ရင်းနှီးကျွမ်းဝင်ခြင်း...
Vol. 23 Ch. 317
စုမင် မျက်လုံးများကိုပြန်ဖွင့်၍ သူ့ရှေ့ဆယ်ပေအကွာတွင်ထိုင်နေသော မီးတောက်မျောက်ဝံအား ကြည့်လိုက်သည်။ “ငါ သူ့ကို အမြဲတမ်း ဖမ်းမိချင်ခဲ့တယ်...”
တောင်ပိုင်းအရုဏ်ဦးကုန်းမြေတွင် ဤမီးတောက်မျောက်ဝံကို အမှန်တစ်ကယ် ယဉ်ပါးအောင်လုပ်နိုင်မည့် လူတစ်ယောက်ရှိကောင်းရှိနိုင်သော်လည်း သူတို့၏ ယဉ်ပါးစေခြင်းနည်းလမ်းက အင်အားသုံးအကြမ်းဖက်ခြင်းနှင့် ဆက်စပ်နေပေလိမ့်မည်။ ကောင်လေးပြောခဲ့သလိုပင် ဤမီးတောက်မျောက်ဝံက အမျိုးအစားအသစ်တစ်မျိုး ဖြစ်နေခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် မည်သူကမှ မီးတောက်မျောက်ဝံကို ယဉ်ပါးအောင်လုပ်ခြင်းတွင် အတွေ့အကြုံမရှိပေ။ အခြားသားရဲရိုင်းများပေါ်တွင် သုံးသည့် ယဉ်ပါးခြင်းနည်းလမ်းများကိုသာ သူတို့အသုံးပြုနိုင်ပေလိမ့်မည်။ စုမင်တစ်ဦးတည်းကသာ မီးတောက်မျောက်ဝံနှင့် မိတ်ဖွဲ့ရာတွင် အတွေ့အကြုံရှိချေ၏။
အဘယ်ကြောင့်ဆိုသော် သူငယ်ရွယ်ခဲ့စဉ်အခါက သူ၏ ငယ်ဘဝတစ်လျှောက်လုံး အတူတူရှိနေပေးခဲ့သည့် မီးတောက်မျောက်ဝံတစ်ကောင် ရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။
“ဒါပေမယ့် ငါသူ့ကို ဘယ်တုန်းကမှ လိုက်မမီနိုင်ခဲ့ဘူး...”
စုမင် ခေါင်းခါယမ်းရင်း မတ်တပ်ထရပ်လိုက်ပြီး မီးတောက်မျောက်ဝံထံ လျှောက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် မီးတောက်မျောက်ဝံ၏ မျက်နှာပေါ်တွင်လည်း သတိထားဟန်များ ပေါ်လာခဲ့သည်။ ၎င်းက ခပ်တိုးတိုးဟိန်းဟောက်လိုက်ပြီး ၎င်း၏မျက်နှာထက်တွင် ရိုင်စိုင်းကြမ်းကြုတ်ဟန် အမူအယာက နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့၏။
“သူငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းမိအောင်ခွင့်မပြုခင်အချိန်အထိ အဲလိုနဲ့ နှစ်ပေါင်းများစွာကြာခဲ့တယ်... အဲဒီအချိန်တုန်းက ငါအရမ်းပျော်ခဲ့တာ။ ဒါပေမယ့် သူက ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်တိုင်အဖမ်းခံခဲ့တယ်ဆိုတာ ငါ မကြာခင်မှာ သတိပြုမိခဲ့တယ်။ ဘာလို့လဲဆိုတော့ သူလည်း တောထဲမှာ အရမ်းအထီးကျန်နေခဲ့ရလို့လေ... ငါ့လိုပဲပေါ့” စုမင် မီးတောက်မျောက်ဝံဆီ လျှောက်သွားနေရင်း အသံတိုးတိုးဖြင့်ပြောလိုက်သည်။
