← Chapters

အခန်း (၈၈၇-၈၈၈)

Vol. 72 Ch. 887-888

အခန်း (၈၈၇-၈၈၈)

Vol. 72 Ch. 887-888

အခန်း ၈၈၇ - ဆိုင်ကယ်များကြောင့် လူအများစိတ်ဝင်စားလာခြင်းနှင့် ဝယ်ယူလိုသူ များပြားလာခြင်း

ဒေသခံများက ဆူညံစွာ ဆွေးနွေးနေကြသော်လည်း ကျန်ရှိနေသည့် အသက်ရှင်ကျန်ရစ်သူများကမူ ထိုဆိုင်ကယ်များကို အံ့ဩတကြီး ငေးကြည့်နေခဲ့ကြ၏။

“ငါတို့ရဲ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ ကတော့ တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ။ ဆိုင်ကယ်ပုံစံကွက်တောင် ရသွားပြီ။”

“ဟုတ်ပါ့။ ဒီလို ခရီးတိုသွားလာရေးယာဉ်တွေသာရှိရင် ခပ်လှမ်းလှမ်းနေရာတွေကို သွားချင်တိုင်း ရထားကြီးပဲ စောင့်စီးနေစရာ မလိုတော့ဘူး။”

“ရထားစီးတာက ကိုယ်သွားချင်တဲ့နေရာကို အရောက်ပို့ပေးတာ မဟုတ်ဘူး။ ဘူတာကဆင်းပြီးရင်လည်း သွားရမယ့်ခရီးက အဝေးကြီး ကျန်သေးတယ်။”

“အတိအကျပဲ။ ဆိုင်ကယ်တွေ စျေးကွက်ထဲရောက်တာနဲ့ ငါတော့ သေချာပေါက်တစ်စီး ဝယ်ရမယ်။ အဝေးကြီးသွားဖို့ မဟုတ်ပါဘူး။ လေတိုးသံကို နားထောင်ရင်း အရှိန်ပြင်းပြင်း မောင်းရတဲ့ ခံစားချက်ကို သဘောကျလို့ပါ။ ဒါက ငါ့ရဲ့ ပျောက်ဆုံးသွားတဲ့ လူငယ်ဘဝပဲ။”

“မင်းကလည်း အခုမှ လာပြီး ကဗျာဆန်မနေစမ်းပါနဲ့။”

အသက်ရှင်ကျန်ရစ်သူများ၏ ဆွေးနွေးမှုကို ကြားလိုက်ရသည့် ဒေသခံတချို့က အနားကို တိုးလာပြီး မေးလာကြလေသည်။

“ဒါက ဘာလဲဆိုတာ ခင်ဗျားတို့ သိလား။”

“ဒါကို ဆိုင်ကယ်လို့ ခေါ်တယ်။ ယာဉ်တစ်မျိုးပဲ။ ဒါပေမဲ့ လမ်းပေါ်မထွက်ခင် မောင်းတတ်အောင် အရင်သင်ရမယ်။ သူ့ရဲ့အရှိန်က အင်ဂျင်ပါဝါမှာ ပေါ်မူတည်နေတာ။ အင်ဂျင်ကြီးတဲ့ အမျိုးအစားတွေဆို တစ်နာရီကို ကီလိုမီတာ ၃၀၀ ကနေ ၄၀၀ အထိ သွားနိုင်တယ်။ ဒါပေမဲ့ အခုမြင်နေရတဲ့ သာမန်အမျိုးအစားတွေကတော့ တစ်နာရီ ၉၀ ကီလိုမီတာ ဝန်းကျင်ပဲ။ ဒါက ငါတို့ကမ္ဘာဟောင်းက ကိန်းဂဏန်းတွေပေါ့။ ဒီမှာ ပိုမြန်မလားဆိုတာကတော့ လက်တွေ့အခြေအနေပေါ် မူတည်တယ်။”

“ခင်ဗျားပြောသလိုဆိုရင် ကီလိုမီတာ တစ်ရာလောက်ဝေးတဲ့ စက်ရုံကို သွားချင်ရင် တစ်နာရီကျော်ကျော်ပဲ ကြာမှာပေါ့။”

“ဟုတ်တယ်၊ အကြမ်းဖျင်းအားဖြင့်ပေါ့။”

“ပစ္စည်းကောင်းပဲ။ အခွင့်အရေးရရင် ဒီယာဉ်ကို မောင်းတတ်အောင် ငါသေချာပေါက် သင်ရမယ်။ ဒါကို ဘာလို့ခေါ်တာ။”

“ဆိုင်ကယ်။”

ထိုလူ ၁၈ ယောက်ပါဝင်သည် ဆိုင်ကယ်အဖွဲ့မှာ လူတိုင်း၏အာရုံကို ဖမ်းစားထားသလို စက်မှုဌာနမှာ ရှိနေပြီးသားဖြစ်သည့် လူပုဘုရင်သည်လည်း ဆိုင်ကယ်များကို အထူးတလည် စိတ်ဝင်စားနေခဲ့လေသည်။

