← Chapters

အခန်း (၈၆၃-၈၆၄)

Vol. 70 Ch. 863-864

အခန်း (၈၆၃-၈၆၄)

Vol. 70 Ch. 863-864

အခန်း ၈၆၃ - ဆာရာ၏ စေ့စပ်ညှိနှိုင်းမှုနှင့် လူသားစားဘီလူးကြီးများအကြောင်း သတင်း

ကျန်ရှိသော မဟာအကြီးအကဲများကလည်း ခေါင်းငြိမ့်လိုက်ကြသည်။

“င့တို့လည်း ကိုယ့်ကိုယ်ကိုယ် အကျဉ်းချပြီး နေထိုင်ပါ့မယ်။ အခုကစပြီး ဘုရင်မဆာရာပဲ ပိုပြီး ကြိုးစားပေးဖို့ အားကိုးရတော့မယ်။”

ထိုသို့ပြောပြီးနောက် အကြီးအကဲ ကိုးဦးစလုံးသည် ၎င်းတို့၏ သစ်ပင်အိမ်များသို့ ပြန်သွားခဲ့ကြ၏။ ဟေအာ မှာမူ သူ့ရှေ့တွင် ဖြစ်ပျက်သမျှကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့သည်။

မဟာအကြီးအကဲများ၏ ထောက်ခံမှုမရှိဘဲ အမှောင်နတ်သူငယ်တို့၏ ရာဇပလ္လင်ကို သိမ်းပိုက်မည့် ဟေအာ၏ အိမ်မက်သည် တခဏချင်းမှာပင် ကြေမွသွားခဲ့ရပြီ ဖြစ်သည်။

ထိုစဉ် ဆာရာက ဟေအာကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။

“အခုရော တိုက်ခိုက်ချင်သေးလား။”

ဟေအာသည် ချက်ချင်း ဒူးတစ်ဖက်ထောက်လိုက်၏။

“မတိုက်ခိုက်ချင်တော့ပါဘူး။ ကျွန်မ လောဘဇောတက်ပြီး အလျင်စလို လုပ်မိလို့ မျိုးနွယ်စုဝင်တွေကြားထဲမှာ ဒီလို ကပ်ဆိုးကြီး ဆိုက်ခဲ့ရတာပါ။ ကျွန်မကို အပြစ်ပေးပါ ဘုရင်မ။”

သူက တောင်းပန်လိုက်သည်။

ဆာရာက နှာခေါင်းရှုံ့လိုက်၏။

“နင့်အမှား နင်သိတာ ကောင်းတယ်။ နင့်ကို နှစ်ပေါင်း တစ်သောင်း အကျဉ်းချဖို့ ငါ အမိန့်ချမှတ်တယ်။”

“ဟုတ်ကဲ့။”

ဟေအာသည် မည်သို့မျှ မခုခံဘဲ အပြစ်ဒဏ်ကို လက်ခံလိုက်လေသည်။

ဟေအာကို အကျဉ်းချပြီးနောက် ဆာရာသည် ခဏကြာအောင် စဉ်းစားလိုင်ပြီး ရှောင်းယီ၏ ယာယီအခြေစိုက်စခန်းသို့ တစ်ဦးတည်ကာ ထွက်လာခဲ့လိုက်လေသည်။

နှစ်နာရီခန့်အကြာတွင် ဆာရာသည် ရှောင်းယီ၏ စခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

“ငါ ရှောင်းယီနဲ့ စကားပြောချင်တယ်။”

ဆာရာသည် ဘေးကင်းသော အကွာအဝေးမှ ရပ်ကာ မြို့ရိုးပေါ်သို့ လှမ်းအော်ပြောလိုက်၏။

သို့သော် ကျန်းယွင်ထျန်းသည် သူမပြောသည်ကို နားမလည်သဖြင့် ရှောင်းယီကို ချက်ချင်းသွားခေါ်ရန် လူလွှတ်လိုက်ရတော့လေသည်။

ဘုရင်မဆာရာ ရောက်နေသည်ဟု ကြားသောအခါ ရှောင်းယီသည် ချက်ချင်း ပြန်လာခဲ့လိုက်၏။ ထိုဆာရာသည်လည်း စစ်မှန်သော SSS အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူမြို့ရိုးပေါ်ရောက်လာပြီးနောက် အဝေးတွင် ရပ်နေသော ဆာရာကို မြင်လိုက်ရလေသည်။

“စိန်ခေါ်ဖို့ ရောက်လာတာလား။”

ရှောင်းယီင အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

“မဟုတ်ပါဘူး။ ကျွန်းပိုင်ရှင်ရှောင်း ရှင် နားလည်မှု လွဲနေပါပြီ။”

ဆာရာက အလျင်အမြန် ရှင်းပြလိုက်သည်။

“ကျွန်မတို့ ငြိမ်းချမ်းရေး လာကမ်းလှမ်းတာပါ။”

“ငြိမ်းချမ်းရေးလား။”