မျောက်ဝံ၏ မျက်လုံးများအတွင်း ရက်စက်သောအကြည့်တစ်ခု ပေါ်လာပြီး စုမင်လျှောက်လှမ်းလာသည့် အခိုက်တွင် ၎င်းက ရုတ်တရက်ခုန်အုပ်၍ စုမင်မျက်နှာကို လက်သည်းဖြင့် ကုတ်ခြစ်လိုက်သည်။ ၎င်းက အလွန်လျင်မြန်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လေပြင်းတစ်ခုက စုမင်မျက်နှာအား ရိုက်ခတ်လာခဲ့သည်။
သို့သော် ဤတစ်ကြိမ် ၎င်း၏ လက်သည်း စုမင်အားထိတော့မည့် အချိန်တွင် စုမင်ခန္ဓာကိုယ်က ဘေးသို့လှည့်သွားခဲ့သည်။ စုမင်သည် မီးတောက်မျောက်ဝံ၏ ဆုတ်ဖြဲခံလိုက်ရပုံပေါ်သော်လည်း အမှန်စင်စစ် ထိုသားရဲသည် ပုံရိပ်ယောင်တစ်ခုကိုသာ ဆုတ်ဖြဲနိုင်လိုက်ခြင်း ဖြစ်သည်။
“အဲဒီအချိန်ကျမှ ငါသိသွားတာက သူ့ကိုရှာတွေ့ခဲ့တာ ငါမဟုတ်ဘူးဆိုတာပဲ။ သူကသာ ငါ့ကို သူ့သူငယ်ချင်းဖြစ်လာဖို့ ရွေးချယ်ခဲ့တာ... ထာဝရသူငယ်ချင်းတစ်ယောက် အဖြစ်...” စုမင် တီးတိုးရေရွတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဘေးသို့ရွှေ့လိုက်ပြီး ခြေတစ်လှမ်းလှမ်း၍ မီးတောက်မျောက်ဝံနောက်တွင် ရပ်လိုက်သည်။ ထို့နောက် သူ့ညာလက်ကိုမြှောက်၍ ၎င်း၏ခေါင်းအနောက်ဘက်မှ သားမွေးများကို အသာအယာပွတ်သပ်ပေးလိုက်သည်။ သူ၏အထိအတွေ့က အလွန်ညင်သာလွန်းပြီး အတိတ်တုန်းက ရှောင်ဟုန်အား တယုတယပွတ်သပ်ပေးခဲ့သလိုပင် ဖြစ်သည်။ ဤလုပ်ဆောင်မှုသည် ရှောင်ဟုန်အား အလွန်ဇိမ်ကျစေခဲ့သည်။
မီးတောက်မျောက်ဝံလေးသည် တုန်ယင်သွားပြီး နောက်သို့လှည့်ကြည့်လာ၏။ ၎င်းက သွားဖြဲပြလိုက်ပြီး ထိုအခိုက်အတန့်တွင် ဖြစ်ပေါ်လာသော သူ့နှလုံးသား၏ လျင်မြန်စွာ ခုန်လှုပ်နေမှုကို ဖုံးကွယ်ရန် သူ့မျက်နှာထက်တွင် ဒေါသများပေါ်လာခဲ့သည်။
သူ့ကို အစွယ်ပြမာန်ဖီနေသည့် မီးတောက်မျောက်ဝံလေးကို ကြည့်လိုက်ပြီး စုမင် အသာအယာပြောလိုက်သည်။ “မင်းက အရမ်းမြန်တယ်။ မင်းကိုသာ သံကြိုးနဲ့ ချည်နှောင်ခံမထားရရင်၊ ဒီထက်တောင် ပိုမြန်ဦးမယ်... ရှောင်ဟုန်လိုပဲပေါ့။ သူလည်း အရမ်းမြန်တယ်။ ငါငယ်ငယ်တုန်းကဆို ဘယ်တုန်းကမှ သူ့ကိုလိုက်မမီခဲ့ဘူး”
“ဒီနေရာက မင်းနေဖို့ မသင့်တော်ဘူး။ လူရိုင်းတွေရဲ့ နယ်မြေက မင်းအတွက် ပိုသင့်တော်တဲ့ ရွေးချယ်စရာတစ်ခု ဖြစ်နိုင်တယ်။ ငါ မင်းကိုအန္တရာယ်မပေးပါဘူး။ လူရိုင်းတွေရဲ့နယ်မြေဆီကို ငါသွားတာနဲ့ ငါ သံကြိုးတွေကိုလွှတ်ပေးမယ်။ ငါ... မင်းကို လွတ်လပ်မှုပြန်ပေးပါ့မယ်...” စုမင် တီးတိုးရေရွတ်လိုက်ပြီး မီးတောက်မျောက်ဝံလေးကို ကြည့်လိုက်သည်။
