← Chapters

ပြန်လာခြင်း

Vol. 23 Ch. 315

ပြန်လာခြင်း

Vol. 23 Ch. 315

မှောင်မည်းနေသော အခန်းတွင်း ဆေးရနံ့များ ပျံ့နှံ့ပြည့်နှက်နေသဖြင့် ရှူရှိုက်မိသူတိုင်းကို လန်းဆန်းသွားစေသည်။ ကြည်လင်နေသော ပုလင်းထဲရှိ ဆေးလုံးလေးခုကို စုမင်ကြည့်လိုက်သည်။ ၎င်းတို့က အစိမ်းရောင်များဖြစ်သည်။ ပုလင်းအတွင်းရှိ ဆေးလုံးလေးလုံးသည် သီးခြားတည်ရှိနေသည့်ပုံစံဖြင့် ပုလင်း၏ အတွင်းဘက်က ပုံရိပ်ယောင်တစ်ခုသဖွယ် ဖြစ်နေသည်။

စုမင်ဘေးရှိလူသည် ဆေးလုံးများကို ထုတ်ပြပြီးသည်နှင့် ထိုင်နေရင်းမှပင် ဖြည်းညင်းစွာရှင်းပြလာသည်။ “အဲဒါတွေက ဒုတိယတန်းစား ရှာမန်အမြုတေလေးခုပဲ။ သူတို့ရဲ့အသုံးပြုပုံတွေကို ငါကိုယ်တိုင် စစ်ဆေးပြီးပြီ။ သူတို့ကို ဒဏ်ရာတွေကုသရာမှာသုံးတယ်”

“ရှာမန်အမြုတေ...”

စုမင်ပုံစံက တည်ငြိမ်နေပုံရသော်လည်း သူ့နှလုံးသားကမူ ထိတ်လန့်တုန်လှုပ်နေသည်။ ဤလေလံပွဲသည် သူယခင်က တစ်ခါမှမသိခဲ့ဖူးသော ပစ္စည်းများကို လေ့လာခွင့်ရစေခဲ့သည်။ ကြည်လင်နေသော ကျောက်စိမ်းပုလင်းလေးကို ငေးကြည့်ရင်း စုမင်ငြိမ်သက်နေမိသည်။

“ရှာမန်ဘုန်းတော်ကြီးတွေဆီက ရှာမန်အမြုတွေတွေကို မင်းတစ်ကယ် လုယူလာနိုင်တာလား။ စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် သူတို့က ဒုတိယတန်းစား ရှာမန်အမြုတေတွေဆိုတာတော့ ငါမယုံဘူး” အခန်း၏ အခြားဘက်ခြမ်းတွင် ထိုင်နေကြသူများထဲမှ တစ်ဦးကပြောသည်။ စကားပြောနေရင်းမှပင် ထိုလူသည် ညာလက်ကိုမြှောက်၍ လေထဲရှိ ကျောက်စိမ်းပုလင်းရှိရာဘက်ဆီသို့ ကုပ်ဆွဲယူဟန်ပြုလိုက်သည်။

ပုလင်းသည် ထိုသူ့ထံသို့ ချက်ချင်းတိုးဝင်သွားပြီး ထိုသူသည် ၎င်းကိုဆုပ်ကိုင်မိသည်နှင့် ဆေးလုံးများထဲမှတစ်လုံးကို လက်ထဲသို့သွန်ချလိုက်ပြီး နှာခေါင်းနားသို့ကပ်၍ အနံ့ခံလိုက်သည်။

စုမင်ဘေးရှိလူသည် အခြားလူတစ်ဦးမှ ထိုသို့လုပ်နေသည်ကို တားဆီးခြင်းမပြုခဲ့ပေ။ ယခုလိုလုပ်ခြင်းသည် လေလံပွဲအတွင်း သာမန်ပင်ဖြစ်နေသည်မှာ အရှင်းအလင်းပင်။ ရှာမန်အမြုတေ အခိုးခံရမည်ကို သူ မစိုးရိမ်ချေ။

