အခန်း (၈၇၃-၈၇၄)
Vol. 71 Ch. 873-874
အခန်း ၈၇၃ - နဂါးနန်းတော်၊ အာကာသယာဉ်နှင့် အနက်ရောင်ရွှေ
ရှောင်းယီးသည် ရေကာကွယ်ပုလဲကို သိမ်းဆည်းလိုက်ပြီး သော့ကို ကြည့်လိုက်သည်။
“ဒီသော့နဲ့ဆိုရင် အရှေ့ပင်လယ် နဂါးနန်းတော်ထဲကို ချောချောမောမော ဝင်လို့ရပြီ။”
“သွားကြစို့။”
ရှောင်းယီသည် သော့ကိုယူကာ မလှမ်းမကမ်းရှိ နဂါးနန်းတော်ဆီသို့ လျှောက်လှမ်းသွားလိုက်တော့လေသည်။ ချင်းလုံသည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
သူတို့ရှေ့မှ နဂါးနန်းတော်သည် သန္တာကျောက်များဖြင့် တည်ဆောက်ထားဟန်တူသော တံတိုင်းတစ်ခုဖြင့် ဝန်းရံထားပြီး တစ်ဖက်လျှင် တစ်ကီလိုမီတာခန့်ရှိသော စတုရန်းပုံစံတစ်ခုဖြစ်လေသည်။
ဧရိယာမှာ သိပ်မသေးလှပေ။ နဂါးနန်းတော်သို့ ရောက်သောအခါ ရှောင်းယီက ချင်းလုံကို ကြည့်ပြီး မေးလိုက်သည်။
“မင်း ဖွင့်မှာလား၊ ဒါမှမဟုတ် ငါပဲ ဖွင့်ရမလား။”
“အတူတူပါပဲ၊ သခင်ပဲ ဖွင့်လိုက်ပါ။”
ချင်းလုံသည် အေးဆေးတည်ငြိမ်ဟန်ထားပြသော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေပြီး တုန်လှုပ်နေသည်ကို ရှောင်းယီ အထင်အရှား ခံစားမိပေသည်။
ရှောင်းယီသည် တွေဝေမနေတော့ဘဲ ရှေးဟောင်းစတိုင် တံခါးမကြီး၏ သော့ခလောက်ထဲသို့ သော့ကို ထိုးထည့်လိုက်တော့လေသည်။
ထို့နောက် အသာအယာ လှည့်လိုက်သောအခါ “ကလောက်” ခနဲ မြည်သံနှင့်အတူ သော့ပွင့်သွားခဲ့သည်။ ရှောင်းယီက အနည်းငယ် အားစိုက်၍တွန်းလိုက်ရာ တံခါးကြီး ပွင့်ဟသွားတော့လေသည်။
သူ၏မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ပန်းပုလက်ရာများဖြင့် တန်ဆာဆင်ထားသော ထုတ်တန်းများ၊ ဆေးရောင်ခြယ် အမိုးခုံးများ၊ မဏ္ဍပ်များနှင့် လသာဆောင်များ ဖြစ်သော်လည်း ဤအဆောက်အဦးများသည် အကွက်လိုက် အကွက်လိုက် ပြန်ဆက်ထားသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့လေသည်။
“ကျစ်ကျစ်... ဒီနဂါးမင်းက တကယ့်ကို ဇိမ်ခံတတ်တာပဲ။”
ရှောင်းယီက မချီးကျူးဘဲ မနေနိုင်ဖြစ်သွားခဲ့သော်လည်း အနောက်မှ ချင်းလုံသည်မူ လိုက်မလာဘဲ ရပ်နေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့၏။
“ဘာဖြစ်လို့လဲ။”
ရှောင်းယီက ဇဝေဇဝါဖြင့် နောက်လှည့်ကြည့်ကာ မေးလိုက်သည်။
“ကျုပ် ဒီကို အရင်က ရောက်ဖူးသလိုပဲ။”
ချင်းလုံသည် သူနားမလည်နိုင်သော စကားကို ပြောလိုက်သဖြင့် ရှောင်းယီမှာ ပို၍ပင် မျက်စိလည်သွားခဲ့၏။
“ရောက်ဖူးတယ် ဟုတ်လား။ ဘာကို ဆိုလိုတာလဲ။”
ရှောင်းယီက ထပ်မေးလိုက်သည်။
“ဒီနန်းတော်က ကျုပ်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေသလိုပဲ။ အထဲကို ဝင်လိုက်တာနဲ့ အရာအားလုံးက ကျုပ်ခေါင်းထဲမှာ ပေါ်လာတယ်။”
ချင်းလုံက ပြန်ဖြေလိုက်သည်။
“ကျုပ်ရဲ့မှတ်ဉာဏ်သာ မှန်မယ်ဆိုရင် နန်းတော်ရဲ့ အလယ်ဗဟိုမှာ သခင့်ရဲ့ကျွန်းပေါ်ကလိုမျိုး ကျွန်းအထိမ်းအမှတ် ကျောက်တိုင်တစ်ခု ရှိရမယ်။”