မျောက်လေးသည် စုမင်ပြောလိုက်သည်ကို နားမလည်သည့်ပုံဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး စုမင်ကို သတိထားလျက် ကြည့်နေသည်။
“ဘယ်သူပိုမြန်လဲဆိုတာ အလောင်းအစားတစ်ခု လုပ်ကြည့်ရအောင်”
စုမင်ရုတ်တရက် ပြုံးပြလိုက်သည်။ ထိုအပြုံးထဲတွင် တောင်ပိုင်းအရုဏ်ဦးကုန်းမြေသို့ သူစတင်ရောက်ရှိခဲ့ချိန်မှစ၍ စုမင်မျက်နှာထက်၌ ပေါ်မလာခဲ့ဖူးသည့် ရိုးရှင်းမှုများ ပါဝင်နေသည်။ ထိုအပြုံးသည် လူငယ်လေးတစ်ယောက်ထံမှ ဖြစ်ပြီး ယောကျ်ားကြီးတစ်ယောက်ထံမှ မဟုတ်ပေ။
“အကယ်၍ မင်းနိုင်ရင် ငါမင်းကို ချက်ချင်းကြိုးဖြေပေးပြီး လွတ်လပ်ခွင့်ပြန်ပေးမယ်။ ဒါပေမယ့် အကယ်၍ မင်းရှုံးသွားရင်တော့ မင်းသားမွေးတွေကို သန့်ရှင်းရေးလုပ်ရမယ်။ မင်းပုံစံက အခုအရမ်းညစ်ပတ်နေတယ်” စုမင်က မီးတောက်မျောက်ဝံလေးကို ကြည့်နေသလို မီးတောက်မျောက်ဝံလေးကလည်း စုမင်အားကြည့်နေခဲ့သည်။
“ဒီနေရာကနေ တောင်ထိပ်အထိ ငါတို့အပြေးပြိုင်ကြမယ်။ ဘယ်သူပိုမြန်လဲဆိုတာ ကြည့်ရအောင်... မင်း စည်းမျဉ်းတွေကိုတော့ လိုက်နာရမယ်နော်”
စုမင် နဝမတောင်ထွတ်၏ တောင်ထိပ်သို့ ညွှန်ပြလိုက်ပြီး သူ့ဘယ်လက်ထဲတွင် ကိုင်ထားသည့်သံကြိုးကို လွှတ်ပေးလိုက်သည်။
သူ့ဘယ်လက်ထဲမှ သံကြိုးကို လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မီးတောက်မျောက်ဝံလေးက ရှေ့သို့ဦးတည်ပြေးထွက်သွားသည်။ သို့သော် ၎င်းက တောင်ထိပ်ဆီသို့ ဦးတည်ပြေးသွားခြင်းမဟုတ်ပဲ ထိုအစား လေထဲသို့ခုန်တက်၍ အဝေးသို့ထွက်ပြေးသွားချင်ပုံပေါ်၏။ ၎င်းကအော်မြည်လိုက်ပြီး ထိုအသံထဲတွင်
လှောင်ပြောင်ခြင်းများ ပြည့်နေခဲ့သည်။
ဘေးမှရပ်ကြည့်နေသော ကျီချဲသည်ပင် တုန်လှုပ်သွားခဲ့ပြီး သူ့မျက်နှာထက်တွင် သဘောကျသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။ စုမင်သည် ဉာဏ်ကောင်းသောလူတစ်ယောက်ဟု သူအမြဲတမ်းတွေးထင်ထားခဲ့သော်ငြား ယခုသူ့မျက်စိရှေ့မှ အရာများကို မြင်လိုက်ရချိန်တွင်တော့ သဘောတကျပြုံးမိသွားရုံမှအပ မတတ်နိုင်ခဲ့ချေ။
