အခန်း (၈၅၁-၈၅၂)
Vol. 69 Ch. 851-852
အခန်း ၈၅၁ - အောက်မြစ်ကျောက်ပေါ်မှ စာသားများကို ဖျက်ဆီး၍ ထွက်ခွာခြင်း
ကောင်းကင်ခံတပ်သည် ချက်ချင်းပင် အထက်သို့ ပျံတက်သွားပြီး ရှောင်းယီသည် သူဆင်းသက်စဉ်က အသုံးပြုခဲ့သော ကြိုးကို တိုက်ရိုက်ဖြတ်ချလိုက်၏။ အဘယ်ကြောင့်ဆိုသော် သားရဲတိရစ္ဆာန်အများအပြားသည် ကြိုး၏အဆုံးကို ကိုက်ခဲထားကြသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် ပျံသန်းနိုင်သော သတ္တဝါများကလည်း ပြန်လည်တိုက်ခိုက်လာခဲ့ကြသည်။ ရှောင်းယီနှင့် အခြားသူများသည် လက်ထဲရှိ ပင်ဖိုင်းယားရိုင်ဖယ်များကို အသုံးပြု၍ ကောင်းကင်ခံတပ်ကို လာရောက်တိုက်ခိုက်ကြသည့် သတ္တဝါများကို အဆက်မပြတ် ခုခံသတ်ဖြတ်နေရ၏။
ခွမ်း
ကောင်းကင်ခံတပ်၏ မှန်မျက်နှာပြင်တစ်ခုမှာ ပျံသန်းလာသော သတ္တဝါတစ်ကောင်ကြောင့် ကွဲအက်သွားပြီး တစ်ချိန်တည်းမှာပင် ကျည်ဆန်တစ်တောင့်က ထိုသတ္တဝါကို ရှင်းပစ်လိုက်သည်။ ဤအသံသည် အချက်ပေးသံကဲ့သို့ပင် ဖြစ်သွားပြီး ခံတပ်ပတ်ပတ်လည်ရှိ မှန်ပြင်များ စတင်ကွဲအက်လာတော့သည်။
ခွမ်း ခွမ်း ခွမ်း
ရှောင်းယီသည် ဤတစ်ခေါက်တွင် လူအနည်းငယ်သာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ ထိုမျှများပြားလှသော တိုက်ခိုက်မှုများရှေ့တွင် ခုခံရေးအစီအမံများမှာ မလုံလောက်ဖြစ်လာခဲ့လေသည်။ ရှုံးတိသည်မူ ပျံတက်နှုန်းကို အမြင့်ဆုံးသို့မြှင့်ကာ အမြင့်ပေ တစ်နေရာသို့ အမြန်ဆုံး မောင်းနှင်နေပြီဖြစ်သည်။
ကောင်းကင်ခံတပ် အမြင့်သို့ ရောက်လာသည်နှင့်အမျှ အောက်ပိုင်းတွင် ပျံသန်းသော ငှက်အုပ်များကို ကျော်ဖြတ်နိုင်ခဲ့ပြီး ရှောင်းယီနှင့် အခြားသူများသည် အမြင့်ပိုင်းတွင် ကျန်ရှိနေသော ငှက်များကို ဖြည်းဖြည်းချင်း ရှင်းလင်းနိုင်ခဲ့၏။ သို့သော် ကွဲအက်နေသော မှန်မျက်နှာပြင်များကြောင့် အေးစက်လှသော ဆောင်းလေဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။
“အားလုံးပဲ ခဏလောက် ထပ်ပြီးတောင်ခံထားကြ။”
ရှောင်းယီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဒီကျွန်းဧရိယာကနေ အခုချက်ချင်း ထွက်ခွာမယ်။”
“ဟုတ်ကဲ့။”
ရှုံးတိသည် ကောင်းကင်ခံတပ်ကို အနီးအနားရှိ သံချပ်ကာ တိုက်သင်္ဘောဆီသို့ ဦးတည်မောင်းနှင်လိုက်လေသည်။
