← Chapters

အခန်း (၈၅၅-၈၅၆)

Vol. 69 Ch. 855-856

အခန်း (၈၅၅-၈၅၆)

Vol. 69 Ch. 855-856

အခန်း ၈၅၅ - ဂွန်သင်္ဘောဖြင့် နတ်သူငယ်သစ်ပင်ကို သယ်ဆောင်ခြင်း

ဆိပ်ကမ်းတာဝန်ခံ၏ လမ်းညွှန်မှုဖြင့် ရှောင်းယီသည် ဂွန်သင်္ဘောရှိရာသို့ အမြန်ရောက်ရှိသွားခဲ့သည်။

“သင်္ဘောပေါ်က ဖြုတ်လို့ရတဲ့ အပိုပစ္စည်းမှန်သမျှ အကုန်ဖြုတ်ထုတ်လိုက်ပါ။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်။”

ခဏအတွင်းမှာပင် လူတိုင်း အလုပ်ရှုပ်သွားခဲ့ကြပြီး သင်္ဘောပေါ်ရှိ အရာအားလုံးကို ရှင်းလင်းပစ်လိုက်ရာ ဂွန်သင်္ဘောကြီးမှာ ဗလာကျင်းသွားတော့လေသည်။

“ကျွန်းပိုင်ရှင် အကုန်ရှင်းပြီးပါပြီ။ နောက်ထပ် ဘာလုပ်ရမလဲ။”

“ရပြီ မင်းတို့ အလုပ်ပြန်လုပ်လိုက်ကြတော့။ ကျန်တာ ငါ ဆက်လုပ်လိုက်မယ်။”

ရှောင်းယီက လက်ယမ်းပြကာ ပြန်လွှတ်လိုက်၏။

ရွှေ့မန်နိုင်ငံ၊ အယ်လ်ဘန်ထံမှ သိမ်းဆည်းရမိထဲ့သော ထိုဂွန်သင်္ဘောကြီးမှာ အလွန်တရာ ကြီးမားလှပြီး ရှောင်းယီ၏ သံချပ်ကာစစ်သင်္ဘောထက်ပင် ပိုကြီးနေသေးပေသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က တွေ့ခဲ့တဲ့ နတ်သူငယ်သစ်ပင်ရဲ့ အရွယ်အစားနဲ့ဆိုရင် ဒီပေါ်မှာ အသာလေး ဆံ့လောက်ပါတယ်။”

ရှောင်းယီက တိုးတိုးလေး ရေရွတ်ရင်း သူ၏ မြို့ပြန်ကျောက်ကို အသက်သွင်းကာ ရှုံးတိအနီးသို့ ရောက်သွားခဲ့သည်။

“ကျွန်းပိုင်ရှင်။”

ရှောင်းယီ ပေါ်လာသည်နှင့် ရှုံးတိက ထရပ်ကာ နှုတ်ဆက်လိုက်လေသည်။

ရှောင်းယီက ခေါင်းငြိမ့်ပြရင်း ကျွန်းအထိန်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားကာ သင်္ဘောကို လွှဲပြောင်းရယူလိုက်၏။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ငါတို့ ရှာတွေ့ထားတဲ့ တိုက်သစ်ကြီးရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။”

“ပင်လယ်ရေက ကမ်းခြေကနေ ကီလိုမီတာ ၅၀ လောက်အထိ တိုးဝင်လာနေပြီ။ ရတနာသေတ္တာတွေရဲ့ အဆင့်တွေကလည်း မြင့်တက်လာတော့ သာမန်အဖွဲ့တွေ မယှဉ်ပြိုင်နိုင်တော့ပါဘူး။”

ရှုံးတိက ပြန်ဖြေလိုက်လေသည်။

“အဲါဒါကြောင့် အဖွဲ့သုံးဖွဲ့ကို တစ်စုတည်းပေါင်းပြီး စူးစမ်းခိုင်းထားပါတယ်။ အခုလောလောဆယ်တော့ အဆင်ပြေနေတုန်းပါပဲ။”

“ကောင်းပြီ။ မင်း စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်လိုက်ပါ။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

ပထမဆုံးတွေ့ရှိခဲ့သော တိုက်သစ်ကြီးဖြစ်သဖြင့် ထိုနေရာတွင် အသက်ရှင်ကျန်ရစ်သူများစွာ ရှိနေသောကြောင့် ရေကြီးမှုမှာ အလွန်မြန်ဆန်လှပေသည်။ ကုန်းတွင်းပိုင်းသို့ ပိုမိုတိုးဝင်လေလေ ရတနာသေတ္တာ အဆင့်များနှင့် ၎င်းတို့ကို စောင့်ကြပ်နေသော သားရဲများ၏ အဆင့်မှာလည်း မြင့်တက်လာလေ ဖြစ်သည်။ အဆင့်မြင့် အဖွဲ့ဝင်များ မပါဝင်သော သာမန် ၅ ယောက်တွဲအဖွဲ့လေးများအတွက်မူ မကြာမီတွင် အန္တရာယ်ရှိလာတော့မည်ဖြစ်သည်။

