← Chapters

အခန်း (၈၆၅-၈၆၆)

Vol. 70 Ch. 865-866

အခန်း (၈၆၅-၈၆၆)

Vol. 70 Ch. 865-866

အခန်း ၈၆၅ - ဘီလူးကြီး သေဆုံးရခြင်းအကြောင်းရင်းနှင့် အမှောင်နတ်သူငယ်တို့၏ ထူးခြားချက်များ

“ကောင်းပြီ။ ခင်ဗျားလည်း သဘောတူလိုက်ပြီဆိုတော့ ကျုပ် ဆာရာကို သွားရှာပြီး ဘီလူးကြီးရဲ့ ရုပ်ကြွင်းရှိတဲ့နေရာကို လိုက်ပို့ခိုင်းလိုက်ပါဦးမယ်။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် လက်ကာပြကာ လူနာဆောင်မှ ထွက်လာလာခဲ့လိုက်လေသည်။

ဒိုယာသည် ရှောင်းယီ ထွက်သွားသည်ကို ကြည့်ကာ မမေးဘဲ မနေနိုင် ဖြစ်သွားခဲ့၏။

“ဘုရင်မကြီး သူပြောတာတွေက တကယ်ပဲ ဟုတ်ပါ့မလား။”

“အမှန်ပဲ ဖြစ်ရမယ်။ အမှောင်နတ်သူငယ် မျိုးနွယ်စုက ကျွန်းပိုင်ရှင်ရဲ့ မျက်နှာသာပေးမှုကို မရသေးဘဲနဲ့ သူတို့ရဲ့ အခြေစိုက်စခန်းကို ဒီကို အလွယ်တကူ ပြောင်းရွှေ့လာမှာ မဟုတ်ဘူး။”

ဟေးလ်က လေသံတိုးတိုးဖြင့် ဆိုသည်။

“အဲ့ဒါကြောင့် သူတို့ တကယ်ပဲ တိုက်ပွဲဖြစ်ခဲ့ကြတာ သေချာတယ်။ အသေးစိတ်ကို မသိရပေမဲ့ ကျွန်းပိုင်ရှင်ရဲ့ တုံ့ပြန်ပုံကို ကြည့်ရရင် သူ နိုင်ခဲ့တာပဲ ဖြစ်ရမယ်။”

ထိုအခါ ဒိုယာက စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း ပြောလိုက်၏။

“သူတို့က အမှောင်နတ်သူငယ်တွေကိုတောင် အနိုင်တိုက်နိုင်တဲ့အထိ အင်အားကြီးလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။”

ဟေးလ်က ခေါင်းငြိမ့်လိုက်သည်။

“တကယ်ကို အံ့သြစရာပဲ။”

“ကံကောင်းတာက ကျွန်မတို့ သူတို့နဲ့ စစ်မဖြစ်ခဲ့တာပဲ။ မဟုတ်ရင် ကျွန်မတို့က ပိုပြီးတော့တောင် အရှက်တကွဲ ရှုံးနိမ့်သွားမှာ သေချာတယ်။”

ဒိုယာက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်၏။

အလင်းစမ်းရေ ခြောက်သွေ့သွားကတည်းက အလင်းနတ်သူငယ်မျိုးနွယ်စုသည် အမှောင်နတ်သူငယ်တို့၏ ဖိနှိပ်ခြင်းကို အမြဲ ခံခဲ့ရသည် မဟုတ်ပါလား။

ရှောင်းယီသည် အမှောင်နတ်သူငယ်များကို အနိုင်ရနိုင်သည်ဆိုလျှင် အလင်းနတ်သူငယ်များကိုလည်း အလွယ်တကူ အနိုင်ယူနိုင်မည်မှာ အသေအချာပင်။

“ဖြစ်နိုင်တာက ငါတို့ တကယ်ပဲ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာ ဖြစ်လိမ့်မယ်။”

ဟေးလ်က ပြုံးကာ ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ နတ်သူငယ်တိုက်ကြီးပေါ်ရှိ ယာယီစခန်းသို့ သွားလိုက်ပြီးနောက် အချိန်ကုန်သက်သာစေရန် မော်တော်ကားတစ်စီးဖြင့် အမှောင်နတ်သူငယ်စခန်းသို့ ဦးတည်ကာ ထွက်ခွာခဲ့လေသည်။

သူ အမှောင်နတ်သူငယ်စခန်းသို့ ရောက်သောအခါ ဆာရာက ရှေ့မှ စောင့်ကြိုနေပြီ ဖြစ်သည်။

“ကျွန်းပိုင်ရှင် ကျွန်မတို့ဘက်က အားလုံး ပြင်ဆင်ပြီးပါပြီ။ ဘယ်အချိန်မဆို ပြောင်းရွှေ့လို့ရပါတယ်။”

ဆာရာက ရှေ့သို့ လျှောက်လာကာ နှုတ်ဆက်လိုက်၏။ ရှောင်းယီ ခေါင်းအသာငြိမ့်ကာ ပြောလိုက်သည်။

