← Chapters

အခန်း (၈၆၇-၈၆၈)

Vol. 70 Ch. 867-868

အခန်း (၈၆၇-၈၆၈)

Vol. 70 Ch. 867-868

အခန်း ၈၆၇ - ဒေသခံတို့၏ လက်နက်အင်အား ရုတ်တရက် အားကောင်းလာခြင်း၊ S+ အဆင့်

‘ဆရာကြီးနွန်ကို ဟိုဘက်မှာ အထွက်နှုန်းကောင်းတဲ့ သီးနှံတွေ ပိုစိုက်ခိုင်းရမယ်။ ဒါမှမဟုတ်ရင်တော့ သစ်တောတွေကို ခုတ်ထွင်ရတော့မှာမဟုတ် ဒေသခံတိုက်ကြီးနဲ့ ပူးပေါင်းရမယ်။’

ရှောင်းယီစဉ်းစားကြည့်လိုက်ရာ ဤနည်းလမ်းများသာ အဖြေဖြစ်ပုံရသည်။

သို့သော် ဤကမ္ဘာ၏ သဘာဝအရ ဒေသခံများနှင့် ချောချောမွေ့မွေ့ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာမှာ မသေချာလှပေ။

ထိုအချိန်တွင် ယီထျန်းဂရုချက်ထဲ၌ ဆွေးနွေးမှုများ ရုတ်တရက် အရှိန်မြင့်တက်လာခဲ့၏။ ဆုဝမ်သည်လည်း ရှောင်းယီထံ ဖုန်းဆက်ကာ အဖွဲ့ထဲမှ သတင်းများကို သတိထားကြည့်ရန် လှမ်းသတိပေးလာခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ။ ရန်သူက ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်လိုက်တယ်။ ပြီးတော့ သူတို့ရဲ့ ပစ်အားကလည်း ရုတ်တရက်ကြီး အဆမတန် တိုးလာတယ်။”

“ဘာကို ဆိုလိုတာလဲ။”

“ကျုပ်တို့ တောင့်မခံနိုင်တော့ဘူး။ တစ်ယောက်ယောက် လာကယ်ကြပါဦး။”

“ဘာဖြစ်နေတာလဲဆိုတာ သေသေချာချာ အရင်ပြောမှ ငါတို့ လာကယ်လို့ ရမရ ဆုံးဖြတ်လို့ရမှာပေါ့။”

“လွန်ခဲ့တဲ့ ၅ နာရီက ဒေသခံ ရေတပ်စုတစ်ခု ကျုပ်တို့ မဟာမိတ်အဖွဲ့ကို ရုတ်တရက် လာတိုက်တယ်။ သူတို့ရဲ့ ပစ်အားက အရမ်းပြင်းထန်ပြီး လေသင်္ဘောတွေတောင် ပါလာတယ်။ ကျုပ်တို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်အော်ပရေတာတွေကလည်း ပစ်မှတ်မမှန်တော့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကို မတားနိုင်ခဲ့ဘူး။ သူတို့က ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ကျွန်းခွဲတစ်ခုကို သိမ်းပိုက်ပြီးတာနဲ့ သူတို့ရဲ့ ပစ်အားက ရုတ်တရက် အဆမတန် တက်လာတော့တာပဲ။ လက်ထဲက သေနတ်တွေ၊ သင်္ဘောပေါ်က အမြောက်တွေကအစ သင်္ဘောတွေကိုယ်တိုင်အထိ အရာအားလုံးက လုံးဝကို ပြောင်းလဲသွားတယ်။”

“ဟား... မင်း လာနောက်နေတာလား။”

“နောက်နေတာ မဟုတ်ဘူး။ ဒေသခံတပ်တွေက ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ကျွန်းခွဲ နှစ်ကျွန်းကို သိမ်းပိုက်ပြီးသွားပြီ။”

“မင်းပြောချင်တာက သူတို့ရဲ့ လက်နက်တွေက ရုတ်တရက် ပိုပြီး အဆင့်မြင့်သွားတာပေါ့။ ဟုတ်လား။”

“ဟုတ်တယ်။ သူတို့ရဲ့ အမြောက်တွေက ကျုပ်တို့ထက် ပစ်ကွင်း ပိုဝေးတယ်။ ကျုပ်ဆီက အမြောက်တွေ အားလုံးက ယီရန်ပင်း သူဌေးကြီးဆီက ဝယ်ထားတာဆိုတာ ခင်ဗျားတို့ သိသားပဲ။”

