ပြောကြမယ်။”
ဖုန်းယုသည် ရှောင်းယီဘေးတွင် ပေါ်လာသော နာ့နာကို အံ့သြတကြီး ကြည့်နေ၏။ ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါတို့ မဟာမိတ်အဖွဲ့က ဆေးဘက်ဆိုင်ရာ စက်ရုပ် နာ့နာပဲ။ နာနာ... အားလုံးကို နှုတ်ဆက်လိုက်ပါဦး။”
“မင်္ဂလာပါရှင်...ကျွန်မက နာ့နာပါ။”
နာ့နာက သူမ၏ စက်ရုပ်လက်နှစ်ဖက်ကို မြှောက်ကာ အားလုံးကို နှုတ်ဆက်လိုက်၏။ ထိုအခါ ဆာရာက အံ့အားသင့်စွာ မေးလိုက်သည်။
“ဒါကလည်း သက်ရှိတစ်မျိုးပဲလား။”
“မဟုတ်ပါဘူး။ သူက ဉာဏ်ရည်မြင့်စက်ပစ္စည်းတစ်ခုပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။။ဆာရာက ခေါင်းငြိမ့်ပြီး ရှောင်းယီနောက်မှ လိုက်လာ၏။
“ရှင်လည်း လိုက်မှာလား။”
ဖုန်းယုက မျက်မှောင်ကျုံ့ကာ ဆာရာကို မေးလိုက်သည်။
“ဒါပေါ့၊ ဒိုယာကို ငါ နေ့တစ်ဝက်အချိန် ပေးထားပြီးပြီ၊ အခု အချိန်ပြည့်သွားပြီ။ သူက ဘုရင်မကို လွှတ်မပေးဘူးဆိုမှတော့ ငါပဲ သွားရတော့မှာပေါ့။”
ဆာရာက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“မဖြစ်ဘူး၊ ငါတို့ ဘုရင်မ အခု ဒဏ်ရာပြင်းထန်နေတယ်။ ရှင်လိုက်လာတာက သူ့အတွက် မကောင်းဘူး။ အဲဒါဆို ကျွန်မက အလင်းနတ်သူငယ်မျိုးနွယ်ရဲ့ အပြစ်သား ဖြစ်သွားလိမ့်မယ်။”
ဖုန်းယုက ပြတ်သားစွာ ပြောလိုက်၏။ ဆာရာက နှာခေါင်းရှုံ့လိုက်သည်။
“နင်က ငါ့ကို တားနိုင်မယ် ထင်လို့လား။”
ဖုန်းယု အနည်းငယ် မှင်တက်သွားပြီးနောက် တည်ကြည်လေးနက်သောသော အမူအယာဖြင့် ပြောလိုက်သည်။
“မတားနိုင်ရင်တောင် အလင်းနတ်သူငယ်တွေရဲ့ နေထိုင်ရာဆီ ရှင့်ကို ပေးမကပ်နိုင်ဘူး။”
ဆာရာသည် ဖုန်းယု၏ ခိုင်မာသော မျက်နှာထားကို ကြည့်ကာ ခေါင်းငြိမ့်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ငါ အမှောင်နတ်ဘုရားရဲ့ အမည်နာမကိုတိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ငါ အခုသွားတာက အလင်းနတ်သူငယ်ဘုရင်မကို တွေ့ဖို့ပဲ။ အလင်းနတ်သူငယ်မျိုးနွယ်က ဘယ်သူ့ကိုမှ ရန်မပြုဘူး။ ဒါပေမဲ့ မင်းတို့ဘက်က အရင်စတိုက်လာမယ်ဆိုရင်တော့ ငါလည်း ငြိမ်နေမှာ မဟုတ်ဘူး။”
ဆာရာက အမှောင်နတ်ဘုရားကို တိုင်တည်၍ ကျိန်ဆိုလိုက်သည်ကို ကြားသောအခါမှ ဖုန်းယု ခေါင်းငြိမ့်လိုက်၏။
နတ်သူငယ်တိုက်ကြီးပေါ်တွင် နတ်ဘုရားတို့အား ကျိန်ဆိုခြင်းမှာ အလွန်လေးနက်လှပေသည်။ ကျိန်ဆိုပြီးလျှင် မည်သည့်နတ်သူငယ်မျှ မဖောက်ဖျက်ရဲပေ။ မဟုတ်ပါက နတ်သူငယ်နတ်ဘုရား၏ အပြစ်ပေးခြင်းကို ခံရပေလိမ့်မည်။