အခြားသူများသည်လည်း လေထဲမှပုလင်းကို ဆွဲယူ၍ အတွင်းမှ ဆေးလုံးများကိုထုတ်ယူ၍ စစ်ဆေးခဲ့ကြသည်။ များသောအားဖြင့်တော့ သူတို့သည် ဆေးတစ်လုံးကိုသာ ခဏတာထုတ်ယူကြည့်ကြပြီးနောက် ဆေးပုလင်းထဲသို့ ပြန်ထည့်လိုက်ကြသည်။

လူအတော်များများက ထိုဆေးလုံးများကို စစ်ဆေးခဲ့ကြသည်။ စုမင်မျက်လုံးများအတွင်း တောက်ပသောအကြည့်တစ်ခု ပေါ်လာသည်။ ခဏတာစောင့်ဆိုင်းနေခဲ့ပြီး အခြားမည်သူမှ ဆေးလုံးများကို မစစ်ဆေးတော့သည်နှင့် သူ ညာလက်ကိုမြှောက်၍ ဆေးပုလင်းကိုဆွဲယူလိုက်သည်။ ဆေးပုလင်းက သူ့ထံချက်ချင်းပျံသန်းလာခဲ့သည်။ ၎င်းတို့အထဲမှ တစ်ခုကို သွန်ချလိုက်ပြီး အနံ့ခံမကြည့်ခင် အနည်းငယ်ခန့် အနီးကပ်ကြည့်လိုက်သည်။

ဆေးရနံ့သည် သူ့နှာခေါင်းအတွင်း တိုးဝှေ့ဝင်ရောက်လာသော်လည်း ထိုအနံ့အတွင်း သွေးနံ့တစ်ခု ပါဝင်နေခဲ့သည်။ စုမင် ဆေးလုံးကို ငေးကြည့်နေမိသည်။ ထိုအရာက ဆေးလုံးတစ်လုံးဖြစ်ကြောင်း သေချာနေသော်လည်း သူသိသည့် အမျိုးအစားအနည်းငယ်ထဲမှတော့ မဟုတ်ချေ။

ဤဆေးလုံးအတွက် နိုင်စီးငြိမ်းသတ်ခြင်းလုပ်ငန်းစဉ်က အတော်အကြမ်းထည်ပြုလုပ်ခဲ့ခြင်း ဖြစ်လောက်သည်။ ၎င်းက အမြုတေတစ်ခုသဖွယ် လုံးဝန်းကောင်း လုံးဝန်းနေနိုင်သော်ငြား စုမင် အနီးကပ်ကြည့်ပြီးသည်နှင့် ဆေးလုံးပေါ်တွင် အပေါက်ငယ်များစွာကို တွေ့မြင်လိုက်ရသည်။ ၎င်းက စုမင်ဖန်တီးခဲ့သော ဆေးလုံးများလောက် မကောင်းပဲ ပုံမှန်အတိုင်းသာဖြစ်သည်။

‘လူရိုင်းတွေရဲ့ နယ်မြေဆီသွားတုန်းက ဖွတ်လူရိုင်းမျိုးနွယ်စုရဲ့ ဘိုးဘေးက ငါ့ဝိညာဉ်လုယက်ကို မြင်တဲ့အချိန်မှာ ဘာရန်အမြုတေလို့ ပြောခဲ့တယ်... အခု ပုံစံအရတော့ လူရိုင်းတွေမှာလည်း ဆေးလုံးဖန်တီးနိုင်တဲ့ နည်းလမ်းတွေတစ်ကယ်ရှိတဲ့ပုံပဲ။ ပြီးတော့ သူတို့နည်းလမ်းတွေက ငါ့နည်းလမ်းတွေနဲ့လည်း တူလောက်တယ်’

‘ဒါပေမယ့် ငါသင်ကြားခဲ့တဲ့ နိုင်စီးငြိမ်းသတ်ခြင်းလုပ်ငန်းစဉ်ရဲ့ ထွက်ကုန်တွေကိုတော့ ဆေးလုံးတွေလို့ခေါ်ပြီး ရှာမန်တွေကတော့ သူတို့ပစ္စည်းတွေကို ရှာမန်အမြုတေလို့ခေါ်တယ်.

