အခန်း (၈၈၅-၈၈၆)
Vol. 72 Ch. 885-886
အခန်း ၈၈၅ - အသေးစားအင်ဂျင်ပုံစံကွက်၊ သင်ယူလေ့လာခြင်း
အင်ပါယာကြီးလေးခု၏ မဟာမိတ်တပ်များကို ရှောင်းယီတို့အဖွဲ့က အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။ ပျက်စီးသွားသော သစ်သားရွက်လှေများထဲတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များပါရှိသည့် သင်္ဘောအချို့လည်း ပါဝင်နေလေ၏။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို သိမ်းပိုက်နိုင်သည်နှင့် ထိုကျောက်တိုင်ထဲရှိ မြေပုံအချက်အလက်များနှင့် ပစ္စည်းထုတ်လုပ်မှုစနစ်များကို ဆက်ခံရရှိနိုင်ပေသည်။
ကျန်းယွင်ထျန်းက ပစ္စည်းကောင်းတစ်ခု တွေ့ထားသည်ဟု ပြောခြင်းမှာ ထိုကျောက်တိုင်ထဲရှိ ထုတ်လုပ်မှုစာမျက်နှာတွင် ပါဝင်သော အရာတစ်ခုကို ဆိုလိုခြင်းပင်။
အင်ပါယာကြီးလေးခု သိမ်းပိုက်ထားသော ကျွန်းများသည် ရှားနိုင်ငံနယ်နိမိတ်အတွင်းမှာပင် ရှိနေသဖြင့် မြေပုံပိုင်းတွင် အသစ်အဆန်း မရှိသော်လည်း ထုတ်လုပ်မှုစာမျက်နှာကမူ ကွဲပြားပေသည်။
ယီရန်အင်းမဟာမိတ်အဖွဲ့တွင် လက်နက်ထုတ်လုပ်မှုပုံစံများစွာ ရှိနေပြီဖြစ်သော်လည်း အရာအားလုံး ရှိနေသည်တော့ မဟုတ်ပေ။ ကျန်းယွင်ထျန်းကဲ့သို့ လူမျိုးကပင်လျှင် “ပစ္စည်းကောင်း” ဟု ညွှန်းဆိုလိုက်ပါက ၎င်းသည် သာမန်အရာတော့ မဟုတ်နိုင်ချေ။
“ဘာလဲ။”
ရှောင်းယီက သိချင်စိတ်ဖြင့် မေးမြန်းရင်း ကျန်းယွင်ထျန်းနောက်သို့ လိုက်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုဆီသို့ ရောက်လာခဲ့၏။
“ကြည့်လိုက်။”
ကျန်းယွင်ထျန်းက ထုတ်လုပ်မှုစာမျက်နှာပေါ်ရှိ ထုန်လုပ်မှုပုံစံတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
[ အသေးစား အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် ပုံစံကွက်: လိုအပ်သောပစ္စည်းများ- သံ ၁၊ ကြေးနီ ၁၊ ခရိုမီယမ် ၀.၃... ]
“ဒါ တကယ့်ကို အဖိုးတန်တဲ့ တွေ့ရှိမှုပဲ။ ဦးလေးအန်းတို့ဆီမှာ အတွင်းလောင်ပေါက်ကွဲအင်ဂျင်တွေ ရထားတာ ရှိမလားမသိဘူး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဒါက သာမန်အင်ဂျင်ပဲ ဖြစ်ဦးတော့။ အခုလောလောဆယ်အတွက်တော့ အသုံးတည့်တယ်။”
“ဟုတ်တယ်။ အခုအချိန်မှာ အတွင်းမီးလောင်ပေါက်အင်ဂျင်ကို ရောင်းမယ့်သူရှိရင်တောင် ဈေးက အတော်လေး ကြီးနေမှာပဲ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ထောက်ခံလိုက်၏။
ဘေးနားရှိ လူပုဘုရင်က စပ်စုလိုသော မျက်လုံးများဖြင့် မေးလာခဲ့သည်။
“ဒါက ဘာကြီးလဲ။”