နတ်သူငယ်တိုက်ကြီးမှာမူ ဆန့်ကျင်ဘက်ပင်။ ၎င်းပေါ်သို့ အင်အားစု သုံးခုသာ ဆင်းသက်ထားပြီး အသက်ရှင်ကျန်ရစ်သူ နည်းပါးသောကြောင့် ရေနစ်မြုပ်မှုမှာ မသိသာလှပေ။

ရှောင်းယီသည် ရှုံးတိ၏ သင်္ဘောပေါ်မှ ဂွန်သင်္ဘောပေါ်သို့ ခုန်ကူးလိုက်ပြီး သင်္ဘောသား နှစ်ယောက်ကို ခေါ်ကာ အလင်းနတ်သူငယ် ဘုရင်မ၏ လမ်းညွှန်ချက်အတိုင်း ထွက်ခွာလာခဲ့ကြ၏။ မကြာမီတွင် ဂွန်သင်္ဘောကြီးသည် အလင်းနတ်သူငယ်များ အခြေချရာနှင့် အနီးဆုံး ကမ်းခြေ၌ ကျောက်ချလိုက်လေသည်။

ရှောင်းယီသည် တစ်ယောက်တည်း ခုန်ဆင်းသွားခဲ့ပြီး နတ်သူငယ်များ စခန်းချရာသို့ အမြန်သွားလိုက်၏။

ဒိုယာက နေရာရွှေ့ပြောင်းမည့်အကြောင်း ကြေညာထားပြီးဖြစ်သဖြင့် အလင်းနတ်သူငယ်များမှာ အံ့အားသင့်နေကြသော်လည်း မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။ နတ်သူငယ်မျိုးနွယ်စုမှာ သဘာဝတရားကို မြတ်နိုးပြီး နူးညံ့သိမ်မွေ့သော စိတ်ထားရှိကြသူများ ဖြစ်ကြသည်။ ဘုရင်မနှင့် အကြီးအကဲများက ဆုံးဖြတ်ပြီးလျှင် သူတို့က နာခံကြရုံသာ ဖြစ်သည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့ အတွင်း၌မူ အန်းယွဲ့သည် နတ်သူငယ်မျိုးနွယ်စုအတွက် သီးသန့် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုနှင့် ပတ်ဝန်းကျင် ဧရိယာကို ကန့်သတ်လိုက်ပြီး အစောင့်များ ချထားလိုက်၏။

ပြီးခဲ့သည့် နှစ်ဆဆုလာဘ်ကာလအတွင်း ရှောင်းယီသည် အုတ်မြစ်ကြောင့်ကျောက်ပေါင်း ဘီလီယံ နှစ်ရာကျော် ရရှိထားခဲ့လေသည်။ ထို့ကြောင့် သူ၏ ကျွန်း၏ အရှေ့တောင်ဘက်တွင် စတုရန်းမီတာ သန်းတစ်ရာခန့်ရှိသော မြေကွက်အကျယ်ကြီးကို အလင်းနတ်သူငယ်များအတွက် ရှင်းလင်းပေးထား၏။ နတ်သူငယ်များ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာသည်နှင့် အန်းယွဲ့က ထိုနေရာသို့ လိုက်ပါပို့ဆောင်ပေးမည် ဖြစ်သည်။

“ကျွန်းပိုင်ရှင်ရှောင်း ရောက်လာပြီပဲ။”

ဖုန်းယုက စခန်းအစပ်တွင် ဆီးကြိုနှုတ်ဆက်လိုက်၏။ ရှောင်းယီက ခေါင်းညိတ်ပြပြီး “အဆင်သင့်ဖြစ်ပြီးလား” ဟု မေးလိုက်သည်။

“ဟုတ်ကဲ့”

“ဒါဆိုရင် နတ်သူငယ်သစ်ပင်ကို ကျုပ်နဲ့ လိုက်ခဲ့ဖို့ ပြောလိုက်ပါ။”

ဒိုယာက နတ်သူငယ်သစ်ပင်ကို စကားပြောလိုက်သောအခါ သစ်ကိုင်းများ တုန်ခါသွားပြီး မြေကြီးများ အက်ကွဲလာကာ ထူထဲသော အမြစ်ကြီးများ မြေပေါ်သို့ ပေါ်ထွက်လာတော့‌လေသည်။ ခဏအကြာတွင် နတ်သူငယ်သစ်ပင်ကြီးသည် မြေကြီးထဲမှ ရုန်းထွက်လာပြီး ရှောင်းယီနောက်သို့ စတင် လမ်းလျှောက်လာတော့သည်။