“ကျွန်းပိုင်ရှင် ကိုယ်ရံတော်တပ်ဖွဲ့ လိုက်ပေးဖို့ လိုမလား။”
ကျန်းယွင်ထျန်းက ဘေးမှ မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။
“စိတ်မပူပါနဲ့၊ ငါ့မှာ ကိုယ်ကျပ်ဝတ်စုံ ရှိပါသေးတယ်။ အနည်းဆုံးတော့ ငါ လွတ်အောင် ပြေးနိုင်ပါတယ်။”
“ကောင်းပါပြီ...သတိထားပါ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် ဖုန်းယုသည် ရှောင်းယီနှင့် ဆာရာကို အလင်းနတ်သူငယ်တို့ နေထိုင်ရာအရပ်တီသို့ ခေါ်ဆောင်သွားတော့သည်။ လမ်းတွင် ဖုန်းယုသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက လျှို့ဝှက်ချက်များကို စတင်ပြောပြလိုက်၏။
“ဒိုယာက အပြင်လူတွေကို ဘာလို့ ဒီလောက် ရန်လိုနေတာလဲဆိုတာ အခုမှပဲ သိတော့တယ်။ ငါသာ ဆိုရင်လည်း ရှင်တို့ကို အရမ်း ရွံရှာမိမှာပဲ။”
ဆာရာက အမှန်တရားကို သိသွားပြီနောက် ရှောင်းယီကို ကြည့်ကာ ပြောလိုက်သည်။ ရှောင်းယီက လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။
“လူတိုင်းကို သိမ်းကျုံးပြီး မပြောပါနဲ့။ နတ်သူငယ်မျိုးနွယ်ထဲမှာရော လူတိုင်းက လူကောင်းတွေချည်းပဲလို့ မင်း အာမခံနိုင်လို့လား။”
“အာမခံနိုင်တယ်။”
ဆာရာနှင့် ဖုန်းယုက တစ်ပြိုင်နက် ပြောလိုက်ကြ၏။
“ကောင်းပါပြီ...။ ကျုပ်က စုံစမ်းစစ်ဆေးထားတာ မရှိလို့ ဘာမှငြင်းမနေတော့ဘူး။ မင်းတို့ပြောတာ မှန်တယ်လို့ပဲ ထားပါတော့။”
ရှောင်းယီက သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါပေမဲ့ လူသားတွေထဲမှာတော့ လူကောင်းရော၊ လူဆိုးရော ရှိတယ်။ ဥပမာပေးရရင် ချိုင်ယွမ်ကျီရှန်က ယီနော့ကို ကယ်တင်ပြီးကတည်းက သူမကို ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့် မပေးခဲ့ဘူး။ မင်းတို့ရဲ့ ခေါင်းမာတဲ့ အကြီးအကဲတွေ ပြောသလိုမျိုး ယီနော့ကိုသုံးပြီး တခြားနတ်သူငယ်တွေကို ဆွဲဆောင်ဖို့ လုပ်တာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ချိုင်ယွင်ကျီရှန်က ဒီမှာ နတ်နန်သူငယ်ကျွန်း ရှိတာတောင် သိတာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။”
ဆာရာနှင့် ဖုန်းယုတို့ တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့ တစ်စုံတစ်ခုကို စဉ်းစားနေပုံပင်။