“အနည်းဆုံးတော့ သူ့ပထမဆုံးအတွေးက ငါ့ကိုတိုက်ခိုက်ဖို့ မဟုတ်ပဲ၊ ထွက်ပြေးဖို့ ဖြစ်နေတာပဲ”
စုမင် အပြုံးတစ်ခုဖြင့် ကျီချဲကိုလှမ်းကြည့်လိုက်ပြီး ကောင်းကင်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူခြေချလိုက်သည့် အခိုက်အတန့်မှာပင် သူ့ကိုယ်ပေါ်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ့ခြေထောက်များပေါ်ရှိ ရေခဲကွင်းဆယ့်ခြောက်ခုထဲမှ လေးခုက ပေါက်ကွဲသွားချေပြီ။
ထိုအရာကြောင့် စုမင်အမြန်နှုန်းက ချက်ချင်းတိုးမြင့်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်မျောက်ဝံနောက်သို့ ပြေးလိုက်သွားပြီး သူတို့ကြားအကွာအဝေးက ချက်ချင်းနီးကပ်သွားသည်။ ထိုအချိန်မှာပင် စုမင်ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာပြီး နောက်ထပ်ရေခဲကွင်းလေးခု ပေါက်ကွဲသွားပြန်သည်။ ထိုသို့ဖြစ်ပျက်သွားသည့် အခိုက်အတန့်မှာပင် စုမင်အမြန်နှုန်းက လေဟာနယ်ကို ဆုတ်ဖြဲနိုင်သည့် အဆင့်တစ်ခုသို့ရောက်ရှိသွားသည်။ ခြေတစ်လှမ်းတည်းဖြင့် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပုံပေါ်ပြီး ပြန်ပေါ်လာသောအခါ မီးတောက်မျောက်ဝံနှင့် ပေတစ်ရာခန့်ပင် မဝေးတော့ချေ။
မီးတောက်မျောက်ဝံလေးသည် အလျင်အမြန်လှည့်ကြည့်လာပြီး ၎င်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဟန် အထင်းသားပေါ်လာခဲ့သည်။ ၎င်းက စူးရှစွာအော်မြည်လိုက်ပြီး ၎င်း၏ အရှိန်နှုန်းအပြည့်ဖြင့် ရှေ့သို့ဦးတည်လိုက်စဉ်မှာပင် နောက်ထပ်ပေါက်ကွဲသံ နှစ်သံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
စုမင်ကိုယ်ပေါ်ရှိ နောက်ထပ်ရေခဲကွင်းနှစ်ခု ပေါက်ကွဲသွားပြန်သည်။ သူ့အမြန်နှုန်းက အလွန်တိုးမြင့်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်မျောက်ဝံရှေ့၌ ပေါ်လာခဲ့ကာ ၎င်း၏ဦးတည်ရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
“မင်း စည်းမျဉ်းတွေကို လိုက်နာရမယ်လေ” စုမင်က အပြုံးဖြင့်ပြောသည်။
မီးတောက်မျောက်ဝံလေးသည် ၎င်း၏မျက်လုံးများကိုပြူး၍ သွားဖြဲကာ မာန်ဖီလိုက်ပြီး နောက်လှည့်ကာ အခြားအရပ်မျက်နှာတစ်ခုဆီ အလျင်အမြန်ပြေးလွှားသွားသည်။ ၎င်း၏ နောက်ပြန်ဆုတ်သွားမှုကို ကြည့်လိုက်ပြီး စုမင်မျက်လုံးများအတွင်း ချီးကျူးဟန်များပေါ်လာခဲ့သည်။