ထိုစဉ် ဒိုယာသည် အနားသို့ အမြန်ပြေးလာပြီး ပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင် ဒီလို ရွှေ့လျားတဲ့အခါ အမြစ်တွေ အများကြီး ပြတ်တောက်သွားလိမ့်မယ်။ အဓိက အမြစ်မကြီးတွေကိုပဲ ထိန်းထားလို့ရပါမယ်။ အဲ့ဒါကြောင့် ဟိုရောက်တာနဲ့ မြန်မြန် ပြန်စိုက်ရပါမယ်။”

“နားလည်ပါပြီ”

ရှောင်းယီက ပြန်ဖြေပြီး သစ်ပင်ကြီးကို ကမ်းခြေဘက်သို့ ဦးဆောင်ခေါ်သွားလိုက်၏။

ဖုန်းယုသည် သူနှင့်အတူ လိုက်ပါလာပြီး ဒိုယာကမူ လူများနှင့် သားရဲတိရစ္ဆာန်များကို စုစည်းရန် ကျန်ရစ်ခဲ့လေသည်။ နတ်သူငယ်သစ်ပင်ကြီးမှာ အလွန်နှေးကွေးစွာ လမ်းလျှောက်ရသောကြောင့် ရှောင်းယီနှင့် ဖုန်းယုတို့မှာလည်း ဖြည်းဖြည်းချင်းသာ သွားနေခဲ့ရ၏။

“ကျွန်းပိုင်ရှင် ကျွန်မတို့ အလင်းနတ်သူငယ်တွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမယ်လို့ ထင်သလဲ။”

ဖုန်းယုက ရုတ်တရက် မေးလိုက်သည်။ ထိုစကားကိုကြားသောအခါ ရှောင်းးယီက ခပ်ကြိတ်ကြိတ် ပြုံးလိုက်၏။

“ငါတို့မှာ ကမ္ဘာ့စည်းမျဉ်းတွေကို ဆန့်ကျင်နိုင်တဲ့ အင်အားမရှိသရွေ့တော့ ငါတို့ရဲ့ အနာဂတ်က အဲဒီစည်းမျဉ်းတွေက သတ်မှတ်တဲ့အတိုင်း ဖြစ်နေဦးမှာပဲ။”

ဖုန်းယုက ခေါင်းငြိမ့်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အမှောင်နတ်သူငယ် ဘုရင်မကရော ရှင့်ရဲ့ကျွန်းကို ပြောင်းလာဖို့ သဘောတူလား။”

“မတူဘူး။ ငါ ဆာရာကို ပြောပြခဲ့ပေမယ့် သူက ဘာမှ ပြန်မပြောဘဲ ထွက်သွားခဲ့တယ်။ သူတို့ ဘာကိုရွေးချယ်မလဲဆိုတာတော့ သူတို့သဘောပဲ။”

သူသည် မျိုးနွယ်စုနှစ်ခုကို ပြန်လည်သင့်မြတ်အောင် အင်မတန် ကြိုးစားခဲ့ရသော်လည်း အစပိုင်းတွင် ပို၍ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမှောင်နတ်သူငယ်များက အရင်ပြောင်းရွှေ့ရန် သဘောမတူခဲ့ကြပေ။

လက်တွေ့အကျိုးကျေးဇူးများကို မြင်တွေ့ခဲ့ရသည့် အလင်းနတ်သူငယ်များကသာ အရင်ဆုံး ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။

သုံးနာရီခန့် ကြာပြီးနောက်တွင် နတ်သူငယ်သစ်ပင်ကြီးသည် ဂွန်သင်္ဘောပေါ်သို့ ရောက်ရှိသွားခဲ့ပြီး သင်္ဘောတစ်စီးလုံးကို ပြည့်နှက်သွားစေခဲ့လေသည်။ သစ်ကိုင်းများမှာ သင်္ဘောဘေးဘက်များသို့ပင် လျှံထွက်နေခဲ့သည်။

ရှောင်းယီက သက်ပြင်းချကာ ပြောလိုက်၏။

“ဒီဂွန်သင်္ဘောကြီး ရှိလို့ တော်သေးတာပေါ့။ တခြားသင်္ဘောနဲ့သာဆိုရင် ဆံ့မှာ မဟုတ်ဘူး။”

“ကျွန်မတို့ ထွက်လို့ရပါပြီ။”

ဖုန်းယုက ပြောလိုက်သည်။

ထို့နောက် ရှောင်းယီက သစ်ပင်ကြီးကို ကြည့် သတိပေးလိုက်သည်။

“ကျုပ် လမ်းညွှန်ကျောက်ကို အသက်သွင်းတော့မယ်။ အစွန်းထွက်နေတဲ့ သစ်ကိုင်းတွေကို ထိခိုက်သွားနိုင်တယ်။”

“ကိစ္စမရှိပါဘူး။ ငါ့ရဲ့ ပင်စည်ကိုသာ ကာကွယ်ပေးပါ။ အဲဒါဆိုရင် အကုန်အဆင်ပြေပါတယ်။”

