အရှေ့ခြမ်းနယ်မြေများ၏ ရုတ်တရက်ဖြစ်ပွားလာသော ကပ်ဘေး
Vol. 23 Ch. 320
ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါစေနိုင်သည့် စွမ်းအားတစ်ခုနှင့်အတူ ကောင်းကင်မြူခိုးမြို့တော်ဆီမှ ကြယ်ပျံများသည် လေပြင်းမုန်တိုင်းတစ်ခုအား ဖြစ်ပေါ်လာစေပြီး ကောင်းကင်အားဖြတ်သန်းနေစဉ် မြည်ဟည်းသံများကိုလည်း သယ်ဆောင်လာခဲ့သည်။
ကောင်းကင်ရှိ ကြယ်ပျံကိုးလုံးအတွင်း အပြာနှင့် အနီရောင်အလင်းတန်းများသည် တစ်ခုနှင့်တစ်ခု ရောယှက်ဖြတ်သန်းနေကြသည်။ ၎င်းတို့ပျံသန်းနေကြသောအခါ ကောင်းကင်သည်ပင် ကြယ်ပျံကိုးလုံး၏ ဖိအားကို မခုခံနိုင်ပဲ တုန်ခါနေခဲ့ပုံပေါ်သည်။
၎င်းတို့အနောက်ဘက်တွင် အဆုံးမရှိပုံပေါ်သည့် အလင်းတန်းရှည်ကြီးများပင် ကျန်ရစ်ခဲ့သည်။ ထိုကြယ်ပျံကိုးလုံးထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုသည် ကမ္ဘာပေါ်သို့ ပျံ့နှံ့လာခဲ့၏။
စုမင်နှင့် ကျီချဲတို့ အံ့အားသင့်မင်သက်သွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် အေးခဲကောင်းကင်ကလန်အတွင်းရှိ လူတိုင်းအားလုံးနီးပါး အံ့အားသင့်မင်သက်သွားခဲ့ကြလေသည်။ ကောင်းကင်ဘုံတံခါးဝမှ တပည့်များသည်ပင် အံ့အားသင့်မင်သက်သွားခဲ့ကြရသည်။
ကြယ်ပျံကိုးလုံးသည် ရုတ်တရက်ပေါ်လာခြင်းဖြစ်ပြီး မည်သူကမှ ထိုအရာအတွက် ပြင်ဆင်မထားခဲ့ပေ။ ပိုအရေးကြီးသည်မှာ ထျန်းရှဲ့ကျီသည် ထိုကြယ်ပျံများထံသို့ ထွက်သွားသလို၊ အခြားတောင်ထွတ်များမှလည်း ထိတ်လန့်ဖွယ်အမြန်နှုန်းများဖြင့် အလင်းတန်းများ ပျံသန်းသွားကြပြီး ကောင်းကင်ဘုံတံခါးဝမှ လူတစ်ဒါဇင်ခန့်ပင် အလျင်အမြန်ထွက်လာကြသည်ကို စုမင် တွေ့လိုက်ရချေ၏။
ထိုသူတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၎င်းတို့ပေါ်လာသောအခါ ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုသည် ပတ်ဝန်းကျင်ရှိလောကအား အလျင်အမြန် ဖုံးလွှမ်းသွားခဲ့၏။ လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်လာပြီး ထိုသူတို့၏ပတ်ဝန်းကျင်ရှိ လေဟာနယ်က တွန့်လိမ်ပုံပျက်သွားသည်။ ကောင်းကင်သည် လှိုင်းထန်နေသော ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်သည်။
