လရောင်အောက်မှ အရိပ်
Vol. 23 Ch. 318
စုမင် လှိုဏ်ဂူထဲသို့ လေပြင်းတစ်ခုသဖွယ် တိုးဝင်သွားပြီး
ဟယ်ဖုန်းနှင့် လ၏အတောင်ပံများ ပေါင်းစည်းနေရာအခန်းဆီသို့ ဦးတည်သွားလိုက်သည်။ ကျောက်တုံးအခန်းရှေ့သို့ သူရောက်သည့်အခိုက်အတန့်မှာပင် ရက်စက်ခြင်းအရှိန်အဝါတစ်ခုက သူ့အား ချက်ချင်းတိုက်ခိုက်လာသည်။ စုမင်ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားပြီး ကျောက်တုံးအခန်းထဲတွင် ဟယ်ဖုန်း၏ခန္ဓာကိုယ်က လွင့်မျောနေသည်ကို သူမြင်လိုက်ရသည်။ သူ့နောက်ကျောတွင် ဧရာမ အတောင်ပံတစ်စုံရှိနေပြီး ထိုအတောင်ပံတစ်စုံသည်... လ၏အတောင်ပံများထံမှ အတောင်ပံများဖြစ်သည်။
ဟယ်ဖုန်း၏ မျက်ခုံးများအလယ်တွင် မီးတောက်လုံးပုံတစ်ခု ရှိနေသည်။ ၎င်းက လောင်ကျွမ်းတောက်လောင်နေပြီး အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားအခြေအနေတစ်ခုတွင် ရှိနေသည်။ ထိုမီးတောက်လုံးပုံကို မြင်သောအခါ စုမင် အသက်ရှူရန်ပင် မေ့လျော့သွားခဲ့၏။
ထိုမီးတောက်ပုံလေးနှင့် စုမင်ရင်းနှီးပေသည်။ ထိုအရာက မီးတောက်မာန်မျိုးနွယ်စု၏ သင်္ကေတပင်ဖြစ်သည်။
ကျောက်တုံးခန်းတစ်ခုလုံး မီးပင်လယ်အတွင်း နစ်မြုပ်နေသည်။ ပြင်းထန်သော အပူလှိုင်းတစ်ခုသည် ဧရိယာတစ်ခုလုံး ပျံ့နှံ့နေခဲ့သော်ငြား ထိုပြင်းထန်သောအပူရှိန်အောက်မှာပင် စုမင်သည် မည်သို့မျှ သက်ရောက်မခံရသကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။ ဟယ်ဖုန်းသည်လည်း အလားတူပင်ဖြစ်သည်။ သို့သော် ဟယ်ဖုန်း၏ပါးစပ်မှ အော်ဟစ်ညည်းညူသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး သူ့မျက်နှာပေါ်ရှိ နာကျင်နေဟန်အမူအယာကြောင့် ဟယ်ဖုန်းပုံစံက တစ်စုံတစ်ရာထံမှ ရုန်းကန်နေရပုံပေါ်နေ၏။
မီးတောက်ပုံ တောက်ပလာသည့်အချိန်တိုင်း ဟယ်ဖုန်းက ပိုမိုပြင်းထန်သည့် နာကျင်မှုအတွင်း နစ်မြုပ်သွားသည်။ သူ့မျက်နှာပေါ်တွင် သွေးကြောများပေါ်လာသော်ငြား ဟယ်ဖုန်းသည် နာကျင်မှုများကို သည်းခံရင်း မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည်။
