အခန်း (၈၄၅-၈၄၆)
Vol. 68 Ch. 845-846
အခန်း ၈၄၅ - ဘုရင်မက ဆက်ခံသူကို ပြောင်းလဲခြင်းနှင့် နတ်သူငယ်သစ်ပင်
“ကျွန်မ သဘောတူခဲ့ပါတယ်။”
ဒိုယာက ခေါင်းငြိမ့်ပြီး လေးနက်စွာ ပြောလိုက်သည်။
“အရင်တုန်းက ငါတို့လူမျိုးတွေ အပြင်လူတွေရဲ့ နှိပ်စက်တာကို ဘယ်လိုခံခဲ့ရလဲဆိုတာ မင်းမေ့သွားပြီလား။”
ဟေးလ် က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“မှတ်မိတာပေါ့။”
ဒိုယာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းက ကိစ္စလေ။”
ထို့နောက်တွင် ဒိုယာသည် ရှောင်းယီ သူမထံသို့ မည်သို့မည်ပုံ လာရောက်ကုသပေးခဲ့ကြောင်းကို ကိုယ်ပိုင်ခံစားချက်များ မပါဘဲ အရှိကို အရှိအတိုင်း ပြန်လည်ပြောပြလိုက်လေသည်။
ဒိုယာ ပြောပြပြီးသောအခါ ဟေးလ်တစ်ယောက် မှင်တက်သွားခဲ့၏။
“အပြင်လူတစ်ယောက်က တကယ်ပဲ အဲဒီလောက်အထိ စိတ်ထားကောင်းနိုင်ပါ့မလား။”
ဟေးလ်က မယုံနိုင်ကြည်အောင် ဖြစ်နေခဲ့လေသည်။
“ကျွန်မလည်း မသိပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ လူကောင်းတစ်ယောက် ရှိနေပါပြီ...။ အဲ့ဒါက ရှောင်းယီပဲ။”
ဒိုယာက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
ဟေးလ်သည် ဒိုယာကို အကြာကြီး စိုက်ကြည့်နေပြီးနောက် မေးလိုက်၏။
“ရှောင်းယီဆီမှာ အလင်းစမ်းရေရှိတယ်လို့ မင်းပြောခဲ့တယ်နော်။”
“ဟုတ်ကဲ့ ကြည့်ရတာ သူ့ဆီမှာ အများကြီးရှိပုံရပါတယ်။”
ဒိုယာက ပြန်ဖြေလိုက်သည်။
“ပြီးတော့ အရင်က ကျွန်မပြောခဲ့တဲ့ အချက်နှစ်ချက်ကိုသာ လိုက်နာရင် ကျွန်မတို့ အလင်းနတ်သူငယ်မျိုးနွယ်ကို အဲဒီရေတွေ ထောက်ပံ့ပေးဖို့ သူက လိုလိုလားလား ရှိနေပါတယ်။”
ဟေးလ် မျက်မှောင်ကျုံ့လိုက်မိ၏။
“ဒါဆို သူက ဘာကို လိုချင်တာလဲ။ သူက တကယ်ပဲ ဘာရည်ရွယ်ချက်မှ မရှိဘဲ ငါတို့မျိုးနွယ်စုနှစ်ခုကို ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်ရုံ သက်သက်ပဲလား။”
ဟေးလ်အတွက်တော့ မည်သည့်လူသားမျိုးနွယ်မျှ ဤမျှအထိ မြင့်မြတ်လိမ့်မည်ဟု မထင်ပေ။ တကယ်တမ်း မည်သည့်မျိုးနွယ်စုကမှ ဤသို့ မဖြစ်နိုင်ဟု သူမ ယူဆထားခြင်းဖြစ်သည်။ သူက အလင်းနတ်သူငယ်မျိုးနွယ်ကို ဤမျှ ကူညီနေသည်မှာ တစ်ခုခုတော့ လိုချင်၍ ဖြစ်ရပေမည်။
“အရှင်မ... အကြီးအကဲ... သူ့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်မှာတော့ ကျွန်မတို့ဘက်က ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။”
ဖုန်းယုက ရုတ်တရက် ဝင်ပြောလိုက်သည်။
“ပြီးတော့ ကျွန်မတို့ရဲ့ အလင်းစမ်းရေကို ပြန်လည် ထည်လဲနိုင်မယ့် အခွင့်အရေးကို ကျွန်မတို့ ငြင်းပယ်နိုင်ပါ့မလား။”
ဟေးလ်နှင့် ဒိုယာတို့ ခဏမျှ ကြောင်ပသွားပြီးနောက် ခေါင်းငြိမ့်လိုက်ကြသည်။