“ရိုးရိုးရှင်းရှင်း ပြောရရင်တော့ စက်ထဲမှာတင် လောင်စာကို လောင်ကျွမ်းစေပြီး ရလာတဲ့ အပူစွမ်းအင်ကို စက်မှုစွမ်းအင်အဖြစ် တိုက်ရိုက်ပြောင်းလဲပေးတဲ့ အပူအင်ဂျင်တစ်မျိုးပေါ့။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ကျုပ်တို့ကတော့ ဒါကို အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်လို့ ခေါ်တယ်။”
“နာမည်ပေးထားတာ သိပ်ကို ကိုက်ညီတာပဲ။”
လူပုဘုရင်က ခေါင်းငြိမ့်လိုက်သည်။
“ဒါကို လှေတွေပေါ်မှာ တပ်ဆင်လို့ရတယ် မဟုတ်လား။”
“ရပါတယ်။ ဒါပေမဲ့ ဒီအင်ဂျင်အသေးစားလေးတွေကိုတော့ မော်တော်ဆိုင်ကယ်တွေနဲ့ ကားလေးတွေမှာပဲ တပ်လို့ရဦးမယ်။”
ရှောငယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကားအသေးလေးတွေမှာ တပ်လို့ရတယ်ဆိုရင် လှေအသေးလေးတွေမှာလည်း တပ်လို့ရမှာပေါ့။”
လူပုဘုရင်က အနည်းငယ်စဉ်းစားပြီး မှတ်ချက်ပေးလိုက်၏။ ရှောင်းယီ ခေတ္တမှင်တက်သွားခဲ့သည်။
“ခင်ဗျားပြောတာလည်း ဟုတ်သားပဲ။”
“ဒီအရာရဲ့ အလုပ်လုပ်ပုံ သဘောတရားက ဘာလဲ။”
လူပုဘုရင်က ထပ်မံမေးမြန်းလိုက်သည်။ သူသည် ရှောင်းယီတို့ကဲ့သို့ အပြင်လူများ၏ အသိပညာစနစ်ကို အလွန်စိတ်ဝင်စားနေခဲ့လေသည်။
“လာ...ဒီအကြောင်း သေချာရှင်းပြနိုင်မယ့် ကျွမ်းကျင်သူဆီ ကျုပ် ခေါ်သွားပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ အပန်းဖြေစခန်းသို့ တည်နေရာကူးပြောင်းခဲ့ပြီး ထိုမှတစ်ဆင့် ဝမ်ရှင်းဖုန်းရှိရာသို့ ကားမောင်းသွားခဲ့ကြသည်။
ဝမ်ရှင်းဖုန်းနှင့် သူ၏အဖွဲ့သည် စက်မှုအင်ဂျင်နီယာပိုင်းတွင် ပါရမီရှင်များဖြစ်သဖြင့် လူပုဘုရင်အား ရှင်းလင်းစွာ ရှင်းပြနိုင်မည်ဖြစ်သည်။
“ဝမ်ရှင်းဖုန်း”
စက်မှုဌာနသို့ ဝင်လာစဉ် ရှောင်းယီက လှမ်းခေါ်လိုက်သည်။ ထိုအခါ ဝမ်ရှင်းဖုန်းတစ်ယောက် ချက်ချင်းပင် အပြေးရောက်လာခဲ့၏။
“ကျွန်းပိုင်ရှင် ကျုပ်ကို ဘာခိုင်းစရာရှိလို့လဲ။”
“ဒါက လူပုဘုရင်ပဲ။ သူက စက်မှုပညာရပ်ကို အရမ်းစိတ်ဝင်စားနေလို့ မင်းတို့ အချင်းချင်း အယူအဆတွေ ဖလှယ်လိုက်ကြဦး။”
ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။ ဝမ်ရှင်းဖုန်းသည် လူပုလေးကို အံ့အားသင့်စွာ ကြည့်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်၏။
“ကျုပ်တို့ စက်ရုံကို လာရောက်လည်ပတ်တဲ့အတွက် ကြိုဆိုပါတယ် အရှင်မင်းကြီး။”
လူပုဘုရင်က လက်ကာပြလိုက်သည်။
“လမ်းညွှန်ပေးဖို့တော့ မဟုတ်ပါဘူး။ ငါက လာပြီးသင်ယူတာပါ။”
ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းတွင် ဘာသာစကားအသီးသီးအတွက် ဘာသာပြန်ပေးနိုင်သူများ ရှိသဖြင့် ဆက်သွယ်ရေးမှာ အခက်အခဲမရှိပေ။ မကြာသေးမီကမှ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်လာသော နတ်သူငယ်မျိုးနွယ်များအတွက်ပင် ဆုဝမ်က အထူးဆက်သွယ်ရေးအဖွဲ့များ စီစဉ်ပေးကာ နတ်သူငယ်ဘာသာစကားကို စတင်သင်ယူနေပြီဖြစ်သည်။