ကောင်းကင်ခံတပ်သည် ကျွန်းနှင့် ၁၀ ကီလိုမီတာခန့် ဝေးကွာသွားသည်နှင့် ကျွန်းပေါ်မှ ထွက်ပေါ်လာသော ပျံသန်းသည့် သတ္တဝါများမှာ ဆက်လက်လိုက်လံ တိုက်ခိုက်ခြင်း မရှိတော့ကြောင်း ရှောင်းယီ သတိပြုမိလိုက်သည်။ တိုက်ခိုက်မှုများမှ လွတ်မြောက်သွားပြီးနောက် အားလုံးမှာ သက်ပြင်းချကာ အေးစက်သော လေများ၏ဒဏ်မှ သက်သာစေရန် ထိုင်ချလိုက်ကြတော့လေသည်။
ရှောင်းယီသည် သူ့ဘေးရှိ ပျက်စီးနေသော အုတ်မြစ်ကျောက်များကို လေ့လာလိုက်၏။ သူသည် အုတ်မြစ်ကျောက်များကို သန့်ရှင်းရေးလုပ်လိုက်သောအခါ ခြစ်ရာများကို မြင်တွေ့လိုက်ရသော်လည်း ထိုခြစ်ရာများသည် ကလေးကလား ရေးခြစ်ထားသကဲ့သို့ ဖြစ်နေ၍ ဘာကို ဆိုလိုမှန်း မသိနိုင်ပေ။
“ကျွန်းကို ချဲ့ထွင်ဖို့ ကောင်းမွန်တဲ့ အုတ်မြစ်ကျောက်တွေကို အသုံးမပြုဘဲ ဓားတွေနဲ့ ဘာလို့ လျှောက်ခြစ်ထားတာလဲ။ ဒီပေါ်မှာ တစ်ခုခု ရေးထားတာပဲ ဖြစ်ရမယ်။”
ရှောင်းယီ မျက်မှောင်ကျုံ့ကာ စဉ်းစားနေမိ၏။ ဤအရာကို ခွဲခြားနိုင်မည့်သူတစ်ဦးကို ပြန်ရှာရန် လိုအပ်လာပြီဟု သူခံစားလိုက်ရသည်။
ရှုံးတိနှင့် အခြားသူများသည် သံချပ်ကာ စစ်သင်္ဘောသို့ ပြန်ရောက်သောအခါ ကောင်းကင်ခံတပ်ကို လွှဲပြောင်းပေးလိုက်ကြ၏။ ပြန်ရောက်လျှင် ပြင်ဆင်မည့်သူများ ရှိပေမည်။ ရှောင်းယီသည်မူ မြို့ပြန်ကျောက်ကို အသုံးပြု၍ သူ၏အိပ်ခန်းသို့ တိုက်ရိုက်ပြန်သွားခဲ့ပြီး အုတ်မြစ်ကျောက်ပေါ်မှ ရေးထွင်းထားသည်များကို စက္ကူဖြူပေါ်သို့ ကူးယူလိုက်လေသည်။
“ယီ... နင် ဂါထာမန္တန်တွေ ရေးနေတာလား။”
အန်းရန်က အခန်းထဲသို့ ဝင်လာရင်း ပြုံးကာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်ပြီး ဘေးရှိ အုတ်မြစ်ကျောက်ကို ညွှန်ပြကာ ပြန်ဖြေလိုက်သည်။
“ဒါက အလင်းနတ်သူငယ်ဘုရင်မ ဟေးလ် ပြောတဲ့ တားမြစ်ကျွန်းကနေ ငါရလာတဲ့ဟာ။”
အန်းရန်က စူးစမ်းလိုစိတ်ဖြင့် အုတ်မြစ်ကျောက်ကို သေချာကြည့်လိုက်၏။
“ဒါက အုတ်မြစ်ကျောက် မဟုတ်ဘူးလား။”
သူမက မေးလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်တယ်။ ဒါပေမဲ့ ဒါက ပျက်စီးနေပြီ။ တစ်စုံတစ်ယောက်က ဒါကို တမင်တကာ ထွင်းထုထားတာပဲ။ ဖြစ်နိုင်တာက တစ်ခုခုကို အသိပေးချင်တာဖြစ်နိုင်တယ်။
“ဒါဆို နင်က ဒါကို တစ်ယောက်ယောက် သိမလားဆိုပြီး ကူးထားတာလား။”
အန်းရန်က မေးလိုက်ရာ ရှောင်ယီက “ဟုတ်တယ်” ဟု ပြန်ဖြေလိုက်သည်။
“ကြေညာချက် ထုတ်ပေးရမလား။”
အန်းရန်က မေးလိုက်သောအခါ ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် “ပုံတစ်ပုံပဲ အရင်တင်လိုက်ပါ” ဟု ပြောလိုက်၏။ သူသည် အရေးကြီးသော အချက်အလက်များ ပါဝင်နေမည်ကို စိုးရိမ်သောကြောင့် အရာအားလုံးကို လျှို့ဝှက်ထားလိုခြင်း ဖြစ်သည်။