“ကျွန်းပိုင်ရှင်ရှောင်းမှာ ရည်ရွယ်ချက် တစ်ခုခုရှိရင်တောင်မှ ကျွန်မတို့ကို တန်ဖိုးထားနေသေးတယ် ဆိုတာက သတင်းကောင်းပဲ မဟုတ်ဘူးလား။”
ယီနော့ကလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“သူက ဘာလို့ ဒီမှာ ရှိနေတာလဲ။”
ဟေးလ်က ယီနော့ကို ကြည့်ကာ မေးလိုက်သည်။
ဒိုယာက အမြန်ရှင်းပြလိုက်သည်။
“ယီနော့က အနီးနားက ကျွန်းတစ်ခုကို သွားလည်တုန်းက မေ့လဲသွားလို့ လူသားတွေက ကယ်တင်ထားခဲ့တာပါ။ သူတို့ကျွန်းပေါ်မှာ အဆင့်မြင့် အစားအစာတွေ စားခဲ့ရလို့ အခုဆို သူက Aအဆင့် ရောက်နေပါပြီ။”
“တကယ်လား။”
ဟေးလ်က ဝမ်းသာအားရ မေးလိုက်၏။ ယီနော့သည် ငယ်ရွယ်သေးသည်ကို သူမ သိပေသည်။
“ငါတို့ အလင်းနတ်သူငယ်တွေထဲမှာ A အဆင့်ရှိတဲ့ လူငယ်မျိုးဆက် မပေါ်ထွက်လာတာ ဘယ်နှစ်နှစ် ရှိနေပြီလဲ။”
“အနည်းဆုံး နှစ်ပေါင်း ခြောက်သောင်းလောက် ရှိပါပြီ။”
ဒိုယာက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။ ဟေးလ်က အနည်းငယ် ခေါင်းငြိမ့်လိုက်၏။
“ကောင်းတယ်၊ အရမ်းကောင်းတယ်။ အခုကစပြီး မင်း ငါ့နားမှာပဲ နေရမယ်။”
ယင်းမှာ သူမသည် ယီနော့ကို နောက်ထပ် နတ်သူငယ်ဘုရင်မအဖြစ် ပြုစုပျိုးထောင်တော့မည်ဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။
မူလက ဖုန်းယုမှာ လျာထားခြင်း ခံရသူဖြစ်သော်လည်း ယီနော့က ပို၍ သင့်တော်သည်မှာ ထင်ရှားနေပေသည်။
ယီိနော့ ပြာပြာသလဲ ဖြစ်သွားခဲ့၏။
“အရှင်မ... ကျွန်မက အားမကိုးရပါဘူး။ အမှားအယွင်း လုပ်မိမှာ စိုးရိမ်မိပါတယ်။ ဖုန်းယုက ပိုပြီး သင့်တော်ပါတယ်။”
ဖုန်းယုက ပြုံးလိုက်သည်။
“ယီနော့... A အဆင့်ကို ရောက်တဲ့ လူငယ်တစ်ယောက်ဟာ ထူးခြားတဲ့ ရုပ်ခန္ဓာရှိရမယ်။ မင်းမှာ သင်ယူဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ စိတ်မပူပါနဲ့... မင်း လုပ်နိုင်ပါတယ်။”
သူမက အားပေးလိုက်၏။
သူမသည် မနာလိုစိတ် လုံးဝမရှိဘဲ ယီနော့ ဆက်ခံသူ ဖြစ်လာမည့်အပေါ်မှာပင် စိတ်အေးသွားခဲ့သည်။
“ဖုန်းယုမှာ ကန့်ကွက်စရာ မရှိဘူးဆိုရင်တော့ ဒါကို အတည်ပြုလိုက်ပြီ။”
ဟေးလ်က ဆုံးဖြတ်လိုက်တော့လေသည်။
စကားတွေ အများကြီး ပြောပြီးနောက် ဒဏ်ရာပြင်းထန်ရာမှ လတ်တလော သတိရလာသည့် ဟေးလ်မှာ ပင်ပန်းလာခဲ့၏။ ဖုန်းယုက သူမကို ခုတင်ပေါ်တွင် ပြန်လည် လဲလျောင်းစေရန် ကူညီပေးလိုက်သည်။
“အနားယူလိုက်ပါဦး အရှင်မ။ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့။”
ဒိုယာက ရိုသေစွာ ပြောလိုက်ပြီးနောက် ဖုန်းယုနှင့်အတူ ထွက်လာခဲ့လိုက်လေသည်။
ဟေးလ် သတိရလာပြီး သူတို့နှင့် စကားပြောနိုင်ခြင်းကြောင့် ဒိုယာ စိတ်အေးသွားခဲ့၏။