“အဲ့ဒါက မလောပါဘူး။ အရင်ဆုံး ကျုပ်ကို ဘီလူးကြီးရဲ့ ရုပ်ကြွင်းဆီ လိုက်ပို့ပေးပါဦး။ ဟေးလ်ကလည်း သဘောတူလိုက်တယ်။ မင်း သွားပြီး အတည်ပြုချင်သေးလား။”

“မလိုပါဘူး။ ကျွန်းပိုင်ရှင်က အတည်ပြုပြီးပြီဆိုရင် ကျွန်မဘက်ကလည်း ပြဿနာမရှိပါဘူး။”

ဆာရာက ပခုံးတွန့်ပြကာ ပြန်ဖြေလိုက်သည်။

“ကားပေါ်တက်။”

ရှောင်းယီသည် ဆာရာမား ကားပေါ်တက်ကာ လမ်းညွှန်ပေးစေလိုက်ပြီး နတ်သူငယ်တိုက်ကြီး၏ အတွင်းပိုင်းသို့ မောင်းနှင်သွားခဲ့ကြလေသည်။

ရှောင်းယီသည် နောက်ခန်းတွင် ထိုင်ကာ ယနေ့ လက်မှတ်ထိုးဝင်ခြင်းမှ ရရှိထားသော တာအိုကျမ်းကို လှန်လှောဖတ်ရှုနေလိုက်သည်။ ခဏကြာ ဖတ်ပြီးနောက် သူ စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရတော့လေသည်။

စာလုံးများ အားလုံးကို သူ သိသော်လည်း အတူတူပေါင်းဖတ်လိုက်လျှင်မူ နားလည်ရန် ခက်ခဲလှ၏။ အလွန်တရာလည်း နက်နဲသိမ်မွေ့လွန်းလှပေသည်။

“ငါ့မှာ ပါရမီ မရှိလို့များလား။ ဒီအရာတွေက တကယ်ပဲ သိုင်းပညာ လေ့ကျင့်တာနဲ့ ဆက်စပ်နေတာလား။”

ရှောင်းယီ မိမိကိုယ်ကို သံသယဝင်သွားမိလေသည်။

သို့သော် စနစ်က တခြား ဘာသတိပေးချက်မှ မပေးသဖြင့် ရှောင်းယီသည် ခေါင်းခါကာ အတင်းအကျပ်သာ ဆက်လက် ဖတ်ရှုနေလိုက်သည်။ ရှေးလူကြီးများ ပြောစကား ရှိသည် မဟုတ်ပါလား။ ‘စာအုပ်တစ်အုပ်ကို အကြိမ် တစ်ရာလောက် ဖတ်ရင် သူ့အဓိပ္ပာယ်က အလိုလို ပေါ်လာလိမ့်မယ်’ ဟု၍ပင်။

ဖြည်းဖြည်းချင်းပဲ သွားရတော့မှာပေါ့။

သုံးနာရီခန့်ကြာအောင် ကားမောင်းပြီးနောက် သူတို့သည် ဆာရာ၏ လမ်းညွှန်မှုဖြင့် နေရာတစ်ခုတွင် ရပ်တန့်လိုက်ကြသည်။

ရှောင်းယီသည် တာအိုကျမ်းကို ပိတ်ကာ စနစ်သိုလှောင်ခန်းထဲ ပြန်ထည့်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်လေသည်။

“ကျွန်းပိုင်ရှင် ဟိုရှေ့လေးတင်ပါပဲ။ လမ်းလျှောက်သွားကြရအောင်။”

ဆာရာက မလှမ်းမကမ်းရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီး ဆာရာ့နောက်မှ လိုက်သွားခဲ့၏။ မကြာမီတွင် ကျောက်ခဲပုံကြီးတစ်ခုကို မြင်လိုက်ရလေသည်။

“အဲ့ဒါပါပဲ။”

ဆာရာသည် ထိုကျောက်ခဲပုံကြီးကို ကြည့်ကာ ထူးဆန်းသော အမူအရာတစ်ခုဖြင့် အရိုအသေပေးလိုက်၏။ ဆုတောင်းခြင်း သို့မဟုတ် အလေးပြုခြင်း ဖြစ်ဟန်တူသည်။

ရှောင်းယီသည်လည်း ဘီလူးကြီး၏ ဂူဗိမာန်ကို ဦးညွှတ်အရိုအသေပေးပြီးနောက် ရှေ့သို့ တိုးကာ ပြောလိုက်သည်။

“ကျုပ် ဒါကို ဖွင့်ပြီး ဘီလူးကြီးရဲ့ ရုပ်ကြွင်းကို ကြည့်ရပါမယ်။”

ဆာရာက စကားမပြောဘဲ ခေါင်းငြိမ့်ပြလိုက်၏။

ထို့နောက် ရှောင်းယီသည် ရှေ့သို့တက်ကာ စုပုံနေသော ကျောက်တုံးများကို ဖယ်ရှားလိုက်တော့လေသည်။ မကြာမီတွင် ကြီးမားလှသော ဦးခေါင်းခွံကြီးတစ်ခုကို မြင်လိုက်ရတော့သည်။