အန်းရန်က ထိုပုံကို ဓာတ်ပုံရိုက်ပြီး လက်ကိုင်ဖုန်းများအားလုံးသို့ မက်ဆေ့ခ်ျတစ်ခုနှင့်အတူ ပေးပို့လိုက်လေသည်။
“ဒီစာသားမျိုးကို သိတဲ့သူ ရှိပါသလား။ အကယ်၍ သိရှိပါက ဖုန်းနံပါတ် ၁၂၃... ကို ဆက်သွယ်ပေးပါ။”
ထိုမက်ဆေ့ခ်ျသည် ယီရန်ပင်း မဟာမိတ်အဖွဲ့ဝင်များသာမက ဆက်သွယ်ရေးကိရိယာ ရှိသူတိုင်းဆီသို့ ရောက်ရှိသွားခဲ့၏။ လူအများက ထိုအကြောင်းကို ဖုန်းများမှတစ်ဆင့် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။
“ဟေး... ဒါက တကယ်ပဲ စာသားလား။ ကြည့်ရတာ တစ်ခုခုကို လျှောက်ခြစ်ထားသလိုပဲ။”
“ဟုတ်ပါ့ ကလေးတစ်ယောက် လျှောက်ဆွဲထားတာနဲ့တောင် တူသေးတယ်။”
“ဒါပေမဲ့ သူဌေးကြီး ယီရန်ပင်းက အမှားလုပ်မှာမဟုတ်ဘူး။ သူက စာသားလို့ ပြောရင် တကယ်ပဲ ဖြစ်ရမယ်။”
ထိုအချိန်တွင် ချိုင်ယွမ်ကျိရှန်းသည် ထိုပုံကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့၏။ သူမ ဤအရာကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားနေခဲ့ရလေသည်။
“ငါ ဒါကို ဘယ်မှာ မြင်ဖူးပါလိမ့်။”
သူမ မျက်မှောင်ကျုံ့ကာ စဉ်းစားနေစဉ် ချက်ချင်းပင် အသိတစ်ခု ဝင်လာခဲ့၏။
“ဟုတ်ပြီ... ဟို နတ်သူငယ်လေးပဲ။”
ထို့နောက် သူမသည် ချက်ချင်းပင် ဖုန်းဆက်လိုက်တော့လေသည်။
“ဟယ်လို၊ အဲဒီစာသားနဲ့ ပတ်သက်တဲ့ အချက်အလက် ကျွန်မဆီမှာ ရှိတယ်။ တိုက်ရိုက်ပြောလို့ ရမလား။”
မကြာမီ ဖုန်းကို ရှောင်းယီဆီသို့ လွှဲပေးလိုက်လေသည်။
“သူဌေးကြီး ယီရန်ပင်း၊ ရှင်နဲ့ ဒီလောက်မြန်မြန် ပြန့်ပြီး ဆက်သွယ်ရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။”
ချိုင်ယွမ်ကျိရှန်းက ပြုံးကာ ပြောလိုက်သည်။
ရှောင်းယီသည် ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်နှင့် မည်သူမှန်း သိလိုက်၏။
“ချိုက်ယွင် ကျိရှန်း အဲဒီစာသားက ဘာလဲဆိုတာ မင်းသိလား။”
“သိတာပေါ့။”
သူမက ယုံကြည်မှုရှိရှိ ဖြေလိုက်သည်။
“ဒါပေမဲ့ သဲလွန်စပေးရင် တစ်ခုခု ပြန်ရသင့်တယ် မဟုတ်လား။”
“စိတ်မပူပါနဲ့။ ငါ မင်းကို ကောင်းကောင်း ဆုချမှာပါ။”
ရှောင်းယီက ပြောလိုက်သည်။ ချိုင်ယွမ် ကျိရှန်းသည်လည်း ဆက်ပြီး အချိန်မဆွဲတော့ဘဲ ပြောလိုက်သည်။
“ဒါက နတ်သူငယ်မျိုးနွယ်တွေရဲ့ စာသားပဲ။”
“နတ်သူငယ်တွေလား။”
ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။
“ဒါပေမဲ့ ဒါကို အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ ကျွန်းပေါ်မှာ တွေ့ခဲ့တာလေ။”
