← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 11 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 11 Ch. 189-190

အခန်း (၁၈၉) နင်းရှောင်ဟွေ့... မင်းဘာလုပ်လိုက်တာလဲ

ဝုန်း...။

ဟိန်းဟောက်သံနှင့်အတူ ကောင်းကင်ယံသို့ မီးလျှံများ မြင့်တက်သွားပြီး ပြင်းထန်လှသော ပေါက်ကွဲမှုကြီးကြောင့် ရှေ့သို့ အတင်းတိုးဝင်လာကြသည့် စက်မှုရုပ်သေးအချို့မှာ အပိုင်းပိုင်းအစစ ကြေမွပျက်စီးကုန်ချေသည်။

“အခြေအနေ မဟန်ဘူး၊ အားလုံး သတိထားကြ”

နင်းကျော့သည် ဟစ်အော်ကာ လူတိုင်းအား သတိပေးလိုက်ပေသည်။

“ငါတို့ တကယ်ပဲ စက်မှုမျောက်တွေကို အရှင်းဖယ်ရှားနိုင်ခဲ့တာ ဟုတ်ရဲ့လား”

ကျိုးကျဲရှန်သည် မျက်မှောင်ကြုတ်လျက် ရေရွတ်မိသည်။ ထိုခဏ၌ပင် လူတိုင်း၏ ရှေ့မှောက်ရှိ တံခါးကြီး ပွင့်အာသွားပြီး ရွှေသွေးစစ်သည် တိုက်ပွဲဝင်မျောက် နှင့် တူညီလှသော စက်မှုမျောက် သုံးကောင်သည် အခန်းတွင်းသို့ တရွေ့ရွေ့ တိုးဝင်လာကြလေသည်။

“ဘယ်လိုဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ”

“ငါတို့ဘက်က လူအင်အားများလို့ ချော်ရည်နန်းတော်က ခက်ခဲမှုအဆင့်ကို မြှင့်လိုက်တာများလား”

“ဒါပေမဲ့ ဒါကလည်း အတော်လေး လွန်လွန်းနေပြီ မဟုတ်လား”

ထိုစက်မှုမျောက် သုံးကောင်သည် အချိန်ဆွဲမနေဘဲ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ရှေ့သို့ ပြေးဝင်လာကြတော့သည်။

“အစီအရင် ပြောင်းလိုက်ကြ၊ တိုက်ပွဲအစီအရင်ကို သုံးမယ်”

ကျိုးကျဲရှန်သည် လေသံနှိမ့်ကာ အမိန့်ပေးလိုက်ရာ ကျိုးမျိုးနွယ်စုဝင် ကျင့်ကြံသူများသည် ရှေ့သို့ တက်လာပြီး ထိုစက်မှုမျောက် သုံးကောင်ကို ဟန့်တားရန် လူသားတံတိုင်းသဖွယ် ကာရံလိုက်ကြပေသည်။

သို့ရာတွင် သူတို့အနေဖြင့် တိုက်ပွဲအစီအရင်ကို မစတင်နိုင်သေးမီမှာပင် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ထပ်မံဖြစ်ပွားပြန်သည်။ မီးလျှံနှင့် မီးခိုးငွေ့များကြားတွင် ကျိုးမျိုးနွယ်စု ကျင့်ကြံသူများမှာ အလဲလဲအပြားပြား ဖြစ်ကုန်ကြသော်လည်း ထိခိုက်သေဆုံးမှုမူ များများစားစား မရှိခဲ့ချေ။

သူတို့၏ တိုက်ပွဲအစီအရင်သည် ခုခံနိုင်စွမ်းကို သိသိသာသာ မြင့်တက်စေသဖြင့် တစ်ကိုယ်တော် တိုက်ခိုက်သူများထက် ပိုမို ခိုင်ခံ့သောကြောင့် ဖြစ်တန်ရာသည်။

သို့သော်လည်း ထိုပေါက်ကွဲမှုကို အခွင့်ကောင်းယူကာ ကျန်ရှိနေသော စက်မှုမျောက် နှစ်ကောင်မှာ အစီအရင်၏ နောက်တန်းသို့ ရောက်ရှိသွားကြပြီ ဖြစ်ချေသည်။

နောက်တန်းရှိ ကျင့်ကြံသူများမှာလည်း ရုတ်ချည်းပင် ဖရိုဖရဲ ဖြစ်ကုန်ကြတော့သည်။ သူတို့၏ စုဖွဲ့မှုမှာ ကျိုးမျိုးနွယ်စုဝင်များကဲ့သို့ မခိုင်မာသကဲ့သို့ ပို၍ အရေးကြီးသည်မှာ အဖွဲ့၏ အလယ်ဗဟိုတွင် စက်မှုပညာရပ်ဆိုင်ရာ ပစ္စည်းများ ပြည့်နှက်နေခြင်းပင် ဖြစ်ပေသည်။

ဝုန်း...။

ပြင်းထန်လှသော နောက်ထပ် ပေါက်ကွဲမှုကြီး တစ်ခု။ ထိုပေါက်ကွဲမှုကြောင့် စက်မှုပညာရပ်ဆိုင်ရာ ပစ္စည်းပေါင်း ၂၀ ကျော်မှာ တိုက်ရိုက် ပျက်စီးသွားပြီး အဖွဲ့သားများ ယခင်က ကြိုးစားထားသမျှသည်လည်း အလကားဖြစ်ကာ အမှိုက်ပုံကြီးအဖြစ်သို့ ပြောင်းလဲသွားရလေသည်။

ကျန်ရှိနေသော စက်မှုမျောက်မှာလည်း သောင်းကျန်းနေဆဲဖြစ်ရာ လူတိုင်းမှာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားမည်ကို စိုးရိမ်သဖြင့် ကြောက်လန့်တကြား ဆုတ်ခွာနေကြရတော့သည်။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် နင်းကျော့သည် ရှေ့သို့ တက်လာကာ “အားလုံး နောက်ဆုတ်လိုက်ကြ၊ ဒါကို ငါ့လက်ထဲသာ အပ်ထားလိုက်” ဟု ဆိုလိုက်ပေသည်။

လူအုပ်ကြီးသည် အလျှင်အမြန်ပင် နောက်သို့ ဆုတ်ခွာသွားကြပြီး နင်းကျော့မှာမူ ပုဆိန်ကြီးကို ကိုင်စွဲကာ သတ်ဖြတ်ရန် ပြေးဝင်သွားလေတော့သည်။

ထိုပုဆိန်ကြီးမှာ သူ၏ ရုပ်သေးခန္ဓာကိုယ်ထက်ပင် ပို၍ ကြီးမားနေသေး၏။ နင်းကျော့သည် ပုဆိန်ကို လွှဲယမ်းလိုက်သည့်အခါ ဟိန်းဟောက်နေသော ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်သော အရှိန်အဝါများ ပေါ်ထွက်လာပေသည်။

သူ၏ ဘေးတွင်လည်း ပျံဝဲနေသော လက်တစ်ဖက်ရှိနေပြီး ယင်းက အမျိုးမျိုးသော ပညာရပ်များကို စဉ်ဆက်မပြတ် ထုတ်လွှတ်ကာ ရွှေသွေးစစ်သည် တိုက်ပွဲဝင်မျောက် အား မရပ်မနား တိုက်ခိုက်နေလေသည်။

သူတို့ တိတ်တဆိတ် လေ့ကျင့်ထားသည့်အတိုင်းပင် တာရှန့်သည် လျင်မြန်စွာ လှုပ်ရှားလျက် ထိုပညာရပ်များကို သီသီလေး ရှောင်တိမ်းကာ နင်းကျော့၏ အနီးသို့ ရောက်ရှိလာပြီး ပြင်းထန်သော လက်ဝါးချက်ဖြင့် တွန်းထုတ်လိုက်ပေသည်။

နင်းကျော့သည်လည်း တံခါးချပ်ခန့်ရှိသော သူ၏ ပုဆိန်ကြီးဖြင့် အလျင်အမြန် ကာကွယ်လိုက်သော်လည်း နောက်သို့ လွင့်ထွက်သွားရချေသည်။

တာရှန့်က ထပ်မံ လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ကျိုးကျူက လမ်းမှ ဖြတ်တိုက်လိုက်လေသည်။ အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အကြာတွင် ကျိုးကျူသည်လည်း လွင့်ထွက်သွားရပြန်သည်။

သို့သော် ထိုအချိန်တွင် ကျိုးကျဲရှန်၊ ကျန်းကျန့် နှင့် နင်းရှောင်ဟွေ့ တို့က ဝိုင်းရံထားနိုင်ခဲ့ကြပြီ ဖြစ်ပေသည်။ ထူးချွန်သော ကျင့်ကြံသူများ၏ စွမ်းဆောင်မှုကြောင့် မျိုးနွယ်စု သုံးခု၏ ပူးပေါင်းအင်အားမှာ အခြေအနေကို မနည်း ထိန်းချုပ်ထားနိုင်ခဲ့ကြလေသည်။