ရှောင်းယီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“အဲ့ဒါကို သွားကြည့်ရအောင်။ ငါ့ကို ခေါ်သွားပေး။”
သူက ပြောလိုက်သည်။
ထို့နောက် ချင်းလုံသည် ရှောင်းယီကို နန်းတော်၏ အတွင်းပိုင်းအထိ တည့်တည့် ခေါ်ဆောင်သွားခဲ့၏။
ချင်းလုံသည် ကိုယ့်အိမ်ကိုယ်ပြန်လာသကဲ့သို့ ကျွမ်းကျင်စွာ သွားလာနေသည်ကို ကြည့်ရင်း နောက်ဆုံးတွင် နန်းတော်၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့ကြလေသည်။
ထိုနေရာတွင် အနက်ရောင် ကျောက်တိုင်တစ်ခု မတ်မတ်ရပ်လျက် ရှိနေခဲ့သည်။
“တကယ်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေတာပဲ။”
ရှောင်းယီ အံ့သြသွားခဲ့၏။
“မင်း ဒီကျောက်တိုင်ကို ထိန်းချုပ်လို့ ရလား။”
ချင်းလုံသည် စမ်းသပ်ရန် ရှေ့သို့ပင် မတိုးသွားဘဲ ပြန်ဖြေလာခဲ့သည်။
“မရဘူး။ ကျုပ်က ဒီနန်းတော်နဲ့ ရင်းနှီးနေပေမဲ့ ကျုပ်ရဲ့မှတ်ဉာဏ်ထဲမှာတော့ ဒါက တခြားတစ်ယောက်ပိုင်ဆိုင်တာပဲ။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။
“မင်း မထိန်းချုပ်နိုင်ရင် ငါပဲ သိမ်းပိုက်လိုက်တော့မယ်။”
ချင်းလုံတွင် ကန့်ကွက်စရာ မရှိပေ။ ရှောင်းယီသည် ရှေ့သို့တိုးကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်သို့ လက်တင်လိုက်လေသည်။ ထို့နောက် သိမ်းပိုက်ရန် ရွေးချယ်လိုက်၏။
သိမ်းပိုက်ပြီးနောက်တွင် ၎င်းသည် အမှန်တကယ်ပင် အခြားသော ဗလာကျင်းနေသည့် ကျောက်တိုင်တစ်ခုသာ ဖြစ်နေခဲ့လေသည်။
“နောက်ထပ် အသစ်စက်စက် ကျောက်တိုင်တစ်ခုပဲ။”
ရှောင်းယီက ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သော်လည်း စနစ် ယခင်ပေးခဲ့ဖူးသော အချက်အလက်တစ်ခုကို ရုတ်တရက် သတိရသွားခဲ့လေသည်။
ဒီနဂါးနန်းတော်က သူ့ရဲ့ အရင်ကမ္ဘာကနေ လာခဲ့တာလား။ သူ့ရဲ့ အရင်ကမ္ဘာမှာ ကျွန်းအထိမ်းအမှတ် ကျောက်တိုင်တွေ ရှိခဲ့လို့လား။ ဒါဆို ဒီကျောက်တိုင်က ဒီကို ဘယ်လိုရောက်နေတာလဲ။
ရှောင်းယီသည် သူ၏မျက်စိရှေ့တွင် ထူထပ်သော မြူထုကြီးများ ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး ဘာကိုမှ ထွင်းဖောက်မမြင်နိုင် ဖြစ်နေခဲ့ရသည်။ ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ချင်းလုံ တခြားကောင်းတဲ့ အရာတွေ ရှိသေးလား။ သွားကြည့်ရအောင်။”
ချင်းလုံ တခြားနေရာများသို့ ကူးခတ်သွားစဉ် ရှောင်းယီသည် ကျောက်တိုင်အနားတွင် ထိုင်ကာ စဉ်းစားနေမိသည်။
“ဘာလို့ ဒီကျောက်တိုင်က ပင်လယ်ကြမ်းပြင်အောက်ကို ရောက်နေရတာလဲ။ တစ်နှစ်ကို တစ်ကြိမ်ပဲ ရွှေ့ပြောင်းခွင့် ရှိတာကို ဘယ်သူက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပင်လယ်အောက်ထဲကို ရွှေ့မှာလဲ။”
ထိုစဉ် စနစ်က ရုတ်တရက် အချက်ပေးလာခဲ့လေသည်။
“ဤကျွန်းအထိမ်းအမှတ် ကျောက်တိုင် တည်ရှိရာနေရာမှာ ပျက်စီးနေသော အာကာသယာဉ်တစ်စီးပေါ်တွင် ဖြစ်သည်။”
ရှောင်းယီ လုံးဝ ဆွံ့အသွား၏။