“အဲဒါတော့ ကျွန်မလည်း မသိဘူး။ နတ်သူငယ်တွေကို မေးကြည့်လိုက်ပေါ့။ အဲဒီစာသားတွေက ဘာကို ဆိုလိုသလဲဆိုတာ သိရင် ဘယ်သူ ရေးခဲ့တာလဲဆိုတာ ခန့်မှန်းရ လွယ်သွားလိမ့်မယ်။”
သူမက အကြံပြုလိုက်သည်။
ရှောင်းယီက ခေါင်းငြိမ့်လိုက်ပြီး သူမ မည်သို့သိရှိကြောင်း မေးမြန်းလိုက်၏။
“ယီနော့ ကျွန်မတို့ ကျွန်းကို ရောက်လာတုန်းက စာရေးပြီး ဆက်သွယ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်မတို့ မသိဘူးလေ။”
သူမက ပြန်ဖြေပေးခဲ့သည်။
ထို့နောက် ရှောင်းယီကသည် ဆုလာဘ်အဖြစ် လက်ကိုင်ဖုန်း (၃) လုံး ပေးမည်ဟု ကတိပေးကာ ဖုန်းချလိုက်တော့သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက အသက်ရှင်ကျန်ရစ်သူ၏ ကျွန်း၊ နတ်သူငယ်စာသား၊ အသက်ရှင်ကျန်ရစ်သူက စွန့်ပစ်ခဲ့သော အလင်းနတ်သူငယ်ချင်းဘုရင်မ...။
ဤအချက်အလက်များကို ပေါင်းစပ်ကြည့်ရင်း ရှောင်းယီ တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပြီ ဖြစ်သည်။
အခန်း ၈၅၂ - စာသား၏ အဓိပ္ပာယ်၊ ရှီစစ်က အသက်ရှင်နေနေတုန်းပဲ
ရှောင်းယီသည် သူကူးယူထားသော ကျောက်စာမူကြမ်းများကို သိမ်းဆည်းပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ ဆေးရုံသို့ တည်နေရာကူးပြောင်းသွားခဲ့သည်။
ယခုအခါ သူ့ရှေ့တွင် ပြဿနာတစ်ခု ရှိနေခဲ့သည်။ ကျွန်းသည် တဖြည်းဖြည်း ကြီးမားလာသည်နှင့်အမျှ နေရာအသီးသီးမှ ဆေးရုံနှင့် အပန်းဖြေစခန်းသို့သွားရာ အကွာအဝေးမှာ ပိုမိုဝေးကွာလာခြင်းပင်။
အပန်းဖြေစခန်းသည် ဝေးလံပါက အသွားအလာ လျှော့နိုင်သော်လည်း ဆေးရုံမှာမူ အသက်ကယ်ရန်အတွက်ဖြစ်သည်။ ဤမျှကြီးမားသော ကျွန်းပေါ်တွင် ဆေးရုံတစ်ရုံတည်းရှိခြင်းမှာ အမှန်တကယ်ပင် မလုံလောက်တော့ချေ။
ရှောင်းယီသည် အန်ယွဲ့နှင့် ဆွေးနွေးထားပြီးဖြစ်ကာ မြို့တိုင်းတွင် ဆေးရုံများ တည်ဆောက်ရန် စီစဉ်ထားခဲ့၏။ ဆရာဝန်များကို ပင်မဆေးရုံကြီးမှ လေ့ကျင့်သင်ကြားပေးပြီး စေလွှတ်သွားမည်ဖြစ်သည်။
လက်ရှိတွင် ဆေးရုံသည် ကျွန်း၏တောင်ဘက် ကမ်းခြေအနီးတွင် တည်ရှိနေလေသည်။ ဆေးရုံ၏ ကမ်းခြေအနီးတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တပ်ဆင်ထားသော ရွက်လှေကြီးတစ်စင်း ရှိနေ၏။
ဤနည်းဖြင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက တည်နေရာကူးပြောင်းခြင်းကျောက်များကို အသုံးပြု၍ လူနာများကို ဆေးရုံအနီးသို့ အမြန်ဆုံး ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
