အခန်း (၈၄၇-၈၄၈)
Vol. 68 Ch. 847-848
အခန်း ၈၄၇- တားမြစ်ကျွန်းအပေါ် တွေးဆချက်များနှင့် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ကိုယ်တိုင်တည်ဆောက်ခြင်း
“ပိုပြီး ကြမ်းတမ်းတယ် ဟုတ်လား။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
“နားလည်ပြီ။ အမှန်အတိုင်း ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရင်မ။”
စကားပြောပြီးနောက် ရှောင်းယီသည် အပြင်သို့ထွက်ကာ သူ၏ နှင်းလျှောစီးလှည်းကို စတင်ပြုလုပ်တော့လေသည်။
လှည်းပြုလုပ်နေစဉ်အတွင်း ရှောင်းယီသည် ထိုတားမြစ်ကျွန်းအကြောင်းကို စဉ်းစားနေမိ၏။
ဟေးလ်၏ စကားအရဆိုလျှင် ဤတားမြစ်ကျွန်းသည် နောက်ထပ် စီနီယာတစ်ဦး၏ ကျွန်းဖြစ်နိုင်ခြေ များပေသည်။
အဘယ်ကြောင့်ဆိုသော် အုတ်မြစ်ကျောက်ကျွန်းပေါ်တွင်သာ အဆင့်မြင့်အစားအစာများ အလိုအလျောက် ပေါ်ထွက်လာတတ်ခြင်းဖြစ်ပြီး နှစ်ပေါင်း တစ်သိန်းခန့် ထိုသို့ ပေါ်ထွက်လာပြီးနောက်တွင်မူ ကျွန်းပေါ်၌ SSS အဆင့် သားရဲတိရစ္ဆာန်များနှင့် အပင်များစွာ ရှိနေမည်မှာ သေချာလှပေသည်။
တားမြစ်ကျွန်းပေါ်မှ သားရဲတိရစ္ဆာန်များ ပိုမိုကြမ်းတမ်းသည်ဟု ဟေးလ် ခံစားရခြင်းမှာလည်း ထိုသားရဲများသည် သဘာဝအတိုင်း မွေးဖွားလာခြင်းမဟုတ်ဘဲ ကမ္ဘာ့စည်းမျဉ်းများအရ ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့ ပေါ်ထွက်လာသော သတ္တဝါများသည် ကမ္ဘာ့စည်းမျဉ်းများက ပေးအပ်ထားသော တာဝန်ဖြစ်သည့် အသက်ရှင်ကျန်ရစ်သူများကို စမ်းသပ်ရန်ဟူသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေကြခြင်းပင်။
အကယ်၍ ၎င်းတို့အားလုံးက ကြောင်လေးများကဲ့သို့ ယဉ်ပါးနေမည်ဆိုလျှင် မည်ကဲ့သို့ စမ်းသပ်မှု ဖြစ်လာနိုင်တော့မည်နည်း။ အသက်ရှင်သန်သူများကို နိဗ္ဗာန်ဘုံတစ်ခု ပေးလိုက်ခြင်းကမှ ပိုကောင်းပေလိမ့်မည်။
မကြာမီ ရှောင်းယီသည် နှင်းလျှောစီးလှည်းကို အပြီးသတ်လိုက်ပြီး ဖုန်းယုနှင့် ဆာရာတို့ကို လှမ်းခေါ်လိုက်သည်။
“ကဲ အားလုံး အဆင်သင့်ဖြစ်ပြီ...။ မင်းတို့နှစ်ယောက်က ဒီနွယ်ကြိုးကို ဆွဲသွားပေးရုံပဲ။”
ဆာရာက ရှောင်းယီ ပြုလုပ်ထားသော လှည်းကို စပ်စုလိုသောမျက်လုံးဖြင့် ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“နင်က ဒီလို လက်မှုပညာတွေမှာလည်း တော်တော်ကျွမ်းကျင်တာပဲ။”
“ကျုပ် ဒီကမ္ဘာမှာ နေလာတာ ရက်တော်တော်ကြာနေပြီ။ ကိုယ့်ဘာသာကိုယ် တစ်ခုခုတော့ လုပ်တတ်ရမှာပေါ့။ တကယ်တော့ ဒါက အရမ်းကို ရိုးရှင်းလွန်းပါသေးတယ်။ ကဲ သွားကြစို့...။ ကျုပ်ကို ပျံသန်းနေသလိုမျိုး ဆွဲသွားပေးကြစမ်းပါ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။
ထို့နောက် ဆာရာနှင့် ဖုန်းယုတို့သည် နွယ်ကြိုးတစ်ချောင်းစီကို ကိုင်ကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြတော့လေသည်။