အပြန်အလှန်အားဖြင့် နတ်သူငယ်မျိုးနွယ်များသည်လည်း ရှားနိုင်ငံဘာသာစကားကို စိတ်ဝင်စားကြသဖြင့် ရှောင်းယီကို အဆောက်အဦးတစ်ခု ဆောက်ပေးရန် တောင်းဆိုခဲ့ကြ၏။ ထိုအဆောက်အဦးများတွင် ရုပ်မြင်သံကြားစက်များ တပ်ဆင်ထားပြီး ၎င်းတို့မှတစ်ဆင့် ရှားနိုင်ငံဘာသာစကားကို လေ့လာနိုင်ကြပေသည်။
“အတူတူ သင်ယူကြတာပေါ့။”
ဝမ်ရှင်းဖုန်းက ပြုံးကာ ပြန်ပြောလိုက်သည်။ တစ်ဖက်လူမှာ ဘုရင်တစ်ပါးဖြစ်သော်လည်း မာန်မာနမရှိဘဲ သင်တန်းသားတစ်ဦးအဖြစ် ခံယူထားမည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
“ကဲ... အချင်းချင်း အားနာမနေကြနဲ့တော့။ ပညာရပ်တွေ ဖလှယ်ကြတာပေါ့။ လူပုတွေရဲ့ နည်းပညာကနေလည်း ငါတို့အတွက် ဖွံ့ဖြိုးတိုးတက်မှု အိုင်ဒီယာသစ်တွေ ရလာနိုင်တာပဲ။”
ရှောင်းယီက ဝင်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
“ဒါနဲ့ မိုဘိုင်းဖုန်း ထုတ်လုပ်မှုအခြေအနေရော ဘယ်လိုရှိလဲ။”
ရှောင်းယီက မေးလိုက်သည်။
“အခုလောလောဆယ် ဖုန်းတပ်ဆင်တဲ့ အလုပ်သမား တစ်ထောင်ကျော်ကို လေ့ကျင့်ပေးထားပြီးပါပြီ။ သူတို့ ပိုပြီး ကျွမ်းကျင်လာတာနဲ့အမျှ မဟာမိတ်အဖွဲ့ဝင်တိုင်း ဖုန်းတစ်လုံးစီ ကိုင်နိုင်ဖို့ ရည်မှန်းချက်က မကြာခင် အကောင်အထည်ပေါ်လာတော့မှာပါ။”
“ကောင်းပြီ။ မင်းတို့အနေနဲ့ သာမန်တပ်ဆင်တဲ့ အလုပ်တွေမှာ ပါဝင်စရာ မလိုတော့ဘူး။ မင်းတို့ ခေါင်းထဲမှာရှိတဲ့ အသိပညာတွေကို စာအုပ်အဖြစ် ရေးသားစေချင်တယ်။”
ရှောင်းယီက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ ဝမ်ရှင်းဖုန်း အနည်းငယ် မှင်တက်သွားခဲ့သည်။
“ကျွန်းပိုင်ရှင်က နောင်လာနောက်သားတွေ လေ့လာနိုင်ဖို့အတွက် စာအုပ်တွေ ချန်ထားရစ်စေချင်တာလား။”
“ဟုတ်တယ်။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပါပြီ။ ကျုပ် အခုချက်ချင်း လူစုပြီး စက်မှုပညာရပ်ဆိုင်ရာ စာအုပ်တွေကို ပြုစုလိုက်ပါ့မယ်။”
ဝမ်ရှင်းဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အင်း...ဒါနဲ့ ပတ်သက်ပြီး ငါ ဦးလေးအန်းကိုလည်း ပြောပြလိုက်မယ်။ သူက မင်းတို့နဲ့ ဆက်သွယ်ပြီး လုပ်ဆောင်ပေးလိမ့်မယ်။”
အစီအစဉ်များအားလုံး ချမှတ်ပြီးနောက် ရှောင်းယီ ထွက်ခွာသွားခဲ့သော်လည်း လူပုဘုရင်မှာမူ ထိုနေရာ၌ပင် ကျန်ရစ်ခဲ့၏။
ရှောင်းယီသည် ဝမ်ရှင်းဖုန်းထံမှ ထွက်လာပြီးနောက် အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်လေသည်။
“ကျွန်းပိုင်ရှင် အင်ပါယာတပ်တွေ ငါတို့ကို ထပ်တိုက်တယ်လို့ ကြားခဲ့တယ် ဟုတ်လား။”
အန်းယွဲ့က ဖုန်းဖြေရင်း မေးလာခဲ့၏။