ရွက်လှေကြီးပေါ်မှ ဆင်းလာပြီးနောက် ရှောင်းယီသည် ဟေးလ်နှင့် အခြားသူများ ရှိနေသော လူနာဆောင်သို့ တန်းသွားလိုက်လေသည်။
“ကျွန်းပိုင်ရှင် တစ်ခုခု ထူးခြားတာရှိလို့လား။”
ဟေးလ်က ရှောင်းယီကို ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
ရှောင်းယီသည် ယခုအချိန်တွင် တားမြစ်ကျွန်းကို စူးစမ်းလေ့လာနေမည်ဟု သူမ ထင်ထားခဲ့ခြင်းဖြစ်၏။ ထိုကျွန်း၏ ရှုပ်ထွေးသောအခြေအနေကြောင့် ရှောင်းယီအနေဖြင့် ကျွန်းအလယ်ဗဟိုသို့ ရောက်ရန် အချိန်အတော်ကြာမည်ဟု သူမ ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။
“တားမြစ်ကျွန်းရဲ့ အလယ်ဗဟိုမှာ စာတချို့ကို တွေ့ခဲ့လေ။ အဲဒါကြောင့် အဲ့ဒါတွေက ဘာအဓိပ္ပာယ်လဲဆိုတာ လာမေးတာပါ။”
ရှောင်းယီက ပုခုံးတွန့်ရင်း ပြောလိုက်သည်။
“ဟင်...”
ဟေးလ်နှင့် ဒိုယာတို့ ဆွံ့အသွားခဲ့ကြသည်။
တားမြစ်ကျွန်းသည် မည်မျှ အန္တရာယ်များကြောင်း သူတို့နှစ်ဦးစလုံး သိကြ၏။ သို့သော် ရှောင်းယီ၏ စကားအရ သူသည် စူးစမ်းလေ့လာမှု ပြီးဆုံး၍ ပြန်ရောက်လာပြီဟု အဓိပ္ပာယ်ရနေခဲ့လေသည်။
ရှောင်းယီသည် သူတို့၏ တုံ့ပြန်မှုကို သတိမထားမိဘဲ သူ၏အိတ်ထဲမှ ကူးယူထားသော စာမူကြမ်းများကို ထုတ်ယူကာ မေးလိုက်သည်။
“ဒါက မင်းတို့ နတ်သူငယ်မျိုးနွယ်စုရဲ့ စာအရေးအသားလို့ ငါကြားထားတယ်။ ဟုတ်လား။”
ရှောင်းယီ ထုတ်ပြလိုက်သော စာသားများကို မြင်သောအခါ ဟေးလ်မှာ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
“ရှင်က ဒီစာသားတွေကို တားမြစ်ကျွန်းရဲ့ အလယ်ဗဟိုမှာ တကယ်ပဲ တွေ့ခဲ့တာလား။”
“ဟုတ်တယ်။ ဒီစာလုံးက ဘာအဓိပ္ပာယ်လဲ။”
ရှောင်းယီက ပထမဆုံးစာလုံးကို လက်ညှိုးထိုးပြကာ မေးလိုက်၏။
ဟေးလ်သည် ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး ရှောင်းယီလက်ထဲမှ စာသားကို သေချာကြည့်ကာ အံ့သြတကြီးဖြင့် ပြောလိုက်သည်။
“ဒါက ငါတို့ နတ်သူငယ်မျိုးနွယ်စုရဲ့ စာဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ငါတို့မျိုးနွယ်စုထဲက ဘယ်သူမှ ကျွန်းရဲ့အလယ်ဗဟိုကို မရောက်ဖူးကြဘူး။”
“အဲဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ဒီစာလုံးတွေက ဘာကို ဆိုလိုတာလဲဆိုတာပဲ။”
ရှောင်းယီက သူတို့၏ အံ့သြမှုကို ဖြတ်တောက်ပြောကာ မေးလိုက်သည်။
“ဒီစာလုံးက ‘စောင့်ဆိုင်းခြင်း’ လို့ အဓိပ္ပာယ်ရတယ်။”
ဟေးလ်က ပထမစာရွက်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါဆို ဒါကရော။”
“ပြန်လာခြင်း”
“ပြီးတော့ ဒါ။”
“ငါ..”
