အခန်း (၈၄၉-၈၅၀)
Vol. 68 Ch. 849-850
အခန်း ၈၄၉- ကောလာဟလက ကျားထက် ကြောက်စရာကောင်းတယ်၊ ပြန်လည်ကျန်းမာရေးအစီအစဉ်နှင့် တားမြစ်ကျွန်း
နတ်သူငယ်များသည် သဘာဝတရားထဲတွင် နေထိုင်ကြသူများဖြစ်ရာ သူတို့မြင်တွေ့သမျှမှာ သဘာဝရှုခင်းများသာဖြစ်ပေသည်။
သို့သော် ရှောင်းယီ၏ ကျွန်းပေါ်သို့ ရောက်ရှိလာသောအခါ သူတို့ရှေ့မှ မြင်ကွင်းသည် မြင့်မားလှသော အဆောက်အဦးများအဖြစ် ပြောင်းလဲသွားပြီး သဘာဝတရား၏ မူလအသွင်အပြင်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
တည်နေရာကူးပြောင်းခြင်းနှင့် ဆေးရုံကြားတွင် အကွာအဝေး အနည်းငယ် ရှိနေသေးသဖြင့် ရှောင်းယီသည် ဟေးလ်နှင့် အခြားသူများကို အပန်းဖြေစခန်းသုံး ကားဖြင့် ဆေးရုံသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့၏။
ယီရန်ပင်းမဟာမိတ်အတွင်း၌ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုသူ အလွန်နည်းပါးသဖြင့် အစီအရင်အနီးရှိ မည်သူမျှ ဟေးလ်တို့ကို သတိမထားမိခဲ့ကြပေ။
သို့သော် ဆေးရုံသို့ ရောက်သောအခါတွင်မူ အခြေအနေမှာ လုံးဝ ကွဲပြားသွားတော့သည်။
လူဟူသည် အစားအစာကို မှီဝဲနေရသူများ ဖြစ်သည့်အတွက် အသေးအဖွဲ ဝေဒနာများမှာ အမြဲရှိနေတတ်ရာ ဆေးရုံတွင် လူမပြတ်ပေ။
ရှောင်းယီသည် ဟေးလ်တို့ကို ခေါ်ဆောင်၍ ဓာတ်လှေကားထဲသို့ ဝင်လိုက်သောအခါ ဓာတ်လှေကားစီးနေသော အခြားလူသားများနှင့် ရင်ဆိုင်တိုးကြတော့လေသည်။
ထူးခြားလှပပြီး နားရွက်ချွန်ချွန်များရှိသည့် နတ်သူငယ်များကို မြင်လိုက်ရသောအခါ လူများမှာ ချက်ချင်းပင် မှင်တက်သွားကြတော့၏။
ရှောင်းယီက ဟေးလ်တို့ကို ဦးဆောင်၍ ထွက်သွားပြီးမှသာ ဓာတ်လှေကားထဲမှ ခရီးသည်များ သတိဝင်လာကြတော့သည်။
“ငါ ခုနက ဘာမြင်လိုက်တာလဲ။”
“နတ်သူငယ်တွေပဲ။ သုံးယောက်တောင်...။ သူတို့က အရမ်းလှတာပဲ။ ငါ့မျက်နှာကိုလည်း အဲ့လိုဖြစ်အောင် ခွဲစိတ်လို့ရရင် ကောင်းမယ်။”
“တစ်ယောက်ယောက်က နတ်သူငယ်တွေနဲ့ တွေ့ခဲ့တယ်လို့ ပြောတုန်းက ငါမယုံခဲ့ဘူး။ အခုတော့ နတ်သူငယ်တွေ တကယ်ရှိနေတာပဲ။”
“ယီရန်အင်းကတော့ တကယ့်ကို အံ့ဩစရာပဲ။ အခု သူက နတ်သူငယ်တွေနဲ့တောင် တွဲနေပြီ။ သူကတော့ တကယ့်ကို ခေတ်ရှေ့ပြေးနေတာပဲ။”
ဤကိစ္စသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး ယီထျန်းဂရုထဲတွင်ပင် လူတိုင်း ဆွေးနွေးနေခဲ့ကြ၏။ သို့သော် ဆွေးနွေးချက်များမှာ လမ်းကြောင်း လွဲကုန်ကြတော့သည်။
“ယီရန်ပင်းရဲ့ ဆေးရုံမှာ နတ်သူငယ်တွေ ပေါ်လာတယ်။ ငါကတော့ သူတို့ကိုယ်ဝန်ဖျက်ချတာလို့ သံသယရှိနေကြတယ်။”
“ဟား... ဒီသူဌေးကတော့ တကယ် ရက်စက်တာပဲ။ လိုချင်တာရပြီးရင် အကုန်ငြင်းတော့တာပဲလား။ တကယ့် လူယုတ်မာပဲ။”
“ပြီးတော့ တစ်ခါတည်းနဲ့ သုံးယောက်တောင်။ တောက်... ဒီသူဌေးကတော့ မိန်းမတွေအများကြီးနဲ့ စည်းစိမ်ခံဖို့ ကြံနေတာပဲ။”