“ဟုတ်တယ်။ ဒါပေမဲ့ သူတို့ကို မောင်းထုတ်လိုက်ပါပြီ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အဲ့ဒီအင်ပါယာတွေကတော့ သင်ခန်းစာမရနိုင်ကြဘူးပဲ။”
အန်းယွဲ့က ခေါင်းခါလိုက်မိသည်။
“ဒါပေမဲ့ သူတို့ လာတိုက်လို့ပဲ အခု ကျုပ်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုကို မြန်မြန်ဖြေရှင်းနိုင်သွားခဲ့တယ်လေ။”
အန်ယွဲ့ အံ့အားသင့်သွားခဲ့သည်။
“ဘာပြဿနာလဲ။”
“အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် ပြဿနာလေ။”
“ကျွန်းပိုင်ရှင်... အဲဒီအင်ပါယာတပ်တွေဆီမှာ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်ထုတ်လုပ်ပုံစံ ပါလာတယ်လို့ ပြောလိုက်တာလား။”
“ထုတ်လုပ်မှုပုံစံသက်သက်ကတော့ ကျုပ်တို့ပြဿနာကို မဖြေရှင်းပေးနိုင်ဘူးလေ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
“အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်ပုံစံကွက်ကို ရခဲ့တာ။ သာမန်အဆင့်ပဲ ဆိုပေမဲ့ လောလောဆယ်တော့ ဒါနဲ့ပဲ ဖြစ်သလို သုံးရမှာပေါ့။”
သူက နှမြောတသဟန်ဖြင့် ပြောလိုက်သည်။
“ဒါနဲ့တင်ကို တော်လှပြီ။ ဒါဆိာ အခု မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်လို့ပြီ။ ဆိုင်ကယ်တွေရှိရင် လူတွေရဲ့ အနီးအနား ခရီးသွားလာရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။”
အန်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အင်း... အရင်က ပြောထားသလိုပဲ သင်တန်းကောင်းကောင်းပေးဖို့၊ ဦးထုပ်ဆောင်းဖို့၊ အရှိန်မပြင်းဖို့နဲ့ အရက်မူးပြီး မောင်းတာမျိုး မရှိစေဖို့ သေချာကြပ်မတ်ပေးပါဦး။”
ရှောင်းယီက ထပ်မံ သတိပေးလိုက်သည်။
“ဟုတ်ကဲ့ စိတ်ချပါ။ စည်းကမ်းချက်တွေ ရေးဆွဲထားပြီးပါပြီ။ ပြစ်ဒဏ်တွေကလည်း အရမ်းပြင်းထန်တာမို့ ဘယ်သူမှ စည်းကမ်းဖောက်ဖျက်ရဲမှာ မဟုတ်ပါဘူး။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းငြိမ့်ပြကာ ဖုန်းချလိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ သူ၏အိပ်ခန်းသို့ ပြန်သွားလိုက်၏။ ထို့နောက် တာအိုကျမ်းစာကို ဆက်လက်ဖတ်ရှုရန် ပြင်လိုက်တော့လေသည်။
ထိုအချိန်တွင် ယီထျန်းဂရုချတ်အတွင်း၌ ဗီဒီယိုတစ်ခုကြောင့် လူအများ အုန်းအုန်းကျွက်ကျွက် ဖြစ်နေကြပြီဖြစ်သည်။
ထိုဗီဒီယိုမှာ အခြားမဟုတ်ဘဲ ရှောင်းယီတို့အဖွဲ့ အင်ပါယာကြီးလေးခု မဟာမိတ်တပ်များကို ချေမှုန်းလိုက်သည့် မြင်ကွင်းပင် ဖြစ်သည်။
ဗီဒီယိုထဲတွင် ပင်လယ်ပြင်ရှိ သင်္ဘောများသည် ရေအောက်မှ တစ်စုံတစ်ခုနှင့် ထိမိကာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားကြပြီးနောက် အင်ပါယာတပ်များ အလုအယက် ဆုတ်ခွာသွားကြသည်ကို တွေ့ရမည်ဖြစ်သည်။
“သေစမ်း... ရေထဲက ဘာကြီးလဲ။ ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ။”