“ဒါကမှ တကယ့် စက်မှုမျောက် အစစ်ပဲ၊ တခြားကောင်တွေက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖို့ လုပ်ထားတဲ့ အရုပ်တွေပဲ”

ပြင်းထန်သော တိုက်ပွဲအတွင်း ကျင့်ကြံသူတစ်ဦးက စစ်မြေပြင်ကို စစ်ဆေးကြည့်ရာမှ အမှန်တရားကို သိရှိသွားပြီး လူတိုင်းအား အော်ဟစ်အသိပေးလိုက်သည်။

လူတိုင်း၏ စိတ်နှလုံးထဲတွင် လေးလံသော ခံစားချက်ကြီးတစ်ခု ကိန်းအောင်းသွားရပေသည်။ သူတို့ အလှည့်စား ခံလိုက်ရပြီ မဟုတ်လော။ အရင်းအမြစ် အမြောက်အမြားကို အလဟဿ ဖြုန်းတီးခဲ့ရရုံသာမက ပင်ပင်ပန်းပန်း တည်ဆောက်ခဲ့ရသော မြားပစ်လှည်း ရှစ်စီးမှာလည်း ယခုမူ အသုံးမဝင်တော့ချေ။

“ငါတို့ ပြင်ဆင်ပြီးပြီ၊ သူ့ကို မြန်မြန် ဆွဲခေါ်လာခဲ့”

ကျိုးမျိုးနွယ်စု၏ တိုက်ပွဲအစီအရင်မှာ အပြည့်အဝ အလုပ်လုပ်နေပြီဖြစ်ကာ အစွမ်းကုန် စွမ်းဆောင်နေပြီ ဖြစ်ပေသည်။

တိုက်ပွဲအစီအရင်အတွင်းရှိ ကျိုးမျိုးနွယ်စုဝင် တစ်ဦးချင်းစီမှာလည်း ယင်းအစီအရင်ကို ဆက်လက် လည်ပတ်နိုင်စေရန် ကြီးမားသော ဖိအားကို ခံစားနေကြရသည်။

ကျိုးကျူနှင့် အခြားသူများမှာလည်း တိုက်ခိုက်ရင်းနှင့်ပင် နောက်သို့ ဆုတ်လာခဲ့ကြသည်။ သို့သော် ယွမ်တာရှန့်မှာမူ လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ စက်မှုပညာရပ်ဆိုင်ရာ ပစ္စည်းများကိုသာ ဖျက်ဆီးနေလေသည်။

ယွမ်တာရှန့်မှာ သူတို့၏ လှည့်ကွက်နောက်သို့ ပါမလာသည်ကို မြင်ရသောအခါ လူတိုင်းမှာ ပို၍ စိုးရိမ်ပူပန်လာကြတော့သည်။

“တောက်... အစုတ်အပွားကောင်”

“ဒီကောင်က အရင်ထက်စာရင် အများကြီး ပိုပြီး ပါးနပ်လာတာပဲ”

ထိုအခါ နင်းကျော့က “ဒါက နဂါးလိပ် မီးလျှံဝိညာဉ်က ထိန်းချုပ်ထားလို့ ဖြစ်မှာပေါ့” ဟု ဆိုလိုက်သည်။ ဤစကားကို ကြားလိုက်ရသည့်အခါ တိုက်ပွဲကို အကဲခတ်နေသော နဂါးလိပ် မီးလျှံဝိညာဉ်မှာ ဒေါသထွက်လွန်းသဖြင့် မီးလျှံများကို အံထုတ်ကာ ရင်ထဲတွင် တင်းကျပ်လျက် ဗျာများသွားရတော့သည်။

“မျှော်လင့်ထားတဲ့အတိုင်း ဝိညာဉ်အနှစ်သာရက မောင်းနှင်နေတာပဲ”

“ဝိညာဉ်ရတနာတွေက မျိုးနွယ်စုတွေ၊ ဂိုဏ်းတွေနဲ့ နိုင်ငံတွေကိုတောင် ကာကွယ်ပေးနိုင်တယ်ဆိုတာ မဆန်းတော့ပါဘူး”

မျိုးနွယ်စု သုံးခုမှ ကျင့်ကြံသူများသည် ရုတ်ချည်းပင် အာရုံစူးစိုက်လိုက်ကြပြီး ရန်သူကို အစွမ်းကုန် ရင်ဆိုင်ကြတော့သည်။ လူတိုင်းသည် တာရှန့်နောက်သို့ လိုက်လံတားဆီးကြပြီး အချို့မှာမူ ခေတ္တခဏမျှ အချိန်ဆိုင်းနိုင်ရန်အတွက် သူတို့၏ အသက်ကိုပင် ပေးလှူလိုက်ကြပေသည်။

နင်းကျော့မှာလည်း ယွမ်တာရှန့်ကို အပြည့်အဝ ကူညီနေရင်းနှင့်ပင် အပြင်းအထန် တိုက်ခိုက်နေဟန် ပြုမူနေလေသည်။ အထူးလေ့ကျင့်မှုများ ပြုလုပ်စဉ်ကပင် ကျိုးမျိုးနွယ်စု တိုက်ပွဲအစီအရင်၏ အစွမ်းကို သူ နားလည်ထားပြီး ဖြစ်ပေသည်။

အကယ်၍ ယွမ်တာရှန့်သာ ထိုအစီအရင်ထဲတွင် ပိတ်မိသွားပါက လွတ်မြောက်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားပေလိမ့်မည်။ ထိုအချိန်ကျမှသာ သူ ပြင်ဆင်ထားသည့် စက်မှုပညာရပ်ဆိုင်ရာ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်သုံးမည်ဆိုပါက ယွမ်တာရှန့်၏ ကံကြမ္မာမှာ နိဂုံးချုပ်သွားမည်သာ ဖြစ်ချေသည်။

“ချီပိုင်... တိုက်ပွဲဝင်တော့”

နင်းကျော့သည် အသက်မျှင်ကြိုးကို တိတ်တဆိတ် အသုံးပြုကာ ချီပိုင်အား အမိန့်ပေးလိုက်သည်။ ချီပိုင်သည် တံခါးကို တွန်းဖွင့်လျက် တိုက်ပွဲအတွင်းသို့ ပြေးဝင်လာရာ လူတိုင်းမှာ တအံ့တဩ ဖြစ်သွားကြရသည်။

“ရောက်လာပြီ”

“အစေခံ သရဲရုပ်သေး ပေါ်လာပြီဟေ့”

“မြန်မြန်... အစီအစဉ်အတိုင်း သူ့ကို ဝိုင်းထားကြ”

ကျိုးကျူသည် ရွှံ့နွံတံခါး ငလျင်တူကြီးကို ဝှေ့ယမ်းကာ ချီပိုင်ရှိရာသို့ ပြေးဝင်သွားသည်။

ကျန်းကျန့်ကလည်း ကျိုးကျူ မရောက်မီမှာပင် မြားပစ်ပစ္စည်းများကို အသုံးပြုကာ ချီပိုင်၏ မျက်နှာသို့ မြားများဖြင့် ပစ်ခတ်လိုက်ပေသည်။

သို့သော် ချီပိုင်က ခေါင်းကို အနည်းငယ် ငုံ့လိုက်ရုံဖြင့် သူ၏ ခမောက်ဖြင့် ထိုမြားများကို ခုခံလိုက်ရာ မြားများမှာ ခမောက်၏

အနားသတ်အတိုင်း ပွတ်တိုက်လျက် လေထဲသို့ လွင့်စင်သွားကြပြီး မီးပွင့်များပင် ထွက်ပေါ်လာသည်။

ကျန်းကျန့်သည် အံ့အားသင့်သွားရကာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရလေသည်။ သတင်းအချက်အလက်များအရ အစေခံ သရဲရုပ်သေး၏ ခုခံနိုင်စွမ်းမှာ ဤမျှ မမြင့်မားသင့်ချေ။

“သူ့ရဲ့ ကုန်ကြမ်းတွေကို အဆင့်မြှင့်ထားတာပဲ”

“သူတင်မကဘူး၊ စက်မှုမျောက်လည်း အတူတူပဲဖြစ်မှာ”

ကျန်းကျန့်သည် ခေါင်းကို အမြန်လှည့်ကာ ယွမ်တာရှန့်ကို အကဲခတ်လိုက်သည့်အခါ သူ၏ ကုန်ကြမ်းများမှာလည်း သတင်းများထဲကထက် သိသိသာသာ အဆင့်မြင့်နေသည်ကို အတည်ပြုနိုင်ခဲ့ပေသည်။

“နှုတ်သီးကောင်းလှချည့်၊ ချော်ရည်နန်းတော်က ခက်ခဲမှုအဆင့်ကို တမင်သက်သက် မြှင့်ထားတာပဲ”