လ၏အတောင်ပံများနှင့် ဟယ်ဖုန်းအကြား ပေါင်းစည်းမှုက စမ်းသပ်ချက်တစ်ခု ဖြစ်သည်။ ဘာဖြစ်လာလိမ့်မည်မှန်း စုမင်မသိသော်ငြား အနည်းငယ်အောင်မြင်ခဲ့သော ယခင်ပေါင်းစည်းမှုများနှင့် ဤနောက်ဆုံးပေါင်းစည်းမှုထံမှ သူပြောနိုင်သည့်အရာကတော့ ဟယ်ဖုန်း၏ခန္ဓာကိုယ်နှင့် လ၏အတောင်ပံများကြားမှ ပေါင်းစည်းမှုသည် အောင်မြင်ခါနီးနေပြီ ဆိုတာကိုပင်။
‘နောက်ဆုံးပေါင်းစည်းမှုက ခန္ဓာကိုယ်ချင်းမဟုတ်ပဲ မှတ်ဉာဏ်အချင်းချင်း ပေါင်းစည်းမှုဖြစ်လိမ့်မယ်’
စုမင်မျက်လုံးများက တောက်ပနေပြီး ဟယ်ဖုန်းအားစောင့်ကြည့်လျက် အချိန်မရွေးလှုပ်ရှားနိုင်ရန် အဆင်သင့်ပြင်ထးလိုက်သည်။
အချိန်များ ကုန်လွန်သွားသည်။ ဟယ်ဖုန်း၏ ညည်းညူသံများသည်လည်း တစ်ဖြည်းဖြည်း ညင်သာတိုးညင်းလာသော်ငြား သူ့မျက်ခုံးများအလယ်ရှိ မီးတောက်ပုံသင်္ကေသည်တော့ တစ်စုံတစ်ခု ပျောက်ဆုံးနေဟန်ဖြင့် အပြည့်အဝစွဲထင်ခြင်း မရှိသေးပေ။
အချိန်များကူန်လွန်နေစဉ် ဟယ်ဖုန်းမျက်နှာပေါ်တွင် ပိုမိုများပြားသော သွေးကြောများ တစ်ဖြည်းဖြည်း ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အသစ်သည်လည်း အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်ဟန်နှင့် ဖောင်းကားလာသည်။
သူ၏ ညည်းညူသံများသည် နာကျင်စွာဟိန်းဟောက်သံများအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ သူ့ခန္ဓာကိုယ်က တုန်ရီနေစဉ် ဟယ်ဖုန်း၏ နောက်ကျောမှ အတောင်ပံတစ်စုံသည်လည်း ခန္ဓာကိုယ်ပေါ်မှ ပြုတ်ထွက်တော့မည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ကျောက်တုံးခန်းအတွင်းမှ မီးပင်လယ်ကြီးသည်လည်း အချိန်မရွေးငြိမ်းသေသွားတော့မည်ပုံနှင့် အားပျော့လာခဲ့သည်။
အကယ်၍ မီးပင်လယ်ကြီးသာ ငြိမ်းသေသွားပြီး ဟယ်ဖုန်း၏ အတောင်ပံများသာ သူ့ကိုယ်မှ ပြုတ်ထွက်သွားခဲ့မည်ဆိုလျှင် ထိုအရာက နောက်ဆုံးပေါင်းစည်းခြင်း ကျရှုံးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျရှုံးသွားလျှင် ဟယ်ဖုန်းသေဆုံးသွားလိမ့်မည် ဖြစ်ပြီး လ၏အတောင်ပံများလည်း ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုအရာမျိုးဖြစ်ပျက်သွားလိမ့်မည်ကို စုမင်သေချာပေါက်ခွင့်မပြုနိုင်ချေ။ အထူးသဖြင့် ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲ စတင်တော့မည့်အချိန်ဖြစ်နေသောကြောင့် ဤအရာက စုမင်လက်သင့်ခံနိုင်သည့်အရာမျိုး မဟုတ်ပေ။