ရှောင်းယီ မျက်ခုံးပင့်မိသွားခဲ့သည်။

“တိုက်ချင်တုန်းကလည်း မင်းတို့ပဲ၊ အခု ငြိမ်းချမ်းရေး လိုချင်တာလည်း မင်းတို့ပဲ။ မင်းတို့က ငါတို့ကို ဘာမှတ်နေတာလဲ။”

ရှောင်းယီ၏ စကားကို ကြားသောအခါ ဆာရာ တိတ်တဆိတ် သက်ပြင်းချမိသွားခဲ့သည်။ ဤတစ်ခါတော့ တော်တော်လေး အထိနာခံရတော့မည်ကို သူမ သိလိုက်ရလေသည်။

“ဒါဆို ရှင်နဲ့ ပြန်လည်သင့်မြတ်ဖို့အတွက် ဘာတွေ လုပ်ပေးရမလဲလဲ။”

ဆာရာက မျှော်လင့်ချက်ကင်းမဲ့စွာ မေးလိုက်သည်။

“ဒါက မင်းရဲ့ စိတ်ရင်းပေါ်မှာပဲ မူတည်တယ်။”

ရှောင်းယီက ထိုမေးခွန်းကို ဆာရာ့ဆီသို့ ပြန်ပစ်ပေးလိုက်၏။

ရှောင်းယီသည် အမှောင်နတ်သူငယ်တို့၏ နောက်ဆုံးခံစစ်ကို မသိသေးပေ။ သူတို့မျိုးနွယ်စုတွင် SSS အဆင့် နတ်သူငယ် ၁၀ ဦး ရှိနေသေးခြင်းမှာ ရှောင်းယီတို့ဘက်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပင်။

အထူးသဖြင့် ရှောင်းယီသည် သူ မည်သည့်အချိန်တွင် တည်နေရာကူးပြောင်းခံရမည်ကို မသိနိုင်ပေ။ အကယ်၍ သူ့ထံမှ ဟန့်တားနိုင်စွမ်း မရှိတော့လျှင် ယီရန်ပင်း မဟာမိတ်အဖွဲ့သည် ဤမျှများပြားသော ရန်သူများကို ခုခံနိုင်လိမ့်မည် မဟုတ်ဟု သူ တွက်ဆထားခဲ့သည်။ ထို့ကြောင့် ရှောင်းယီသည်လည်း ပြန်လည်သင့်မြတ်ရန် ဆန္ဒရှိနေခဲ့လေသည်။

ဆာရာသည် မျက်မှောင်ကျုံ့ကာ ခဏကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကျွန်မတို့ အရင်လိုပဲ အမှောင်စမ်းရေနဲ့ အမှောင်နတ်သူငယ်သစ်သီးတွေကို ထောက်ပံ့ပေးပါ့မယ်။ စမ်းရေ ၁၀၀ မီလီလီတာနဲ့ နတ်သူငယ်သစ်သီး တစ်လုံးစီ နေ့တိုင်း ပေးမယ်။”

ရှောင်းယီ အနည်းငယ်စဉ်းစားလိုက်၏။

“၅၀၀ မီလီလီတာနဲ့ သစ်သီး ၅ လုံး။ ပြီးတော့ မင်းတို့ရဲ့ အခြေစိုက်စခန်းကို ပြောင်းရွှေ့ဖို့ သဘောတူရမယ်။”

သူက တောင်းဆိုလိုက်သည်။

“ရတယ် ဒါပေမဲ့ ဒဏ်ရာရနေတဲ့ ကျွန်မတို့ လူတွေကိုတော့ ကုသပေးရမယ်။”

ဆာရာက ပြတ်သားစွာ တုံ့ပြန်လိုက်သည်။

“သဘောတူတယ်။ အမှောင်နတ်သူငယ်တွေ ကတိတည်ဖို့ ငါမျှော်လင့်ပါတယ်။”

ရှောင်းယီက ဆာရာကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်မတို့ အမှောင်နတ်သူငယ် မျိုးနွယ်စုက သစ္စာကို တန်ဖိုးထားပါတယ်။”

ဆာရာက ခေါင်းငြိမ့်ပြလိုက်ပြီး ပြန်ဖြေလိုက်၏။

ထို့နောက် ရှောင်းယီသည် မြို့ရိုးပေါ်မှ တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး နာ့နာသည်လည်း နောက်မှ လိုက်ပါသွားခဲ့သည်။ ဆာရာ့အနားသို့ ရောက်သောအခါ ရှောင်းယီက ပြောလိုက်သည်။

“မြန်မြန်သွားရအောင်။ မဟုတ်ရင် ဒဏ်ရာရထားတဲ့ မင်းတို့လူတွေ ကြာကြာခံမှာ မဟုတ်ဘူး။”

“ကောင်းပြီ။”