ဟေးလ်၏ သစ်သားအိမ်မှ ထွက်လာပြီးနောက် ဒိုယာက ဖုန်းယုကို နှစ်သိမ့်လိုက်လေသည်။
“ဘုရင်မရဲ့ ဆုံးဖြတ်ချက်က မျိုးနွယ်တစ်ခုလုံးအတွက် အကောင်းဆုံး ဖြစ်မှာပါ။ မင်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဖုန်းယုသည် အနည်းငယ် ကြောင်အသွားပြီးနောက် အေးဆေးတည်ငြိမ်စွာ ပြုံးကာ ပြောလိုက်၏။
“ကျွန်မ နားလည်ပါတယ် အကြီးအကဲ။ အထဲမှာ ကျွန်မပြောခဲ့တာတွေက စိတ်ရင်းတွေပါ။ ယီနော့ ဆက်ခံသူ ဖြစ်လာမှာကို ကျွန်မ တကယ်ပဲ လိုလားပါတယ်။”
“ဒါပေမဲ့ ဖုန်းယု... ကျွန်မ တကယ် မလုပ်နိုင်ဘူး။”
ယီနော့က မျက်မှောင်ကျုံ့ကာ ညည်းတွားလိုက်လေသည်။
“စိတ်အေးအေးထားပါ။ ငါတို့ အားလုံး နင့်ကို ကူညီပေးမှာပေါ့။”
ဖုန်းယုက ပြုံးကာ ပြောလိုက်သည်။
“မနက်ဖြန်ချက်ချင်းကြီး ဘုရင်မ ဖြစ်ရမှာမှ မဟုတ်တာ။”
“ဒါဆိုလည်း... ကောင်းပြီလေ...။”
ယီနော့မှာ စိတ်မအေးနိုင်သေးပေ။
ထို့နောက် သူတို့သည် မိမိတို့၏ သစ်သားအိမ်များသို့ ပြန်သွားခဲ့ကြသည်။ ဖုန်းယုသည် သူမ၏ အိမ်ထဲသို့မဝင်မီ အနီးနားရှိ အမှောင်နတ်သူငယ်ဘုရင်မနှင့် ရှောင်းယီတို့၏ အိမ်ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။
နောက်တစ်နေ့တွင် ရှောင်းယီသည် သူ့အလိုလို နိုးလာခဲ့ပြီး ကိုယ်လက်ဆန့်တန်းကာ လန်းဆန်းမှုကို ခံစားလိုက်ရသည်။
“ဒီနတ်သူငယ်သစ်ပင်က တကယ် အိပ်လို့ကောင်းတာပဲ။”
သူ အံ့သြနေမိခဲ့သည်။
ထိုစဉ် တံခါးပွင့်လာပြီး ဆာရာ ပြုံးလျက် ဝင်လာခဲ့လေသည်။
“ဟုတ်တယ်...ငါတို့ရဲ့ အမှောင်နတ်သူငယ်သစ်ပင်ကလည်း ဒီလိုပဲ။ ရှင် စမ်းကြည့်ချင်လား။”
“အခွင့်အရေးရရင်တော့ ကျိန်းသေစမ်းကြည့်ရမှာပေါ့။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“မင်း အစောကြီးနိုးနေတာပဲ။”
“အပြင်မှာ လင်းထိန်နေတာကို ကြည့်လိုက်ဦး။ မစောတော့ပါဘူး။”
ဆာရာက အားကိုးရာမဲ့စွာ ပြောလိုက်၏။ ရှောင်းယီ ပခုံးတွန့်ပြပြီးနောက် ရုတ်တရက် မေးလိုက်သည်။
“နတ်သူငယ်မျိုးနွယ်တွေ ပြောင်းရွှေ့မယ်ဆိုရင် ဒီနတ်သူငယ်သစ်ပင်ကြီးကိုရော ရွှေ့လို့ရလား။”
ဆာရာက မျက်တောင်ခတ်ရင်း ကြောင်အသွား၏။
“ဘာကို ဆိုလိုတာလဲ။”
“ကျုပ်တို့ လူသားတွေက ခဏခဏ ပြောင်းရွှေ့နေကြရတာဆိုတော့ စပ်စုကြည့်တာပါ။ မင်းတို့က တစ်နေရာတည်းမှာပဲ ထာဝရ နေကြတာလား။”
ဆာရာသည် ရှောင်းယီ၏ မျက်နှာ၌ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ စိုက်ကြည့်လိုက်သော်လည်း ရှောင်းယီကတော့ တည်ငြိမ်နေဆဲပင်။
“ရွှေ့လို့ရတယ်...။ နတ်သူငယ်သစ်ပင်က မြေကြီးနဲ့ ခဏလောက် ဝေးနေလို့ ရတယ်လေ။”
သူမက ရှင်းပြလိုက်၏။
“ဘာဖြစ်တယ်။”
ရှောင်းယီ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။
“အဲဒါက သစ်ပင်လူသားတွေရဲ့ အစွမ်းမဟုတ်ဘူးလား။”