ရှောင်းယီသည် သူ၏ လှည်းအောက်ခြေကို အလွန်ကျယ်အောင် လုပ်ထားသဖြင့် မှောက်သွားမည်ကို စိုးရိမ်စရာမလိုပေ။ လှည်းပေါ်တွင်လည်း ထိုင်ခုံတစ်ခု ပြုလုပ်ထားသေးသည်။
ဆာရာနှင့် ဖုန်းယုတို့ ဆွဲလာသောအခါ လှည်းသည် အမှန်တကယ်ပင် ပျံသန်းနေသကဲ့သို့ ခံစားရစေခဲ့သည်။
“ငါ ကိုယ့်ကိုယ်ကိုယ် စန်တာကလော့စ်လို့တောင် ထင်မိသွားပြီ။ ဒါပေမဲ့ နတ်သူငယ်သမင်က နှစ်ကောင်တည်း ဖြစ်နေသေးတယ်။ နောက်ထပ် အများကြီးသာရှိရင် ပိုကောင်းမယ်။”
ရှောင်းယီက နောက်တွင် ထိုင်ရင်း တိုးတိုးလေး ရေရွတ်နေမိသည်။
မကြာမီ ရှောင်းယီနှင့် အဖွဲ့သည် ယာယီစခန်းသို့ ပြန်ရောက်လာခဲ့ကြလေသည်။
ကျန်းယွင်ထျန်သည် ရှောင်းယီ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်သောအခါမှသာ စိတ်သက်သာရာ ရသွားတော့၏။
“ငါ အရင်ပြန်ပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်အတွက် ပစ္စည်းတွေ ပြင်ဆင်လိုက်ဦးမယ်။ မိနစ်နှစ်ဆယ်လောက်တော့ ကြာလိမ့်မယ်။”
ရှောင်းယီက ထရပ်ရင်း ပြောလိုက်သည်။
“ကောင်းပြီ...ကျွန်မတို့ ဒီမှာ စောင့်နေပါ့မယ်။”
ဖုန်းယုက ရိုသေစွာ ပြန်ဖြေလိုက်သည်။
“ဒါဆို ငါ အရင်ပြန်တော့မယ်။ ဟေးလ်နဲ့ သဘောတူညီချက် ရထားပေမဲ့ ငါ့လူတွေ ဒီကိစ္စကို လက်ခံနိုင်ဖို့ အချိန်လိုအပ်သေးတယ်။”
ဆာရာက ပြောလိုက်သည်။
“ကောင်းပြီ...သူတို့ကို နားဝင်အောင် သေချာပြောပြလိုက်ပါဦး၊ယ။ အထူးသဖြင့် ဟေအာပေါ့။ သူက တကယ့်ကို တိုက်ပွဲအရူးပဲ။”
ရှောင်းယီက သတိပေးလိုက်သည်။
အရင်က အလင်းနတ်သူငယ်နှင့် မှောင်မိုက်နတ်သူငယ်တို့၏ တိုက်ပွဲကို ရှောင်းယီ တားဆီးရန် ကြိုးပမ်းစဉ်က ဟေအာသည် သူ့အား မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ကြည့်နေသည်ကို ရှောင်းယီ သတိပြုမိခဲ့၏။ သူသည် ရှေ့သို့ထွက်ကာ ရှောင်းယီကိုပင် တိုက်ခိုက်ချင်နေပုံရသည်။
“အေးပါ... စိတ်မပူပါနဲ့။”
ဆာရာက ပြုံးကာ ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းထဲသို့ လှည့်ဝင်သွားပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့ဆီသို့ ပြန်သွားခဲ့လေသည်။
ပြန်ရောက်ပြီးနောက် ရှောင်းယီသည် အန်းရန်၏ မိခင်ထံသို့ အလျင်အမြန်ဆုံး ဖုန်းဆက်လိုက်သည်။
“အဒေါ်လီ...ကျုပ် ဒီမှာ အဆင့်မြင့် ဉာဏ်ရည်မြင့် အထည်ချုပ်စက်တစ်လုံး ရထားတယ်။ အဒေါ် ဘယ်နေရာမှာ ထားသုံးရင် အဆင်ပြေမလဲ။”
ရှောင်းယီက တဲ့တိုးပင် မေးလိုက်၏။
လီယန်သည် ရှောင်းယီ၏ စကားကို ကြားသောအခါ အလွန် ဝမ်းသာသွားခဲ့သည်။
“ငါတို့ ကျွန်းပေါ်က အထည်ချုပ်စက်ရုံမှာပဲ ထားလိုက်ပါ။”
ရှောင်းယီ၏ ပါးစပ်မှ ‘အဆင့်မြင့်’ ဟု ထွက်လာလျှင် ၎င်းသည် SSS အဆင့် ဖြစ်မည်မှာ သေချာကြောင်းနှင့် ထိုအထည်ချုပ်စက်သည် အလွန် အသုံးဝင်မည်ဖြစ်ကြောင်း သူမ သိထားသည်။
“ကောင်းပါပြီ...အခုပဲ အဲဒီကို ပို့ထားပေးမယ်။ ဘယ်လိုသုံးရမလဲဆိုတာတော့ အဒေါ် သွားကြည့်လိုက်ပါဦး။ တော်တော်လေးတော့ ရိုးရှင်းမယ် ထင်ပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