“လူတွေအများကြီးက ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ကျုပ်ကို တိုက်ခိုက်ချင်နေကြတာက ကျုပ်ရဲ့ မဟာမိတ်အဖွဲ့က အရမ်းတိုးတက်နေလို့ပဲ။ သူတို့က ဒါကို သိမ်းပိုက်ပြီး သူတို့ဘာသာ ပျော်ရွှင်မှုကို ခံစားချင်နေကြတယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“အဲ့ဒါကြောင့် လူသားတချို့က ကြင်နာတတ်တယ်။ တချို့က ရက်စက်တယ်။ တချို့က ငြိမ်းချမ်းရေးကို ချစ်မြန်နိုးတယ်။ တချို့က တိုက်ခိုက်ရတာကို ဝါသနာပါကြတယ်။ အဲဒါက မင်းတို့ အလင်းနတ်သူငယ်နဲ့ အမှောင်နတ်သူငယ်တွေကြား ကွဲပြားသလိုပဲ။ အားလုံးကို တစ်ပုံစံတည်း သတ်မှတ်လို့ မရဘူး။”
ဖုန်းယုက ခေါင်းငြိမ့်လိုက်သည်။
“ရှင်ပြောတာကို ကျွန်မ အပြည့်အဝ ထောက်ခံပါတယ်။ ရှင် အခုပြောတဲ့အတိုင်း တကယ် လက်တွေ့ဖြစ်ဖို့လည်း မျှော်လင့်တယ်။ ကျွန်မတို့ အရှိန်မြှင့်မှ ဖြစ်တော့မယ်။”
ရှောင်းယီက ပခုံးတွန့်လိုက်၏။
“ကျုပ်က လူသားတစ်ယောက်လေ။ ကျုပ်ရဲ့အရှိန်က မင်းတို့ နတ်သူငယ်တွေလောက် မမြန်နိုင်ဘူး။”
ဆာရာနှင့် ဖုန်းယုတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှောင်းယီ၏ ဘေးတစ်ဖက်တစ်ချက်စီမှ လက်မောင်းကို ကိုင်ကာ မလိုက်ကြတော့သည်။ ထို့နောက် အရှိန်ပြင်းစွာ ပြေးထွက်သွားကြတော့လေသည်။
နာ့နာသည်မူ ရှောင်းယီ၏ အဝတ်ကို ဆွဲကိုင်ထားပြီး သူတို့နှင့်အတူ ပျံသန်းလိုက်ပါလာခဲ့သည်။
“ဟေး... ကျုပ်ကို မပြီး ပျံတော့မယ်ဆိုရင် အရင် ကြိုပြောဦးလေ။ ကျုပ် ဘာမှ ပြင်ဆင်မထားရသေးဘူးဟ။”
ရှောင်းယီ၏ အော်သံက ဝေးရာသို့ လွင့်ပျံသွားတော့သည်။
အခန်း ၈၄၂ - အလင်းနတ်သူငယ်များစခန်းသို့ ရောက်ရှိခြင်းနှင့် အတင်းအဓမ္မဝင်ရောက်ခြင်း
နတ်သူငယ်နှစ်ယောက်၏ တွဲကူမှုကို ခံရစဉ် ရှောင်းယီသည် မိမိကိုယ်ကိုယ် ပျံသန်းနေရသလို ခံစားရနေပြီး အလွန်ပင် နေလို့ကောင်းနေခဲ့သည်။ သို့သော် ခဏမျှ ပျံသန်းပြီးနောက် ဆာရာနှင့် နောက်ထပ် နတ်သူငယ်မလေးတို့က သူ့ကို ပြန်ချပေးလိုက်ကြ၏။
“ရောက်ပြီလား။”
ရှောင်းယီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။
ဆာရာနှင့် နတ်သူငယ်မလေးတို့၏ မျက်နှာများသည် အနည်းငယ် နီမြန်းနေကြ၏။ မောပန်း၍လား သို့မဟုတ် အခြားအကြောင်းကြောင့်လားတော့ မသိရပေ။
“မရောက်သေးဘူး။ လမ်းခဏ လျှောက်ရအောင်။ ခဏနားပြီးမှ ဆက်သွားမယ်။”
ဆာရာက ပြန်ဖြေလိုက်သည်။