တုန့်ဆိုင်းခြင်းအလျင်းမရှိပဲ စုမင်အခန်းတွင်းသို့ ခြေလှမ်းလိုက်သည်။ မီးပင်လယ်ပေါ်သို့ သူခြေချလိုက်သည်နှင့် အားပျော့နေသော မီးပင်လယ်ကြီးသည် ၎င်းအတွင်းသို့ ဆီလောင်းထည့်ခံလိုက်ရသကဲ့သို့ အဟုန်ပြင်းပြင်းတောက်လောင်လာသည်။ စုမင်သည် မီးတောက်များ၏ သခင်ဖြစ်နေပြီး စုမင်၏ပေါ်ပေါက်လာမှုက ၎င်းတို့ကို ပိုမိုသန်မာသွားစေသကဲ့သို့ မီးတောက်များစွာက စုမင်အား ဝန်းရံသွားသည်။
စုမင် တောက်လောင်နေသော မီးပင်လယ်ကြီးကို ဖြတ်လျှောက်သွားပြီး ညာလက်ကိုမြှောက်လိုက်သည်။ ဟယ်ဖုန်း၏ ဦးခေါင်း ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ဖောင်းကားလာသည့် အခိုက်အတန့်တွင် ဟယ်ဖုန်း၏ မျက်ခုံးများအလယ်ရှိ မီးတောက်သင်္ကေတလေးကို စုမင်လက်ချောင်းဖြင့် ထိကပ်လိုက်သည်။
ထိုသင်္ကေတပေါ်သို့ စုမင်လက်ချောင်း ကျရောက်သွားသည့် အခိုက်အတန့်မှာပင် ၎င်းထံမှ ပြင်းထန်သော တွန်းကန်အားတစ်ခု ချက်ချင်းထွက်ပေါ်လာပြီး စုမင်လက်ချောင်းကို တွန်းကန်လိုက်သဖြင့် စုမင်နောက်သို့ ခြေလှမ်းအခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားခဲ့ရ၏။
စုမင် ခေါင်းကိုအလျင်အမြန် မော့ကြည့်လိုက်သည်။ ဤတွန်းကန်အားသည် လ၏အတောင်ပံများထံမှ မဟုတ်ပဲ ဟယ်ဖုန်းက သူ့ကိုငြင်းဆန်နေခြင်းကြောင့် ဖြစ်ကြောင်း စုမင်ခံစားမိသည်။
ထိုငြင်းပယ်မှုသည် ဟယ်ဖုန်းက စုမင်အား ဘာမှမလုပ်ရန် ကြေညာနေသည့် တွန်းကန်အားတစ်ခုဟုပင် ပြောဆိုနိုင်သည်။ ထိုအစား သူသည် နောက်ဆုံးပေါင်းစည်းခြင်းမှ အောင်မြင်မှုအခိုက်အတန့်ကိုသုံး၍ စုမင်၏ ထိန်းချုပ်မှုမှ လွတ်မြောက်လိုနေခြင်းဖြစ်သည်။
သို့သော် စုမင် ဤအရာအတွက် ပြင်ဆင်မထားစရာ အကြောင်းမရှိပေ။ ယခင်ပေါင်းစည်းမှုများတွင် ဟယ်ဖုန်းကို သူကူညီခဲ့စဉ်အခါက သူဤအရာကို လေ့လာထားခဲ့ချေသည်။ ပေါင်းစည်းမှုများတစ်လျှောက် ဟယ်ဖုန်းအားထိန်းချုပ်ရန် သူ့နည်းလမ်းများကို အဆက်မပြတ် အားဖြည့်ထားခဲ့သည်။ အဆုံးတွင်တော့ အောင်မြင်သွားသည်နှင့် ဘာဖြစ်လာမည်မှန်း စုမင်မသိခဲ့ချေ။ စုမင် ထိုအရာကို မျှော်လင့်ကောင်း မျှော်လင့်ထားနိုင်သော်လည်း ပေါင်းစည်းမှု၏ ရလဒ်က သူသိနိုင်သည့် အရာတစ်ခုမဟုတ်ပေ။