ထိုစကားများကို မြင်လိုက်ရသောအခါ ရှောင်းယီ စိတ်ထဲ အေးခဲသွားခဲ့၏။ သူ့လက်ထဲတွင်လည်း အဲ့ဒီထက် ပိုအဆင့်မြင့်သော အမြောက်များ မရှိသေးပေ။ အကယ်၍ ဒေသခံများတွင် သူတို့ထက်သာသော အမြောက်များ ရှိနေပြီဆိုလျှင်တော့ အမှန်တကယ် ဒုက္ခရောက်ပေတော့မည်။

“မဖြစ်နိုင်တာ။ ယီရန်ပင်း သူဌေးကြီးက ကမ္ဘာ့အဆင့်မြင့် လက်နက်ဦးဆောင်သူပဲ။ ဒီလို အခြေအနေမျိုး ဖြစ်လာမယ်ဆိုတာ ငါ မယုံဘူး။”

“တောက်... ကျုပ်တို့ မဟာမိတ်အဖွဲ့ ပျက်သုဉ်းတော့မယ့် အခြေအနေ ရောက်နေတာ။ ခင်ဗျားတို့နဲ့ နောက်နေဖို့ အချိန်မရှိဘူးကွ။”

“အခု ဘယ်လိုလုပ်ကြမလဲ။ ကမ္ဘာ့စည်းမျဉ်းတွေက အဲ့ဒီ ဒေသခံတွေအတွက် နောက်ပေါက်ကနေ အခွင့်အရေး ပေးလိုက်တာလား။”

“မင်းပြောချင်တာက ဒေသခံတွေက သစ္စာဖောက်ကုန်ပြီ (ဂိမ်းထဲမှာလို ကွန်ပျူတာက သူတို့ကို အစွမ်းပိုပေးလိုက်တာ) လို့ ပြောတာလား။”

“တော်ကြစမ်းပါ။ အရေးကြီးနေတဲ့ အချိန်မှာ သေချာ တိုင်ပင်ကြရအောင်။”

“ဖြစ်နိုင်တာပဲ။ ကမ္ဘာ့စည်းမျဉ်းတွေက ကျုပ်တို့ သက်သောင့်သက်သာ ဖြစ်နေတာကို ကြည့်မရတော့လို့ ပြဿနာ တစ်ခုခု ဖန်တီးပေးလိုက်တာပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ခါ ပြဿနာကတော့ နည်းနည်း ကြီးလွန်းနေပြီ။”

“ကျုပ်တို့ လက်နက်တွေက အရမ်းအားကောင်းနေလို့ ကမ္ဘာ့စည်းမျဉ်းတွေက မခံမရပ်နိုင်ဖြစ်ပြီး ဒေသခံတွေရဲ့ လက်နက်တွေကို အဆင့်မြှင့်ပေးလိုက်တာ ဖြစ်မယ်။”

“ဒါဆို မင်းက အခု သူဌေးကြီးကို အပြစ်တင်နေတာလား။”

“မဟုတ်ပါဘူး။ ကျုပ်က သုံးသပ်ကြည့်တာပါ။ သူဌေးကြီးကို အပြစ်တင်လို့ မရဘူး။ ကျုပ်တို့ မဟာမိတ်အဖွဲ့ အခုထိ ရှင်သန်နေတာ သူဌေးကြီးရဲ့ လက်နက်အကူအညီကြောင့်ပဲလေ။”

“အခု ဘာလုပ်ကြမလဲ။”

“အခု အခြေအနေကတော့ သူဌေးကြီးကိုယ်တိုင် ထွက်လာပြီးဖြေရှင်းမှပဲ ရတော့မယ် ထင်တယ်။”

မကြာမီတွင် အဖွဲ့ထဲ၌ @ယီရန်ပင်း ကို အလုအယက် တက်ဂ် (tag) ကြတော့လေသည်။

ရှောင်းယီသည် မျက်မှောင်ကျုံ့ကာ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဒီအခြေအနေက တကယ်က ထူးဆန်းတယ်။ ကျုပ် သွားကြည့်ပေးမယ်။ ဒါပေမဲ့ ကူညီနိုင်မယ်လို့တော့ အာမမခံနိုင်ဘူး။ အတိုက်ခိုက်ခံနေရတဲ့ မဟာမိတ်အဖွဲ့ ခေါင်းဆောင် ကျုပ်ဆီကို သီးသန့်စာပို့လိုက်ပါ။”

“ကျေးဇူးတင်ပါတယ် သူဌေးကြီး။”