လီယန်က တုံ့ပြန်လိုက်သည်။
“ကျုပ်တို့တွေက မိသားစုတွေပဲလေ။ အားနာစရာ မလိုပါဘူး။”
ရှောင်းယီက ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်လေသည်။
ထို့နောက် စနစ်သိုလှောင်ခန်းထဲမှ ဉာဏ်ရည်မြင့် အထည်ချုပ်စက်ကို ထုတ်လိုက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အကြောင်းကြားစာ ပေါ်လာခဲ့လေသည်။
“[ဉာဏ်ရည်မြင့် အထည်ချုပ်စက်] (SSS အဆင့်) ၁ ကို ရရှိထားကြောင်း တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ထားရှိမည့် နေရာကို ရွေးချယ်ပါ။”
ရှောင်းယီသည် ကျွန်းမြေပုံကို ချဲ့ကြည့်ကာ အထည်ချုပ်စက်ရုံကို ရှာလိုက်ပြီး တတိယထပ်တွင် ထားရန် ဆုံးဖြတ်လိုက်လေသည်။
ယခုအခါ စက်ရုံ၏ ပထမထပ်တွင် ချည်ငင်ခြင်းနှင့် ရက်ကန်းစင်များ ရှိပြီး ဒုတိယထပ်တွင် အပ်ချုပ်ဌာန ရှိပေသည်။ အမျိုးသမီး အလုပ်သမား အများအပြားသည် နေ့စဉ် အဝတ်အထည်များ ထိုနေရာတွင် လာရောက် ချုပ်လုပ်ကြ၏။
တတိယထပ်မှာမူ အနည်းငယ် လွတ်နေသဖြင့် အနာဂတ်တွင် ထုတ်လုပ်မှု တိုးချဲ့ရန်အတွက် ပြင်ဆင်ထားသော နေရာဖြစ်သင့်သည်။
ပစ္စည်းကို နေရာချပြီးနောက် ရှောင်းယီသည် လီယန်ထံသို့ စာတိုတစ်စောင် ပို့လိုက်ပြီးနောက် ရှီခုန်းနှင့် အခြားသူများကို ခေါ်ကာ တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ရန်အတွက် ပစ္စည်းများကို ပြင်ဆင်တော့လေသည်။
မကြာမီ ရှောင်းယီသည် ရှီခုန်း၊ အခြားလူများနှင့် ကားတစ်စီးတို့ကို ယူဆောင်ကာ ယာယီစခန်းသို့ ကူးပြောင်းသွားတော့လေသည်။
“ကဲ...အခု သွားလို့ရပြီ။”
ရှောင်းယီက ဘေးတွင် ထိုင်နေသော ဖုန်းယုကို လှမ်းခေါ်လိုက်၏။
ဖုန်းယုသည် ချက်ချင်း ထရပ်ကာ ရှောင်းယီဆီသို့ လျှောက်လာပြီး ရုတ်တရက် ပေါ်လာသော သတ္တုသေတ္တာကြီး (ကား) ကို စပ်စုစွာ ကြည့်နေမိသည်။
“လာ၊ ကားပေါ်တက်၊ သူတို့ကို မောင်းခိုင်းလိုက်မယ်။ ဒါက မင်း ပျံတာထက် ပိုမြန်လိမ့်မယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်လေသည်။
ဖုန်းယုသည် မယုံတယုံဖြင့် ကားပေါ်တက်ထိုင်လိုက်၏။ ပထမဆုံးအကြိမ် ကားစီးရခြင်းဖြစ်သဖြင့် သူမ အနည်းငယ် ထိတ်လန့်နေပြီး သူမ၏ နားရွက်ချွန်ချွန်လေးများမှာလည်း အခါအားလျော်စွာ တွန့်သွားတတ်ခဲ့သည်။
“ဒါကို ငါတို့ဆီမှာ ကားလို့ ခေါ်တယ်။ စွမ်းအင်အမျိုးမျိုးကို အသုံးပြုပြီး စက်ပစ္စည်းတွေကနေတစ်ဆင့် ဘီးတွေကို လည်စေတဲ့ အားအဖြစ် ပြောင်းလဲပေးတာပေါ့။”
ရှောင်းယီက ရှင်းပြလိုက်၏။ ဖုန်းယုက နားလည်သလိုမျိုး ခေါင်းငြိမ့်ပြလိုက်သည်။
ကားမောင်းသူမှာ ယခင်အပတ်က လာခဲ့သော ပြိုင်ကားမောင်းသမား ရှောင်ကျောက်ပင် ဖြစ်သည်။
သူက လီဗာကို နင်းလိုက်သည်နှင့် ကားကြီးမှာ ဝုန်းခနဲ ပြေးထွက်သွားသဖြင့် ဖုန်းယုသည် ထိုင်ခုံဘေးရှိ လက်ကိုင်ကို အတင်း ဆွဲထားမိလိုက်၏။
“စိတ်မပူပါနဲ့။ ငါတို့ ကားဆရာရဲ့ လက်ရာက အဆင့်မြင့်ပါတယ်။ ဘာပြဿနာမှ မရှိစေရဘူး။”