ဝမ်ရှင်းဖုန်းသည် သူ့ကို အင်ဂျင်များ၏ အလုပ်လုပ်ပုံကို အသေးစိတ် ရှင်းပြထားပြီးဖြစ်သလို ထိုအင်ဂျင်လေးက ဆိုင်ကယ်ကို တစ်နာရီ ကီလိုမီတာ တစ်ရာအထိ အရှိန်မြှင့်ပေးနိုင်ကြောင်းလည်း ပြောပြထားပြီဖြစ်သည်။

လူပုဘုရင်က ထိုအချက်အလက်ကို ကြားလိုက်ရသောအခါ စတင်တွက်ချက်တော့လေသည်။

“တစ်နာရီ ကီလိုမီတာ တစ်ရာ... ငါတို့စခန်းကနေ သမန်းဝံပုလွေမျိုးနွယ်စုဆီကို ကီလိုမီတာ ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ဝေးတာဆိုတော့ ဒါကိုသုံးရင် မိနစ်လေးဆယ်လောက်နဲ့ ရောက်မှာပေါ့။ မဆိုးဘူး။ အရှိန်က ဒီထက် ပိုမြန်ရင်တော့ ပိုကောင်းတယ်။”

“အင်ဂျင်အဆင့်တက်သွားရင် အရှိန်က သိသိသာသာ တိုးတက်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။”

ဝမ်ရှင်းဖုန်းက ဘေးနားမှ ပြုံး၍ ပြောလိုက်သည်။

ဆိုင်ကယ်အဖွဲ့ ပြန်ရောက်လာပြီးနောက် အန်းယွဲ့သည် ဆိုင်ကယ်နှင့် ပတ်သက်သည့် အခြေခံဗဟုသုတအချို့ကို စမ်းသပ်စစ်ဆေးလိုက်၏။ သူတို့အားလုံးက အဆင်ပြေပြေ ဖြေဆိုနိုင်ခဲ့ကြသဖြင့် ထို ၁၈ ယောက်မှာ ပထမဆုံးအသုတ် သင်တန်းဆရာများ ဖြစ်လာကြလေသည်။

“အားလုံးပဲ စစ်ဆေးမှုကို အောင်မြင်သွားပါပြီ။ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ပထမဆုံး ဆိုင်ကယ်သင်တန်းဆရာတွေ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ အခု မင်းတို့ လုပ်ရမှာက ယာဉ်မောင်းစာမေးပွဲအတွက် လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြုစုပေးဖို့ပဲ နားလည်ကြလား။”

အန်းယွဲ့က ထိုလူ ၁၈ ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

အားလုံးက ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။

“တခြားလူတွေဆီကလည်း အကူအညီယူလို့ရတယ်။ မနက်ဖြန်မနက် ရှစ်နာရီ နောက်ဆုံးထားပြီး ဒီစာရွက်စာတမ်းတွေကို ငါ့လက်ထဲ အရောက်ပို့ပေးရမယ်။”

အန်းယွဲ့က ဆက်ပြောလိုက်သည်။

“ဟုတ်ကဲ့”

ထို ၁၈ ယောက်မှာလည်း ဤကဲ့သို့ အခွင့်အရေးကောင်းကို လက်လွှတ်မခံလိုကြပေ။ ပထမဆုံးအသုတ် သင်တန်းဆရာများဖြစ်သဖြင့် အထူးအခွင့်အရေးများ သေချာပေါက် ရရှိမည် မဟုတ်ပါလော။

ထိုသူ ၁၈ ယောက်မှာ ကမ္ဘာဟောင်းမှ ယာဉ်မောင်းစာမေးပွဲ လမ်းညွှန်ချက်များကို သူတို့မှတ်မိသမျှ အကုန်ပြန်လည် ဖော်ထုတ်ရန် ကြိုးစားကြတော့သည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် အဆင့်မြင့်အစားအစာများ မရှားပါးသလို လူတိုင်းတွင်လည်း ငွေကြေးအတန်အသင့် ရှိကြသဖြင့် တစ်ခါတစ်ရံတွင် အရည်အသွေးမြင့် အစားအစာများကို ဝယ်ယူစားသောက်ကြပေသည်။

ကံကောင်းသည်မှာ မဟာမိတ်အဖွဲ့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ အခြေခံအားဖြင့် B အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူတို့၏ မှတ်ဉာဏ်မှာလည်း ပိုမိုကောင်းမွန်လာခဲ့သည်။

ဝေဝါးနေပြီဖြစ်သော အတိတ်မှ မှတ်ဉာဏ်များသည် ၎င်းတို့၏ ကြိုးစားအားထုတ်မှုအောက်တွင် တဖြည်းဖြည်း ပြန်လည် ရှင်းလင်းလာခဲ့ကြ၏။

ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် ဒေသခံများလည်း အမြောက်အမြား ရှိကြသည်။ သူတို့အတွက် ပထမဦးစားပေးမှာ ဗိုက်ဝရန်နှင့် အသက်ရှင်သန်ရပ်တည်နိုင်ရန်သာ ဖြစ်သည်။