မကြာမီမှာပင် ဆာရာနှင့် ဖုန်းယုတို့သည် ရှောင်းယီကို တစ်ဖန် ပြန်မကာ ရှေ့သို့ အရှိန်ပြင်းပြင်း ပြေးကြပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူတို့၏ ကိုင်တွယ်ပုံ အနေအထားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ယခုအခါ ရှောင်းယီသည် ဆီးနှင်းပေါ်တွင် တရွတ်တိုက် ဆွဲခေါ်ခံနေရသည့် ကုန်စည်တစ်ခုနှင့် တူနေခဲ့လေပြီ။
“ဟေး...ကိုင်ပုံကိုင်နည်းပြောင်းမယ်ဆိုရင်လည်း တစ်ချက်လောက်တော့ ပြောဦးလေကွာ။”
ရှောင်းယီက ကန့်ကွက်လိုက်သော်လည်း ဆာရာနှင့် နတ်သူငယ်မလေးတို့က ရှောင်းယီ၏ ကန့်ကွက်မှုကို လုံးဝ လျစ်လျူရှုထားခဲ့ကြလေသည်။
သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးကလေးများ ဖြစ်ပေါ်နေကြ၏။
နောက်ထပ် နှစ်နာရီခန့် ကြာသွားပြီးနောက် ဆာရာတို့အဖွဲ့သည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ကြပြီး ရှောင်းယီမှာ ဆီးနှင်းထဲမှ အားကိုးရာမဲ့စွာ တွားသွား၍ ထလာခဲ့ရလေသည်။
“နောက်ကျ ပြန်တဲ့အခါ နှင်းလျှောစွတ်ဖားလှည်း တစ်ခု လုပ်မယ်။ မင်းတို့ အဲဒီလှည်းကိုပဲ ဆွဲရမယ်။ ငါ့ကို လှည်းတစ်ခုလို သဘောမထားနဲ့တော့။”
ရှောင်းယီက မကျေမနပ် ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။”
ဆာရာက အလွန်လွယ်ကူစွာ သဘောတူလိုက်သည်။
ထိုအချိန်တွင် ဖုန်းယုက မျက်မှောင်ကျုံ့ကာ စိုးရိမ်တကြီး ပြောလိုက်၏။
“ကျွန်မတို့ နတ်သူငယ်တွေ နေထိုင်ရာ အရပ်ကို ရောက်ခါနီးပြီ။ အကြီးအကဲတွေက ငါတို့ဝင်ခွင့် ပေး၊မပေးတော့ ကျွန်မလည်း မသိဘူး။”
“စိတ်မပူနဲ့။ ငါ သူ့ကို ခေါ်သွားပေးမယ်။”
ဆာရာက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ရှင့်ရဲ့ ကျိန်ဆိုမှုကို မမေ့ပါနဲ့။”
ဖုန်းယုက သတိပေးလိုက်သည်။
“စိတ်မပူပါနဲ့။”
“ဒါဆို ကျွန်မ အရင်ဝင်သွားလိုက်မယ်။ လူကြီးတွေကို နားဝင်အောင် ပြောနိုင်ဖို့တော့ မျှော်လင့်တာပဲ။”
ဖုန်းယုက အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“မင်း သွားမပြောတာ ပိုကောင်းမယ် ထင်တယ်။ ဒိုယာက မင်းပြောတာကို လုံးဝ နားဝင်မှာ မဟုတ်ဘူး။”
ဆာရာက ခေါင်းခါကာ ပြောလိုက်သည်။
“ဒိုယာကို တိုက်ရိုက်ပဲ ပြောလိုက်ပါ။ ငါ ရောက်နေပြီလို့။”
“ဒါဆိုလည်း... ကောင်းပြီလေ။”
ဖုန်းယုသည်လည်း သူမအနေဖြင့် အကြီးအကဲကို နားဝင်အောင် မပြောနိုင်မှန်း သိသဖြင့် အမှောင်နတ်သူငယ်ဘုရင်မမ၏ စွမ်းအားကိုသာ အားကိုးရတော့မည် ဖြစ်သည်။
ဖုန်းယုသည် သူမတို့ နေထိုင်ရာအရပ်၏ လမ်းကြောင်းကို ညွှန်ပြပြီးနောက် အလင်းနတ်သူငယ်တို့ စခန်းသို့ အရင် ပြန်သွားခဲ့လေသည်။