ကြယ်ပျံကိုးလုံးသည် အေးခဲကောင်းကင်ကလန်အနီးသို့ ရောက်လာသည်နှင့် ရုတ်တရက်ရပ်တန့်သွားကြသဖြင့် ကောင်းကင်တစ်ခွင် လှိုင်းတွန့်များ ဖြစ်ပေါ်သွားစေသည်။ ၎င်းတို့က အေးခဲကောင်းကင်ကလန်၏ ကောင်းကင်ဘုံတံခါးဝပတ်လည်တွင် လွင့်မျောနေကြသည်။ ၎င်းတို့သည် ထူးဆန်း၍ အချင်းချင်းချိတ်ဆက်နေသော အစီအရင်တစ်ခုအား ဖန်တီးလိုက်ကြသကဲ့သို့ ဖြစ်ပြီး အပြာနှင့် အနီရောင်အလင်းတန်းများက ဆက်လက်၍ စူးရှတောက်ပနေခဲ့သည်။
စုမင် ကြယ်ပျံများထံမှ အကြည့်မခွာနိုင် ဖြစ်နေခဲ့သည်။ ဤအရာနှင့်ပက်သက်၍ သူမကောင်းသောခံစားချက်ကြီးတစ်ခု ရနေသည်။ အမှန်စင်စစ် သူတစ်ယောက်တည်းသာ ထိုသို့ခံစားနေရခြင်း မဟုတ်ချေ။ ထိုအချိန်တွင် ကောင်းကင်သို့မော့ကြည့်နေသည့် အေးခဲကောင်းကင်ကလန်တပည့်များ အားလုံးထံ၌ အလားတူခံစားချက်မျိုး ရှိနေခြင်းဖြစ်သည်။
“ကြယ်ပျံကိုးလုံးလား... ဘာကြောင့် သူတို့ပေါ်လာတာလဲ... သူတို့က ဘာကိုဆိုလိုတာလဲ... “ စုမင် တီးတိုးရေရွတ်လိုက်ပြီး သတ္တမတောင်ထွတ်ဆီသို့ ချက်ချင်းလှမ်းကြည့်လိုက်သည်။ ထိုနေရာတွင်ရှိနေသော ထျန်းလန်မုန်ကို သူခပ်ရေးရေးမြင်နေရချေသည်။
“သူမတော့ သိလောက်တယ်...” စုမင် ငြိမ်သက်သွားမိသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် အဝေးရှိကောင်းကင်မှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာပြီး လူတို့၏မျက်လုံးများကို ဆွဲဆောင်သွားခဲ့သည်။
ထျန်းရှဲ့ကျီ၏ မျက်နှာပေါ်တွင် ယခင်ကတစ်ခါမှ မတွေ့ရဖူးသည့် တင်းမာသောအမူအယာတစ်ခု ပေါ်လာသည်။ သူ့ပတ်ဝန်းကျင်ရှိ မည်းမှောင်နေသော မျက်နှာအမူအယာများဖြင့် လူများသည်လည်း ထိုစူးရှသောအသံအား ကြားလိုက်သောအခါ ထိတ်လန့်တူန်လှုပ်သွားခဲ့ကြသည်။
အဝေးရှိကောင်းကင်မှ ထိုစူးရှသောအသံသည်... ကြယ်ပျံတစ်လုံးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုအရာသည် အပြာနှင့်အနီရောင်အလင်းများ ရောယှက်နေသည့် အခြားကြယ်ပျံတစ်လုံးဖြစ်သည်။ ၎င်းကား ဆယ်လုံးမြောက် ကြယ်ပျံပင်...