ရှောင်းယီက နှစ်သိမ့်ပေးလိုက်သည်။
ဤနေရာတွင် အခြားသတ္တဝါများ၏ တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုသဖြင့် ရှောင်ကျောက်သည် ကြိုးပြတ်သွားသော ခွေးတစ်ကောင်ကဲ့သို့ ကားကို အကြမ်းပတမ်း မောင်းနှင်နေတော့လေသည်။
မကြာမီ ရှောင်းယီနှင့် အဖွဲ့သည် အလင်းနတ်သူငယ် မျိုးနွယ်စု၏ နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ဖုန်းယုမှာမူ အနည်းငယ် မူးနောက်နေကာ ခြေထောက်များပင် မခိုင်တော့သလို ခံစားနေရ၏။ ရှောင်းယီက သူမကို ကားပေါ်မှ ဆင်းရန် ကူညီပေးပြီး ပြုံးကာ ဆူလိုက်လေသည်။
“ရှောင်ကျောက် နောက်ဆိုရင် ကားကို နည်းနည်း ပိုငြိမ်အောင် မောင်းလို့ မရဘူးလား။”
“နှင်းတွေပေါ်မှာဆိုတော့ မြေပြင်က ချော်နေလို့ပါ။”
ရှောင်ကျောက်က သူ၏ခေါင်းကို ကုတ်ရင်း ပြန်ဖြေလိုက်၏။
“ချော်တာ ဟုတ်ပါဘူး။ မင်း တမင်တကာ ဒရစ်ဆွဲနေတာ ငါ သိတယ်။”
ရှောင်းယီက ရယ်ပြီး ပြောလိုက်သည်။
“ဟီးဟီး...။”
ခဏကြာပြီးနောက် ဖုန်းယုသည် သက်သာသွားကာ ရှောင်းယီနှင့် အခြားသူများကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့၏။
အလင်းနတ်သူငယ်ဘုရင်မ ဟေးလ်သည် ဒိုယာ၏ တွဲကူမှုဖြင့် ရှောင်းယီတို့ကို ကြိုဆိုရန် ထွက်လာခဲ့လေသည်။
“ဘုရင်မ...သွားပြီး နားနေသင့်ပါတယ်။ ဖုန်းယုက ကျုပ်တို့ကို ဧည့်ခံပေးနိုင်ပါတယ်။”
အားနည်းနေသော ဟေးလ်ကို ကြည့်ကာ ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပါပြီ။ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။ ဖုန်းယု ကျွန်းပိုင်ရှင်ကို သေချာ ဂရုစိုက်လိုက်ပါ။”
ဟေးလ်က မှာကြားပြီး နတ်သူငယ်သစ်ပင်ဆီသို့ ပြန်လှည့်သွားတော့လေသည်။
“ဟုတ်ကဲ့။”
ဖုန်းယုက ပြန်ဖြေလိုက်သည်။
တည်နေရာကူးပြောင်းခြင်းအစီအရင် ထားရှိရန် သတ်မှတ်ထားသော နေရာသို့ ရောက်သောအခါ ရှောင်းယီနှင့် အဖွဲ့မှာ အလုပ်စကြတော့လေသည်။
ရှောင်းယီသည် ပြီးခဲ့သည့်အကြိမ် ယာယီစခန်းတွင် တည်နေရာကူးပြောင်းခြင်းအစီအရင်အကြောင်း အနည်းငယ်သာ လေ့လာခဲ့ရသေး၏။ ယခုအကြိမ်တွင်မူ သူကိုယ်တိုင် လုပ်ဆောင်ရန် ပြင်ဆင်ထားပြီး ရှီခုန်းကို ဘေးမှ ကြည့်ခိုင်းထားခဲ့သည်။
ပြီးခဲ့သည့်အကြိမ်က လေ့လာခဲ့သော နည်းလမ်းများအတိုင်း ရှောင်းယီသည် စာတန်းများကို စတင် ထွင်းထုတော့လေသည်။
နှစ်နာရီ ကုန်ဆုံးသွားပြီးနောက် ရှောင်းယီသည် နောက်ဆုံးအချက်ကို အပြီးသတ်လိုက်၏။
“ကျွန်းပိုင်ရှင်က တကယ့်ကို ထူးခြားတဲ့သူပဲ။ ကျုပ်ဆိုရင် ကျုပ်ရဲ့ဆရာဆီမှာ အကြာကြီး သင်ခဲ့ရတာတောင် ဒီအစီအရင်တစ်ခုကို တစ်ယောက်တည်း လုပ်မယ်ဆိုရင် အနည်းဆုံး ခြောက်နာရီလောက် ကြာတယ်။ ကျွန်းပိုင်ရှင်က တစ်ခါတည်းနဲ့ တတ်သွားတာပဲ။”
“အဲ့ဒါကြောင့် သူက ကျွန်းပိုင်ရှင်ဖြစ်နေပြီး မင်းက မဟုတ်တာပေါ့။”