သစ်ပင်ကြီးဆီမှ ရှဲရှဲမြည်သံများ ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီအနေဖြင့် နတ်သူငယ်သစ်ပင် စကားပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူက ထိုသစ်ပင်ကို စကားမပြောတတ်ဟု ထင်ထားခဲ့သော်လည်း အမှန်စင်စစ်မှာမူ ၎င်း၏ ကိုယ်ပိုင်နည်းလမ်းဖြင့် နတ်သူငယ်များနှင့် ဆက်သွယ်နေခြင်း ဖြစ်ပုံရသည်။

“ဒါဆိုရင် သွားကြတာပေါ့။”

ထို့နောက် လမ်းညွှန်ကျောက်ကို အသက်သွင်းလိုက်တော့လေသည်။

လျှပ်စီးအလင်းရောင်များ လင်းလက်သွားပြီးနောက် ဂွန်သင်္ဘောကြီးမှာ ပျောက်ကွယ်သွားတော့သည်။

ခဏချင်းမှာပင် သင်္ဘောကြီးသည် ရှောင်းယီ၏ ကျွန်း၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာ အကွာ၌ ပြန်လည် ထွက်ပေါ်လာခဲ့၏။ ၎င်းသည် အလင်းနတ်သူငယ်များ၏ အခြေချရာ နေရာအသစ်နှင့် အနီးဆုံးနေရာပင်ဖြစ်သည်။ အပန်းဖြေစခန်းမှာလည်း ထိုဘက်အနီးတွင် ရှိနေပြီး ကမ်းခြေတွင် ခရီးသွားများ နေ့ညမပြတ် စည်ကားလျက်ရှိနေခဲ့လေသည်။

ရှောင်းယီအနေဖြင့် လူတွေ ဘာကြောင့် ဒီလောက်အေးတဲ့ ရာသီဥတုမှာ ဖျော်ဖြေရေးမြို့တော်ထဲ၌ ဂိမ်းမကစားဘဲ ဒါမှမဟုတ် ဟိုတယ်ထဲမှာ TV မကြည့်ဘဲ ကမ်းခြေမှာ လမ်းလျှောက်နေကြသလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေမိ၏။

သူတို့ အအေးမိမှာ မကြောက်ကြဘူးလား။

အမှန်တကယ်တော့ သူပြောသည့် ဖျော်ဖြေရေးများမှာ ပိုက်ဆံကုန်သော်လည်း ကမ်းခြေတွင် လမ်းလျှောက်ခြင်းမှာ အလကားရခြင်း ဖြစ်သည်ကိုမူ သူ သတိမပြုမိခဲ့ပေ။

ဂွန်သင်္ဘောကြီး ကမ်းခြေသို့ ချဉ်းကပ်လာသောအခါ လမ်းလျှောက်နေသည့် ခရီးသွားများက သစ်ပင်ကြီး တင်ဆောင်လာသည့် ထူးဆန်းသော သင်္ဘောကြီးကို တွေ့သွားကြတော့၏။

“ဟေ့... ကြည့်ကြည့်စမ်း။ သင်္ဘောပေါ်မှာ သစ်ပင်ကြီးတစ်ပင် ပါလာတယ်ဟ။”

“ဒါ အဆင့်မြင့် စစ်သင်္ဘောအသစ်များလား။”

“အရမ်းကြီးတာပဲ။ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်ပြီး မေးကြည့်ဦးမယ်။”

အယ်ဘန် ယီရန်ပင်း မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ခဲ့စဉ်က အပြင်လူ မည်သူမျှ မမြင်ခဲ့ကြသောကြောင့် ထိုဂွန်သင်္ဘောကြီးကို မည်သူမျှ မှတ်မိခြင်း မရှိခဲ့ကြပေ။

အခန်း ၈၅၆ - ရှာဖွေတွေ့ရှိခြင်း၊ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်နှင့် စိတ်ပျက်နေသော နတ်သူငယ်များ

“အားလုံးပဲ ကြည့်ကြည့်ကြ။ ကျွန်းပိုင်ရှင်ရဲ့ ကျွန်းပေါ်မှာ ငါ ဘာတွေ့ခဲ့လဲဆိုတာ။”

လူတစ်ယောက်သည် သစ်ပင်ကြီးတစ်ပင် တင်ဆောင်လာသော သင်္ဘောကြီး၏ ဓာတ်ပုံကို ဖုန်းဖြင့်ရိုက်ကာ ဂရုချက်ထဲသို့ ပို့လိုက်၏။

သို့သော် သူဇဝေဇဝါဖြစ်သွားသည်မှာ ထိုဓာတ်ပုံမှာ ဂရုထဲသို့ တက်မသွားခြင်းပင် ဖြစ်သည်။