“ဘာ...။ မင်း ပြောချင်တာက ဒီနဂါးနန်းတော်က အာကာသယာဉ် တစ်စီးလား။”
“လုံးဝကြီးတော့ မဟုတ်ပါဘူး။ ကျွန်းအထိမ်းအမှတ် ကျောက်တိုင်ကို ဝန်းရံထားတဲ့ အခန်း ခြောက်ခန်းတည်းပါပဲ။”
“ဒါတွေက အာကာသယာဉ် အခန်းတွေ ဟုတ်လား။ မင်း ငါ့ကို လာနောက်နေတာလား။ အာကာသထဲက လေဟာနယ်ကို ထားလိုက်ဦး။ ရေတောင် မဝင်အောင် မတားနိုင်တာကို။”
ရှောင်းယီသည် လုံးဝမယုံကြည်သော်လည်း နောက်တစ်စက္ကန့်တွင် သူ ပြန်လည်စဉ်းစားမိသွားခဲ့၏။
စနစ်က ၎င်းကို ‘ပျက်စီးနေသည်’ ဟု ပြောခဲ့လေသည်။ အကယ်၍ မပျက်စီးခဲ့လျှင်တော့ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
ရှောင်းယီသည် သူရှိနေသော အခန်းကို လှည့်ပတ်ကြည့်လိုက်ရာ နေရာတိုင်းတွင် လက်တန်းများ ရှိနေခြင်းနှင့် မျက်နှာကျက်ပေါ်တွင် အမျိုးမျိုးသော အသုံးအဆောင်များ တပ်ဆင်ထားခြင်းတို့မှာ အာကာသယာဉ်၏ အခန်းလက္ခဏာများနှင့် တူညီနေခဲ့သည်။
လူသားများ သို့မဟုတ် လူသားနှင့်တူသော သတ္တဝါများသည် ဒြပ်ဆွဲအားကင်းမဲ့သော ပတ်ဝန်းကျင်မျိုးမှလွဲ၍ မျက်နှာကျက်ပေါ်တွင် အသုံးအဆောင်များ တပ်ဆင်လေ့မရှိပေ။
ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒီအာကာသယာဉ်ကို ပြန်ပြင်လို့ရမလား။”
“လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းအရ မရနိုင်ပါဘူး။ ဒါ့အပြင် ကမ္ဘာ့စည်းမျဉ်းတွေကလည်း သင့်ကို ပြုပြင်ခွင့်ပေးမှာ မဟုတ်ပါဘူး။”
စနစ်က ပြန်ဖြေလိုက်သည်။
“ကမ္ဘာ့စည်းမျဉ်းက မပေးပေမဲ့ မင်းက ပေးနိုင်တာပဲလေ။”
ရှောင်းယီက တိုက်တွန်းလိုက်၏။
“မင်းသာ ပြင်ပေးရင် ငါတို့ ဒီဂြိုဟ်ကနေ ထွက်သွားလို့ရပြီ။”
“အဲ့ဒါက ဖြစ်နိုင်တယ်လို့ သင် တကယ်ထင်လို့လား။”
စနစ်က ထူးထူးခြားခြား ရှည်လျားသော စာကြောင်းဖြင့် ပြန်ဖြေလာခဲ့သည်။ ရှောင်းယီ ခေတ္တမျှ မှင်တက်သွားပြီးမှ ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်လေသည်။
ဤအရာမှာ လုံးဝ မဖြစ်နိုင်သောအရာပင်။ အစောပိုင်း စနစ်က သူ့ကို အပျော်စီးရွက်လှေတစ်စီး ပေးခဲ့စဉ်ကပင် ကမ္ဘာ့စည်းမျဉ်းများက နည်းလမ်းအမျိုးမျိုးဖြင့် ကန့်သတ်ခဲ့ပြီး ရှေးဟောင်းသားရဲကြီး၏ စားသုံးခြင်းကိုပင် ခံရလုနီးပါး ဖြစ်ခဲ့ဖူးပေသည်။
အကယ်၍ သူသာ ယခု အာကာသယာဉ်ကြီးကို ထုတ်ယူလာခဲ့ပါက ကမ္ဘာ့စည်းမျဉ်းများက ၎င်းကို လူသားမဆန်စွာ ဖျက်ဆီးပစ်ပေလိမ့်မည်။
“အာကာသယာဉ်ကို ငါတို့ ရှားနိုင်ငံရဲ့ ရှေးဟောင်းဗိသုကာပုံစံမျိုး ဖြစ်အောင် တည်ဆောက်ထားနိုင်တယ်ဆိုတော့ ဒီယာဉ်ရဲ့ပိုင်ရှင်က ရှားနိုင်ငံသား ဖြစ်နိုင်တာပဲ။”
ရှောင်းယီသည် အလွယ်တကူ ကောင်းကင်ပေါ်တက်ရန် စိတ်ကူးကို လက်လျှော့လိုက်ပြီး နဂါးနန်းတော်၏ တည်ဆောက်ပုံကိုသာ ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ချင်းလုံ ပြန်ကူးလာပြီး ပြောလိုက်သည်။
“ဒါတစ်ခုပဲ တွေ့ခဲ့တယ်။”