“ကျွန်းပိုင်ရှင်ရဲ့ သင်ယူနိုင်စွမ်းက အရမ်း အားကောင်းလွန်းနေတာ မဟုတ်ဘူးလား။ ငါ မှတ်မိသလောက်ဆိုရင် ပထမဆုံး စလုပ်တုန်းက အမှားတွေ အများကြီး လုပ်ခဲ့မိတာ။”
အခန်း ၈၄၈- အလင်းစမ်းရေအိုင် ပြန်လည်ရှင်သန်ခြင်းနှင့် ဆေးကုသရန် ယီရန်ပင်းသို့ သွားခြင်း
ရှောင်းယီသည် တစ်ချက်ကလေးမှ အမှားအယွင်းမရှိဘဲ အစီအရင်တစ်ခုလုံးကို ရေးဆွဲပြီးစီးသွားသည်ကို ဘေးမှကြည့်နေသော ရှီခုန်းမှာ ခေါင်းယမ်းရင်း သက်ပြင်းချကာ မပြောဘဲမနေနိုင်တော့ပေ။
“ကျွန်းပိုင်ရှင်...အရှင် လုပ်ပြသွားတာကို ကြည့်ပြီး ကျုပ် နှစ်အတော်ကြာ သင်ယူခဲ့သမျှတွေက အလကား ဖြစ်သွားသလိုတောင် ခံစားလိုက်ရပြီ။”
ရှောင်းယီမှာ ခေတ္တမျှ မှင်တက်သွားခဲ့၏။ ရှီခုန်း၏ ချီးမွမ်းစကားကြောင့်မဟုတ်ဘဲ သူသုံးနှုန်းလိုက်သော စကားကြောင့်ဖြစ်သည်။
“ခင်ဗျား ဒီစကားစုကို ဘယ်ကနေ သင်လိုက်တာလဲ။ ခေတ်မီလှချည်လား။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“အခုနောက်ပိုင်း ကျွန်းပိုင်ရှင်တို့ဆီက ရုပ်ရှင်တွေနဲ့ ဗီဒီယိုတွေကို ပိုကြည့်ဖြစ်နေတယ်လေ။ အဲ့ဒီထဲက တစ်ခုမှာ ဒီစကားကို တွေ့လိုက်တာ။”
ရှီခုန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ... တည်နေရာကူးပြောင်းခြင်းအစီအရင်ကို မြန်မြန် အချောသတ်ကြစို့။”
ရှောင်းယီက ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
သူတို့လေးဦး အတူတူ အလုပ်လုပ်ကြပြီးနောက် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို လျင်မြန်စွာ အပြီးသတ်နိုင်ခဲ့လေသည်။ ရှောင်းယီသည် ယီရန်ပင်းမဟာမိတ်အတွင်းရှိ တည်နေရာကူးပြောင်းခြင်စအစီအရင်နှင့် ချိတ်ဆက်ရန် ကိုယ်တိုင်သွားရောက်ကာ လုပ်ဆောင်ခဲ့၏။
ချိတ်ဆက်ရန်မှာလည်း ဆယ်စက္ကန့်မျှသာ ကြာမြင့်ပေသည်။
ရှီခုန်းနှင့် အခြားနှစ်ဦးမှာမူ အံ့ဩရမည့်အဆင့်ကို ကျော်လွန်သွားကြပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်းပိုင်ရှင်သည် သာမန်လူမဟုတ်သဖြင့် သူတို့နှင့် နှိုင်းယှဉ်နေရန် အကြောင်းမရှိတော့ပေ။
အမှန်တရားမှာ ရှောင်းယီ၏ အောင်မြင်မှုနှုန်း အလွန်မြင့်မားနေရခြင်းမှာ လက်မှတ်ထိုးဝင်ခြင်းစနစ်က အမြဲတမ်း ညွှန်ကြားချက်များ ပေးနေသောကြောင့်ပင်။ အကယ်၍ ဤမျှအထိ လမ်းညွှန်နေပါလျက်နှင့် သူမှားအောင် ရေးဆွဲမိမည်ဆိုပါက တို့ဖူးခဲတစ်ခဲဝယ်ပြီး ခေါင်းနဲ့စောင့်ကာ အဆုံးစီရင်လိုက်ခြင်းကမှ ပိုကောင်းပေလိမ့်မည်။
ချိတ်ဆက်မှု အောင်မြင်ပြီးနောက် ရှီခုန်းနှင့် အခြားနှစ်ဦးမှာ ကားနှင့်အတူ ပြန်လည်၍ တည်နေရာကူးပြောင်းသွားခဲ့ကြ၏။
ထိုအချိန်တွင် ဟေးလ်သည် ဒိုယာ၏ တွဲကူမှုဖြင့် တစ်ဖန် လျှောက်လာခဲ့ပြန်သည်။
“ဘုရင်မ...တည်နေရာကူးပြောင်းခြင်စအစီအရင်ကို အခု တပ်ဆင်ပြီးပါပြီ။ ဒါကိုသုံးပြီး ကျုပ်တို့ကျွန်းကို အချိန်မရွေး လာလို့ရပါတယ်။ ဒဏ်ရာတွေ မြန်မြန်သက်သာချင်ရင်တော့ ကျုပ်တို့ကျွန်းပေါ်က ဆေးရုံကို သွားလို့ရတယ်။ အဲဒီမှာ ခင်ဗျားအတွက် သီးသန့် ပြန်လည်ကျန်းမာရေး အစီအစဉ်တွေ ချမှတ်ပေးမယ့် ကျွမ်းကျင်ဆရာဝန်တွေ ရှိပါတယ်။”
ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။
ထိုအကြံပြုချက်ကို ကြားသောအခါ ဒိုယာ၏ မျက်ခုံးများအကြား ဝေခွဲမရဖြစ်မှုများ ပေါ်ထွက်လာခဲ့သော်လည်း ဟေးလ်ကမူ ပြုံးကာ မေးလိုက်လေသည်။
“ကောင်းပါပြီ...။ ဒါပေမဲ့ ကုန်ကျစရိတ်ကို ဘယ်လို တွက်ချက်မှာလဲ။”
“ကျုပ်တို့ဆီမှာ သီးသန့်သုံးတဲ့ ငွေကြေးရှိတယ်။ အခုလောလောဆယ်တော့ ခင်ဗျားတို့မှာ မရှိသေးပေမဲ့ နောင်မှာ ခဏခဏ အရောင်းအဝယ်လုပ်ဖြစ်ရင်တော့ ငွေကြေးသုံးတာက ပိုပြီးအဆင်ပြေလိမ့်မယ်။”
ရှောင်းယီက အနည်းကယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဒါဆို တစ်ရက်ကို နတ်သူငယ်သစ်သီးသုံးလုံးလို့ပဲ သတ်မှတ်လိုက်ရအောင်။”
“သဘောတူပါတယ်...။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အလင်းစမ်းရေအိုင် အရင် ပြည့်သွားတာကို မြင်ချင်တယ်။”
ဟေးလ်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ၊ ခဏစောင့်ပါ။”
ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် သူ၏ကျွန်းသို့ ချက်ချင်းပြန်သွားပြီး SSS အဆင့် သန့်စင်ပြီးရေ ၁၂ တန်ကို အမြန်ပေါင်းစပ်ကာ စည်ပိုင်းကြီး ၁၂ လုံးဖြင့် ပို့ဆောင်ပေးလိုက်၏။
မကြာမီ အလင်းနတ်သူငယ် အခြေစိုက်စခန်းရှိ တည်နေရာကူးပြောင်းခြင်း အစီအရင်ဘေးတွင် သစ်သားစည်ပိုင်းကြီး ၁၂ လုံး ပေါ်လာတော့လေသည်။
“ဒီမှာ SSS အဆင့် ရေသန့် ၁၂ တန် ရှိတယ်။ ခင်ဗျားတို့ ခေါ်တဲ့ အလင်းစမ်းရေပေါ့။ အခု ကျုပ်ကို ခင်ဗျားတို့ရဲ့ စမ်းရေအိုင် ရှိတဲ့နေရာကို ခေါ်သွားလို့ ရပြီ။”
ရှောင်းယီက စည်ပိုင်းကြီးများကို ညွှန်ပြရင်း ပြောလိုက်၏။
“ကျွန်းပိုင်ရှင်ရှောင်း... ကျွန်မ... တစ်ချက်လောက် ကြည့်လို့ ရမလား။”
ဒိုယာက အားနာစွာ မေးလိုက်သည်။
“ရတာပေါ့။ ဒါက အရောင်းအဝယ်တစ်ခုပဲလေ။ ကုန်ပစ္စည်းကို အရင်စစ်ဆေးပိုင်ခွင့် ခင်ဗျားတို့မှာ ရှိပါတယ်။”
ရှောင်းယီက သဘောထားကြီးစွာ ပြန်ဖြေလိုက်သည်။
ဟေးလ်သည် အနီးရှိ သစ်ပင်ပင်စည်ကို မှီထားရင်း ဒိုယာကို ခေါင်းငြိမ့်ပြလိုက်၏။
ဒိုယာသည် စည်ပိုင်းတစ်ခုဆီသို့ ချက်ချင်းသွားကာ အဖုံးကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားတော့လေသည်။ သူမသည် အနံ့ကို အားပါးတရ ရှူရှိုက်ကြည့်ပြီးနောက် ဟေးလ်ကို ခေါင်းငြိမ့်ပြလိုက်သည်။
ဆက်လက်၍ ဒိုယာသည် စည်ပိုင်းတိုင်းကို တစ်ခုချင်းစီ ဖွင့်၍ စစ်ဆေးခဲ့၏။
ထို့နောက် အံ့ဩတုန်လှုပ်နေသော မျက်နှာဖြင့် ဒိုယာသည် ဟေးလ်၏ အနားသို့ ပြန်လာကာ ပြောလိုက်တော့လေသည်။
“ဒါတွေအားလုံးက အလင်းစမ်းရေတွေပါပဲ။ ဘာပြဿနာမှ မရှိပါဘူး။”
ဟေးလ်မှာလည်း စိတ်ထဲ၌ အလားတူ အံ့ဩနေမိ၏။ သူမသည် ရှောင်းယီကို ချက်ချင်း ဦးညွှတ်လိုက်လေသည်။
“တောင်းပန်ပါတယ်...ကျွန်မတို့ ရှင့်ကို မယုံကြည်လို့ မဟုတ်ပါဘူး။ ဒါက...”