“ဘာတွေ့တာလဲ။ မြန်မြန်တင်လေ၊ စောင့်နေတာ ကြာလှပြီ။”

“ဟုတ်တယ်။ ငါ အခုလို ဇာတ်လမ်းဖြတ်ထားတာမျိုးကို အမုန်းဆုံးပဲ။ တကယ်ကို ရွံတာ။”

“အတိအကျပဲ၊ မြန်မြန်လုပ်။ ကျွန်းပိုင်ရှင်က တခြားထူးဆန်းတဲ့ အဆောက်အဦးတစ်ခု ထပ်ဆောက်လိုက်ပြန်ပြီလား။”

“တောက် ငါမတင်ချင်တာ မဟုတ်ဘူးဟ။ အပိတ်ခံထားရတာ။ ဒါက လျှို့ဝှက်ချက် တစ်ခုခု ဖြစ်နေပုံရတယ်။”

ထိုလူက အားမလိုအားမရဖြင့် ပြန်ဖြေလိုက်သည်။

ထိုအရာက လူတိုင်းကို ပိုလို့တောင် စပ်စုချင်စိတ် ဖြစ်သွားစေခဲ့သည်။

“ဘယ်လို လျှို့ဝှက်ချက်မျိုးလဲ။ မြန်မြန်ပြောပြပါဦး၊ စာနဲ့ပဲ ဖော်ပြလိုက်လေ။ စာဆိုရင်တော့ ပိတ်မှာ မဟုတ်လောက်ပါဘူး။”

“ဟုတ်တယ်၊ ဟုတ်တယ် မြန်မြန်။ ငါတို့အားလုံး အတင်းစကားနားထောင်ဖို့ စောင့်နေတာ။ မင်း တစ်ယောက်တည်း သိမ်းမထားနဲ့။”

ထိုအခါ ထိုလူက ပြန်ဖြေလိုက်သည်။

“အဲဒါက သင်္ဘောကြီးတစ်စီးပဲ။ သံချပ်ကာစစ်သင်္ဘောထက်တောင် ပိုကြီးသေးတယ်။ ထူးဆန်းတာက သင်္ဘောပေါ်မှာ သစ်ပင်ကြီးတစ်ပင် ပါလာတာပဲ။”

“သင်္ဘောပေါ်က သစ်ပင်ကြီးလား။”

လူတိုင်း ပဟေဠိ ဖြစ်သွားကြလေသည်။

“အဲ့ဒါကြောင့် ထူးဆန်းတယ်လို့ ပြောတာပေါ့။ အားလုံးပဲ ဆက်မမေးကြနဲ့တော့။ အသေးစိတ်တွေကို အများကြီး မဆွေးနွေးသင့်တော့ဘူး။”

ထိုလူက ပြတ်ပြတ်သားသားပင် စကားဖြတ်လိုက်၏။

ရှောင်းယီသည် ဂွန်သင်္ဘောကို ကမ်းခြေတစ်နေရာတွင် ဆိုက်ကပ်စေပြီးနောက် ပြောလိုက်သည်။

“နတ်သူငယ်သစ်ပင်က အခု ကုန်းပေါ်တက်လို့ရပြီ။ ဒီဧရိယာတစ်ခုလုံးက မင်းတို့ရဲ့ စခန်းပဲ။ ငါ တံတိုင်းတစ်ခု ခတ်ထားပေးတယ်။ နောက်ပိုင်း မလိုတော့ဘူးဆိုရင် အချိန်မရွေး ပြန်ဖြုတ်ခိုင်းလို့ရပါတယ်။”

ဖုန်းယုက ခေါင်းငြိမ့်ပြလိုက်ပြီး နတ်သူငယ်သစ်ပင်ကို ကုန်းပေါ်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ဧရိယာ၏ အလယ်ဗဟိုသို့ ရောက်သောအခါ နတ်သူငယ်သစ်ပင်သည် ၎င်း၏ အမြစ်များကို သဲမြေထဲသို့ ချက်ချင်း ထိုးစိုက်လိုက်တော့၏။

ဖုန်းယုသည် သူမ ယူဆောင်လာသမျှ SSS။အဆင့် ရေသန့်များ အားလုံးကို နတ်သူငယ်သစ်ပင်၏ အမြစ်များပေါ်သို့ လောင်းချပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ရပါပြီ။”

နတ်သူငယ်သစ်ပင်၏ သစ်ကိုင်းများက အနည်းငယ် တုန်ခါသွား၏။ ထိုအခါ ဖုန်းယုလည်း ရပ်လိုက်တော့လေသည်။

ထိုအချိန်တွင် အလင်းနတ်သူငယ် မျိုးနွယ်စုဝင်အချို့လည်း အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။ တံတိုင်းကို ဖြတ်ကျော်ဝင်ရောက်လာသောအခါ မြေကွက်လပ်ကြီးတစ်ခုကိုသာ မြင်တွေ့လိုက်ရလေသည်။