ထို့ကြောင့် ဒေသခံအများစုမှာ သာမန်အစားအစာများကိုသာ စားသုံးနေကြရဆဲပင်။

အထူးသဖြင့် ပြီးခဲ့သည့် ဆောင်းရာသီတွင် ကြုံတွေ့ခဲ့ရသည့် စားနပ်ရိက္ခာ အကျပ်အတည်းကြောင့် ရှောင်းယီသည် သာမန်ရိက္ခာများကို အဆင့်မြင့်ရိက္ခာများအဖြစ်သို့ အလွန်အကျွံ ပြောင်းလဲရန် မဝံ့ရဲသေးပေ။

ယခု နှစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်ရာ ရှောင်းယီသည် သူ၏ စားနပ်ရိက္ခာ သိုလှောင်မှုမှာ မကြာမီ ပြန်လည် ပြည့်စုံလာတော့မည်ဟု ယုံကြည်ထားခဲ့သည်။

ထိုအချိန်ကျမှသာ သူသည် ရိက္ခာများကို ပိုမိုပေါင်းစပ်ထုတ်လုပ်ပြီး ဒေသခံများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။

လက်ရှိတွင် ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများ၊ ဒေသခံများနှင့် အခြားမျိုးနွယ်စုများ အားလုံးမှာ မဟာမိတ်အဖွဲ့အပေါ် သစ္စာရှိမှု အလွန်အားကောင်းနေကြ၏။

ရှောင်းယီအနေဖြင့် ဤဖွံ့ဖြိုးတိုးတက်မှုအရှိန်နှင့် လက်ရှိမူဝါဒများကိုသာ ဆက်လက် ထိန်းသိမ်းထားနိုင်ပါက မည်သူမျှ သစ္စာဖောက်မည် မဟုတ်ပေ။ ကမ္ဘာ့စည်းမျဉ်းများက ဝင်ရောက် မနှောင့်ယှက်ခဲ့လျှင်ပေါ့။

ဤအချိန်တွင် ယီထျန်း ဂရုချတ်ထဲတွင် ယီရန်ပင်း မဟာမိတ်အဖွဲ့အကြောင်း ထပ်မံ ပြောဆိုနေကြပြန်သည်။

“အပန်းဖြေစခန်းမှာ ငါဘာတွေ့ခဲ့လဲ ခန့်မှန်းကြည့်ကြစမ်း။”

“ရေသူမတွေလား။ နတ်သမီးသူငယ်တွေလား။ လူပုတွေလား။ ဒါမှမဟုတ် သမန်းဝံပုလွေတွေလား။”

“ကျစ်... မင်းကတော့ သူဌေးကြီး ရှောင်းယီရဲ့ မဟာမိတ်အဖွဲ့ထဲက မျိုးနွယ်စုတွေ အကုန်အလွတ်ရနေတော့တာပဲ။ အဲဒါတွေ မဟုတ်တာတော့ သေချာတယ်။ ဘာလို့ဆို အဲဒီမျိုးနွယ်စုတွေက အခုဆို မရှားတော့ဘူးလေ။”

“ဆိုင်ကယ်တွေကွ။”

“ဘာ...။ မင်း ဆိုင်ကယ်တွေ တွေ့ခဲ့တာလား။ ဓာတ်ဆီနဲ့မောင်းတဲ့ ဆိုင်ကယ်တွေလား။”

“အတိအကျပဲ။ ၁၈ စီးတောင်ပါတဲ့ အဖွဲ့ကြီးကွ။ ကျုပ်အထင် သူဌေးကြီးက ဆိုင်ကယ်ပုံစံကွက်ကို ရသွားတာပဲ ဖြစ်ရမယ်။”

“ငါ့လခွမ်း... ငါတို့ကိုလည်း အနားပေးကြပါဦးဟ။ တိုပီဒိုတွေတောင် ပေါ်လာတာ မကြာသေးဘူး။ အခု ဆိုင်ကယ်တွေပါ ရောက်လာပြန်ပြီ။ ဘာလို့ ပစ္စည်းကောင်းမှန်သမျှ သူဌေးကြီးဆီပဲ ရောက်နေရတာလဲ။ ငါတို့ကိုလည်း နည်းနည်းလောက် မျှဝေပေးပါဦး။”

“ဟုတ်ပါ့။ ငါတို့ကျွန်းတွေရဲ့ အကျယ်အဝန်းနဲ့ဆိုရင် ဆိုင်ကယ်က အကောင်းဆုံး သွားလာရေးယာဉ်ပဲ။”

“သူဌေးကြီး ဒါတွေကို ရောင်းပေးလို့ရမလား။ ဒေသခံတွေလက်ထဲ တစ်စီးလောက် ရောက်သွားလည်း ဒါက အားကောင်းတဲ့ ဆိုင်ကယ်တစ်စီး ဖြစ်လာရုံပဲရှိတာပါ။ တိုက်ပွဲစွမ်းရည်ကို သိပ်ပြီး မတိုးလာစေနိုင်ပါဘူး။”

ခဏအတွင်းမှာပင် လူပေါင်းများစွာသည် ရှောင်းယီအား @ ခေါ်ပြီး တောင်းဆိုကြတော့၏။

စာဖတ်နေသော ရှောင်းယီမှာ ဘေးနားရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အဆက်မပြတ် မြည်နေသော အသိပေးသံများကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။