မူလအစီအစဉ်အရ ကျန်းကျန့်နှင့် ကျိုးကျူတို့သည် ချီပိုင်ကို အနီးကပ် တိုက်ခိုက်ရန် ဖြစ်သော်လည်း ယခုအခါ ချီပိုင်မှာ ပို၍ သန်မာလာသဖြင့် ကျန်းကျန့်မှာ ယုံကြည်မှု လျော့နည်းလာကာ ယခင်က တိုက်ပွဲအစီအစဉ်မှာ မလုံလောက်တော့ကြောင်း ခံစားလိုက်ရသည်။

“မစိုးရိမ်ကြနဲ့၊ ငါ ဒါကို ကိုင်တွယ်လိုက်မယ်”

နင်းကျော့က အော်ဟစ်ပြောဆိုလိုက်သည်။ သူသည် သူကိုယ်တိုင် ပြုလုပ်ထားသော စက်မှုပညာရပ်ဆိုင်ရာ ပစ္စည်းများကို ဝတ်ဆင်လိုက်ပေသည်။

ခဏအကြာတွင် သူ၏ လည်ပင်း၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များတွင် သေမင်းခေါ်သံ ကြာပွတ်များကို တပ်ဆင်လိုက်တော့သည်။ ထိုကြာပွတ်များကို အနည်းငယ် ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပေသည်။

နင်းကျော့သည် ပုဆိန်ကြီးကို ကိုင်စွဲကာ ယွမ်တာရှန့်ဆီသို့ ပြေးဝင်သွားသည်။ တိုက်ခိုက်နေစဉ်အတွင်း သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှ ကြာပွတ်များမှာ ကြိုးမျှင်များအဖြစ် စဉ်ဆက်မပြတ် ပစ်ထွက်သွားပြီး ယွမ်တာရှန့်ထံတွင် သွားရောက် ချိတ်တွဲကုန်ကြသည်။

ယွမ်တာရှန့်၏ လှုပ်ရှားမှုများမှာ သိသိသာသာ နှေးကွေးသွားသဖြင့် အခြားသူများအတွက် တိုက်ခိုက်ရန် အခွင့်အရေး ရသွားကြပေသည်။ ကျိုးမျိုးနွယ်စု၏ တိုက်ပွဲအစီအရင်သည်လည်း နောက်ဆုံးတွင် ယွမ်တာရှန့်ကို ဝိုင်းရံပိတ်ဆို့နိုင်ခဲ့လေပြီ။

“ကောင်းတယ်၊ နင်းကျော့” ဟု ကျန်းကျန့်က ချီးကျူးလိုက်သည်။

“ဟားဟား... ညီလေးနင်း၊ အရေးကြီးတဲ့ အချိန်မျိုးမှာ မင်းက တကယ်ကို အားကိုးရတာပဲ” ဟု ကျိုးကျဲရှန်ကလည်း အသံလွှင့်ကာ ပြောဆိုလိုက်ပေသည်။

ယွမ်တာရှန့်သည် ဟိန်းဟောက်လိုက်ကာ ပထမဆုံးအကြိမ်အဖြစ် မီးတောက်ဖမ်းယူခြင်း ပညာရပ်ကို အသုံးပြုလိုက်သည်။ ထိုပညာရပ်မှာ ပိုမိုမြင့်မားလာပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း နီရဲသော မီးလျှံများဖြင့် လွှမ်းခြုံသွားတော့သည်။

ထိုမီးလျှံများက နင်းကျော့၏ ကြိုးမျှင်များကို လောင်ကျွမ်းစေခဲ့သည်။ ယွမ်တာရှန့်သည် ဆက်လက် ဟိန်းဟောက်နေစဉ်မှာပင် တံခါးကြီးမှာ ထပ်မံ ပွင့်သွားပြန်ပြီး ယခုတစ်ကြိမ်တွင်မူ အမြောက်အမြားရှိလှသော လေပြင်းမီးလျှံစက်ဝန်းများ ပျံထွက်လာကြလေသည်။

ထိုစက်ဝန်းများမှာ အလွန်လျင်မြန်လှပြီး ယင်းတို့ လိမ့်သွားသည့်အခါ ပြင်းထန်သော မီးလျှံများကို မှုတ်ထုတ်နေပေသည်။ ရုပ်သေးခန္ဓာကိုယ် အမြောက်အမြားမှာလည်း ပြာဖြစ်သွားကြရသည်။

မျိုးနွယ်စု သုံးခုမှ ကျင့်ကြံသူများသည်လည်း ထိုစက်ဝန်းများ၏ တိုက်ခိုက်မှုကြောင့် အလူးအလဲ ခံကြရကာ နောက်သို့ တရစပ် ဆုတ်ခွာနေကြရတော့သည်။

“ဒီစက်ဝန်းတွေက ဘာလို့ ဒီလောက်တောင် ဖျတ်လတ်နေရတာလဲ”

ကျင့်ကြံသူ အများအပြားမှာ ပညာရပ်များကို အကြိမ်ကြိမ် အသုံးပြုသော်လည်း လွဲချော်နေကြရသည်။

ထိုစက်မှု လေပြင်းမီးလျှံစက်ဝန်းများမှာ လူတိုင်း ထင်ထားသည်ထက် ပို၍ လျင်မြန်နေခဲ့သည်။

“ဘယ်လိုလုပ် မလျင်မြန်ဘဲ ရှိမလဲ၊ ငါကိုယ်တိုင် ဒီပစ္စည်းတွေကို ထပ်ခါတလဲလဲ မီးရှို့ပြီး ဝိညာဉ်အနှစ်သာရကို ရယူထားတာလေ၊ ဒီတိုက်ပွဲမှာ သူတို့ရဲ့ အစွမ်းကို အပြည့်အဝ ထုတ်ပြကြမှာပေါ့” ဟု နင်းကျော့က စိတ်ထဲမှ ရေရွတ်မိသည်။

“ငါတို့ ထိန်းမထားနိုင်တော့ဘူး”

“အသေအပျောက်တွေလည်း များနေပြီ”

“မီးခိုးလှည်းကို ထုတ်လိုက်ကြစမ်း” ဟု တစ်စုံတစ်ယောက်က ကျယ်လောင်စွာ တောင်းဆိုလိုက်သည်။

သို့သော် နင်းကျော့က “မရဘူး၊ ဒါက ဟိုရုပ်သေးရဲ့ ဝိညာဉ်စစ်တပ်အတွက် ချန်ထားရမှာ” ဟု ချက်ချင်းပင် ငြင်းပယ်လိုက်ပေသည်။

ပြင်းထန်သော တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။ လေပြင်းမီးလျှံစက်ဝန်းများမှာ သောင်းကျန်းနေဆဲဖြစ်ကာ ရုပ်သေးများမှာလည်း မီးလောင်ပျက်စီးနေကြရသည်။

အသေအပျောက်မှာ ၄၀ ရာခိုင်နှုန်းခန့် ရှိနေပြီ ဖြစ်သည်။

“မီးခိုးလှည်းကို သုံးလိုက်ရင် ဒီစက်ဝန်းတွေကို ရပ်တန့်နိုင်မှာပါ” ဟု နောက်တစ်ဦးက ထပ်မံ အကြံပြုပြန်သည်။

“မရပါဘူး၊ အခု ဒါကို သုံးလိုက်လို့ ရန်သူက သရဲတွေကို ထုတ်လိုက်ရင် ငါတို့မှာ ခုခံဖို့ ဘာမှ ရှိမှာ မဟုတ်တော့ဘူး” ဟု နင်းကျော့က ထပ်မံ ငြင်းဆိုလိုက်ပြန်သည်။

အသေအပျောက်မှာ ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေပြီ။

“အား... မခံနိုင်တော့ဘူး”

ကျင့်ကြံသူတစ်ဦးမှာ နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ မီးခိုးလှည်းကို အသက်သွင်းရန် လှုပ်ရှားလိုက်ပေသည်။

သို့သော် နင်းကျော့က အလျင်အမြန်ပင် တားဆီးလိုက်ကာ “နေပါဦး၊ သည်းခံကြစမ်းပါ၊ အခု သည်းမခံနိုင်ရင် ငါတို့ရဲ့ ကြီးမားတဲ့ အစီအစဉ်ကြီး ပျက်စီးသွားလိမ့်မယ်” ဟု ဆိုလိုက်သည်။

မကြာမီမှာပင် ယွမ်တာရှန့်သည် ကျိုးမျိုးနွယ်စု၏ တိုက်ပွဲအစီအရင်ကို ဖောက်ထွက်ကာ ဝိုင်းရံထားမှုကို ဖြတ်ကျော်ရန် ပြင်လိုက်တော့သည်။

“ဘယ်ကို ပြေးမလို့လဲ”

နင်းယဲ့သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်မှုကို စတင်လိုက်ပေသည်။

“စီနီယာနင်းယဲ့၊ ကျွန်မ ကူညီပါရစေ”