.. ဒီရှာမန်အမြုတေတွေကိုကြည့်ရတာတော့ ငါ့ဆေးလုံးတွေနဲ့ မယှဉ်နိုင်တဲ့ပုံပဲ’

စုမင် သူ့လက်ထဲရှိ ရှာမန်အမြုတေကို ပုလင်းထဲသို့ ပြန်ထည့်လိုက်ပြီး ရှေ့သို့ပြန်တွန်းပို့ကာ တိတ်တိတ်ဆိတ်ဆိတ်ပင် နေလိုက်သည်။

ရှာမန်အမြုတေများသည် ကြီးမားသောပြိုင်ဆိုင်မှုကို မဖြစ်ပွားစေခဲ့ပေ။ သို့သော် အခြားသူများ၏ မြင်ကွင်းကို ဖုံးကွယ်လျက် ထိုအမြုတေများပိုင်ရှင်နှင့် သီးသန့်ဆွေးနွေးခဲ့ကြသည့် လူအချို့လည်းရှိသည်။ ထို့နောက် သူတို့တစ်ဦးစီသည် ရှာမန်အမြုတေများကို သူတိူ့ကိုယ်ပိုင်ပစ္စည်းအချို့နှင့် လဲလှယ်ပြီး ရရှိခဲ့ကြသည်။

အသေးစားလေလံပွဲက အချိန်အတော်ကြာမြင့်ခဲ့သည်။

မည်သည့်ပစ္စည်းကိုမဆို လေလံတင်ရောင်းချနိုင်သည့် အခွင့်အရေးကို စုမင်ခွင့်လွှတ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ သူ့တွင်လည်း လေလံတင်ရောင်းချစရာ ပစ္စည်းမရှိခဲ့ပေ။ ထျန်းလန်မုန်သည်လည်း အလားတူပင်ဖြစ်သည်။ အခြားတစ်နာရီထပ်မံကုန်ဆုံးသွားပြီးမှသာ လေလံပွဲက ပြီးဆုံးသွားသည်။

မြင့်မားသော စံချိန်စံညွှန်းများနှင့် ယခုလို ပုဂ္ဂလိက လေလံပွဲမျိုးကို စုမင်ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်သည်။ ဤလူတွေ ထုတ်ယူလာခဲ့သော ပစ္စည်းများသည် သူ တစ်ခါမှ မကြားခဲ့ဖူးသောအရာများဖြစ်သည်။ လေလံပွဲအဆုံးသတ်သွားချိန်အထိ စုမင် ပစ္စည်းများစွာ မရခဲ့သော်လည်း အဖိုးတန်အရာများနှင့် ပက်သက်သော ဗဟုသုတအသစ်များကိုတော့ ရရှိခဲ့လေသည်။

အကယ်၍ ဤအခွင့်အရေးကြောင့်သာ မဟုတ်ပါက ယခုလိုအသိပညာမျိုးကို စုဆောင်းရန် အချိန်များစွာ လိုအပ်ပေလိမ့်မည်။ လေလံပွဲပြီးဆုံးသောအခါ ကောင်လေးက လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ အခန်း၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေကြသူများ၏ ဝေဝါးဝါးပုံရိပ်များသည် ပုံရိပ်ယောင်များအဖြစ် ဖြည်းညင်းစွာပြောင်းလဲသွားပြီး တစ်ဖြည်းဖြည်း မမြင်ရတော့ပဲ နောက်ဆုံးတော့ လေထဲမှာပင် ပျောက်ကွယ်သွားကြသည်။

လူများသည် ဤနေရာသို့ဝင်ရောက်နိုင်ရန် ရွှေရောင်တဲအတွင်းသို့ ခြေချဖို့လိုအပ်ပေသည်။ အနောက်ပိုင်းပင်လယ်ကလန်၏ ယာယီမျိုးနွယ်စုအတွင်း ရွှေရောင်တဲများ ဒါဇင်ခန့် ရှိသဖြင့် ဤမှောင်မည်းသောအခန်းအတွင်း ဝင်ရောက်နိုင်ရန် မျိုးနွယ်စုအလယ်ဗဟိုရှိ အကြီးဆုံးရွှေရောင်တဲကြီးကိုသာ ဖြတ်လာရန်မလိုအပ်ချေ။

ထို့ကြောင့်ပင် လူများသည် အမှောင်ခန်းအတွင်းမှ ထွက်သွားသည်နှင့် အများစုက လူစုကွဲသွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ရွှေရောင်တဲအတွင်းမှ ထွက်ပြီးသည်နှင့်တစ်ပြိုင်နက် များသောအားဖြင့် ထိုနေရာမှ လျင်မြန်စွာထွက်သွားလေ့ရှိကြသည်။