“ငါတို့က ဒီမှာ နေရမှာလား။ တောအုပ်လည်း မရှိ၊ သက်ရှိသတ္တဝါတွေလည်း မရှိဘူးလား။”

“ဟုတ်တယ် ဒီမြေဆီလွှာကလည်း အပင်တွေရှင်သန်ဖို့ လုံးဝ မသင့်တော်ဘူး။”

“ဘုရင်မက ဘာဖြစ်လို့ ဒီလို ခြောက်သွေ့တဲ့နေရာကို ပြောင်းဖို့ သဘောတူလိုက်တာလဲ။”

နတ်သူငယ်အားလုံးမှာ အလွန်ပဟေဠိဖြစ်ကာ စိတ်ပျက်သွားခဲ့ကြ၏။ နတ်သူငယ်တိုက်ကြီးမှာတုန်းက တောအုပ်များ၊ သားရဲတိရစ္ဆာန်များနှင့် ပတ်ဝန်းကျင်က အရမ်းကို လှပခဲ့သည်မဟုတ်ပါလား။

ရှောင်းယီသည် နတ်သူငယ်များ၏ စကားနှင့် စိတ်ပျက်နေသော မျက်နှာများကို မြင်ရသောအခါ ရှင်းပြရန် ရှေ့သို့ တက်လာခဲ့လေသည်။

“အားလုံးပဲ စိတ်မပူကြပါနဲ့။ အလွန်ဆုံး သုံးရက်အတွင်းမှာ ဒီနေရာက စိမ်းလန်းစိုပြေတဲ့ တောအုပ်ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။”

“သုံးရက်လား။ မဖြစ်နိုင်တာ။ ဒီနေရာမှာ သုံးနှစ်နေရင်တောင် အပင်တွေ သန်သန်စွန်းစွမ်း ရှိလာပါ့မလားလို့ ငါသံသယရှိတယ်။”

“ဟုတ်တယ် ဘုရင်မက လိမ်ညာခံလိုက်ရတာများလား။”

“ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတုန်းကလည်း ဘုရင်မရှီစစ်က အပြင်လူ တစ်ယောက်ရဲ့ လိမ်ညာမှုကို ခံခဲ့ရဖူးတယ်လို့ ငါကြားဖူးတယ်။”

ထိုအချိန်တွင် ဒိုယာသည်လည်း လူအုပ်စုနှင့်အတူ ရောက်ရှိလာခဲ့၏။ သူမရှေ့က မြင်ကွင်းကို မြင်သောအခါ သူမလည်း အံ့အားသင့်သွားခဲ့လေသည်။

“ကျွန်းပိုင်ရှင်ရှောင်း ဒါက ဘယ်လိုအခြေအနေလဲ။”

ဒိုယာက ရှောင်းယီအနားသို့ ချဉ်းကပ်လာပြီး မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

ရှောင်းယီက ကူကယ်ရဲ့မဲ့စွာ ပုခုံးတွန့်ပြရင်း ပြန်ဖြေလိုက်၏။

“အလွန်ဆုံး သုံးရက်အတွင်းမှာ ဒီနေရာက တောအုပ်ကြီး ဖြစ်လာမှာပါ။ ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ ခင်ဗျားတို့ ယုံမှာ မဟုတ်ဘူးဆိုတာ ကျုပ် သိပါတယ်။ ဒီလိုလုပ်ပါ... ဒီညတစ်ညတော့ အောင့်အည်းပြီး နေပေးပါ။ မနက်ဖြန်ကျလို့ ပြန်ချင်တယ်ဆိုရင်တောင် ကျုပ် မတားပါဘူး။”

ဒိုယာက ရှောင်းယီကို သံသယဖြင့် ကြည့်လိုက်သည်။ အတော်ကြာမှ ခေါင်းငြိမ့်ပြီး “ကောင်းပြီ၊ ဒီညတော့ နေကြည့်လိုက်မယ်။” ဟု ဆိုလာခဲ့လေသည်။

“အားလုံးပဲ နားဖို့ ပြင်ကြတော့။ သစ်ပင်အိမ် မရှိသေးတဲ့ နတ်သူငယ်တွေကတော့ နတ်သူငယ်သစ်ပင်အောက်မှာပဲ ခဏနေလိုက်ကြ။”

ဒိုယာက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

နတ်သူငယ်များ ငြင်းခုံခြင်းကို ရပ်တန့်လိုက်ကြပြီး အလယ်ဗဟိုရှိ မယနတ်သူငယ်သစ်ပင်အောက်တွင် စုရုံးကာ ထိုင်လိုက်ကြလေသည်။