သူသည် ပြောပြောဆိုဆိုနှင့် သူ၏နဂါးလက်သည်းကို ဖြန့်လိုက်ရာ အနက်ရောင် သတ္တုပစ္စည်းတစ်ခု ပြုတ်ကျလာခဲ့လေသည်။
“အနက်ရောင်ရွှေ: စကြဝဠာ သတ္တုစပ်များ ပေါင်းစပ်ရာတွင် အသုံးပြုသော အဓိက သတ္တုဒြပ်စင်။ ၎င်းသည် စကြဝဠာအတွင်းရှိ အမျိုးမျိုးသော ဆိုးကျိုးများကို ခုခံနိုင်သည်။ စကြဝဠာအတွင်း ၎င်း၏ ပမာဏမှာ အလွန်အမင်း အကန့်အသတ် ရှိသည်။”
စနစ်၏ ရိုးရှင်းသော ဖော်ပြချက်ကို မြင်သောအခါ ရှောင်းယီ အံ့အားသင့်သွားခဲ့၏။ သူသည်လည်း စကြဝဠာ သတ္တုစပ်အကြောင်း ကြားဖူးပေသည်။ သူ၏ ရွက်လှေကိုလည်း ထိုသတ္တုစပ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဤအနက်ရောင်ရွှေသည် အမှန်တကယ်ပင် ထိုသတ္တုစပ်ကို ဖန်တီးရန် အသုံးပြုသည့် ပစ္စည်းဖြစ်ပြီး ပမာဏမှာလည်း နည်းပါးလှပေသည်။
“အကန့်အသတ်ရှိတယ်တဲ့ ပမာဏဆိုတာ ဘယ်လောက်ကို ပြောတာပါလိမ့်။”
ရှောင်းယီသည် သူ့လက်ထဲရှိ ၁၀ ကီလိုဂရမ်ခန့် လေးသော အနက်ရောင်ရွှေကို ချိန်ဆကြည့်လိုက်၏။တခြားဘာမှ မရှိတော့သဖြင့် ရှောင်းယီသည် ချင်းခုံကို သူ့အား ရေသူမျိုးနွယ်စုထံ ပြန်ပို့ခိုင်းလိုက်တော့လေသည်။
ဤအာကာသယာဉ်နှင့် ပတ်သက်၍မူ ၎င်းသည် ဘယ်မှ ပျံထွက်သွားနိုင်မည် မဟုတ်သဖြင့် လောလောဆယ် ဤနေရာ၌သာ ထားခဲ့ရပေဦးမည်။ ချင်းလုံကလည်း ဤနေရာကို ပြန်လာစောင့်ကြည့်နေလိမ့်မည်ဖြစ်သည်။
ထို့အပြင် ချင်းလုံကိုယ်တိုင်၏ ပြောပြချက်အရ ဤနဂါးနန်းတော်သည် ၎င်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေသည်မှာ သေချာပေသည်။ မဟုတ်ပါက ဤမျှ ရင်းနှီးနေမည် မဟုတ်ပေ။
မကြာမီ ချင်စလုံသည် ရှောင်းယီအား ရေသူမျိုးနွယ်စုထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ထိုအခါ လင်းနီကျိက ရှေ့သို့ တိုးလာကာ မေးလာခဲ့သည်။
“ဘယ်လိုလဲ။”
“အဲ့ဒီ ဝန်ကြီးချုပ်လိပ်ကို ရှင်းပစ်လိုက်ပြီ။ နဂါးနန်းတော်ထဲလည်း ဝင်ခဲ့ပြီးပြီ။ လောလောဆယ်တော့ ထူးထူးခြားခြား ဘာမှ မတွေ့သေးဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်း တကယ်ပဲ အဲ့ဒီ ဝန်ကြီးချုပ်လိပ်ကို နှိမ်နင်းနိုင်ခဲ့တာပဲ။”
လင်းနီကျိ မချီးကျူးဘဲ မနေနိုင်တော့ပေ။
“ချင်းလုံက ဝန်ကြီးချုပ်လိပ်ကို ချုပ်ကိုင်ထားနိုင်ခဲ့လို့ပါ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ချင်းလုံက အခုကစပြီး နဂါးနန်းတော်ကို စောင့်ကြပ်နေလိမ့်မယ်။ တကယ်လို့ ဝန်ကြီးချုပ်လိပ် ပြန်ပေါ်လာရင် ကျုပ်ကို လာခေါ်လိုက်ပါ။ ကျုပ် လာရှင်းပေးမယ်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
လင်းနီကျိက လေးစားစွာ တုံ့ပြန်လိုက်လေသည်။
နဂါးနန်းတော်၏ ဘေးပတ်ပတ်လည်တွင် ပုစွန်စစ်သည်များနှင့် ဂဏန်းစစ်သူကြီးများ ဘာကြောင့် အဆုံးမရှိ ပေါ်လာရသလဲဆိုသည်ကို ရှောင်းယီ ယခုမှ နားလည်သွားတော့သည်။ အကြောင်းမှာ နဂါးနန်းတော်အတွင်း၌ ကျွန်းအထိမ်းအမှတ် ကျောက်တိုင် ရှိနေပြီး ထိုကျောက်တိုင်တွင် အသစ်ပြန်လည်ပေဖြသ်ပေါ်ခြင်း ဂုဏ်သတ္တိ ရှိနေသောကြောင့်ပင်။