ဤဦးခေါင်းခွံ၏ အမြင့်တစ်ခုတည်းကပင် ရှောင်းယီ၏ အရပ်ထက် မြင့်မားနေ၏။ လက်ရှိတွင် ရှောင်းယီ၏ အရပ်မှာ ၁.၇၈ မီတာ (၅ ပေ ၁၀ လက်မခန့်) ရှိခြင်းဖြစ်ပေသည်။

[ဧရာမဘီလူးကြီး၏ ရုပ်ကြွင်း: ဘီလူးကြီး သေဆုံးပြီးနောက် ကျန်ရစ်သော ရုပ်ကြွင်း။ ဤဘီလူးကြီးသည် အမြင့် ၁၁ မီတာ (၃၆ ပေခန့်) ရှိပြီး ရှေးဦးဧရာမသားရဲတစ်ကောင်၏ ကိုက်ခဲဝါးမြိုမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။]

သူသည် ကြီးမားသော ဦးခေါင်းခွံကြီးကိုသာ မြင်ရသော်လည်း စနစ်၏ သတိပေးချက်က သေဆုံးရခြင်း အကြောင်းရင်းကိုပါ ဖော်ပြပေးလိုက်ပြီ ဖြစ်သည်။

“ရှေးဦးဧရာမသားရဲလား။”

ရှောင်းယီ မျက်လုံး ပြူးသွား၏။

“ငါ့ရဲ့ အပျော်စီးရွက်သင်္ဘောက ဆွဲဆောင်နေတဲ့ သားရဲတွေနဲ့ အမျိုးအစား အတူတူပဲလား။”

ထိုအဖြေကိုတော့ ဤနေရာတွင် ရှာမတွေ့နိုင်ပေ။ ရှောင်းယီသည် ဆာရာ့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

“ဒီရုပ်ကြွင်းကိုရော ပြောင်းရွှေ့ဖို့ လိုသေးလား။ ဒါက မင်းတို့ မျိုးနွယ်စုရဲ့ မူလအစပဲလေ။”

ဆာရာက ခေါင်းခါပြလိုက်သည်။

“နတ်သူငယ်မျိုးနွယ်စုဟာ သဘာဝတရားကို အလေးထားတယ်။ သူက ဒီနေရာမှာ ထာဝရ အိပ်စက်ဖို့ ရွေးချယ်ခဲ့တာဆိုတော့ ကျွန်မတို့ သူ့ကို မနှောင့်ယှက်သင့်တော့ဘူး။”

ရှောင်းယီက ပခုံးတွန့်ပြလိုက်၏။

“ကောင်းပါပြီ။ ဒါဆိုလည်း ပြန်ကြတာပေါ့။”

ဆာရာက ရှောင်းယီကို နားမလည်သလို ကြည့်လိုက်သည်။

“ဒါပဲလား။ ကြည့်လို့ ပြီးသွားပြီလား။”

ရှောင်းယီ ခေါင်းပြလိုက်သည်။

“အင်းလေ ဒါထက် ပိုပြီး ဘယ်လို ကြည့်ရဦးမှာလဲ။ အကုန်တူးထုတ်ပြီး မိုက်ခရိုစကုပ်နဲ့ ကြည့်ရမှာလား။”

ဆာရာသည် ရှောင်းယီက ဘီလူးကြီး၏ ရုပ်ကြွင်းကို ကြည့်ချင်ရခြင်းမှာ နောက်ကွယ်က ရည်ရွယ်ချက်တစ်ခုခု ရှိလိမ့်မည်ဟု အမြဲ ထင်ထားခဲ့သော်လည်း သူက အမှန်တကယ်ကို လာကြည့်ရုံသက်သက် ဖြစ်နေမည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

“ဘာမှမဟုတ်တော့ပါဘူး သွားကြရအောင်။”

ဆာရာက ပြုံးကာ ခေါင်းခါပြလိုက်သည်။ အမှောင်နတ်သူငယ်များနှင့် အလင်းနတ်သူငယ်များကြားတွင် ပဋိပက္ခများ ရှိနေသော်လည်း ရှောင်းယီသည် သူတို့ကို နီးနီးကပ်ကပ်ပင် နေရာချထားပေးလိုက်သည်။

အလင်းနတ်သူငယ်စခန်း၏ ဘေးကပ်လျက်တွင်ပင် ရှောင်းယီသည် နောက်ထပ် အုတ်မြစ်ကျောက် သန်း ၁၀၀ ကို အသုံးပြုကာ မြေကွက်အသစ်တစ်ခုကို ချဲ့ထွင်ပြီး အမှောင်နတ်သူငယ်မျိုးနွယ်စုအတွက် နေရာပေးလိုက်လေသည်။

သူသည် အလင်းနတ်သူငယ်များကို ပြောင်းရွှေ့ပေးခဲ့စဉ်က နည်းလမ်းအတိုင်းပင် အမှောင်နတ်သူငယ်များကို ပြောင်းရွှေ့ပေးခဲ့၏။

