← Chapters

အခြားပစ္စည်း

Vol. 23 Ch. 314

အခြားပစ္စည်း

Vol. 23 Ch. 314

“ရှင် ဘယ်လောက်လိုချင်တာလဲ” ထျန်းလန်မုန်က တည်ငြိမ်စွာမေးသည်။

“လုံမလေး မင်းက ကောင်းကင်မြူခိုးဘိုးဘေး ရွေးချယ်ခဲ့တဲ့ ဒီမျိုးဆက်ရဲ့ မြူခိုးကိုးကွယ်သူတွေထဲက တစ်ယောက်ဖြစ်ရမယ်။ မင်းရဲ့ နာမည်က ထျန်းလန်မုန်၊ မင်းအစ်မနာမည်က ထျန်းလန်ယို့ မဟုတ်လား” ရယ်မောလျက်ပြောဆိုနေသည့် ကောင်လေးမျက်လုံးများက တောက်ပနေသည်။

“ထျန်းလန်မိသားစုက အေးခဲကောင်းကင်နဲ့ အနောက်ပိုင်းပင်လယ်ဆီကို မျိုးဆက်တစ်ခုချင်းစီရဲ့ မြူခိုးကိူးကွယ်သူတစ်ဦးစီ ပို့ပေးရတယ်။ ပြီးရင် နှစ်ဦးထဲက တစ်ဦးကို နောင်ဖြစ်လာမယ့်ကာင်းကင်မြူခိုးဘိုးဘေး အဖြစ် ရွေးချယ်ကြတယ်။ ငါက ကောင်းကင်မြူခိုးကို လေးစားလို့ အကယ်၍ မင်းဒီပစ္စည်းတွေကို လိုချင်တယ်ဆိုရင် ကောင်းကင်ပုလဲ ဆယ်လုံးတည်းနဲ့ ငါမင်းကိုပေးမယ်”

မှောင်မည်းနေသော အခန်းအတွင်း ကောင်လေး၏စကားသံက ပဲ့တင်ထပ်နေသည်။ လူများသည် ထိုစကားတို့ကိုကြားသော်လည်း လှည့်ကြည့်လာခြင်းမရှိပေ။ အများစုသည် ဖြစ်ပျက်နေသောအရာများကို လျစ်လျူရှူထားဖို့သာ ရွေးချယ်ကြသည်။

“ဆယ်ခုလား...” ထျန်းလန်မုန် တွန့်ဆုတ်သွားသည်။ ကောင်လေးရှေ့ရှိ ပစ္စည်းလေးခုကို ကြည့်လိုက်ပြီးနောက် နီညိုရောင်မျောက်ဝံလေးကို ကြည့်လိုက်ပြီး ခဏတာ ငြိမ်သက်သွားမိသည်။ “ကျွန်မ ရှင့်ကို နှစ်ခုပဲ ပေးနိုင်မယ်” သူမ ညင်သာစွာပြောလိုက်သည်။

“မဖြစ်နိုင်ဘူး လုံမလေး။ သူတို့ကိုစုဝေးနိုင်ဖို့အတွက် အနည်းဆုံးကောင်းကင်ပုလဲ ငါးခုလိုတယ်။ နှစ်ခုကတော့ မလုံလောက်ဘူး။ နှစ်ခုတည်းနဲ့ဆိုရင်တော့ မင်း ငါ့ပစ္စည်းတွေထဲက တစ်ခုတောင်မရနိုင်ဘူး”

“မင်းဆီမှာ ရှားပါးတဲ့ပစ္စည်းအချို့ မရှိသေးသရွေ့ အဲလိုပဲ။ ငါက ရှားရှားပါးပါး ပစ္စည်းတွေဆို အထူးစိတ်ဝင်စားတယ်” ကောင်လေးက ပြုံးလိုက်ပြီး စုမင်ထံ လှည့်ကြည့်လာသည်။ ထိုတစ်ယောက်သည်လည်း ယခုလေးတင် စကားပြောလိုက်သေးကြောင်း သူမှတ်မိ၏။

‘ရှားပါးတဲ့ ပစ္စည်းတွေ...’