“ရပါတယ်...ကျုပ် ပြောပြီးသားပဲလေ။ ဒါက အရောင်းအဝယ်တစ်ခုဖြစ်တဲ့အတွက် ကုန်ပစ္စည်းကို စစ်ဆေးတာက ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ ဒီလိုကိစ္စလေးနဲ့ ကျုပ် စိတ်ထဲမထားပါဘူး။ ကျုပ်က အဲ့လောက် စိတ်သဘောထား ကျဉ်းမြောင်းတဲ့လူ မဟုတ်ဘူး။”
ရှောင်းယီက လက်ယမ်းပြရင်း ဟေးလ်၏ စကားကို ဖြတ်ပြောလိုက်သည်။
ဟေးလ်က ခေါင်းညိတ်ကာ ထပ်မံ ဦးညွှတ်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။ ရှင်က ကျွန်မတို့ အလင်းနတ်သူငယ်မျိုးနွယ်စုရဲ့ ထာဝရ မိတ်ဆွေပါပဲ။”
“ကောင်းပြီ ဒါဆို သွားကြစို့။ အလင်းစမ်းရေအိုင်ကို အရင် နိုးထခိုင်းလိုက်ရအောင်။”
ရှောင်းယီက ပြုံး၍ ဆိုလိုက်သည်။
“ကောင်းပါပြီ။”
ဒိုယာ၏ တွဲကူမှုဖြင့် ဟေးလ်သည် ရှောင်းယီကို နတ်သူငယ်သစ်ပင်၏ အနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့၏။ နတ်သူငယ်သစ်ပင်နှင့် ကိုးမီတာခန့် အကွာတွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရေကန်တစ်ခု ရှိလေသည်။
[အလင်းစမ်းရေအိုင် (SSS အဆင့်): အလင်းနတ်သူငယ်မျိုးနွယ်စု၏ အမြင့်မြတ်ဆုံး ရတနာဖြစ်သည်။ ၎င်းသည် အလင်းနတ်သူငယ်ဘုရင်မ၏ ရုပ်ခန္ဓာအဆင့် တိုးတက်မှုနှင့် နတ်သူငယ်သစ်ပင်မှ အသီးထွက်နှုန်းတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ၎င်းသည် အလင်းစမ်းရေကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်သော်လည်း စမ်းရေအားလုံးကို တစ်ကြိမ်တည်း ကုန်အောင် ခပ်ယူလိုက်ပါက စမ်းရေအိုင်သည် ခမ်းခြောက်သွားလိမ့်မည်။]
စနစ်၏ အချက်အလက်ကို မြင်သောအခါ ရှောင်းယီ၏ နှုတ်ခမ်းများ တွန့်သွားခဲ့၏။ ဤအရာကို အမြင့်မြတ်ဆုံးရတနာဟု တကယ်ပဲ ခေါ်နိုင်ပါမည်လော။
သို့သော်လည်း အလင်းစမ်းရေသည် နတ်သူငယ်သစ်သီး ထွက်နှုန်းနှင့် ဆက်စပ်နေသည်ဟူသော အချက်က ရှောင်းယီကို အနည်းငယ် အံ့အားသင့်စေခဲ့လေသည်။
“ကျွန်းပိုင်ရှင်ရှောင်း ဒီနေရာပါပဲ။”
ခမ်းခြောက်နေသော ရေကန်ကို ညွှန်ပြရင်း ဟေးလ်က ပြောလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီး နတ်သူငယ်များ ကူသယ်ပေးထားသော SSS အဆင့် ရေသန့်အားလုံးကို ရေကန်ထဲသို့ လောင်းထည့်လိုက်တော့လေသည်။
ဆယ်လုံးမြောက် စည်မကုန်မီမှာပင် အလင်းစမ်းရေအိုင်မှာ ပြည့်လျှံသွားခဲ့ပြီဖြစ်သည်။
“ကဲ၊ ကျန်တဲ့ စည်နှစ်လုံးကိုတော့ ခင်ဗျားတို့ပဲ ယူထားလိုက်တော့။”
ရှောင်းယီက လက်ယမ်းပြရင်း ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”
ဟေးလ်နှင့် အခြားနတ်သူငယ်များက တညီတညွတ်တည်း ကျေးဇူးတင်ကြလေသည်။
ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒီအလင်းစမ်းရေက နတ်သူငယ်သစ်ပင် အသီးသီးတာနဲ့လည်း ဘာလို့ ဆက်စပ်နေတာလဲ။”
ဟေးလ်မှာ မှင်တက်သွား၏။ သူမ ဤအကြောင်းကို ပြောပြခဲ့သည်ဟု မမှတ်မိပေ။ သို့သော်လည်း သူမက ရှင်းပြလိုက်လေသည်။
“နတ်သူငယ်သစ်သီးတွေဆိုတာ နတ်သူငယ်သစ်ပင်က အလင်းစမ်းရေကို စုပ်ယူပြီး အသွင်ပြောင်းလဲလိုက်ရာကနေ ဖြစ်ပေါ်လာတဲ့ အသီးတွေမို့လို့ပါ။ ဒါကြောင့် သူတို့က အပြန်အလှန် ဆက်နွှယ်နေကြတာ။”