ယခင်က လုပ်ချင်ခဲ့သလို စုမင်ခန္ဓာကိုယ်အား ကြမ်းတမ်းစွာဆုတ်ဖြဲပစ်ရမည့်အစား အဘယ်ကြောင့် လမ်းကြောင်းပြောင်းရန် ရွေးချယ်ခဲ့မိသည်ကို မီးတောက်မျောက်ဝံလေးကိုယ်တိုင်တောင် သေချာမသိပေ။
စုမင်၏ စကားများက ၎င်းအပေါ် သက်ရောက်မှုရှိသွားခဲ့ခြင်း ဖြစ်နိုင်သလို စုမင်အပြုံးက သူ့ကိုခံစားသွားခဲ့ရစေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ စုမင်လက်မှ နူးညံ့သောအထိအတွေ့သည် သူ့အား တွန့်ဆုတ်သွားစေခြင်း ဖြစ်ကောင်းဖြစ်နိုင်သလို အခြားတစ်စုံတစ်ရာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
မီးတောက်မျောက်ဝံလေးသည် လမ်းကြောင်းပြောင်းသွားသောအခါ စုမင်လည်း ရှေ့သို့ခြေတစ်လှမ်းတက်လိုက်ရာ သူပြန်ပေါ်လာချိန်တွင် မီးတောက်မျောက်ဝံလေး၏ ရှေ့တွင် နောက်တစ်ကြိမ်ရပ်နေခဲ့ပြန်ချေသည်။ မီးတောက်မျောက်ဝံလေးသည် အကြိမ်အချို့ လမ်းကြောင်းပြောင်းခဲ့သော်လည်း သူ့လမ်းကြောင်းကို စုမင်၏ ထပ်ခါထပ်ခါ ပိတ်ဆို့ခံခဲ့ရသဖြင့် သူ့မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်မှုများ ပြန်ပေါ်လာခဲ့သည်။
၎င်းက စူးရှစွာအော်မြည်လိုက်ပြီး လမ်းကြောင်းထပ်မပြောင်းတော့ပေ။ ထိုအစား ရူးသွပ်မှုများပြည့်နေသည့် သွေးနီရောင်မျက်လုံးများနှင့်အတူ သူ့လမ်းကြောင်းအား ပိတ်ဆို့နေသည့် ထိုလူသားကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုသည့် ရည်ရွယ်ချက်ဖြင့် ၎င်း၏လက်သည်းများကိုမြှောက်ကာ စုမင်အား ကုတ်ခြစ်လိုက်သည်။
မီးတောက်မျောက်ဝံလေး စုမင်အားကုတ်ခြစ်လိုက်ချိန်တွင် အနက်ရောင်မြူခိုးများသည် စုမင်အားဝန်းရံသွားပြီး စစ်နတ်ဘုရားချပ်ဝတ်က ပုံရိပ်ယောင်တစ်ခုသဖွယ် ချက်ချင်းထွက်ပေါ်လာသည်။ ထိုချပ်ဝတ်သည် ပုံမှန်အတိုင်းသာ ရှိနေပုံပေါ်သော်လည်း အကယ်၍ ၎င်းအား အနီးကပ်ကြည့်မည်ဆိုလျှင် ထိုအနက်ရောင်မြူခိုးများသည် ကန့်လန်ဖြတ်ဖြတ်သန်းရောယှက်နေသည့် မျဉ်းကြောင်းများစွာအဖြစ် စုဝေးလျက် ပြီးပြည့်စုံသော ချပ်ဝတ်ပုံ ပေါ်နေခြင်းဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
မီးတောက်မျောက်ဝံလေး၏ လက်သည်းများ စုမင်ကိုယ်ပေါ်ရှိ ချပ်ဝတ်အား ထိသွားသည့်အချိန်တွင်
ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး မျောက်ဝံလေးထံမှ သန်မာသောအားတစ်ခု ပျံ့နှံ့လာခဲ့သည်။ ထိုအားသည် အလွန်သန်မာလှသဖြင့် ရုပ်နယ်လွန်နယ်ပယ်မှ မာန်စွမ်းအားရှင်တစ်ဦး ဆင့်ခေါ်နိုင်သည့်အရာမျိုးမဟုတ်ချေ။ ထိုအရာက ရိုးရေစတေးနယ်ပယ်မှ လူများ၏ စွမ်းအားနှင့်တူညီသော အရာတစ်ခုဖြစ်သည်။
ထိုမျောက်ဝံလေးသည် သံကြိုးဖြင့် ချည်နှောင်ခံထားရပြီး အားလည်းနည်းနေသေး၏။ အကယ်၍ ၎င်း၏ကျန်းမာရေးအခြေအနေ အထွတ်အထိပ်တွင်သာရှိနေခဲ့လျှင် ထိုကုတ်ချက်မှ အားသည် ယခုအားထက် ကျိန်းသေပေါက် ပိုမိုသာလွန်နေပေလိမ့်ဦးမည်။
လေထဲတွင် ပဲ့တင်ထပ်သွားသော ပေါက်ကွဲသံနှင့်အတူ စုမင်နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသော်လည်း သူ့အမူအယာက ပြောင်းလဲမသွားခဲ့ပေ။ သို့သော် မီးတောက်မျောက်ဝံလေးက ဆက်လက်မတိုက်ခိုက်ခဲ့ပေ။ ထိုအစား ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တွန်းကန်အားကို သုံး၍ နောက်သို့ခုန်ဆုတ်လိုက်ပြီး... နဝမတောင်ထွတ်၏ တောင်ထိပ်သို့ ဦးတည်လိုက်သည်။
အရှေ့သို့ ပြေးလွှားနေစဉ် မီးတောက်မျောက်ဝံလေး၏ မျက်နှာထက်တွင် အားရကျေနပ်နေဟန် အမူအယာတစ်ခုပေါ်လာသည်။ ၎င်းသည် မာန်ဖီဟိန်းဟောက်နေဆဲ ဖြစ်သော်ငြား ထိုအားရကျေနပ်နေသော အမူအယာက နေ့အချိန်ကဲ့သို့ ရှင်းလင်းပြတ်သားလို့နေသည်။ အသက်ရှူကြိမ်အနည်းငယ် အတွင်းမှာပင် ၎င်းက နဝမတောင်ထွတ်၏ ထိပ်သို့ရောက်ရှိသွားတော့သည်။ မီးတောက်မျောက်ဝံလေးသည် ထိုနေရာတွင်ရပ်၍ ရင်ဘတ်ကို လက်ဝါးဖြင့် ထုရိုက်လိုက်ပြီးနောက် ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်သည်။ ၎င်း၏ အပြုအမူများအရ သူ့ကိုယ်သူဂုဏ်ယူလျက် စုမင်အားရှာဖွေနေသကဲ့သို့ပင်ဖြစ်သည်။
သို့သော် ထိုလူသားအား ရှာတွေ့လိုက်ချိန်တွင်တော့ စုမင်နှစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူအလွန်အမင်း အံ့အားသင့်သွားခဲ့လေသည်။ စုမင်တစ်ဦးသည် သူတို့တိုက်ခိုက်ခဲ့သော နေရာမှာပင်ရပ်လျက် သူ့အားပြုံးကြည့်နေပြီး အခြားတစ်ဦးကတော့ သူ့ဘေးတွင်ရပ်နေကာ သူ့လည်ပင်းတွင် ချည်နှောင်ထားသော သံကြိုး၏ မြေကြီးပေါ်ကျနေသည့် အခြားတစ်ဖက်စွန်းကို ကောက်ယူနေလေသည်။
“မင်း ရှုံးသွားပြီ...”