ရှောင်းယီက ခေါင်းငြိမ့်လိုက်ပြီး နောက်ဆုံးစာရွက်ကို ထုတ်ကာ “ဒါဆို ဒီတစ်ခုကရော” ဟု မေးလိုက်၏။
ဟေးလ်သည် ထိုနောက်ဆုံးစာရွက်ကို မြင်သောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားတော့လေသည်။
“ဒါက...”
“ဘုရင်မ စစ်ရဲ့ နာမည်လား။”
ဒိုယာသည်လည်း မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
ငါထင်တဲ့အတိုင်းပဲ။
ရှောင်ယီက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
“ဒါက အလင်းနတ်သူငယ်မျိုးနွယ်စုနဲ့ တကယ် သက်ဆိုင်နေတာပဲ။”
“ငါတို့ နတ်သူငယ်ဘုရင်မရဲ့ နာမည်က ဘာလို့ အဲဒီမှာ ရှိနေရတာလဲ။”
ဟေးလ်က ရှောင်းယီကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။
“တခြား စာလုံးတွေရော ရှိသေးလား။”
ရှောင်းယီက ခေါင်းခါပြလိုက်၏။
“မရှိတော့ဘူး၊ ဒါပေမဲ့ ဒီလေးလုံးကပဲ အခြေအနေကို ခန့်မှန်းဖို့ လုံလောက်နေပါပြီ။”
သူက ပြန်ပြောလိုက်သည်။
“တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ။”
ဟေးလ်က မျက်မှောင်ကျုံ့ကာ မေးလိုက်၏။
ထိုအခါ ရှောင်းယီက ဖြည်းဖြည်းချင်း ပြောပြလိုက်လေသည်။
“ကျုပ်ရဲ့ ယူဆချက်ကို ပြောပြပါမယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်က အလင်းနတ်သူငယ်မျိုးနွယ်စုရဲ့ ဘုရင်မရှီစစ်က အသက်ရှင်ကျန်ရစ်သူ ဒါမှမဟုတ် မင်းတို့ခေါ်တဲ့ အပြငပလူတစ်ဦးနဲ့ ဆုံတွေ့ခဲ့တယ်။
သူတို့နှစ်ဦး ဘာတွေ အတူတူ ဖြတ်သန်းခဲ့ကြလဲဆိုတာ မသိရပေမယ့် ရလဒ်ကတော့ သူတို့ ချစ်ကြိုက်သွားခဲ့ကြတာပဲ။
သူမရဲ့ ချစ်သူ ပိုပြီးကောင်းကောင်းမွန်မွန် အသက်ရှင်နိုင်ဖို့အတွက် စစ်က အလင်းစမ်းရေကို ခိုးယူပြီး အဲဒီလူရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေ တိုးတက်လာအောင် ကူညီပေးခဲ့တယ်။
ဒါပေမဲ့ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် အဲဒီ အသက်ရှင်ကျန်ရစ်သူက ထွက်သွားခဲ့ရတယ်။ မထွက်ခွာခင်မှာ သူက တစ်စုံတစ်ယောက် ဒါမှမဟုတ် နတ်သူငယ်တစ်ဦးဦးက သူ့ရဲ့သတင်းစကားကို ပြင်ပကို သယ်ဆောင်သွားပေးလိမ့်မယ်လို့ မျှော်လင့်ပြီး အုတ်မြစ်ကျောက်တုံးတွေပေါ်မှာ စာသားတွေ ထွင်းထုခဲ့တယ်။
ကံမကောင်းစွာပဲ ဘယ်သူမှ အဲဒီသတင်းစကားကို မတွေ့ခဲ့ကြဘူး။ နှစ်ပေါင်း တစ်သောင်းကြာပြီးမှ ကျုပ်က ကျွန်းအလယ်ဗဟိုကို ရောက်သွားပြီး ဒီသတင်းစကားတွေ ပါတဲ့ ကျောက်တုံးတွေကို ရှာတွေ့ခဲ့တာပဲ။”
“ဆိုလိုတာက အဲဒီ အပြင်လူက ဘုရင်မစစ်ကို လှည့်စားခဲ့တာ မဟုတ်ဘူးပေါ့။”