ယီထျန်းဂရုထဲသို့ တင်ရောက်ပြီးနောက် တိလင်းထျန်းရှားက ၎င်းတို့အကြောင်း ပြောပြဖူးသဖြင့် ရှောင်းယီ သိနေခြင်း ဖြစ်သည်။
“ရှင်က သစ်ပင်လူသားတွေအကြောင်း သိနေတာလား။”
ဆာရာလည်း အံ့သြသွားခဲ့သည်။
“ရှင် သူတို့နဲ့ တွေ့ဖူးလို့လား။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“မတွေ့ဖူးပါဘူး၊ ကြားပဲ ကြားဖူးတာ။”
ဆာရာ အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။
“ငါတို့ရဲ့ နတ်သူငယ်သစ်ပင်က တကယ်တော့ သစ်ပင်လူသားမျိုးနွယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။”
“ဒါကြောင့်မို့လို့ ဆီးနှင်းတွေ ဒီလောက် ကျနေတာတောင် စိမ်းစိုနေတာကိုး။”
ရှောင်းယီ နောက်ဆုံးတွင် သဘောပေါက်သွားတော့လေသည်။
“အကယ်၍ အလင်းစမ်းရေသာ ခမ်းမခြောက်ခဲ့ရင် ဒီသစ်ပင်က အခုထက်တောင် ပိုပြီးစိမ်းစိုနေဦးမှာ။”
ဆာရာက သက်ပြင်းချလိုက်သည်။ သူမသည် အမှောင်နတ်သူငယ်ဘုရင်မ ဖြစ်သော်လည်း ဤသစ်ပင်အကြောင်းကို ကောင်းကောင်း သိထား၏။
ထိုစဉ် ဖုန်းယု ရောက်လာပြီး ရှောင်းယီ၏ အခန်းထဲတွင် ဆာရာရှိနေသည်ကို မြင်သောအခါ အံ့သြသွားခဲ့သည်။
“ကျွန်မတို့ ဘုရင်မ သတိရနေပါပြီ။ အရှင်မကက အရှင်နဲ့ တွေ့ချင်နေပါတယ်။”
“လမ်းပြပါ။”
ရှောင်းယီက ပြန်ဖြေလိုက်ပြီး သူမနောက်မှ လိုက်သွားခဲ့လေသည်။
သူတို့သည် နတ်သူငယ်သစ်ပင်၏ သစ်ကိုင်းကြီးတစ်လျှောက် လမ်းလျှောက်လာရင်း ဟေးလ်၏ သစ်သားအိမ်သို့ ပြန်ရောက်လာကြသည်။
ဟေးလ်သည် နွယ်ပင်နှင့် သစ်ရွက်များဖြင့် ရက်လုပ်ထားသော ခေါင်းအုံးကို မှီကာ ခုတင်ပေါ်တွင် ထိုင်နေပြီဖြစ်သည်။
“မင်္ဂလာပါ အလင်းနတ်သူငယ်ဘုရင်မ။”
ရှောင်းယီက လက်နှစ်ဖက်ကို စုကာ နှုတ်ဆက်လိုက်၏။
ဆာရာကတော့ ပို၍ ပြတ်သားပေသည်။
“ဟေးလ်... အချိန်တွေ အများကြီး ကုန်သွားပြီ။ ပလ္လင်ပေါ်က ဆင်းဖို့ အချိန်တန်ပြီ။ နင် နန်းတက်တာ ငါ့ရဲ့ ဘိုးဘေး ၄ ဆက် မြောက် လက်ထက်ကတည်းကလေ။”
အခန်း ၈၄၆- ဉာဏ်ရည်မြင့် အထည်ချုပ်စက်နှင့် အလင်းစမ်းရေအိုင်ကို ဖြည့်တင်းခြင်း
ဟေးလ်သည် စိတ်အနှောင့်အယှက် မဖြစ်သွားဘဲ ဆာရာကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“နင်က အမှောင်နတ်သူငယ်ဘုရင်မ ဖြစ်နေပြီးတော့ ငါတို့ အလင်းနတ်သူငယ်နယ်မြေထဲကို တကယ်ပဲ ရဲရဲတင်းတင်း လာရဲတယ်ပေါ့။ ပြန်မသွားနိုင်မှာကို မကြောက်ဘူးလား။”
“အစကတော့ နည်းနည်း စိုးရိမ်မိတာပေါ့။ ဒါပေမဲ့ နင့်မျိုးနွယ်စုထဲက အခြေအနေကို သိပြီးတဲ့နောက်မှာတော့ ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး။”
ဆာရာက ပြန်ဖြေလိုက်ပြီး အနီးနားရှိ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်၏။
