← Chapters

အခန်း (၈၄၃-၈၄၄)

Vol. 68 Ch. 843-844

အခန်း (၈၄၃-၈၄၄)

Vol. 68 Ch. 843-844

အခန်း ၈၄၃ - ဘုရင်မကို ကယ်တင်ခြင်းနှင့် SSS အဆင့် ရေ၏ နောက်ထပ်အမည်တစ်ခု

ဒိုယာသည် အလင်းနတ်သူငယ်ဘုရင်မ၏ သစ်သားအိမ်ထဲသို့ ချက်ချင်း ပြေးဝင်သွား၏။ အတွင်းသို့ ရောက်သောအခါ သူမ တစ်ခါမျှ မမြင်ဖူးသော စက်ပစ္စည်းတစ်ခုက နတ်သူငယ်ဘုရင်မကို ဟိုတို့ဒီတို့ စမ်းသပ်နေသည်ကို မြင်လိုက်ရလေသည်။

“နင်...”

ဒိုယာ ထိုစက်ကို တားဆီးရန် ရှေ့သို့ တိုးလိုက်စဉ်...။

ဝှစ်ရှ်...

မြားတစ်စင်းသည် သူမ၏ နှာခေါင်းဖျားကို သီသီလေး ဖြတ်သန်းသွား၏။

ဒုတ်...

မြားသည် သစ်သားအိမ်နံရံတွင် စိုက်ဝင်သွားခဲ့သည်။

“ငါ ဒုတိယအကြိမ် ထပ်မပြောချင်ဘူး။ နင် နောက်ထပ် မလိုအပ်တဲ့ လှုပ်ရှားမှုတစ်ခုခု ထပ်လုပ်ရင် နောက်တစ်ကြိမ် မြားက နင့်ခေါင်းကို ဖောက်ထွက်သွားလိမ့်မယ်။”

ဆာရာက အေးစက်စွာ ပြောလိုက်သည်။

ထိုစဉ် ယီနော့နှင့် ဖုန်းယုတို့လည်း အထဲသို့ ရောက်ရှိလာခဲ့ကြ၏။ ယီနော့သည်လည်း ထိုစက်ကို မြင်သောအခါ အလွန်အံ့သြသွားခဲ့သည်။

“ယီနော့ နင် လူသားကျွန်းမှာတုန်းက ဒီလိုစက်မျိုး မြင်ဖူးလား။”

ဖုန်းယုက တိုးတိုးလေး မေးလိုက်၏။ ယီနော့က ခေါင်းခါပြလိုက်သည်။

“မမြင်ဖူးဘူး။ သူတို့က နေမကောင်းဖြစ်ရင် အရောင်စုံ ဆေးလုံးလေးတွေကိုပဲ တိုက်ရိုက် သောက်ကြတာ။”

ဖုန်းယု မျက်မှောင်ကျုံ့လိုက်မိ၏။

“ကျွန်းပိုင်ရှင်ရှောင်း ဒီစက်က တကယ်ပဲ ကျွန်မတို့ ဘုရင်မရဲ့ ဒဏ်ရာကို ကုသပေးနိုင်မှာလား။”

သူမက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ရှောင်းယီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘေးနားတွင် ဝေခွဲမရဖြစ်နေသော ဒိုယာကိုလည်း လှမ်းကြည့်လိုက်သည်။

ဒိုယာသည် ယခုအချိန်တွင် အလွန်စိတ်ရှုပ်ထွေးနေ၏။ သူမသည် ထိုစက်က ဘုရင်မကို ကယ်တင်နိုင်ရန် မျှော်လင့်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဘုရင်မ၏ ခန္ဓာကိုယ်အား ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်နေမိသည်။

“ဘုရင်မရဲ့ လက်ရှိအခြေအနေက အရမ်းဆိုးရွားလွန်းတယ်။ နံရိုးတွေ အကုန်လုံးနီးပါး ကျိုးနေပြီး ကျိုးနေတဲ့ နံရိုးတစ်ချောင်းက နှလုံးနားအထိ စိုက်ဝင်နေတယ်။ ဒါ့အပြင် အတွင်းအင်္ဂါတွေလည်း ပေါက်ပြဲနေတယ်။ အခုချိန်ထိ တောင့်ခံနိုင်နေတာက မင်းတို့ နတ်သူငယ်မျိုးနွယ်တွေရဲ့ ရုပ်ခန္ဓာက တော်တော်လေး သန်မာလို့ပဲ။”

ရှောင်းယီ၏ အသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီ၏ စကားကြောင့် ဒိုယာနှင့် အခြားသူများ၏ ရင်ဘတ်ထဲ၌ တင်းကျပ်သွားကြ၏။

“ဒါဆို ကျွန်မတို့ ဘုရင်မအတွက် မျှော်လင့်ချက် ရှိသေးလား။”