ကျွန်းအသိမ်းခံလိုက်ရသော မဟာမိတ်အဖွဲ့ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ ပြဿနာမရှိတော့ဘူး။ ယီရန်ပင်း သူဌေးကြီး ကိုယ်တိုင်သွားတာဆိုတော့ ဖြေရှင်းနိုင်မှာပါ။”

“ဟုတ်တယ်။ သူတောင် မဖြေရှင်းနိုင်ရင်တော့ ကျုပ်တို့ လက်လျှော့ပြီး အဲ့ဒီ ဒေသခံတွေကို ပေးလိုက်ရတော့မှာပဲ။”

“သူဌေးကြီးမှာ အဖြေတစ်ခု ရှိပါစေလို့ပဲ ဆုတောင်းမိတယ်။”

တိုက်ခိုက်ခံနေရသော မဟာမိတ်ခေါင်းဆောင်သည် ရှောင်းယီထံ ချက်ချင်း စာပို့လာခဲ့သည်။ သူ၏ အမည်မှာ ‘သွေးထွက်အောင် ပစ်တဲ့ဓား’ ဖြစ်သည်။

“သူဌေးကြီး ကိုပ် ဘာလုပ်ရမလဲ”

ထိုသူက မေးလိုက်သည်။

“မလောပါနဲ့။ အခု ဒေသခံတွေက မင်းရဲ့ ကျွန်းခွဲကို ဆက်တိုက်နေတုန်းပဲလား။”

ရှောင်းယီ ပြန်မေးလိုက်သည်။

“ဟုတ်ပါတယ်။”

သူက ပြန်ဖြေလိုက်သည်။

“သူတို့က ပင်မကျွန်းကြီးကို မတိုက်ခင် ကျွန်းခွဲတွေ အကုန်လုံးကို အရင် သိမ်းပိုက်ချင်နေပုံပါပဲ။”

ရှောင်းယီ ခေါင်းအသာငြိမ့်လိုက်သည်။

“သူတို့ကို ထိပ်တိုက် ရင်မဆိုင်နဲ့ဦး။ မနိုင်ဘူးဆိုတာ သေချာရင် ချက်ချင်း ဆုတ်လိုက်ပါ။ ငါ အရင်ဆုံး အခြေအနေ သွားကြည့်လိုက်မယ်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေးကြီး။”

ထို့နောက် ထိုသူသည် ကုန်သွယ်မှုတစ်ခုကို ချက်ချင်းပင် စတင်လိုက် းလေသည်။

[မြို့ပြန်ကျောက်] ၂၄ နာရီ အသုံးပြုခွင့် ၁၊ အခမဲ့လဲလှယ်ခြင်း။

ရှောင်းယီသည် ချက်ချင်း သဘောတူလိုက်ပြီး ၎င်းကို အသုံးပြုကာ ထိုသူ၏ ကျွန်းသို့ ရောက်ရှိသွားခဲ့သည်။

“အခု သူတို့ ဘယ်ကျွန်းကို တိုက်နေတာလဲ။”

ရှောင်းယီ ရောက်ရောက်ချင်း မေးလိုက်သည်။

“အနောက်တောင်ဘက်ပါ သူဌေး။”

ထိုလူက ပြန်ဖြေလိုက်သည်။

“အဲ့ဒီနေရာမှာ မြို့ပြန်ကျောက် ရှိလား။”

ရှောင်းယီက ဆက်မေးလိုက်၏။

“သူဌေး ခင်ဗျားက ရှေ့တန်းအထိ သွားမလို့လား။”

ထိုသူ ကြောင်အသွားခဲ့သည်။ ရှောင်းယီသည် အဖွဲ့လိုက် လာကူညီမည်ဟု သူ ထင်ထားခြင်း ဖြစ်သည်။

“မဟုတ်ရင်ရော... ဒီကနေ လှမ်းမြင်ရလို့လား။”

ရှောင်းယီက ပြန်ပက်လိုက်၏။

“သူဌေးကြီး ပြောတာလည်း ဟုတ်တာပါပဲ။ ဒါပေမဲ့ အဲ့ဒီနေရာက ဘယ်အချိန်မဆို အသိမ်းပိုက်ခံရနိုင်တယ်။ အရမ်း အန္တရာယ်များပါတယ်။”

ထိုလူက သတိပေးလာခဲ့သည်။

“ရပါတယ် ငါက သွားကြည့်ရုံပါပဲ။”

ရှောင်းယီက ဆိုသည်။

ထိုလူသည် မတတ်သာတော့ဘဲ ကျွန်းခွဲမှ မြို့ပြန်ကျောက်ကို ရှောင်းယီအား ပေးလိုက်ရလေသည်။ ရှောင်းယီသည် ၎င်းကိုယူကာ ထိုကျွန်းသို့ ချက်ချင်းပင် ကူးပြောင်းလိုက်လေသည်။