စုမင် မျက်လုံးများကိုပိတ်လိုက်ပြီး ခဏအကြာတွင် ပြန်ဖွင့်လိုက်သည်။ ထျန်းလန်မုန်က နောက်တစ်ကြိမ်စကားထပ်ပြောရန် ပြင်လိုက်စဉ် စုမင် သူမပုခုံးကို သူ့လက်ဝါးဖြင့် ဖိကပ်လိုက်သည်။

ထျန်းလန်မုန်သည် စုမင် မျောက်ဝံကိုမြင်လိုက်ချိန်တွင် ဖြစ်ပျက်သွားသော အပြောင်းအလဲများကို တွေ့ခဲ့ရသောကြောင့်သာ ဈေးနှုန်းကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ စုမင် ထိုအရာကိုမသိစရာ အကြောင်းမရှိပေ။ သူမ၏ စိတ်စေတနာကောင်းကို သူ့စိတ်ထဲတွင် မှတ်သားထားလိုက်ချေပြီ။

ထိုကောင်းကင်ပုလဲများသည် မယုံနိုင်လောက်အောင်ပင် အဖိုးတန်သောအရာများ ဖြစ်နိုင်ကြောင်း စုမင်သေချာပြောနိုင်၏။ ထိုပုလဲများ၏ တန်ဖိုးသည် ထျန်းလန်မုန်အတွက်တောင် အလားတူပင် ဖြစ်ပေလိမ့်မည်။

သူလက်လျှော့လိုက်ရန် ရွေးချယ်နိုင်၏။ အဆုံးတွင်တော့ ကောင်လေးထုတ်ယူလာခဲ့သည့် အခြားပစ္စည်းများအပေါ်တွင် စုမင်အရမ်းစိတ်မဝင်စားခဲ့ပေ။ သို့သော် စုမင် ထိုမျောက်ဝံလေးထံမှ အကြည့်မလွှဲနိုင်ခဲ့ချေ။

ထိုအကောင်လေးက ရှောင်ဟုန်မဟုတ်ခဲ့လျှင်တောင်...

“ငါ့မှာ ရှားပါးတဲ့ပစ္စည်းတစ်ခုရှိတယ်။ ဒါပေမယ့် အဲဒီပစ္စည်းရဲ့ အသုံးပြုပုံကို မင်းသိနိုင်မလားဆိုတာကတော့ မင်းအပေါ်ပဲမူတည်တယ်”

စုမင် ခေါင်းမော့၍ ထိုကောင်လေးကို လှမ်းကြည့်လိုက်သည်။ သူတို့အကြား ကျင့်ကြံဆင့်ကွာခြားချက်သည် အလွန်ကြီးမားသော်လည်း စုမင်မကြောက်ပေ။  ဤအရာက ကုန်သွယ်ရေးဖြစ်သည်။ အနည်းဆုံး ဤမှောင်မည်းနေသော အခန်းထဲတွင်တော့ ကုန်စည်ဖလှယ်ခြင်းတွင်ပါဝင်သည့် နှစ်ဖက်စလုံးက အနေအထားအတူတူပင် ဖြစ်သည်။

အကယ်၍ သူကြောက်နေခဲ့လျှင်၊ ကောင်လေး၏ စွမ်းအားကြောင့် သူထိတ်လန့်မင်သက်နေခဲ့မိလျှင် သူတို့အကြား ဘာမှဆွေးနွေးနေစရာတောင် လိုတော့မည်မဟုတ်ပေ။

“အိုး...”

ကောင်လေးသည် စုမင်အား ပျင်းတိပျင်းရွဲ ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းများထက်တွင် ကြောက်မက်ဖွယ် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ယခုသူနှင့်စကားပြောနေသူသည် သူ့အတွက်ရှားပါးသည်ဟု ယူဆ၍ရနိုင်မည့် တစ်စုံတစ်ရာအား အမှန်တစ်ကယ် ထုတ်ယူလာနိုင်လိမ့်မည်လား ဆိုသည်က ယုံကြည်ရန်ခက်ခဲပေသည်။

သူသည် အနောက်ပိုင်းပင်လယ်ကလန်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ ဤလေလံပွဲသို့ ဖိတ်ခေါ်ခံခဲ့ရသူများအား သူမသိသော်လည်း အကယ်၍ ဤလူက ထျန်းလန်မုန်နံဘေးတွင် ထိုင်နိုင်သည်ဆိုလျှင် သူသည် ထျန်းလန်မိသားစု၏ အစွမ်းထက်မာန်စွမ်းအားရှင်တစ်ယောက် ဟုတ်လျှင်ဟုတ် မဟုတ်လျှင်တော့ သူမ၏သူငယ်ချင်းတစ်ဦးသာ ဖြစ်သည်။