“ငါသာ ယီရန်ပင်းလို အစွမ်းထက်ရင် မိန်းမတွေနဲ့ ပွေတာ ဘာဖြစ်လဲ။”
“ဝူး... လူယုတ်မာ။”
“မင်း အဲ့လိုပြောလို့မရဘူးလေ။ မျိုးပွားခြင်းဆိုတာ သတ္တဝါတိုင်းရဲ့ ဗီဇပဲ။ မျိုးနွယ်စုတစ်ခုက မျိုးပွားဖို့ ပြဿနာရှိရင် ကျဆုံးမှာပဲလေ။ မဟုတ်ရင် ငါတို့အရင်ကမ္ဘာမှာ ဘာလို့ ကလေးနှစ်ယောက်၊ သုံးယောက်ယူဖို့ မူဝါဒတွေ ထုတ်ခဲ့မှာလဲ။”
ဆုဝမ်သည်လည်း ထိုဆွေးနွေးချက်များကို သတိပြုမိသွားသဖြင့် ထိုမှတ်ချက်များကို ဓာတ်ပုံရိုက်ကာ ရှောင်းယီထံ ပို့ပေးလိုက်လေသည်။
ရှောင်းယီသည် ထိုမှတ်ချက်များကို မြင်သောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။
“ဦးလေးအန်းကို ရှင်းခိုင်းလိုက်ပါ။”
“ဟုတ်ကဲ့။”
ဆုဝမ်၏ သတင်းစကားကို ရရှိပြီးနောက် အန်းယွဲ့မှာ ခဏမျှ ကြောင်အသွားပြီးမှ လူများကို ဆေးရုံသို့ ချက်ချင်း ခေါ်သွားခဲ့၏။ အခြေအနေကို နားလည်ပြီးနောက် နတ်သူငယ်များအကြောင်း အထူးအစီအစဉ်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်တော့လေသည်။
၎င်းကို ရေဒီယိုနှင့် ရုပ်သံလိုင်းများတွင် အသီးသီး၌ ထုတ်လွှင့်ခဲ့လေသည်။
“မင်းတို့တွေကတော့ ပုံပြင်ပြောတာ တော်တော်ဝါသနာပါတာပဲ။ အခုပဲ ယီရန်ပင်းမဟာမိတ်က ရှင်းလင်းချက် ထုတ်လိုက်ပြီ။ ရေဒီယိုနဲ့ ဗီဒီယိုတွေမှာ ကြည့်လို့ရတယ်။”
“ရေဒီယိုနဲ့ ဗီဒီယိုလား။ ဘယ်မှာလဲလား။ ငါ လုံးဝ မတွေ့မိပါဘူး။”
“မင်းမှာ ရေဒီယို ဒါမှမဟုတ် တီဗီ ရှိဖို့တော့ လိုတာပေါ့။ ဒါမှမဟုတ် ဖုန်းတစ်လုံး ဝယ်လိုက်လေ။”
“တောက်... ငါ့မှာ အဲ့ဒါတွေ တစ်ခုမှ မရှိဘူးဟ။”
“ဒါဆိုရင် မင်း ဘာကြည့်နေတာလဲ။ ဒါပေမဲ့ သူဌေးရဲ့ ဖုန်းက အရမ်းလန်းတာနော်။ အွန်လိုင်းရေဒီယိုတင် နားထောင်လို့ရတာ မဟုတ်ဘူး၊ အွန်လိုင်းကနေ တီဗီပါ ကြည့်လို့ရတယ်။”
“ဟုတ်တယ်...။ ငါ အရင်က ဝယ်ထားတဲ့ဖုန်းက တကယ်တန်တယ်။”
“တကယ်ကြီး အဲ့လောက်တောင် ကောင်းတာလား။”
“မင်း ဝယ်ကြည့်ရင် သိသွားလိမ့်မယ်။ ငါ ဘယ်လောက်ပြောပြော မင်းယုံမှာမဟုတ်ဘူး။ ကိုယ်တိုင်မြင်ရတာ အကောင်းဆုံးပဲ။”
အချိန်အတန်ကြာသည်အထိ လူများစွာသည် ဆက်သွယ်ရေးကိရိယာများ ဝယ်ယူရန် စုံစမ်းနေကြသော်လည်း ပြည်တွင်း၌ပင် ပစ္စည်းပြတ်လပ်နေဆဲ ဖြစ်သဖြင့် တစ်ရက်လျှင် အလုံးရေ တစ်ရာသာ ဂရုထဲတွင် ရောင်းချပေးနိုင်တော့လေသည်။
ဝမ်ရှင်းဖုန်းသည်လည်း အခုတလော အလွန်အလုပ်ရှုပ်နေခဲ့သည်။ ကံကောင်းသည်မှာ သူသည် အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ကိုယ်တိုင် ကြီးကြပ်နေရန် မလိုဘဲ လူများကို တပ်ဆင်နည်း သင်ပေးရန်သာ လိုအပ်ခြင်းပင်။
သို့သော်လည်း ဒေသခံများအနေဖြင့် ဤအရာများနှင့် ရင်းနှီးကျွမ်းကျင်ရန် အချိန်ယူရဦးမည်ဖြစ်ရာ ထုတ်လုပ်မှုနှုန်းမှာ နှေးကွေးနေဆဲဖြစ်သည်။