နင်းရှောင်ဟွေ့သည်လည်း သူမ၏ ကျောက်စိမ်းနှင်းဆီ လက်ပညာရပ်ကို ထုတ်ဖော်လိုက်သည်။

နင်းယဲ့ကလည်း နှင်းဝိညာဉ် နှင်းခဲပညာရပ်ကို အသုံးပြုလိုက်ပေသည်။ သူတို့နှစ်ဦး ပူးပေါင်းလိုက်သည့်အခါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့် စွမ်းအားများ ထွက်ပေါ်လာတော့သည်။

လေထု၏ အပူချိန်မှာ ရုတ်ချည်းပင် ကျဆင်းသွားပြီး နှင်းခဲများမှာလည်း နေရာအနှံ့ ပျံ့နှံ့သွားကာ အခန်းတစ်ခုလုံးမှာ ဖြူဖွေးသွားရလေသည်။

ယွမ်တာရှန့်မှာလည်း ထိုတိုက်ခိုက်မှုများကြောင့် လှုပ်ရှားရ အလွန်ခက်ခဲသွားရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မီးလျှံများမှာလည်း ထိုအလွန်အမင်း အေးစက်လှသော နှင်းခဲများကို ခုခံရန် ရုန်းကန်နေရတော့သည်။

“ဒီကောင်ကြီးကို အပြတ်ရှင်းဖို့ ငါ့ကို ထားလိုက်”

နင်းကျော့သည် အော်ဟစ်ကာ အပေါ်မှ ခုန်အုပ်ချလိုက်ပေသည်။ သူသည် တံခါးချပ်ခန့်ရှိသော ပုဆိန်ကြီးကို ခေါင်းပေါ်သို့ မြှောက်ကာ ပြင်းထန်စွာ ခုတ်ချလိုက်လေတော့သည်။

သို့ရာတွင် လူတိုင်းက မျှော်လင့်တကြီး ကြည့်နေစဉ်မှာပင် နင်းရှောင်ဟွေ့သည် အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ သူမ၏ ပညာရပ်ဦးတည်ရာကို ပြောင်းလဲလိုက်ရာ နင်းကျော့ပါ ပါဝင်သွားရလေသည်။

နင်းကျော့၏ ခန္ဓာကိုယ်ပေါ်တွင် နှင်းခဲများ အလျင်အမြန် ဖုံးလွှမ်းသွားပြီး တောင့်တောင့်ကြီး ဖြစ်သွားရသည်။

ဘုန်း...။

ထိုခဏ၌ပင် ယွမ်တာရှန့်သည် တိုက်ခိုက်လိုက်ရာ နင်းကျော့၏ ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွက်သွားတော့သည်။ ထို့နောက် သူ၏ ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ နင်းကျော့၏ ကိုယ်အထက်ပိုင်းနှင့် ခေါင်းမှာ အဝေးသို့ လွင့်စင်သွားရလေသည်။

“နင်းရှောင်ဟွေ့”

နင်းကျော့သည် ဒေါသတကြီး ဟစ်အော်လိုက်ပေသည်။ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်လျက် ဒေါသထွက်ကုန်ကြပြီး သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်သွားသည်ကို ယုံကြည်နိုင်ရန် ခက်ခဲနေကြသည်။

အားကောင်းလှသော ရန်သူကို ရင်ဆိုင်နေရပါလျက်နှင့် တစ်ဦးချင်း ရန်ငြိုးကို အသုံးပြုကာ ဤမျှ ပေါ်တင်ကျလှသော နည်းလမ်းကို သုံးလိုက်ခြင်းမှာ လူတိုင်းအတွက် ရှင်းလင်းလှပေသည်။

“နင်းရှောင်ဟွေ့၊ မင်းဟာ မျိုးနွယ်စုကြီးရဲ့ အရှက်ပဲ” ဟု နင်းချန်က အော်ဟစ်လိုက်သည်။

နင်းယုံကလည်း “နင်းရှောင်ဟွေ့၊ နင် ဘာလုပ်လိုက်တာလဲ၊ အကိုကျော့ မရှိဘဲနဲ့ ငါတို့ ဒီစက်မှုမျောက်ကို ဘယ်လို ရင်ဆိုင်ရတော့မှာလဲ” ဟု ဟိန်းဟောက်လိုက်ပေသည်။

နင်းရှောင်ဟွေ့မှာ ကြောင်အမ်းအမ်း ဖြစ်နေကာ “ငါ... ငါ ဒါကို လုပ်လိုက်တာလား” ဟု ရေရွတ်နေမိသည်။ သူမကိုယ်တိုင်လည်း အဘယ်ကြောင့် ဤသို့ ပြုမူမိသည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။

သူမ ငေးမှိုင်နေစဉ်မှာပင် ကြီးမားသော ဟာကွက်တစ်ခု ပေါ်သွားရလေသည်။ စက်မှု လေပြင်းမီးလျှံစက်ဝန်း သုံးခုသည် ဦးတည်ချက် သုံးခုမှ တိုက်ခိုက်လိုက်ရာ သူမမှာ အပိုင်းပိုင်းအစစ ဖြစ်သွားရတော့သည်။

လက်ခံမည့် ခန္ဓာကိုယ် မရှိတော့သဖြင့် နင်းယဲ့သည်လည်း ဒေါသတကြီး ဟောက်လိုက်ကာ မသေမျိုးနန်းတော်မှ နှင်ထုတ်ခံရတော့မည့် အခြေအနေသို့ ရောက်သွားရသည်။

သို့သော် ထိုခဏ၌ပင် ချီပိုင် ရောက်ရှိလာကာ လက်ညှိုးကို မြှောက်လိုက်သည့်အခါ သူ၏ လက်အင်္ကျီအတွင်းမှ စက်မှုကြိုး အမြောက်အမြား ထွက်ပေါ်လာသည်။ ထိုကြိုးများမှာ မြွေအုပ်ကြီးကဲ့သို့ နင်းယဲ့ကို တင်းကျပ်စွာ ချည်နှောင်ထားလိုက်လေသည်။

“တစ်ယောက်ယောက်... ငါ့ကို ကယ်ကြပါဦး”

နင်းယဲ့သည် ရုတ်ချည်းပင် ခုခံနိုင်စွမ်း ကင်းမဲ့သွားကာ သူ၏ မျက်နှာမှာလည်း ပျက်ယွင်းသွားရသည်။

နောက်တစ်ခဏတွင် ချီပိုင်မှာ သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အစီအရင်နှင့် ပညာရပ်တို့မှာ တစ်ပြိုင်နက်တည်း အလုပ်လုပ်သွားပြီး နင်းယဲ့ကို အတင်းအဓမ္မ ဖမ်းဆီးကာ နှိမ်နင်းလိုက်ပေတော့သည်။

တိုက်ပွဲမှာ လက်ဖက်ရည်တစ်ခွက်စာခန့် ထပ်မံ ကြာမြင့်ခဲ့ပေသည်။ ယွမ်တာရှန့်နှင့် ချီပိုင်တို့မှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသော်လည်း နောက်ဆုံးတွင် ကပ်သီးကပ်သတ် အနိုင်ရရှိသွားခဲ့ကြသည်။

မျိုးနွယ်စု သုံးခု၏ ပူးပေါင်းအဖွဲ့မှာမူ ကပ်သီးကပ်သတ် ရှုံးနိမ့်သွားခဲ့ရလေသည်။

တိုက်ပွဲအပြီးတွင် လူအမြောက်အမြားသည် မသေမျိုးနန်းတော်မှ ထွက်လာကြပြီး နင်းရှောင်ဟွေ့ကို ရန်ငြိုးများဖြင့် ကြည့်နေကြကာ သူတို့၏ ဒေါသမှာလည်း မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲရန် အသင့်ဖြစ်နေကြသည်။

နင်းရှောင်ဟွေ့မှာမူ မျက်နှာမှာ ပြာနှမ်းနေကာ ခေါင်းငုံ့လျက် လူအုပ်ထဲမှ အမြန်ထွက်ခွာသွားတော့သည်။

လူအမြောက်အမြားမှာလည်း နင်းကျော့ကို နှစ်သိမ့်ရန် ရှေ့သို့ တက်လာကြသည်။

နင်းကျော့မှာမူ ညှိုးငယ်သော မျက်နှာဖြင့် “ငါတို့ အောင်မြင်ဖို့ သိပ်နီးစပ်နေခဲ့တာ၊ အရမ်းကို နီးစပ်နေခဲ့တာပါ” ဟု ဆိုလိုက်ပေသည်။

“ဒါ မင်းရဲ့ အမှားမဟုတ်ပါဘူး”

“စိတ်ဓာတ်မကျပါနဲ့ ညီလေးကျော့၊ မင်းက အကောင်းဆုံး လုပ်ခဲ့တာပဲ”

“နင်းကျော့၊ ဒီတစ်ခါတော့ ငါ မင်းဘက်ကပဲ၊ နင်းရှောင်ဟွေ့က ငါတို့ကို ရှင်းလင်းချက် ပေးကို ပေးရမယ်”