သူတို့အမူအယာများအရ အကဲခတ်ရမည်ဆိုလျှင် စကားပြောလိုက်သူသည် ထျန်းလန်မိသားစု၏ အဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်း ရှင်းလင်းလို့နေ၏။ ထိုသူဤနေရာတွင်ရှိနေရခြင်းအတွက် အကြောင်းအရင်းတစ်ခုသာ ရှိတော့သည်... ထိုသူက ထျန်းလန်မုန်၏ သူငယ်ချင်းပင်။ ၎င်း၏အသံအရဆိုလျှင် ထိုလူသည် အသက်အရွယ်အိုမင်းကြီးရင့်သူတစ်ယောက် မဟုတ်ကြောင်းလည်း ကောင်လေး သေချာပြောနိုင်၏။ ထို့ကြောင့် သူ့စွမ်းအားသည်လည်း အလွန်မြင့်မားလိမ့်မည် မဟုတ်ပဲ အများဆုံးမှ ရိုးရေစတေးနယ်ပယ်တွင်သာ ရှိနေပေလိမ့်မည်။

“မင်း ထုတ်လိုက်လေ ငါတစ်ချက်ကြည့်ကြည့်တာပေါ့။ အဲဒါက ငါတစ်ကယ်မသိတာတစ်ခုခုလည်း ဖြစ်နေနိုင်တာပဲ”

စကားပြောလိုက်ချိန်တွင် ကောင်လေး၏ အသံက အလွန်အထက်ဆီးဆန်မနေခဲ့သော်လည်း ထိုအရာသည် စုမင်အား အရေးပါသည်ဟု ခံစားနေရသောကြောင့်မဟုတ်ပဲ သူ၏ ပုံမှန်ပြုမူနေကြ ပုံစံဖြစ်နေသောကြောင့်သာ ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပျင်းရိစရာစကားများဖြင့် စုမင်အချိန်ဖြုန်းမနေတော့ပေ။

ညာလက်ဖြင့်ရင်ဘတ်ထဲသို့ နှိုက်လိုက်ပြီး သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။ ထိုပစ္စည်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်လိုက်မိသောအခါ ခဏတာတွန့်ဆုတ်သွားမိသော်လည်း ကောင်လေးရှေ့တွင်လွင့်မျောနေသော ပစ္စည်းများနှင့် မျောက်ဝံတို့ကို ပြန်ကြည့်မိသောအခါ ထိုအရာကို အမြန်ထုတ်ယူ၍ ကောင်လေးဆီပစ်ပေးလိုက်တော့သည်။

၎င်းက လုံးဝန်းသောအရာဝတ္ထုတစ်ခု ဖြစ်သည်။ ကောင်လေးက ထိုအရာကိုဖမ်းမိသည်နှင့် မျက်လုံးနားသို့ကပ်၍ အနီးကပ်သေချာကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်ပြီးသည်နှင့် ကောင်လေးမျက်နှာက လေးနက်တည်ကြည်သွားပြီး ညာလက်ကိုမြှောက်၍ သူ့အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ကောင်လေးအရှေ့ရှိ လေဟာနယ်က ချက်ချင်းဝေဝါးသွားသည်။ ထိုဝေဝါးမှုများက သူ့ကိုဝန်းရံသွားသဖြင့် သူဘာလုပ်နေသည်ကို လူများက ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။

သို့သော် လေလံပွဲအား အနောက်ပိုင်းပင်လယ်ကလန်မှ လက်ခံကျင်းပခြင်းဖြစ်ပြီး ဤအသေးစားလေလံပွဲအတွက် လိုအပ်ချက်များသည်ပင် အလွန်မြင့်မားနေခဲ့ရာ တစ်စုံတစ်ဦးက ပစ္စည်းကို ခိုးယူသွားနိုင်ရန်ဖြစ်နိုင်ချေ လုံးဝမရှိပေ။ ကောင်လေး၏ စွမ်းအားသည်လည်း အလွန်သန်မာသောကြောင့် သူ့အဆင့်အတန်း၊ အနေအထားတို့အရ အနောက်ပိုင်းပင်လယ်ကလန်၏ ထူးချွန်အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့၏။ ဂျူနီယာတစ်ဦး၏ ပစ္စည်းကို သိမ်းယူခြင်းကဲ့သို့ သူ့အဆင့်အတန်းအား နိမ့်ကျစေမည့်အရာကို လူအများရှေ့တွင် ပြုလုပ်လိမ့်မည်မဟုတ်သည်မှာ သဘာဝပင်။