ဝမ်ရှင်းဖုန်းတို့သည် ဆက်သွယ်ရေးကိရိယာ တပ်ဆင်ခြင်းကို ထုတ်လုပ်မှုလိုင်းအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်ကြ၏။ ထိုအခါ အလုပ်သမားတိုင်းသည် တပ်ဆင်မှု အဆင့်အားလုံးကို ကျွမ်းကျင်ရန် မလိုတော့ဘဲ မိမိနှင့် သက်ဆိုင်သည့် အဆင့်တစ်ခုတည်းကိုသာ ကျွမ်းကျင်အောင် လုပ်ဆောင်ရန် လိုအပ်တော့လေသည်။
ဤနည်းဖြင့် ဒေသခံများ ရင်းနှီးကျွမ်းကျင်ရန် အချိန်မှာ များစွာတိုတောင်းသွားခဲ့ပြီး ထုတ်လုပ်မှုနှုန်းလည်း မြန်ဆန်လာမည်ဖြစ်သည်။
ဟေးလ်သည် ဉာဏ်ရည်မြင့် စက်ရုပ်ထံမှ စစ်ဆေးမှုကို ခံယူပြီးနောက် သူမအတွက် ပြန်လည်ကျန်းမာရေး အစီအစဉ်တစ်ခု ချမှတ်ပေးခဲ့သည်။ သူမ၏ ဘေးတွင်လည်း အလုပ်သင်ငါးဦးက လေ့လာနေခဲ့ကြ၏။
ဆေးရုံရှိ သင်တန်းသားများသည် လူနာများကို ကိုယ်တိုင် မကုသနိုင်သေးသဖြင့် အလုပ်အများစုကို ဆေးရုံ၏ ဉာဏ်ရည်မြင့် စက်ရုပ်များကသာ လုပ်ဆောင်နေခြင်းဖြစ်သည်။
ရှောင်းယီသည် ပြန်လည်ကျန်းမာရေး အစီအစဉ်ကို ရရှိသောအခါ အကြံပြုချက်များကို ဟေးလ်နှင့် အခြားနှစ်ဦးအား ချက်ချင်း ဘာသာပြန်ပေးလိုက်၏။
ဟေးလ်တို့မှာ ထိုအစီအစဉ်ကို ကြားပြီးနောက် အလွန်အံ့ဩသွားခဲဘကြသည်။ ပြန်လည်ကျန်းမာလာအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများ ဤမျှများပြားနေသည်ကို မသိခဲ့ကြပေ။
အနားယူခြင်း၊ အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေးဝါးအကူအညီ စသည့် ကဏ္ဍစုံအတွက် အသေးစိတ် အစီအစဉ်များ ပါရှိပေသည်။
“ဒီအစီအစဉ်အတိုင်းဆိုရင် ခင်ဗျား အများဆုံး နှစ်ပတ်အတွင်း အရင်လို ပြန်ကောင်းလာပါလိမ့်မယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
ယခင်က နာ့နာ ဟေးလ်ကို ကုသပေးခဲ့စဉ်က ပုံမှန်အတိုင်းပြန်ဖြစ်ရန် အနည်းဆုံး တစ်လကြာမည်ဟု ပြောခဲ့ပေသည်။
သို့သော် ဤနေရာသို့ ရောက်ရှိလာပြီးနောက် အချိန်မှာ တစ်ဝက်တိတိ လျော့ကျသွားခဲ့ပြီဖြစ်သည်။
“ဒါ တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒီကျန်းမာရေး လေ့ကျင့်ခန်းတွေက တကယ်ပဲ အဲ့လောက် ထိရောက်တာလား။”
ဟေးလ်က မမေးဘဲ မနေနိုင်တော့ပေ။
“ဒါကို သိပ္ပံပညာလို့ ခေါ်တယ်လေ။ ခင်ဗျား သိပ္ပံပညာကို ယုံကြည်ရမယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။
“ကဲ... ခင်ဗျားတို့ အရင်နားလိုက်ပါဦး။ အစီအစဉ်မှာပါတဲ့အတိုင်း အစားအသောက်တွေကို ကျုပ် စီစဉ်ပေးပါ့မယ်။ ဖုန်းယု... မင်းတို့နှစ်ယောက် ကျွန်းကိုပတ်ကြည့်ချင်လည်း ကြည့်လို့ရတယ်နော်။”
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”
ဟေးလ်က ဆိုလိုက်သည်။ ထို့နောက် ရှောင်းယီက ခေါင်းငြိမ့်ပြပြီး မေးလိုက်သည်။
“ကျုပ် အဲ့ဒီ တားမြစ်ကျွန်းကို သွားကြည့်မလို့။ ခင်ဗျားတို့ ကန့်ကွက်စရာ ရှိလား။”
“မရှိပါဘူး။ ဒါပေမဲ့ တားမြစ်ကျွန်းက အရမ်းအန္တရာယ်များတယ်။ ရှင် တကယ်ပဲ သွားကြည့်ချင်တာလား။”