ဖုန်းယု ပြန်ရောက်ရောက်ချင်း နတ်သူငယ်မလေး တစ်ယောက် ရောက်လာပြီး ပြောလိုက်၏။
“ဖုန်းယု...အကြီးအကဲက နင့်ကို ရှာနေတာ ကြာပြီ။ သူ အရမ်း စိတ်တိုနေတယ်။ နင် အမြန်သွားလိုက်ဦး။”
ဖုန်းယု ခေါင်းငြိမ့်ပြကာ အကြီးအကဲ၏ အခန်းရှိရာသို့ ချက်ချင်း အပြေးသွားလိုက်သည်။
အဝေးကပင် ဒိုယာ၏ အသံကို ဖုန်းယု ကြားလိုက်ရ၏။
“ယီနော့ ဖုန်းယု ဘယ်သွားလဲ မင်းသိလား။”
“အကြီးအကဲ...ဖုန်းယုက ရှေ့ဘက်မှာ ကင်းလှည့်သွားတာ ထင်တယ်။ သူက အမှောင်နတ်သူငယ်ဘုရင်မ ခိုးဝင်တိုက်ခိုက်မှာကို စိုးရိမ်နေတာ။”
ယီနော့က လိမ်ညာပြောဆိုလိုက်သည်။
“ငါ အားလုံးကို စခန်းအနီးမှာပဲ စောင့်ကြည့်ဖို့ ပြောထားတယ် မဟုတ်ဘူးလား။ ဘယ်သူက သူ့ကို ခွင့်ပြုချက်မရှိဘဲ ထွက်သွားခိုင်းလို့လဲ။”
ဒိုယာက ကြိမ်းမောင်းလိုက်၏။
ဖုန်းယုသည် နတ်သူငယ်သစ်ပင်၏ သစ်ကိုင်းများပေါ်သို့ ချက်ချင်း ခုန်တက်ကာ ဒိုယာ၏ သစ်သားအိမ်သို့ ရောက်ရှိလာခဲ့သည်။
“အကြီးအကဲ ကျွန်မ ပြန်ရောက်ပါပြီ။”
ဒိုယာသည် ဖုန်းယု၏ အသံကို ကြားသည်နှင့် ချက်ချင်း ထွက်လာကာ မှုန်ကုပ်သော မျက်နှာဖြင့် မေးလိုက်သည်။
“နင် ဘယ်သွားနေတာလဲ။”
“ကျွန်မ ရှေ့ဘက်မှာ ကင်းလှည့်ရင်း အမှောင်နတ်သူငယ်ဘုရင်မရဲ့ ခြေရာလက်ရာတွေကို တွေ့ခဲ့ပါတယ်။”
ဖုန်းယုက ပြန်ဖြေလိုက်သည်။
ထိုစကား တစ်ခွန်းတည်းနှင့်ပင် ဒိုယာသည် ဖုန်းယု၏ ခွင့်ပြုချက်မဲ့ လုပ်ဆောင်ချက်ကို အပြစ်တင်ရန် လက်လျှော့လိုက်တော့၏။
“ဒီလောက်တောင် မြန်မြန် ရောက်လာတာလား။”
ဒိုယာက ထိတ်လန့်တကြား ပြောလိုက်သည်။
“နတ်သူငယ်စစ်သည်အားလုံးကို နတ်သူငယ်သစ်ပင် ဘေးပတ်လည်မှာ စောင့်ကြပ်ခိုင်းလိုက်။ ဒါက ငါတို့ အလင်းနတ်သူငယ်မျိုးနွယ်ရဲ့ အသက်ရှင်သန်မှုနဲ့ သက်ဆိုင်တဲ့ တိုက်ပွဲပဲ။”
ထိုစဉ် ဖုန်းယုက ဆက်ပြောလာခဲ့သည်။
“ကျွန်မ အမှောင်နတ်သူငယ်ဘုရင်မနဲ့ ဆက်သွယ်ပြီးပြီ။ သူက နတ်ဘုရားရဲ့ အမည်နာမနဲ့ ကျိန်ဆိုထားတယ်။ ဒီတစ်ခါ သူက ကျွန်မတို့ အလင်းနတ်သူငယ်တွေကို ဘာရန်မှ မပြုဘူးတဲ့။ သူက ကျွန်မတို့ ဘုရင်မကို တွေ့ချင်ရုံပဲ။”
“ဘာ...သူ တကယ်ပဲ နတ်ဘုရားရဲ့အမည်နာမနဲ့ ကျိန်ဆိုခဲ့တာလား။”
ဒိုယာ မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
“ဟုတ်ကဲ့။”
ဖုန်းယုက အတည်ပြုပေးလိုက်သည်။
“ဒါပေမဲ့ ကျွန်မတို့က သူ့ကို တားဆီးမယ်ဆိုရင် သူက ပြန်တိုက်ခိုက်လိမ့်မယ်။ အဲဒီကျရင် ကျွန်မတို့ အလင်းနတ်သူငယ်တွေဘက်က တကယ်ပဲ အကျအဆုံး များနိုင်တယ်။”