ဘုရင်မနှစ်ပါး စကားပြောနေသည်ကို မြင်သောအခါ ရှောင်းယီသည် ကြားဖြတ်မပြောသင့်ဟု ခံစားလိုက်ရသဖြင့် စိတ်ထဲတွင် ‘စနစ်၊ လက်မှတ်ထိုးဝင်မယ်’ ဟု ပြောလိုက်လေသည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- ဉာဏ်ရည်မြင့် အထည်ချုပ်စက် (SSS အဆင့်) ၁။”
“ဉာဏ်ရည်မြင့် အထည်ချုပ်စက် (SSS အဆင့်) - ကုန်ကြမ်းပစ္စည်းများနှင့် ဒီဇိုင်းပုံစံများ ရှိရုံဖြင့် သက်ဆိုင်ရာ စတိုင်လ်အဝတ်အထည်များကို ထုတ်လုပ်ပေးနိုင်သည်။”
“ဒါ တော်တော်ကောင်းတာပဲ။ နောက်ဆုံးတော့ ငါလည်း ပုံစံအမျိုးမျိုးနဲ့ အဝတ်အစားတွေ ချုပ်လို့ရပြီ။ မဟာမိတ်အဖွဲ့ထဲက အဝတ်အစားတွေက အရမ်းရိုးလွန်းနေပြီ။”
ရှောင်းယီက ခေါင်းတငြိမ့်ငြိမ့်နှင့် ပြောလိုက်၏။
လက်ရှိတွင် ယီရန်ပင်းမဟာမိတ်အဖွဲ့ထဲ၌ အဝတ်အစား ပုံစံအသစ်များ လိုချင်ပါက လီယန်နှင့် အခြားသူများက လက်ဖြင့် တဖြည်းဖြည်း အချိန်ယူ လုပ်ဆောင်နေရသဖြင့် အလွန် အချိန်ကုန်လှပေသည်။
“ကျွန်းပိုင်ရှင်ရှောင်း ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ဟေးလ်သည် ဆာရာနှင့် စကားပြောပြီးသွားပုံရကာ ရှောင်းယီဘက်သို့ လှည့်၍ ပြောလာခဲ့လေသည်။
ရှောင်းယီက ခေါင်းမော့ကြည့်ကာ ပြန်ဖြေလိုက်၏။
“မလိုပါဘူး၊ ကျုပ်က ကျုပ်ရဲ့မိတ်ဆွေကို ကူညီရုံပါပဲ။”
“မိတ်ဆွေလား။”
ဟေးလ်က ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“ဖုန်းယုနဲ့ ယီနော့တို့ နှစ်ယောက်လုံးက ကျုပ်ရဲ့ မိတ်ဆွေတွေပဲလေ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
ထိုအခါ ဟေးလ်က ခေါင်းငြိမ့်ပြီး ဆက်ပြောလိုက်သည်။
“မနေ့က ရှင်ပြောခဲ့တဲ့ အခြေအနေ နှစ်ခုလုံးကို ကျွန်မ လက်ခံပါတယ်။ အမှောင်နတ်သူငယ်တွေကိစ္စနဲ့ ပတ်သက်လို့တော့ ဆာရာနဲ့ ကျွန်မ ဆွေးနွေးပြီးပါပြီ။ အနာဂတ်မှာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်တော့မှာ မဟုတ်ပါဘူး။ အပြင်လူတွေနဲ့ ပတ်သက်လို့လည်း ကျွန်မ အမိန့်ထုတ်ပေးပါ့မယ်။ အရင်ကလို ရန်လိုနေမှာ မဟုတ်တော့ဘူးလို့ အာမခံပါတယ်။”
“ဒါဆို အရမ်းကောင်းတာပေါ့။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
ဟေးလ်က ဆက်လက်၍ မေးလိုက်သည်။
“အလင်းစမ်းရေကို ကျွန်မတို့ကို ဘယ်လောက်အထိ ပေးနိုင်မလဲဆိုတာ သိချင်မိတယ်။”
“ခင်ဗျားတို့ ဘယ်လောက် လိုချင်လို့လဲ။”
ရှောင်းယီက ပြန်မေးလိုက်၏။ ဟေးလ်မှာ ခဏမျှ မှင်တက်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
“သဘာဝအတိုင်းဆိုရင်တော့ ကျွန်မတို့ရဲ့ အလင်းစမ်းရေအိုင်ကို အပြည့် ဖြည့်ချင်တာပေါ့။”
“နင်ကတော့ တကယ့်ကို အငမ်းမရ တောင်းဆိုနေတာပဲ။”
ဆာရာက ဘေးမှ ဝင်ပြောလိုက်သည်။