ဟေးလ်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
ရှောင်းယီက အနည်းငယ် ပြုံးကာ ပြန်ဖြေလိုက်၏။
“ဟုတ်တယ်၊ အဲ့ဒီ တားမြစ်ကျွန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက အသက်ရှင်ကျန်ရစ်သူ တစ်ယောက် ချန်ထားခဲ့တဲ့ ကျွန်းဖြစ်ဖို့ များတယ်။”
ဒိုယာက ရှောင်းယီကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိ၏။
“အကယ်၍ အဲဒါက အပြင်လူတစ်ယောက်ရဲ့ ကျွန်းဆိုရင် အဲဒီလူက ဘာလို့ အဲဒီမှာ မရှိတော့တာလဲ။”
“အခုလောလောဆယ်တော့ ကျုပ်လည်း မသေချာသေးဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ခန့်မှန်းချက်အရ ကျုပ်တို့ အပြင်လူတွေက ဒီမှာ ထာဝရ ရှိနေမှာ မဟုတ်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ထာဝရ ရှိနေမှာ မဟုတ်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ။”
ဟေးလ်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်၏။
“တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက အပြင်လူက အဲ့ဒီအချိန်က နတ်သူငယ်ဘုရင်မကို လိမ်ညာခဲ့တာ မဟုတ်ဘဲ သူကိုယ်တိုင်က မခုခံနိုင်တဲ့ အင်အားစုတစ်ခုရဲ့ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရတာလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် သူ မသွားချင်ရင်တောင် မနေနိုင်ခဲ့တာ ဖြစ်လိမ့်မယ်။”
“ဆိုလိုတာက ကျွန်မတို့ရဲ့ ဘုရင်မရှီးစီစောင့်နေတဲ့သူကလည်း ဒီမခုခံနိုင်တဲ့ အင်အားစုကြောင့် ခေါ်ဆောင်သွားခံလိုက်ရတာပေါ့။”
ဟေးလ်က တုန်လှုပ်စွာ မေးလိုက်သည်။
“အရမ်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျုပ် ပြောခဲ့သလိုပဲ အပြင်လူတွေမှာ လူကောင်းရော၊ လူဆိုးရော ရှိနိုင်တယ်။ ဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ။ အခြေအနေကို သေသေချာချာ မသိသေးဘဲနဲ့ အလောတကြီး မဆုံးဖြတ်ပါနဲ့ဦး။”
ရှောင်းယီက ပခုံးတွန့်ရင်း ပြန်ဖြေလိုက်၏။ ဟေးလ်နှင့် အခြားသူများမှာ ငိုင်ကျသွားခဲ့ကြလေသည်။
ခဏကြာပြီးနောက် ဖုန်းယုက မော့ကြည့်ကာ မေးလိုက်သည်။
“ဒါဆို တစ်နေ့ကျရင် ရှင်လည်း ဒီကမ္ဘာထဲကနေ ထွက်သွားရမှာလား။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်ပြီး သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ ကျုပ်တို့ရဲ့ အခု ခန့်မှန်းချက်တွေအရတော့ အဲ့ဒီအတိုင်းပဲ။ ဒါပေမဲ့ သွားဖို့ကတော့ အချိန်အများကြီး လိုပါသေးတယ်။”
“ဒါဆို အဲ့ဒီ မခုခံနိုင်တဲ့ အင်အားစုဆိုတာ ဘာလဲဆိုတာ ရှင်သိလား။”
ဟေးလ်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။
“ဒါကို ဘယ်သူမှ မသိကြဘူး။ ဒါမှမဟုတ် ကျုပ်တို့တွေက သိဖို့ အရည်အချင်း မပြည့်မီသေးတာလည်း ဖြစ်နိုင်တယ်။”
အခန်း ၈၅၀- တားမြစ်ကျွန်းကို စူးစမ်းလေ့လာခြင်းနှင့် ပျက်စီးနေသော အုတ်မြစ်ကျောက်များ
