← Chapters

အခန်း (၈၇၉-၈၈၀)

Vol. 71 Ch. 879-880

အခန်း (၈၇၉-၈၈၀)

Vol. 71 Ch. 879-880

အခန်း ၈၇၉ - ကျမ်းစာဖတ်ရှုခြင်းနှင့် သားရဲဘုရင်၏ သားငယ်

“SSS အဆင့်ရှိတဲ့ ရွှမ်းဝူတောင်မှ အဲ့ဒီရှေးဦးဧရာမသားရဲကို မယှဉ်နိုင်ဘူးလား။”

လူတိုင်းက အံ့သြတကြီး ရေရွတ်လိုက်ကြ၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်။ ဒီရှေးဦးဧရာမသားရဲတွေက အရမ်းအစွမ်းထက်လွန်းတယ်။ နောက်ထပ် ထပ်ပေါ်လာဦးမလားဆိုတာပဲ မသိတာ။”

“ထပ်ပြီးတော့တော့ ပေါ်မလာသင့်တော့ဘူး မဟုတ်လား။ ဘာပဲပြောပြော ဒီလောက်အစွမ်းထက်တဲ့ သားရဲကြီးတွေသာ ထပ်ခါတလဲလဲ ပေါ်လာနေမယ်ဆိုရင် ဘယ်မဟာမိတ်အဖွဲ့မှ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

“ငါလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်။ ကဲ အားလုံးပဲ... စားကြရအောင်။”

ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်၏။ထို့နောက် လူတိုင်းသည် မိကျောင်းသား ဟင်းလျာအစုံအလင်ကို စတင်သုံးဆောင်ကြတော့သည်။

နေ့လယ်စာစားပြီးနောက် ရှောင်းယီသည် ရွှမ်းဝူအတွက် မိကျောင်းသားအချို့ကို ထပ်မံရွေးချယ်ပေးခဲ့ပြီး အချို့ကိုမူ အရှေ့ပင်လယ်နဂါးနန်းတော်သို့ တည်နေရာကူးပြောင်းကာ ချင်းလုံထံ သွားပေးခဲ့လေသည်။

ဤကဲ့သို့ ကောင်းမွန်သော အရာများကို ရရှိချိန်တွင် ဝေမျှစားသုံးကြသည်မှာ သဘာဝပင်။ ရှောင်းယီ၏ အစောဆုံး အိမ်မွေးတိရစ္ဆာန်ဖြစ်သော ဝမ်ချိုင်မှာမူ နေ့လယ်စာ စားကတည်းက ဂရုတစိုက်ချက်ပြုတ်ထားသော မိကျောင်းသားကို မြိန်ယှက်စွာ စားသုံးခဲ့ပြီးသား ဖြစ်ပေသည်။

အရှေ့ပင်လယ်နဂါးနန်းတော်ရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်သည်လည်း တည်ဆောက်ပြီးစီးသွားပြီဖြစ်ရာ ရှီခုန်းနှင့် အခြားသူများမှာ ပြန်ရောက်နေကြပြီဖြစ်သည်။

ရှောင်းယီသည် နဂါးနန်းတော်တွင် တာဝန်ကျဝန်ထမ်းအချို့ကို ထားရှိခဲ့ပြီး အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်စေခဲ့သည်။ လူသားများသည် ရေအောက်တွင် အချိန်အကြာကြီး မနေနိုင်ပေ။ သို့မဟုတ်ပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်ပေသည်။

နဂါးနန်းတော်မှ ပြန်လာပြီးနောက် ရှောင်းယီသည် သူ၏အခန်းထဲသို့ ချက်ချင်းဝင်သွားခဲ့၏။ ရှေးဦးဧရာမသားရဲကြီး၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် ရှောင်းယီမှာ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေခဲ့လေသည်။

လက်နက်များ၏ အဆင့်ကို မြှင့်တင်ခြင်းအပြင် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း ဆက်လက်မြှင့်တင်ရန် လိုအပ်သည်။ စနစ်၏ မိတ်ဆက်ချက်အရ သူ၏ အဆင့်ထိုးဖောက်မှုအတွက် အခွင့်အလမ်းမှာ စနစ်မှ ဆုလာဘ်အဖြစ် ပေးထားသော တာအိုကျမ်းစာများထဲတွင် ရှိနေနိုင်ပေသည်။

ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ကာ သူ၏စိတ်ကို ပညာရှိတို့၏ ကျမ်းစာများအား ဖတ်ရှုခြင်း၌သာ နှစ်မြှုပ်ထားလိုက်တော့လေသည်။

ယခင်ကမ္ဘာတွင် ရှောင်းယီသည် ဤကဲ့သို့သော စာဖတ်ရာ၌ သူ၏အာရုံစူးစိုက်မှုကို စာမေးပွဲမတိုင်မီ သုံးရက်အလိုတွင်သာ ရရှိဖူးခဲ့ပေသည်။ သို့သော် ဤနေရာ၌ ထိုအာရုံမျိုးကို ပြန်လည်ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာပြီးနောက် ရှောင်းယီသည် မြင်သမျှကို မမေ့တော့သည့်စွမ်းရည်ကို ရရှိထားခဲ့၏။ သူသည် အလွန်လျင်မြန်စွာ ဖတ်ရှုနိုင်သော်လည်း ကျမ်းစာထဲရှိ နက်နဲသော အဓိပ္ပာယ်များကိုမူ ပြန်လည်စဉ်းစားဆင်ခြင်ရန် လိုအပ်ပေသည်။