အခန်း (၁၉၀) - စက်မှုပညာရပ်များ ဖန်တီးခြင်း

လျှို့ဝှက်ခန်းမအတွင်းဝယ် မျိုးနွယ်စုသုံးစုမှ ရွှေအမြုတေအဆင့် ဘိုးဘေးငါးဦး စုရုံးရောက်ရှိနေကြချေသည်။

“မျိုးနွယ်စုသုံးစုရဲ့ မဟာမိတ်အဖွဲ့... ကျရှုံးသွားခဲ့ပြီ” ဟု ကျိုးနုန်းယင်းက သက်ပြင်းချရင်း ဆိုလိုက်၏။

ကျန်းတန်လျန်က နင်းမျိုးနွယ်စု ဘိုးဘေးအား ကြည့်လိုက်သည်။ ကျောက်စိမ်းပြားအတွင်းရှိ အချက်အလက်များအရ ချော်ရည်နန်းတော်သို့ ပူးပေါင်းချီတက်ရာတွင် ကျရှုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ နင်းရှောင်ဟွေ့က လူအများရှေ့၌ ပြည်တွင်းရေးပဋိပက္ခကို ဖန်တီးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပေသည်။

ထိုသို့သော အပြုအမူမျိုးမှာ အလွန်တရာ ဆိုးဝါးလှသည့် လုပ်ရပ်ပင် ဖြစ်တန်ရာ၏။

နင်းမျိုးနွယ်စု ဘိုးဘေးကမူ သူ့ထံ စူးစိုက်ကြည့်နေသည့် အကြည့်များကို လုံးဝ သတိမထားမိသည့်အလား “ဒီတိုက်ပွဲမှာ ငါတို့ အနိုင်ရခဲ့ရင်တောင် ချော်ရည်နန်းတော်ကို စူးစမ်းရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သိသာနေတာပဲ” ဟု ဆိုသည်။

“ဝိညာဉ်ဖြင့် နန်းတော်သို့ ဝင်ရောက်ခြင်းဆိုတာ ထင်သလောက် မလွယ်ကူလှဘူး”

ယင်းကဲ့သို့သော ခွဲခြမ်းစိတ်ဖြာချက်က ကျန်သူများအတွက်လည်း ထိမှန်လှပေသည်။

ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသော်လည်း မျိုးနွယ်စုသုံးစုမှ ရွှေအမြုတေအဆင့် ဘိုးဘေးများမှာ ယွမ်တာရှန့်နှင့် ချီပိုင်တို့၏ စွမ်းဆောင်ရည် မြင့်တက်လာသည်ကို သတိပြုမိကြချေသည်။

ဤတိုက်ပွဲတွင် စက်မှုလက်နက်နှစ်ခု၏ ကုန်ကြမ်းပစ္စည်းများမှာ ယခင်ကထက် သိသိသာသာ အဆင့်မြင့်မားလာသည်ကို တွေ့ရပေသည်။ ထို့ပြင် ၎င်းတို့သည် ဆန်းသစ်သော စက်မှုအစိတ်အပိုင်း အမြောက်အမြားကိုလည်း အသုံးပြုခဲ့ကြသေးသည်။

မီးလျှံပေါက်ကွဲမျောက်၊ လေပြင်းမီးလျှံစက်ဝန်းနှင့် နင်းယဲ့ကို ဖမ်းဆီးခဲ့သည့် ဝိညာဉ်ကြိုးများမှာ တိုက်ပွဲတွင် သိသာထင်ရှားသော ရလဒ်များကို ရရှိခဲ့ရာ လျှော့တွက်၍ မရနိုင်ချေ။

ထိုသို့သော တိုးတက်မှုများမှာ ချော်ရည်နန်းတော်နှင့် ရှေးဘိုးဘေးသုံးဦး၏ အထူးစီစဉ်မှုများကြောင့်သာ ဖြစ်လိမ့်မည်ဟု ရွှေအမြုတေအဆင့် ဘိုးဘေးများက ယူဆထားကြ၏။

ဤအရာအားလုံး၏ နောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်နေသည့် မဟာဗျူဟာရှင်တစ်ဦး ရှိနေလိမ့်မည်ဟုမူ သူတို့ လုံးဝ ထင်မှတ်မိကြမည် မဟုတ်ပေ။

“မျိုးနွယ်စုသုံးစုက ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် လူငယ်တွေ ပြန်လည်စုစည်းပြီး အောင်မြင်မှုတွေ ရခဲ့ရင်တောင်မှ အရာအားလုံးကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”

“ဝိညာဉ်ဖြင့် နန်းတော်သို့ ဝင်ရောက်စူးစမ်းတဲ့ လမ်းစဉ်က စိန်ခေါ်မှုတွေ ရှိနေဆဲပဲ”

“မုန့်ချုံမှာ မသေမျိုး ပါရမီထူးရှိနေသလို မြို့စားမင်းဂေဟာရဲ့ ပြင်ဆင်ရေးအဖွဲ့ကလည်း စမ်းသပ်မှု တိုးတက်မှုစာရင်းမှာ လွှမ်းမိုးထားတာ။ ဒီလို ပြိုင်ဘက်မျိုးကို အနိုင်ယူဖို့ဆိုတာ... ခက်ခဲတယ်”

ရွှေအမြုတေအဆင့် ဘိုးဘေးများသည် စိတ်ဝိညာဉ်အုံဖြင့် တိတ်တဆိတ် ဆက်သွယ်ကြပြီး တဖြည်းဖြည်း သဘောတူညီချက်တစ်ခု ရရှိသွားကြသည်။

၎င်းမှာ အားလုံးအတူတကွ ထွက်ခွာကြရန်၊ ကျူးရွှမ်းကျိနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မီးလျှံတောင်တန်းအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရန်နှင့် စက်မှုစစ်သူကြီးလက်နက်ကို ပြန်လည်ရယူရန်ပင် ဖြစ်ပေသည်။

မျိုးနွယ်စုသုံးစု၏ အမြင်အရ ၎င်းတို့သည် မုန့်ခွေထက် ကျူးရွှမ်းကျိကသာ ချော်ရည်နန်းတော်ကို ရရှိသွားသည်ကို ပို၍ လိုလားကြပေသည်။

အကယ်၍ မုန့်ခွေသာ နန်းတော်ကို ရရှိသွားပါက မုန့်မျိုးနွယ်စုသည် မသေမျိုးမြို့တော်အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာမည်ဖြစ်ရာ မျိုးနွယ်စုသုံးစု၏ ရပ်တည်မှုမှာ များစွာ ကျဉ်းမြောင်းသွားမည် ဖြစ်ချေသည်။

သို့သော် ကျူးရွှမ်းကျိကိုသာ ပေးအပ်လိုက်ပါက၊ အကယ်၍ သူ အနိုင်ရခဲ့လျှင် မျိုးနွယ်စုသုံးစုသည် တော်ဝင်မိသားစု၏ မျက်နှာသာပေးမှုကို ရရှိမည်ဖြစ်ပြီး မီးလျှံတောင် မသေမျိုးမြို့တော်၌ သူတို့၏ အခြေအနေမှာ ပိုမို ခိုင်မာလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ကျန်းရွှမ်းကောက “မိတ်ဆွေတို့... မီးတောင်အတွင်းထဲကို ဝင်ရောက်ရတာက အသက်အန္တရာယ် ရှိနိုင်တယ်” ဟု ပြောလိုက်၏။

“အရေးယူဆောင်ရွက်မှု မပြုလုပ်ခင်မှာ ငါတို့မျိုးနွယ်စုအနေနဲ့ အဲဒီစက်မှုလက်နက်ကို အရေးပေါ် သွန်းလုပ်ဖို့ လိုအပ်တယ်”

ကျန်သည့် ရွှေအမြုတေအဆင့် ဘိုးဘေးများမှာ အတန်ငယ် အံ့အားသင့်သွားကြသော်လည်း နောက်ပိုင်းတွင်မူ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

လွန်ခဲ့သော နှစ်များက ကျန်းမျိုးနွယ်စုသည် ချော်ရည်နန်းတော်မှ စက်မှုပုံစံငယ်တစ်ခုကို ရရှိခဲ့ဖူးပေသည်။ ထိုပုံစံငယ်အတိုင်း ကျန်းမျိုးနွယ်စုသည် အရင်းအမြစ် အမြောက်အမြားကို ရင်းနှီးမြှုပ်နှံ၍ စက်မှုလက်နက်တစ်ခုကို တိတ်တဆိတ် သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။

ဤလက်နက်မှာ အလွန်တရာ အစွမ်းထက်လှပြီး မပြီးဆုံးသေးမီမှာပင် ကျန်းမျိုးနွယ်စုအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ပြီး ဖြစ်ချေသည်။