ထို့ကြောင့် လေဟာနယ်သည် ဝေဝါးအုံ့ဆိုင်းသွားသော်လည်း အခြားသူများအတွက်သာ ဖြစ်ပြီး စုမင်နှင့် ထျန်းလန်မုန်တို့အတွက် မဟုတ်ခဲ့ချေ။ ထိုအရာက ကောင်လေးလုပ်လိုက်သော အရာဖြစ်သည်။

ကောင်လေးသည် သူ့လက်ထဲမှ လုံးဝန်းသောအရာအား အနံ့ခံလိုက်သည်ကို စုမင်တွေ့ရသည်။ ထိုသို့လုပ်လိုက်ပြီးသည်နှင့် ကောင်လေး၏အမူအယာက နောက်တစ်ကြိမ်ထပ်မံပြောင်းလဲသွားပြီး ထိုပစ္စည်းကိုတွန့်ဆုတ်စွာ ငေးကြည့်နေခဲ့သည်။ ထိုအချိန်အတောအတွင်း သူ့အမူအယာက အကြိမ်များစွာပြောင်းလဲနေခဲ့သည်။

ကောင်လေးလက်အတွင်းကိုင်ထားသော ပစ္စည်းကိုကြည့်လိုက်ရင်း စုမင်နှလုံးသားက နာကျင်သွားရသည်။ ထိုပစ္စည်းက... သူ၏ ဝိညာဉ်လုယက်ဖြစ်သည်။

ဤပစ္စည်းကသာ ရှားပါးသောပစ္စည်းအဖြစ် စဉ်းစားနိုင်သော သူထုတ်ယူနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။

“ဒါ... ဘာလဲ” ကောင်လေးသည် အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့ပြီးမှ ခေါင်းမော့၍ စုမင်အားလှမ်းကြည့်လာသည်။

“မင်းရဲ့ပစ္စည်းတွေကို ငါရနိုင်မှာလား” စုမင် အသာအယာပြန်မေးမိသည်။

ကောင်လေးက စုမင်ကိုကြည့်၍ မျက်နှာထားတင်းတင်းဖြင့် ပြောသည်။ “ရနိုင်တယ်။ ဒါပေမယ့် ပစ္စည်းရဲ့ အကျိုးသက်ရောက်မှုတွေအပေါ်မှာ မူတည်တယ်”

“ပစ္စည်းရဲ့နာမည်ကိုတော့ ငါမသိဘူး။ ဒါပေမယ့် သူ့အကျိုးသက်ရောက်မှုတွေကတော့ တော်တော်လေးရိုးရှင်းတယ်။ အဲဒါက မာန်အမှတ်အသားတွေလိုမျိုး ပုံရိပ်ယောင်အရာတွေအကုန်လုံးကို စုပ်ယူနိုင်တယ်။ သူ့အထဲမှာ ရှာမန်တစ်ယောက်ရဲ့ မြင့်မြတ်သားရဲ ဆေးမင်ကြောင်တစ်ခုတောင် ရှိတယ်” စုမင် သက်ပြင်းဖွဖွချလျက် ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

“အဲလိုလား။ ဒီပစ္စည်းကို လေ့လာကြည့်တုန်းက ရှာမန်အရှိန်အဝါ အရိပ်အမြွက်ကို ဘာကြောင့်ရနေတာလဲလို့တောင် ငါကတွေးနေတာ... ဒီပစ္စည်းက မယုံနိုင်လောက်အောင်တော့ အသုံးဝင်မှာမဟုတ်ဘူး။ ပြီးတော့ သူ့အပေါ်မှာ အက်ကြောင်းတစ်ခုလည်းရှိနေတာမို့လို့ သူအရာဝတ္ထုတွေကို ဘယ်လောက်စုပ်ယူနိုင်လဲဆိုတာ အကန့်အသတ်ရှိလိမ့်မယ်။ အကန့်အသတ်ကိုကျော်သွားရင် အဲဒါက ကျိုးပဲ့ပျက်စီးသွားလိမ့်မယ်။ ဒါပေမယ့် ဒီဟာက တစ်ကယ့်ကိုရှားပါးပစ္စည်းတစ်ခုပဲ”