“နောက်ဆို စာဖတ်တဲ့အခါ ဆက်သွယ်ရေးပစ္စည်းတွေကို အသံပိတ်ထားမှ ဖြစ်မယ်။”

ရှောင်းယီက ထိုသို့ပြောရင်း ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်၏။

ထို့နောက် အဖွဲ့ထဲမှ စာများကို မြင်လိုက်ရလေသည်။

“ဦးလေးအန်းကတော့ လုပ်လိုက်ရင် အရမ်းမြန်တာပဲ။”

သူ အနည်းငယ် စဉ်းစားပြီးနောက် အဖွဲ့ထဲတွင် ပြန်ပြောလိုက်၏။

“ဟုတ်ကဲ့...,ဒါတွေကို သေချာပေါက် အပြင်ကို ရောင်းပေးမှာပါ။ ဒါပေမဲ့ ကျုပ်တို့ဘက်မှာ အရင်ဆုံးပြင်ဆင်စရာလေးတွေ ရှိနေပါသေးတယ်။ မကြာခင် စျေးကွက်တင်ပေးပါ့မယ်။ တစ်ခု ကြိုပြီးသတိပေးချင်တာကတော့ ဆိုင်ကယ်ဝယ်မယ့်သူတွေ အနေနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးကို အထူးဂရုစိုက်ကြပါ။”

“စိတ်ချပါ သူဌေးကြီး။ ကျုပ်က မူးရင် မမောင်းဘူး၊ မောင်းရင် မမူးပါဘူး။”

“အပေါ်ကလူ...,မင်း အခုတောင် မူးနေပြီ မဟုတ်ဘူးလား။”

“ဘယ်သူ... ဘယ်သူက မူးနေတယ် ပြောတာလဲကွ။ မယုံရင် ငါ မင်းအတွက် တစ်လုံး ထပ်သောက်ပြမယ်။ လာ... လာမဆွဲနဲ့ ငါ့ကို။”

“ကျစ်ကျစ်... ဒီလို လူမူးမျိုးကိုတော့ ဆိုင်ကယ် လုံးဝ ပေးမမောင်းသင့်ဘူး။ သူက ဘယ်မဟာမိတ်အဖွဲ့ကလဲ။ တစ်ယောက်ယောက် သူ့ကို သွားထိန်းလိုက်ကြဦး။”

“သူဌေးကြီး မြန်မြန်လုပ်ပေးပါ။ ကျုပ်က ဆိုင်ကယ် စီးရတာ အရမ်းဝါသနာပါတာ။ အခု ကျွန်းဧရိယာကလည်း လျှောက်မောင်းလို့ရတဲ့အထိ ကျယ်နေပြီ။”

ရှောင်းယီက ပြုံးရင်း ခေါင်းခါလိုက်ကာ စာပွဲဆီသို့ ပြန်လျှောက်သွားပြီး တာအိုကျမ်းကို ဆက်လက် လေ့လာရန် ပြင်လိုက်လေသည်။

ထိုအချိန်တွင် ရှောင်းယီ၏ ကုတင်ပေါ်တွင် အိပ်ပျော်နေသော ပိုင်ဟူသည် ရုတ်တရက် ထရပ်လိုက်ပြီး တံခါးဝဆီသို့ ဦးတည်ကာ ဟိန်းဟောက်လိုက်၏။ ကြည့်ရသည်မှာ ဒေါသထွက်နေပုံလေးက ချစ်စရာကောင်းလှပေသည်။

“ဘာဖြစ်တာလဲ ပိုင်ဟူ။”

ရှောင်းယီက ထူးဆန်းစွာ မေးလိုက်သည်။ ထိုစဉ်မှာပင် ပိုင်ဟူနှင့် အရွယ်အစား အတူတူလောက်ရှိသော သတ္တဝါတစ်ကောင်မှာ အခန်းထဲသို့ ပြေးဝင်လာပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ ခြေဖဝါးဖြင့် ပိုင်ဟူလေးကို ကုတင်ပေါ်မှ တွန်းချလိုက်တော့လေသည်။

ပိုင်ဟူလေးသည် မခံမရပ်နိုင်ဖြစ်သွားခဲ့ပြီး ကုတင်ပေါ်သို့ ပြန်ခုန်တက်ကာ သူ၏နယ်မြေကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားတော့၏။

သို့သော် ကုတင်ပေါ်သို့ မရောက်ခင်မှာပင် တစ်ဖက်လူက လေထဲမှ နောက်တစ်ကြိမ် ထပ်မံ ပုတ်ချလိုက်ပြန်သည်။

“ကဲ... ရှောင်လင် ကလေးကို အနိုင်မကျင့်နဲ့တော့။ အဲဒါ ပိုင်ဟူလေးပဲ။ နောက်ဆိုရင် မင်းတို့က သူငယ်ချင်းကောင်းတွေ ဖြစ်ရမှာ။”

ပိုင်ဟူကို အနိုင်ကျင့်နေသည့် ချီလင်ကို ကြည့်ကာ ရှောင်းယီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