ရှောင်းယီသည် ဤအရာအားလုံးကို အရင်ဆုံး အလွတ်မှတ်သားထားပြီး အားလပ်ချိန်ရသောအခါမှသာ ဖြည်းဖြည်းချင်း ပြန်လည်တွေးတောရန် စီစဉ်ထားခဲ့သည်။

အလွတ်ကျက်မှတ်နေသည့်တိုင် တစ်နေ့လယ်လုံးတွင် ရှောင်းယီသည် ဆယ်ပုံတစ်ပုံအောက်သာ ဖတ်ရှုနိုင်သေးသည်။

ရှောင်းယီ၏ လက်ရှိအခြေအနေအရ တစ်နေ့လယ်အတွင်း အလယ်တန်းနှင့် အထက်တန်း ကျောင်းသုံးစာအုပ်အားလုံးကို အလွတ်မှတ်နိုင်စွမ်းရှိသည်ကို သတိပြုရပေလိမ့်မည်။

တာအိုကျမ်းစာမှာ အလွန်ပင် ကျယ်ပြောလှပြီး ပါဝင်သည့် အကြောင်းအရာများမှာလည်း စုံလင်လှ၏။ ရှောင်းယီသည် လက်ရှိဖတ်နေသော အပိုင်းများကို ကြည့်ရုံနှင့်ပင် သူ၏ စိတ်ဝိညာဉ်မှာ တုန်လှုပ်ချောက်ချားသွားရလေသည်။

ညစာစားချိန် ရောက်လာသဖြင့် အန်းရန်သည် ရှောင်းယီအား လာရောက်နှောင့်ယှက်ရတော့လေသည်။

“ရှောင်းယီ နင်က ဘယ်လိုဖြစ်လို့ စာဖတ်ဖို့ အားလပ်ချိန်တွေ ရှိနေတာလဲ။”

အန်းရန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒါတွေက တာအိုကျမ်းစာတွေလေ။ ငါ့ရဲ့ ခွန်အားတိုးတက်မှုနဲ့ ဆက်စပ်နေတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုစကားကိုကြားသောအခါ အန်းရန်၏ မျက်လုံးလေးများ ဝိုင်းစက်သွားခဲ့၏။

“စာဖတ်တာကလည်း ခွန်အားတိုးစေတာလား။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု SSS အဆင့်ကို ရောက်သွားတဲ့အခါ မင်းလည်း ဒါတွေကို ဖတ်ကြည့်သင့်တယ်။”

ရှောင်းယီ၏ စကားကို ကြားသောအခါ အန်းရန်မှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။

“ဒါကိုဖတ်ဖို့ ငါ့အဆင့်ကို SSS အဆင့်အထိ မြှင့်တင်ရဦးမှာလား။ သတ်မှတ်ချက်က တော်တော်မြင့်တာပဲ။”

“အရင်ကလည်း ဖတ်လို့တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ကျမ်းစာထဲက တချို့အရာတွေကို လေ့ကျင့်လို့မရသလို ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်တယ်။ SSS အဆင့် ရောက်ပြီးမှဆိုရင်တော့ အဲ့ဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိတော့ဘူး။”

ရှောင်းယီက ရှင်းပြလိုက်သည်။ အန်းရန်သည် အံ့သြနေသောအမူအယာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။

“နင်ပြောတာတွေက တော်တော်လေး ဆန်းကြယ်တာပဲ။ ကဲ... လောလောဆယ်တော့ ညစာစားဖို့ ဆင်းကြရအောင်။”

ထို့နောက် ရှောင်းယီနှင့် အန်းရန်တို့ အောက်ထပ်သို့ ဆင်းလာသောအခါ ဆုဝမ်နှင့် အခြားသူများအားလုံးသည် ရင်ပြင်ထဲတွင် စုဝေးနေကြလေသည်။

“ဘာတွေဖြစ်နေကြတာလဲ။”

ရှောင်းယီက ဇဝေဇဝါဖြင့် အပြင်သို့ ထွက်လာခဲ့၏။ ရှောင်းယိ၏ အသံကို ကြားသည်နှင့် လူတိုင်းက ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ ထိုစဉ် အန်းယွဲ့က ပြုံးကာ ပြောလိုက်လေသည်။

“သားရဲဘုရင် အိမ်ပြန်ရောက်လာပြီလေ။”

ရှောင်းယီသည် ခဏမျှ မှင်သက်သွားပြီးနောက် ပြုံးကာ မေးလိုက်၏။

“အဲ့ဒါက ဘာကို ဆိုလိုတာလဲ။”

ထို့နောက် လူတိုင်းက ဘေးသို့ ဖယ်ပေးလိုက်ကြသောအခါ ရှောင်းယီသည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသော သန်မာထွားကြိုင်းသည့် အဖြူရောင် ကျားပေါက်လေးတစ်ကောင်ကို ချက်ချင်း မြင်လိုက်ရလေသည်။

“ဆိုက်ဘေးရီးယား ကျားပေါက် (SSS အဆင့်): ၎င်း၏ မိဘများထံမှ ကောင်းမွန်သော မျိုးရိုးဗီဇများကို အပြည့်အဝ ဆက်ခံထားသည်...”