ယခင်က ကျန်းမျိုးနွယ်စုနှင့် ကျိုးမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် အကြီးအကဲလေးဦးတို့၏ အလောင်းအစားတစ်ခုတွင် ကျန်းမျိုးနွယ်စုမှ ကျင့်ကြံသူနှစ်ဦးသည် ညတာကြယ်တာရာ ကောင်းကင်အစီအရင်အတွင်းသို့ ဝင်ရောက်ခဲ့ရာ၌ ထိုလက်နက်၏ အားသာချက်ကို အသုံးပြု၍ အစီအရင်အတွင်း အောင်မြင်စွာ လှည့်လည်သွားလာနိုင်ခဲ့ကြသည်။

ထိုသို့ဖြင့် ကျိုးမျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ဤလက်နက်၏ အကြောင်းကို သိရှိသွားခဲ့ကြခြင်း ဖြစ်ပေသည်။

ကျန်းမျိုးနွယ်စုသည် ကိုးဆင့်နေမင်း နွားသိုးအဆီကို တက်ကြွစွာ အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် ကျိုးမျိုးနွယ်စု ကျင့်ကြံသူများ၏ အသိအမှတ်ပြုမှုကို ရယူခဲ့ပြီးနောက် ၎င်းတို့က နောက်ဆက်တွဲ စက်မှုလက်နက် သွန်းလုပ်ခြင်းတွင် ကူညီပေးရန် သဘောတူခဲ့ကြသည်။

သို့သော် ကျိုးမျိုးနွယ်စု၏ အစီအရင်ကျွမ်းကျင်မှု တစ်ခုတည်းနှင့်မူ မလုံလောက်ချေ။

ထို့နောက် ကျန်းမျိုးနွယ်စုသည် နင်းမျိုးနွယ်စုထံသို့ တမင်တကာ ချဉ်းကပ်ခဲ့ပြီး လက်နက်ကို အပြီးသတ်နိုင်ရန် အလွန်အမင်း အေးစက်သော သန့်စင်နည်းစနစ်များကို ကူညီပေးရန် မျှော်လင့်ခဲ့ကြသည်။

ထိုသို့ဖြင့် ကျန်းမျိုးနွယ်စုနှင့် နင်းမျိုးနွယ်စုတို့မှာ အလွန် ရင်းနှီးလာကြပြီး အကျိုးကျေးဇူးများစွာကို တိတ်တဆိတ် ဖလှယ်ခဲ့ကြသည်။ ဥပမာအားဖြင့် ကျန်းကျန့်သည် နှင်းနှလုံးသား အဆောင်လက်ဖွဲ့ကို ရရှိခဲ့သလို နင်းရှောင်ဟွေ့သည်လည်း ကျန်းမျိုးနွယ်စု ကျင့်ကြံသူတစ်ဦး၏ တိုက်ရိုက်သင်ကြားပြသမှုဖြင့် တစ္ဆေဓားကို သွန်းလုပ်နိုင်ခဲ့ပေသည်။

ထို့ကြောင့် နင်းမျိုးနွယ်စု ဘိုးဘေးသည်လည်း ဤစက်မှုလက်နက်အကြောင်းကို သိရှိထားပြီး စက်မှုပုံစံငယ်ကိုလည်း မြင်တွေ့ဖူးချေသည်။

“အကယ်၍ ငါတို့ ဒီပစ္စည်းကို အပြီးသတ်နိုင်ရင် တကယ်ပဲ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်” ဟု ကျိုးနုန်းယင်းက စက်မှုလက်နက်ကို အလွန်အမင်း အထင်ကြီးစွာဖြင့် ဆိုလိုက်သည်။

နင်းမျိုးနွယ်စု ဘိုးဘေးကမူ စိတ်ထဲ၌ မျက်မှောင်ကြုတ်နေမိ၏။ အမှန်အတိုင်းပြောရလျှင် သူသည် ကျန်းမျိုးနွယ်စုထံတွင် ယင်းကဲ့သို့ အစွမ်းထက်သော လက်နက်ရှိနေသည်ကို မမြင်လိုပေ။

ကျန်းမျိုးနွယ်စု ရွှေအမြုတေအဆင့် အကြီးအကဲများနှင့် ဆက်ဆံရာတွင် သူသည် ကျန်းမျိုးနွယ်စု၏ ရည်မှန်းချက်ကို အတိအကျ သိရှိထားပြီး နင်းမျိုးနွယ်စုအတွက် အကျိုးကျေးဇူးများစွာကို ရယူနိုင်ခဲ့ပေသည်။

နင်းမျိုးနွယ်စု ဘိုးဘေး၏ အစီအစဉ်တွင် သူသည် ထိုစက်မှုလက်နက်ကို အသုံးပြု၍ ကျန်းမျိုးနွယ်စုကို ထိန်းချုပ်ထားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် ယခုအခါ မီးလျှံတောင်တန်းသို့ စူးစမ်းလေ့လာရေး ခရီးစဉ် နီးကပ်လာပြီဖြစ်ရာ နင်းမျိုးနွယ်စု ဘိုးဘေးသည်လည်း အန္တရာယ်ကို ခံစားနေရချေသည်။

ကျန်းမျိုးနွယ်စုက လက်နက်ကို အပြီးသတ်နိုင်ခြင်းမှာ လူတိုင်း၏ အသက်ရှင်သန်မှုကို အာမခံနိုင်ရန် အမှန်တကယ် အထောက်အကူပြုမည် ဖြစ်ပေသည်။

နင်းမျိုးနွယ်စု ဘိုးဘေးသည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ အလွန်အမင်း အေးစက်သော နည်းစနစ်များကို အသုံးပြုခြင်းမှာ မိမိကိုယ်ကို ထိခိုက်စေနိုင်ပြီး တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း ဖော်ပြလိုက်သည်။

သူသည် မီးလျှံတောင်တန်း ခရီးစဉ်မတိုင်မီ လက်နက်သန့်စင်ရာတွင် ကူညီပေးရန် ဆန္ဒမရှိပေ။ မီးလျှံတောင်တန်း ခရီးစဉ်အပြီးမှသာ ကျန်းမျိုးနွယ်စုကို ကူညီရန် အခွင့်အလမ်း ရှာဖွေလိုစိတ် ရှိချေသည်။

ကျန်းတန်လျန်နှင့် ကျန်းရွှမ်းကောတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ဦးသားစလုံး တစ်ဖက်လူ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို ရိပ်မိကြသည်။

နင်းမျိုးနွယ်စု ဘိုးဘေး၏ ရှောင်လွှဲလိုသော သဘောထားမှာ သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပေသည်။

ဘာမှ ပြဿနာမရှိချေ။

ကျန်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများတွင် နင်းမျိုးနွယ်စု ဘိုးဘေးကို လိုက်လျောလာအောင် ပြုလုပ်နိုင်သည့် နည်းလမ်း ရှိထားပြီးသား ဖြစ်သည်။ ထိုနည်းလမ်းမှာ ကျူးရွှမ်းကျိပင် ဖြစ်ပေသည်။

ကျန်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် ကျူးရွှမ်းကျိထံ သွားရောက်ကာ သူတို့၏ အစီအစဉ် ပြောင်းလဲသွားကြောင်း ပြောကြားခဲ့ကြသည်။

မီးလျှံတောင်တန်းအတွင်းသို့ ဝင်ရောက်ရန်အတွက် စက်မှုလက်နက်တစ်ခုကို အပြီးသတ် သွန်းလုပ်ရန် လိုအပ်ကြောင်း၊ ထိုစက်မှုလက်နက်ကို သန့်စင်ရန်အတွက် နင်းမျိုးနွယ်စု ဘိုးဘေး၏ အလွန်အမင်း အေးစက်သော နည်းစနစ် လိုအပ်ကြောင်း ပြောဆိုခဲ့ကြသည်။

ဤအကြောင်းကို ကြားသိရသောအခါ ကျူးရွှမ်းကျိသည် ကူညီရန် အသင့်ရှိကြောင်း ချက်ချင်းပင် ဖော်ပြလိုက်သည်။ သူသည် မကြာမီမှာပင် နင်းမျိုးနွယ်စု ဘိုးဘေးထံ သွားရောက်ခဲ့၏။

လျှို့ဝှက်စွာ စကားပြောဆိုပြီးနောက်တွင်မူ နင်းမျိုးနွယ်စု ဘိုးဘေးသည် တော်ဝင်မိသားစု၏ ဖိအားပေးမှုကြောင့် မတတ်သာဘဲ သဘောတူလိုက်ရချေတော့သည်။

နင်းကျော့သည် မျိုးနွယ်စုအကြီးအကဲ၏ ဂေဟာသို့ ရောက်ရှိလာပြီး နင်းမျိုးနွယ်စု အကြီးအကဲနှင့် တွေ့ဆုံလိုက်သည်။

“မျိုးနွယ်စုခွဲက နင်းကျော့၊ မျိုးနွယ်စုအကြီးအကဲကို ဂါရဝပြုပါတယ်” ဟု နင်းကျော့က လက်အုပ်ချီ၍ အလေးအမြတ် ပြုလိုက်သော်လည်း သူ၏ လေသံမှာမူ အေးစက်လျက် ရှိပေသည်။