“ဒါပေမယ့် မင်းငါ့ပစ္စည်းတွေအကုန်လုံးတော့ မရနိုင်ဘူး။ ဒီလိုဆိုရင်ရော... ပင်လယ်အဆီအနှစ်ကလွဲလို့ ဒီပစ္စည်းတွေထဲက တစ်ခြားတစ်ခုခုကို မီးတောက်မျောက်ဝံနဲ့ တွဲယူနိုင်တယ်” ကောင်လေးက လေးနက်စွာ ခေါင်းညိတ်ပြသည်။

ထို့နောက် သူက စုမင်ကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်ရှင်းပြသည်။ “ငါ မင်းကို အခွင့်အရေးယူနေတာ မဟုတ်ဘူးနော်။ ဒါက ရှားပါးတယ်လို့ ယူဆလို့ရတဲ့ ပစ္စည်းတစ်ခုသက်သက်ပဲ။ အက်ကြောင်းတစ်ခုရှိနေလို့ အဲဒါကို အနာအဆာရှိတဲ့ပစ္စည်းလို့တောင် ယူဆလို့ရတယ်။ အဲဒါက နောက်ထပ် ပုံရိပ်ယောင်အရာအများကြီး စုပ်ယူနိုင်တော့မှာမဟုတ်ဘူး။  ငါ့အတွက်တော့ အဲဒါရဲ့ အကြီးမားဆုံးအသုံးဝင်မှုက လေ့လာဖို့ရည်ရွယ်ချက်အတွက်ပဲ”

“ဒါပေမယ့် မင်းမှာထပ်ရှိသေးတယ်ဆိုရင်တော့ ငါတို့စကားဆက်ပြောလို့ရသေးတယ်” ကောင်လေးက စကားဆုံးသည်နှင့် စုမင်ကို လေးနက်သိမ်မွေ့စွာပြုံးပြလိုက်သည်။

“ငါ့မှာ တစ်ခုပဲရှိတယ်” ကောင်လေး ကမ်းလှမ်းသောပစ္စည်းများကို စုမင်ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်က မီးတောက်မျောက်ဝံအပေါ် ကျရောက်သွားပြီးမှ အကြည့်လွှဲလိုက်သည်။ “အဲဒါ ငါ့ကို ငါ့ဆရာပေးခဲ့တာပဲ” စုမင် ထပ်ပေါင်းပြောကြားလိုက်သည်။ ပစ္စည်းများထံမှ အကြည့်လွှဲလိုက်ပြီးသည်နှင့် ကောင်လေးအား ပြန်ကြည့်လိုက်သည်။

“အိုး... မင်းဆရာက ဘယ်သူများလဲ” ကောင်လေးသည် လက်ထဲမှ ဝိညာဉ်လုယက်ကို ဆော့ကစားနေရင်း မျက်နှာထက်တွင် အပြုံးတစ်ခုနှင့်အတူ အမှတ်တမဲ့မေးလိုက်သည်။

“ငါ့ဆရာက ထျန်းရှဲ့ကျီလေ။ သူက ငါ့အပေါ် အရမ်းကာကွယ်ပေးတဲ့ လူတစ်ယောက်ပဲ”

သူဘယ်သူလဲဆိုသည်ကို စုမင်ဖုံးကွယ်မထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤအရာက လျှို့ဝှက်ထားရန် ခဲယဉ်းသောအရာတစ်ခုလည်း ဖြစ်သည်။ အကယ်၍ အနောက်ပိုင်းပင်လယ်ကလန်ကသာ ထိုအကြောင်းကိုသိချင်ခဲ့လျှင် ဤမှောင်မည်းနေသော အခန်းအတွင်းကျင်းပသော လေလံပွဲထဲရှိ စုမင်အကြောင်းအား စုံစမ်းနိုင်ရန် ခဲယဉ်းလိမ့်မည် မဟုတ်ပေ။