ထိုအမှောင်နတ်သူငယ်များ ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်ကို ကြည့်ပြီး စိတ်ပျက်သွားခဲ့ကြလေသည်။ ထိုအခါ ရှောင်းယီက ဘေးကို ညွှန်ပြကာ ပြောလိုက်သည်။

“မနေ့က အလင်းနတ်သူငယ်စခန်းကလည်း ဒီလိုပဲ။ တစ်ရက်လောက် အေးအေးဆေးဆေး စောင့်လိုက်ရင် သိရပါလိမ့်မယ်။”

အမှောင်နတ်သူငယ်များသည် သံသယရှိနေကြသော်လည်း များများစားစားတော့ မပြောကြပေ။

နတ်သူငယ်တိုက်ကြီးပေါ်ရှိ အင်အားစု နှစ်ခုစလုံးကို မဟာမိတ်အဖွဲ့ထဲသို့ ပြောင်းရွှေ့ပြီးနောက် ရှောင်းယီသည် နတ်သူငယ်တိုက်ကြီးတစ်ခုလုံးကို အပြည့်အဝ စူးစမ်းလေ့လာရန် ချက်ချင်း အမိန့်ပေးလိုက်တော့လေသည်။

နတ်သူငယ်တိုက်ကြီးပေါ်ရှိ တောရိုင်းသားရဲများသည် အတော်အတန် ယဉ်ပါးကြသဖြင့် အုတ်မြစ်ကျောက်များ ရှာဖွေရန် အခွင့်ကောင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တခြားနိုင်ငံများမှ ရှာဖွေတွေ့ရှိထားသော တိုက်သစ်များသည်လည်း ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စစ်ရေးအကူအညီဖြင့် ဒေသခံများကို တိုက်ထုတ်နိုင်ခဲ့ကြ၏။ သူတို့သည် ကျွန်းပေါ်သို့ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြပြီး ရတနာရှာဖွေရေး ခရီးစဉ်များကို စတင်ခဲ့ကြလေသည်။

သို့သော် ရှောင်းယီ အံ့အားသင့်သွားရသည်မှာ ထိုတိုက်သစ်များပေါ်တွင် တခြားသော လူမျိုးခြားများကို ထပ်မံ မတွေ့ရတော့ခြင်းပင် ဖြစ်သည်။

“ဒေါက် ဒေါက် ဒေါက်”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်နေရင်း မော့ကြည့်ကာ “ဝင်ခဲ့ပါ” ဟု ဆိုလိုက်၏။

“ဒါက အမှောင်နတ်သူငယ်တွေဆီက ပို့လိုက်တဲ့ အမှောင်စမ်းရေနဲ့ အမှောင်နတ်သူငယ်သီးတွေပါ။”

အန်းရန်က အပြင်မှ ဝင်လာရင်း ပြောလိုက်သည်။

အန်းရန်၏ လက်ထဲမှ ပစ္စည်းနှစ်ခုကို မြင်လိုက်ရသည်နှင့် စနစ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

[အမှောင်စမ်းရေ (SSS အဆင့်): အမှောင်စွမ်းအင်များ စိမ့်ဝင်နေသော စမ်းရေ။ သောက်သုံးသူအား အမှောင်ပါရမီကို ပေးစွမ်းပြီး အမှောင်ထဲတွင် စွမ်းဆောင်ရည်အားလုံးကို ၁၀% တိုးတက်စေသည်။]

[အမှောင်နတ်သူငယ်သီး (SSS အဆင့်): အမှောင်နတ်သူငယ်သစ်ပင်မှ ထွက်ရှိသော အထူးသီးနှံ။ အသီးအရေအတွက်သည် မှောင်မိုက်နတ်သူငယ် အရေအတွက်ပေါ်တွင် မူတည်သည်။ လျင်မြန်စွာ မှည့်ဝင်းနိုင်သည်။ ရေရှည်စားသုံးခြင်းဖြင့် အမှောင်ထဲတွင် အသုံးပြုသူ၏ အရှိန်ကို ၁၀% တိုးတက်စေသည်။]

“ဒီစမ်းရေနဲ့ နတ်သူငယ်သီးတွေကို ကြည့်ရုံနဲ့တင် အလင်းနတ်သူငယ်တွေ ဘယ်လောက်အထိ နောက်ကျကျန်ခဲ့လဲဆိုတာ သိနိုင်တယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

အလင်းနတ်သူငယ်သစ်သီးမှာ S အဆင့်သာ ရှိသော်လည်း အမှောင်နတ်သူငယ်သစ်သီးမှာမူ အမြင့်ဆုံး SSS အဆင့်အထိ ရှိနေခဲ့ခြင်းဖြစ်၏။ ကွာခြားချက်က မနည်းလှပေ။

အမှန်စင်စစ် အလင်းမတ်သူငယ်သစ်သီး၏ အဆင့်မှာ အလင်းစမ်းရေ ခြောက်သွေ့သွားခဲ့ခြင်းကြောင့် S အဆင့်သို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်ပေသည်။