ဆာရာသည် နောက်လှည့်ကာ ထွက်ခွာသွားပြီး ရှောင်းယီကို ဦးဆောင်၍ ခေါ်ဆောင်သွားခဲ့သည်။

SSS အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရှောင်းယီ၏ အရှိန်မှာ ဆာရာလောက် မမြန်လှသော်လည်း ယခင်ကထက် များစွာ ပိုမြန်လာပြီဖြစ်သည်။

“ဒီစစ်ပွဲကို မင်း စခဲ့တာ မဟုတ်ဘူးမလား။”

ရှောင်းယီက ရုတ်တရက် မေးလိုက်၏။ ဆာရာသည် အနည်းငယ် ကြောင်အသွားပြီးနောက် ပြန်မေစလိုက်သည်။

“ကျွန်မ စတာ မဟုတ်မှန်း ရှင် ဘယ်လိုသိလဲ။”

“မင်းသာ စတာဆိုရင် အခုနက ရောက်လာတဲ့သူတွေက မဟာအကြီးအကဲတွေ မဟုတ်ဘဲ မင်းဖြစ်နေရမှာပေါ့။”

ရှောင်းယီက ဖြေလိုက်သည်။

“ကျွန်မ စတာ မဟုတ်တာ အမှန်ပဲ။ ဟေအာက တိုက်ခိုက်ဖို့ အဆိုတင်သွင်းခဲ့ပြီး မဟာအကြီးအကဲတွေက သဘောတူခဲ့ကြတယ်။ စစ်မတိုက်ဖို့ ကျွန်မ သတိပေးခဲ့ပေမဲ့ သူတို့က ရှင့်ကို အလွယ်တကူ ကိုင်တွယ်နိုင်မယ် ထင်ပြီး ကျွန်မကို အကျဉ်းချထားခဲ့ကြတယ်လေ။”

ဆာရာက ကူကယ်ရာမဲ့နေသည့်လေသံဖြင့် ပြောပြလိုက်လေသည်။

“မင်းက ဘာလို့ သဘောမတူတာလဲ။ ဒါက မင်းတို့ အမှောင်နတ်သူငယ်တွေရဲ့ စရိုက်နဲ့ မတူသလိုပဲ။”

ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ကျွန်မတို့ အမှောင်နတ်သူငယ်တွေရဲ့ စရိုက်လား။ ဘာစရိုက်လဲ။”

“စစ်မက်လိုလားတာပဲပေါ့။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဘာလို့ အရင်မတိုက်တာလဲ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ထိုအခါ ဆာရာက ခေါင်းခါလိုက်၏။

“အမှောင်နတ်သူငယ်တွေက စစ်မက်လိုလားတာ မှန်ပေမဲ့ စုံလုံးကန်းပြီး တိုက်ခိုက်တာမျိုးတော့ မဟုတ်ဘူး။ စစ်ပွဲတစ်ခုအတွက်နဲ့ ကျွန်မတို့ မျိုးနွယ်စုဝင်တွေ အကုန်လုံးကို အနစ်နာမခံနိုင်ဘူးလေ။”

“ဘာလဲ။ မင်းတို့ ငါတို့ကို အနိုင်မယူနိုင်ဘူးလို့ ထင်လို့လား။”

ရှောင်းယီက နားမလည်သလို မေးလိုက်သည်။

“အရင်ကတော့ ၅၀-၅၀ လို့ ထင်ခဲ့တယ်။ ကျွန်မတို့ နိုင်ရင်တောင် တန်ဖိုးကြီးကြီး ပေးဆက်ရလိမ့်မယ်လို့ တွက်ချက်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ကျွန်မတို့ အနိုင်မယူနိုင်ဘူးဆိုတာ ကျွန်မ သိသွားပြီလေ။”

ဆာရာက ပြန်ဖြေလိုက်၏။

ရှောင်းယီ ပြုံးသာပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သူမ ထိုသို့ ထင်နေခြင်းမှာ အကောင်းဆုံးပင်။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားခြင်းက အမှောင်နတ်သူငယ်များ မဆင်မခြင် မလုပ်နိုင်အောင် တားဆီးရာရောက်ပေသည်။

ဆာရာသည် ရှောင်းယီအား အမှောင်နတ်သူငယ်များ၏ စခန်းသို့ ခေါ်ဆောင်လာသောအခါ ည ၁၁ နာရီ ရှိနေပြီ ဖြစ်သည်။

လူကယ်ရခြင်းမှာ မီးသတ်ရသကဲ့သို့ အရေးကြီးသဖြင့် ရှောင်းယီသည် နာ့နာနှင့်အတူ ဒဏ်ရာရ နတ်သူငယ်များကို ချက်ချင်း ကုသပေးခဲ့သည်။

နာ့နာက ဒဏ်ရာရ နတ်သူငယ်များ၏ ကိုယ်ထဲမှ ကျည်ဆန်များနှင့် ဗုံးဆန်များကို ထုတ်ယူကာ ဒဏ်ရာများကို အမြန်ဆုံး ပြန်လည် ချုပ်ပေးနေသည်ကို ကြည့်ပြီး ဘေးပတ်ဝန်းကျင်မှ နတ်သူငယ်များမှာ အံ့အားသင့်နေခဲ့ကြရလေသည်။