ပိုအရေးကြီးသည်မှာ ထျန်းရှဲ့ကျီ၏ အစစ်အမှန်အဆင့်အတန်းနောက်ကွယ်တွင် တစ်ခုခုရှိနေသည်ဟု စုမင်ခံစားမိနေခြင်းဖြစ်သည်။ ထိုအရာသည် သူ့ဆရာအား ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံစံဖြင့် တွေ့မြင်ခဲ့ရချိန်တွင် ခံစားမိခဲ့ခြင်းဖြစ်ပြီး လူရိုင်းများ၏ နယ်မြေဆီသို့ ခရီးစဉ်အတွင်း သူ့အတွေးများက ပိုမိုသေချာလာခဲ့သည်။

ထို့အပြင် နေ့အချိန်တွင်ကျင်းပခဲ့သော အကြီးစားလေလံပွဲအတွင်း ရှိနေသော သဲလွန်စအချို့မှတစ်ဆင့် ထူးဆန်းသောအရာတစ်ချို့ကိုလည်း စုမင်တွေ့ရှိခဲ့သည်။ ပထမတစ်ခုသည် အနောက်ပိုင်းပင်လယ်ကလန်မှ ကလန်အကြီးအကဲ၏ လုပ်ရပ်များဖြစ်ပြီး နောက်တစ်ခုကတော့ အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီး၏ ဒုတိယသခင်လေးဆိုသူထံမှ သူ့အပေါ် တရင်းတနှီးအပြုအမူများပင် ဖြစ်သည်။

ထိုအရာများအားလုံးသည် သူ့ကြောင့်ဖြစ်ပျက်ခဲ့သည်ဟုတော့ စုမင်တစ်စက္ကန့်လေးတောင် မယုံကြည်ပေ။

ထျန်းရှဲ့ကျီဟူသော အမည်ကို စုမင်ပြောလိုက်သည့် အခိုက်အတန့်တွင် ကောင်လေး၏မျက်နှာပေါ်မှ အပြုံးက အေးခဲသွားခဲ့သည်။ သူ့မျက်နှာပေါ်မှ ဂရုမစိုက်ဟန်အမူအယာသည်လည်း ထိတ်လန့်တုန်လှုပ်မှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ထဲရှိ ဝိညာဉ်လုယက်ကို ငုံ့ကြည့်လိုက်မိပြီးနောက် စုမင်အား ပြန်ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် မပီမသအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“မင်းက နဝမတောင်ထွတ်ရဲ့ စုမင်လား... အာ... ကျေးဇူးပြုပြီး မင်းဆရာကို ငါနှုတ်ဆက်တယ်လို့ပြောပေးပါဦး... အား ကောင်းပြီလေ။ ဒီပစ္စည်းတွေထဲက တစ်ခြားတစ်ခုကို မင်းရွေးနိုင်တယ်” ကောင်လေးက ခေါင်းခါယမ်းလိုက်သည်။

စုမင်၏နှလုံးခုန်သံများ လျင်မြန်သွားရသည်။ သူစကားပြောရန်ပြင်လိုက်စဉ်မှာပင် သူ့ဘေးရှိထျန်းလန်မုန်ထံမှ အသာအယာချောင်းဟန့်သံ ထွက်ပေါ်လာသည်။

“မီးတောက်မျောက်ဝံနဲ့ ပင်လယ်အဆီအနှစ် ငါးစက်လိုချင်တယ်”

ကောင်လေးသည် ခဏတာတွန့်ဆုတ်သွားပြီးမှ ခေါင်းခါယမ်းလျက် ပြောလာသည်။ “ငါမင်းကို မီးတောက်မျောက်ဝံ ပေးနိုင်တယ်။ ဒါပေမယ့် ပင်လယ်အဆီအနှစ်ကိုတော့ အဲလောက်အများကြီးမပေးနိုင်ဘူး... သုံးစက်ပဲ။ အဲဒါတောင် ငါ စီနီယာထျန်းရှဲ့ကျီကြောင့် ပေးတာနော်”

“ကောင်းပြီလေ။ အဲဒါဆိုလည်း ကျွန်မတို့ သုံးစက်ပဲယူတာပေါ့” ထျန်းလန်မုန်က စုမင်ကို မျက်လုံးတစ်ဖက်မှိတ်ပြကာ အလျင်အမြန်ပြောလိုက်သည်။