အခန်း ၈၈၈- ဒုတိယမြောက် SSS အဆင့်၊ တိုက်ပွဲဝင်ရန် ရှာဖွေနေသော နတ်သူငယ်များ

ထိုအချိန်တွင် ချီလင်သည် ရှောင်းယီ ပထမဆုံး မြင်တွေ့ခဲ့ရစဉ်ကနှင့် အနည်းငယ် ကွဲပြားနေပြီဖြစ်သည်။ အနည်းဆုံးတော့ ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ စက်ဝိုင်းတစ်ပတ်စာခန့် ပိုမို ကြီးထွားလာခဲ့သည်။

ရှောင်းယီ၏ စကားကို ကြားသောအခါ ချီလင်သည် နောက်ဆုံးတွင် ဘေးသို့ ဖယ်ပေးလိုက်ပြီး ထိုအခါမှသာ ပိုင်ဟူလေးမှာ ခုန်တက်လာနိုင်တော့သည်။

ရှောင်းယီသည် ခေါင်းကိုခါယမ်းရင်း သူ၏စာအုပ်ကိုသာ ဆက်လက်ဖတ်ရှုနေလိုက်သည်။

ပိုင်ဟူသည် ၎င်း၏ဘေးရှိ ချီလင်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ ဤသတ္တဝါမှာ အမျိုးအမည်မသိ အရာများစွာ ရောနှောထားသည့်ပုံစံ ပေါက်နေသည်ဟု ခံစားနေရသည်။

ချီလင်က သူ၏ခေါင်းလှည့်ကာ ၎င်းကို စိုက်ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင်မူ ပိုင်ဟူက နှာမှုတ်ကာ အခြားတစ်ဖက်တွင် လှဲအိပ်လိုက်လေတော့သည်။

တစ်ချိန်တည်းမှာပင် အခြားသော အသက်ရှင်ကျန်ရစ်သူ ကျွန်းတစ်ခုပေါ်တွင် အဘိုးအိုတစ်ဦးသည် ကျောက်တုံးအိမ်တစ်လုံး၏ ရှေ့၌ စိုးရိမ်တကြီး စောင့်ကြပ်နေခဲဘသည်။

ခဏအကြာတွင် ကျောက်တုံးအိမ်တံခါး ပွင့်လာပြီး အတွင်းမှ လူငယ်တစ်ဦး ထွက်လာခဲ့လေသည်။

အကယ်၍ ရှောင်းယီသာ ဤနေရာတွင် ရှိနေပါက သူသည် ဤလူကို သေချာပေါက် မှတ်မိပေလိမ့်မည်။ သူသည် ရှောင်းယီ၏ လက်ချက်ဖြင့် ပြင်းထန်သော ဒဏ်ရာများရရှိအောင် အရိုက်ခံခဲ့ရဖူးသော ကျိကျိယင်ပင် ဖြစ်လေသည်။

အပြင်တွင် စောင့်နေသော အဘိုးအိုမှာမူ သူ၏ဦးလေး ကျိကျန့်ထျန်းဖြစ်သည်။

“ကျိယင် မင်း ဘယ်လိုနေလဲ။”

ကျိကျန့်ထျန်းက အလောတကြီး မေးလိုက်သည်။ ထိုအခါ ကျိကျိယင်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“အဆင်ပြေပြေ ပြီးဆုံးသွားပါပြီ။ ကျုပ် SSS အဆင့်ကို ထိုးဖောက်နိုင်သွားပြီ။”

“ကောင်းတယ်။”

ကျိကျန့်ထျန်းက ပြောလိုက်သည်။

“အခုဆိုရင် ဘယ်မိသားစုကမှ ငါတို့ ကျိမိသားစုကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး ဟားဟားဟား။”

“ဦးလေးကျိ နောက်ထပ် သတင်းကောင်းတစ်ခု ရှိသေးတယ်။”

ကျိကျိယင်က ဆက်ပြောလိုက်၏။

“ဘာသတင်းကောင်းလဲ။”

ကျိကျန့်ထျန်းက သူ့ကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်သည်။

“ကျုပ် SSS အဆင့်ကို ရောက်သွားပြီးတဲ့နောက်မှာ ကျုပ်တို့ကျိမိသားစုရဲ့ ကိုယ်ခံပညာတွေကို အဆုံးစွန်ထိ ထုတ်ဖော် အသုံးပြုနိုင်ပြီဆိုတာကို ကျုပ် ရှာဖွေတွေ့ရှိခဲ့တယ်။”

ကျိကျိယင်က ပြုံးကာ ပြောလိုက်၏။

“တကယ်လား။”

“တကယ်ပေါ့။ ဦးလေးကျိ စမ်းကြည့်ရင် သိပါလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ကျိကျန့်ထျန်းသည် ကျိကျိယင်ကို ချက်ချင်းပင် တိုက်ခိုက်လိုက်တော့၏။ ဆယ်မိနစ်ခန့် ကြာသည်အထိ သူသည် ကျိကျိယင်၏ အင်္ကျီစကိုပင် မထိနိုင်ခဲ့ပေ။

“မျှော်လင့်ထားတဲ့အတိုင်းပဲ။ မင်းရဲ့ လှုပ်ရှားမှုတွေက ပိုပြီးတော့ လျင်မြန်ဖြတ်လတ်ပြီး ကျော့ရှင်းလာပြီပဲ။ ကောင်းတယ်...တကယ့်ကို အံ့သြဖို့ကောင်းတယ်။”