နင်းမျိုးနွယ်စု အကြီးအကဲကမူ ပြုံးရွှင်စွာဖြင့် နင်းကျော့အား လက်ဟန်ပြခေါ်လိုက်ပြီး “လာပါ ကျော့လေး၊ ဒီမှာ ထိုင်ပါဦး။ မတ်တတ်ကြီး မရပ်နေပါနဲ့” ဟု ဆိုသည်။

နင်းကျော့က မည်သည့် ခံစားချက်မျှ မပြဘဲ “မျိုးနွယ်စုအကြီးအကဲ၊ ပြောစရာရှိတာကို တိုက်ရိုက်ပဲ ပြောပေးပါ။ ကျွန်တော့်မှာ မှောင်ခိုဈေးကွက်က ကိစ္စတချို့ကို စီမံစရာ ရှိနေလို့ပါ” ဟု ဆိုလိုက်၏။

“ဟားဟား၊ ငါသိပါတယ်၊ မင်းက အလုပ်များတဲ့လူဆိုတာ ငါသိတာပေါ့” ဟု နင်းမျိုးနွယ်စု အကြီးအကဲက ခပ်ဖွဖွ ရယ်မောရင်း နူးညံ့သော လေသံဖြင့် ဆိုသည်။

“ဒီတစ်ခါ မင်းကို ခေါ်လိုက်ရတာက အဓိကအားဖြင့် နင်းရှောင်ဟွေ့ ကိစ္စကြောင့်ပါ”

“မင်းလည်း သိပြီးသားဖြစ်မှာပါ...”

နင်းကျော့က ချက်ချင်းပင် စကားဖြတ်ပြောလိုက်၏။ “နင်းရှောင်ဟွေ့က ကျွန်တော့်ကို လုပ်ကြံခဲ့တာလေ။ မျိုးနွယ်စုအကြီးအကဲက သူမအတွက် ရှေ့နေလိုက်ပေးချင်လို့လား”

“ဒါက လုပ်ကြံတာ မဟုတ်ပါဘူး၊ မဟုတ်ရပါဘူး” ဟု နင်းမျိုးနွယ်စု အကြီးအကဲက အကြိမ်ကြိမ် ငြင်းဆိုသည်။ “ငါတို့အားလုံးက မိသားစုဝင်တွေပဲလေ၊ ဘယ်လိုလုပ် လုပ်ကြံတာ ဖြစ်နိုင်မှာလဲ”

“နင်းရှောင်ဟွေ့က ငယ်သေးလို့ပါ။ အရေးကြီးတဲ့ အချိန်မှာ ဖိအားကို မခံနိုင်ဘဲ မှားယွင်းသွားတာပါ”

နင်းမျိုးနွယ်စု အကြီးအကဲက နောက်ဆုံးတွင် အလေးအနက်ထား၍ ပြောလိုက်သည်မှာ “အမှားတစ်ခုပါ၊ အမှားတစ်ခု ဖြစ်သွားခဲ့တာပါ” ဟူ၍ ဖြစ်သည်။

နင်းကျော့က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး “အဲဒီလိုပဲ ယူဆထားတယ်ဆိုရင်လည်း ကျွန်တော့်ဘက်က ပြောစရာ မရှိတော့ပါဘူး” ဟု ဆိုလိုက်၏။

“ဒါပေမဲ့...”

“တကယ်ပဲ အဲဒီလို ထင်နေတာလား။

ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာလား”

“နင်းမျိုးနွယ်စုက အကြီးအကဲအားလုံးက အဲဒီလိုပဲ ထင်ကြတာလား၊ ဒါမှမဟုတ် အများစုကပဲ အဲဒီလို ထင်နေကြတာလား”

နင်းမျိုးနွယ်စု အကြီးအကဲ၏ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာပြီး “ဒါကြောင့်မို့လို့ ကိစ္စရပ်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် မင်းကို အထူးတလည် ခေါ်ယူခဲ့တာပေါ့။ အရာအားလုံးက ညှိနှိုင်းလို့ ရပါတယ်” ဟု ဆိုသည်။

နင်းကျော့သည် အတန်ငယ် အံ့အားသင့်သွားပြီးနောက် မျက်လုံးများ တောက်ပလာကာ “အော်... ဟုတ်လား” ဟု ရေရွတ်လိုက်၏။

ခဏအကြာတွင် သူသည် မျိုးနွယ်စုအကြီးအကဲ၏ စာကြည့်ခန်းမှ ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့ပေသည်။ နင်းကျော့ ထွက်ခွာသွားသည်ကို အတည်ပြုပြီးနောက် စာကြည့်ခန်းအတွင်းမှ ပစ္စည်းများ ရိုက်ခွဲသံများ ထွက်ပေါ်လာချေတော့သည်။

ထိုအသံမှာ အတော်အတန် ကြာမြင့်ခဲ့ပြီးမှ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။

နင်းကျော့သည် မြေအောက်အခြေစိုက်စခန်းသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး စွန်းလင်ထုံနှင့် လျှို့ဝှက်စွာ တွေ့ဆုံလိုက်သည်။

စွန်းလင်ထုံသည် နင်းကျော့ကို တွေ့ရသဖြင့် အလွန်အမင်း ဝမ်းသာသွားပြီး ခုန်ပေါက်ကာ နင်းကျော့၏ ပခုံးကို ဖက်လျက် အားရပါးရ ပုတ်လိုက်၏။

“ကျော့လေး၊ မင်း ရောက်လာပြီလား”

သူတို့နှစ်ဦးသည် ချော်ရည်နန်းတော်အတွင်း၌ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ပြင်ပလောကတွင် လူချင်းတွေ့ဆုံရသည်မှာ မကြာသေးမီက အတော်ပင် နည်းပါးခဲ့သည်။

စွန်းလင်ထုံသည် လျှို့ဝှက်မြေအောက်အခြေစိုက်စခန်း၌သာ အောင်းနေခဲ့ရပြီး ပြင်ပလူကို မတွေ့ရသဖြင့် အတော်ပင် မငြိမ်မသက် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

သူ ချစ်ခင်ရသော ညီလေးကို မြင်တွေ့ရသဖြင့် စွန်းလင်ထုံမှာ သဘာဝအတိုင်းပင် အလွန် ဝမ်းမြောက်နေမိချေသည်။

သူ့ကို ပို၍ ပျော်ရွှင်စေသည်မှာ သူတို့၏ တိုက်ပွဲမှ ရရှိခဲ့သော အကြီးမားဆုံးသော ဆုလာဘ်ဖြစ်သည့် မိစ္ဆာကျင့်ကြံသူ နင်းယဲ့ပင် ဖြစ်ပေသည်။ နင်းယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အဆောင်လက်ဖွဲ့ ဆယ်ခုကျော် ကပ်ထားပြီး သူ့ကို လုံးဝ မလှုပ်ရှားနိုင်အောင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားချေသည်။

“အကိုစွန်း၊ သူ့ကို ဘယ်လို စီမံမလဲ။ အကိုမှာ အကြံရှိလား” ဟု နင်းကျော့က မေးမြန်းလိုက်သည်။

စွန်းလင်ထုံက ခေါင်းခါပြကာ “အကယ်၍ ချီပိုင်မှာ ဝိညာဉ်ကို သန့်စင်နိုင်တဲ့ နည်းလမ်းရှိရင် သူ့ကို လုပ်ခိုင်းမှာပေါ့” ဟု ဆို၏။

“ဒါပေမဲ့ အခုတော့ သူ့ရဲ့ ဝိညာဉ်အနှစ်သာရက ငါးဆယ့်ခြောက်ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီဆိုတော့ ဒါက လုံးဝ မဖြစ်နိုင်တော့ဘူး”

စွန်းလင်ထုံက သက်ပြင်းချလိုက်သည်။ တိုက်ပွဲမတိုင်မီက စွန်းလင်ထုံသည် ချီပိုင်၏ သိုလှောင်အိတ်ကို အန္တရာယ်ပြုကာ ဖွင့်လှစ်ခဲ့ပြီး ပညာမီးလျှံဖြင့် ဝိညာဉ်ချေဖျက် လွတ်မြောက်ရာကျမ်းကို အသုံးပြု၍ ချီပိုင်၏ ကိုယ်ပိုင်ပစ္စည်းများကို မီးရှို့ကာ ငရဲစေတမန် ချီပိုင်၏ ဝိညာဉ်အနှစ်သာရကို အမြောက်အမြား ပြန်လည်ရရှိအောင် ကူညီပေးခဲ့သည်။

သူ၏ ဝိညာဉ်အနှစ်သာရမှာ တစ်ကြိမ်တွင် ကိုးဆယ့်နှစ်ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ဖူးပေသည်။