ကောင်လေးသည် ပျင်းရိဖွယ်စကားများပြော၍ အချိန်ဖြုန်းမနေတော့ချေ။ ညာလက်ကိုမြှောက်၍ ကျောက်စိမ်းပုလင်းကို ဆွဲယူလိုက်သည်။ ထို့နောက် ၎င်းကိုဖွင့်၍ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခါလိုက်ရာ အပြာရောင်အရည်စက်သုံးစက်က စုမင်ထံ ပျံသန်းလာသည်။ ထျန်းလန်မုန်က လက်ကိုအလျင်အမြန်မြှောက်လိုက်ရာ သူမလက်ထဲတွင် ရေခဲပုလင်းတစ်လုံး ပေါ်လာခဲ့သည်။ အရည်စက်သုံးစက်သည် ပုလင်းအတွင်းသို့ ကွက်တိကျရောက်သွားပြီး ရေခဲပုလင်းသည် အပြာရင့်ရောင်အဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

ထို့နောက်ကောင်လေးက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ သံကြိုးက စုမင်ထံပျံသန်းလာခဲ့ပြီး စုမင်က ထိုအရာကိုဖမ်းယူလိုက်သည်။

သံကြိုးကို ဖမ်းလိုက်မိသည့်အခိုက်အတန့်မှာပင် စုမင်စိတ်တို့ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သံကြိုးအဆုံးမှ မီးတောက်မျောက်ဝံ၏ သေခြင်း၊ ရှင်ခြင်းကို သူဆုံးဖြတ်နိုင်သည်ဟူသော ခံစားချက်တစ်ခုက စုမင်နှလုံးသားအတွင်း ပေါ်လာခဲ့၏။ အတွေးတစ်ချက်နှင့်ပင် ထိုမီးတောက်မျောက်ဝံလေးက ချက်ချင်းသေသွားပေလိမ့်မည်။

“ငါမင်းကို ဒီသံကြိုးခဏငှါးလိုက်မယ်။ ဒါပေမယ့် သိပ်တော့မကြာဘူးနော်။ မီးတောက်မျောက်ဝံကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို တတ်နိုင်သမျှ အမြန်ဆုံးရှာ၊ အဆင်ပြေပြီဆိုတာနဲ့ သံကြိုးကို ကောင်းကင်ပေါ်ပစ်လိုက်။ ငါ့ဆီကို သူ့ဘာသာပြန်လာလိမ့်မယ်”

“မျောက်ဝံက ရိုင်းတယ်။ သေချာဂရုစိုက်” စကားဆုံးသည်နှင့် ကောင်လေးရှေ့မှ ဝေဝါးနေသောလေဟာနယ်က ပျောက်ကွယ်သွားပြီး အခြားသူများအနေဖြင့် သူ့မျက်နှာကို ပြန်မြင်လိုက်ရပြီး၊ သူ့အသံကို နောက်တစ်ကြိမ်ပြန်ကြားလိုက်ရသည်။

လူသုံးဦးကြားမှ ဆွေးနွေးမှုများနှင့် သူတို့အမူအယာများကိုတော့ မည်သူတစ်ဦးတစ်ယောက်မှ မမြင်၊မကြားခဲ့ပေ။ ၎င်းသည် ဤအသေးစားလေလံပွဲမှ ပြုလုပ်ပေးထားသည့် အထူးအစီအစဉ်ဖြစ်သည်။ ထိုအရာက ဆွေးနွေးညှိနှိုင်းရန် ပါဝင်သူများ၏ ကိုယ်ရေးကိုယ်တာအတွက် ထည့်သွင်းစဉ်းစား၍ ပြုလုပ်ပေးထားသော ကာကွယ်မှုဖြစ်သည်။

အခန်း၏ တစ်ဖက်တစ်ချက်မှလူများသည်လည်း ထိုအကြောင်းနှင့်ပက်သက်၍ အရမ်းဂရုမစိုက်ခဲ့ပေ။ ၎င်းတို့အထဲမှ အချို့သည်သာ စုမင်နှင့်ထျန်းလန်မုန်တို့ထံ လှမ်းကြည့်လာကြသော်ငြား ၎င်းတို့အကြည့်များက မည်သို့မည်ပုံဖြစ်နေမှန်း အတိအကျလေ့လာစစ်ဆေးနိုင်ရန် ခက်ခဲကြောင်း စုမင်တွေ့လိုက်ရသည်။