“အရည်အချင်း မပြည့်မီဘူး ဟုတ်လား။”
ဟေးလ်နှင့် အခြားနှစ်ဦးမှာ တပြိုင်နက်တည်း မေးလိုက်ကြ၏။ ရှောင်းယီက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး ပြောလိုက်သည်။
“မှန်တယ်။ ခင်ဗျားတို့မှာ အရည်အချင်း မပြည့်မီသေးဘူး။ ဒီလို ရှင်းပြကြည့်ရအောင်... ကျုပ်တို့ဆီမှာ အဆင့်မြင့်အစားအစာတွေ ဒီလောက်အများကြီး ရှိနေတာဟာ ‘ကမ္ဘာ့စည်းမျဉ်းများ’ လို့ ကျုပ်တို့ခေါ်တဲ့ မခုခံနိုင်တဲ့ အင်အားစုတစ်ခုကြောင့်ပဲ။”
“အလင်းစမ်းရေလည်း အပါအဝင်လား။”
ဟေးလ်သည် ယနေ့တွင် သူမ အလွန်လျှို့ဝှက်နက်နဲသောအရာများကို သိရှိနေရသကဲ့သို့ ခံစားနေရ၏။
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“အတိအကျပဲ။ ကျုပ်တို့ကျွန်းပေါ်က အရာအားလုံးနီးပါးဟာ ကမ္ဘာ့စည်းမျဉ်းတွေနဲ့ ဆက်စပ်နေတာတွေချည်းပါပဲ။”
“အဲဒီ အထပ်မြင့်အဆောက်အဦးတွေလည်း အပါအဝင်ပေါ့။”
ဒိုယာက မမေးဘဲ မနေနိုင်တော့ပေ။ ဒိုယာသည် သူမမေးနေသည်မှာ သိသာထင်ရှားသောအရာဖြစ်ကြောင်း သိသော်လည်း ဤအရာအားလုံးကို ယုံကြည်ရန် ခက်ခဲနေဆဲပင်။
“အဲဒါကြောင့်ပဲ ကျုပ်က အဲဒီ တားမြစ်ကျွန်းကို သွားကြည့်ဖို့ ပိုပြီးလိုအပ်တာပါ။ တစ်ခုခု သဲလွန်စများ ရမလားလို့လေ။ ဒါက ကျုပ်တို့ရဲ့ အနာဂတ်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ဖို့အတွက် အရမ်းအရေးကြီးတယ်။”
ရှောင်းယီက ခေါင်းအနည်းငယ် ငြိမ့်ရင်း ပြောလိုက်သည်။
ထိုအခါ ဟေးလ်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်၏။
“ကောင်းပါပြီ၊ အဲဒီ တားမြစ်ကျွန်းက ကျွန်မတို့နဲ့လည်း မဆိုင်ပါဘူး။ တကာ်တော့ ရှင့်အနေနဲ့ ကျွန်မတို့ရဲ့ သဘောထားကို မေးနေစရာတောင် မလိုပါဘူး။ သွားတဲ့အခါမှာတော့ သတိထားပါ။”
“ဒါဆို အတည်ဖြစ်သွားပြီ။ ကျုပ် အရင်ပြန်နှင့်ပါဦးမယ်။”
ထို့နောက် ရှောင်းယီ ဆေးရုံမှ ထွက်ခွာသွားခဲ့သည်။
ရှောင်းယီ ထွက်သွားသည်ကို ကြည့်ပြီး ဒိုယာက မပြောဘဲ မနေနိုင်တော့ဘဲ ပြောလိုက်မိ၏။
“အဆင့်မြင့်အစားအစာတွေကို ဒီလောက်တောင် ဖန်တီးပေးနိုင်တဲ့ တခြားအဖွဲ့အစည်းက ဘယ်သူတွေလဲ။ ဘုရင်မ... သူတို့ဆိုတာ ‘အဲ့ဒီသူတွေ’ ဖြစ်နိုင်မယ် ထင်လား။”
ဟေးလ်က ခေါင်းခါလိုက်လိုက်သည်။
“ငါမသိဘူး။ ဒါပေမဲ့ သူတို့တောင်မှ ဒီအဆင့်အထိ လုပ်နိုင်မယ်လို့ ငါမထင်ဘူး။”
ဒိုယာက မျက်မှောင်ကျုံ့ကာ စကားစရပ်သွားခဲ့သည်။ ဘေးတွင်ရပ်နေသော ဖုန်းယုမှာမူ လုံးဝ ပဟေဠိ ဖြစ်နေတော့လေသည်။
ဘုရင်မနဲ့ အကြီးအကဲတို့ ပြောနေတဲ့ ‘အဲ့ဒီသူတွေ’ ဆိုတာ ဘယ်သူများပါလိမ့်။
သူတို့၏ အင်အားမှာ အံ့ဩလောက်အောင် ကြီးမားရမည်မှာ သေချာလှပေသည်။
ဆေးရုံမှ ထွက်လာပြီးနောက် ရှောင်းယီသည် စစ်စခန်းသို့ သွားကာ ကျန်းရွှဲ့ကို ရှာလိုက်၏။