ယီနော့က စိုးရိမ်တကြီး မေးလိုက်သည်။

“ကံကောင်းတာက ဖုန်းယုက ငါ့ကို အချိန်မီ ခေါ်လာနိုင်ခဲ့တယ်။ နောက်ထပ် ဆယ်မိနစ်လောက်သာ နောက်ကျခဲ့ရင် ငါ မင်းတို့ ဘုရင်မရဲ့ ဈာပနပွဲကိုပဲ တက်ရောက်ရလိမ့်မှာ။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

ထိုစကားကို ကြားသောအခါ ဒိုယာသည် ဖုန်းယုကို အံ့သြတကြီး ကြည့်လိုက်သည်။

ထိုအခါ ဖုန်းယုက ဒူးတစ်ဖက်ထောက်လိုက်၏။

“အကြီးအကဲ ကျွန်မ လိမ်ခဲ့မိပါတယ်။ ဒီကိစ္စပြီးရင် ကျွန်မ ဘယ်လိုအပြစ်ပေးမှုကိုမဆို ခံယူပါ့မယ်။”

ယီနော့ကမူ ထပ်ခါတလဲလဲသာ မေးလိုက်သည်။

“ဒါဆို ဘုရင်မကို ကယ်လို့ရသေးတယ်လို့ ဆိုလိုတာလား။”

“ဒါပေါ့၊ ငါ အရင်ကပြောခဲ့သလိုပဲ။ အသက်တစ်ချက် ရှူနေသရွေ့ ငါ့မှာ ကယ်တင်နိုင်တဲ့ နည်းလမ်းရှိတယ်။”

ရှောင်းယီက ယုံကြည်မှုအပြည့်ဖြင့် ဖြေသည်။

“နင် ဘာပြန်လိုချင်တာလဲ။ ငါပြောထားမယ်။ ငါတို့ နတ်သူငယ်မျိုးနွယ်ရဲ့ အလင်းစမ်းရေက ခမ်းခြောက်သွားပြီ။”

ဒိုယာက ချက်ချင်း မေးလိုက်သည်။

ရှောင်းယီက သူမကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်၏။

“ကျုပ်က ခင်ဗျားထင်သလို ယုတ်မာတဲ့သူမျိုး မဟုတ်ဘူး။ ခင်ဗျားတို့ နတ်သူငယ်တွေဆီကလည်း ဘာမှ မလိုချင်ဘူး။ လူသားတွေက တစ်သမတ်တည်း မဟုတ်ဘူးဆိုတာကို သက်သေပြချင်ရုံပဲ။”

ရှောင်းယီ၏ အဖြေကြောင့် ဒိုယာမှာ မှင်တက်သွားခဲ့ပြီးနောက် ရှောင်းယီနှင့် အလုပ်ရှုပ်နေသော ဆေးဘက်ဆိုင်ရာ စက်ရုပ် နာ့နာကို မျက်မှောင်ကျုံ့၍ ကြည့်နေမိသည်။

ရုတ်တရက် နာ့နာက မေးလာခဲ့သည်။

“ကျွန်းပိုင်ရှင် ရှင့်ဆီမှာ SSS အဆင့် ရေသန့် ရှိလား။”

“ရှိတာပေါ့...။ ကံကောင်းလို့ ငါ ပြင်လာခဲ့တယ်။”

ရှောင်းယီသည် သူနှင့်အတူ အမြဲပါလေ့ရှိသော ရေဗူးကို ချက်ချင်း ထုတ်ပေးလိုက်၏။

နာ့နာသည် သူမ၏ စက်ရုပ်လက်မောင်းဖြင့် ရေဗူးကို ယူကာ အဖုံးဖွင့်ပြီး အလင်းနတ်သူငယ်ဘုရင်မ၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေသည်။

“ရပ်လိုက်စမ်း။ နင် သူကို ဘာတွေ တိုက်နေတာလဲ။”

ဒိုယာက ချက်ချင်း အော်ဟစ်လိုက်၏။

“ပါးစပ်ပိတ်ထားစမ်း။”

ဆာရာက ထိုခေါင်းမာသော နတ်သူငယ်အဖွားကြီးကို မအောင့်နိုင်ဘဲ ဆူပူလိုက်သည်။

သို့သော် နောက်အခိုက်တွင် ဒိုယာ၊ ဖုန်းယုနှင့် ယီနော့တို့အားလုံး လုံးဝ အံ့အားသင့်သွားကြ၏။

“ဒါက... အလင်းစမ်းရေလား။”

သုံးယောက်လုံး တစ်ပြိုင်နက်တည်း ပြောလိုက်မိကြသည်။

ဒိုယာကိုယ်တိုင်က အလင်းစမ်းရေကို မြင်ဖူးသော်လည်း ဖုန်းယုနှင့် ယီနော့တို့မှာမူ အကြီးအကဲများ၏ ပြောပြချက်အရသာ ကြားဖူးကြခြင်း ဖြစ်သည်။