အခန်း ၈၈၆ - တိုပီဒိုများကို လတ်တလော အရောင်းပိတ်ထားခြင်းနှင့် ဆိုင်ကယ်သင်တန်းဆရာများ
“ဒါက တိုပီဒိုပဲ ဖြစ်ရမယ်။ သေချာတယ်။”
“တိုပီဒိုလား။ ငါတို့ဆီမှာ ဒီလောက်အဆင့်မြင့်တဲ့ လက်နက်တွေ ရှိနေပြီလား။”
“တကယ်တော့ အဲဒါက သိပ်တော့ အဆင့်မမြင့်လှပါဘူး။ ကြည့်လိုက်လေ...တိုပီဒိုသွားတဲ့ လှိုင်းရာက ထင်ရှားနေတာပဲ။ ဒါက အဆင့်နိမ့်တဲ့ တိုပီဒိုပဲ ဖြစ်ရမယ်။”
“အပေါ်ကလူကြီးမင်း ခင်ဗျား စစ်ရေးအကြောင်း နားလည်တာကို သိပါတယ်။ ဒါပေမဲ့ အခုရောက်နေတဲ့ ခေတ်ကာလ အခြေအနေကိုလည်း ထည့်တွက်ဦးလေ။”
“ဟုတ်တယ်။ ကမ္ဘာဟောင်းနဲ့ ယှဉ်ရင်တော့ အဆင့်နိမ့်တာပေါ့။ ဒါပေမဲ့ ဒီနေရာက ဒုတိယစက်မှုတော်လှန်ရေးကို အခုမှ ရောက်ခါစပဲ ရှိသေးတယ်လေ။”
“ဒီလိုအခြေအနေမျိုးမှာ ဒါက ခေတ်ရှေ့ပြေးနေတဲ့ လက်နက်ပဲ။”
“မေးခွန်းတစ်ခုရှိတယ်။ ဒီဗီဒီယိုကို ဘယ်မဟာမိတ်အဖွဲ့ထဲမှာ ရိုက်ထားတာလဲ။”
“ယီရန်ပင်း မဟာမိတ်အဖွဲ့ထဲမှာပါ။”
ဗီဒီယိုတင်သည့်သူက ချက်ချင်းပြန်ဖြေလိုက်သည်။
“သူတို့ရထားပေါ်ကနေ ဖြတ်သွားရင်း တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်တာ။”
“မထူးဆန်းပါဘူး။ ဒါ သူဌေးကြီးရဲ့ မဟာမိတ်အဖွဲ့ပဲ။ သူတို့ဆီမှာ ဒီလိုနည်းပညာမျိုး ရှိတာ ပုံမှန်ပါပဲ။”
“ယီရန်ပငကတော့ အမြဲတမ်း နတ်ဘုရားတစ်ပါးလိုပဲ။ တိုပီဒိုလို လက်နက်ကြီးမျိုးတောင် ထုတ်ပြနေပြီ။”
“သူဌေးကြီးကို တောင်းဆိုပါတယ်။ ကျုပ်ကို တိုပီဒိုနည်းနည်းလောက် ရောင်းပေးပါ။ မဟုတ်ရင် ဟိုဒေသခံတွေရဲ့ တိုက်ခိုက်မှုကို ကျုပ် ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး။”
“ကျုပ်လည်း တူတူပဲ +၁။”
ရှောင်းယီသည်လည်း ဂရုချတ်ထဲတွင် ထိုဗီဒီယိုကို မြင်လိုက်ရရာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“လျှို့ဝှက်ချက် ထိန်းသိမ်းမှုက သိပ်မကောင်းလှဘူးပဲ။”
သို့သော် ရှောင်းယီက သိပ်ပြီး ဂရုမစိုက်ဘဲ ဂရုထဲတွင် ပြောလိုက်သည်။
“အားလုံးပဲ။ ဒီပစ္စည်းက ကျုပ်တို့မဟာမိတ်အဖွဲ့ထဲမှာ ဒီနေ့မှ စမ်းသပ်ထုတ်လုပ်ထားတာပါ။ အဲ့ဒါကြောင့် ရောင်းဖို့ကိစ္စကို အရမ်းသတိထားရပါဦးမယ်။ ကျုပ်တို့အဖွဲ့ထဲမှာ ဒေသခံတွေရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့သူတွေ ရှိနေနိုင်တယ်။ ဘယ်သူဘယ်ဝါဆိုတာ ကျုပ်မခွဲခြားနိုင်သေးတဲ့အတွက် လောလောဆယ်တော့ မရောင်းသေးပါဘူး။”
အပြင်သူများသည် ရတနာသေတ္တာများနှင့် ရိက္ခာသေတ္တာများကို ထွက်ပေါ်လာအောင် လုပ်နိုင်စွမ်းရှိမှန်း ဒေသခံများ သိသွားကတည်းက သူတို့သည် အပြင်လူများကို ဖမ်းဆီးပြီး သူတို့အတွက် အသုံးချဖို့ ကြိုးစားနေကြပြီ ဖြစ်သည်။