ပထမဆုံးအကြိမ်အဖြစ် ဟယ်ဖုန်း၏ငြင်းဆန်မှုကို မြင်သောအခါ စုမင် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်လုံးများအတွင်း ရက်စက်သောအနီရောင်အလင်းတစ်ဖြာ ပေါ်လာခဲ့သည်။ သူ့မျက်ဆံများအတွင်း လတစ်စင်း၏အရိပ်က ခပ်ရေးရေးပေါ်လာသည်။ ထိုအရာသည် တောက်လောင်နေသောလ... မီးတောက်ကဲ့သို့ အနီရောင်လပင် ဖြစ်သည်။
သွေးလွှမ်းလပေါ်လာသည်နှင့် ဟယ်ဖုန်းက ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။ သူ့အရေပြားပေါ်တွင် မရေမတွက်နိုင်သော လ၏အတောင်ပံများ ချက်ချင်းပေါ်လာပြီး နာခံစွာ အော်ဟစ်သံများပြုလုပ်လျက် စုမင်အား ကိုးကွယ်လိုက်ကြသည်။
“ဟယ်ဖုန်း ငါ့ကိုနာခံဖို့ ငြင်းဆန်နေတဲ့လူက မင်းလား၊ ဒါမှတ်မဟုတ် ငါ့ရဲ့ လရဲ့အတောင်ပံများရဲ့ ဝိညာဉ်တွေက အဲဒီလိုလုပ်နေတာလား...”
စူမင် မီးပင်လယ်အတွင်းရပ်လျက် ဟယ်ဖုန်း၏ နာကျင်နေသော အမူအယာကိုစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများအတွင်းရှိ သွေးလွှမ်းလထံမှ ဆွဲဆောင်ညှို့ငင်သည့် ခံစားချက်တစ်ခုထွက်ပေါ်လာသည်။
“လရဲ့အတောင်ပံတွေနဲ့ ပေါင်းစည်းချင်ခဲ့တဲ့လူကလည်း မင်းပဲ။ အဲဒါကို အခုမင်းက နောင်တရနေတာလား... နောင်တရနေတယ်ဆိုရင်တော့ ငါကပဲ မင်းကိုလွှတ်ပေးရမှာပေါ့”
စုမင်အသံက လေထဲတွင် ပျံ့နှံ့သွားသည်။ သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ မီးတောက်များ၏ တောက်လောင်နေသံများက ထပ်မံပြင်းထန်လာခဲ့သည်။ ထိုမီးတောက်များသည် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လောင်ကျွမ်းလျက် အခန်း၏ထောင့်များပါမကျန် ဖုံးအုပ်ထားသည်။
ဟယ်ဖုန်း၏ အရေပြားပေါ်မှ လ၏အတောင်ပံများသည် ဟယ်ဖုန်းခန္ဓာကိုယ်ထဲမှ တိုးထွက်လိုဟန်ဖြင့် အော်မြည်ဟိန်းဟောက်ကြသည်။
ဟယ်ဖုန်း ပိုမိုပြင်းထန်စွာ တုန်ယင်သွားသည်။ သူ့ပုံစံက မျက်လုံးများကို ဖွင့်ကြည့်ချင်နေပုံပေါ်သော်ငြား သူ့တွင် ထိုသို့လုပ်နိုင်မည့် ခွန်အားမရှိတော့ချေ။ သူ့နှုတ်ခမ်းများက တုန်ယင်နေပြီး သူ့ပါးစပ်မှ စကားလုံးအချို့ မပီမသထွက်ပေါ်လာသည်။
“သ... ကျေးဇူး... စိတ်... မဆိုး... ပါနဲ့...”