“အစ်မရွှဲ့ လူ ၁၀ ယောက်ပါတဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ပြင်ဆင်လိုက်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပိုင်ဆိုင်ခဲ့မယ်လို့ ယူဆရတဲ့ ကျွန်းတစ်ကျွန်းကို ကျုပ် သွားရောက်စူးစမ်းချင်နေတယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် ကျန်းရွှဲ့က ပြန်ဖြေပြီး တပ်ဖွဲ့ကို ချက်ချင်း လူစုလိုက်၏။
ရှောင်းယီသည် ထိုတပ်ဖွဲ့ကို ခေါ်ဆောင်ကာ မြို့ပြန်ကျောက်ကို သုံးပြီး ရှုံးတိ၏ သင်္ဘောပေါ်သို့ တိုက်ရိုက်ကူးပြောင်းသွားလိုက်လေသည်။ ထို့နောက် ရှုံးတိ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ လေကြောင်းခံတပ်ကို လဲလှယ်ယူလိုက်သည်။
ဤတစ်ကြိမ်တွင် ရှောင်းယီသည် ဟေးလ်ပြောပြသော တားမြစ်ကျွန်းကို စူးစမ်းရန်အတွက် လေကြောင်းခံတပ်ကို အသုံးပြုရန် စီစဉ်ထားခြင်းဖြစ်သည်။
တောထဲတွင် အဆင့်မြင့်သားရဲတိရစ္ဆာန်များ များပြားလွန်းလှသဖြင့် ကုန်းလမ်းကြောင်းမှ စူးစမ်းခြင်းမှာ အလွန်အန္တရာယ်များလှပေသည်။
ရှောင်းယီ တားမြစ်ကျွန်းကို သွားရောက်စူးစမ်းမည့်အကြောင်း သိလိုက်ရသောအခါ ရှုံးတိသည်လည်း ချက်ချင်းပင် စေတနာ့ဝန်ထမ်း လိုက်ပါလိုကြောင်း ပြောလာခဲ့လေသည်။
“ကျွန်းပိုင်ရှင် ကျုပ်ကိုပါ ခေါ်သွားပါ။ ဒီမှာ ကာကွယ်ရေးအတွက် အားလုံး စီစဉ်ပြီးပါပြီ။”
“ကောင်းပြီလေ၊ လိုက်ခဲ့ပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
နတ်သူငယ်တိုက်ကြီးပေါ်တွင် အခြားလူသား အင်အားစုများ မရှိသဖြင့် လူအများကြီး ကျန်နေခဲ့ရန် မလိုပေ။
ရှောင်းယီနှင့် အခြားသူများသည် လေကြောင်းခံတပ်ပေါ်သို့ တက်လိုက်ကြပြီးနောက် ဟေးလ်ပေးထားသော ကိုဩဒိနိတ်များအတိုင်း တားမြစ်ကျွန်းဆီသို့ ဦးတည်ပျံသန်းခဲ့ကြတော့လေသည်။
“အားလုံး သတိထားကြ။ ဒီကျွန်းပေါ်က သတ္တဝါတွေရဲ့ အဆင့်က အရမ်းမြင့်နိုင်တယ်။”
ရှောင်းယီသည် ကျွန်းကို လှမ်းမြင်နေရပြီဖြစ်၏။ ၎င်းမှာ စတုရန်းမီတာ သုံးသိန်းခန့် ကျယ်ဝန်းပေသည်။
ကျွန်းပေါ်ရှိ သစ်ပင်များမှာ စိမ်းလန်းစိုပြေလွန်းသဖြင့် အတွင်းပိုင်းတွင် ဘာဖြစ်နေသည်ကို မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
“အမြင့်ကို တက်လိုက်။ ကျွန်းရဲ့ အလယ်ဗဟိုကို ရောက်မှ အောက်ကို ဆင်းမယ်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
ရှုံးတိသည် လေကြောင်းခံတပ်ကို အမြင့်သို့ ပျံတက်စေလိုက်ပြီး ကျွန်းအလယ်ဗဟိုဆီသို့ ဆက်လက် ပျံသန်းလာခဲ့၏။
မကြာမီ ကျွန်း၏အလယ်တွင် ကျယ်ဝန်းသော ကွင်းပြင်တစ်ခုကို မြင်လိုက်ရလေသည်။ သူတို့သည် ထိုကွင်းပြင်၏ အပေါ်တည့်တည့်တွင် နေရာယူကာ တဖြည်းဖြည်း အောက်သို့ စတင်ဆင်းသက်ခဲ့ကြသည်။
မြေပြင်နှင့် မီတာ လေးရာခန့်အကွာသို့ ရောက်သောအခါ တောအုပ်ထဲမှ ငှက်အုပ်တစ်ခုကြီး ထွက်ပေါ်လာပြီး လေကြောင်းခံတပ်ကို ဝိုင်းအုံတိုက်ခိုက်ကြတော့၏။
“တိုက်...”