စုမင်နှင့် ထျန်းလန်မုန်တို့လည်း လျှောက်ထွက်လာခဲ့သည်။ စုမင်၏လက်ထဲတွင် နီညိုရောင်အမွေးများဖြင့်  မီးတောက်မျောက်ဝံတစ်ကောင်အား ချည်နှောင်ထားသည့် သံကြိုးတစ်ကြိုးအား ဆုပ်ကိုင်ထားသည်။ မျောက်ဝံသည် တဲအပြင်သို့ရောက်သည်နှင့် ကောင်းကင်ထက်သို့မော့ကြည့်လိုက်သည်။ ကောင်းကင်မှ လွင့်မျောကျဆင်းနေသည့် ဆီးနှင်းများကို မြင်သောအခါ ၎င်းက တုန်ရီသွားခဲ့သည်။

“အစ်ကိုစု၊ ကျွန်မရဲ့ ဒီအိတ်က သက်ရှိအရာတွေကို သိုလှောင်နိုင်တယ်။ မီးတောက်မျောက်ဝံကို ဒီအထဲ အမြန်ထည့်လိုက်။ ကျွန်မတို့ ဒီနေရာက ချက်ချင်းထွက်သွားရမယ်”

သူတို့ ရွှေရောင်တဲအပြင်သို့ လျှောက်လှမ်းထွက်လာပြီး ကျီချဲနှင့် ထျန်းလန်မုန်၏ နောက်လိုက်များ သူတို့နောက်သို့ပါလာသည်နှင့် ထျန်းလန်မုန်က စုမင်ကို အလျင်အမြန်ပြောလာသည်။ တစ်ချိန်တည်းမှာပင် သူမက အဖြူရောင်အိတ်တစ်လုံးကိုလည်း ထုတ်ယူလိုက်ပြီး စုမင်ထံလှမ်းပေးလိုက်သည်။

စုမင်တွန့်ဆုတ်မနေခဲ့ပေ။ အိတ်လေးကို ယူလိုက်ပြီး ၎င်းအတွင်းသို့ သူ့နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးပြီးသည်နှင့် အိတ်ကိုအသာအယာ ပုတ်လိုက်ရာ အိတ်အတွင်းမှ သန်မာသော စုပ်ယူအားတစ်ခုထွက်ပေါ်လာပြီး မီးတောက်မျောက်ဝံအား အိတ်အတွင်းသို့ ချက်ချင်းစုပ်ယူသွားလေသည်။

“သွားကြစို့”

ထျန်းလန်မုန်သည် အလင်းတန်းရှည်တစ်ခုအသွင် ပြောင်း၍ လေထဲသို့ မြင့်တက်သွားသည်။ စုမင်လည်း ခြေတစ်လှမ်းလှမ်း၍ ရှေ့သို့ခုန်တက်လိုက်သည်။ ထျန်းလန်မုန်သည် ပထမဆုံးလှုပ်ရှားခဲ့ပြီး ရှေ့သို့ဦးတည်နေခဲ့သည် ဆိုလျှင်တောင် စုမင်သည် ထိုခြေတစ်လှမ်းတည်းနှင့် လေထဲရှိ သူမဘေး၌ နေနိုင်ဆဲဖြစ်သည်။

ကျီချဲနှင့် မိန်းကလေးတို့က သူတို့နောက်မှ လိုက်ပါလာသည်။ အဖြူရောင်မျက်နှာဖုံးနှင့်လူကမူ အဖွဲ့၏နောက်ဆုံးတွင်သာ ရှိနေဆဲဖြစ်သည်။ ထိုသူ့ခြေလှမ်းများက ပုံမှန်အပိုင်းအခြားဖြင့်သာ လှမ်းနေခြင်းဖြစ်ပြီး ထိုသူ၏ပုံစံကမူ အတော်အေးအေးဆေးဆေး ဖြစ်လို့နေ၏။

သူတိုသည် လေထဲတွင် အလင်းတန်းရှည်များအသွင်ဖြင့် အဝေးသို့ တစ်ဖြည်းဖြည်း ရောက်ရှိသွားခဲ့သည်။