စုမင် ညာလက်ကိုမြှောက်လိုက်သော်လည်း ဤတစ်ကြိမ်တွင်တော့ ဟယ်ဖုန်း၏ မျက်ခုံးများအလယ်သို့ တိုက်ရိုက်မထိကပ်တော့ပေ။ ထိုအစား သူ့လက်ချောင်းကို ကိုက်ချလိုက်ပြီး သွေးစက်တစ်စက် ပေါ်လာသောအခါ သူ့လက်ချောင်းကို ဟယ်ဖုန်း၏ မျက်ခုံးများအလယ်သို့ ဖိကပ်လိုက်သည်။
ဟယ်ဖုန်း၏ မျက်ခုံးများအလယ်သို့ စုမင်ညာလက်ညှိုးထိကပ်သွားသည်နှင့် သူ့သွေးစက်ကလည်း မီးတောက်ပုံသင်္ကေတအား ထိကပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟယ်ဖုန်း၏ မျက်ခုံးများအလယ်၌ ပင့်ကူအိမ်သဖွယ် သွေးကြောများစွာပေါ်လာသည်။ နီရဲနေသော ထိုသွေးကြောများသည် ဟယ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ မျက်ခုံးများအလယ်ရှိ မီးတောက်ပုံသင်္ကေတသည်ပင် နီရဲသွားသည်။
ထိုအနီရောင်သွေးကြောများ ဟယ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်ထဲရှိ လ၏အတောင်ပံများက ဟယ်ဖုန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ ဟယ်ဖုန်းသည် တုန်ယင်လျက် မျက်လုံးများပွင့်လာခဲ့သည်။
ဟယ်ဖုန်း၏ ပွင့်လာသော မျက်လုံးများအတွင်း သွေးလွှမ်းလပေါ်လာပြီး သူသည် ဝေခွဲမရရှုပ်ထွေးနေသော အမူအယာတစ်ခုဖြင့် စုမင်အား ငေးစိုက်ကြည့်နေသည်။ စုမင်ကလည်း သူ့ကို အေးစက်စွာပြန်စိုက်ကြည့်နေသည်။
အကြည့်ချင်း တွေ့ဆုံသွားသည်။ ခဏအကြာတွင် ဟယ်ဖုန်းသည် မျက်လုံးများကိုပြန်ပိတ်သွား၏။ ထို့နောက် မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ဖြည်းဖြည်းချင်းထောက်လိုက်သည်။ သူဒူးထောက်ချလိုက်သည့် အချိန်အထိပင် စုမင်လက်ချောင်းက သူ့မျက်ခုံးအလယ်သို့ ထိကပ်ထားဆဲ ဖြစ်သည်။
ဒူးထောက်လိုက်ချိန်တွင် ဟယ်ဖုန်းသည် ဆက်လက်တုန်ရီခြင်း မရှိတော့ပေ။ မီးပင်လယ်ကြီးသည် တဖျစ်ဖျစ် တဖြောက်ဖြောက်မြည်၍ သူနှင့် စုမင်အား ဝန်းရံသွားသည်။ သူ၏ ဖြန့်ကားထားသော အတောင်ပံများကိုလည်း နောက်ကျောဘက်သို့ ပြန်ခေါက်ပြီးဆွဲသိမ်းလိုက်၏။
ဟယ်ဖုန်း၏ခန္ဓာကိုယ်အတွင်း အစွမ်းထက်သန်မာသော အရှိန်အဝါတစ်ခုရှိနေသည်။ ထိုစွမ်းအားသည် အလွန်သန်မာသဖြင့် စုမင်အတွက်ပင် ရိုးရေစတေးနယ်ပယ်မှ အစွမ်းထက်မာန်စွမ်းအားရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရစေသည်။
“မင်းနောက်ကို လိုက်ပါ့မယ်လို့ လကိုတိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ သခင်... အတောင်ပံများရဲ့ ဂုဏ်အသရေနဲ့အတူ... မီးတောက်မာန်စွမ်းအားရှင်တွေ ကောင်းကင်ကိုလောင်ကျွမ်းပစ်နေတဲ့ မြင်ကွင်းကို ပြန်လည်ယူဆောင်လာပေးပါ့မယ်... ငါက မီးတောက်မာန်စွမ်းအားရှင် ဟယ်ဖုန်း ဖြစ်သွားပြီ။ နှုတ်ဆက်ပါတယ် ကျုပ်ရဲ့ဘုရင်...” ဟယ်ဖုန်း ခေါင်းငုံ့လိုက်သည်။