ရှောင်းယီသည် စနစ်၏ ဖော်ပြချက်ကို အံ့သြတကြီး ကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်၏။

“သားရဲဘုရင် မင်းကတော့ ပါရမီရှင်လေးတစ်ကောင် မွေးဖွားလိုက်တာပဲ။”

ထိုအခါ သားရဲဘုရင်က အသံခပ်အုပ်အုပ်ဖြင့် နှစ်ကြိမ်မျှ ဟိန်းလိုက်လေသည်။

“ဒါပေါ့၊ သူ့အမေက ဘယ်သူလဲဆိုတာ ကြည့်လိုက်ဦးလေ။”

“မင်းကတော့ နည်းနည်းလေးတောင် နှိမ့်ချမှု မရှိဘူးပဲ။”

ရှောင်းယီက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဒီနေ့ ငါ အသားကောင်းတချို့ ရထားတယ်။ အတူတူ လာစားကြ။”

“ဝေါင်း”

သားရဲဘုရင်က တုံ့ပြန်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရှောင်ပိုင်တစ်ယောက် ဗီလာအတွင်းသို့ မဝင်ရဲဘဲ အပေါက်ဝတွင် ဝဲလည်ဝဲလည် လုပ်နေခဲ့၏။

ရှောင်းယီက သူ့ကို လှမ်းကြည့်ပြီး မေးလိုက်သည်။

“သားရဲဘုရင် မင်းတို့ ဘာဖြစ်ထားတာလဲ။ မင်းတို့နှစ်ကောင် နောက်တစ်ခါ ရန်ဖြစ်ပြန်ပြီလား။”

“သူက သူ့သားနဲ့အစာ လုနေလို့ ကျွန်မ သင်ခန်းစာ ပေးထားတာ။”

သားရဲဘုရင်က မကျေမနပ် ပြန်ဖြေလာခဲ့သည်။

“ကဲပါ၊ သူ့ကို အထဲပေးဝင်လိုက်ပါ။”

ရှောင်းယီက ဖျန်ဖြေပေးလိုက်ရ၏။ ထိုအခါ သားရဲဘုရင်က အပေါက်ဝဘက်သို့ လှည့်၍ နှစ်ကြိမ်မျှ ဟိန်းလိုက်သောအခါ ရှောင်ပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ခုန်ဝင်လာခဲ့လေသည်။ သို့သော် သားရဲဘုရင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

“အားလုံးပဲ...ထိုင်ပြီး စားကြရအောင်။”

ရှောင်းယီက လှမ်းခေါ်လိုက်သည်။ အားလုံးက နေရာယူကြစဉ် သားရဲဘုရင်၏ သားဖြစ်သူမှာ ခုံပေါ်သို့ ခုန်တက်သွားသော်လည်း သားရဲဘုရင်၏ ပုတ်ချခြင်းကို ချက်ချင်း ခံလိုက်ရလေသည်။

“ဝေါင်း”

သားရဲဘုရင်က အသံခပ်အုပ်အုပ်ဖြင့် ဟိန်းဟောက်လိုက်သည်မှာ ၎င်း၏သားကို ဆူပူနေပုံပင်။

“သူ ဗိုက်ဆာနေလို့ပါ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်၏။ ထို့နောက် ရှောင်းယီသည် မိကျောင်းအသားတုံးကြီးတစ်တုံးကို ရှာကာ ပစ်ပေးလိုက်လေသည်။ ကျားပေါက်လေးသည် ချက်ချင်း အပြေးအလွှား သွားရောက်ကာ မြိန်ယှက်စွာ စားသောက်တော့၏။ သားရဲဘုရင်နှင့် ရှောင်ပိုင်တို့လည်း မိကျောင်းအသားတစ်တုံးစီ ရရှိခဲ့ကြလေသည်။

ရှောင်ပိုင်သည် မိကျောင်းသား၏အနံ့ကို ရလိုက်သည်နှင့် စိတ်လှုပ်ရှားသွားခဲ့၏။ ယခု အသားတစ်တုံး ရပြီဖြစ်ရာ ၎င်း၏ အသားကို တစ်လုပ်တည်းနှင့် ဝါးမျိုပစ်ပြီး သူ၏သားထံမှ အသားကို သွားလုချင်စိတ်ပင် ပေါက်နေခဲ့လေသည်။ သို့သော် ထိုသို့လုပ်ပါက အသက်ပျောက်သွားနိုင်မှန်းလည်း သူသိ၏။ အိမ်က ကျားမကြီးက ၎င်းကို အသေကိုက်သတ်ပစ်မည်မှာ သေချာပေသည်။