ရှောင်းယီက ဟစ်အော်လိုက်သည်။
လူတိုင်းမှာ အပြည့်အဝ အာရုံစိုက်ကာ သတိရှိနေကြပြီးသားဖြစ်သည်။ ရှောင်းယီ၏ အမိန့်ကို ကြားသည်နှင့် သူတို့လက်ထဲရှိ ရိုင်ဖယ်သေနတ်များမှာ တဒိုင်းဒိုင်းနှင့် စတင်ပစ်ခတ်ကြတော့၏။
ဖောက်...ဖောက်...ဖောက်...။
လေကြောင်းခံတပ်ကို တိုက်ခိုက်နေသော ငှက်များမှာ ချက်ချင်းပင် ဦးခေါင်းကို ကျည်ထိကာ သေဆုံးကုန်ကြလေသည်။
ဤအထူးတပ်ဖွဲ့ဝင် စစ်သည်များသည် လေ့ကျင့်စဉ်အတွင်း ကျည်ဆန်ပေါင်းများစွာကို အသုံးပြုခဲ့ကြသဖြင့် သူတို့၏ ပစ်ခတ်မှု တိကျချက်မှာ ကြောက်စရာ ကောင်းလှပေသည်။
လေကြောင်းခံတပ်၏ ကိုယ်ပိုင်ကာကွယ်ရေး လက်နက်များဖြစ်သော ဒူးလေးကြီးများနှင့် အားလုံး၏ စုပေါင်းတိုက်ခိုက်မှုကြောင့် လေးကြိမ်မျှ ပစ်ခတ်ပြီးချိန်တွင် ပျံတက်လာသော ငှက်အားလုံးကို သုတ်သင်နိုင်ခဲ့၏။
“ဒီအမြင့်မှာပဲ ရပ်ထား။ အောက်ကို မဆင်းတော့နဲ့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့...။”
ရှောင်းယီသည် အောက်ဘက်ရှိ ကွင်းပြင်၏ အခြေအနေကို သေသေချာချာ အကဲခတ်ကြည့်လိုက်၏။ ကွင်းပြင်ထဲတွင် သူတို့ကို မော့ကြည့်နေသော ကြမ်းတမ်းသည့် သားရဲများစွာ ရှိနေခဲ့လေသည်။
မကြာမီ တောနက်ထဲမှ သားရဲများ ပိုမိုထွက်လာခဲ့ကြပြီး အပျက်အစီးများပေါ်တွင် ရပ်ကာ လေကြောင်းခံတပ်ကို စိုက်ကြည့်နေကြ၏။
“ခုနက သေနတ်သံတွေကြောင့် သားရဲတွေ ပိုရောက်လာပုံပဲ။”
ရှုံးတိ ဘေးမှ တိုးတိုးလေး ပြောလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ဒီအကွာအဝေးမှာပဲ နေ။ အားလုံးပဲ... အောက်က သားရဲတွေကို တစ်ကောင်ချင်းစီ ပစ်မှတ်ထားပြီး ပစ်ကြ။ ဒါကို မင်းတို့ရဲ့ ပစ်ခတ်မှု စွမ်းရည်ကို လက်တွေ့ တိုက်ပွဲဝင် စမ်းသပ်မှုလို့ သဘောထားလိုက်။”
“ဟုတ်ကဲ့။”
ထို့နောက် အားလုံး အောက်ကွင်းပြင်ရှိ သားရဲများကို စတင် တိုက်ခိုက်ကြတော့သည်။
မြေပြင်ပေါ်ရှိ သားရဲများမှာ ကျည်ဆန်များကို အသာတကြည် ခံနေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ ရှောင်းယီတို့အဖွဲ့၏ တိုက်ခိုက်မှုကို အချိန်အတန်ကြာ ခံရပြီးနောက် ၎င်းတို့မှာ ချက်ချင်းပင် လူစုခွဲကာ ထွက်ပြေးသွားကြတော့လေသည်။
“အောက်ကို နည်းနည်း ထပ်ဆင်းလိုက်။”
ရှောင်းယီက အမိန့်ပေးသည်။
“ဟုတ်ကဲ့”
လေကြောင်းခံတပ်သည် မြေပြင်နှင့် မီတာ ၃၀ ခန့်အကွာသို့ ထပ်မံဆင်းသက်လိုက်၏။
“မင်းတို့ သတိထားပြီး စောင့်ကြည့်နေကြ၊ ငါ အောက်ကို ခဏဆင်းသွားလိုက်ဦးမယ်။”
ရှောင်းယီက ဆိုသည်။
“ကျွန်းပိုင်ရှင်... ဒါက အရမ်းအန္တရာယ်များပါတယ်။ ကျုပ် သွားခွင့်ပြုပါ။”
ရှုံးတိက ချက်ချင်း ရှေ့ထွက်ကာ ပြောလာခဲ့သည်။ရှောင်းယီက ခေါင်းခါပြလိုက်၏။
“ငါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ကိစ္စကိုပဲ သွားလုပ်မှာပါ။ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး။”
ရှောင်းယီက ဆုံးဖြတ်ချက်ချထားပြီးပြီဖြစ်ကြောင်း မြင်သောအခါ ရှုံးတိက ခေါင်းငြိမ့်လိုက်လေသည်။
“သတိထားပါ ကျွန်းပိုင်ရှင်။”
ရှောင်းယီသည် ကြိုးလှေကားမှတစ်ဆင့် အောက်သို့ လျှောဆင်းကာ အနီးနားရှိ ဤကျွန်း၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စတင်ရှာဖွေလိုက်၏။
အသက်ရှင်ကျန်ရစ်သူ အားလုံးကဲ့သို့ပင် ဤကျွန်း၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာလည်း ကျွန်း၏ အလယ်ဗဟိုတွင် ရှိနေခဲ့လေသည်။
ရှောင်းယီသည် ကျောက်တိုင်ကို လျင်မြန်စွာ ရှာတွေ့ခဲ့ပြီး သိမ်းပိုက်ရန် ချက်ချင်းရွေးချယ်လိုက်ကာ သူ၏ ကိုယ်ပိုင်ကျွန်းအတွင်းသို့ ပေါင်းစပ်လိုက်၏။
ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ သားရဲများမှာ သူ့ကို တိုက်ခိုက်ရန် ထွက်လာမည့်ပုံ မပေါ်သေးပေ။ ရှောင်းယီသည် ကျောက်တိုင်၏ ပတ်ပတ်လည်တွင် လမ်းလျှောက်ကြည့်လိုက်လေသည်။
မြေပြင်ပေါ်တွင် ဖုန်မှုန့်များ အထပ်လိုက် ရှိနေပြီး ရှောင်းယီ လမ်းလျှောက်သည့် နေရာတိုင်းတွင် ခြေရာများ နက်နက်ရှိုင်းရှိုင်း ကျန်ရစ်နေခဲ့သည်။
“ဟင်...”