“စမ်းရေအိုင်ကို အပြည့်ဖြည့်ဖို့ဆိုရင် အနည်းဆုံး စမ်းရေ တန်ချိန် တစ်ဆယ်လောက် လိုလိမ့်မယ်လို့ ငါ ထင်တယ်။”
ဟေးလ်က ပခုံးတွန့်လိုက်၏။
“ကျွန်းပိုင်ရှင်ရှောင်းက ငါ့ကို ဘယ်လောက်လိုလဲ မေးတာလေ။ အဲ့တော့ ငါလည်း အမှန်အတိုင်း ပြောရတာပေါ့။”
ဤနေရာတွင် ရှိနေသည့် နတ်သူငယ်တိုင်းက ရှောင်းယီသည် သူတို့ကို တစ်ကီလိုဂရမ်ခန့် ပေးလိမ့်မည်ဟု ထင်နေကြသော်လည်း သူတို့ အံ့ဩသွားရသည်မှာ ရှောင်ယီက “ကောင်းပြီလေ။ ဒါဆိုရင် ကျုပ် အလင်းစမ်းရေအိုင်ကို အပြည့် ဖြည့်ပေးလိုက်မယ်။” ဟု ပြန်ပြောလိုက်ခြင်းပင်။
ယခုအခါ နတ်သူငယ်အားလုံး မှင်တက်သွားကြပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ထိုစဉ်က နတ်သူငယ်ဘုရင်မရှီးစီသည် အလင်းစမ်းရေကို အပြင်လူတစ်ဦးအား ပေးအပ်ခဲ့ခြင်းကြောင့် အလင်းနတ်သူငယ်မျိုးနွယ်စုအတွက် ကျဆုံးမှုကို ဖြစ်ပေါ်စေခဲ့၏။
ထိုအကြောင်းပြချက်အရ အပြင်လူတစ်ဦးတွင် အလင်းစမ်းရေ အများကြီး ရှိမနေသင့်ပေ။ သို့သော် ရှောင်းယီက သူတို့၏ စမ်းရေအိုင်ကို အပြည့်ဖြည့်ပေးမည်ဟု အမှန်တကယ် ပြောနေခြင်းလော။
“ရှင်... ရှင် တကယ်ပဲ ကျွန်မတို့ စမ်းရေအိုင်ကို အပြည့် ဖြည့်ပေးနိုင်တာလား။”
ဟေးလ်သည် စကားပြောရာတွင် ရိုသေသော အသုံးအနှုန်းကိုပင် ပြောင်းလဲသုံးစွဲလာခဲ့သည်။
အကယ်၍ အလင်းစမ်းရေအိုင်ကို အပြည့် ဖြည့်နိုင်ခဲ့ပါက အလင်းနတ်သူငယ်မျိုးနွယ်စုသည် ယခင် ဂုဏ်သိက္ခာကို ပြန်လည်ရရှိမည်မှာ သေချာပေ၏။
“ဒါပေါ့၊ အဲ့ဒါက အများကြီး မဟုတ်ပါဘူး။”
ရှောင်းယီက မထူးခြားသလို ပြောလိုက်သည်။
သာမန်ရေသန့်ကို အသုံးပြု၍ ပေါင်းစပ်ဖန်တီးမည်ဆိုလျှင် သာမန်ရေသန့် တန်ချိန် ၆၄၀ သာ လိုအပ်မည်ဖြစ်သည်။
သူ့တွင် စူပါပေါင်းစပ်ခြင်းစက် ရှိသဖြင့် အဆင့်မြင့်အစားအစာများကို လွယ်လွယ်ကူကူ ရရှိနိုင်ပေသည်။ သို့သော် အခြားပစ္စည်းများတွင်မူ အဆင့်ကန့်သတ်ချက်ရှိပေသည်။ ဥပမာ အကြီးစားရွက်သင်္ဘောကို A အဆင့်အထိသာ ပေါင်းစပ်နိုင်သည်။ သစ်သား၏ မူလကန့်သတ်ချက်ကြောင့် A အဆင့်ကို ကျော်လွန်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှောင်းယီသည် အရာအားလုံးကို အဆင့်မြှင့်တင်ရန် မလိုလားခြင်း မဟုတ်ဘဲ ပစ္စည်းကိုယ်တိုင်၌ ကန့်သတ်ချက် ရှိနေသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ဆာရာက ဝင်ပြောလာခဲ့၏။
“ဒါဆိုရင် ငါတို့ကိုလည်း အဲဒါတွေ ပိုပေးဦးလေ။”
“ဆာရာ...ကျွန်းပိုင်ရှင်ရှောင်းက ငါတို့နဲ့ စီးပွားရေးလုပ်နေတာလေ။ နင် ဒီလိုမျိုး ကြားဖြတ်လုလို့ မရဘူး။”
ဟေးလ်က ချက်ချင်းပြောသည်။
“နင့်စီးပွားရေးက ပြီးသွားပြီလေ။ အခု ငါ့အလှည့်ပဲ။”
ဆာရာက ပြန်ပက်လိုက်၏။