“ဒါက ဘာပစ္စည်းလဲ။ ဘာလို့ ဒဏ်ရာတွေကို ချက်ချင်း ပျောက်ကင်းသွားစေတာလဲ။”

“ဟုတ်တယ်။ ခုနတင် သွေးတွေ ထွက်နေတာကို ခဏလေးအတွင်း သွေးတိတ်သွားပြီး ဒဏ်ရာ ပျောက်သွားတာပဲ။”

“အရင်ကတော့ ဒီညီအစ်မတွေကို ‘ဘီလူးကြီးတွေရဲ့ ရင်ခွင်’ ထဲ ပြန်သွားရတော့မယ် ထင်နေတာ။ အခုတော့ ဘုရင်မကြီးက ဒီလောက်အစွမ်းထက်တဲ့ ဆရာဝန်ကို ရှာလာနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။”

ပတ်ဝန်းကျင်မှ နတ်သူငယ်များ၏ စကားကို နားထောင်ရင်း ရှောင်းယီ ပြဿနာတစ်ခုကို သတိထားမိသွားခဲ့၏။

လွန်ခဲ့သော အကြိမ်က အလင်းနတ်သူငယ်ဘုရင်မ ဟေးလ်သည်လည်း ဘီလူးကြီးများ၏ ရင်ခွင်ထဲသို့ ပြန်သွားရတော့မည်ဟု ပြောခဲ့ဖူးပေသည်။ ထိုစဉ်က ရှောင်းယီသည် အလင်းနတ်သူငယ်မျိုးနွယ်စုတို့၏ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ကြောင့် စိတ်လှုပ်ရှားနေသဖြင့် ထိုစကားကို သတိမထားမိခဲ့ပေ။

ယခု ထပ်မံ ကြားလိုက်ရသောအခါမှ ရှောင်းယီသည် ၎င်း၏ ထူးခြားမှုကို သတိပြုမိသွားခဲ့တော့လေသည်။

‘နတ်သူငယ်မျိုးနွယ်တွေက လူသားစားဘီလူးမျိုးနွယ်တွေနဲ့ ဆက်နွှယ်နေတာလား။’

ရှောင်းယီ စိတ်ထဲက တွေးလိုက်မိသည်။

လွန်ခဲ့သော အချိန်အတော်ကြာက အသက်ရှင်ကျန်ရစ်သူ တစ်ဦးသည် ပင်လယ်ထဲမှ ဧရာမဘီလူးကြီးတစ်ဦး၏ ခြေထောက်ရိုးကို ဆယ်ယူရရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ဘီလူးကြီးများအကြောင်း သတင်း မကြားရတော့ပေ။

ထိုအကြောင်းကို တွေးတောရင်း ရှောင်းယီသည် ဆာရာ့အနားသို့ သွားကာ မေးကြည့်လိုက်သည်။

“မင်းလူတွေ ပြောနေတဲ့ ‘ဘီလူးကြီးတွေရဲ့ ရင်ခွင်ထဲ ပြန်သွားတယ်’ ဆိုတာ ဘာကို ဆိုလိုတာလဲ။ မင်းတို့က ဘီလူးကြီးတွေနဲ့ ပတ်သက်နေတာလား။”

ဆာရာ ခဏတာ ကြောင်အသွားပြီးမှ ပြန်ဖြေလိုက်သည်။

“ရှင်က အပြင်လူဆိုတော့ ကျွန်မတို့ အခြေအနေကို မသိတာက သဘာဝပါပဲ။ ကျွန်မတို့က ဘီလူးကြီးတွေနဲ့ တကယ်ပဲ ပတ်သက်နေတယ်။ အတိအကျ ပြောရရင် ဘီလူးကြီးတွေ သေဆုံးသွားတဲ့အခါ နတ်သူငယ်တွေ မွေးဖွားလာကြတာပေါ့။”

ရှောင်းယီ မျက်ခုံးပင့်မိသွားခဲ့သည်။ ၎င်းမှာ တစ်စုံတစ်ယောက်က သူ့ကို ပြောပြဖူးသော နတ်သူငယ်များ၏ မူလအစ ဒဏ္ဍာရီနှင့် ဆင်တူနေလေသည်။

ဆာရာ၏ ရှင်းပြချက်အရ ဤကမ္ဘာရှိ နတ်သူငယ်မျိုးနွယ်စုများ၏ မူလအစမှာ ဘီလူးကြီးများ သေဆုံးပြီးနောက် ၎င်းတို့၏ ရုပ်အလောင်းများမှ နတ်သူငယ်များ မွေးဖွားလာခြင်း ဖြစ်ကြောင်း ရှောင်းယီ နားလည်သွားခဲ့သည်။