ရှောင်းယီသည် ထိုမဟာမိတ်အဖွဲ့၏ ကျွန်းခွဲ တည်နေရာကူးပြောင်းအမှတ်တွင် ပေါ်လာသည်နှင့် ပြင်းထန်သော ပေါက်ကွဲသံကြီးက သူ၏နားထဲသို့ ရိုက်ခတ်လာတော့သည်။

ဝုန်း ဝုန်း ဝုန်း

မြေပြင်တစ်ခုလုံး တုန်ခါနေသည်ကို ရှောင်းယီ ခံစားလိုက်ရပြီး ဆူညံသံကြောင့် နားထဲပင် အူတက်သွားခဲ့၏။

ပင်လယ်ထဲရှိ ဒေသခံ သင်္ဘောများကို ကြည့်ရင်း ရှောင်းယီ တွေးလိုက်မိသည်။

‘သူတို့ရဲ့ ပစ်ကွင်းနဲ့ စွမ်းအားက အခု ငါတို့ဆီက အမြောက်တွေထက် အများကြီး သာနေတာ အမှန်ပဲ။’

[သံချပ်ကာ စစ်သင်္ဘော (S+ အဆင့်): အရှိန် ၇၀ ကီလိုမီတာ/နာရီ၊ ကုန်တင်နိုင်စွမ်း ပိုများ၊ လက်နက်တပ်ဆင်နိုင်သည့် နေရာ ပိုများ...]

ထိုစနစ်သတိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ကြောင်အသွား၏။

“ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ အဆင့်အသစ်တစ်ခု ထပ်ပေါ်လာရတာလဲ။ S+ လား။”

[စနစ်သတိပေးချက်: အကြောင်းမှာ ဤသံချပ်ကာ စစ်သင်္ဘောသည် SS အဆင့်သို့ မရောက်သေးသော်လည်း သာမန် S အဆင့် သံချပ်ကာ စစ်သင်္ဘောထက် ပိုမို အစွမ်းထက်နေသောကြောင့် ဤအဆင့် (S+) ကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်။]

စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် ရှောင်းယီက နားမလည်သလို မေးလိုက်သည်။

“သူတို့က ငါတို့ရဲ့ သံချပ်ကာ စစ်သင်္ဘောတွေနဲ့ ဆင်တူတဲ့ သင်္ဘောတွေကို ဘယ်လိုလုပ်ပြီး ရုတ်တရက် ရသွားတာလဲ။”

[စနစ်သတိပေးချက်: အချက်အလက် မလုံလောက်သေးသဖြင့် လောလောဆယ် ဆုံးဖြတ်ချက် မချနိုင်ပါ။]

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မှန်ပြောင်းကို ထုတ်ကာ ထိုသင်္ဘောများပေါ်မှ လက်နက်များကို ကြည့်လိုက်၏။

အမြောက် (S+ အဆင့်): ...

အခန်း ၈၆၈ - ခုခံရန် ပြင်ဆင်ခြင်း၊ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်းနှင့် သတင်းပေးဖမ်းဆီးခြင်း

အဖြူရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ရှောင်းယီသည် သွေးထွက်အောင် ပစ်တဲ့ဓား၏ ပင်မကျွန်းကြီးသို့ ပြန်ရောက်လာခဲ့သည်။

“သူဌေးကြီး အခြေအနေ ဘယ်လိုရှိလဲ။”

သွေးထွက်အောင် ပစ်တဲ့ဓားက ချက်ချင်း ကြိုဆိုနှုတ်ဆက်ရင်း မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“သေသေချာချာတော့ မသိရသေးဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူတို့လက်ထဲက သင်္ဘောတွေနဲ့ လက်နက်တွေက အဆင့်မြှင့်တင်ခြင်းခံထားရပြီး ငါတို့ဆီက လက်နက်တွေထက် အစွမ်းသတ္တိ အနည်းငယ် ပိုသာနေတယ်။”

“အဆင့်မြှင့်တင်ခံထားရတယ် ဟုတ်လား။”

သွေးထွက်အောင် ပစ်တဲ့ဓား ကြောင်အသွားခဲ့သည်။

“ဒေသခံတွေမှာ အဲ့ဒီလို စွမ်းရည်မျိုး ရှိလို့လား။”