“နင့်... နင့်ဆီမှာ အလင်းစမ်းရေ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။”

ဒိုယာက ရှောင်းယီကို လက်ညှိုးထိုးကာ အံ့သြတကြီး မေးလိုက်သည်။

ရှောင်းယီသည် ခဏမျှ ကြောင်အသွားပြီးနောက် ပြန်မေးလိုက်သည်။

“ခင်ဗျားတို့ပြောတဲ့ အလင်းစမ်းရေဆိုတာ SSS အဆင့် ရေသန့်ကို ပြောတာလား။”

“SSS အဆင့် ရေသန့်လား။”

ယီနော့က စပ်စုကာ မေးလိုကါသည်။

“အဲဒါက ရှင်တို့ လူသားကျွန်းမှာ အလင်းစမ်းရေကို ခေါ်တဲ့ နာမည်လား။”

ရှောင်းယီက ယီနော့ကို ကြည့်ကာ ပြုံးပြလိုက်ပြီး ဖြေလိုက်သည်။

“ငါ့ရေဗူးထဲက ရေကို အလင်းစမ်းရေလို့ မင်းတို့ သတ်မှတ်ရင်တော့ ငါတို့ဆီမှာ ဒါကို SSS အဆင့် ရေသန့်လို့ ခေါ်တယ်။ ငါတို့ဆီမှာ အဆင့်နိမ့်တဲ့ ရေသန့်တွေလည်း ရှိသေးတယ်။ ဥပမာ SS အဆင့်၊ S အဆင့် စသဖြင့်ပေါ့။”

ရှောင်းယီသည် ထိုနတ်သူငယ်မလေးအတွက် မေးခွန်းများကို လိုလိုလားလား ဖြေကြားပေးနေခဲ့၏။

ဒုတ်...။

ဒိုယာသည် ရှောင်းယီ၏ ဘေးတွင် ရုတ်တရက် ဒူးထောက်ချလိုက်၏။ ရှောင်းယီ မျက်မှောင်ကြုတ်သွားခဲ့သည်။

“သခင်... ကျွန်မ အရင်က စော်ကားမိတာတွေကို ခွင့်လွှတ်ပေးပါ။ ကျွန်မကို ဘယ်လိုပဲ အပြစ်ပေးပေး ခံယူပါ့မယ်။ ကျွန်မတို့ကို အလင်းစမ်းရေ အနည်းငယ်လောက် ပေးသနားဖို့ပဲ တောင်းပန်ပါတယ်။ ကျွန်မ ဘာမဆို ပေးဆပ်ဖို့ အသင့်ပါပဲ။”

ဒိုယာက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

ဒိုယာ၏ လုပ်ရပ်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ဤသည်မှာ နတ်သူငယ်တစ်ဦးသည် မိမိမျိုးနွယ်အတွက် မိမိ၏ဂုဏ်သိက္ခာကို လုံးဝ စွန့်လွှတ်လိုက်ခြင်းဖြစ်၏။

သို့သော် စိတ်လှုပ်ရှားမိသော်လည်း ဒိုယာ၏ ယခင်က လုပ်ရပ်များကြောင့် ရှောင်းယီက မကျေမနပ် ဖြစ်နေဆဲ ဖြစ်သဖြင့် ရှေ့သို့ တိုးကာ မေးလိုက်သည်။

“မင်း ဘာမဆို ပေးဆပ်ဖို့ အဆင်သင့်ပဲဆိုတာ သေချာလား။”

ရှောင်းယီ၏ မေးခွန်းကြောင့် ဒိုယာ ဘာတွေးမိသွားသည်မသိ၊ သူမ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားခဲ့ပြီး အံကြိတ်ကာ “သေချာတယ်” ဟု ပြောလိုက်သည်။

ထိုအခါ ရှောင်းယီသည် ဒိုယာ့ဘေးမှ လှည့်ထွက်လာပြီး အေးဆေးစွာ ပြောလိုက်သည်။

“တောင်းဆိုချက် နှစ်ခုပဲ ရှိတယ်။ ပထမအချက်... ကျုပ်တို့ လူသားတွေကို အမြင်ဟောင်းတွေနဲ့ မကြည့်နဲ့။ သတိထားလို့ ရပေမဲ့ ရန်လိုလို့ မရဘူး။ ဒုတိယအချက်... ခင်ဗျားတို့ နတ်သူငယ်မျိုးနွယ်စုနှစ်ခု ကောင်းကောင်း စကားပြောကြပါ။ ခင်ဗျားတို့ကြားက ရန်ငြိုးတွေကို ချစ်ကြည်ရေးအဖြစ် ပြောင်းလဲနိုင်ဖို့ ကျုပ် မျှော်လင့်တယ်။”