ရှောင်ပိုင်သည် သူ၏အသားကို အလျင်အမြန်စားသောက်ပြီးနောက် ကျားပေါက်လေး မစားရသေးသည့် အသားတုံးကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ ထိုအခါ ဘေးမှ သားရဲဘုရင်က ဝမ်းခေါင်းအသံတစ်ချက် ပြုလိုက်ရာ ရှောင်ပိုင်သည် သူ၏အကြည့်များကို ချက်ချင်း ပြန်လွှဲလိုက်ရလေသည်။ ကျားပေါက်လေးသည်လည်း ထိုအသံကို ကြားပုံရပြီး ၎င်း၏ အသားတုံးကို ပါးစပ်ဖြင့်ကိုက်ကာ ရှောင်ပိုင် မမြင်နိုင်သည့် နေရာသို့ သွား၍ ဆက်လက်စားသောက်လိုက်လေတော့သည်။

ထိုစဥ် ရှောင်းယီက စားသောက်ရင်း ပြောလိုက်သည်။

“သားရဲဘုရင် မင်းရဲ့သားကို ပိုင်ဟူလို့ပဲ နာမည်ပေးရအောင်။ ဒါက ငါတို့ ရှားနိုင်ငံရဲ့ နတ်သားရဲတစ်ကောင်ရဲ့ နာမည်ပဲ။”

သားရဲဘုရင်က ရှောင်းယီ၏ စကားကို ကြားသောအခါ ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီတစ်ခါ တစ်ကောင်တည်း မွေးတာလား။”

ရှောင်းယီက သိလိုစိတ်ဖြင့် မေးလိုက်၏။

သားရဲဘုရင်က ခေါင်းငြိမ့်ပြလာခဲ့ရာ ဘေးမှ ယွမ်နွန်က ပြုံးကာ ရှင်းပြလိုက်လေသည်။

“ယေဘုယျအားဖြင့် ကျားတွေက တစ်ကြိမ်မွေးရင် ၁ ကောင်ကနေ ၅ ကောင်အထိ မွေးတတ်တယ်။ များသောအားဖြင့်တော့ ၂ ကောင်ပေါ့။ အဲ့ဒါကြောင့် တစ်ကောင်တည်း မွေးတာက မထူးဆန်းပါဘူး။”

“ရှောင်ပိုင်...မင်းတော့ ဒီထက်ပို ကြိုးစားရဦးမယ်။”

ရှောင်းယီက ယွမ်နွန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။

ရှောင်ပိုင်သည် သူ၏ ယောက်ျားပီသမှုကို ပြသချင်သော်လည်း သားရဲဘုရင်က ခွင့်မပြုပေ။ သနားစရာ ကျားဘဝ။ ခက်ခဲလှပေစွ။

ညစာစားပြီးနောက် ပိုင်ဟူသည် ဗီလာထဲတွင်ပင် နေရစ်ခဲ့၏။ ၎င်းသည် ဤနေရာကို အလွန်စိတ်ဝင်စားနေသဖြင့် သားရဲဘုရင်သည်လည်း လိုက်နေခဲ့လေသည်။ အဓိကအချက်မှာ ဤနေရာတွင် အရသာရှိသော မိကျောင်းသား ရှိနေခြင်းကြောင့်ပင်။

ရှောင်ပိုင်မှာမူ သားရဲဘုရင်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသဖြင့် သနားစရာကောင်းစွာပင် တောထဲသို့ ပြန်သွားခဲ့ရ၏။ ယခုအခါ တောထဲရှိ တိရစ္ဆာန်များမှာ ဒုက္ခရောက်ကုန်ပြီဖြစ်သည်။ ရှောင်ပိုင်သည် သားရဲဘုရင်ထံမှ ရခဲ့သမျှ ဒေါသအားလုံးကို တောထဲရှိ တိရစ္ဆာန်များပေါ်တွင် ပုံချလေတော့သည်။

ညစာစားပြီးနောက် ရှောင်းယီသည် တာအိုကျမ်းစာများကို ဆက်လက်ဖတ်ရှုရန် အခန်းထဲသို့ ပြန်ဝင်သွားခဲ့၏။ သို့သော် စာမဖတ်မီ ယီထျန်းဂရုချက်ကို ခဏမျှ စစ်ဆေးကြည့်ရဦးမည် ဖြစ်သည်။

အခန်း ၈၈၀ - တိလင်း ရှာဖွေတွေ့ရှိခဲ့သော ထူးဆန်းသည့်ကျွန်းနှင့် ရေနွေးငွေ့သုံး တော်ပီဒို

“တိလင်းက ပိုင်ရှင်မရှိတဲ့ အုတ်မြစ်ကျောက်ကျွန်း တစ်ကျွန်း ရှာတွေ့တယ်လို့ ကြားခဲ့တယ်။”

“ပိုင်ရှင်မရှိတဲ့ ကျွန်းလား။ အဲ့ဒါ အစောပိုင်းက သေဆုံးသွားတဲ့ အသက်ရှင်ကျန်ရစ်သူတွေ ထားခဲ့တာ ဖြစ်ရမယ်။”

“မဟုတ်ဘူးလို့ ပြောကြတာပဲ။ အဲ့ဒီကျွန်းက အနည်းဆုံး လေးစတုရန်းကီလိုမီတာလောက် ရှိတယ်တဲ့။”