လမ်းတွင် မည်သူကမှ စကားမပြောခဲ့ပေ။ စုမင်သည် သူ့အတွေးများအတွင်းမှာပင် ပိတ်မိနေခဲ့ပြီး တစ်ခါတစ်ရံတွင် အဖြူရောင်အိတ်လေးကို ငုံ့ကြည့်တတ်သည်။ သူ့ထံမှ ထိုခံစားချက်ကို မည်သို့မည်ပုံ ဖော်ညွှန်းရမည်မှန်း သူမသိသေးချေ။ မီးတောက်မျောက်ဝံလေးကို မြင်တွေ့လိုက်ရသည့် အခိုပ်အတန့်တွင် သူထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး သူ့နှလုံးသားအတွင်း ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုမျောက်ဝံလေးက ရှောင်ဟုန်ဖြစ်နေရန် သူမျှော်လင့်ခဲ့မိသော်လည်း အမှန်တရားကို  လက်ခံရန်ခက်ခဲခဲ့သည်။ ၎င်းက ရှောင်ဟုန်မဟုတ်ကြောင်း သိလိုက်ရသောအခါ သူ့နှလုံးသားအတွင်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်သွားခဲ့လေသည်။

နှလုံးသားအတွင်း ရှုပ်ထွေးနေသော ခံစားချက်များဖြင့် စုမင်သည် ထျန်းလန်မုန်နှင့်အတူ တိတ်ဆိတ်စွာ ပျံသန်းလာခဲ့သည်။ ကောင်းကင်က စတင်ထွန်းလင်းလာသောအခါ သူတို့သည် အနောက်ပိုင်းပင်လယ်ကလန်မျိုးနွယ်စုမှ တည်ဆောက်ထားသော ယာယီမျိုးနွယ်စုနှင့် အတော်ဝေးဝေးသို့ ရောက်နေခဲ့ချေပြီ။ ထိုအချိန်တွင် ထျန်းလန်မုန်က စုမင်ကို လှည့်ကြည့်လာသည်။

“မီးတောက်မျောက်ဝံနဲ့လဲဖို့ ရှင်သုံးခဲ့တဲ့ပစ္စည်းက ရှာမန်အမြုတေ တစ်မျိုးပဲ” နူးညံ့သိမ်မွေ့သော ထျန်းလန်မုန်အသံက စုမင်စိတ်ထဲတွင်သာ ပေါ်လာခဲ့သဖြင့် အခြားမည်သူကမှ ထိုအသံကို မကြားရချေ။

ဤဆက်သွယ်ရေးနည်းလမ်းကို ယခင်က ပုဂ္ဂလိကလေလံပွဲအတွင်း စုမင်လက်ခံရရှိခဲ့ဖူးသည်။ ထိုအရာက အလွန်ထူးဆန်းသော အတွေ့အကြုံဖြစ်သည်။

“ဒါက မသေမျိုးတွေရဲ့ ရိုးရှင်းတဲ့ပညာရပ်တစ်ခုပါပဲ။ အဲဒါက ဖော်ပြဖို့လွယ်ပေမယ့် မာန်စွမ်းအားရှင်တွေ သင်ဖို့တော့ ခက်ခဲတယ်” ထျန်းလန်မုန်က အပြုံးတစ်ခုဖြင့် စုမင်ကိုရှင်းပြသည်။ ဤကဲ့သို့ အသံထုတ်လွှင့်နိုင်သည့် နည်းလမ်းမျိုးကြောင့် စုမင်စိတ်ရှုပ်ထွေးသွားကြောင်း သူမပြောနိုင်၏။

“ရှင် ကျွန်မကို ပြောပြစရာမလိုပါဘူး။ အဲဒါရဲ့ မူလရင်းမြစ်ကို ရှင်သိမသိဆိုတာ ကျွန်မ မသိဘူး။ ရှင်သိတော့လည်း ကောင်းတာပေါ့။ ဒါပေမယ့် မသိရင်လည်း အခုသိသွားပြီပဲလေ”