ထိုတောင်းဆိုချက် နှစ်ခုကို ကြားသောအခါ ဒိုယာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ရှောင်းယီ၏ ပြုမူပုံများက သူမ၏ အပြင်လူများအပေါ် နားလည်မှုကို ထပ်ခါတလဲလဲ ရိုက်ချိုးနေခဲ့လေသည်။

‘ငါ ပူဇော်ရာအရပ်မှာ တွေ့ခဲ့တဲ့ ရေလမင်းပုံရိပ်မှန်တွေက အားလုံး အတုတွေပဲလား။’

ဒိုယာ မိမိကိုယ်ကိုပင် သံသယ ဝင်လာမိသည်။

“ဘာလဲ မလုပ်နိုင်ဘူးလား။”

ရှောင်းယီက နောက်လှည့်ကြည့်ကာ မေးလိုက်၏။

“လုပ်နိုင်ပါတယ်။”

ဒိုယာက မြေပြင်တွင် ချက်ချင်း ဒူးထောက်ကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ အခု ဒူးထောက်ခိုင်းထားတာက ခင်ဗျား အရင်က အကောင်းအဆိုး မခွဲခြားနိုင်ခဲ့တဲ့အတွက် အပြစ်ပေးတာပဲ။ ထတော့။”

ရှောင်းယီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ဒိုယာသည် ယခုအခါ အလွန်ပင် နာခံတတ်နေပြီ ဖြစ်သည်။

ဘေးနားမှ အမှောင်နတ်သူငယ်ဘုရင်မ ဆာရာသည်မူ ရှောင်းယီကို မျက်တောင်မခတ်တမ်း တောက်ပသော မျက်လုံးများဖြင့် ကြည့်နေခဲ့လေသည်။ သူမသည်လည်း ဤအပြင်လူအပေါ် ပို၍ ပို၍ စိတ်ဝင်စားလာခဲ့ပြီဖြစ်သည်။

နာ့နာသည် ခွဲစိတ်မှုကို တစ်နာရီနီးပါး ကြာအောင် လုပ်ဆောင်ပြီးနောက် ရပ်တန့်လိုက်လေသည်။

“ဘယ်လိုလဲ။”

ရှောင်းယီက ရှေ့တိုးကာ မေးလိုက်သည်။

“အားလုံး ပြီးသွားပါပြီ။ SSS အဆင့် ရေသန့်ရဲ့ အကူအညီကြောင့် သူက နောက်ဆုံး နောက်နေ့ မနက်မှာ သတိရလာပါလိမ့်မယ်။”

နာ့နာက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ အရင်လို ပြန်ကောင်းဖို့ကတော့ အနည်းဆုံး တစ်လလောက် ကြာပါဦးမယ်။”

ဤခွဲစိတ်မှုသည် ရှောင်းယီ မြင်ဖူးသမျှ နာ့နာ၏ အချိန်ပယအကြာဆုံး ခွဲစိတ်မှု ဖြစ်သည်။ ယခင်က ခွဲစိတ်မှုများသည် ရိုးရှင်းပြီး ခဏချင်း ပြီးသွားလေ့ရှိ၏။ ဤသည်မှာ ဘုရင်မဟေးလ်၏ ဒဏ်ရာမှာ မည်မျှ ပြင်းထန်ကြောင်း သက်သေပြနေခြင်းပင်။

“ကျွန်းပိုင်ရှင်ရှောင်း ကျွန်မတို့ ဘုရင်မ အခြေအနေ ဘယ်လိုလဲ။”

ဖုန်းယုနှင့် ယီနော့တို့ကလည်း စိုးရိမ်တကြီး မေးလိုက်ကြသည်။

ဒိုယာလည်း မေးချင်သော်လည်း စကားဆက်ပြောရန် အလွန် ရှက်နေမိလေသည်။ သူမသည် ရှောင်းယီကို အချိန်အတော်ကြာ တားဆီးခဲ့သော်လည်း ရှောင်းယီက စိတ်မကွက်ဘဲ ဘုရင်မကို လာရောက်ကုသပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် မမေးလျှင်ပင် ဘုရင်မ၏ အသက်ရှူသံမှာ ပြန်လည် အားကောင်းလာသည်ကို ဒိုယာ မြင်နေရပြီ ဖြစ်သည်။

ရှောင်းယီက ပြုံးကာ သူတို့နှစ်ဦးကို ပြောလိုက်သည်။

“အားလုံး ပြီးသွားပါပြီ။ သူ နောက်ဆုံး နောက်နေ့ မနက်မှာ နိုးလာပါလိမ့်မယ်။ အရင်လို အကောင်းအတိုင်း ပြန်ဖြစ်ဖို့ကတော့ တစ်လလောက် ကြာလိမ့်မယ်။”

“အရမ်း ကောင်းတာပဲ။ ကျေးဇူးအများကြီး တင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”