“မင်းရဲ့စကားအရဆိုရင် နတ်သူငယ်တိုက်ကြီးပေါ်မှာရှိတဲ့ မတူညီတဲ့ ဂုဏ်သတ္တိရှိတဲ့ နတ်သူငယ်မျိုးနွယ်စု နှစ်ခုစလုံးက ဘီလူးကြီး တစ်ကောင်တည်းကနေ ဆင်းသက်လာခဲ့တာပေါ့ ဟုတ်လား။”

ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ဆာရာက ခေါင်းငြိမ့်ပြလိုက်သည်။

“အဲ့ဒီလို ပြောလို့ရပါတယ်။ ကျွန်မတို့က ဘီလူးကြီး တစ်ကောင်တည်းကနေ ဆင်းသက်လာကြတာပါ။”

ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီး ထပ်မံ မေးမြန်းလိုက်သည်။

“ဒါဆို ဒီကမ္ဘာပေါ်မှာ ဘီလူးကြီးတွေ ရှိနေသေးလား ဆိုတာ မင်း သိလား။”

အခန်း ၈၆၄ - တာအိုကျမ်းနှင့် ဘီလူးကြီး၏ အရိုးစုကို မြင်တွေ့လိုခြင်း

ရှောင်းယီ၏ မေးခွန်းကို ကြားသောအခါ ဆာရာသည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးး မသေချာသလိုဖြင့် ပြောလာခဲ့သည်။

“ဘီလူးကြီးတွေ ရှိနေဦးမယ်လို့ ထင်တာပဲ။”

“မင်းတို့ထဲက တစ်ယောက်မှ ဘီလူးကြီးကို မမြင်ဖူးကြဘူးလား။”

ရှောင်းယီက ဆာရာကို သံသယဖြင့် ကြည့်ကာ မေးလိုက်၏။ ဆာရာက ခေါင်းငြိမ့်ကာ ပြန်ဖြေလာခဲ့သည်။

“ကျွန်မတို့ အသက်ရှင်နေတဲ့ ဘီလူးကြီးကို တကယ်မမြင်ဖူးဘူး။ ကျွန်မတို့ မျိုးနွယ်စုရဲ့ ပထမဆုံး မျိုးဆက် နတ်သူငယ်တွေ ပြောပြချက်အရ သူတို့ဟာ သူတို့ မွေးဖွားရာနေရာ၊ ဆိုလိုတာက ဘီလူးကြီးရဲ့ ရုပ်အလောင်းကိုပဲ မြင်ခဲ့ရကြရတယ်။”

“ဒါဆို အဲ့ဒီ ဘီလူးကြီးရဲ့ ရုပ်အလောင်းက အခု ဘယ်မှာလဲ။”

ရှောင်းယီက အလောတကြီး မေးလိုက်၏။ ဆာရာက ရှောင်းယီကို သတိထားကာ ကြည့်လိုက်သည်။

“ရှင်က ဘီလူးကြီးရဲ့ အရိုးစုကို တစ်ခုခု လုပ်ဖို့ ကြံစည်နေတာလား။”

ထိုအခါ ရှောင်းယီက ပြုံးကာ ခေါင်းခါပြလိုက်သည်။

“ငါက ကြည့်ရုံတင် ကြည့်ချင်တာပါ။ သူ့အရိုးတွေကို လုံးဝ လက်ဖျားနဲ့တောင် မထိပါဘူး။”

ဆာရာက ရှောင်းယီကို မယုံသင်္ကာဖြင့် ကြည့်ပြီးမှ မေးခွန်းကို သူ့ထံ ပြန်ပစ်ပေးလိုက်သည်။

“ဟေးလ်ကို သွားမေးလိုက်ပါ။ တကယ်လို့ သူ သဘောတူတယ်ဆိုရင် ကျွန်မကလည်း ရှင့်ကို ကြည့်ခွင့်ပေးဖို့ သဘောတူပေးမယ်။”

“ဟင် မင်းတို့ နှစ်ယောက်စလုံးက ဘီလူးကြီး တစ်ကောင်တည်းရဲ့ ရုပ်အလောင်းကနေ မွေးဖွားလာတာလို့ ဆိုလိုတာလား။”

ရှောင်းယီက အံ့သြတကြီး မေးလိုက်သည်။ ဆာရာက ခေါင်းငြိမ့်ပြလိုက်သည်။ ရှောင်းယီက ခေါင်းခါလိုက်မိသည်။

“မင်းတို့က အမေတစ်ယောက်တည်းကနေ မွေးလာပြီးတော့ နှစ်ပေါင်း တစ်သိန်းကျော်လုံးလုံး တိုက်ခိုက်နေကြတာလား။ မင်းတို့ အရမ်းအားနေကြတာလား။”

ထိုအခါ ဆာရာက သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

“ကျွန်မတို့က မတူညီတဲ့ ဂုဏ်သတ္တိ နှစ်ခုရှိတာလေ။ မဟုတ်ဘူး...အတိအကျ ပြောရရင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဂုဏ်သတ္တိတွေပဲ။ ကျွန်မတို့ တိုက်ခိုက်နေကြတာက ပုံမှန်ပဲ မဟုတ်ဘူးလား။”