“ဒါကြောင့်ကိုး။ ဒါဆို အလင်းစမ်းရေ လုံလောက်နေရင် နတ်သူငယ်သစ်ပင်က ဘယ်လောက်ကြာရင် တစ်ခါ အသီးသီးလဲ။”
ရှောင်းယီက ဆက်မေးလိုက်၏။
ဟေးလ်က နက်နဲသော အပြုံးဖြင့် အနီးရှိ နတ်သူငယ်သစ်ပင်ကို ညွှန်ပြလိုက်လေသည်။ ရှောင်းယီမှာ အံ့ဩသွားပြီး လှမ်းကြည့်လိုက်၏။
ဤတစ်ကြိမ်တွင်မူ သူ လုံးဝ ဆွံ့အသွားတော့သည်။ ယခင်က အနည်းငယ် ညှိုးနွမ်းနေသော နတ်သူငယ်သစ်ပင်သည် ချက်ချင်းပင် ပိုမိုစိမ်းလန်းစိုပြေလာခဲ့သည်။
ဤမျှနှင့်ပင် သူ အံ့အားသင့်နေမည်မဟုတ်သော်လည်း နတ်သူငယ်သစ်ပင်ပေါ်တွင် နတ်သူငယ်သစ်သီးများမှာ တဝေဝေနှင့် သီးနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
“ဟမ်...အဲ့လောက်တောင် မြန်တာလား။”
ရှောင်းယီမှာ မအောင့်နိုင်ဘဲ ဆဲမိမတတ်ပင် ဖြစ်သွားခဲ့၏။
“ဟုတ်တယ်...။ မကုန်နိုင်မခမ်းနိုင်ဘူးလို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ အလင်းစမ်းရေ လုံလောက်ဖို့တော့ လိုတာပေါ့။”
ဟေးလ်က ပြုံး၍ ပြောလိုက်သည်။
“မဖြစ်နိုင်တာ...ကျုပ် ရှုံးသွားပြီလို့ ခံစားလိုက်ရပြီး။ ကျုပ်တို့ ဆေးရုံတက်ရင် တစ်ရက်ကို နတ်သူငယ်သစ်သီး ဆယ်လုံး ယူရမယ်။”
ရှောင်းယီက ချက်ချင်းပင် ဈေးတင်လိုက်၏။
“ပြဿနာမရှိပါဘူး။”
ဟေးလ်က ပြတ်ပြတ်သားသားပင် သဘောတူလိုက်သည်။
“အဲ့လိုမှပေါ့။ ဒါဆို ဒီမှာ တခြားပြဿနာ မရှိတော့ဘူးထင်တယ်။ ကဲ သွားကြစို့။ ကျုပ်ရဲ့ကျွန်းကို လိုက်ခဲ့ပြီး ကုသမှုခံယူလိုက်ပါ။ ဒါဆိုရင် ပြန်လည်သက်သာမယ့် အချိန်က အနည်းဆုံး ထက်ဝက်လောက် လျော့သွားလိမ့်မယ်။”
ရှောင်းယီက ကျေနပ်စွာ ပြောလိုက်သည်။
“ကောင်းပါပြီ။”
ဟေးလ်က ပြန်ဖြေပြီးနောက် အနည်းငယ်စဉ်းစားကာ မေးလိုက်သည်။
“ကျွန်မတို့ ဝတ်ရုံတွေ ဝတ်သင့်လား။”
“ဝတ်ချင်ရင် ဝတ်လို့ရပါတယ်။ ဒါပေမဲ့ လိုတော့မလိုပါဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ လူသားတွေတင် မဟုတ်ဘူး၊ လူပုလေးတွေ၊ သမန်းဝံပုလွေတွေနဲ့ တခြားမျိုးနွယ်တွေလည်း ရှိသေးတယ်လေ။”
“ဘာ...ရှင့်ရဲ့ကျွန်းပေါ်မှာ လူပုလေးတွေနဲ့ သမန်းဝံပုလွေတွေလည်း ရှိတာလား။”
ဤတစ်ကြိမ်တွင် ဟေးလ် အမှန်တကယ် အံ့ဩသွားခဲ့ရ၏။
“သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ကြဘူးလား။”
“ရန်ဖြစ်တာလား။ ဖြစ်တော့ ဖြစ်မှာပေါ့။ ဒါပေမဲ့ လူသားတွေချည်းပဲ ရှိရင်တောင် ခံစားချက်ချင်း မတိုက်ဆိုင်တာတွေတော့ ရှိမှာပဲလေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အားလုံးက ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြသရွေ့တော့ ဒါက ပြဿနာကြီး မဟုတ်ပါဘူး။”
ထို့နောက် ဒိုယာသည် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီး လိုအပ်သော ပစ္စည်းအချို့ကို ယူဆောင်ကာ ဖုန်းယုနှင့်အတူ ဟေးလ်ကို တွဲကူလျက် ရှောင်းယီနောက်မှ ယီရန်ပင်းမဟာမိတ်အဖွဲ့ဆီသို့ လိုက်ပါလာခဲ့ကြလေသည်။
တည်နေရာကူးပြောင်းခြင်းအစီအရင်မှ သူတို့ ခြေလှမ်းစတင် ထွက်ခွာလိုက်သည်နှင့် ပတ်ဝန်းကျင် အခြေအနေက သူတို့သုံးဦး၏ မျက်လုံးများကို အပြင်းအထန် ဖမ်းစားလိုက်တော့လေသည်။