“အဲ့လောက်တောင် ကြီးတာလား။ ဒါဆိုရင် ဘယ်လိုလုပ် ပိုင်ရှင်မရှိဘဲ နေမှာလဲ။ တစ်ခုခု မှားနေတာလား။ ဒီလောက်ကြီးတဲ့ကျွန်းကို ပိုင်တဲ့သူဆိုရင် တော်တော်လေး ဖွံ့ဖြိုးတိုးတက်နေလောက်ပြီလေ။”

“ဒါက တကယ်ကို ပိုင်ရှင်မရှိတဲ့ ကျွန်းပါ။”

တိလင်းထျန်းရှား ကိုယ်တိုင်က ဂရုထဲတွင် ဝင်ရောက်ပြောဆိုလိုက်လေသည်။

တိလင်းထျန်းရှားသည် ယီထျန်းဂရုထဲသို့ ဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း များသောအားဖြင့် စကားပြောလေ့မရှိပေ။ ယနေ့တွင် လူအများက သူ၏အကြောင်းကို ဆွေးနွေးနေကြသည်ကို မြင်သောကြောင့် သူက ဝင်ပြောလိုက်ခြင်းဖြစ်သည်။

“ဒီလောက်ကြီးတဲ့ ပိုင်ရှင်မဲ့ကျွန်းကို ရှာတွေ့တာဆိုတော့ ဥက္ကဋ္ဌတိလင်းတော့ ကံထူးပြီပဲ။”

ထိုအခါ တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။

“ရရှိတဲ့ အကျိုးအမြတ်ကတော့ မနည်းပါဘူး။ ဒါပေမဲ့ အဲ့ဒီကျွန်းက တော်တော်လေး ထူးဆန်းတယ်။”

“ဘာတွေ ထူးဆန်းလို့လဲ။”

တစ်စုံတစ်ယောက်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

တိလင်းထျန်းရှားသည် ခဏမျှ စဉ်းစားပြီးနောက် တိုက်ရိုက်ပင် ပြောပြလိုက်လေသည်။ သူကိုယ်တိုင်လည်း ယခုအခါ ဝေခွဲမရဖြစ်နေသဖြင့် ရှောင်းယီက ဤပုစ္ဆာကို ဖြေရှင်းပေးနိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

“အဲ့ဒီကျွန်းပေါ်က လူသားတွေ တည်ဆောက်ထားတဲ့ အဆောက်အဦးတွေက လုံးဝကို ဆွေးမြည့် ပျက်စီးနေပြီ။ ပြီးတော့ ကျွန်းပေါ်က တောအုပ်ထဲမှာလည်း အဆင့်မြင့်တဲ့ သားရဲတိရစ္ဆာန်တွေ အပြည့်ပဲ။”

တိလင်းထျန်းရှားက ဆိုသည်။

“ကျုပ်တို့အဖွဲ့ရဲ့ ကနဦး ခန့်မှန်းချက်အရဆိုရင် အဲ့ဒါတွေက အကုန်လုံး SSS အဆင့်တွေချည်းပဲ။ လုံးဝကို ယှဉ်တိုက်လို့ မရနိုင်ဘူး။”

“အားလုံးက SSS အဆင့်တွေလား။”

“ဟုတ်တယ်။ ကျုပ်တို့ နေရာတချို့ကို ရွေးပြီး အတွင်းထဲအထိ သွားဖို့ပြင်ခဲ့ကြတယ်။ ဒါပေမယ့် တွေ့ခဲ့ရသမျှ သားရဲတိရစ္ဆာန် ၇ ကောင်လုံးက လုံးဝကို ယှဉ်မတိုက်နိုင်တဲ့ အကောင်တွေချည်းပဲ။”

တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် ၎င်းတို့၏ ဆွေးနွေးမှုကို မြင်သောအခါ တွေးလိုက်မိလေသည်။

‘မှန်းထားတဲ့အတိုင်းပဲ။ အရင်က အသက်ရှင်ကျန်ရစ်သူတွေ ထားခဲ့တဲ့ ကျွန်းတွေကို တစ်ယောက်ယောက်က စပြီး ရှာတွေ့နေပြီ။’

“အဆောက်အဦးတွေက ဆွေးမြည့်နေပြီး သားရဲတိရစ္ဆာန်ရဲ့အဆင့်တွေက အရမ်းမြင့်လွန်းနေတယ်ဆိုတော့ ဒီကျွန်းက တကယ်ကို ထူးဆန်းတာပဲ။”

“ဟုတ်တယ်။ အဆောက်အဦးတွေ ဒီလိုဆွေးမြည့်ဖို့ဆိုတာ နှစ်ပေါင်းများစွာ ကြာမှရမယ်။ သားရဲတိရစ္ဆာန်ရဲ့အဆင့်တွေ ဒီလောက် မြင့်လာဖို့ဆိုတာကလည်း အချိန်ယူရမှာပဲ။”

“အဲ့ဒီလိုဆိုရင် ဒီကျွန်းက လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက ရှိနေတာပေါ့။”