သို့သော် မကြာသေးမီက တိုက်ပွဲအပြီးတွင်မူ ချီပိုင်၏ ဝိညာဉ်အနှစ်သာရမှာ ငါးဆယ့်ခြောက်ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ရချေသည်။

မူလက နင်းယဲ့သည် နှင်းဝိညာဉ် နှင်းခဲအနှစ်သာရ ပါရမီရှိသူဖြစ်ပြီး မိစ္ဆာကျင့်ကြံသူလည်း ဖြစ်ရာ သရဲစစ်သူကြီးတစ်ဦးအဖြစ် ပြောင်းလဲရန် အလွန်ပင် သင့်တော်လှပေသည်။

ချီပိုင် သက်ရှိထင်ရှားရှိစဉ်က သရဲစစ်သူကြီးများကို ထိန်းချုပ်နိုင်စွမ်းမှာ နင်းကျော့အပေါ် ကြီးမားသော စွဲလန်းမှုကို ဖြစ်စေခဲ့ဖူး၏။

သို့သော် ငရဲစေတမန် ချီပိုင်အနေဖြင့် ဝိညာဉ်သန့်စင်ခြင်း စွမ်းရည်ကို ပြန်လည်ရရှိရန်အတွက် ဝိညာဉ်ရွေ့လျားမှု အဆင့်ကို အရင်ကျော်ဖြတ်ရမည်ဖြစ်ပြီး ထူထပ်သော ဉာဏ်ဝိညာဉ်ကို အရင် တည်ဆောက်ရမည် ဖြစ်ပေသည်။

ထိုသို့သော အရှိန်နှုန်းမှာ အလွန်ပင် နှေးကွေးလှသည် မဟုတ်လော။

စွန်းလင်ထုံအနေဖြင့်မူ သူ၏ အစွမ်းကို မြှင့်တင်ရန်အတွက် ယခုအချိန်၌ပင် သူ့ကို အသုံးချလိုနေချေသည်။

နင်းကျော့က သဘောပေါက်သွားပြီး “ဒါဆို သူ့ကို စက်မှုအစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြမလား” ဟု ဆိုလိုက်သည်။

“အင်းပေါ့” ဟု စွန်းလင်ထုံက အကြိမ်ကြိမ် ခေါင်းညိတ်သည်။

နင်းမျိုးနွယ်စုသည် ဝိညာဉ်ဝါးဂိုဏ်း သို့မဟုတ် ဗုဒ္ဓနှလုံးသားဂိုဏ်းတို့ကဲ့သို့ မဟုတ်ချေ။ သူတို့တွင် ပြစ်မှုကျူးလွန်သူကို မှတ်သားနိုင်ရန် မျိုးနွယ်စုဝင်များ၏ ခိုင်မာသော တံဆိပ်ခတ်နှိပ်မှုများ မရှိကြပေ။

ထို့ကြောင့် နင်းကျော့နှင့် စွန်းလင်ထုံတို့သည် နင်းယဲ့ကို သူတို့ အလိုရှိသလို စီမံခွင့် ရရှိထားကြခြင်း ဖြစ်သည်။

မည်သည့် ဝေခွဲမနေမှုမျှ မရှိဘဲ သူတို့နှစ်ဦးသည် ဆေးဖိုကို ဖွင့်လှစ်ကာ နင်းယဲ့ကို အတွင်းသို့ ပစ်ထည့်လိုက်ကြ၏။

ထို့နောက် သူတို့နှစ်ဦးစလုံး ပညာမီးလျှံဖြင့် ဝိညာဉ်ချေဖျက် လွတ်မြောက်ရာကျမ်းကို အတူတကွ အသုံးပြု၍ ဆေးဖိုကို မီးမြှိုက်ကာ နင်းယဲ့ကို သေခြင်းတရားဖြင့် အမှန်တကယ် အေးချမ်းမှု ရရှိစေလိုက်ကြတော့သည်။

“ပူလိုက်တာ၊ ပူလိုက်တာ” ဟု ဆိုကာ စွန်းလင်ထုံသည် သန့်စင်ခြင်းလုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်ပြီး ဆေးဖိုကို အအေးခံလိုက်၏။ သူသည် သူ၏ လက်ဖဝါးလေးကို ယပ်တောင်အဖြစ် အသုံးပြုကာ ချွေးများစိုရွှဲနေသော သူ၏ မျက်နှာလေးကို ယပ်ခတ်နေမိသည်။

ရုတ်တရက် သူ၏ မျက်လုံးများ တောက်ပလာကာ ငရဲစေတမန် ချီပိုင်ကို ထုတ်ယူလိုက်ပြီး နင်းကျော့အား “ကျော့လေး၊ ဒီကို လာဦး” ဟု ခေါ်လိုက်သည်။

မကြာသေးမီက တိုက်ပွဲတွင် ချီပိုင်သည် ပြင်ဆင်ရေးအဖွဲ့ဝင် အချို့ကို သုတ်သင်ခဲ့ပြီး ဝိညာဉ်ဝါးကျင့်စဉ်ကိုလည်း အကြိမ်ကြိမ် အသုံးပြုခဲ့ပေသည်။

“အကိုစွန်း အရင်လုပ်ပါ”

နင်းကျော့က စွန်းလင်ထုံ၏ ဘေးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

စွန်းလင်ထုံသည် အားနာမနေတော့ဘဲ ချီပိုင်ကို ထိန်းချုပ်ကာ မိမိကိုယ်ကိုယ် ဝိညာဉ်အနှစ်သာရ အမြောက်အမြား ဖြည့်သွင်းလိုက်၏။

“နေလို့ ကောင်းလိုက်တာ၊ သိပ်ကို နေလို့ ကောင်းတာပဲ” ဟု စွန်းလင်ထုံက မျက်လုံးများကို မှိတ်ထားရင်း ဝမ်းမြောက်ဝမ်းသာ ဆိုလိုက်သည်။

“ကျော့လေး၊ မင်းအလှည့်၊ မင်းအလှည့်” သူသည် ဝိညာဉ်အနှစ်သာရ၏ ထက်ဝက်ကို စုပ်ယူပြီးနောက် နင်းကျော့အား နေရာပေးလိုက်သည်။

ထို့နောက်တွင်မူ နင်းကျော့သည်လည်း ဝိညာဉ်အနှစ်သာရ၏ ပြုစုပျိုးထောင်မှုကို ရရှိခဲ့ပေသည်။

သူတို့၏ ဝိညာဉ်စွမ်းအားမှာ အဆပေါင်း ရာနှင့်ချီ၍ တိုးတက်လာခဲ့ရာ ယခုအခါ အဆနှစ်ဆတိုးသည့် အခြေအနေသို့ ရောက်ရှိရန် ပြတ်သားစွာ နီးကပ်လာခဲ့ချေပြီ။

သူတို့နှစ်ဦးစလုံး ဝိညာဉ်အနှစ်သာရ အားလုံးကို ရယူလိုက်ကြပြီးနောက် အားအင်သစ်များ ပြန်လည်ရရှိလာသလို ခံစားလိုက်ရသည်။

ဆေးဖိုမှာ လုံးဝ အေးသွားသောအခါ သူတို့သည် ဆေးဖိုကို ဖွင့်လှစ်၍ ကြိတ်ဆုံခဲအရွယ်အစားရှိသော စက်မှုလုံးလုံးကလေးတစ်ခုကို ထုတ်ယူလိုက်ကြ၏။

ထိုစက်မှုလုံးလေး၏ မျက်နှာပြင်မှာ ဖန်သားခွံတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏ အလယ်ဗဟိုတွင် အပြာရောင် ကျောက်ဆောင်ဖြင့် ပြုလုပ်ထားသော ခါးပတ်ကဲ့သို့သော လိုင်းတစ်ခု ရှိနေချေသည်။

စက်မှုလုံး၏ ထိပ်နှစ်ဖက်စလုံးတွင် အပြာရောင် ကျောက်ဆောင် အဝိုင်းပြားလေးတစ်ခုစီ တပ်ဆင်ထားပေသည်။

ဖန်သားခွံ၏ အတွင်းပိုင်း၌မူ ဖြူလွလွ အခိုးအငွေ့များမှာ မရပ်မနား လှုပ်ရှားနေကြပြီး တစ်ခါတစ်ရံတွင် ကျယ်ပြန့်လာကာ တစ်ခါတစ်ရံတွင်မူ ကျုံ့သွားကြပြန်သည်။

ထိုစက်မှုလုံးလေးမှာ လေထဲတွင် လွင့်မျောနေပြီး အေးမြသော အငွေ့အသက်များကို ထုတ်လွှင့်နေချေသည်။

၎င်း၏ ဉာဏ်ဝိညာဉ်မှာ သုံးဆယ့်ခြောက်ရာခိုင်နှုန်း ရှိပေသည်။

စက်မှုလက်နက် - ရာသီဥတုလေအိတ် နှင်းခဲသလင်းပွင့် ဖြစ်ပေသတည်း။

All Chapters