ဆယ်လုံးမြောက်ကြယ်ပျံ ပေါ်လာသည်နှင့် သတ္တမတောင်ထွတ်တွင်ရပ်နေသော ထျန်းလန်မုန်မျက်နှာတွင် အဖြူရောင်မှအပ အခြားအရောင်များမရှိတော့ချေ။ ထိုအရာက သူမ၏ပုံမှန် ကျက်သရေရှိမှုနှင့်ယှဉ်လျှင် ဆန့်ကျင်ဘက်ဖြစ်နေသည့် သူမထံတွင် တွေ့မြင်ရခဲသော အမူအယာတစ်ခုဖြစ်သည်။ သူမသည် မတ်မတ်ပင်မရပ်နိုင်တော့သကဲ့သို့ တုန်ရီနေခဲ့သည်။ သူမမျက်နှာထက်တွင် ကြောက်ရွံ့မှုများရှိနေပြီး သူမမျက်လုံးများထဲတွင်တော့ ဝမ်းနည်းပူဆွေးမှုများ ရှိနေသည်။
“ဆယ်လုံး...” ထျန်းလန်မုန် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားမိပြီးနောက် အံကြိတ်လိုက်ပြီး ကောင်းကင်သို့ဦးတည်၍ ပျံတက်လိုက်သည်။
သူမ ကောင်းကင်သို့ ပျံတက်လိုက်သည့်အခိုက်အတန့်မှာပင် ဆယ်လုံးမြောက်ကြယ်ပျံသည် ရောက်ရှိလာခဲ့ပြီး ယခင်ကြယ်ပျံကိုးလုံးနှင့်ပေါင်း၍ ဧရာမစက်ဝိုင်းကြီး ဖြစ်ပေါ်လာခဲ့သည်။
ထိုကြယ်ပျံသည် စက်ဝိုင်းပုံပန်းချီကားကို ဖြည့်စွက်လိုက်ပြီး မကြာမီမှာပင် နက်ရှိုင်းသောအသံတစ်သံသည် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းလာခဲ့သည့်ပုံဖြင့် ကြယ်ပျံဆယ်လုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“ကောင်းကင်...”
ထိုအိုမင်းရှေးကျသောအသံသည် လေထုအတွင်း ပဲ့တင်ထပ်နေခဲ့သည်။ ထိုအသံသည် စကားတစ်လုံးတည်းသာ ပြောလိုက်သော်ငြား ထိုစကားတစ်လုံးကပင် မြေပြင်ပေါ်ရှိ ရေခဲများကို အက်ကွဲသွားစေပြီး ကောင်းကင်အား တွန့်လိမ်ပုံပျက်သွားစေသည်။ ထိုအသံသည် စုမင်အား နားအူသွားစေပြီး ထိုစကားတစ်လုံးမှအပ အခြားမည်သည့်အရာကိုမှ မကြားရတော့ချေ။
အခြားတစ်စုံတစ်ရာကို မကြားနိုင်တော့သူသည် စုမင်တစ်ဦးတည်း မဟုတ်ပဲ သူ့ဘေးရှိကျီချဲသည်လည်း အလားတူပင်ဖြစ်သည်။ ထိုအချိန်၌ နဝမတောင်ထွတ်ထဲတွင်ရှိနေသော ဟူကျီသည်ပင် အခြားအရာများကို မကြားနိုင်တော့ချေ။ သူတို့နားများအတွင်း တဝီဝီမြည်သံများသာ ပြည့်နေခဲ့သည်။
ထိူတဝီဝီမြည်သံများသည် လေထဲတွင် အဆက်မပြတ်ပဲ့တင်ထပ်နေခဲ့၏။ ကြီးမြတ်သောဆီးနှင်းဖုံးလွင်ပြင်များရှိ တောင်ထွတ်ကိုးခုမှ လူများအားလုံးနီးပါးသည် ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သော အထမဆုံးစာလုံးမှလွဲ၍ အခြားမည်သည့်အရာကိုမှ မကြားရတော့ချေ။ သူတို့နားများထဲတွင်ကြားနေရသည့် တစ်ခုတည်းသောအသံသည် တဝီဝီမြည်သံများသာ ဖြစ်သည်။