“ဒါပေမယ့် ရှင်ရဲ့ရှာမန်အမြုတေက အရမ်းထူးခြားတယ်။ အဲဒါက ကျွန်မအရင် မြင်ခဲ့ဖူးတာတွေနဲ့ မတူဘူး။  ကျွန်မဘဝမှာ ရှာမန်အမြုတေတွေ အများကြီးကို မြင်ဖူးထားတာကြောင့်သာ မဟုတ်ရင် ကျွန်မအတွက်တောင် အဲဒါကို ခွဲခြားနိုင်ဖို့ ခဲယဉ်းနိုင်တယ်။ အနောက်ပိုင်းပင်လယ်ကလန်က ကောင်လေးက သူ့ကိုယ်သူ အရမ်းဗဟုသုတရှိတယ်လို့ ထင်နေပေမယ့် ဒီပစ္စည်းရဲ့မူလရင်းမြစ်ကိုတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ မခွဲခြားနိုင်ခဲ့ဘူး”

ထျန်းလန်မုန်အပြုံးက အလွန်လှပသည်။ ပြုံးလိုက်ချိန်တွင် သူမမျက်လုံးများက လခြမ်းကွေးသဏ္ဍာန် ပြောင်းလဲသွားသဖြင့် သူမထံတွင် လူများ၏ နှလုံးသားကို ယိမ်းယိုင်သွားစေနိုင်သည့် ဆွဲဆောင်မှုတစ်မျိုး ထပ်မံပေါင်းထည့်လိုက်သကဲ့သို့ပင်။

သူ့စိတ်ထဲတွင် ထျန်းလန်မုန်၏ အသံပဲ့တင်ထပ်နေသည့် နည်းလမ်းကို စုမင် ဂရုတစိုက် အာရုံခံလိုက်သည်။ ထိုအရာကို စစ်ဆေးရန် သူ့နတ်ဘုရားစိတ်အာရုံကို သုံးလိုက်ခြင်းအားဖြင့် အသံအား အရှိန်အဝါမှတစ်ဆင့် ပို့လွှတ်ခြင်းဖြစ်ကြောင်း သူပြောနိုင်သည်။ ဤအရှိန်အဝါသည် အသားနှင့်သွေးများအတွင်း ပါဝင်သော ချီစွမ်းအားမဟုတ်ပဲ ကမ္ဘာလောကအတွင်းရှိ အခြားစွမ်းအားအမျိုးအစား တစ်ခုဖြစ်သည်။

အခြားသူများအတွက် ဤအရှိန်အဝါကို သတိပြုမိရန် ခက်ခဲလိမ့်မည်ဖြစ်သော်ငြား စုမင်အတွက်တော့ ထိုသို့မဟုတ်ချေ။ သူ့ကိုယ်ထဲတွင် ဖွင့်လှစ်ထားသော အခြားလမ်းကြောင်းတစ်ခု ရှိနေပြီး ထိုလမ်းကြောင်းအတွင်း ပါဝင်နေသည်မှာလည်း အလားတူအရှိန်အဝါမျိုးပင်ဖြစ်သည်။

သူယခင်က ၎င်းကို အာရုံခံမိခဲ့ပြီး သူကိုယ်တိုင်ပင် အမည်တစ်ခုပေးထားခဲ့သေး၏... အရှိန်အဝါသန့်စင်ခြင်း ပညာရပ်။

ခဏတာ လေးလေးနက်နက်တွေးတောနေပြီးချိန်တွင် စုမင်ခန္ဓာကိုယ်ထဲရှိ ဖွင့်လှစ်ထားသော လမ်းကြောင်းအတွင်း အရှိန်အဝါအစုအဝေးတစ်ခု စတင်လှည့်ပတ်လာသည်။ ၎င်းသည် အပြင်သို့တိုးထွက်သွားပြီးသည်နှင့် သူ၏နတ်ဘုရားစိတ်အာရုံနှင့် ချက်ချင်းပေါင်းစည်းသွားသည်။ သူ၏ နတ်ဘုရားစိတ်အာရုံသည် ပျံ့နှံ့သွားပြီး ထျန်းလန်မုန်အား ထိသွားသည့်အခိုက်အတန့်တွင် စုမင် ဉာဏ်အလင်းပွင့်သွားပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။

“အဲလိုမဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” စုမက်သည် ထိုစကားများအား ပါးစပ်ကိုသုံး၍ ပြောခဲ့ခြင်းမဟုတ်ပေ။ ထိုအစား သူ့အသံက ထျန်းလန်မုန်၏စိတ်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

“အိုး... အာ...”