ဖုန်းယုနှင့် ယီနော့တို့က ထပ်မံ ဒူးထောက်ကာ ကျေးဇူးတင်လိုက်ကြသည်။ ဘေးနားရှိ ဒိုယာသည်မူ ဆက်လက် ဒူးထောက်နေဆဲပင်။

အခန်း ၈၄၄ - တည်နေရာကူးပြောင်းခြင်းအစီအရင် မရှိခြင်း၊ အလင်းနတ်သူငယ်သစ်သီးနှင့် သတိရလာခြင်း

ရှောင်းယီသည် ဖုန်းယုနှင့် ယီနော့တို့ကို အမြန်ထူပေးလိုက်၏။

“ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါတို့ မဟာမိတ်အဖွဲ့မှာ ဒူးထောက်တဲ့ ထုံးစံမရှိဘူး။ ငါတို့က မိတ်ဆွေတွေ ဖြစ်နေကြပြီ မဟုတ်ဘူးလား။”

ဖုန်းယုနှင့် ယီနော့တို့က လေးလေးနက်နက် ခေါင်းငြိမ့်လိုက်ကြသည်။

ရှောင်းယီက ဒိုယာကို တစ်ချက်ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“ထတော့။ နောက်ဆိုရင် ဒီလိုမျိုး ခဏခဏ ဒူးမထောက်နဲ့။ ခင်ဗျားတို့ နတ်သူငယ်တွေမှာ ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိရမယ်။ ခင်ဗျားတို့ရဲ့ ကျောပြင်တွေက အမြဲတည့်မတ်နေရမယ်။”

“ဟုတ်ကဲ့။”

ဒိုယာက ခေါင်းငြိမ့်သည်။

“ကဲ... ဒီကိစ္စတွေလည်း ပြေလည်သွားပြီဆိုတော့ ကျုပ်တို့ ပြန်သင့်ပြီ။”

ရှောင်းယီက ဆိုလိုက်သည်။

ဒိုယာသည် ထပ်မံဒူးထောက်ရန် ပြင်လိုက်သော်လည်း ရှောင်းယီပြောခဲ့သည်ကို သတိရသွားသဖြင့် ချက်ချင်း ပြန်ထိန်းလိုက်ကာ ပြောလိုက်သည်။

“အရှင်... ကျွန်မတို့ နတ်သူငယ်မျိုးနွယ်က အရှင်တို့ကို ဒီည နတ်သူငယ်နယ်မြေမှာ တည်းခိုဖို့ စိတ်ရင်းနဲ့ ဖိတ်ခေါ်ချင်ပါတယ်။”

ရှောင်းယီသည် အနည်းငယ် ကြောင်အသွားပြီးနောက် ဆာရာကို ကြည့်ကာ မေးလိုက်သည်။

“မင်းကော ဘာပြဿနာရှိလဲ။”

“ဘာပြဿနာမှ မရှိပါဘူး။ ရှင်ပဲ ကျွန်မကို အလင်းနတ်သူငယ်တွေနဲ့ စကားပြောခိုင်းထားတာ မဟုတ်ဘူးလား။ အခု ပြန်သွားရင် ဘယ်အချိန် စကားပြောရတော့မှာလဲ။”

ဆာရာက ပြုံးကာ မေးလိုက်သည်။

“ဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင်တော့ မင်းတို့ကို အနှောင့်အယှက် ပေးရတော့မှာပဲ။”

ရှောင်းယီက ဖုန်းယုကို ပြောလိုက်သည်။

ဖုန်းယုက ဝမ်းသာအားရဖြင့် ချက်ချင်းပြန်ဖြေလိုက်လေသည်။

“အနှောင့်အယှက်မဖြစ်ပါဘူး။ လုံးဝ အနှောင့်အယှက်မဖြစ်ပါဘူး။ ကျွန်မ အခန်းတွေ အခုချက်ချင်း ပြင်ဆင်ပေးပါ့မယ်။”

ပြောပြောဆိုဆိုနှင့် ဖုန်းယုသည် အပြင်သို့ ပြေးထွက်သွားခဲ့၏။

“ဒါနဲ့... မင်းတို့ နတ်သူငယ်တွေဆီမှာ တည်နေရာကူးပြောင်းခြင်းအစီအရင် ရှိလား။”

ရှောင်းယီက မေးလိုက်သည်။

အကယ်၍ တည်နေရာကူးပြောင်းခြင်းအစီအရင် ရှိလျှင် နောင်တွင် ဆက်သွယ်ရသည်မှာ ပို၍ အဆင်ပြေသွားမည်ဖြစ်သည်။ ယာယီစခန်းမှ ဤနေရာသို့ ပျံသန်းလာလျှင်ပင် အချိန်အတော်ပေးရသောကြောင့်ပင်။