ကျိကျန့်ထျန်းက ပျော်ရွှင်စွာ ရယ်မောလိုက်၏။

“အကယ်၍ မင်းသာ အဲ့ဒီ ယီရန်ပင်းနဲ့ နောက်တစ်ခါ ထပ်တွေ့ရင် သူက မင်းရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး။”

“ဟမ့် အကယ်၍ သူ့ကို နောက်တစ်ခါ ထပ်တွေ့ရင် ကျုပ်တို့ ရှေးဟောင်းသိုင်းပညာ မိသားစုနဲ့ သူ့ကြားက ကွာဟချက်ကို သူသိအောင် လုပ်ပေးလိုက်မယ်။”

ကျိကျိယင်က အေးစက်စွာ ပြောလိုက်သည်။

ယီရန်ပင်းသည် သူ၏ဘဝတွင် အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ အကယ်၍ သူသာ မရှိခဲ့ပါက သူ၏ မှတ်တမ်းတွင် ရှုံးနိမ့်မှုဟူသော အမည်းစက်ကြီး ရှိနေလိမ့်မည် မဟုတ်ပေ။

ယခုအခါ ရှေးဟောင်းသိုင်းပညာ မိသားစုအားလုံးက သူသည် ယီရန်ပင်းကို ရှုံးနိမ့်ခဲ့ဖူးကြောင်း သိနေကြပြီဖြစ်သည်။

သူသည် ယင်းကို လက်မခံနိုင်ပေ။ သူသည် ယီရန်ပင်းကို ပြန်ရှာပြီး စိန်ခေါ်မည်ဟု ကျိန်ဆိုထားခဲ့၏။ သူ လဲကျခဲ့သည့် နေရာမှ ပြန်ထရပေမည်။

ရှေးဟောင်းသိုင်းပညာ မိသားစုများ၏ ရုပ်ခန္ဓာ ကြံ့ခိုင်မှုမှာ သာမန်လူများထက် များစွာ သာလွန်သည်ဟု ဆိုရမည်။ အခြားသူများ၏ အဆင့်မှာ A အဆင့် အောက်တွင်သာ ရှိနေသေးသော်လည်း ကျိကျိယင်မှာမူ ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

မှန်ပါသည်။ ဤသည်မှာ သူတို့ မိသားစုတစ်ခုလုံးက အဆင့်မြင့်အစားအစာများကို အသုံးပြု၍ သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ပေးခဲ့ခြင်းကြောင့်လည်း ပါဝင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတွင် ဒုတိယမြောက် SSS အဆင့် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

....

ယီရန်ပင်း မဟာမိတ် ဆေးရုံတွင်....။

အလင်းနတ်သူငယ်ဘုရင်မမှာ လုံးဝနီးပါး ပြန်လည် ကျန်းမာလာခဲ့ပြီ ဖြစ်သည်။ ဟေးလ်သည် ဆေးရုံတွင် နေရသည်မှာ အလွန် ပိတ်လှောင်လွန်းသည်ဟု ခံစားရသဖြင့် ဆေးရုံဆင်းခွင့် တောင်းဆိုခဲ့၏။

စစ်ဆေး အကဲဖြတ်ပြီးနောက် ဆေးရုံရှိ စက်ရုပ်များက အကြံပြုချက်အချို့ ပေးပြီးနောက် သဘောတူခဲ့ကြလေသည်။

ထို့နောက် ဒိုယာနှင့် ဖုမ်းယုတို့ ရောက်လာခဲ့ကြပြီး ဟေးလ်ကို အလင်းနတ်သူငယ် အခြေစိုက်စခန်းသို့ ပြန်ခေါ်သွားခဲ့ကြသည်။

အခြေစိုက်စခန်းထဲသို့ လမ်းလျှောက်ဝင်လာစဉ် ဟေးလ်သည် ထူထပ်သော တောအုပ်ကြီးကို အံ့သြစွာ ကြည့်နေခဲ့မိ၏။ သူမသည် တောရိုင်းတိရစ္ဆာန် အမျိုးမျိုးနှင့်ပင် တိုးခဲ့သော်လည်း ထိုတိရစ္ဆာန်များမှာ အလွန် ယဉ်ပါးကြပေသည်။

“မင်းတို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြောသလို ဒီနေရာမှာ တကယ်ပဲ သစ်ပင်တစ်ပင်မှ မရှိခဲ့တာလား။”

ဟေးလ်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ ထိုအခါ ဒိုယာက ပြုံးကာ ပြန်ဖြေသည်။

“ဟုတ်ပါတယ်။ ဒီလိုကျွန်းမျိုး ရှိနိုင်လိမ့်မယ်လို့ ကျွန်မတို့လည်း မယုံနိုင်ခဲ့ပါဘူး။”

ထိုအချိန်တွင် ဆာရာသည်လည်း တောအုပ်ထဲမှ ခုန်ထွက်လာပြီး ဟေးလ်ကို ကြည့်ကာ မေးလိုက်သည်။

“နင် နေကောင်းသွားပြီလား။”