အမှောင်နတ်သူငယ်ဘုရင်မသည် SSS အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ကို မည်သူမျှ သံသယ မရှိကြပေ။
ဒိုယာ မျက်မှောင်ကျုံ့လိုက်သည်။ အကယ်၍ တစ်ဖက်လူက သူမတို့ ဘုရင်မ ဒဏ်ရာအပြင်းအထန်ရပြီး သေလုမျောပါး ဖြစ်နေသည်ကို သိသွားပါက စခန်းကို မကြာမီ ပြန်လည်တိုက်ခိုက်လာလိမ့်မည်ဟု တွေးလိုက်မိ၏။ သို့သော် သူမက တားဆီးလျှင်လည်း ယခုတစ်ကြိမ်တွင် အကျအဆုံး များပြားမည်မှာ သေချာပေသည်။
ဒိုယာ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရ၏။
နတ်သူငယ်မလေး တစ်ယောက် အပြေးဝင်လာကာ အော်ပြောလာခဲ့သည်။
“အကြီးအကဲ မကောင်းတော့ဘူး။ အမှောင်နတ်သူငယ်ဘုရင်မ အတင်းဝင်လာနေပြီ။”
“ဘာ...သူ ဘယ်မှာလဲ။”
ဒိုယာက ပျာပျာသလဲ မေးလိုက်သည်။
“ငါ နင်တို့ တံခါးဝကို ရောက်နေပြီလေ။”
ဆာရာသည် အလင်းနတ်သူငယ်သစ်ပင်ပေါ်သို့ သာသာယာယာ ဆင်းသက်လိုက်ပြီး ရှောင်းယီကိုလည်း ဘေးမှာ ချထားပေးလိုက်၏။
ထိုအချိန်တွင် ရှောင်းယီမှာ အလွန်ပင် အံ့သြနေမိသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့ရှိ သစ်ပင်ကြီးမှာ အခြားသစ်ပင်များကဲ့သို့ ဆီးနှင်းထဲတွင် ညှိုးနွမ်းမနေဘဲ စိမ်းလန်းစိုပြည်နေသောကြောင့်ပင်။
ထိုသစ်ပင်ပေါ်တွင်လည်း သစ်သားအိမ်များစွာ ရှိနေပြီး ရှောင်းယီက အရာအားလုံးကို စပ်စုကာ ကြည့်ရှုနေမိ၏။
“အပြင်လူပဲ...။”
ဒိုယာသည် ရှောင်းယီကို မြင်သည်နှင့် ချက်ချင်း ဒေါသတကြီး အော်လိုက်လေသည်။
“သူ့ကို သတ်ကြစမ်း။”
“ရွှစ် ရွှစ် ရွှစ်”
မြားပေါင်းများစွာ ပတ်ပတ်လည်မှ ချက်ချင်း ပျံထွက်လာခဲ့ကြ၏။
“မလုပ်နဲ့...အားလုံး ရပ်လိုက်ကြ။”
ဖုန်းယုနှင့် ယီနော့တို့က တစ်ပြိုင်နက် အော်ဟစ်တားဆီးလိုက်ကြပြီး ဆာရာသည်မူ သူမ၏ ကိုယ်ပိုင်မြားများကို ပစ်ထုတ်လိုက်ပြီဖြစ်သည်။
ရှောင်းယီ၏ စိတ်အာရုံကြောင့် သူ၏ ကိုယ်ကျပ်ဝတ်စုံမှာ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
ခရက် ခရက် ခရက်
ရှောင်းယီထံသို့ ပျံသန်းလာသော မြားအားလုံးသည် မြားတံအလယ်တည့်တည့်မှ ထက်ပိုင်းကျိုးသွားကြ၏။
ဖုန်းယုနှင့် ယီနော့တို့၏ အသံကို ကြားလိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိ နတ်သူငယ်စစ်သည်များသည် နောက်ထပ် မြားတစ်သုတ်ကို ထပ်မပစ်ကြတော့ပေ။
“နင်တို့ ထပ်တိုက်မယ်ဆိုရင် ငါလည်း ပြန်တိုက်ရလိမ့်မယ်။”
ဆာရာက အရှိန်အဝါကို ထုတ်လွှတ်ကာ ပြောလိုက်သည်။