စုမင်က သူ့နှုတ်ကိုမသုံးပဲ စကားပြောနေကြောင်း ထျန်းလန်မုန်သည် မူလကသတိမထားမိခဲ့သော်လည်း မကြာမီမှာပင် အံ့အားသင့်မင်သက်သွားခဲ့သည်။ သူမမျက်လုံးတို့ ပြူးကျယ်သွားပြီး စုမင်ကိုအလျင်အမြန် လှည့်ကြည့်လိုက်သည်။ သူမမျက်နှာပေါ်တွင်တော့ မယုံနိုင်ခြင်းများ၊ ထိတ်လန့်တုန်လှုပ်မှုများ အထင်းသားပေါ်နေလေသည်။

“ရှင်... ရှင် အခု စကားပြောလိုက်တာလား” ထျန်းလန်မုန်က ခဏတာ တွန့်ဆုတ်နေပြီးမှ မေးလာသည်။

“ဟုတ်တယ်လေ။ ‘အဲလိုမဟုတ်တာလည်း ဖြစ်နိုင်တယ်’လို့ ငါပြောလိုက်တာ” စုမင် သူ့အသံကို သူမခေါင်းထဲသို့ပို့လွှတ်လိုက်သည်။

“... ရှင်သင်ယူတာ အရမ်းမြန်တာပဲ” ထျန်းလန်မုန်၏ မျက်နှာထက်တွင် ထူးဆန်းသောအမူအယာတစ်ခုရှိနေပြီး စုမင်အားတစ်ချက်ကြည့်လိုက်ကာ အရှေ့သို့ဆက်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်တွင်တော့ ထျန်းလန်မုန် အောင့်အည်းမထားနိုင်တော့ပဲ ထုတ်မေးလိုက်မိတော့၏ “ရှင် ဘယ်လိုလုပ်လိုက်တာလဲ”

“မင်းလုပ်သလိုပဲ လုပ်ခဲ့တာလေ။ အဲဒါက စဖို့မခက်ပါဘူး။ အနှစ်ချုပ်သိသွားပြီဆိုရင် လွယ်လွယ်ကူကူပါပဲ” စုမင် ပြုံးရင်းပြန်ဖြေလိုက်သည်။

“အိုး ကောင်းပြီလေ။ ရှင်မပြောချင်လည်း ရတယ်။ ဒါပေမယ့် ရှင့်စိတ်ထဲကနေ ဒီလိုပြောနိုင်တာက ကျွန်မတို့အတွက် ကောင်းတဲ့အရာပဲ။ ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲထဲမှာ ကျွန်မရှင့်အကူအညီလိုတယ် စုမင်” ထျန်းလန်မုန်၏မျက်နှာထက်တွင် လေးနက်သောအမူအယာတစ်ခု ပေါ်လာသည်။

“အသေးစိတ်ကရော” စုမင် အလိုလိုသက်ပြင်းချမိသည်။ ယခုတော့ သူ့တွင် ငြင်းဆန်နိုင်မည့်လမ်း မရှိတော့ပေ။ အဆုံးတွင်တော့ လေလံပွဲအတွင်း ဖြစ်ပျက်ခဲ့သောအရာများကြောင့် သူမက သူ့အကြွေးရှင် ဖြစ်သွားချေပြီ...

ထျန်းလန်မုန် စုမင်အား ကြည့်လိုက်ပြီး ခဏတာတွန့်ဆုတ်နေပြီးနောက်မှ ပြောလိုက်သည်။ “ကျွန်မ ရှင့်ကို အခုတော့အသေးစိတ်မပြောနိုင်သေးဘူး။ ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာတစ်ခုမဟုတ်ဘူး။ ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲ စတာနဲ့ ကျွန်မရှင့်ကို အကုန်လုံး အသေးစိတ်ပြောပြပါ့မယ်။ ကျွန်မကို ကူညီပြီးတာနဲ့ ရှင်တင်ထားတဲ့ ကျောက်ဒင်္ဂါးကြွေးတွေ ကျေသွားမယ့်အပြင် ကျွန်မရှင့်ကို အခြားနည်းလမ်းတွေနဲ့လည်း အကြီးအကျယ် ဆုချီးမြှင့်ဦးမှာ”