စုမင် လက်ထဲတွင် သံကြိုးအားကိုင်ထားရင်း ခပ်ဖွဖွပြုံးလိုက်သည်။ ထိုအချိန်မှာပင် အဝေးရှိလေထဲမှ သူ့အရိပ်သည် အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။ ထိုအခိုးအငွေ့များသည် စိတ်တစ္ဆေအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စုမင်၏လှိုဏ်ဂူအပြင်ရှိ စင်မြင့်ဆီသို့ ပြန်သွားလေသည်။ ထိုအခိုးအငွေ့များသည် စင်မြင်ပေါ်ဆင်းသက်ပြီးသောအခါ အသွားသုံးချောင်းခက်ရင်းခွတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး စင်မြင့်ပေါ်သို့ ထိုးစိုက်သွားချေသည်။
ကျီချဲသည်လည်း သူ့မျက်စိရှေ့မှ မြင်ကွင်းကို တွေ့လိုက်ရသောအခါ အလွန်အံ့အားသင့်သွားခဲ့သည်။ မီးတောက်မျောက်ဝံနောက်သို့ စုမင် လိုက်ဖမ်းနေသည်ကို သူရှင်းရှင်းလင်းလင်း မြင်ခဲ့ရသော်လည်း စိတ်တစ္ဆေခက်ရင်းခွနှင့် ဘယ်အချိန်နေရာလဲလိုက်မှန်းတော့ သူမတွေ့ခဲ့ချေ။
မီးတောက်မျောက်ဝံ၏ မျက်နှာပေါ်တွင် ဒေါသများပေါ်လာသည်။ ၎င်းက စုမင်ဘက်သို့ အမြန်လှည့်၍ သွားဖြဲကာ ဟိန်းဟောက်လိုက်သည်။
“ငါတို့ ပြန်မပြိုင်ဘူးနော်။ ငါ ဘာမှ မညစ်ပတ်ခဲ့ဘူး” စုမင် အပြုံးဖြင့်ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူရုတ်တရက်အံ့သြသွားခဲ့ရ၏။
စုမင်တစ်ဦးတည်းသာ အံ့သြသွားခြင်းမဟုတ်ပဲ မီးတောက်မျောက်ဝံလေးသည်လည်း အံ့အားသင့်သွားခဲ့သည်။
စုမင်သည်တော့ မီးတောက်မျောက်ဝံလေး သွားဖြဲကာ မာန်ဖီဟိန်းဟောက်လာချိန်တွင် ၎င်းပြောလိုသောအရာကို အလိုလိုနားလည်နေခဲ့၍ ထိုအခိုက်အတန့်၌ အံ့သြသွားခဲ့ခြင်းဖြစ်သည်။ ထိူမီးတောက်မျောက်ဝံလေးသည် ရှောင်ဟုန်ဖြစ်သွားသကဲ့သိုပင်...
ရှောင်ဟုန်နှင့် အတူနေခဲ့သော နှစ်များကြောင့် သူတို့နှစ်ဦးသည် အပြုအမူများ၊ အမူအယာများမှတစ်ဆင့် အခြားတစ်ဦးပြောချင်သောအရာကို နားလည်နိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ကြသည်။
သို့သော် ဤမျောက်ဝံလေးက... ရှောင်ဟုန်မဟုတ်သည်မှာ ရှင်းလင်းနေပေသည်။
မီးတောက်မျောက်ဝံလေး အံ့အားသင့်သွားခဲ့ရသော အကြောင်းအရင်းသည် သူ့မှတ်ဉာဏ်များထဲ၌ ကမ္ဘာပေါ်တွင် သူတို့စဉ်းစားနေသည်အား သိနေသကဲ့သို့ သူတို့ပြောလိုသည်အား ချက်ချင်းနားလည်ပေးနိုင်သူ မည်သူမှ မရှိခဲ့သောကြောင့်ဖြစ်သည်။ အစောလေးက သူသည် အမှန်တစ်ကယ်ပင် ပြိုင်ပွဲကို ပြန်ပြိုင်ချင်နေခဲ့ခြင်းပင်...
အခြားလူသားများနှင့် အနည်းငယ်ကွဲပြားသော ဤလူ၊ မုန်းတီးရွံရှာမှုများ မရှိသည့် ဤလူ့ထံတွင် ရှောင်ဟုန်ဟုခေါ်သော သူငယ်ချင်းတစ်ယောက် အမှန်တစ်ကယ်ရှိခဲ့ကြောင်း သူရုတ်တရက် ယုံကြည်လာမိသည်။