ယခင်က ရှောင်းယီသည် အဖွဲ့ထဲတွင် ပစ္စည်းရောင်းရမည်ကို သိပ်ဂရုမစိုက်ခဲ့ပေ။ အကြောင်းမှာ သူရောင်းသည့် ပစ္စည်းများသည် သူ့အတွက် ခြိမ်းခြောက်မှု မရှိသောကြောင့်ပင်။
သို့သော် ယခုအခါတွင်မူ ဒေသခံများလက်ထဲသို့ ရောက်ရှိသွားသည့် ပစ္စည်းများသည် အလိုအလျောက် ပိုမိုအားကောင်းလာတတ်၏။ ၎င်းမှာ ပုံမှန်မဟုတ်သည့် အခြေအနေဖြစ်သဖြင့် ရှောင်းယီ ပိုမိုသတိထားနေရခြင်းဖြစ်သည်။
အသစ်ထွက်လာသည့် ဤလက်နက်နှင့် ပတ်သက်၍ အခြေအနေကို စောင့်ကြည့်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
အဖွဲ့ဝင်များက ထပ်မံ၍ တောင်းပန်ကြပြန်သည်။
“အဲလိုမလုပ်ပါနဲ့ သူဌေးကြီး။ ခင်ဗျားစိုးရိမ်တာကို ကျုပ်တို့ သိပါတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ဆီကို လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျုပ်တို့ ဒေသခံတွေရဲ့ ကျွန်ပြုတာကို လုံးဝမခံရသေးပါဘူး။”
“ဟုတ်ပါတယ်။ ကျုပ်တို့ဘက်က အခြေအနေကို ဖုန်းနဲ့ Live လွှင့်ပြလို့ရပါတယ်။”
“မှန်တယ်၊ ကျုပ်လည်း တူတူပဲ။ ကျေးဇူးပြုပြီး သူဌေးကြီး...ကျုပ်တို့ကို တိုက်ခိုက်နေတဲ့ ဒေသခံတွေကို ပြန်ချဖို့ တိုပီဒိုတချို့ ရောင်းပေးပါ။”
လူတိုင်းသည် နည်းမျိုးစုံသုံးပြီး သူတို့မဟာမိတ်အဖွဲ့များကို ဒေသခံများ သိမ်းပိုက်မထားကြောင်း သက်သေပြနေကြသည်ကို ရှောင်းယီ မြင်လိုက်ရ၏။ ခဏကြာအောင် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
“ဒါဆို ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ ခင်ဗျားတို့ကို ဒေသခံတွေ တိုက်ခိုက်လာပြီဆိုရင် ကျုပ်တို့ကို အချိန်မီ ဆက်သွယ်လိုက်ပါ။ ကျုပ်တို့ဘက်က တိုပီဒိုတွေ ယူလာပေးမယ့်သူတွေ လွှတ်ပေးမယ်။ ခင်ဗျားတို့က တိုက်ပွဲမှာ အသုံးပြုသွားတဲ့ တိုပီဒိုအရေအတွက်အတွက်ပဲ ပေးရမယ်။ ဒါဆိုရင်ကော ဘယ်လိုလဲ။”
“အဲဒါလည်း အဆင်ပြေပါတယ်။ ဟုတ်ပြီ၊ အဲလိုပဲ သဘောတူတယ်။ တကယ်လို့ ဒေသခံတွေ တိုက်ခိုက်လာရင် သူဌေးကြီးကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ့မယ်။”
“အဲလိုလား။ အိုကေလေ။ အဲဒီကျမှ ထပ်ပြောကြတာပေါ့။”
“သူဌေးကြီးက အရမ်းသတိကြီးတာပဲ။ အဲ့လောက်ထိ မလိုပါဘူး။”
“ကျုပ်ကတော့ သူဌေးကြီးရဲ့ လုပ်ဆောင်ချက်ကို အရမ်းသဘောတူတယ်။ ဒါမှ ဒီလိုအဆင့်မြင့်လက်နက်တွေ ဒေသခံတွေလက်ထဲ မရောက်အောင် အကောင်းဆုံး တားဆီးထားနိုင်မှာ။”
“ကျုပ်ကတော့ မလိုအပ်ဘူးလို့ ထင်တယ်။ ဒါက သုံးပြီးရင် ကုန်သွားမယ့် ပစ္စည်းပဲဥစ္စာ။ ဒေသခံတွေ လက်ထဲ တစ်ခု၊ နှစ်ခု ရောက်သွားလည်း ဘာထူးမှာမို့လို့လဲ။”
“အပေါ်ကလူ မင်း အဲလိုပြောလို့တော့ မရဘူး။ တကယ်လို့ ဒေသခံတွေက အဲဒီတစ်ခုတည်းကနေ ပုံစံကွက်ကို ရှာဖွေသွားနိုင်ရင် ဘယ်လိုလုပ်မလဲ။”