ထို့အပြင် အမှောင်နတ်သူငယ်သစ်သီးသည် အမှောင်ထဲတွင် အပိုဆုကြေးများ ပိုမိုရရှိပုံရသည်။ ဤသို့ဖြင့် အလင်းနတ်သူငယ်မျိုးနွယ်စုမှာ ပို၍ပင် နောက်ကျကျန်ရစ်ခဲ့ခြင်းပင်။

အန်းရန်သည် ဤအရာများ၏ အစွမ်းသတ္တိကို မမြင်ရ၍ ထူးထူးခြားခြား မခံစားရသော်လည်း မေးခွန်းတစ်ခု မေးလိုက်လေသည်။

“ဒီဂုဏ်သတ္တိ နှစ်ခုက...”

အခန်း ၈၆၆ - စမ်းသပ်မှု၊ အဝတ်အစားအသစ်နှင့် အနာဂတ် ရိက္ခာအကျပ်အတည်း

ရှောင်းယီသည်လည်း ထိုမေးခွန်းကို ကြားသောအခါ ကြောင်အသွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“စမ်းကြည့်လိုက်ရင် သိရမှာပဲလေ။ ဖျော်ရည်စက်ကိုသုံးပြီး ဒီအသီးနှစ်မျိုးကို ဖျော်ရည်လုပ်လိုက်၊ ပြီးရင် တစ်ချိုးစီ (၁:၁) ရောပြီး ဘာဖြစ်မလဲ ကြည့်ကြည့်ရအောင်။”

“ဒီလို ကောင်းမွန်တဲ့ ပစ္စည်းတွေကို စမ်းသပ်ဖို့ သုံးရဲတာ နင်တစ်ယောက်ပဲ ရှိလိမ့်မယ်။”

အန်းရန်က သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

“ဒါက သေချာ သုတေသန လုပ်ဖို့ လိုတယ်လေ။ တကယ်လို့ အတူတူ စားမိလို့ ပြဿနာဖြစ်လာရင် အရှက်ကွဲကုန်မှာပေါ့။”

ရှောင်းယီက လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြန်ဖြေလိုက်သည်။ အန်းရန် ခေါင်းငြိမ့်ပြပြီး နတ်သူငယ်သစ်သီးကို ယူကာ ဖျော်ရည်လုပ်ရန် ပြင်ဆင်လိုက်လေသည်။

ရှောင်းယီမှာမူ မတူညီသော ဂုဏ်သတ္တိရှိသည့် စမ်းရေနှစ်မျိုးကို ပမာဏတူ ရောစပ်ကြည့်လိုက်၏။ ပြင်းထန်သော တုံ့ပြန်မှု မရှိခဲ့ဘဲ ရောစပ်ထားသော ရေမှာ သာမန်ရေကဲ့သို့သာ ဖြစ်သွားခဲ့လေသည်။

“ဆိုလိုတာက ဒါတွေကို အတူတူ ရောသောက်တာက အပိုပဲပေါ့။”

ရှောင်းယီ စိတ်ထဲက တွေးလိုက်မိသည်။

“ဒါဆို အချိန်ခြားပြီး သောက်ရင်ကော။”

ထိုသို့တွေးရင်း ရှောင်းယီသည် အမှောင်စမ်းရေ တစ်ခွက်ကို ငှဲ့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

“ထူးထူးခြားခြားတော့ မခံစားရဘူး။”

ရှောင်းယီသည် ထိုသို့ထင်လိုက်သော်လည်း စနစ်၏ သတိပေးချက်အရ သူသောက်လိုက်သော အမှောင်စမ်းရေသည် သူ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးနေသည်ကို သိလိုက်ရလေသည်။

သူသည် ယခင်ကတည်းက SSS အဆင့် ရေသန့်ကို သောက်သုံးနေသူ ဖြစ်သဖြင့် ယခု အမှောင်စမ်းရေကို သောက်ခြင်းမှာ မည်သည့် ပြဿနာမှ မရှိပေ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် တစ်ချိန်တည်းမှာ ပြိုင်တူ မသောက်သရွေ့ ပြဿနာ မရှိနိုင်ချေ။

ထိုစဉ် အန်းရန်သည် နတ်သူငယ်သီးဖျော်ရည်ကို ယူလာပေးခဲ့၏။ ရှောင်းယီသည် သူ၏ အကြံအတိုင်း စတင်ရောစပ်ကြည့်လိုက်ရာ ရလဒ်မှာ စမ်းရေကို ရောစပ်တုန်းကကဲ့သို့ပင် ဖြစ်သည်။

ရောစပ်ထားသော ဖျော်ရည်မှာ အလွန်သာမန်ကာလျှံကာ ဖျော်ရည်တစ်ခု ဖြစ်သွားခဲ့လေသည်။ အတိအကျ ပြောရလျှင် ရောစပ်ဖျော်ရည်ထဲတွင် အမှောင်နတ်သူငယ်သီး၏ ဂုဏ်သတ္တိအချို့တော့ ကျန်ရှိနေသေးသည်။