“ငါ မင်းကို မီးတောက်မာန်စွမ်းအားရှင်တွေရဲ့စွမ်းအား ပေးနိုင်ခဲ့သလို... ပြန်လည်းယူနိုင်တယ်” စုမင် တည်ငြိမ်စွာပြော၍ ဟယ်ဖုန်း၏မျက်ခုံးများအလယ်မှ လက်ညှိုးကို ပြန်မြှောက်လိုက်သည်။
ထိုသို့လုပ်လိုက်သည်နှင့် သူတို့ပတ်ဝန်းကျင်ရှိ မီးပင်လယ်ကြီးသည် တဟုန်းဟုန်းတောက်သွားပြီး ဟယ်ဖုန်း၏ကိုယ်ထဲသို့ ပြန်လည်တိုးဝင်ပေါင်းစည်းသွားသည်။ ထိုမီးတောက်များသည် အဆုံးတွင် ဟယ်ဖုန်း၏မျက်ခုံးများအလယ်၌ စုဝေးသွားပြီး မီးတောက်ပုံသင်္ကေတက အစစ်အမှန်ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ၎င်း၏အရောင်က သွေးနီရောင်ဖြစ်နေဆဲပင်။ ထိုအနီရောင်သည် စုမင်၏အရောင်ဖြစ်ပြီး ၎င်းအတွင်း၌ ရှိနေသောအရာက စုမင်စိတ်ဆန္ဒဖြစ်သည်။
“မီးတောက်မာန်စွမ်းအားရှင်တွေက လကို ကိုးကွယ်ကြတယ်။ လကို သူတို့ရဲ့ ဂုဏ်ကျက်သရေအဖြစ် ဆက်ဆံတယ်... အခုကစလို့ မင်းက ငါ့အရိပ်ဖြစ်လာလိမ့်မယ်။ လရောင်အောက်မှာ ငါဖန်တီးမယ့်အရိပ်က မင်းနေရမယ့်နေရာပဲ”
စုမင် ကျောက်တုံးအခန်းတွင်းမှ လှည့်ထွက်လာသည်။ သူအပြင်သို့ထွက်လိုက်စဉ် မြေပြင်ထက်တွင်ဒူးထောက်နေသော ဟယ်ဖုန်း၏ ခန္ဓာကိုယ်က တစ်ဖြည်းဖြည်း မှိန်ဖျော့သွားပြီး အဆုံးတွင် ဝေဝါးဝါးပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းပျောက်ကွယ်သွားသည်နှင့် စုမင်အရိပ်က အနည်းငယ်ကွဲပြားခြားနားသွားလေသည်။
စုမင် လှိုဏ်ဂူအပြင်သို့ထွက်လာသောအခါ မနီးမဝေးတွင်ထိုင်နေသော ကျီချဲသည် ထိုနေရာမှနေ၍ စုမင်အားလှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင်တော့ မသေချာမရေရာမှုများရှိနေသည်။ ဟယ်ဖုန်း၏ ဟိန်းဟောက်သံများကို သူပထမဆုံးအကြိမ်ကြားဖူးခြင်းမဟုတ်ကြောင်း ထင်ရှားနေသည်။ စုမင်လှိုဏ်ဂူအတွင်းရှိ လျှို့ဝှက်ချက်များနှင့် ပက်သက်၍ သူ့တွင် ခန့်မှန်းချက်အချို့တောင် ရှိပေသည်။
ကျီချဲနှင့် နှိုင်းယှဉ်လျှင် မူလက လှိုဏ်ဂူအပြင်ဘက်တွင် ထိုင်နေခဲ့သော မီးတောက်မျောက်ဝံလေးကတော့ လှိုဏ်ဂူထဲမှထွက်လာသော စုမင်ခြေထောက်အောက်ကိုကြည့်လျက် မာန်ဖီဟိန်းဟောက်သံအချို့ ပြုလုပ်လိုက်သည်။
စုမင်ခြေထောက်အောက်တွင် ရှိနေသောအရာသည် သူ့အမွေးများကို ထောင်သွားအောင်ပြုလုပ်နေသည့်ပုံဖြင့် ၎င်း၏မျက်နှာပေါ်တွင် သတိရှိသောအမူအယာတစ်ခုပေါ်လာသည်။ ၎င်းက နောက်သို့ပင်ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး မာန်ဖီဟိန်းဟောက်သံများက ပိုမိုကျယ်လောင်လာခဲ့သည်။
စုမင်ခြေထောက်အောက်သို့ ကျီချဲချက်ချင်းကြည့်လိုက်မိသော်လည်း သူဘယ်လောက်ကြည့်ကြည့် ထူးဆန်းတာမတွေ့ပေ။ လရောင်ကြောင့်ဖြစ်ပေါ်နေသော အရိပ်မှအပ စုမင်ခြေထောက်အောက်တွင် မည်သည့်အရာမှ ရှိမနေချေ။
“သူ့အရိပ်လား...”