“အနာဂတ်မှာ ခင်ဗျားတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအား တိုးတက်ဖို့အတွက်လည်း ဒီပုစွန်စစ်သည်တွေနဲ့ ဂဏန်းစစ်သူကြီးတွေကို သုံးလို့ရတာပေါ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“သူတို့က ဘယ်တော့မှ ကုန်ဆုံးသွားမှာ မဟုတ်ဘူးလေ။”
အခန်း ၈၇၄ - တူးမြောင်းဖောက်လုပ်ရန် လူပုဘုရင်၏ အကြံပြုချက်
လင်းနီကျိက ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပါပြီ ကျွန်းပိုင်ရှင်။”
ထို့နောက် ရှောင်းယီက ချင်းလုံကို ကြည့်လိုက်လေသည်။
“နဂါးနန်းတော်ကို ပြန်သွားပြီး စောင့်ကြပ်နေလိုက်ပါ။ အဲ့ဒီမှာ တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ဖို့ ငါ လူလွှတ်လိုက်မယ်။ ငါ့ရဲ့ မြို့ပြန်ကျောက်ကိုလည်း အဲ့ဒီနေရာမှာ တည်နေရာ သတ်မှတ်ထားပြီးပြီ။”
ထို့နောက် ချင်းလုံက ခေါင်းငြိမ့်ပြကာ လှည့်ထွက်သွားတော့သည်။
“ခေါင်းဆောင်လင်း ဒါဆို ကျုပ် အရင်ပြန်နှင့်ပါတော့မယ်။”
ရှောင်းယီက လက်အုပ်ချီကာ နှုတ်ဆက်ရင်း ပြောလိုက်သည်။
“ခင်ဗျားတို့ ရေသူမျိုးနွယ်စုတွေ ကုန်းပေါ်က လူနေမှုဘဝနဲ့ ကျင့်သားရလာရင် ကျုပ်ရဲ့ကျွန်းကို ပိုပြီး ခဏခဏ လာလည်လို့ ရပါတယ်။”
လင်းနီကျိက အနည်းငယ် မျက်မှောင်ကျုံ့သွားခဲ့သော်လည်း နောက်ဆုံးတွင် “ကောင်းပါပြီ” ဟုသာ တုံ့ပြန်လိုက်လေသည်။
ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် သူ၏ကျွန်းသို့ ပြန်လာခဲ့လိုက်သည်။ အခြားနည်းလမ်းမရှိပေ။ သူ၏ မြို့ပြန်ကျောက်တုံးမှာ ရေအောက်နဂါးနန်းတော်တွင် တည်နေရာ သတ်မှတ်ထားပြီး ဖြစ်သဖြင့် ဤနည်းဖြင့်သာ ပြန်လာနိုင်ပေသည်။
တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာသည်နှင့် ရှောင်းယီသည် ဖုန်းကိုထုတ်ကာ ရှီခုန်းထံသို့ ဖုန်းဆက်လိုက်တော့လေသည်။
“ခင်ဗျား ဘယ်မှာလဲ။”
“ဘားမှာ”
ရှီခုန်းက ပြန်ဖြေလာခဲ့သည်။
ထင်ထားသည့်အတိုင်းပင်၊ ထူးခြားသည့် အခြေအနေမျိုး မရှိလျှင် ထိုအရက်သမားရှီခုန်းမှာ ဘားတွင်သာ ရှိနေမည်ဖြစ်သည်။
“ကျုပ်ကို စောင့်နေ၊ ခင်ဗျားကို ခိုင်းစရာ ရှိတယ်။”
ရှောင်းယီက ပြောပြီး ဖုန်းချလိုက်လေသည်။ ရှောင်းယီသည် အပန်းဖြေစခန်းသို့ မရောက်ဖြစ်သည်မှာ ကြာပေပြီ။ ယခုတစ်ခေါက်တွင်မူ ထိုနေရာမှာ ပို၍ ပို၍ စည်ကားလာသည်ကို သူတွေ့ရလေသည်။
တစ်ခါတစ်ရံတွင် သမန်းဝံပုလွေများနှင့် လူပုများကိုပင် တွေ့မြင်နေခဲ့ရသည်။
ရှောင်းယီသည် ဘားသို့သာ တည့်တည့် လျှောက်သွားလိုက်၏။ ရှီခုန်းက သူ့ကို လက်လှမ်းပြသဖြင့် ရှောင်းယီ ထိုနေရာသို့ လျှောက်သွားလိုက်လေသည်။
“ကျွန်းပိုင်ရှင် တည်နေရာကူးပြောင်းခြင်စအစီအရင် ထပ်ဆောက်ဖို့ လိုလာပြန်ပြီလား။”
ရှီခုန်းက စပ်စုသည့်အသံဖြင့် မေးလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီတစ်ခါတော့ ရေအောက်မှာ ဆောက်ရမှာ။”