ယီနော့က ခေါင်းခါပြလိုက်ပြီး အကြီးအကဲဒိုယာကို လှမ်းကြည့်လိုက်၏။

“ကျွန်မတို့ နတ်သူငယ်တွေဆီမှာ တည်နေရာကူးပြောင်းခြင်အအစီအရင် မရှိပါဘူး။ ဘယ်ကိုသွားသွား ရှေးကျတဲ့ နည်းလမ်းတွေကိုပဲ သုံးကြတာပါ။”

ဒိုယာက ရိုသေစွာ ပြန်ဖြေလိုက်သည်။ ရှောင်းယီ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

“ကျုပ်ရဲ့ ယာယီစခန်းနဲ့ ဒီနေရာက အရမ်းဝေးလွန်းတယ်။ ခင်ဗျားတို့ကို SSS အဆင့် ရေသန့် ယူလာပေးမယ်ဆိုရင်တောင် သယ်ယူရတာ အရမ်း အဆင်မပြေဖြစ်လိမ့်မယ်။”

“အရှင်က အလုပ်ရှုပ်မယ် ထင်ရင် ကျွန်မတို့ အလင်းနတ်သူငယ်တွေကပဲ ကိုယ်တိုင်လာသယ်ပါ့မယ်။”

ဒိုယာက ချက်ချင်း ပြောလိုက်၏။

ဘေးနားရှိ ယီနော့က သူမ၏မျက်လုံးလေး ကစားလိုက်ပြီး မေးလိုက်သည်။

“ကျွန်းပိုင်ရှင်ရှောင်းအနေနဲ့ ကျွန်မတို့ နတ်သူငယ်နယ်မြေမှာ တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်ပေးလို့ ရမလား။”

ထိုစကားကို ကြားသောအခါ ဒိုယာ မှင်တက်သွားခဲ့သည်။ ယီနော့တစ်ဦးတည်းသာ တည်နေရာကူးပြောင်းခြင်း အစီအရင်ကို မြင်ဖူး၊ သုံးဖူးသဖြင့် သူမကသာ ဤအကြံကို ပေးနိုင်ခြင်းဖြစ်သည်။

ရှောင်းယီလည်း အနည်းငယ် အံ့သြသွားခဲ့သည်။

“အဲဒါက မင်းတို့ဘက်က လက်ခံနိုင်မလားဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ ငါတို့အတွက်ကတော့ တည်နေရာကူးပြောင်းခြင်းအစီအရင် အသေးစားတစ်ခု တည်ဆောက်ပေးရတာက အချိန်အများကြီး မကုန်ပါဘူး။”

ယီနော့က ဒိုယာကို မျှော်လင့်တကြီး ကြည့်လိုက်၏။ ဘုရင်မ ဟေးလ် သတိမရလာခင်အထိ ဒိုယာသည် အလင်းနတ်သူငယ်များ၏ အမြင့်ဆုံး အာဏာပိုင်ဖြစ်ပြီး အရာအားလုံးကို သူမက အတည်ပြုရမည်ဖြစ်သည်။

ဒိုယာသည်လည်း ချက်ချင်း သဘောပေါက်သွားခဲ့၏။

“ကျွန်းပိုင်ရှင်ရှောင်းသာ ‌တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ရာမှာ ကူညီပေးမယ်ဆိုရင် ကျွန်မတို့ အရမ်းကို မျှော်လင့်မိမှာပါ။”

“ခင်ဗျားတို့ သဘောတူတယ်ဆိုရင်တော့ မနက်ဖြန်ကျရင် အဲဒီကိစ္စကို အမြန်ဆုံး စီစဉ်ပေးမယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်လေသည်။ ထိုစဉ် ဖုန်းယု ပြန်ရောက်လာခဲ့သည်။

“ကျွန်းပိုင်ရှင်ရှောင်း၊ အမှောင်နတ်သူငယ်ဘုရင်မ... အခန်းတွေ အဆင်သင့်ဖြစ်ပါပြီ။ ကျွန်မနောက် လိုက်ခဲ့ပေးပါ။”

ရှောင်းယီသည် ယီနော့ကို နှုတ်ဆက်ပြီးနောက် ဖုန်းယုနောက်မှ လိုက်သွားပြီး အကြီးဆုံး သစ်သားအိမ်ထဲမှ ထွက်လာခဲ့လေသည်။

“ကျွန်းပိုင်ရှင်ရှောင်း... ကျွန်မတို့ကို စိတ်မရှိပါနဲ့။ ကျွန်မတို့ သစ်သားအိမ်တွေက အရမ်းရိုးရှင်းတယ်။ ဒီညတော့ ဒီမှာပဲ အဆင်ပြေသလို တည်းခိုပေးပါ။”