“သူ့ကို ငါခေါ်လာခဲ့တာပဲ။ သူ့ကို တိုက်ခိုက်တာဟာ ငါ့ကို တိုက်ခိုက်လိုက်တာပဲ။”
“ဆာရာ...ရှင့်ရဲ့ အတောင်ပံတွေ မဖြန့်စမ်းနဲ့။”
ဒိုယာက ဒေါသတကြီး ပြောလိုက်သည်။ ဆာရာက ဒိုယာကို တစ်ချက်ကြည့်လိုက်၏။
“အလင်းနတ်သူငယ်တွေ ဘာဖြစ်နေလဲဆိုတာ ငါသိပြီးသား။ နင်တို့ရဲ့ ခံစားချက်ကိုလည်း ငါနားလည်တယ်။ ဒါပေမဲ့ ငါ သဘောမတူဘူး။ ဒီနေ့တော့ ငါ နင်တို့ကို အနိုင်ကျင့်ရမယ်။ နင်တို့ ထပ်ပြီးတိုက်ခိုက်ရဲရင် ငါ လူသတ်လိမ့်မယ်။”
ဆာရာသည် ထိုခေါင်းမာသော အဖွားကြီးနှင့် အချိန်ဖြုန်းရန် စိတ်မရှည်တော့သဖြင့် ရှောင်းယီကို အလင်းနတ်သူငယ်ဘုရင်မ၏ သစ်သားအိမ်ဆီသို့ ဆွဲခေါ်သွားလိုက်၏။
ယီနော့က ချက်ချင်း ရှေ့တိုးလာပြီး မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်း ကျွန်မတို့ ဘုရင်မကို ကယ်တင်ရနိုင်သေးလား။”
“ငါတို့ လာခဲ့တာလည်း အဲဒီကိစ္စအတွက်ပဲ။ တစ်စုံတစ်ယောက်ကသာ မတားဆီးခဲ့ရင် မင်းတို့ ဘုရင်မ သတိရနေလောက်ပြီ။”
ရှောင်းယီက မကျေမနပ် ပြန်ဖြေလိုက်သည်။
“တကယ်လား။”
ယီနော့က စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“ဒါပေါ့။”
“လူလိမ်... ငါတို့ ဘုရင်မက အသက်ရှူရပ်လုနီးပါး ဖြစ်နေပြီ။ နင်က ဘယ်လိုလုပ်ပြီး ကယ်တင်နိုင်မှာလဲ။ အားလုံး အရူးလုပ်မခံကြနဲ့။”
ဒိုယာက အော်ပြောလိုက်သည်။
“ငါတို့ကမ္ဘာမှာ စကားတစ်ခွန်း ရှိတယ်။ အသေကို အရှင်ဖြစ်အောင် ကုသခြင်းတဲ့။ မင်းတို့ ဘုရင်မက မင်းတို့ကို ထားသွားတော့မယ်လို့ ပြင်ဆင်ထားပြီးမှတော့ ငါ့ကို ဘာလို့ စမ်းမကြည့်ခိုင်းတာလဲ။”
ရှောင်းယီသည် စကားဆုံးသည်နှင့် ဆာရာနောက်မှ လိုက်သွားကာ သစ်ပင်ပင်စည်ပေါ်ရှိ အကြီးဆုံး သစ်သားအိမ်ထဲသို့ ဝင်သွားလိုက်၏။
ဖုန်းယုက ဒိုယာကို ကြည့်ပြီး ပြောလိုက်သည်။
“အကြီးအကဲ သူတို့ကို နောက်ဆုံးအကြိမ်အနေနဲ့ ယုံကြည်ပေးလိုက်ပါ။”
ဒိုယာသည် အားကိုးရာမဲ့စွာဖြင့် ဘုရင်မ၏ သစ်သားအိမ်ဆီသို့ ပြေးသွားလိုက်သော်လည်း ဆာရာက တံခါးဝတွင် ပိတ်ဆို့ထားလိုက်လေသည်။
“ဒါ ငါတို့ အလင်းနတ်သူငယ်တွေရဲ့ နေရာပဲ။”
ဒိုယာက ဒေါသတကြီး ပြောလိုက်၏။ ထိုစဉ် ရှောင်းယီ၏ အသံက အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“သူ့ကို ပေးဝင်လိုက်ပါ။ ကျုပ် ကုသနေတာကို သူ နှောင့်ယှက်ရဲရင် သူ့ကို သတ်ပစ်လိုက်။”
ဆာရာသည် ထိုစကားကို ကြားသောအခါ တံခါးပိတ်ထားခြင်းကို ရပ်တန့်လိုက်ပြီး အထဲသို့ ဝင်သွားတော့လေသည်။