ရှောင်းယီသည် သူ၏ခြေထောက်အောက်၌ မာကျောသော အရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ သူသည် ခြေထောက်ဖြင့် ဖုန်မှုန့်များကို ဂရုတစိုက် ဖယ်ရှားကြည့်လိုက်ရာ အတွင်း၌ အနက်ရောင် ကျောက်တုံးငယ် အချို့ ပေါ်လာခဲ့လေသည်။
[ပျက်စီးနေသော အုတ်ကျောက်: ဓားဖြင့် ထွင်းထု ဖျက်ဆီးခံထားရသော အုတ်မြစ်ကျောက် ဖြစ်သည်။]
စနစ်၏ ညွှန်ကြားချက်ကို မြင်သောအခါ ရှောင်းယီမှာ ခဏမျှ မှင်တက်သွားခဲ့ပြီး ထိုအုတ်မြစ်ကျောက်များအားလုံးကို ကောက်ယူလိုက်၏။ အချို့မှာမူ မပျက်မစီးဘဲ အကောင်းအတိုင်း ရှိနေသေးသည်။
“သတိထား... သူတို့တွေ ပြေးလာနေပြီ။”
ရှုံးတိ၏ အသံမှာ အပေါ်မှ ဟိန်းထွက်လာ၏။
ရှောင်းယီသည် ပျက်စီးနေသော အုတ်မြစ်ကျောက်များကို ဆွဲယူကာ ကြိုးလှေကားပေါ်သို့ ချက်ချင်း တက်လိုက်တော့လေသည်။
လုပ်ဆောင်ချက်တစ်ခုမှာ သုံးစက္ကန့်မျှသာ ကြာမြင့်ခဲ့၏။
သူ့နောက်မှ သားရဲများလည်း လိုက်လာကြပြီး ကျားတစ်ကောင်က ရှောင်းယီဆီသို့ ခုန်အုပ်လိုက်တော့သည်။
ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ခုတ်ချလိုက်တော့၏။
ရွှမ်ယွမ်ဓားသည် ဓားအိမ်ထဲမှ ထွက်လာသည်နှင့် ကျားမှာ သိသိသာသာ တောင့်ခဲသွားခဲ့သည်။ ထိုခဏမျှ တုံ့ဆိုင်းသွားခြင်းကပင် သူ၏ အသက်ကို နှုတ်ယူသွားတော့၏။
ဧရာမကျားကြီး၏ ဦးခေါင်းမှာ အလယ်မှ ကွဲထွက်သွားပြီး ကျားကြီးသည် ချက်ချင်းသေဆုံးကာ အောက်သို့ ပြုတ်ကျသွားတော့သည်။
၎င်းမှာ SSS အဆင့် ကျားတစ်ကောင် ဖြစ်သော်လည်း ရွှမ်ယွမ်ဓား၏ ဖိအားအောက်တွင် ရှောင်းယီသည် ၎င်းကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ခဲ့၏။
အမှန်စင်စစ် ဤအရာမှာ အငိုက်ဖမ်း တိုက်ခိုက်ခြင်း ဖြစ်ပေသည်။ အကယ်၍ ပြိုင်ဘက်သာ ရွှမ်းယွမ်ဓား၏ ဖိအားကို အစကတည်းက သိထားခဲ့ပါက ရှောင်းယီအနေဖြင့် ဤမျှလွယ်ကူစွာ သတ်ပစ်နိုင်လိမ့်မည် မဟုတ်ပေ။
“အပေါ်ကို တက်။”
လေကြောင်းခံတပ် အောက်တွင် ပိုမိုများပြားလာသော သားရဲများကို ကြည့်ကာ ရှောင်းယီက အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့။”