ဖုန်းယုက လမ်းလျှောက်ရင်း ပြောလိုက်သည်။

“ရပါတယ်၊ သဘာဝတရားနဲ့ နီးနီးကပ်ကပ် နေရတာလာ်း ကောင်းတာပါပဲ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

နတ်သူငယ်များမှာ သဘာဝတရားကို မြတ်နိုးသည့် မျိုးနွယ်ဖြစ်သဖြင့် ၎င်းတို့၏ နေအိမ်၊ ပရိဘောဂ စသည်တို့မှာ သဘာဝ၏ ထွက်ကုန်များသာ ဖြစ်သည်။

“ကျွန်းပိုင်ရှင်က စိတ်မရှိဘူးဆိုရင် တော်ပါသေးတယ်။”

ဖုန်းယုသည် သူတို့နှစ်ဦးကို သစ်သားအိမ် နှစ်လုံးရှေ့သို့ ခေါ်ဆောင်လာခဲ့၏။

“ဒါတွေက ရှင်တို့ရဲ့ အခန်းတွေပါ။ အခု တော်တော် နောက်ကျနေပြီ။ အိမ်ထဲမှာ နတ်သူငယ်သစ်သီးတွေ ရှိပါတယ်။ အဲဒါတွေ စားပြီး အနားယူကြပါဦး။”

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဖုန်းယု ပြန်ထွက်သွားခဲ့လေသည်။

“မနက်ဖြန်မှ တွေ့မယ်။”

ရှောင်းယီက နှုတ်ဆက်ကာ သူ၏ သစ်သားအိမ်ထဲသို့ ဝင်လာခဲ့သည်။ ဆာရာသည် ရှောင်းယီ၏ ကျောပြင်ကို တစ်ချက် စဉ်းစားဟန်ဖြင့် ကြည့်ပြီးနောက် သူမ၏ အခန်းထဲသို့ ဝင်သွားခဲ့လေသည်။

အိမ်ထဲရောက်သောအခါ နွယ်ပင်များဖြင့် ရက်လုပ်ထားသော စားပွဲပေါ်တွင် အသီးတစ်ပန်းကန်ကို ရှောင်းယီ တွေ့လိုက်ရ၏။

[အလင်းနတ်သူငယ်သစ်သီး (S အဆင့်): အလင်းနတ်ဘုရားသစ်ပင်၏ ထွက်ကုန်ဖြစ်သည်။ အသီးအရေအတွက်မှာ အလင်းနတ်သူငယ် ဦးရေနှင့် သက်ဆိုင်ပြီး လျင်မြန်စွာ မှည့်ဝင်းနိုင်သည်။ အလင်းစမ်းရေဖြင့် ရေမလောင်းနိုင်သောကြောင့် အဆင့်အတန်း လျော့ကျသွားခြင်းဖြစ်သည်။ ရေရှည်စားသုံးပါက ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက် စေသည်။]

စနစ်၏ အချက်အလက်ကို မြင်သောအခါ ရှောင်းယီ အံ့သြသွားခဲ့သည်။

“နတ်သူငယ်တွေဆီမှာ ဒီလို ကောင်းတာတွေ ရှိနေတာပဲ။”

သူ တစ်လုံးယူစားကြည့်လိုက်ရာ ကြွပ်ဆတ်ချိုမြိန်ပြီး အရသာ အလွန်ရှိလှသည်။

“အခွင့်အရေးရရင် သူတို့ဆီက ဒီအသီးတွေ ဝယ်ရမယ်။”

ရှောင်းယီ စားရင်း တွေးလိုက်မိ၏။

လေးလုံးဆက်တိုက် စားပြီးသောအခါ ရှောင်းယီ တကယ်ပင် ဗိုက်ပြည့်သွားခဲ့သည်။ အသီးမှာ မက်မွန်သီးအရွယ်ခန့်သာရှိပြီး အတော်လေး သေးငယ်လှ‌ပေသည်။ ဤမျှ ပမာဏ အနည်းငယ်ဖြင့် ဗိုက်ပြည့်သွားသည်မှာ အံ့သြစရာပင်။

ထို့နောက် ရှောင်းယီသည် ဘေးနားရှိ နွယ်ပင်ခုတင်ပေါ်တွင် လဲလျောင်း အနားယူလိုက်၏။

အခြားတစ်ဖက်တွင်မူ ဒိုယာနှင့် အခြားသူနှစ်ဦးမှာ ဘုရင်မ၏ ခုတင်ဘေးတွင် စောင့်ကြပ်နေဆဲပင်။

“ဖုန်းယု ဒီတစ်ခါအတွက် မင်းကို တကယ် ကျေးဇူးတင်ပါတယ်။”