ဤရလဒ်မှာ အသီးနှစ်မျိုး၏ အဆင့်မတူညီခြင်းကြောင့်သာ ဖြစ်ရပေလိမ့်မည်။ သီးခြားစီ စားမည်ဆိုလျှင်တော့ သေချာပေါက် ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။

ဤနည်းဖြင့် ရှောင်းယီသည် အလင်းနတ်သူငယ်နှင့် အမှောင်နတ်သူငယ် မျိုးနွယ်စု နှစ်ခုလုံး၏ ဝိသေသလက္ခဏာများကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ လူသားဟူသည် ယင် နှင့် ယန် ဟန်ချက်ညီစွာ တည်ရှိနေသော သက်ရှိများ ဖြစ်သဖြင့် ဤသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။

“ဒါတွေကို အတူတူ စားလို့တော့ မဖြစ်ဘူး။ အချိန်ခြားပြီး စားရမယ်။”

ရှောင်းယီက အန်းရန်ကို ပြောလိုက်သည်။

“အနည်းဆုံး ၆ နာရီ၊ ၁၂ နာရီဆိုရင် ပိုကောင်းတယ်။”

“နားလည်ပါပြီ။”

အန်းရန်က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။

“အခုလောလောဆယ် ဒီနတ်သူငယ်သီးတွေကို ငါတို့အတွက်ပဲ သီးသန့်ထားလိုက်ပါ။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ပြီ။”

အန်းရန် ထွက်သွားပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုချက်ကို ပြန်ကြည့်လိုက်လေသည်။

“ပစ္စည်းသေတ္တာ တွေထဲက ရတဲ့ ပစ္စည်းတွေက ပိုပိုပြီး စုံလာတာကို အားလုံး သတိထားမိကြလား။”

“ဟုတ်ပါ့။ ကုန်စုံဆိုင်ကြီး တစ်ဆိုင် ဖွင့်ထားသလိုပဲ။”

“ငါ မနေ့က ပရိဘောဂ တစ်စုံ ရလိုက်တယ်။ ငါ့ရဲ့ ကျောက်တုံးအိမ်လေးထဲမှာတောင် မဆန့်တော့ဘူး။”

“ဒါဆိုရင် ယီရန်ပင်းသူဌေးကြီးဆီက အိမ်အကြီးကြီးတွေ မြန်မြန်ဝယ်လိုက်လေ။”

“ဒါပေမဲ့ သူဌေးကြီး ရောင်းထုတ်နေတဲ့ အိမ်တွေက ကုန်သွားပြီ ထင်တယ်။ ဟူး... စောစောစီးစီး ဝယ်ထားလိုက်ရမှာ။”

ထိုသူ ပြောနေသည်မှာ ယီရန်ပင်း မဟာမိတ်အဖွဲ့က အဆောက်အဦးဟောင်းများကို အသစ်လဲခဲ့စဉ်က ရောင်းထုတ်ခဲ့သော အိမ်များကို ဆိုလိုခြင်း ဖြစ်သည်။

“ဒါပေမဲ့ အများစုကတော့ နောက်ကျနေပြီလို့ ခံစားရတယ်။ အများကြီးကို သူဌေးကြီးဆီကနေ ဝယ်ထားပြီးသား ဖြစ်နေတာ။ ဥပမာ- လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေလိုမျိုးပေါ့။”

“ဟုတ်တယ်။ ယီရန်ပင်း သူဌေးကြီးက ဒီကမ္ဘာထက် အများကြီး ရှေ့ရောက်နေပြီး ဒီကမ္ဘာက သူ့နောက်ကို လိုက်နေရသလိုပဲ။”

“ဒါပေမဲ့ ငါတို့က နောက်ကျနေတုန်းပဲလေ။”

“ရပါတယ်။ သူဌေးကြီး ဦးဆောင်နေသရွေ့ ငါတို့ အများကြီး နောက်ကျမကျန်ခဲ့ပါဘူး။ သူသာ မရှိရင် အခု ငါတို့က အခြေအနေ ဘယ်လောက် ခက်ခဲမလဲဆိုတာ တွေးကြည့်လို့တောင် ရတယ်။”

“အမှန်ပဲ။ မနေ့က ဒေသခံတွေ ငါတို့ကို လာတိုက်တယ်။ သူဌေးကြီးဆီက ဝယ်ထားတဲ့ လက်နက်တွေသာ မရှိရင် လှံတွေ၊ အမြောက်တွေ ကိုင်ထားတဲ့ အဲ့ဒီ ဒေသခံတွေကို ခုခံရ တော်တော် ခက်ခဲလိမ့်မယ်။”

အဖွဲ့ထဲမှ စကားဝိုင်းကို ကြည့်ရင်း ရှောင်းယီ ရုတ်တရက် သတိပြုမိသည်မှာ ဒေသခံများ သူ့ကို လာမနှောင့်ယှက်သည်မှာ ကြာပြီ ဖြစ်ကြောင်းပင်။

“အော်ကုအင်ပါယာနဲ့ ချင်းကျူးအင်ပါယာ မဟာမိတ်တပ်တွေကို ငါ နှိမ်နင်းခဲ့ပြီးကတည်းက အားလုံး သင်ခန်းစာ ရသွားကြပုံပဲ။”

ရှောင်းယီ သူ့ဘာသာ ရေရွတ်လိုက်သည်။

ဘယ်သူမှ လာမတိုက်တာက ပိုကောင်းပါသည်။ ဤသို့ဆိုလျှင် သူ အေးအေးဆေးဆေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သည် မဟုတ်ပါလား။ ထိုစဉ်...