ရှောင်းယီက ထပ်မံ ခေါင်းခါပြလိုက်သည်။

“ငါလည်း မသိဘူး။ သူတို့ နောက်ထပ် ဘယ်ကျွန်းကို တိုက်မလဲဆိုတာ အရင်ကြည့်ရအောင်။ ပြီးမှ ငါ လူလွှတ်ပြီး သူတို့ကို ကြားဖြတ်တိုက်ဖို့ စီစဉ်ပေးမယ်။”

“ကျေးဇူးပါ သူဌေးကြီး။”

ရှောင်းယီ၏ စကားကို ကြားသောအခါ သွေးထွက်အောင် ပစ်တဲ့ဓား စိတ်လှုပ်ရှားသွားခဲ့လေသည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စစ်တပ်မှာ ရှုံးနိမ့်ခြင်းမရှိသော ပြိုင်ဘက်ကင်းသင်္ကေတတစ်ခု ဖြစ်နေပြီဖြစ်၏။ သူဌေးကြီးကိုယ်တိုင် လူခေါ်ပြီး ကြားဖြတ်တိုက်မည်ဆိုလျှင်တော့ အနိုင်ရရန် သေချာပေါက် ယုံကြည်မှုရှိနေ၍သာ ဖြစ်ရပေလိမ့်မည်။

ရှောင်းယီက သူ့ကို လက်ကာပြလိုက်၏။ ထို့နောက် ဖုန်းထုတ်ကာ ကျန်းယွင်ထျန်းထံသို့ တိုက်ရိုက် ဖုန်းခေါ်လိုက်လေသည်။

နတ်သူငယ်တိုက်ကြီးပေါ်တွင် အလင်းနတ်သူငယ်နှင့် အမှောင်နတ်သူငယ် မျိုးနွယ်စုများ ပြောင်းရွှေ့သွားပြီးနောက် တခြားသော အင်အားစုများ မရှိတော့သဖြင့် ကျန်းယွင်ထျန်းသည် မဟာမိတ်အဖွဲ့သို့ ပြန်ရောက်နေပြီဖြစ်ကာ ထိုနေရာတွင် အစောင့်အဖြစ် တပ်စုမှူးတစ်ဦးကိုသာ ထားခဲ့လေသည်။

“ကျွန်းပိုင်ရှင် အမိန့်ပေးစရာရှိလို့လား။”

ကျန်းယွင်ထျန်းက ဖုန်းကိုင်လိုက်သည်နှင့် မေးလိုက်လိုက်သည်။

“အင်း ထူးချွန်တဲ့ အထူးတပ်ဖွဲ့တစ်ခုကို ပြင်ဆင်ပြီး အသင့်စောင့်နေချည်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“လက်ပစ်ဗုံးတွေလည်း လုံလောက်အောင် ယူလာခဲ့။”

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ထိုစဉ် ဒေသခံတို့၏ တိုက်ခိုက်မည့် ဦးတည်ချက်ကို စောင့်ကြည့်နေသော သွေးထွက်အောင် ပစ်တဲ့ဓားသည် သူရှိရာသို့ လျှောက်လာကာ ပြောလာခဲ့သည်။

“သူတို့ရဲ့ နောက်ထပ် ပစ်မှတ်က မဟာမိတ်အဖွဲ့ရဲ့ တောင်ဘက်ကျွန်းပါ။”

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

“မင်းရဲ့ တောင်ဘက်ကျွန်းမှာ ဦးတည်ချက်ကျောက်ရှိလား။”

“ရှိပါတယ်။”

ထိုသူက ကြိုတင်ပြင်ဆင်ထားပုံရသည်။

“အဲ့ဒါကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ ယီရန်ပင်းဆီ ငှားပေးလိုက်။”

ရှောင်းယီက ဆိုသည်။

“ဟုတ်ကဲ့။”

မကြာမီ ကျန်းယွင်ထျန်းသည် ဦးတည်ချက်ကျောက်ကို ရရှိသွားခဲ့ပြီး ၎င်းကို အသုံးပြုကာ ပြင်ဆင်ထားသော အထူးတပ်ဖွဲ့ကို ဦးဆောင်လျက် ‘သွေးထွက်အောင် ပစ်တဲ့ဓား’ မဟာမိတ်အဖွဲ့ဆီသို့ အပြေးအလွှား ရောက်လာခဲ့လေသည်။

နာရီဝက်ခန့်အကြာတွင် ကျန်းယွင်ထျန်းနှင့် အဖွဲ့သည် ဒေသခံတပ်များထက် စောစီးစွာ တောင်ဘက်ကျွန်းဆီသို့ ရောက်ရှိသွားခဲ့၏။ ရှောင်းယီက ထိုနေရာတွင် ကျန်းယွင်ထျန်းနှင့် အဖွဲ့ကို စောင့်ကြိုနေပြီဖြစ်သည်။