ဒိုယာသည် သူမ၏ အမှားကို သဘောပေါက်သွားပြီ ဖြစ်သည်။

ဖုန်းယုက ပြုံးလျက် ပြန်ဖြေလိုက်သည်။

“တကယ်တော့ အဓိကက ယီနော့က အပြင်လူတွေမှာ ဘုရင်မကို ကုနိုင်တဲ့ ဆေးရှိနိုင်တယ်လို့ ပြောလို့ ကျွန်မ သွားခဲ့တာပါ။ ဒါပေမဲ့ အကြီးအကဲရဲ့ အမိန့်ကို မနာခံခဲ့တဲ့အတွက်တော့ တောင်းပန်ပါတယ်။”

ဒိုယာက ခါးသီးစွာ ပြုံးလိုက်မိသည်။

“မင်းသာ ငါ့အမိန့်ကို နာခံခဲ့ရင် ငါ နတ်သူငယ်မျိုးနွယ်ရဲ့ အပြစ်သားကြီး ဖြစ်သွားလိမ့်မယ်။ မင်း မနာခံခဲ့တာ ကံကောင်းတယ်။”

“အကြီးအကဲ... စိတ်ထဲ အရမ်းမထားပါနဲ့။ မျိုးနွယ်စုတစ်ခုလုံးကို တစ်ဦးတည်း စီမံခန့်ခွဲရတာ မလွယ်ကူပါဘူး။ ကျွန်မသာ အကြီးအကဲနေရာမှာဆိုရင်လည်း ဒီလိုပဲ ဆုံးဖြတ်မိမှာပါ။”

ဖုန်းယုက လေးနက်စွာ ပြောလိုက်သည်။

“တကယ်တော့ ငါ့ရဲ့ အမြင်တွေက အရမ်းခေတ်နောက်ကျနေပါပြီ။”

ဒိုယာ သက်ပြင်းချလိုက်၏။

“အခုဆို နှစ်ပေါင်း တစ်သိန်းတောင် ရှိပြီ။ ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီ။ လူသားတွေအတွက် ဘာမဆို ဖြစ်နိုင်တယ်။ ကျွန်းပိုင်ရှင်ရှောင်းပြောတာ မှန်တယ်လို့ ငါ ခံစားရတယ်။ ငါတို့ လူသားတွေကို သတိထားလို့ ရပေမဲ့ ရန်သူလိုတော့ လုံးဝ သဘောမထားသင့်တော့ဘူး။”

ဖုန်းယုနှင့် ယီနော့တို့သည်လည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

“ဘုရင်မ ဘယ်တော့ သတိရလာမလဲ မသိဘူး။”

ယီနော့သည် အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေသော ဟေးလ်ကို ကြည့်ကာ တိုးတိုးလေး ဆိုလိုက်သည်။

“ဟိုလူသား ပြောတာတော့ နောက်ဆုံး မနက်ဖြန် မနက်ဆို သတိရလာလိမ့်မယ်တဲ့။”

ဒိုယာက ပြောလိုက်သည်။

ထိုစဉ် ရုတ်တရက် ဟေးလ်၏ မျက်ခွံများ လှုပ်ရှားလာ၏။ ဒိုယာက ချက်ချင်းပင် အနားတိုးသွားလိုက်လေသည်။

“ဘုရင်မ...သတိရလာပြီလား။”

သူက တိုးတိုးလေး မေးလိုက်၏။

ဟေးလ်၏ မျက်ခွံများ ထပ်မံလှုပ်ရှားလာပြီး နောက်ဆုံး၌ ပွင့်လာခဲ့လေသည်။ သူမက ဝေဝေဝါးဝါး မျက်နှာဖြင့် မေးလိုက်၏။

“ငါ ကောင်းကင်ဘုံကို ရောက်နေတာလား။”

“ဘုရင်မ... အရှင် အသက်ရှင်နေပါသေးတယ်။ ဆက်ပြီးတော့လည်း အသက်ရှင်နေဦးမှာပါ။”

ဒိုယာသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာခဲ့သည်။

ဟေးလ်သည် အနည်းငယ် ကြောင်အသွားပြီးနောက် ထထိုင်ရန် ကြိုးစားလိုက်၏။ ဖုန်းယုက သူမကို ချက်ချင်း တွဲထူပေးလိုက်ရာ သူမက မေးလိုက်သည်။

“ငါ့ဒဏ်ရာတွေကို ဘယ်သူ ကုပေးခဲ့တာလဲ။ အကုန်သက်သာသွားသလို ခံစားရတယ်။”

“ဟုတ်ပါတယ်... အပြင်လူတစ်ယောက်က စက်ပစ္စည်းတစ်ခုနဲ့ ကုပေးခဲ့တာပါ။”

ဒိုယာက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

“အပြင်လူလား။”

ဟေးလ်၏ မျက်လုံးများ ပြူးကျယ်သွား၏။

“မင်းတို့ ငါတို့ နတ်သူငယ်နယ်မြေထဲကို အပြင်လူတစ်ယောက်ကို ပေးဝင်လိုက်တာလား။”

All Chapters