သူတို့ နှစ်ဦး စကားပြောနေစဉ် နာ့နာသည် ဒဏ်ရာရသူများအားလုံးကို ကုသပေးပြီးနောက် ပြန်လျှောက်လာခဲ့လေသည်။

“ကျွန်းပိုင်ရှင် ဒဏ်ရာရသူ အားလုံးကို ကုသပေးပြီးပါပြီ။ သူတို့ အသက်ရှင်ကြပါလိမ့်မယ်။”

နာ့နာက အစီရင်ခံလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြပြီး ဆာရာကို ကြည့်ကာ ပြောလိုက်သည်။

“ပြင်ဆင်ထားလိုက်တော့။ မနက်ဖြန်ကျရင် မင်းတို့ ပြောင်းရွှေ့ရမယ်။”

“ကောင်းပြီ။”

ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို တိုက်ရိုက် အသုံးပြုကာ သူ၏အိပ်ခန်းသို့ ပြန်လာခဲ့လေသည်။ အချိန်မှာ ညသန်းခေါင်ပင် နီးနေပြီ ဖြစ်သည်။

“မနက်ဖြန်ကျမှ ဟေးလ်ကို ဒီအခြေအနေအကြောင်း သွားမေးရမယ်။”

ရှောင်းယီ စိတ်ထဲက တွေးတောရင်း အနားယူလိုက်တော့လေသည်။

နောက်တစ်နေ့တွင် ရှောင်းယီ စောစောနိုးလာခဲ့၏။ မျက်နှာသစ်နေစဉ်မှာပင် လက်မှတ်ထိုးဝင်လိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှသောဆုလာဘ်- တာအိုကျမ်းစာအုပ် ၁ ။”

ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီ ကြောင်အသွား၏။

ယခင် ဆုလာဘ်များသည် အစားအသောက်၊ အဝတ်အထည်၊ နေထိုင်ရေး၊ ဖျော်ဖြေရေး သို့မဟုတ် လက်နက်ကိရိယာများနှင့်သာ ဆက်စပ်နေသော်လည်း ယခု ရုတ်တရက် စာအုပ်တစ်အုပ် ပေးလာခြင်းမှာ ဘာကို ဆိုလိုသနည်း။

[တာအိုကျမ်း: တာအိုကျမ်းစာများ၏ ပြီးပြည့်စုံသော စုစည်းမှုဖြစ်ပြီး ဂူသုံးလုံး၊ ဖြည့်စွက်ချက်လေးခုနှင့် ကဏ္ဍ ၁၂ ခု ခွဲခြားထားသည်။ အရာအားလုံး ပါဝင်သည်။ အိမ်ရှင် အနေဖြင့် သေချာစွာ လေ့လာပါ။]

“ဟမ် မင်းက ငါ့ကို တာအိုဘုန်းကြီး လုပ်ခိုင်းနေတာလား။”

ရှောင်းယီသည် သွားတိုက်နေသည်ကို ရပ်ကာ စိတ်ထဲမှ မေးလိုက်သည်။

“အိမ်ရှင်ဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက ရှေးဟောင်း သိုင်းပညာရှင်တွေနဲ့ တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရှေးဟောင်း ကိုယ်ခံပညာနဲ့ ပတ်သက်တဲ့ ဆုလာဘ်တွေ မပေးခဲ့တာက အိမ်ရှင်ရဲ့ ခန္ဓာကိုယ်ဟာ လေ့ကျင့်ဖို့ အခြေအနေ မပြည့်စုံသေးလို့ပါ။”

စနစ်၏ ရှင်းပြချက်ကို ကြားသောအခါ ရှောင်းယီက သွားတိုက်ဆေး အမြှုပ်များကို ထွေးထုတ်လိုက်ပြီး မေးလိုက်၏။

“လေ့ကျင့်ဖို့ သတ်မှတ်ချက်က အဲ့လောက်တောင် မြင့်လို့လား။ SSS အဆင့် ရောက်မှ ရမှာလား။ ဒါဆိုရင် ငါတို့ ကမ္ဘာဟောင်းက လူတွေက အခြေအနေ မပြည့်စုံဘဲနဲ့ လေ့ကျင့်နေကြတာပေါ့။”

“သူတို့က အနှစ်သာရကို မဟုတ်ဘဲ ပုံစံကိုပဲ လေ့ကျင့်နေကြတာပါ။ တစ်ချိန်တည်းမှာပဲ ထိခိုက်မှုတွေကလည်း ကြီးမားပါတယ်။ သိုင်းပညာရှင် အများစုဟာ နာတာရှည် ရောဂါတွေနဲ့ အဆုံးသတ်ကြရသလို အားကစားသမားတွေမှာလည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရောဂါတွေ ရှိကြပါတယ်။ အဓိကကတော့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဟာ အဲ့ဒီလို လေ့ကျင့်မှုတွေကို မခံနိုင်လို့ပါပဲ။ ဒါက သဘာဝတရားကို ဆန့်ကျင်နေတာပါ။”