ဤအရာက ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များအတွင်းရှိ တပည့်များကိုသာ ကန့်သတ်ထားခြင်းမဟုတ်ပေ။ ကောင်းကင်ဘုံတံခါးဝအတွင်းမှ တပည့်များသည်လည်း အလားတူပင်ဖြစ်သည်။ တပည့်များအားလုံးသည် တဝီဝီမြည်သံများမှလွဲ၍ အခြားမည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မကြားကြရပေ။ ထိူအရာက ကျင့်ကြံဆင့်စွမ်းအားကိုသုံး၍ ဖိနှိပ်ခြင်းတစ်မျိုးဖြစ်သည်။ ၎င်းက ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့သည့် ဆန်းကြယ်သည့်စွမ်းရည်တစ်ခုဖြစ်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်က အန္တရာယ်မဖြစ်စေနိုင်ပေ။ ၎င်း၏ တစ်ခုတည်းသော အသုံးပြုမှုမှာ အရည်အချင်းပြည့်မီသူများသာ ကြားနိုင်စေရန်ဖြစ်ပြီး၊ အရည်အချင်း မပြည့်မီသူများအား အသံကိုမကြားနိုင်စေရန်အတွက် ဖြစ်သည်။
ကြယ်ပျံဆယ်လုံးအတွင်းမှ အသံက ကြားစေချင်ခဲ့သူများသည် အနည်းဆုံး မာန်ဝိညာဉ်နယ်ပယ်သို့ ရောက်နေရပေမည်။ ထိုအရာတစ်ခုတည်းမှနေ၍ပင် ၎င်းအသံသယ်ဆောင်လာသော သတင်းစကားသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေလိမ့်မည်မှာ ရှင်းလင်းနေခဲ့သည်။
အေးခဲကောင်းကင်ကလန်တစ်ခုလုံးတွင် ထိူအသံအားကြားနိုင်သူမှာ ဒါဇင်အနည်းငယ်ခန့်သာရှိပြီး ၎င်းတို့အားလုံးနီးပါးသည်လည်း အေးခဲကောင်းကင်ကလန်အတွင်းမှ အစစ်အမှန်အစွမ်းထက် မာန်စွမ်းအားရှင်များဖြစ်သည်။
စုမင်နားများက တဝီဝီမြည်နေခဲ့သည်။ ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမှ သူမကြားရသော်ငြား သူ့စိတ်ကတော့ ရှင်းလင်းကြည်လင်နေခဲ့သည်။ ကြယ်ပျံဆယ်လုံးပတ်ဝန်းကျင်တွင်ရပ်လျက် မျက်နှာအမူအယာများ အလျင်အမြန်ပြောင်းလဲနေကြသည့် ဒါဇင်ခန့်လူများကို စုမင်ကြည့်လိုက်သည်။ ၎င်းတို့အကြားတွင် တုန်ရီနေပြီး သွေးဆုတ်ဖြူရော်နေသော မျက်နှာလေးနှင့် ထျန်းလန်မုန်လည်း ရှိနေခဲ့သည်။
ထိတ်လန့်တုန်လှုပ်ဖွယ် တစ်စုံတစ်ရာဖြစ်ပျက်သွားကြောင်း စုမင်သိနေခဲ့၏... စုမင်မျက်လုံးများအတွင်း တောက်ပသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ သူ့နားများက မကြားနိုင်ခဲ့လျှင်တောင် နတ်ဘုရားစိတ်အာရုံကို သုံးလျှင်တော့ကြားနိုင်လောက်၏။
စုမင် တုန့်ဆိုင်းမနေပဲ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ၎င်းကို ပါးလွှာသောအပ်ချည်ကြိုးအသွင်ပုံဖော်၍ ကောင်းကင်သို့ဆွဲဆန့်လိုက်သည်။ နတ်ဘုရားစိတ်အာရုံအား ဖြန့်ကျက်ခြင်းလုပ်ငန်းစဉ်အတွင်း စုမင်တုန်လှုပ်သွားခဲ့သည်။ အကွာအဝေးတစ်ခုသို့ရောက်သွားသည်နှင့် သူ့နတ်ဘုရားစိတ်အာရုံအား ထပ်မံမဖြန့်ကျက်နိုင်စေရန် ပြုလုပ်နေသည့် သန်မာသောတွန်းကန်အားတစ်ခုကို စုမင်ခံစားလိုက်မိချေသည်။
မည်သို့ပင်ဆိုစေကာမူ သူ့ခေါင်းထဲတွင် ခပ်တိုးတိုး မပီဝိုးတဝါးအသံများကို ကြားနေရဆဲဖြစ်သည်။
“... ဒီအရာ... နှစ်ပေါင်း သုံးထောင်... စောင့်ကြည့်...”