ကျီချဲတုန်ရီသွားပြီး စုမင်အရိပ်ကို ချက်ချင်းလှမ်းကြည့်လိုက်ရာ ကျီချဲမျက်နှာပေါ်တွင် တုန်လှုပ်မှုတစ်ခု တစ်ဖြည်းဖြည်းဖြစ်ပေါ်လာသည်။ စုမင်အရိပ်က လူတစ်ဦး၏အရိပ်မဟုတ်ပဲ အတောင်ပံများကိုတွန့်ခေါက်ထားသည့် တစ်စုံတစ်ရာ၏အရိပ်ဖြစ်နေသည်။ ထိုနေရာသို့ ကြည့်လိုက်မိသည့်အခိုက်အတန့်တွင် အရိပ်ထဲမှ သူ့အားအေးစက်စွာစိုက်ကြည့်နေသည့် သွေးနီရောင်မျက်လုံးတစ်စုံကိုပင် မြင်လိုက်ရသည်ဟု ကျီချဲ ခံစားမိသွားသည်။
ကျီချဲ တုန်လှုပ်သွားပြီး အလျင်အမြန်နောက်ဆုတ်လိုက်မိသည်။
“ငါ့အရိပ်ကိုမကြည့်နဲ့” စုမင်က အေးအေးဆေးဆေး ပြောသည်။ ထို့နောက် လှိုဏ်ဂူအပြင်ဘက်ရှိ စင်မြင့်ထက်တွင်ထိုင်ချလိုက်ပြီး ကောင်းကင်ပေါ်မှလကို မော့ကြည့်လိုက်သည်။
ကျီချဲ အလျင်အမြန်လိုက်နာ၍ နောက်သို့ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်သည်။ ယခုလေးတင်ဖြစ်သွားသောအရာသည် သူ့မျက်လုံးများက သူ့ကိုလှည့်စားနေခြင်းမဟုတ်ဟု ကျီချဲခံစားမိသည်။ စုမင်အရိပ်ထဲတွင် တစ်စုံတစ်ခုရှိနေပြီး အထူးသဖြင့် ထိုသွေးနီရောင်မျက်လုံးတစ်စုံက ယခုလေးတင် သူ့အားကြည့်သွားခဲ့ခြင်း ဖြစ်သည်။
ကျီချဲသည် စိတ်ဝိညာဉ်အတွင်းမှ တုန်လှုပ်သွားရုံသာမက စုမင်နှင့်သူ့အကြား အကွာအဝေးက ပိုမိုကွာဝေးလာသည်ဟုလည်း ခံစားလိုက်ရသည်။
ထိုအကွာအဝေးသည် အမှတ်တစ်ခုသို့ ရောက်သွားသည်နှင့်...