“ရေသူမျိုးနွယ်စုဆီမှာ ထပ်ဆောက်မှာလား။”
ရှီခုန်းက သံသယဖြင့် မေးလိုက်သည်။
“သူတို့ဆီမှာ နှစ်ခုတောင် ရှိနေပြီ မဟုတ်ဘူးလား။”
“မဟုတ်ဘူး၊ တခြား ရေအောက်နေရာတစ်ခုမှာပဲ။”
ရှောင်းယီက ဆိုသည်။
“တခြားနေရာလား။”
ရှီခုန်းက ပို၍ပင် ပဟေဠိ ဖြစ်သွားခဲ့၏။
“ခင်ဗျားရောက်ရင် သိလိမ့်မယ်။”
ရှောင်းယီသည် အချိန်ကုန်ခံကာ ရှင်းမပြတော့ဘဲ ပြောလိုက်သည်။
“ခင်ဗျား အရင်သွားနှင့်လိုက်။ မြို့ပြန်ကျောက်တုံး တချို့ကို တည်နေရာ ထပ်သတ်မှတ်ဖို့ လိုသေးတယ်။”
“ဟုတ်ကဲ့။”
ရှီခုန်းက ပြန်ဖြေလိုက်ပြီးနောက် သူ့လက်ထဲက ဘီယာကို အကုန်မော့ချလိုက်၏။
ရှောင်းယီက သူ၏ မြို့ပြန်ကျောက်တုံးကို ပေးလိုက်ရာ ရှီခုန်းသည် ၎င်းကို ချက်ချင်း အသက်သွင်းလိုက်တော့လေသည်။
သူသည် မြို့ပြန်ကျောက်တုံးကို အသုံးပြုနိုင်သဖြင့် ထိုနေရာ၌ ကျွန်းအထိမ်းအမှတ် ကျောက်တိုင်ရှိနေသည်မှာ သေချာပေသည်။ အရာအားလုံးကို ကျောက်တိုင်မှတစ်ဆင့် အလဲအလှယ် လုပ်နိုင်သဖြင့် ထူးထူးခြားခြား ပြင်ဆင်သွားစရာ မလိုပေ။
အဖြူရောင် အလင်းတန်းတစ်ခုနှင့်အတူ ရှီခုန်းသည် ဘားအတွင်းမှ ပျောက်ကွယ်သွားခဲ့၏။ ရှောင်းယီသည်လည်း ဘားထဲမှ ထွက်လာကာ ကားပေါ်တက်ပြီး အပန်းဖြေစခန်းရှိ ကမ်းခြေသို့ လျှောက်လာခဲ့လိုက်သည်။ ထိုနေရာတွင် ရွက်သင်္ဘောကြီး အများအပြား ရှိနေပြီး အားလုံးတွင် ကျွန်းအထိမ်းအမှတ် ကျောက်တိုင်များ ပါရှိကြပေသည်။
ရှီခုန်းသည် အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားသော်လည်း ပတ်ပတ်လည်မှာ ရေများ ဝန်းရံနေခဲ့၏။ သူသည် ရေကာကွယ်ပုလဲကို စားထားသဖြင့် ရေအောက်တွင် လွတ်လပ်စွာ အသက်ရှူနိုင်ပေသည်။
ထိုစဉ် ကြီးမားသော နဂါးခေါင်းကြီးတစ်ခုက တိုးဝင်လာပြီး သူ့ကို တစ်ချက်ကြည့်ကာ ပြန်ထွက်သွားခဲ့သည်။
ရှီခုန်းသည် ၎င်းမှာ ရှောငယီ၏ အိမ်မွေးတိရစ္ဆာန် ချင်းလုံဖြစ်ကြောင်း သိထားပေသည်။ သို့သော်ငြားလည်း သူသည် သမိုင်းမတင်မီခေတ်က သားရဲကြီးတစ်ကောင်၏ အကြည့်ကို ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
“ချင်းလုံရဲ့စွမ်းအားက ပိုတောင် သန်မာလာသလိုပဲ။”
ရှီခုန်းက ရေရွတ်လိုက်မိသည်။ ထိုစဥ် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှီခုန်းထံ မက်ဆေ့ခ်ျ ပို့လာခဲ့၏။
“အဲ့ဒီက ကျောက်တိုင် အသုံးပြုခွင့်ကို ခင်ဗျားကို ပေးထားပြီးပြီ။”
ရှောင်းယီက ပြောလိုက်သည်။
“မြို့ပြန်ကျောက်တုံး အချို့ကို အရင်ပို့ပေးလိုက်မယ်။ ခင်ဗျား အဲ့ဒီမှာ တည်နေရာ သတ်မှတ်ပြီးရင် ပြန်ပို့ပေးလိုက်။”
“ဟုတ်ကဲ့။”
ရှီခုန်းက ကျောက်တိုင်မှ ပြန်ဖြေလိုက်၏။ ထို့နောက် ရှောင်းယီသည် ကျောက်တုံးများကို လွှဲပြောင်းပေးလိုက်ပြီး ရှီခုန်းသည်လည်း ထိုအခန်းအတွင်းမှာပင် ကျောက်တုံးအားလုံးကို တည်နေရာ သတ်မှတ်ပြီး ပြန်လည် လွှဲပြောင်းပေးလိုက်တော့ လေသည်။