“လုံးဝကြီးတော့ မသက်သာသေးဘူး။ ဒါပေမဲ့ ဆေးရုံကတော့ အိမ်မှာပဲ ဖြည်းဖြည်းချင်း အနားယူလို့ရပြီလို့ ပြောလိုက်တယ်။”

ဟေးလ်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“အတော်ပဲ။ ငါ နင်နဲ့ ဆွေးနွေးစရာ တစ်ခုရှိတယ်။”

ဆာရာက ပြောလိုက်သည်။

“ငါက လူနာပဲ ရှိသေးတယ်လေ။ နေကောင်းမှ ပြောကြတာပေါ့။”

ဟေးလ်က စကားပြောရခက်စွာ ဆိုသည်။

“ဆွေးနွေးရုံတင်ပါ။ နင့်ကိုကိုယ်တိုင် လုပ်ခိုင်းမှာ မဟုတ်ပါဘူး။”

ဆာရာက နှုတ်ခမ်းမဲ့ကာ ပြန်ပြောလိုက်၏။

“ပြီးတော့ သူတို့ကိုလည်း ကြည့်ခိုင်းလိုက်ပါဦး။ နင်က ဘယ်နေရာကြည့်ကြည့် ဘယ်နားက လူနာနဲ့ တူနေလို့လဲ။”

“ကောင်းပြီလေ။ ပြောပါဦး...ဘာကိစ္စလဲ။”

ဟေးလ်က ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

“ငါတို့ အမှောင်နတ်သူငယ်တွေက ငြိမ်ငြိမ်မနေနိုင်တော့ဘူး။ နင်တို့ အလင်းနတ်သူငယ်တွေနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ကြည့်ချင်တယ်။ ပြိုင်ပွဲတစ်ခု လုပ်ကြရအောင်။ မဟုတ်ရင် ငါ့ လူမျိုးတွေ ပျင်းလို့ သေကုန်ကြလိမ့်မယ်။”

ဆာရာက ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ဟေးလ် ခဏတာ ကြောင်အသွား၏။

“မရဘူး။ ကျွန်းပိုင်ရှင်က ငါတို့ မဟာမိတ်ထဲမှာ ပုဂ္ဂလိက တိုက်ခိုက်တာမျိုးကို ခွင့်မပြုဘူးလို့ ပြောထားတယ်။”

“တိုက်ခိုက်တာ မဟုတ်ပါဘူး။ ငါတို့က အစွမ်းချင်း ပြိုင်ရုံပါပဲ။”

ဆာရာက ချက်ချင်း ရှင်းပြလိုက်သည်။

“အဲ့ဒါလည်း မဖြစ်နိုင်ဘူး။ ငါ နင့်ကို အကြံတစ်ခု ပေးမယ်။ ကျွန်းပိုင်ရှင်ဆီ တိုက်ရိုက်သွားလိုက်ပါလား။ သူက နင်တို့အတွက် တစ်ခုခု စီစဉ်ပေးမှာ သေချာတယ်။ သူက နင်တို့ကို ပျင်းကြီးနေပေးမှာ မဟုတ်ပါဘူး။”

ဟေးလ်က အကြံပေးလိုက်၏။ ထိုအကြံကို ကြားသောအခါ ဆာရာသည် မျက်မှောင်ကျုံ့ကာ စဉ်းစားခန်း ဝင်သွားခဲ့၏။ ခဏအကြာတွင် သူမက ခေါင်းမော့ကာ ပြောလိုက်သည်။

“ကောင်းပြီ။ ငါ သွားမေးကြည့်လိုက်မယ်။ နင်တို့က အရမ်းပျင်းဖို့ကောင်းတာပဲ။”

ဆာရာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဟေးလ်တစ်ယောက် သူမ၏ခေါင်းကို ခါယမ်းမိလိုက်၏။ ထိုစဉ် ဒိုယာက ဘေးမှ မေးလိုက်သည်။

“ဘုရင်မ... ဘုရင်မဆာရာက တကယ်ပဲ ကျွန်းပိုင်ရှင်ဆီ သွားမှာလား။”

“သွားမှာပေါ့။ အဲ့ဒီ အမှောင်နတ်သူငယ်တွေက ဒီလိုမျိုး အမြဲတမ်း ငြိမ်ငြိမ်နေမယ့်သူတွေ မဟုတ်ဘူး။”

ဟေးလ်က ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် ကျွန်းပိုင်ရှင်က သူတို့အတွက် တကယ်ပဲ တိုက်ပွဲတွေ စီစဉ်ပေးမှာလား။”

ဖုန်းယုက စပ်စုစွာ မေးလိုက်၏။ ဟေးလ်က ခေါင်းခါပြလိုက်သည်။

“ဖြစ်နိုင်တာပဲ။”

ဆာရာသည် နတ်သူငယ်အခြေချစခန်းမှ ထွက်လာပြီးနောက် အပန်းဖြေစခန်းသို့ တိုက်ရိုက် ဦးတည်သွားလိုက်၏။ ရှောင်းယီသည် သူတို့တွင် ကိစ္စရှိပါက အပန်းဖြေစခန်းရှိ မည်သည့် မန်နေဂျာကိုမဆို ပြောခြင်းဖြင့် သူ့ထံ ဆက်သွယ်နိုင်ကြောင်း ပြောပြထားပေသည်။