ရှောင်းယီ အမှန်တရားကို သဘောပေါက်သွားခဲ့သည်။ ထို့နောက် ပလုတ်ကျင်း၊ မျက်နှာသစ်ပြီး ဆက်မေးလိုက်သည်။

“ဒါဆို ဒါကို ငါ ဘယ်လို ဖတ်ရမှာလဲ။”

“မျက်စိနဲ့ ဖတ်ပါ။”

ရှောင်းယီ ကြက်သေသေသွား၏။

“စနစ် မင်း ဘယ်တုန်းက ဒီလောက် နောက်တတ်သွားတာလဲ။”

စနစ်- “...”

“စနစ် မင်းရှိသေးလား။”

ရှောင်းယီ ဆက်မေးလိုက်သော်လည်း စနစ်က ဘာမှ ထပ်မဖြေတော့ပေ။

“ဒီတော့ ငါ့မှာ လုပ်စရာ အသစ်တစ်ခု ရလာပြန်ပြီပေါ့။”

ရှောင်းယီသည် စနစ်သိုလှောင်ခန်းထဲရှိ ထူထဲလှသော တာအိုကျမ်းစာအုပ်ကို ကြည့်ကာ သက်ပြင်းချလိုက်မိလေသည်။

ထိုကိစ္စကို ခေတ္တဘေးဖယ်ထားပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ဖြင့် ဆေးရုံအနီးသို့ တည်နေရာကူးပြောင်းကာ ပြန်လည်ကျန်းမာရေးဆောင်သို့ သွားလိုက်သည်။

ဟေးလ်သည် အိပ်ရာပေါ်မှ ထကာ လေ့ကျင့်ခန်း အချို့ စလုပ်နေပြီး ဒိုယာက ဘေးမှ စိုးရိမ်တကြီး ကြည့်နေခဲ့လေသည်။

“ဘုရင်မကြီး အနားယူပါဦး။ အခုမှ နေပြန်ကောင်းကာစပဲ ရှိပါသေးတယ်။ ဒီလို လေ့ကျင့်ခန်းတွေ မလုပ်သင့်သေးပါဘူး။”

ဒိုယာက ဘေးမှ ပွစိပွစိ ပြောနေခဲ့လေသည်။ ဟေးလ်က ပြုံးလိုက်သည်။

“ခုနက ဆရာဝန် ပြောသွားတာ မကြားဘူးလား။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ စလုပ်လို့ ရပြီတဲ့။”

“ဒါပေမဲ့ အရှင်မရဲ့ ဒဏ်ရာတွေက...”

ဒိုယာက စိတ်မအေးနိုင်သေးပေ။

“စိတ်မပူပါနဲ့။ ကျုပ်တို့ ဆေးရုံမှာ ခင်ဗျားတို့ဘုရင်မကြီး ဘာမှမဖြစ်စေရပါဘူး။”

ရှောင်းယီက အပြင်မှ ပြုံးလျက် လျှောက်ဝင်လာခဲ့သည်။ ရှောင်းယီ ရောက်လာသည်ကို မြင်သောအခါ ဟေးလ်က နှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါ ကျွန်းပိုင်ရှင်။”

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

“ကျုပ် ကိစ္စတစ်ခုရှိလို့ လာခဲ့တာပါ။ ခင်ဗျားနဲ့ တစ်ခုလောက် တိုင်ပင်ချင်လို့ပါ။”

ထိုစကားကိုကြားသောအခါ ဟေးလ်က လေ့ကျင့်ခန်းကိုရပ်ကာ “ဘာကိစ္စလဲ” ဟု မေးလိုက်သည်။

“ခင်ဗျားတို့ နတ်သူငယ်မျိုးနွယ်တွေကို မွေးဖွားပေးခဲ့တဲ့ ဘီလူးကြီးရဲ့ ရုပ်အလောင်းကို ကျုပ် သွားကြည့်ချင်လို့ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုစကားကြောင့် ဟေးလ်နှင့် ဒိုယာတို့ နှစ်ဦးစလုံး အလွန်အံ့အားသင့်သွားခဲ့ကြလေသည်။

အနည်းငယ် စဉ်းစားပြီးနောက် ဟေးလ်က မေးလိုက်သည်။

“‌ရှင်က ဘာလို့ ဘီလူးကြီးရဲ့ ရုပ်အလောင်းကို ကြည့်ချင်တာလဲ။”