ထို့နောက် ရှီခုန်း၏ တပည့်အားလုံးကို ခေါ်ယူကာ ဤတည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ခြင်း၏ ထူးခြားချက်ကို ရှင်းပြပြီး တစ်ယောက်ချင်းစီကို ရေကာကွယ်ပုလဲများ ပေးလိုက်၏။ ထို့နောက် သူတို့သည် မြို့ပြန်ကျောက်တုံးများကို အသုံးပြုကာ နဂါးနန်းတော်သို့ ရောက်သွားကြတော့လေသည်။
တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ရန် လိုအပ်သော ပစ္စည်းအားလုံးကို ကျောက်တိုင်မှတစ်ဆင့် ပေးပို့ပြီးနောက် ရှီခုန်းနှင့် အဖွဲ့မှာ စတင်အလုပ်လုပ်ကြတော့၏။
ရှောင်းယီသည်မူ ဘားသို့ ပြန်လာခဲ့လေသည်။ အချိန်မှာ ည ၈ နာရီပင် ကျော်နေပြီ ဖြစ်သည်။ သူသည် ထိုနေရာတွင် ခဏထိုင်ပြီးမှ ပြန်နားတော့မည်ဟု စဉ်းစားလိုက်လေသည်။
သို့သော် သူ ဘားသို့ မရောက်မီမှာပင် လူပုဘုရင်နှင့် ပက်ပင်းတိုးခဲ့၏။
“ကျွန်းပိုင်ရှင်ရှောင်း မင်းက တကယ့်ကို အလုပ်များတဲ့သူပဲ။ မတွေ့တာတောင် ကြာပြီ။”
လူပုဘုရင်က နှုတ်ဆက်လာခဲ့သည်။
“လုပ်စရာတွေက အများကြီးဆိုတော့ ကျုပ်လည်း မတတ်နိုင်ဘူးလေ။”
ရှောင်းယီက ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“လာ...အတူတူ သောက်ကြရအောင်။”
လူပုဘုရင်က ဖိတ်ခေါ်လိုက်၏။
“ဒါက ကျုပ် စဉ်းစားနေတာနဲ့ ကွက်တိပဲ။”
ထို့နောက် သူတို့နှစ်ဦးသည် သီးသန့်ခန်းတစ်ခုသို့ သွားကာ ဘီယာတစ်ယောက် တစ်ခွက်စီ မှာယူပြီး ထိုင်လိုက်ကြလေသည်။
“ငါ မင်းကို ပြောရဦးမယ်။ ငါတို့နေရာက အပန်းဖြေစခန်းနဲ့ အရမ်းဝေးလွန်းတယ်။ အန်ယွဲ့က အဝေးပြေးလမ်းမကြီး ပြင်ထားပေးပေမဲ့ ဒီကိုလာဖို့ ၃ နာရီ၊ ၄ နာရီလောက် ကြာနေတုန်းပဲ။”
လူပုဘုရင်က ထိုင်သည်နှင့် တပြိုင်နက် ညည်းညူတော့လေသည်။ ရှောင်းယီသည်လည်း ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“ဒါကိုတော့ လောလောဆယ် ဘာမှ မလုပ်နိုင်သေးဘူး။ သယ်ယူပို့ဆောင်ရေး နည်းလမ်းအသစ်တွေ ပေါ်လာမှပဲ လုံးဝ ပြေလည်သွားလိမ့်မယ်။”
“အဲ့ဒါတော့ မဟုတ်သေးဘူး။ မင်းဆီမှာ အမြန်မောင်း ရွက်လှေတစ်စီး ရှိတယ်လို့ ငါကြားထားတယ်။”
လူပုဘုရင်က ပြုံးကာ ပြောလိုက်၏။
“မင်း ငါ့ကို ဖုံးကွယ်ထားတာပဲ။”
လူပုဘုရင်၏ စကားကို ကြားသောအခါ ရှောင်းယီ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။ မကြာသေးမီက နတ်သူငယ်များနှင့် ပတ်သက်သည့် ကိစ္စများ များပြားနေသဖြင့် လက်ဝယ်ရှိ အရင်းအမြစ်များကို အသုံးပြု၍ ခရီးဝေး ပြဿနာကို ဖြေရှင်းရန် သူ သေချာ မစဉ်းစားမိခဲ့ပေ။
ရွက်သင်္ဘောကို နယ်မြေသစ် ရှာဖွေရေးတွင် အသုံးမပြုနိုင်ပေ။ အကြောင်းမှာ ပုံမှန် လမ်းကြောင်းပေါ်တွင် မရှိပါက ရှေးဦးသားရဲကြီးများ၏ တိုက်ခိုက်ခြင်းကို အလွယ်တကူ ခံရနိုင်သောကြောင့်ပင်။ သို့သော် ကျွန်းတွင်း မြစ်ချောင်းများတွင် မောင်းနှင်ရန်မှာမူ ပြဿနာ မရှိနိုင်ပေ။
“အကြံကောင်းပဲ။”
ရှောင်းယီက သူ၏ခွက်ကို မြှောက်ကာ ပြောလိုက်၏။