“အမ်... ခင်ဗျားတို့ ခုနကတင် ရန်မလိုတော့ဘူးလို့ သဘောတူထားကြတာ မဟုတ်ဘူးလား။ အခု ကျုပ်တောင် မပြန်ရသေးဘူး ခင်ဗျားတို့က ရန်ဖြစ်နေပြီလား။”
ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်သည်။
“ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရန်မမူဘူး၊ မတိုက်ခိုက်ဘူးလို့ပဲ ပြောတာလေ။ စကားမများရဘူးလို့ မပြောထားဘူး။”
ဆာရာက ချက်ချင်း တုံ့ပြန်လိုက်၏။
ရှောင်းယီသည် ဆာရာကို စကားနိုင်လု၍ မရနိုင်ကြောင်း သိလိုက်လေသည်။
“ကောင်းပါပြီ...အလင်းမျိုးနွယ်စုနဲ့ လုပ်ခဲ့တဲ့ အရောင်းအဝယ်က ကြိုတင်သဘောတူထားတာပဲ။ အခု မင်းတို့က ဒီ SSS အဆင့် ရေသန့်ကို လိုချင်တယ်ဆိုရင် တစ်ခုခုနဲ့ လဲလှယ်ရမယ်။ အလကားတော့ မရဘူး။”
“လဲလှယ်ရမှာလား။”
ဆာရာက မျက်မှောင်ကျုံ့ပြီး ခဏစဉ်းစားကာ မေးလိုက်သည်။
“နတ်သူငယ်သစ်သီးဆိုရင် ရလား။”
“ရတာပေါ့။”
ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ မနေ့ညက သယစားခဲ့သော နတ်သူငယ်သစ်သီးကို ပြန်သတိရကာ သူ စိတ်ဝင်စားသွားခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အရည်အသွေးတစ်ခုခုကို မြှင့်တင်ပေးနိုင်သည့် ပစ္စည်းများမှာ အလွန် ရှားပါးလှသည်မဟုတ်ပါလား။
ရှောင်းယီက နတ်သူငယ်သီးကို အလင်းစမ်းရေနှင့် လဲလှယ်ရန် သဘောတူလိုက်သည်ကို မြင်သောအခါ ဟေးလ်ကလည်း ချက်ချင်း ပြောလာခဲ့သည်။
“ကျွန်မတို့လည်း နတ်သူငယ်သစ်သီးနဲ့ ပိုလျှံတဲ့ စမ်းရေတွေကို လဲလို့ရမလား။”
“ရတာပေါ့၊ ကျုပ်က လူတိုင်းကို တန်းတူ ဆက်ဆံမှာပါ။”
ရှောင်းယီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။ ထိုအရာမျိုးက များများရှိလေ ကောင်းလေပင်။
“ကောင်းပါပြီ...။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။ ဒါဆို ဘယ်လို လဲလှယ်ကြမလဲ။”
ဟေးလ်က စိတ်အားထက်သန်စွာ မေးလိုက်သည်။ အလင်းနတ်သူငယ်မျိုးနွယ်စုအတွက် အလင်းစမ်းရေမှာ အလွန်အမင်း လိုအပ်နေခြင်း ဖြစ်သည်။
အခုချိန်ထိ ဟေးလ်သည် SS အဆင့်တွင်သာ ပိတ်မိနေပြီး ရှေ့ဆက် မတိုးနိုင်ဘဲ ဖြစ်နေခဲ့လေသည်။ သို့မဟုတ်ပါက သူမသည် ကိုယ့်ကိုယ်ကိုယ် အဆင့်တိုးမြှင့်နိုင်ရန် အဆင့်မြင့်အစားအစာများကို ရှာဖွေဖို့ တားမြစ်ကျွန်းသို့ သွားရောက်စွန့်စားနေစရာ မလိုပေ။
ရှောင်းယီက ဒိုယာကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဒီမှာ တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်မယ်ဆိုတာ ဒိုယာက ခင်ဗျားကို မပြောထားဘူးလား။”
“ပြောပါတယ်။ ဘယ်တော့ ဆောက်မှာလဲ။”
ဟေးလ်က ထပ်မေးလိုက်သည်။
“အဲဒါကတော့ ကျုပ် အခြေစိုက်စခန်းကို ပြန်ပြီး လိုအပ်တဲ့ ပစ္စည်းတွေ ယူလာတဲ့အထိ စောင့်ရဦးမယ်။”