ရှောင်းယီ၏ ယူဆချက်ကို ကြားလိုက်ရပြီးနောက် ဒိုယာက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
ရှောင်းယီသည် သူယူလာခဲ့သော စာမူကြမ်းများကို ပြန်စီလိုက်ပြီး “ကြည့်လိုက်” ဟု ပြောလိုက်၏။
“စစ်... ငါပြန်လာမှာကို စောင့်နေပါ။”
ဖုန်းယုက ဘေးမှနေ၍ စာလုံးများကို အစဉ်လိုက် ဖတ်ပြလိုက်သည်။
ဟေးလ်က မျက်မှောင်အနည်းငယ် ကျုံ့ကာ မေးလိုက်သည်။
“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက ဖြစ်ရပ်ဆိုရင် သူက ဘယ်မှာ ထွင်းထားခဲ့တာလဲ။ ဒီလောက် ကြာသွားတာတောင် စာသားတွေက ဘာလို့ ဖတ်လို့ရနေသေးတာလဲ။”
“အုတ်မြစ်ကျောက်ပေါ်မှာပဲ။ ကျွန်းကို ချဲ့ထွင်တဲ့နေရာမှာ အသုံးပြုတဲ့ ကျောက်တုံးလေးတွေပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အုတ်မြစ်ကျောက်လား။ ငါသိသလောက်တော့ အဲဒီအရာတွေက ဖျက်စီးဖို့ဆိုတာ မလွယ်ကူဘူး။ သူက ဒီစာလုံးတွေကို ဘယ်လို ထွင်းထုခဲ့တာလဲ။”
ဟေးလ်က မေးပြန်လိုက်၏။
ဟေးလ်က အုတ်မြစ်ကျောက်အကြောင်း သိနေသည့်အတွက် ရှောင်းယီ အံ့သြသွားသော်လည်း သူက ပုခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
“အဲဒါကတော့ အဲဒီ အသက်ရှင်ကျန်ရစ်သူကို မေးကြည့်မှပဲရမှာပဲ။ အုတ်မြစ်ကျောက်ကို ဘာက ဖျက်ဆီးနိုင်မလဲဆိုတာ ကျုပ်လည်း မစမ်းကြည့်ရသေးဘူး။”
“ဒါပေမဲ့ နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်။ အဲဒီ အပြင်လူက နတ်သူငယ်ဘာသာစကားကို ဘယ်လိုလုပ်ပြီး ရေးတတ်နေတာလဲ။”
ဒိုယာက မျက်မှောင်ကျုံ့လိုက်သည်။
သူမ နားလည်ထားသလောက် ထိုအပြင်လူသည် ဘုရင်မရှီစစ်နှင့် အချိန်အကြာကြီး အတူမနေခဲ့ရပေ။ စကားနားလည်လျှင်ပင် တော်လှပြီဖြစ်သော်လည်း စာပါ ရေးနိုင်သည်မှာ အံ့သြစရာပင်။
“ကျုပ်လည်း သေချာမသိဘူး။ ဖြစ်နိုင်တာကတော့ သူက ကျုပ်လိုမျိုး စွမ်းရည်ရှိလို့နေမှာပေါ့။ ကျုပ်က စကားကို နားလည်နိုင်သလို သူကလည်း စာသားကို သိနေတာမျိုး ဖြစ်နိုင်တယ်။”
ရှောင်းယီက ခေါင်းခါရင်း ပြောလိုက်သည်။
ရှောင်းယီက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း အခြားသူများက အလေးအနက် ခေါင်းငြိမ့်လိုက်ကြ၏။
သူတို့သည် ရှောင်းယီကဲ့သို့ ဘာကိုမျှ မလေ့လာဘဲ နတ်သူငယ်ဘာသာစကားကို နားလည်သည့်သူမျိုး တစ်ခါမျှ မတွေ့ဖူးကြချေ။
ပို၍ ထူးခြားသည်မှာ ရှောင်းယီက ရှားနိုင်ငံ ဘာသာစကားဖြင့် ပြန်ပြောလျှင်ပင် ဟေးလ်နှင့် အခြားသူများက နားလည်နေခြင်းပင်။