“လွန်ခဲ့တဲ့ အချိန်အကြာကြီး။ ကျုပ်တို့ ဒီကမ္ဘာကို ရောက်လာတာ ၈၇ ရက်ပဲ ရှိသေးတာ မဟုတ်ဘူးလား။”

“မင်းပြောတာ မမှားဘူး။ ဒီနေ့က ၈၇ ရက်မြောက်နေ့ပဲ။”

“ဒါဆိုရင် ဘယ်လိုလုပ် အချိန်အကြာကြီး ဖြစ်နိုင်မှာလဲ။ တစ်ယောက်ယောက်က ငါတို့နဲ့ မတူတဲ့ အချိန်ကာလ တစ်ခုထဲကို ရောက်သွားခဲ့တာများလား။”

“အဲ့ဒါလည်း ဖြစ်နိုင်တာပဲ။ နတ်ဘုရားတစ်ပါး ကမ္ဘာပေါ် ဆင်းသက်လာတယ်လို့ ပြောရင်တောင် ငါယုံဦးမယ်။”

“ဒါဆို အခြေအနေက အမှန်တကယ် ဘယ်လိုမျိုးလဲ။ ရှင်းပြပေးနိုင်မယ့် ဆရာကြီးတစ်ယောက်လောက် မရှိဘူးလား။”

“ဒီထဲမှာ အကြီးဆုံးကတော့ သူဌေးယီပဲ။ အားလုံးပဲ... သူဌေးယီကို ဆင့်ခေါ်တဲ့ နည်းလမ်း သုံးကြရအောင်။ @ယီရန်ပင်း။”

ထို့နောက်တွင် လူအများသည် ရှောင်းယီကို မန်းရှင်းခေါ်ကာ ဆင့်ခေါ်သည့် ပုံစံတူ စာတိုများကို ပလူပျံအောင် ပို့ကြလေတော့၏။ ထိုအခါ ရှောင်းယီလည်း ဝင်ပြောလိုက်ရတော့လေသည်။

“ကျုပ်လည်း အဲ့ဒီလိုမျိုး ကြုံဖူးတယ်။ ကျုပ်ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒါက ကျုပ်တို့ထက် အရင်ရောက်နေတဲ့ စီနီယာတွေရဲ့ ကျွန်းတွေ ဖြစ်နိုင်တယ်။ ဆိုလိုတာက အရင်က အသက်ရှင်ကျန်ရစ်သူ အသုတ်တွေပေါ့။”

“အရင်က အသက်ရှင်ကျန်ရစ်သူ အသုတ်တွေ ဟုတ်လား။”

တိလင်းထျန်းရှား အပါအဝင် အားလုံး မှင်သက်သွားခဲ့ကြ၏။ ဤအကြောင်းအရာက ယုံရခက်လွန်းနေသည်မဟုတ်ပါလား။

“ဟုတ်တယ်။ ကျုပ်တို့အဖွဲ့ရဲ့ ဆန်းစစ်ချက်အရဆိုရင် ဒါက ဖြစ်နိုင်ခြေ အရှိဆုံးပဲ။”

ရှောင်းယီက ဆက်လက် ပြောကြားလိုက်သည်။

“ဒါ့အပြင် ကျုပ်တို့ တခြားမျိုးနွယ်စုတွေနဲ့ ဆက်သွယ်ကြည့်တော့ သူတို့ရဲ့ သမိုင်းမှတ်တမ်းတွေမှာလည်း ဒီအချက်ကို ဖော်ပြထားတယ်။ အဲ့ဒါက ကျုပ်တို့က ဒီကမ္ဘာကို ရောက်လာတဲ့ ပထမဆုံး အပြင်လူတွေ မဟုတ်ဘူးဆိုတာပဲ။”

“ဘာ... ကျုပ်တို့ အသုတ်တင် မဟုတ်ဘူးပေါ့။ ဒါက တော်တော်လေးကို ချဲ့ကားလွန်းရာ ရောက်နေပြီ။”

“သူဌေး အဲ့ဒီအရင်က စီနီယာတွေကရော ကျုပ်တို့လို ဒီကမ္ဘာက လူတွေပဲလား။”

“မဟုတ်လောက်ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဘာလို့လဲဆိုတော့ အဲ့ဒီမျိုးနွယ်စုတွေရဲ့ ဖော်ပြချက်အရ တစ်ဖက်လူတွေက လက်ချောင်း ၆ ချောင်းရှိပြီး သူတို့ရဲ့ ရုပ်သွင်ကလည်း ကျုပ်တို့နဲ့ မတူဘူး။ တခြား အသိဉာဏ်ရှိတဲ့ သတ္တဝါတွေ ဖြစ်နိုင်တယ်။”

“ငါ ပြောသားပဲ။ စကြဝဠာထဲမှာ ငါတို့က တစ်ယောက်တည်း မဟုတ်ပါဘူးဆိုတာ။”

“ဟုတ်တယ်။ ဒါတွေက ဂြိုဟ်သားတွေဆိုတာ သိသာလွန်းနေတာပဲ။ သူတို့လည်း ဒီကမ္ဘာကို ဖမ်းခေါ်ခံလိုက်ရတာပေါ့။ ရူးချင်စရာပဲ။”