ယခုအချိန်မှာ ည ၁၁ နာရီ နီးပါး ရှိနေပြီဖြစ်သည်။ ပြောင်းရွှေ့ရန် ကျန်နေသေးသော နတ်သူငယ်များနှင့် သားရဲတိရစ္ဆာန်အချို့ ရှိနေသေးသော်လည်း အနည်းငယ်သာ ကျန်တော့ပေသည်။ ရှောင်းယီသည်လည်း အိပ်ဆောင်သို့ ပြန်ကာ အနားယူရန် ဆုံးဖြတ်လိုက်၏။

ကျွန်းအထိန်းအမှတ်ကျောက်တိုင်သို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ယီထျန်းဂရုချက်ထဲက မက်ဆေ့ချ်များကို ကြည့်လိုက်ရာ တစ်စုံတစ်ယောက်က ထောက်ပံ့ရေးသေတ္တာထဲမှ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် ထုတ်လုပ်မှုပုံစံကို ရရှိထားကြောင်း တွေ့လိုက်ရလေသည်။

“ရေနွေးငွေ့အင်ဂျင်တောင် အခြေတကျ မဖြစ်သေးဘူး။ ဘယ်လိုလုပ် အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်ကို ရှာတွေ့သွားတာလဲ။”

ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။

“အစ်ကို... အဲဒီအင်ဂျင် ထုတ်လုပ်မှုပုံစံကို အုတ်မြစ်ကျောက် ဘယ်လောက်နဲ့ ရောင်းမလဲ။ ပြောသာပြောလိုက်ပါ။ ကျုပ် ဝယ်မယ်။”

“ဟုတ်တယ်၊ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် ရှိရင် ကားတွေ ထုတ်လုပ်လို့ရပြီ။ ဒါက ခေတ်သစ်တစ်ခုကို ဖော်ဆောင်မယ့် ထုတ်လုပ်မှုပုံစံပဲ။”

“တကယ်ပဲ... ကံကောင်းတဲ့လူတွေက သန်းနဲ့ချီရှိပေမယ့် အဲဒီထဲမှာ ငါမပါတာပဲ ခက်တယ်။”

သို့သော် ရှောင်းယီက ထိုထုတ်လုပ်မှုပုံစံကို မလိုချင်ပေ။ ထိုလူတွေ့ထားသည့်အရာမှာ သာမန်အဆင့်သာ ဖြစ်သည်။ အဆင့်မြင့် ပစ္စည်းများကိုသာ သုံးစွဲနေကျ ဖြစ်သဖြင့် ရှောင်းယီက ၎င်းကို အထင်မကြီးပေ။

ထို့ပြင် ၎င်းသည် ထုတ်လုပ်မှုပုံစံသာဖြစ်၏။ တကယ်တန်း ပုံစံကွက်ဆိုလျှင်တော့ သူ ဝယ်ယူရန် စဉ်းစားကောင်း စဉ်းစားမိပေလိမ့်မည်။ တစ်ဆင့်ပြန်စဉ်းစားကြည့်လျှင်လည်း ယခုအချိန်တွင် ထိုအင်ဂျင်ကို အသုံးပြုစရာနေရာလည်း မရှိသေးပေ။

တစ်ယောက်ယောက်က တွေ့နေပြီဆိုကတည်းက နောက်ပိုင်းတွင်လည်း ပေါ်လာဦးမည်ဖြစ်ရာ အလျင်လိုနေစရာ မလိုပေ။

တစ်ဖက်တွင်မူ နေရာသစ်သို့ ရောက်ရှိနေသော အလင်းနတ်သူငယ်များမှာ အိပ်မပျော်နိုင်ကြဘဲ အသံတိုးတိုးဖြင့် ဆွေးနွေးနေခဲ့ကြလေသည်။

“ဒီလိုနေရာက ငါတို့ အသက်ရှင်ရပ်တည်ဖို့အတွက် လုံးဝ မသင့်တော်ဘူး။”

“ဟုတ်တယ်၊ ငါတို့ရဲ့ အရင်အိမ်ကို အရမ်းလွမ်းတာပဲ။”

“ဘုရင်မက ဘာကြောင့် ငါတို့ကို ဒီကို ခေါ်လာတာလဲဆိုတာ ငါ တကယ် နားမလည်ဘူး။”

“ဒါပေမဲ့ အပြင်ဘက်မှာ မြင့်မားတဲ့ အဆောက်အဦးတွေ အများကြီး ရှိနေတာ တွေ့တယ်နော်။ အဲဒါတွေက ဘာအတွက်လဲ မသိဘူး။”

“အဲဒီ အဆောက်အဦးတွေက ဘာကောင်းလို့လဲ။ တောအုပ်နဲ့ ပင်လယ်ကို ကြည့်ရတာကမှ ပိုကောင်းသေးတယ်။”