‘ဆရာဦးလေးက သူ့လှိုဏ်ဂူကို စောင့်ကြပ်ပေးဖို့ ငါ့ကိုလိုအပ်မှာမဟုတ်တော့ဘူး...’ ကျီချဲ ထိုနေရာတွင်ငြိမ်သက်စွာထိုင်၍ ခေါင်းငုံ့ထားလိုက်ပြီး သူ့မျက်လုံးများအတွင်း စိတ်ပိုင်းဖြတ်ဟန်များ ပေါ်လာသည်။
‘ငါ့ကျင့်ကြံဆင့်က တစ်နေရာတည်းမှာပဲ အချိန်အကြာကြီး ပိတ်မိနေခဲ့တယ်။ ငါ တစ်ကယ်ပဲ ရိုးရေစတေးနယ်ပယ်ကို ချိုးဖျက်မတက်ရောက်နိုင်တော့ဘူးလား’
ကျီချဲအတွေးများသည် စုမင်၏သိမ်းပိုက်ခံထားရပြီး စုမင်သည်ကောင်းကင်မှ လကိုမော့ကြည့်နေခဲ့ချိန် မီးတောက်မျောက်ဝံလေးကတော့ ရန်လိုသောအမူအယာဖြင့် စုမင်အရိပ်ကို စိုက်ကြည့်နေခဲ့သည်။
စုမင် ၎င်းကိုလှည့်ကြည့်၍ အသာအယာပြောလိုက်သည်။ “ငါတို့ လူရိုင်းတွေရဲ့နယ်မြေဆီ မသွားခင်အချိန်အထိ ငါ့ဘေးမှာပဲနေပေါ့... မင်းကို... ရှောင်ဟုန်လို့ပဲခေါ်မယ်... လူရိုင်းတွေရဲ့ နယ်မြေဆီရောက်တာနဲ့ ငါမင်းကိုလွတ်လပ်ခွင့် ပြန်ပေးပါ့မယ်... တစ်ခြားတစ်ယောက်ဆီမှာ ထပ်အဖမ်းမခံဖို့တော့ သတိရပေါ့”
မီးတောက်မျောက်ဝံလေးသည် စုမင်အား မျက်လုံးများကို လှန်ပြလိုက်သည်။ ‘ငါ-မင်းကို-မယုံဘူး’ ဟူသော စကားလုံးများက သူ့မျက်နှာထက်တွင် အထင်းသား ရေးသားထားချေသည်။
အထီးကျန်ဆန်သူများသည် တစ်ဦးနှင့်တစ်ဦး မတူညီသော်လည်း သူတို့အားလုံး လကို ငေးကြည့်ကြသည်ဟူသော ဆိုရိုးစကားတစ်ခုရှိသည်။ ထိုအချိန်တွင်တော့ သတ္တမတောင်ထွတ်တွင်လည်း မိန်းကလေးတစ်ဦးသည် လရောင်အောက်တွင် ထိုင်နေခဲ့၏။ သူမသည် သူမ၏အနက်ရောင်ဆံပင်များကို စည်းနှောင်သည့် အနီရောင်ကြိုးလေးကို ဖြုတ်ထားပြီးဖြစ်ကာ ကျစ်ဆံမြီးလေးများကိုလည်း ဖြည်ချထားပြီး အဖြူရောင်အဝတ်အစားများကိုလည်း ဝတ်ဆင်ထားခြင်း မရှိတော့ချေ။
သူမ၏နံဖူးထက်တွင်ကပ်ထားသော တလက်လက်တောက်ပနေသည့် သလင်းကျောက်လေးများလည်း မရှိတော့။ သူမနားမှ အရိုးနားဆွဲလေးများကိုလည်း ချွတ်ထားချေပြီ။ သူမသည် ကျောက်တုံးကြီးပေါ်တွင်ထိုင်လျက် မေးကိုလက်ဖြင့်ထောက်ကာ ကောင်းကင်ပေါ်ရှိလကို ဗလာအကြည့်များဖြင့် ငေးကြည့်နေခဲ့သည်...
***