“ဒါက ချဲ့ကားလွန်းရာ မကျဘူးလား။ အဲဒီလောက်ထိ ဖြစ်နေရင်တော့ ငါတို့ အလံဖြူထောင်ပြီး လက်နက်ချလိုက်တာ ပိုကောင်းလိမ့်မယ်။”
“ဒါက ပြောရခက်တယ်။ အခု ငါတို့က စဉ်းစားကြည့်ရင် စဉ့်လှီးတုံးပေါ်က ငါးတွေလိုပဲ။ သူတို့က ငါတို့ကို ကြိုက်သလို ကစားလို့ရနေတာ။ မင်းမှာ ရွေးချယ်စရာ ရှိလို့လား။”
“နောက်တစ်ချက်က ပုံစံကွက် မရရင်တောင် သူတို့လက်ထဲ ရောက်သွားတဲ့ ပစ္စည်းက ပိုပြီးအားကောင်းသွားမှာပဲ။ သူတို့ရဲ့ အားကောင်းတဲ့ တိုပီဒိုက ငါတို့သင်္ဘောကို တိုက်ရိုက် နစ်မြုပ်နိုင်ပေမယ့် ငါတို့က သူတို့သင်္ဘောကို မနစ်မြုပ်နိုင်ဘူး။ အဲဒီလိုဆိုရင် ဘယ်လိုတိုက်ပွဲဝင်မလဲ။”
“အတိအကျပဲ။ ကျုပ်ကတော့ သူဌေးကြီးရဲ့ အစီအစဉ်ကို ထောက်ခံတယ်။ ဒေသခံတွေ လက်ထဲ ဒီတိုပီဒိုတွေ လုံးဝ မရောက်စေရဘူး။”
“သူဌေးကြီးရဲ့ အစီအစဉ်ကို ကန့်ကွက်နေတဲ့လူတွေက ဒေသခံတွေနဲ့ ပေါင်းနေတာလားလို့တောင် ကျုပ် သံသယဖြစ်မိတယ်။”
“အင်း၊ အဲဒါလည်း ဖြစ်နိုင်တာပဲ။”
“ညီအစ်ကိုတို့...ကျုပ်ကို အဲလိုမျိုးတော့ လာမစွပ်စွဲပါနဲ့။ ကျုပ်က နိုင်ငံသားကောင်းတစ်ယောက်ပါ။ မယုံရင် အခုပဲ ကျုပ်မဟာမိတ်အဖွဲ့ရဲ့ အခြေအနေကို Live လွှင့်ပြမယ်။”
ရှောင်းယီသည် အဖွဲ့ထဲမှ ကတောက်ကဆများကို ဆက်မကြည့်တော့ဘဲ ဘေးနားရှိ တာအိုကျန်းစာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။
အန်းယွဲ့သည် အင်ဂျင်ပုံစံခွက်ကို ရရှိပြီးနောက် ချက်ချင်းပင် မော်တော်ဆိုင်ကယ်များကို စတင်ထုတ်လုပ်ခဲ့ရာ အစီးငါးဆယ် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ရင်းနှီးပြီးသားဖြစ်သလို တစ်မျိုးလည်း စိမ်းနေသည့် ထိုဆိုင်ကယ်များကို ကြည့်ကာ အန်းယွဲ့က ဖုန်းကိုထုတ်ပြီး ရှားနိုင်ငံသားများဟုခေါ်သော အဖွဲ့ထဲသို့ စာတစ်စောင် ပို့လိုက်သည်။
“ဆိုင်ကယ်သင်တန်းဆရာများကို အလေးအနက် ခေါ်ယူနေပါသည်။ ဆိုင်ကယ်အကြောင်း နားလည်ရမည်၊ မောင်းတတ်ရမည်၊ သင်ကြားပေးနိုင်ရမည်။ စိတ်ပါဝင်စားသူများသည် နောက် ၁၀ မိနစ်အတွင်း စက်မှုဌာန အဝင်ဝ၌ စုဝေးပေးကြပါ။ ကျွမ်းကျင်မှုရှိသူများသည် သက်ဆိုင်ရာ ကျွန်း သို့မဟုတ် မြို့တာဝန်ခံထံသို့ ဦးတည်ချက်ကျောက်ဖြင့် ကူးပြောင်းပေးရန် လျှောက်ထားနိုင်သည်။”
“ဆိုင်ကယ်တွေ ရှိနေပြီလား။ ကျုပ် မောင်းတတ်တယ်။ ဒါပေမဲ့ အများကြီးတော့ မသိဘူး။ ရမလား။”
“ဟုတ်တာပေါ့။ စက်ဘီးစီးတတ်ရင် ဆိုင်ကယ်လည်း မောင်းတတ်မှာပဲလေ။”
“နည်းနည်းပါးပါး သိတဲ့သူ သွားတာက ပိုကောင်းမယ်။ မဟုတ်ရင် လမ်းပေါ်က လူသတ်သမားတွေကို သင်ပေးသလို ဖြစ်ကုန်ဦးမယ်။”
“ဟားဟားဟား ကျုပ် မောင်းတတ်တယ်။ အများကြီးလည်း သိတယ်။ ဦးတည်ချက်ကျောက်လည်း လျှောက်ထားပြီးပြီ။ အခုချက်ချင်း လာခဲ့မယ်။”