“သဘာဝကျကျ တွေးကြည့်ရင် ဘီလူးကြီးတွေက ရှင့်တို့လိုပဲ အသက်ရှည်တဲ့ မျိုးနွယ်ဖြစ်ရမှာပါ။ အဲ့ဒါကြောင့် သူတို့ ဘာလို့ သေဆုံးသွားရတာလဲ ဆိုတာကို ကျုပ် သိချင်မိတယ်။ ပြီးတော့ သူ့ရဲ့ အရိုးစုကနေ ဘီလူးကြီးတွေအကြောင်း တခြားသဲလွန်စတွေ ရမလားလို့လည်း ကြည့်ချင်တာပါ။”

ရှောင်းယီက ရှင်းပြလိုက်သည်။ ဟေးလ်သည် အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။

“ကောင်းပါပြီ၊ ကျွန်မ သဘောတူပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ကတိပေးရမယ်။”

“ဘာလဲ”

“ဘီလူးကြီးရဲ့ အရိုးစုကို လုံးဝ မထိခိုက်စေရဘူး။”

ဟေးလ်က လေးလေးနက်နက် ပြောလိုက်သည်။

“စိတ်ချပါ၊ ကျုပ် လုံးဝ မထိခိုက်စေရပါဘူး။”

ရှောင်းယီက အာမခံလိုက်သည်။

“အင်း။ ဒါပေမဲ့ ဆာရာတို့ဘက်ကိုလည်း ဒီအကြောင်း ပြောထားသင့်တယ်နော်။ သူတို့ကလည်း အဲ့ဒီကနေပဲ မွေးဖွားလာခဲ့ကြတာ။”

ဟေးလ်က ဆက်ပြောလိုက်သည်။

“မနေ့က ဆာရာနဲ့ စကားပြောခဲ့ပြီးပါပြီ။ သူတို့ သဘောတူပါတယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ယခုအခါ ဟေးလ်တစ်ယောက် အံ့သြသွားခဲ့တော့လေသည်။

“အမှောင်နတ်သူငယ် မျိုးနွယ်စုမှာ SSS အဆင့် အကြီးအကဲတွေ အများကြီး ရှိတယ်လေ။ သူတို့အားလုံးက သဘောတူလိုက်ကြတယ် ဟုတ်လား။”

“ကျုပ်တို့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြသေးတယ်။ ပြီးမှ သူတို့ သဘောတူသွားတာ။”

ရှောင်းယီက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်၏။

ရှောင်းယီ၏ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားကြောင့် ဟေးလ်နှင့် ဒိုယာတို့ နောက်တစ်ကြိမ် ကြောင်အသွားကြခဲ့ရပြန်သည်။

“သူတို့ ဘုရင်မ ဆက်ခံတဲ့ စနစ်အရဆိုရင် SSS အဆင့် မဟာအကြီးအကဲ အနည်းဆုံး ကိုးယောက် ရှိရမယ်။ ရှင်က သူတို့ကို အနိုင်တိုက်ခဲ့တာ သေချာလို့လား။”

ဒိုယာက မယုံကြည်နိုင်စွာ မေးလိုက်၏။

“ကျုပ် သူတို့ကို အပြတ်အသတ် နိုင်ခဲ့တာတော့ မဟုတ်ဘူး။ သူတို့ကို ပြန်ဆုတ်သွားအောင်ပဲ လုပ်ခဲ့တာပါ။ ပြီးတော့ ဆာရာက ငြိမ်းချမ်းရေးအတွက် လာညှိနှိုင်းလို့ ကျုပ် သဘောတူလိုက်တယ်။ ကျုပ်ကိုယ်တိုင်ကလည်း အစကတည်းက တိုက်ချင်တာ မဟုတ်ပါဘူး။”

ရှောင်းယီက ပခုံးတွန့်ပြကာ ပြောလိုက်သည်။

“ကျုပ်တို့က ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ အပြင်လူတွေပါ။”

သို့သော်ငြားလည်း ဟေးလ်မှာ အံ့သြနေဆဲပင်။ SSS အဆင့် အစွမ်းထက် တိုက်ခိုက်ရေးသမား ၁၀ ဦးရှိသော အမှောင်နတ်သူငယ် မျိုးနွယ်စုကို ရှောင်းယီက အညံ့ခံလာအောင် လုပ်နိုင်ခဲ့ခြင်းမှာ သူမ၏ ကမ္ဘာကြီးကို လုံးဝ ပြောင်းလဲသွားစေခဲ့လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဆာရာသည် ရှောင်းယီကို အလင်းနတ်သူငယ်စခန်းသို့ ခေါ်ဆောင်လာခဲ့စဉ်က ရှောင်းယီသည် SSS အဆင့်သို့ မရောက်သေးကြောင်း ဒိုယာ သေချာပေါက် သိထားခဲ့ပေသည်။

ဒါဆို ရှောင်းယီက SS အဆင့်နဲ့တင် SSS အဆင့် အမှောင်နတ်သူငယ် ၁၀ ယောက်ကို တိုက်ထုတ်နိုင်ခဲ့တာလား။

မည်သို့ပင် တွေးကြည့်စေကာမူ ၎င်းမှာ မဖြစ်နိုင်သလောက်ပင်။

All Chapters