အသံက အလွန်တိုးညှင်းသော်ငြား စုမင်ထိုအရာကို အမှန်တစ်ကယ်ကြားနေရချေသည်။ ညာလက်ကိုအလျင်အမြန်မြှောက်၍ ရင်ဘတ်ထဲမှ ရွှေရောင်ကျောက်ဒင်္ဂါးအချို့ထုတ်ယူ၍ လက်သီးဖြင့် ဆုပ်ချေပစ်လိုက်သည်။ ထိုကျောက်ဒင်္ဂါးများသည် လေထဲသို့ ဖုန်မှုန့်များအဖြစ် ပြန့်ကျဲသွားသည်နှင့် စုမင်ကိုယ်ထဲရှိ ပွင့်နေသောလမ်းကြောင်းထဲသို့ များစွာသော စိတ်ဝိညာဉ်စွမ်းအားများတိုးဝင်လာသည်။ သူ့ကိုယ်အတွင်း ထိုစိတ်ဝိညာဉ်စွမ်းအားများ ပျံ့နှံ့သွားသည်နှင့် စုမင်၏ နတ်ဘုရားစိတ်အာရုံသည် အရှေ့သို့တိုးဝင်သွားပြီး ပိုဝေးဝေးသို့ တိုးကာ ကြယ်များအနီးသို့ကပ်သွားခဲ့သည်။
“အခြားလူတွေ... ကြောက်ရွံ့သွားလိမ့်မယ်... ဒါပေမယ့်... သတိပေး...”
ကောင်းကင်ရှိလူများ၏ အမူအယာများထပ်မံ ပြောင်းလဲသွားသည်ကို စုမင်တွေ့လိုက်ရသည်။ ထျန်းရှဲ့ကျီ၏ ဝတ်ရုံများသည်ပင် ပြောင်းလဲတော့မည့်အရိပ်အယောင်များ စတင်ပြသလာသည်။ စုမင်နှလုံးသားက တုန်လှုပ်သွားပြီး ပိုမိုများပြားသော ရွှေရောင်ကျောက်ဒင်္ဂါးများကို ထုတ်ယူလိုက်သည်။
ထိုအချိန်တွင် သူ့လုပ်ရပ်များကို မည်သူတစ်ဦးတစ်ယောက်ကမှ သတိမပြုမိခဲ့ချေ။ ထိုစကားတို့ကို ကြားနိုင်သူများသည် အသံပေါ်တွင်သာ အပြည့်အဝအာရုံစူးစိုက်ထကြပြီး မကြားနိုင်သူများကတော့ သူတို့နားများထဲရှိ တဝီဝီမြည်သံများကြောင့် သူတို့စိတ်များက ဗလာဖြစ်နေခဲ့ကြလေသည်။
စုမင် ကျောက်ဒင်္ဂါးများစွာ ထုတ်ယူလိုက်ပြီး ၎င်းတို့အားချေမွလိုက်သည်နှင့် စိတ်ဝိညာဉ်စွမ်းအားများ သူ့ကိုယ်ထဲသို့ တိူးဝင်လာကြသည်။ သူ့နတ်ဘုရားအာရုံသည် အရူးအမူးဆန့်ထွက်သွားပြီး ကြယ်ပျံဆယ်လုံး ဖုံးအုပ်ထားသော ဧရိယာအနီးသို့ပင် ရောက်သွားခဲ့သည်။
“အနောက်ပိုင်းပင်လယ်... အေးခဲကောင်းကင်... နှစ်ပေါင်းတစ်ရာ... ခံစားရ... ကုန်းမြေ...”