“ကျွန်တော်လည်း လျှောက်ထားပြီးပြီ။”
မကြာမီတွင် စက်မှုဌာန အဝင်ဝရှိ ရင်ပြင်၌ လူအယောက် ၃၀ ခန့် ရောက်ရှိလာခဲ့၏။ ထိုလူများသည် သဘာဝကျကျပင် ရှားနိုင်ငံသားများသာ ဖြစ်ကြသည်။ ဤကမ္ဘာရှိ ဒေသခံများမှာ ဆိုင်ကယ် မစီးတတ်ကြချေ။
အန်းယွဲ့က ထိုလူ ၃၀ ကို ကြည့်ကာ ပြောလိုက်သည်။
“ခဏနေရင် မင်းတို့ကို စုပေါင်းစစ်ဆေးမှု တစ်ခုလုပ်မယ်။ အောင်မြင်တဲ့သူတွေပဲ သင်တန်းဆရာ ဖြစ်ခွင့်ရမယ်။”
“ဟုတ်ကဲ့။”
အားလုံးက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ကြ၏။
“အရင်ဆုံး မင်းတို့ ဒီဆိုင်ကယ်တွေကို စီးပြီး အပန်းဖြေစခန်းကို တစ်ပတ် ပတ်ရမယ်။ မော်တော်ယာဉ်မောင်းတဲ့ လမ်းပေါ်ကနေပဲ သွားပါ။ အရှိန်လျှော့မောင်းပါ။ ဘေးကင်းဖို့က ပထမပဲ။”
အန်းယွဲ့က ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် လူတိုင်းသည် ဆိုင်ကယ်တစ်စီးစီကို ရွေးချယ်ပြီး ရိုးရှင်းသော ဦးထုပ်များကို ဆောင်းကာ ဆိုင်ကယ်ကို စတင်နှိုးလိုက်ကြတော့သည်။
လူနှစ်ယောက်မှာ ဆိုင်ကယ်ကို လုံးဝ နှိုး၍မရပေ။ ထိုအခါ အန့်ယွဲ့က သူတို့နားသို့ လျှောက်သွားပြီး ပြောလိုက်၏။
“စိတ်မကောင်းပါဘူး။ မင်းတို့ အရည်အချင်းမမီဘူး။ ဖယ်ထုတ်လိုက်ပြီ။”
“ဟင်း... ဆိုင်ကယ်မစီးတာ ကြာတော့ အကုန်မေ့ကုန်ပြီ။”
“ဟုတ်ပါတယ် ဥက္ကဋ္ဌအန်း ကျုပ်တို့ကို နောက်ထပ်အခွင့်အရေး တစ်ခုလောက် ထပ်ပေးပါ။”
အန်းယွဲ့က ခေါင်းခါပြလိုက်သည်။
“မရဘူး နောက် မင်းတို့ သင်ယူပြီးမှ သင်တန်းဆရာလက်မှတ် လာယူလိုက်ပါ။”
ထိုနှစ်ယောက်မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားခဲ့ကြရ၏။
ကျန်ရှိသော ၂၈ ယောက်မှာ ဆိုင်ကယ်ကို အောင်မြင်စွာ နှိုးနိုင်ခဲ့ပြီး အပန်းဖြေစခန်းဆီသို့ စတင်မောင်းနှင်သွားကြတော့လေသည်။
အရှိန်ကို ကောင်းကောင်း မထိန်းနိုင်ဘဲ ဝုန်းဒိုင်းကြဲ မောင်းသူများကိုလည်း အန်းယွဲ့က ချက်ချင်း ဖယ်ထုတ်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ လူ ၁၀ ယောက် တိုက်ရိုက် ဖယ်ထုတ်ခြင်း ခံခဲ့ရလေသည်။
ကျန်ရှိသော ၁၈ ယောက်မှာ အလွန်တည်ငြိမ်ပြီး ဆိုင်ကယ်ကို လမ်းပေါ်တွင် စနစ်တကျ မောင်းနှင်နေကြ၏။
ဘေးပတ်ဝန်းကျင်ရှိ ဒေသခံများသည် ဘီးနှစ်ဘီးတည်းဖြင့် သွားနေသည့် စက်ပစ္စည်းကို မြင်သောအခါ အံ့ဩတကြီး ရပ်ကြည့်နေခဲ့ကြလေသည်။
“ဒါက ဘာပစ္စည်းလဲ။ အဲဒီလောက်တောင် မြန်မြန်သွားနိုင်တာလား။”
“ဟုတ်ပါ့။ ဘီးနှစ်ဘီးတည်းနဲ့ မလဲကျဘူးလား။”
“ကျွန်းပိုင်ရှင်ကတော့ ထူးထူးဆန်းဆန်းတွေ အမြဲ ထုတ်ပြနေတော့တာပဲ။”
“ငါသာ ဒီစက်ကို စီးတတ်ရင် နောက်ဆို တခြားမြို့တွေကို သွားရတာ ပိုပြီးလွယ်ကူသွားမှာပဲ။”