ရှောင်ယီက မျက်လုံးလေး ကလည်ကလည်လုပ်ကာ ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။ ဒါဆိုရင် ဖုန်းယုပါကို ရှင်နဲ့အတူ ပြန်လိုက်ပို့ခိုင်းလိုက်မယ်။”
ဟေးလ်သည် ရှောင်းယီကို မြန်မြန်ပြန်စေချင်နေသကဲ့သို့ ဖြစ်နေ၏။
ထိုအရာကို ရှောင်းယီက စိတ်ထဲမထားဘဲ နောက်ပြောင်လိုက်သည်။
“ကျုပ်က ခင်ဗျားတို့ဆီမှာ အဲ့လောက်တောင် အလိုမရှိတဲ့သူ ဖြစ်နေတာလား။”
“မဟုတ်ပါဘူး ကျွန်းပိုင်ရှင်ရှောင်း ရှင် နားလည်မှု လွဲနေပါပြီ။ ကျွန်မတို့ အလင်းနတ်သူငယ်တွေက အဲ့ဒီ အလင်းစမ်းရေကို အရမ်း လိုအပ်နေလို့ပါ။”
ဒိုယာက အလောတကြီး ရှင်းပြလိုက်၏။
“နောက်တာပါ၊ ခင်ဗျားတို့ရဲ့ ဟာသဉာဏ်က တော်တော်နည်းလွန်းတာပဲ။”
ရှောင်းယီက ထရပ်ကာ ပြောလိုက်သည်။
“ကောင်းပြီ...ကျုပ် အရင်ဆုံး နှင်းလျှောစီးလှည်းတစ်စီး အရင်လုပ်ရမယ်။ မဟုတ်ရင် ဖုန်းယုနောက်ကနေ စွန်တစ်ကောင်လို တရွတ်တိုက် ပါသွားဦးမယ်။”
ထိုစကားကို ကြားသောအခါ ဖုန်းယုနှင့် ဆာရာတို့က သူမတို့၏ပါးစပ်လေးများကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောလိုက်ကြ၏။
ရှောင်းယီ ခေါင်းယမ်းလိုက်မိသည်။ အပြင်သို့ ထွက်ခါနီးတွင် တစ်စုံတစ်ခုကို သတိရသွားပြီး ပြန်မေးလိုက်သည်။
“ခင်ဗျားတို့ ပြောနေတဲ့ တားမြစ်ကျွန်းဆိုတာ ဘယ်လိုမျိုး ကျွန်းလဲ။”
“ကျွန်မတို့လည်း သေချာမသိပါဘူး။ အဲဒီကျွန်းက တော်တော်ကြာနေပြီလို့ပဲ ခံစားရတယ်။ တခြားနေရာတွေမှာ အဆင့်မြင့်အစားအစာတွေ မရှိပေမဲ့ အဲဒီကျွန်းမှာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်။”
ဟေးလ်က ခဏစဉ်းစားပြီးနောက် ပြန်ဖြေလာခဲ့သည်။ ရှောင်းယီက မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ခင်ဗျားကို ဒီလိုမျိုး ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ အဆင့်မြင့်သားရဲက ဘာကောင်လဲ။”
“ကျားတစ်ကောင်ပါ...။ သူ့ရဲ့အဆင့်က ကျွန်မထက် အနည်းဆုံး တစ်ဆင့်လောက် ပိုမြင့်တယ်။”
ဟေးလ်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ခင်ဗျားတို့ နတ်သူငယ်တွေက အဲ့ဒီသားရဲတွေကို စိတ်ငြိမ်အောင် မလုပ်နိုင်ဘူးလား။”
ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
တကယ်တော့ သူ့စိတ်ထဲတွင် အဖြေရှိပြီးသားဖြစ်သော်လည်း အတည်ပြုရန် လိုအပ်နေခြင်းပင်။
“အဆင့်တူ ဒါမှမဟုတ် အဆင့်နိမ့်တဲ့အကောင်တွေကိုတော့ ရတာပေါ့။ အဆင့်တစ်ဆင့်လောက် ပိုမြင့်နေရင်တော့ သူတို့နဲ့ ငယ်ငယ်လေးကတည်းက အတူတူရှိနေမှသာ အခွင့်အရေး ရှိလိမ့်မယ်။”
ဟေးလ်က ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ဒါ့အပြင် တားမြစ်ကျွန်းပေါ်က သားရဲတွေက နတ်သူငယ်တိုက်ကြီးပေါ်က သားရဲတွေထက် ပိုပြီးတော့ ကြမ်းတမ်းပုံရတယ်။”