“ဘီး... ဘီး...”

ရှောင်းယီ၏ ဖုန်းမှ အသံမြည်လာခဲ့လေသည်။

သူကြည့်လိုက်သောအခါ လီယန်ထံမှ ပေးပို့လိုက်သော စာတိုတစ်စောင်ပင်။

“ကျွန်းပိုင်ရှင် ကျွန်မတို့ အဝတ်အစား ဒီဇိုင်းအချို့ ဆွဲပြီး ချုပ်ပြီးပါပြီ။ မင်း လာစမ်းကြည့်ချင်လား။”

“ကောင်းပြီ။ ကျုပ် အထည်ချုပ်စက်ရုံကို လာခဲ့ပါမယ်။”

ရှောင်းယီ ပြန်စာပို့ပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုကာ သူ၏အိပ်ခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

အထည်ချုပ်စက်ရုံသို့ ရောက်သောအခါ လီယန်သည် အဝတ်အစား အချို့ကို ကိုင်ကာ သူ့ကို ကြိုဆိုနေခဲ့သည်။

“ကျွန်းပိုင်ရှင် ဒါတွေပါပဲ။”

လီယန်က သူမလက်ထဲရှိ အဝတ်များကို မြှောက်ပြလိုက်သည်။ဟ

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီး ၎င်းတို့ကို ယူကြည့်လိုက်ရာ သူ၏ ကမ္ဘာဟောင်းမှ စစ်ယူနီဖောင်းများနှင့် အလွန်ဆင်တူနေသည်ကို တွေ့လိုက်ရလေသည်။

“ဒါတွေက စစ်တပ်က စစ်သည်တွေအတွက် ဒီဇိုင်းဆွဲထားတာလား။”

ရှောင်းယီက မေးလိုက်သည်။ လီယန်က ခေါင်းငြိမ့်ပြလိုက်သည်။

“အရင်ကတော့ တစ်ထည်ချင်း ဒီဇိုင်းဆွဲရတာ လက်ဝင်ပေမဲ့ အခု မင်းပေးထားတဲ့ အထည်ချုပ်စက်နဲ့ ဆိုတော့ အရမ်း လွယ်သွားပါပြီ။”

“အင်း ဒီစက်က တစ်နေ့ကို အထည်ဘယ်လောက် ချုပ်နိုင်လဲ။”

ရှောင်းယီက စစ်ယူနီဖောင်းကို ဝတ်ကြည့်ရင်း မေးလိုက်သည်။

“အရမ်း မြန်တယ်။ ကုန်ကြမ်းသာ ရှိရင် ဘယ်လောက်ပဲ ရှုပ်ထွေးတဲ့ ဒီဇိုင်းဖြစ်ဖြစ် တစ်ထည်ကို ၅ စက္ကန့်အတွင်း ထုတ်လုပ်နိုင်တယ်။”

လီယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ကျွန်မတို့ အရင်ကမ္ဘာမှာတောင် ဒီလိုစက်မျိုး မမြင်ဖူးဘူး။”

ရှောင်းယီသည် စစ်ယူနီဖောင်းကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်ရာ အလွန် ကြည့်ကောင်းသွားခဲ့သည်။

“ကောင်းတယ်။ ဒါတွေကို အများကြီး ထုတ်ထားလိုက်ပါ။ ပြီးရင် စစ်တပ်က ယူနီဖောင်းတွေ အကုန်လုံးကို အမြန်ဆုံး လဲလှယ်ပေးလိုက်ပါ။”

သူက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက် ရှောင်းယီသည် နမူနာ အဝတ်အစား အားလုံးကို ယူကာ ပြန်လာခဲ့လိုက်၏။ ဗီလာသို့ ရှောင်းယီ ပြန်ရောက်သောအခါ ယွမ်နွန်က သူ့ကို စောင့်နေခဲ့လေသည်။

“ဆရာကြီးနွန် ဘာကိစ္စရှိလို့လဲ။”

ရှောင်းယီက မေးလိုက်သည်။

“နွေဦး ရောက်လာပြီဆိုတော့ လူအတော်များများက မျိုးစေ့တွေအကြောင်း လာမေးနေကြတယ်။ အရင်က ဈေးနှုန်းတွေအတိုင်းပဲ ဆက်ရောင်းမလား။”