အဆုံးတွင်တော့ ဤလူများနှင့်ယှဉ်လျှင် သူက အတွေ့အကြုံ နုနယ်နေဆဲဖြစ်သည်။

စုမင်သည် နောက်လေလံပွဲများတွင် ပါဝင်ခြင်းမရှိတော့ပေ။ ထိုအစား လူများထုတ်ယူလာသည့် ရှားပါးသောပစ္စည်းများကိုသာ ထိုင်ကြည့်နေခဲ့သည်။ ၎င်းတို့အထဲမှ အချို့ဆိုလျှင် စုမင်၏နှလုံးခုန်သံများကိုပင် လျင်မြန်လာစေခဲ့သော်ငြား ထိုပစ္စည်းများနှင့်လဲလှယ်ရန် သူ့တွင်မည်သည့်အရာမှမရှိတော့ချေ။ ကျောက်ဒင်္ဂါးများကို အရောင်းအဝယ်နည်းလမ်းအဖြစ် သုံးရန် အကြံပြုခဲ့သူ အနည်းငယ်သာရှိသည်။ ၎င်းတို့အထဲမှ အများစုသည်တော့ ကုန်စည်ဖလှယ်ချင်းစနစ်ကိုသာ

သဘောကျကြသည်။

“ကျွန်တော်က ပစ္စည်းအများကြီး ထုတ်ပြမှာမဟုတ်ပါဘူး။ အဲဒီအစား ပစ္စည်းတစ်ခုတည်းပဲ ရောင်းမှာပါ”

ထိုနေရာတွင်ရှိသူအားလုံးသည် တစ်ခုခုကိုရောင်းနိုင်သည့် အခွင့်အရေးရှိပေသည်။ သူတို့ထိုအရာကို ဘာအတွက်ရောင်းချလိုသည်ဆိုတာကိုလည်း ပြောဆိုနိုင်ကြသည်။ ထိုအချိန်တွင် ပြောလိုက်သူသည်တော့ စုမင်တို့ဘက်တွင် ထိုင်နေသူတစ်ယောက်ဖြစ်သည်။

ထိုလူ့ခန္ဓာကိုယ်က မှုန်ဝါးနေပြီး သူ့ပုံစံကိုလည်း ရှင်းရှင်းလင်းလင်းမမြင်ရချေ။ သူ့အသံက အိုမင်းခြင်းမရှိသေးသော်လည်း ထိုအစား တစ်ဖြည်းဖြည်း ပျံ့လွင့်လာသကဲ့သို့ ခံစားရသည်။  သူ့စကားထဲတွင် စည်းချက်တစ်ချို့ရှိနေခဲ့သည်။

စကားဆုံးသည်နှင့် ထိုလူသည် ညာလက်ကိုမြှောက်၍ သူ့ရှေ့ရှိလေဟာနယ်ကို ညွှန်ပြလိုက်သည်။ သူညွှန်ပြလိုက်သော လေဟာနယ်သည် ချက်ချင်းတွန့်လိမ်ပုံပျက်သွားပြီး ထိုအထဲမှ ပုလင်းလေးတစ်လုံး ပျံဝဲထွက်ပေါ်လာသည်။

ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုပုလင်းသည် တစ်ဖြည်းဖြည်း ထွင်းဖောက်မြင်ရသည်အထိ ကြည်လင်လာပြီး ပုလင်းက သူ့ဘာသာဖြည်းညင်းစွာပွင့်သွားခဲ့သည်။ ပုလင်းထံမှ ဆေးရနံ့တစ်မျိုး ပျံ့နှံ့လာပြီး မှောင်မည်းနေသော အခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ ဆေးပုလင်း၏ ကိုယ်ထည်က တစ်ဖြည်းဖြည်းထွင်းဖောက်မြင်ရလာပြီး ၎င်းအပေါ်သို့ လူအားလုံး၏ အကြည့်များရောက်ရှိသွားသောအခါ ပုလင်းထဲတွင် လက်သည်းခွံအရွယ်အစားရှိ လုံးဝန်းသောအရာလေးခုအား ရှင်းရှင်းလင်းလင်း မြင်လု်က်ကြရသည်။

‘ဆေးလုံးတွေလား’

ဤအသေးစားလေလံပွဲလေးထဲမှာပင် သူ့ကို ယခုလိုအကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေမည့် အရာနှစ်ခုရှိနေလိမ့်မည်ဟု စုမင် မမျှော်လင့်ထားခဲ့မိပါချေ။

***

All Chapters