ရှောင်းယီက ဆက်လက်၍ သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါပေမဲ့ အခုတော့ အဲဒီတုန်းက တကယ်ဘာဖြစ်ခဲ့လဲဆိုတာ သိဖို့ နည်းလမ်းမရှိတော့ဘူး။”
“နည်းလမ်းရှိတယ်။”
ဟေးလ်က ရုတ်တရက် အသေအချာ ပြန်ပြောလိုက်၏။
ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီး ဟေးလ်ကို ဇဝေဇဝါ ကြည့်လိုက်သည်။
သူမအနားရှိ ဒိုယာက တစ်ခုခု ပြောချင်ပုံရသော်လည်း ဟေးလ်က သူမကို တားလိုက်ပြီး ဆက်ပြောလိုက်၏။
“ရှင် စစ်ကို သွားမေးကြည့်လို့ ရတယ်။”
ယခုမူ ရှောင်းယီမှာ တုန်လှုပ်သွားခဲ့ရပြီဖြစ်သည်။
“မင်းပြောချင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက ဘုရင်မရှီစစ်က အခုထိ အသက်ရှင်နေသေးတယ်ပေါ့ ဟုတ်လား။”
“ဟုတ်တယ်။”
ဟေးလ်က ခိုင်ခိုင်မာမာ ပြန်ဖြေလိုက်သည်။
ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီးနောက် ပြန်ခါလိုက်သည်။ ရှီစစ် အသက်ရှင်နေသေးလျှင်ပင် သူမသည် သူမနှင့် အပြင်လူကြားမှ အချစ်ဇာတ်လမ်းကိုသာ သိပေလိမ့်မည်။ ထိုအပြင်လူ အတိအကျ ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုသည်ကိုမူ သူမ သိနိုင်မည်မဟုတ်ပေ။
အကယ်၍ ရှီစစ်သာ ထိုနေရာတွင် ရှိနေခဲ့ပါက ထိုလူသည် အုတ်မြစ်ကျောက်များပေါ်တွင် စာသားများ ထွင်းထုနေစရာ လိုမည်မဟုတ်ပေ။
“နောင်တစ်ချိန် အခွင့်အရေးရရင် ဘုရင်မ ရှီစစ်ဆီကို သွားလည်ပါဦးမယ်။”
ရှောင်းယီက စိတ်ပျက်လက်ပျက် ပြောလိုက်ကာ ပြန်ရန် ထရပ်လိုက်၏။
ထိုစဉ် ဖုန်းယုက ချက်ချင်းပင် မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်း အဲဒီ စာတွေထွင်းထားတဲ့ အုတ်မြစ်ကျောတွေကို ကျွန်မကို ပေးလို့ရမလား။”
ရှောင်းယီသည် အနည်းငယ် အံ့သြသွားသော်လည်း ပြုံးကာ ပြန်ပြောလိုက်သည်။
“ရတာပေါ့။ အဲဒါတွေက အသုံးပြုလို့မှ မရတော့တာ။ ခဏနေရင် လူလွှတ်ပြီး မင်းဆီကို ပို့ပေးလိုက်မယ်။”
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်။”
ဖုန်းယုက ရိုသေစွာ ပြောလိုက်သည်။
ရှောင်ယီ ထွက်သွားပြီးနောက် ဒိုယာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“မင်း အဲ့ဒီကျောက်တုံးတွေကို ဘာလုပ်မလို့လဲ။”
“ဒါတွေကို ဘုရင်မ ရှီစစ်ကို ပေးချင်လို့ပါ။”
ဖုန်းယုက အလေးအနက် ပြန်ဖြေလိုက်သည်။
“အဲဒီ အပြင်လူက သူမအပေါ် သစ္စာမဖောက်ခဲ့ဘူးဆိုတာကို သူမကို သိစေချင်ယုံသက်သက်ပါပဲ။”