ယွမ်နွန်က မေးလိုက်သည်။

“အင်း၊ လောလောဆယ်တော့ အရင်ဈေးအတိုင်းပဲ ထားလိုက်ပါ။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒါဆို ဟို အထွက်နှုန်းကောင်းတဲ့ မျိုးစပ်မျိုးစေ့တွေကရော။”

ယွမ်နွန်က မေးလိုက်သည်။ ဓာတ်ခွဲခန်း၏ အကူအညီဖြင့် သူသည် အထွက်နှုန်းကောင်းသော မျိုးစေ့အမျိုးမျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

“အဲ့ဒါတွေကိုတော့ ဈေး ၃ ဆနဲ့ ရောင်းလိုက်ပါ။”

ရှောင်းယီက ဆိုသည်။

“ကောင်းပြီ။ နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။ အခု ငါတို့ မဟာမိတ်အဖွဲ့ထဲမှာ စိုက်ပျိုးလို့ရတဲ့ မြေနေရာက အကန့်အသတ် ရှိနေတယ်။ သစ်တောမြေတွေကိုပါ စိုက်ပျိုးရေးအတွက် သုံးဖို့ စဉ်းစားသင့်လား။”

ယွမ်နွန်က ဆက်ပြောသည်။

“အခုရှိတဲ့ မြေဧရိယာနဲ့ဆိုရင် လူဦးရေ များလာတာနဲ့အမျှ တစ်နေ့မှာ ရိက္ခာအကျပ်အတည်းကတော့ ကြုံလာရမှာပဲ။”

ယွမ်နွန် ဆိုလိုသည်မှာ မဟာမိတ်အဖွဲ့အတွင်းရှိ ဒေသခံများနှင့် လူမျိုးခြားများ တိုးပွားလာသည်နှင့်အမျှ ရိက္ခာအတွက်လည်း ဖိအားများလာမည်ကို ဖြစ်သည်။

ထိုသတင်းကို ကြားသောအခါ ရှောင်းယီ မျက်မှောင်ကျုံ့သွားခဲ့သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူကပြောလိုက်သည်။

“လောလောဆယ်တော့ သစ်တောမြေတွေကို မထိပါနဲ့ဦး။ ဆရာကြီးတို့ကတော့ အထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေကိုပဲ ဆက်ပြီး သုတေသန လုပ်ထားပေးပါ။”

“ဟုတ်ကဲ့။”

ထို့နောက် ယွမ်နွန် ပြန်လည်ထွက်ခွာသွားခဲ့သည်။ရှောင်းယီသည် မျက်မှောင်ကျုံ့လျက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး တွေးတောနေမိသည်။

“ဒီအတိုင်းသာ ဆက်သွားရင်တော့ ရိက္ခာအကျပ်အတည်းက ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး။”

အသက်ရှင်ကျန်ရစ်သူများသည် တိုက်ကြီးများကို ကျူးကျော်လျှင် အုတ်မြစ်ကျောက်များစွာ ရရှိနိုင်သော်လည်း ထိုသို့ ကျူးကျော်ခြင်းက တိုက်ကြီးများကို ရေအောက်သို့ ရောက်ရှိသွားစေပြီး မြေဩဇာကောင်းသော လယ်ကွင်းများစွာ ဆုံးရှုံးသွားစေခဲ့လေသည်။

အကယ်၍ အသက်ရှင်ကျန်ရစ်သူများသည် ဒေသခံများနှင့် လူမျိုးခြားများ၏ အသက်ကို လျစ်လျူရှုမည်ဆိုလျှင် ထိုပြဿနာမျိုး ကြုံရမည် မဟုတ်ပေ။

သို့သော် အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့ကို လုံးဝ လျစ်လျူရှု၍ မရချေ။ အကြောင်းမှာ ကျွန်းများ ကြီးထွားလာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်တည်းဖြင့် အုပ်ချုပ်ရန်မှာ မဖြစ်နိုင်သောကြောင့်ပင်။

သိသာပါသည်။ ကျွန်းကို မချဲ့ထွင်ဘဲ နေခြင်းဖြင့် အုပ်ချုပ်မှုဆိုင်ရာ ပြဿနာများကို ရှောင်လွှဲနိုင်သော်လည်း ၎င်းက ကျွန်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နောက်ဆုံး အကဲဖြတ်မှုအပေါ် သက်ရောက်မှု ရှိသွားနိုင်မည် ဖြစ်သည်။

ကျွန်းအထိမ်းအမှန်ကျောက်တိုင်က ယခင်က အရိပ်အမြွက် ပေးခဲ့သည် မဟုတ်ပါလား။ တစ်စုံတစ်ယောက်က ထူးချွန်ထက်မြက်သူများကို စောင့်ဆိုင်းနေကြောင်းနှင့် ကျွန်း၏ ဧရိယာသည်လည်း ထိုထူးချွန်မှုကို တိုင်းတာသည့် စံနှုန်းတစ်ခု ဖြစ်နိုင်ကြောင်းကိုပေါ့။

All Chapters