“ကောင်းပြီလေ ဒါပေမယ့် ငါမင်းကိုကြိုတော့ပြောထားမယ်။ အဲဒါက ဘယ်လောက်အန္တရာယ်များလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် အဲဒါက ငါ့အရည်အချင်းထက် ကျော်လွန်နေပြီး ငါ့အသက်ကို အန္တရာယ်ရှိနိုင်တယ်ဆိုရင်တော့ ငါ အရှုံးပေးဖို့ ရွေးချယ်မယ်။ မင်းအပေါ်အကြွေးတင်နေတဲ့ ကျောက်ဒင်္ဂါးတွေ ပြန်ဆပ်ဖို့တော့ ငါတစ်ခြားနည်းလမ်း စဉ်းစားပါ့မယ်” စုမင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကောင်းပါပြီ” ထျန်းလန်မုန်က အပြုံးဖြင့် ခေါင်းညိတ်ပြသည်။

သူတို့နှစ်ဦး စိတ်ထဲမှ အချင်းချင်းစကားပြောဆိုနေရင်း အချိန်များ တစ်ဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး ညနေစောင်းသို့ တိုင်လာခဲ့ချေပြီ။ သူတို့သည် အန္တရာယ်နှင့်မကြုံပဲ အေးခဲကောင်းကင်ကလန်သို့ ပြန်ရောက်လာခဲ့သည်။ ထျန်းလန်မုန်သည် မြေပြင်ပေါ်မှ တောင်ထွတ်ကိုးခုဆီ ကြည့်လိုက်ပြီး အပြာရင့်ရောင် ရေခဲပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းအထဲမှ အပြာရောင်အရည်တစ်စက်ကို အခြားရေခဲပုလင်းတစ်ခုထဲသို့ လောင်းချလိုက်သည်။

“ပင်လယ်အဆီအနှစ် သုံးစက်ထဲက တစ်စက်ကို ကျွန်မ အတိုးအဖြစ်ယူသွားမယ်။ တစ်ခြားနှစ်စက်ကိုတော့ ရှင့်ကိုပြန်ပေးပါ့မယ်။ ဒီပစ္စည်းက အရမ်းအဖိုးတန်တယ်။ ရှင်တစ်စက်သုံးလိုက်တာနဲ့ အဲဒါက ရှင့်ကိုယ်ထဲမှာ အသက်စွမ်းအားတွေ အများကြီးထုတ်ပေးလိမ့်မယ်။ ဒါက အသက်ကယ်ဆေးပဲ” ထျန်းလန်မုန်က ပြောလိုက်ပြီး ပင်လယ်အဆီအနှစ် နှစ်စက်ပါသော ပုလင်းကို စုမင်ထံပေးသည်။

“ဒီပစ္စည်းနဲ့ဆိုရင် ကောင်းကင်မြူခိုးလူရိုင်ူအမဲလိုက်ပွဲထဲမှာ  ကျွန်မတို့ ရှင်သန်နိုင်မယ့်အခွင့်အရေး ပိုများလာလိမ့်မယ်” စကားဆုံးသည်နှင့် ထျန်းလန်မုန်သည် နောက်တစ်ကြိမ်ပြုံးပြလိုက်ပြီး သတ္တမတောင်ထွတ်ဆီသို့ အလင်းတန်းတစ်ခုအဖြစ် ပျံသန်းသွားသည်။ မိန်းကလေးက သူမနောက်မှလိုက်ပါသွားသည်။ အဖြုရောင်မျက်နှာဖုံးနှင့် လူသည်တော့ အခြားတစ်နေရာရာသို့ ထွက်သွားခဲ့ချေပြီ။

ထျန်းလန်မုန်၏ ထွက်ခွာသွားသောပုံရိပ်ကို ကြည့်နေပြီးနောက် သူ့လက်ထဲရှိ ရေခဲပုလင်းကို စုမင်ငုံ့ကြည့်လိုက်သည်။ ထို့နောက် ထိုနေရာမှလှည့်ထွက်ကာ နဝမတောင်ထွတ်ဆီသို့ ကျီချဲနှင့်အတူ ပျံသန်းလာခဲ့လိုက်သည်။

ယခုတော့ ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲစတင်ရန် အချိန်နှစ်လခန့်တောင် မလိုတော့ပေ...

***

All Chapters