ဆာရာ အပန်းဖြေစခန်းသို့ ရောက်ရှိလာခြင်းက ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့၏။ သူမ၏ ရုပ်သွင်မှာ တကယ့်ကို ထူးခြားလွန်းလှပေသည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ဆာရာသည် ဘာ တွင် လူအများဆုံး ဖြစ်နေသည်ကို တွေ့ရသဖြင့် ထိုဘက်သို့ လမ်းလျှောက်သွားခဲ့၏။ ကောင်တာသို့ ရောက်သောအခါ သူမက မေးလိုက်သည်။

“ကျွန်မ ကျွန်းပိုင်ရှင်နဲ့ တွေ့ချင်တယ်။”

ဒူခန်းသည်လည်း ယနေ့တွင် ဘား၌ ရှိနေခဲ့၏။ အနည်းငယ် ဝဲနေသော ရှားဘာသာစကားကို ကြားသောအခါ သူ ခေါင်းမော့ကြည့်လိုက်ရာ နတ်သူငယ်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုအခါ သူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ခဏလောက် စောင့်ပေးပါ။”

ထို့နောက် ဒူခန်းသည် သူ၏ဖုန်းကိုထုတ်ကာ ရှောင်းယီထံ ဖုန်းခေါ်လိုက်လေသည်။

“ဟယ်လို ကျွန်းပိုင်ရှင် မျက်နှာမှာ ဆေးမင်ကြောင်တွေနဲ့ နတ်သူငယ်တစ်ယောက် ဘားကို ရောက်လာပြီး ခင်ဗျားကို ရှာနေတယ်။”

ဒူခန်းက တည့်တိုး ပြောလိုက်၏။ ရှောင်းယီသည် အနည်းငယ် ကြောင်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ငါ အခုချက်ချင်း လာခဲ့မယ်။”

ဖုန်းချပြီးနောက် ဒူခန်းက ဆာရာကို ကြည့်ကာ ပြောလိုက်၏။

“ခဏစောင့်ပေးပါ။ ကျွန်းပိုင်ရှင် အခုလာနေပါပြီ။”

ဆာရာက ခေါင်းငြိမ့်ပြလိုက်သည်။ ဒူခန်းမှာမူ အလွန်အံ့သြနေမိ၏။ နတ်သူငယ်တစ်ဦးက သူ၏စကားကို အမှန်တကယ် နားလည်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“နင့်လက်ထဲက အဲ့ဒီဟာက... ဘာလဲ။”

ဆာရာက ထပ်မေးလိုက်သည်။ ဒူခန်းတစ်ယောက် ထပ်မံ အံ့သြသွားခဲ့၏။

“ဒါကို မိုဘိုင်းဖုန်းလို့ ခေါ်တယ်။ အဝေးကနေ ဆက်သွယ်ဖို့ သုံးလို့ရတယ်။ အကယ်၍ မင်း လိုချင်တယ်ဆိုရင် ကျွန်းပိုင်ရှင်ဆီမှာ လျှောက်ထားလို့ရတယ်။”

သူက ပြန်ဖြေလိုက်သည်။ ဆာရာက ခေါင်းငြိမ့်ပြကာ အနီးရှိ လွတ်နေသော ထိုင်ခုံတစ်ခုဆီသို့ လျှောက်သွားလိုက်လေသည်။

ဒူခန်သည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူမအတွက် ဖျော်ရည်တစ်ခွက် တည်ခင်းပေးလိုက်၏။

“ကျေးဇူးပဲ။”

ဆာရာက ခေါင်းကို အနည်းငယ် ငြိမ့်ကာ ပြောလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူများမှာမူ တီးတိုး ပြောဆိုနေကြပြီဖြစ်သည်။

“အဲ့ဒါ နတ်သူငယ်လား။ ပြီးခဲ့တဲ့တစ်ခေါက် ငါတွေ့ခဲ့တဲ့ နတ်သူငယ်တွေနဲ့ မတူသလိုပဲ။”

“ငါကြားတာတော့ အဲ့ဒါတွေက အမှောင်နတ်သူငယ်တွေတဲ့။ မင်း အရင်တစ်ခေါက် မြင်ခဲ့တာက အလင်းနတ်သူငယ်တွေ ဖြစ်လိ့မ်မယ်။”

“အမျိုးအစားတွေ အများကြီး ရှိတာလား။ ကျွန်းပိုင်ရှင်ရဲ့ ကျွန်းပေါ်မှာ နတ်သူငယ်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။”

“ငါကြားတာတော့ လူမျိုးစုကြီး နှစ်စုတောင် ရှိတာတဲ့။ ဟူး...ဒါက ငါတို့နဲ့ ကျွန်းပိုင်ရှင်ကြားက ကွာခြားချက်ပဲ။”

ဆာရာသည် ပတ်ဝန်းကျင်မှ စူးစမ်းသော အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်ရင်း သူမ၏ ဖျော်ရည်ကိုသာ သောက်နေခဲ့လေသည်။

All Chapters