စကားလုံးအသစ်များကို ကြားလိုက်ရသည့်အချိန်တိုင်း စုမင်နှလုံးသားထဲရှိ မတည်ငြိမ်မှုက ပိုမိုပြင်းထန်လာသည်။ အမှန်တရားကို သူသိချင်သည်။ ထို့ကြောင့် သူ့လက်များကို မြှောက်လိုက်ရာ ကျောက်ဒင်္ဂါးများစွာပျံသန်းထွက်ပေါ်လာပြီး စုမင်အားဝန်းရံသွားသည်။ ၎င်းတို့အားလုံး အမှုန့်ဖြစ်သွားသည်နှင့် စုမင်၏နတ်ဘုရားစိတ်အာရုံထံသို့ သန်မာသောအားတစ်ခု စုဝေးလာသည်။ ဘန်းခနဲအသံတစ်ခုနှင့်အတူ ၎င်းသည် ကြယ်ပျံဆယ်လုံး ဝန်းရံထားသည့် ပိုင်နက်ထဲသို့ ရောက်ရှိသွားတော့သည်။
ထိုအခိုက်အတန့်မှာပင် အိုမင်းရှေးကျသောအသံကြီးသည် ရပ်တန့်ခြင်း၊ ရှုပ်ထွေးခြင်းမရှိပဲ စုမင်စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝပေါ်လာခဲ့တော့၏။
“ဒါက တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ ရုတ်တရက်ဖြစ်လာတဲ့ကပ်ဘေးပဲ။ ဒီအကြောင်းကို သိဖို့လိုတဲ့သူတွေက မာန်ဝိညာဉ်နယ်ပယ်က လူတွေပဲ။ အခြားလူတွေကိုတော့ သူတို့ကောင်းဖို့အတွက် အမှောင်ထဲမှာပဲ ဆက်ထားသင့်တယ်... ကြယ်ပျံဆယ်လုံးပျောက်ကွယ်သွားတာနဲ့ နောက်ဆုံးတစ်ခေါက်စစ်ဆေးဖို့ ငါလူရိုင်းတွေရဲ့နယ်မြေကိုသွားမယ်။ အကယ်၍ ဒါကသာ တစ်ကယ်ကို အရှေ့ခြမ်းနေယ်မြေတွေရဲ့ ရုတ်တရက်ဖြစ်လာမယ့်ကပ်ဘေးတစ်ခုဆိုရင်... မင်းတို့ပြောင်းရွှေ့မလားဆိုတာ မင်းတို့အားလုံး အမြန်ဆုံးဖြတ်ရမယ်...”
နောက်ဆုံးစကားကို ပြောပြီးသည်နှင့် အိုမင်းရှေးကျသောအသံကြီးက သက်ပြင်းရှည်ကြီးချလိုက်သည်။ ၎င်းသက်ပြင်းချပြီးသည်နှင့် ကြယ်ပျံဆယ်လုံးသည် တုန်ခါသွားပြီး အမှုန့်များအဖြစ် ပျက်စီးသွားကာ နဝမမြောက်ကောင်းကင်ဘုံအထက်သို့ တိုးဝင်သွားကာ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားတော့သည်။
၎င်းတို့ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် တပည့်များ၏နားများထဲမှ တဝီဝီမြည်သံများသည်လည်း ပျောက်ကွယ်သွားသည်။ သူတို့အကြားအာရုံက ပုံမှန်ပြန်ဖြစ်သွားပြီး အားလုံးသည် ကောင်းကင်ထက်သို့စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်မိကြ၏။
ထျန်းရှဲ့ကျီသည် ကောင်းကင်မှနေ၍ နဝမတောင်ထွတ်၏ တောင်ထိပ်သို့ တန်းတန်းမတ်မတ် ပြန်လျှောက်လာခဲ့သည်။ အခြားသူများသည်လည်း သူတို့နှင့်သက်ဆိုင်ရာ တောင်များနှင့် ကောင်းကင်ဘုံတံခါးဝဆီသို့ မည်းမှောင်နေသောအမူအယာများဖြင့် ပြန်သွားကြသည်။