ပတ်ဝန်းကျင်ရှိ ခြောက်သွေ့နေသော မြေကွက်လပ်ကို ကြည့်ရင်း ဒိုယာသည်လည်း အိပ်မပျော်နိုင်ခဲ့ပေ။ သူမသည် နတ်သူငယ်သစ်ပင်၏ သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်နေရ၏။ ဖုန်းယုက ဘုရင်မဟေးလ်ကို ပြုစုရန် ဆေးရုံသို့ သွားနေသဖြင့် ဒိုယာသည် နတ်သူငယ်များ၏ စိုးရိမ်စိတ်ကို လျော့ပါးစေရန်နှင့် စခန်းကို ထိန်းသိမ်းရန် ဤနေရာ၌ ရှိနေပေးရခြင်းဖြစ်သည်။

အမှန်စင်စစ် သူမကိုယ်တိုင်လည်း ရင်ထဲတွင် မအေးချမ်းနေသော်လည်း အပြင်ပန်းတွင် ထုတ်မပြနိုင်ပေ။

မကြာမီ သန်းခေါင်ကျော်သွားခဲ့လေသည်။ နတ်သူငယ်သစ်ပင်ပတ်လည်တွင် ထူထပ်လှသော အမည်းရောင်အရိပ်များ ရုတ်တရက် ထွက်ပေါ်လာစ။ ဒိုယာ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်မိသည်။ အခြားနတ်သူငယ်များလည်း ထိတ်လန့်သွားခဲ့ကြ၏။

“မစိုးရိမ်ကြပါနဲ့။ ဒါတွေက အမျိုးမျိုးသော သစ်ပင်တွေပါ။ မင်းတို့က ပတ်ဝန်းကျင် မကောင်းမှာ စိုးရိမ်နေကြတာ မဟုတ်လား။ အခု စိတ်ပူစရာ မလိုတော့ဘူး။”

နတ်သူငယ်သစ်ပင်ကြီးက ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ စိတ်စွမ်းအင်သုံး၍ အားလုံးကို အသိပေးလိုက်လေသည်။

“ဒီလောက်များတဲ့ သစ်ပင်ကြီးတွေက ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာတာရလဲ။”

ဒိုယာ လုံးဝ နားမလည်နိုင် ဖြစ်နေ၏။

“အဲဒါကိုတော့ ငါတို့ကို ဒီကို ခေါ်လာတဲ့ ကျွန်းပိုင်ရှင်ရှောင်းကိုပဲ မေးကြည့်ရလိမ့်မယ်။”

နတ်သူငယ်သစ်ပင်က ပြန်ဖြေလိုက်လေသည်။

ဒိုယာ အံ့အားသင့်စွာ ခေါင်းငြိမ့်လိုက်၏။ ခုနလေးတင် ခြောက်သွေ့နေသော မြေရိုင်းကြီးသည် ရုတ်တရက် သစ်ပင်များဖြင့် ပြည့်နှက်သွားခဲ့တော့လေသည်။ အလွန်အမင်းကြီးမားသော တောအုပ်ကြီး မဟုတ်သော်လည်း နတ်သူငယ်များ နေထိုင်ရန်အတွက်တော့ လုံလောက်သော အနေအထား ဖြစ်လာခဲ့ပြီဖြစ်သည်။

သစ်ပင်အောက်ရှိ နတ်သူငယ်များမှာလည်း ရင်ခုန်စွာဖြင့် ဆွေးနွေးနေကြတော့၏။

“ကျွန်းပိုင်ရှင်ရှောင်း အစက ပြောခဲ့တာတွေက တကယ်ပဲပေါ့။ ဒီမှာ တောအုပ်ကြီးတစ်ခုက တကယ် ပေါ်လာတာဲ။”

“ဟုတ်တယ် ဒါက အရမ်းထူးဆန်းလွန်းတယ်။ အခုတော့ ငါ ဒီကျွန်းအကြောင်းကို ပိုပြီး စပ်စုချင်လာပြီ။”

“ငါ ခုနက သစ်ပင်ဆီ သွားကြည့်ပြီးပြီ။ ဒါတွေက အတုမဟုတ်ဘူး။ အစစ်တွေပဲ။ တကယ်ကို မယုံနိုင်စရာပဲ။”

“ကျွန်းပိုင်ရှင်ရှောင်းက သုံးရက်အတွင်း တောအုပ်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေတာ မဆန်းတော့ပါဘူး။ ကြည့်ရတာ မနက်ဖြန်မှာ ဒီလို သစ်ပင်တွေ ထပ်ပေါ်လာခဲ့ရင်ပဲ တော်တော်စိပ်တဲ့ တောအုပ် ဖြစ်နေလောက်ပြီ။”

ထိုအခါ ဒိုယာက ထရပ်ကာ ပြောလိုက်၏။

“ကဲ... အခု သစ်ပင်တွေလည်း ရှိလာပြီဆိုတော့ မြန်မြန်အိပ်ကြဆော့။ မနက်ဖြန်ကျရင် ငါတို့ရဲ့ အိမ်သစ်ကို စတင်တည်ဆောက်ရမယ်။”

“ဟုတ်ကဲ့။”

All Chapters