“အဲ့ဒီလိုဆိုရင် ဒီကမ္ဘာကြီးက လေ့ကျင့်ရေးကွင်းတစ်ခုပေါ့။ အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း ဂြိုဟ်တစ်ခုခုက အသိဉာဏ်ရှိ သက်ရှိတွေကို ရှင်သန်ခြင်းဂိမ်း ကစားဖို့ ဒီထဲကို ပစ်ထည့်နေတာပေါ့။”

“သူဌေးယီ ပြောပုံအရဆိုရင် အဲ့ဒီလို အဓိပ္ပာယ်ပဲ။ ဒါက တကယ့်ကို ကိစ္စကြီးပဲ။”

“ကျွတ်... ငါတို့က တကယ်ပဲ နယ်ရုပ်လေးတွေပါလား။ ကိုယ့်သဘောနဲ့ကိုယ် မဟုတ်ဘဲ စစ်တုရင်ကစားသမားက ကစားချင်သလို ကစားတာကို ခံနေရတာပဲ။”

“ဟုတ်တယ်။ စည်းမျဉ်းတွေကိုတောင် သူတို့သဘောအတိုင်း ပြောင်းလဲနိုင်သေးတယ်။”

ထိုအခါ ရှောင်းယီက ပြောလိုက်သည်။

“ဒီလိုဆိုရင်တောင်မှ ကျုပ်တို့က တန်ဖိုးရှိတဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်အောင် ကြိုးစားရမယ်။ ဒါမှ စစ်တုရင်ကစားသမားက ကျုပ်တို့ကို မစွန့်ပစ်သွားမှာ။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ခွန်အားကို မြှင့်တင်ဖို့နဲ့ ကစားသမားရဲ့ စိတ်ထဲမှာ ကိုယ့်ရဲ့ အလေးချိန်ကို မြှင့်တင်ဖို့ ကြိုးစားကြပါ။ တစ်နေ့ကျရင် အဲ့ဒီစစ်တုရင်ကစားသမားဆိုတာ ဘယ်လို နတ်ဘုရားမျိုးလဲဆိုတာ ကျုပ်တို့ မြင်ရကောင်း မြင်ရနိုင်တယ်။”

“သူဌေးယီ ပြောတာ မှန်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးချက်မှာလည်း ငါတို့ကို ထူးချွန်လာဖို့ စောင့်နေတယ်လို့ ပြောထားတယ် မဟုတ်လား။”

“အဲ့ဒါကြောင့် ကောင်လေးတွေ... ကြိုးစားကြစမ်းပါ။”

ရှောင်းယီသည် လူအများ အချင်းချင်း အားပေးနေကြသည်ကို ကြည့်ပြီးနောက် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို ကြည့်ခြင်းအား ရပ်တန့်လိုက်ကာ တာအိုကျမ်းစာများကို ဆက်လက် လေ့လာနေလိုက်တော့လေသည်။

စာထဲတွင် စိတ်နှစ်ထားလိုက်သောအခါ အချိန်မှာ အလွန်ပင် ကုန်လွယ်လှ၏။ ရှောင်းယီ စာအုပ်ကို ပိတ်လိုက်ချိန်တွင် ည ၁၁ နာရီပင် ကျော်နေပြီဖြစ်သည်။

စာအုပ်အားလုံးကို ဖတ်ပြီးရန် အချိန်အကြာကြီး လိုနေသေးသော်လည်း ရှောင်းယီသည် တာအိုကျမ်းစာများ၏ နက်နဲကျယ်ပြန့်မှုကို ခံစားနေရပြီဖြစ်သည်။ ရှောင်းးယီသည် အိပ်ရာထဲ၌ လဲလျောင်းရင်း စောစောက ဖတ်ခဲ့သော အသိပညာများကို ပြန်လည် စဉ်းစားနေမိသည်။

“နေ့မှာ တွေးရင် ညမှာ အိပ်မက်မက်တယ်” ဆိုသကဲ့သို့ပင် ရှောင်းယီ အိပ်ပျော်သွားချိန်တွင်ပင် အိပ်မက်ထဲ၌ တာအိုကျမ်းစာများကို ဖတ်ရှုနေခဲ့ပြီး ၎င်းတို့ထဲမှ အနုပညာမြောက်သော အနှစ်သာရများကို လေ့လာနေမိခဲ့လေသည်။

နောက်တစ်နေ့ နံနက်စောစော၌ ရှောင်းယီ အိပ်ယာနိုးလာခဲ့၏။ တစ်ညလုံး အိပ်မက်မက်နေခဲ့သော်လည်း နိုးလာသောအခါ နည်းနည်းမျှ မပင်ပန်းသည့်အပြင် စိတ်ကြည်လင်လန်းဆန်းမှုကိုသာ ခံစားလိုက်ရလေသည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

ရှောင်းယီသည် ပျင်းကြောဆန့်ကာ လင်းထိန်နေသော ကောင်းကင်ကို ကြည့်ရင်း ပြုံးကာ ပြောလိုက်၏။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့် ဆုလာဘ် - ရေနွေးငွေ့သုံး တော်ပီဒို ပုံစံကွက် (S အဆင့်) ၁။”

ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ပင် ကြီးမားသွားတော့သည်။

“နောက်ဆုံးတော့ အသုံးဝင်မယ့် အရာတစ်ခု ရလာပြီပဲ။”

မနေ့ကသာ ဤအရာ ရှိခဲ့လျှင် ထိုရှေးဦးဧရာမမိကျောင်းကို ဖြေရှင်းရသည်မှာ ပို၍ လွယ်ကူသွားနိုင်ပေလိမ့်မည်။ ရှောင်းးယီသည် ဤပုံစံကွက်ကို ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တွင် ချက်ချင်း အသုံးပြုလိုက်ပြီး လိုအပ်သော ကုန်ကြမ်းများကို စစ်ဆေးကြည့်လိုက်၏။ အားလုံး ရှိနေသဖြင့် သူ ချက်ချင်းပင် တစ်ခု ထုတ်လုပ်လိုက်လေသည်။

“ရေနွေးငွေ့သုံး တော်ပီဒို (S အဆင့်): အပူအားသုံး တော်ပီဒိုတစ်ခုဖြစ်ပြီး အရှိန်နှုန်းအမျိုးမျိုးကို ရွေးချယ်နိုင်သည်။ သို့သော် ရေပြင်ပေါ်တွင် ထင်ရှားသော လှိုင်းလမ်းကြောင်းများ ကျန်ရစ်စေပြီး ရေနက်ပိုင်းတွင် အသုံးမပြုနိုင်ပါ။”

‘ဒီတော်ပီဒိုမှာ အားနည်းချက်အချို့ ရှိနေသေးတယ်ဆိုပေမယ့် လောလောဆယ်အတွက်တော့ လုံလောက်ပါတယ်။’

ရှောင်းယီ တွေးလိုက်မိ၏။ အကြောင်းမှာ ထိုရှေးဦးဧရာမသားရဲများသည် ရေမျက်နှာပြင်အနီးမှသာ တိုက်ခိုက်တတ်သောကြောင့်ပင်။ အကယ်၍ သူတို့သာ ရေအောက်ထဲကနေ ကျွန်းအုတ်မြစ်ကျောက်များကို တိုက်ခိုက်လာမည်ဆိုပါက မည်သူမျှ ကစားနိုင်တော့မည် မဟုတ်ပေ။ ရှောင်းယီ အပါအဝင် မည်သူမျှ ထိုသားရဲကြီးများ၏ ရေအောက်ကျွန်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ရှောင်းယီသည် တစ်ကိုယ်ရည်သန့်ရှင်းရေးများ ပြုလုပ်ပြီးနောက် တာအိုကျမ်းစာများကို ဆက်ဖတ်ရန် ပြင်ဆင်လိုက်သော်လည်း ထုံးစံအတိုင်း စာမဖတ်မီ ဂရုထဲမှ အချက်အလက်များကို ခဏမျှ စစ်ဆေးကြည့်လိုက်၏။

“ကယ်ကြပါဦး...။ ဒေသခံတွေက အဆင့်မြှင့်ထားတဲ့ သင်္ဘောတွေနဲ့ ကျုပ်တို့ကို လာတိုက်နေတယ်။ ကျုပ်တို့ တောင့်မခံနိုင်တော့ဘူး။”

“ဘာကို ကြောက်နေတာလဲ။ သူဌေးကြီးယီရန်ပင်းက လက်ပစ်ဗုံးတွေ ရောင်းပေးထားတာပဲ။ အဲ့ဒါတွေကို ဝယ်ပြီး ကျွန်းပေါ်မှာ ထားလိုက်လေ။ သူတို့ ကျွန်းပေါ်တက်လာတာနဲ့ ပစ်ထည့်လိုက်ရုံပဲ။ ဒါဆိုရင် မင်း သူတို့ကို ဖြေရှင်းနိုင်မှာ သေချာတယ်။”

“ကျုပ်က သူတို့ ကျွန်းပေါ်မတက်ခင် တားဆီးနိုင်ရင် ပိုကောင်းမယ်လို့ တွေးနေတာ။ ကျွန်းပေါ်တက်လာမှ တိုက်ရတာက ကိုယ့်အိမ်ရှေ့မှာ တိုက်နေရသလိုပဲ။ ကိုယ့်အိမ်ပဲ ပျက်စီးမှာ မဟုတ်ဘူးလား။”

“ဟက်... ကိုယ့်ကျွန်းကိုယ် ကာကွယ်နိုင်ရင် တော်ပြီပေါ့။”

“ဟုတ်တယ် အများကြီး မတွေးနဲ့။ ကျုပ် အရင်က နိုင်ငံခြား ချန်နယ်တချို့ကို စောင့်ကြည့်ခဲ့ဖူးတယ်။ အမှန်အတိုင်း ပြောရရင် ဒေသခံတွေက အဆင့်မြှင့်ထားတဲ့ အရာတွေ ရနိုင်တော့ နိုင်ငံခြားမှာ ကျွန်းဆုံးရှုံးတဲ့သူတွေက ငါတို့ ရှားနိုင်ငံထက် အများကြီး ပိုများတယ်။”

All Chapters