“ကျွန်းပိုင်ရှင် ဒါက ဘယ်နေရာလဲ။”

ကျန်းယွင်ထျန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သွေးထွက်အောင် ပစ်တဲ့ဓား မဟာမိတ်အဖွဲ့ပဲ။ မိတ်ဆက်ပေးပါရစေ။ ဒါက မဟာမိတ်ခေါင်းဆောင် ‘သွေးထွက်အောင် ပစ်တဲ့ဓား’ တဲ့၊ ဒါက ငါတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေးတာဝန်ခံ ကျန်းယွင်ထျန်းယ”

ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။ ကျန်းယွင်ထျန်းနှင့် သွေးထွက်အောင် ပစ်တဲ့ဓားတို့လည်း အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။

“ကျွန်းပိုင်ရှင် ဒီမှာ စစ်ဖြစ်နေတာလား။”

ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်၏။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

“သူတို့က ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်။ ထူးဆန်းတာက အဲ့ဒီဒေသခံတွေက ပထမဆုံးကျွန်းကို သိမ်းပြီးတာနဲ့ သူတို့ရဲ့ သင်္ဘောတွေ၊ လက်နက်တွေနဲ့ ကိရိယာတွေအားလုံးက ရုတ်တရက် အဆင့်မြှင့်တင်ခံလိုက်ရတယ်။ အဲ့ဒါက ငါတို့ရဲ့ လက်နက်တွေကို အခြေခံပြီး အဆင့်မြှင့်ထားတဲ့ပုံစံမျိုးပဲ။”

ကျန်းယွင်ထျန်း ကြောင်အသွားခဲ့သည်။

“အဲ့ဒီလို အခြေအနေမျိုး ရှိလို့လား။”

“ဟုတ်တယ်၊ အဲ့ဒါကြောင့် မင်းကို ခေါ်လိုက်တာ။”

ရှောင်းယီ၏ မျက်နှာပေးမှာ အနည်းငယ် လေးနက်နေခဲ့သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ကာ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ငါတို့ဘက်က အရင် စတိုက်လိုက်ရင်ကော။”

ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“အဆင့်မြှင့်ထားတဲ့ သံချပ်ကာ စစ်သင်္ဘောတွေက ငါတို့ သင်္ဘောတွေလောက် မမြန်သေးပေမဲ့ သူတို့ရဲ့ အမြောက်တွေနဲ့ ပင်ဖိုင်းယားရိုင်ဖယ်တွေက ငါတို့ လက်ရှိသုံးနေတာတွေထက် နည်းနည်း ပိုပြီးအစွမ်းထက်နေတယ်။ အဲ့ဒါကြောင့် ပင်လယ်ထဲမှာ သွားတိုက်ရင် အားနည်းချက် ရှိလိမ့်မယ်။ ကျွန်းပေါ်ကနေပဲ အေးအေးဆေးဆေး စောင့်တိုက်တာ ပိုကောင်းမယ်။”

“ကောင်းပြီ။”

တစ်ဖက်လူ၏ အမြောက်များက မိမိတို့ထက် သာနေသည်ဟု ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းသည်လည်း ပင်လယ်ထဲတွင် ထိပ်တိုက်သွားမတိုက်ရန် ဆုံးဖြတ်လိုက်တော့လေသည်။ သူသည် သူလေ့ကျင့်ပေးထားသော တပ်ဖွဲ့ကို ယုံကြည်သော်လည်း အခြေအနေအရ မစွန့်စားလိုပေ။

လူတိုင်းသည် တစ်ဖက်လူ၏ အမြောက်ဆန်များ မကျရောက်နိုင်သော နေရာတွင် ချောင်းမြောင်း ပုန်းအောင်းနေကြလိုက်လေသည်။

ထိုအချိန်တွင် အဝေးမှ ခပ်မှန်မှန် ခုတ်မောင်းလာသော S+ အဆင့် သံချပ်ကာ စစ်သင်္ဘောပေါ်၌ ဒေသခံခေါင်းဆောင်တစ်ဦးသည် ရှေ့မှ ကျွန်းကိုကြည့်ကာ စိတ်လှုပ်ရှားနေခဲ့၏။