စုမင် ခဏတာငြိမ်သက်နေမိပြီးနောက် မီးတောက်မျောက်ဝံလေးကို တွေဝေမိန်းမောစွာ ကြည့်လိုက်မိသည်။ အချိန်အတော်ကြာပြီးချိန်တွင် သူခေါင်းကိုဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။
“မင်းရှုံးသွားပြီ။ ငါ မင်းအမွေးတွေကို သန့်ရှင်းပေးမယ်”
စကားဆုံးသည်နှင့် မီးတောက်မျောက်ဝံလေးဘေးသို့ စုမင်လျှောက်သွားလိုက်ပြီး ဆီးနှင်းများကိုသုံး၍ ၎င်းအမွေးများကို ဆေးကြောသန့်စင်ပေးရန် လုပ်လိုက်သောအခါ မီးတောက်မျောက်ဝံလေးက တုန်ရီသွားခဲ့သည်။ သူ အအေးဓာတ်နှင့်အသားမကျသည်မှာ ရှင်းနေသော်လည်း ခဏတာတွန့်ဆုတ်နေပြီးနောက်တွင် အဝေးသို့ ရွှေ့မသွားတော့ပဲ သူ့ကိုယ်အား စုမင် ဆီးနှင်းများဖြင့် ပွတ်တိုက်ပေးနေသည်ကို ခွင့်ပြုထားလိုက်လေသည်။
အကြိမ်အနည်းငယ် ပွတ်တိုက်ပြီးနောက် အဖြူရောင်နှင်းများသည် အနက်ရောင်ပြောင်းသွားပြီး မီးတောက်မျောက်ဝံလေးသည်လည်း သက်သောင့်သက်သာဖြစ်မနေတော့ပေ။ ၎င်းသည် စုမင်အား ရှူးရှူးရှဲရှဲဖြင့် ဟိန်းဟောက်မာန်ဖီလိုက်ပြီး ပေဒါဇင်ပေါင်းများစွာအဝေးသို့ ဆုတ်သွားသည်။ ၎င်းမျက်လုံးများက တောက်ပသွားပြီး မီးကွင်းတစ်ခု ချက်ချင်းပေါ်လာကာ မီးတောက်မျောက်ဝံလေးအား ဝန်းရံသွားသည်။ လေထဲတွင် တဖျစ်ဖျစ်မြည်သံများ ပဲ့တင်ထပ်လာပြီး ခဏအကြာ မီးတောက်များပျောက်ကွယ်သွားသောအခါ မီးတောက်မျောက်ဝံလေး၏ ခန္ဓာကိုယ်သည် ၎င်း၏ မီးတောက်နီရောင်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ထိုမီးတောက်နီရောင်သည် စုမင်မှတ်ဉာဏ်များအတွင်းမှ အနီရောင်လေးနှင့် တစ်ထပ်တည်းတူညီနေခဲ့သည်...
စုမင်မျက်လုံးများ မိန်းမောတွေဝေသွားချိန်မှာပင် တောင်အနိမ့်ပိုင်းတွင်တည်ရှိသော သူ့လှိုဏ်ဂူထံမှ ခပ်တိုးတိုးဟိန်းဟောက်သံများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ နာကျင်မှုများ၊ ရုန်းကန်နေရခြင်းများနှင့်ပြည့်နေသော ထိုဟိန်းဟောက်သံသည်... ဟယ်ဖုန်းအသံပင် ဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် ဟယ်ဖုန်း၏ နောက်ဆုံးပေါင်းစည်းမှုက စတင်ခဲ့ချေပြီ...
စုမင် မိန်းမောတွေဝေနေရာမှ ချက်ချင်းသတိပြန်လည်လာပြီး လှိုဏ်ဂူဆီသို့ အလျင်အမြန်လှမ်းကြည့်လိုက်သည်။ တစ်ချက်ခုန်လိုက်ပြီး အောက်သို့ဦးတည်ဆင်းလိုက်ရာ မီးတောက်မျောက်ဝံလေးသည်လည်း စိတ်မရှည်သည့်အမူအယာဖြင့် သူ့နောက်မှလိုက်ပါလာသည်။ သို့သော် စုမင်ကိုကြည့်နေသောအခါ ၎င်းမျက်နှာပေါ်ရှိ အမူအယာသည် ယခင်နှင့် ကွဲပြားခြားနားနေခဲ့၏။
ထိုမတူကွဲပြားသွားသော အမူအယာသည် သူမှတ်မိနိုင်သည့်အချိန်မှစ၍ သူ့မျက်နှာပေါ်တွင် တစ်ခါမျှ မပေါ်လာခဲ့ဖူးချေ။
ထိုအမူအယာသည်ကား သူကိုယ်တိုင်ပင် နားမလည်နိုင်သည့် ဝေခွဲမရမှု၊ ပဟေဠိဆန်မှု၊ မသေချာမရေရာမှုနှင့်... စိတ်ရှုပ်ထွေးမှုတစ်ခုပင် ဖြစ်သည်။
***