“အရှင်မင်းကြီးသာ သတိမပေးရင် ကျုပ် အဲ့ဒီရွက်သင်္ဘောအကြောင်း မေ့နေတော့မှာ။”
ပို၍ အရေးကြီးသည်မှာ ရှောင်းယီသည် ရွက်သင်္ဘောကို ကယ်ဆယ်ရေးနှင့် တိုက်ခိုက်ရေး ကိရိယာအဖြစ်သာ အမြဲ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏ကျွန်းမှာ လုံလောက်အောင် ကျယ်ဝန်းနေပြီ ဖြစ်ရာ ၎င်းကို ကျွန်းတွင်း ခရီးသည်တင် သင်္ဘောအဖြစ် အပြည့်အဝ အသုံးပြုနိုင်ပေသည်။
ဘီယာတစ်ငုံ သောက်လိုက်ပြီးနောက် ရှောင်းယီက ခွက်ကိုချကာ အန်ယွဲ့ထံသို့ ဖုန်းဆက်လိုက်လေသည်။
“ဦးလေးအန်း ကျုပ်တို့ ကျွန်းပေါ်မှာ တူးမြောင်းကြီးတစ်ခု ဖောက်ရမယ်။”
ရှောင်းယီက တည့်တည့်ပင် ပြောလိုက်၏။ ထိုအခါ အန်ယွဲ့က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
“ငါတို့လည်း အဲ့ဒီအတိုင်းပဲ စဉ်းစားနေတာ။ အခု အဲ့ဒါကို စီစဉ်နေပြီ။ လက်ရှိ မြစ်ကြောင်းတွေကို အခြေခံပြီး တူးမြောင်းကြီး ၄ ခု ဖောက်သွားမယ်။ ဒါမှ အနာဂတ်မှာ ကျွန်းတွင်း သင်္ဘောသယ်ယူပို့ဆောင်ရေးကိုပါ လုပ်နိုင်မှာ။”
“ဟုတ်ပြီ...ကောင်းတယ်။ ဒါကို ဦးလေးပဲ တာဝန်ယူလိုက်ပါ။”
ရှောင်းယီက စိတ်ကျေနပ်စွာဖြင့် ဖုန်းချလိုက်လေသည်။
အန်ယွဲ့နှင့် အဖွဲ့မှာ သူ့ထက် အရင် ကြိုတင်စဉ်းစားထားနိုင်သဖြင့် ရှောင်းယီအတွက် အလုပ်ရှုပ် တော်တော် သက်သာသွားစေခဲ့သည်။
“တွေ့လား၊ တစ်ယောက်ယောက်က စလုပ်နေပြီ။ အနာဂတ်မှာ အရှင်မင်းကြီး ရွက်သင်္ဘအနဲ့ လာမယ်ဆိုရင် ဒီလောက် ကြာမှာမဟုတ်တော့ဘူး။ ၁ နာရီကျော်ကျော်လောက်ပဲ ကြာလိမ့်မယ်လို့ ကျုပ်ထင်တယ်။”
ရှောင်းယီက လူပုဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။
“၁ နာရီဆိုတာကလည်း နည်းနည်း ကြာနေတုန်းပဲ။”
လူပုဘုရင်က အားမရသေးပေ။ ရှောင်းယီက မျက်လုံးသာ လှန်ပြလိုက်တော့၏။
“ဒါဆိုရင်လည်း တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုပဲ သုံးလိုက်ပေါ့။”
“အဲ့ဒါက စွမ်းအင်ကျောက်တုံးတွေကို အရမ်း ဖြုန်းတီးရာ မရောက်ဘူးလား။”
လူပုဘုရင်က ချက်ကျလက်ကျဖြင့် ပြန်ဖြေလိုက်လေသည်။
“မြန်လည်း မြန်ချင်သေးတယ်။ စွမ်းအင်ကျောက်တုံးလည်း မကုန်ချင်ဘူး ဆိုတာမျိုးက ဘယ်မှာ ရှိမှာလဲ။”
ရှောင်းယီက သူ၏နှုတ်ခမ်းကို မဲ့ကာ ပြန်ပြောလိုက်၏။ ထိုအခါ လူပုဘုရင်က ပြုံးကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒီနေ့ ငါ နတ်သူငယ်တွေကို တွေ့လိုက်သလိုပဲ။ မင်း နတ်သူငယ်တွေကိုပါ လက်ခံလိုက်တာလား။”
ရှောင်းယီ ခေတ္တအံ့သြသွားပြီးမှ ပြုံးကာ ပြန်ဖြေလိုက်၏။
“ဟုတ်တယ် သူတို့နဲ့ သဘောတူညီမှု ရဖို့ တော်တော်လေး ညှိနှိုင်းခဲ့ရတယ်။”
“အလင်းနတ်သူငယ် မျိုးနွယ်စုကို နားချဖို့ဆိုတာ မင်းအတွက် မလွယ်လောက်ဘူး။”
လူပုဘုရင်က ခေါင်းခါလျက် ပြောလိုက်သည်။
“အလင်းနတ်သူငယ်တွေက သိပ်အားမစိုက်ရပါဘူး။ အမှောင်နတ်သူငယ်တွေကမှ ပိုပြီး ကိုင်တွယ်ရ ခက်တာ။ ကျုပ်တို့ တိုက်ပွဲတစ်ခုတောင် ဖြစ်ခဲ့သေးတယ်။”