“ဟားဟားဟား...အဲ့ဒီအပြင်လူတွေက အဆင့်မြင့် ကိရိယာတွေရှိလို့ မောက်မာနေကြတာ မဟုတ်ဘူးလား။ အခု ငါတို့မှာလည်း အဆင့်မြင့် ကိရိယာတွေ ရှိနေပြီ။ အဲ့ဒီအပြင်လူတွေ အားကိုးရာမဲ့သွားတော့မှာပဲ။”

တခြားသော ဒေသခံများကလည်း ခေါင်းငြိမ့်ကာ ဝမ်းသာနေခဲ့ကြလေသည်။ အကယ်၍ ဒီတစ်ခါ မဟာမိတ်အဖွဲ့တစ်ခုလုံးကို သိမ်းပိုက်နိုင်လျှင် သူတို့ပြန်ရောက်သောအခါ ဆုလာဘ်များစွာ ရမည်မှာ သေချာပေသည်။

“အစီရင်ခံပါတယ်။ တစ်ဖက်ကျွန်းပေါ်မှာ ခံစစ် ပြင်ဆင်ထားတာ မတွေ့ရပါဘူး။ နောက်ထပ်ကျွန်းကို ဆက်တိုက်ရမလား။ ဒါမှမဟုတ် ကျွန်းပေါ်တက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အရင်သိမ်းပိုက်လိုက်ရမလား။”

ကင်းထောက်တစ်ဦးက ခေါင်းဆောင်ထံ လာရောက်အစီရင်ခံလာခဲ့သည်။

“ကျွန်းပေါ်တက်မယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ဖို့က အရေးအကြီးဆုံးပဲ။”

ခေါင်းဆောင်က ညွှန်ကြားလိုက်သည်။

“ဒါပေမဲ့ သတိထား။ ကျွန်းပေါ်မှာ ချောင်းမြောင်း တိုက်ခိုက်တာမျိုး ရှိနိုင်တယ်။”

“ဒါဆို အရင်ဆုံး အမြောက်နဲ့ ပစ်ခတ်ပြီးမှ တက်ကြမလား။”

ကင်းထောက်က အကြံပြုလိုက်၏။ ခေါင်းဆောင်က ခေါင်းခါပြလိုက်သည်။

“ဖျက်ဆီးရတာ လွယ်ပေမဲ့ ပြန်တည်ဆောက်ရတာ ခက်တယ်။ ပြီးတော့ ငါတို့မှာရှိတဲ့ အမြောက်ဆန်တွေကိုလည်း ချွေတာရမယ်။”

“ဟုတ်ကဲ့။”

“အင်း ချောင်းမြောင်းတိုက်ခိုက်တာကို သတိထား။”

ခေါင်းဆောင်က စိုးရိမ်စိတ်ဖြင့် ထပ်မံ သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့ ခေါင်းဆောင်။ ကျုပ်တို့လက်ထဲက လက်နက်တွေက သူတို့ထက် ပိုအဆင့်မြင့်နေတာပဲလေ။ သူတို့ ကျုပ်တို့ကို ထိအောင်မပစ်နိုင်ခင်မှာတင် ကျုပ်တို့ သူတို့ကို အပြတ်ရှင်းနိုင်ပါတယ်။”

ဘေးမှ စစ်သားတစ်ဦးက ပြုံးကာ ဆိုလိုက်သည်။ခေါင်းဆောင်ကလည်း ပြုံး၍ ခေါင်းငြိမ့်လိုက်လေသည်။ သူသည် ထိုမောက်မာသော စစ်သားကို မဆူပူတော့ပေ။ စစ်သားပြောသည်မှာလည်း အချက်အလက်အမှန်သာ ဖြစ်သည်မဟုတ်ပါလား။

မကြာမီ သွေးထွက်အောင် ပစ်တဲ့ဓား မဟာမိတ်အဖွဲ့ကို တိုက်ခိုက်မည့် ဒေသခံများ ကမ်းခြေသို့ ချဉ်းကပ်လာခဲ့ကြ၏။

“ဒိုင်းကိုင်ထားတဲ့သူတွေ အရင်ဆင်း၊ နောက်ကလူတွေ လိုက်ခဲ့။”

ဒေသခံခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ဒိုင်းကိုင်ထားသော ဒေသခံတပ်စုသည် အရင်ဆုံး ခုန်ဆင်းလာကြကာ ဒိုင်းများကို ရှေ့တွင် ကာထားလိုက်ကြသည်။ အကွာအဝေးတစ်ခုအထိ လျှောက်သွားပြီးနောက် ပင်ဖိုင်းယားရိုင်ဖယ် ကိုင်ထားသော ဒေသခံများက တစ်ဦးပြီးတစ်ဦး ခုန်ဆင်းလာကြကာ ဒိုင်းများ၏ နောက်ကွယ်တွင် ပုန်းကွယ်လိုက်ကြတော့လေသည်။

တိုက်ခိုက်ရေးတပ်စု ဆင်းပြီးသည်နှင့် တပ်ဖွဲ့တစ်ခုလုံးသည် ကျွန်းအတွင်းပိုင်းသို့ ချက်ချင်း ချီတက်လာခဲ့ကြ၏။

“ခဏနေရင် သူတို့ နီးလာတဲ့အခါ ‘လျှာ’ (သတင်းပေးဖမ်းဆီးရန် စစ်သုံ့ပန်း) နှစ်ယောက်လောက် ဖမ်းဖို့ မမေ့နဲ့။”

ရှောင်းယီက တိုးတိုးလေး မှာလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်ရာ သူခေါ်ဆောင်လာသော စစ်သားများသည် ဘေးနှစ်ဖက်သို့ ခွဲထွက်ကာ နေရာယူလိုက်ကြ၏။

ဒေသခံ စစ်သားများသည် မည်သည့် ခုခံမှုကိုမျှ မတွေ့ရဘဲ မီတာ ၃၀၀ ခန့်အထိ ရှေ့တိုးလာခဲ့ကြလေသည်။

“ငါပြောသားပဲ။ ခေါင်းဆောင်က အရမ်းစိုးရိမ်လွန်းနေတာ။ သူတို့ ဒီကျွန်းကို စွန့်ခွာသွားတာ ထင်ရှားနေတာပဲ။”

“ဟုတ်တယ် လူတစ်ယောက်မှ မရှိဘူး။ အခု ငါတို့ ပုံစံက ကြောက်တတ်တဲ့ ကြွက်အုပ်ကြီး ကျနေတာပဲ။”

“အရင်က ငါတို့ တိုက်တာ အရမ်းပြင်းထန်သွားတာကိုး။ အဲ့ဒီအပြင်လူတွေက အသက်ကို အရမ်းနှမြောတာ၊ သူတို့ အဝေးကြီးကို ထွက်ပြေးသွားလောက်ပြီ။”

ဒေသခံ စစ်သားများသည် စကားများ စပြောလာကြပြီး လက်ထဲမှ သေနတ်များကိုပါ အောက်ချထားလိုက်ကြတော့လေသည်။

ထိုအချိန်တွင် “ရွှတ် ရွှတ် ရွှတ်” ဟူသော အသံများနှင့်အတူ ဘေးနှစ်ဖက်နှင့် ရှေ့တည့်တည့်မှ မည်းနက်နေသော ဘဲဥပုံ အရာဝတ္ထုများ ရုတ်တရက် ပျံထွက်လာခဲ့၏။

“ဒါက ဘာလဲ။”

ထိုစစ်သားများသည် လက်ပစ်ဗုံးကို တစ်ခါမှ မမြင်ဖူးသဖြင့် ခဏတာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်ခဲ့သွားကြသည်။ သူတို့သည် တစ်ဖက်လူကို တိုက်ခိုက်မည့်အစား မိမိတို့အဖွဲ့ထဲသို့ ကျရောက်လာသော လက်ပစ်ဗုံးများကိုသာ ငေးကြည့်နေမိကြလေသည်။

ရှောင်းယီ၏ ဘေးတွင် ဝပ်နေသော သွေးထွက်အောင် ပစ်တဲ့ဓားမှာ မျက်လုံးများ ပြူးထွက်မတတ် အံ့သြသွားခဲ့သည်။

“သ... သူဌေးကြီး ဒါတွေက လက်ပစ်ဗုံးတွေလား။”

သူ၏ တိုးတိုးလေး ပြောလိုက်သော အသံမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

“အဲ့ဒီဒေသခံတွေ နားမလည်သေးခင် သူတို့ကို ပညာပေးရမှာပေါ့။”

ဝုန်း ဝုန်း ဝုန်း

ထိုလက်ပစ်ဗုံးများ မြေပြင်သို့ ကျသွားသည်နှင့် တပြိုင်နက် ပေါက်ကွဲသွားတော့၏။ ကွဲထွက်သွားသော ဗုံးဆန်များသည် အရပ်မျက်နှာအနှံ့ ပျံနှံ့သွားပြီး ကျွန်းထဲသို့ ဝင်လာသော ဒေသခံစစ်သားများကို ထိရောက်စွာ သုတ်သင်လိုက်လေတော့သည်။

All Chapters