ထျန်းလန်မုန်သည် ဖြူရော်နေသောမျက်နှာဖြင့် သတ္တမတောင်ထွတ်ထံ ပြန်ဆုတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံတံခါးဝမှ အိုမင်းသောအသံတစ်သံက အေးခဲကောင်းကင်ကလန်ရှိ တပည့်များအားလုံး၏ နားများထဲသို့ ပျံ့လွင့်ရောက်ရှိလာသည်။
“လူရိုင်းမျိုးနွယ်စုထဲမှာ အပြောင်းအလဲတစ်ခု ရှိလို့ သတ်မှတ်ထားတဲ့ နေ့မတိုင်ခင် ငါတို့ချီတက်ကြမယ်... အဲဒါကြောင့် ကောင်းကင်မြူခိုးမြို့တော်က သတိလာပေးတာပဲ။ တစ်ခြား ဘာမှ အရေးကြီးတာမရှိဘူး။ အထိတ်တလန့်မဖြစ်ကြနဲ့... တိုက်ပွဲမှာပါဝင်မယ့်လူအားလုံး နားထောင်ကြ။ နက်ဖြန်နံနက် အေးခဲကောင်းကင်မှာစုဝေးပြီး ကောင်းကင်မြူခိုးမြို့တော်ကို ကာကွယ်ဖို့ ငါတို့ချက်ချင်းလှုပ်ရှားကြမယ်”
ထိုအိုမင်းသောအသံက အလွန်တည်ငြိမ်နေသည်။ ၎င်းအတွင်းပါဝင်သော တည်ငြိမ်ခြင်းအကျိုးသက်ရောက်မှုကြောင့် တပည့်များ၏နားထဲသို့ ရောက်ရှိလာသောအခါ ထိုအသံသည် ၎င်းတို့အားလုံးကို ထိတ်လန့်တုန်လှုပ်နေရာမှ ပြန်လည်သက်သာရာရသွားစေပြီး ယူဆချက်များပြုလုပ်နေခြင်းကို ရပ်တန့်သွားစေသဖြင့် သူတို့က ထိုအကြောင်းနှင့်ပက်သက်ပြီး များများစားစားတွေးမနေကြတော့ပေ။
“မာန်စွမ်းအားရှင်တွေက လူရိုင်းမျိုးနွယ်စုနဲ့ အကြိမ်များစွာ တိုက်ခိုက်ခဲ့တယ်။ အတိတ်တုန်းကလည်း ဒီလိုအရာမျိုးက အကြိမ်တစ်ချို့ဖြစ်ပျက်ခဲ့ဖူးတယ်။ ရာစုနှစ်တစ်စုမှ တစ်ကြိမ်ဖြစ်ပွားတဲ့ တိုက်ပွဲကြီးထဲမှာတော့ သတ်မှတ်ရက်မတိုင်ခင် ကြိုထွက်ခွာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပဲ... မာန်စွမ်းအားရှင်တွေရဲ့ နယ်မြေက မင်းတို့အနောက်မှာ ရှိနေတာကြောင့် ရှာမန်တွေရဲ့လုပ်ရပ်မှန်သမျှကို မင်းတို့ တားဆီးရမယ်...”
လေထဲ၌ အိုမင်းနေသောအသံ ပဲ့တင်ထပ်နေစဉ် အေးခဲကောင်းကင်ကလန် တပည့်များက ငြိမ်သက်နေခဲ့သည်။ သူတို့ထံတွင် အကြောက်လွန်မှုကြောင့် ဖြစ်ပေါ်နေသည့် ရူးရူးမိူက်မိုက်အတွေးများ ရှိမနေတော့ပဲ ထိုအစား သူတို့၏တိုက်ပွဲစိတ်ဝိညာဉ်များကသာ နိုးကြားလာခဲ့သည်။
“မနက်ဖြန် နံနက်၊ ငါတို့ စစ်ပွဲကိုသွားမယ်”
အိုမင်းနေသော အသံက ၎င်း၏ နောက်ဆုံးစကားလုံးများကို အော်ဟစ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် အေးခဲကောင်းကင်ကလန်အတွင်းရှိ တိုက်ခိုက်ချင်ကြသူများ အားလုံးသည် ကောင်းကင်သို့ အတူတကွဦးညွှတ်လိုက်ကြပြီး သူတို့၏ အကျယ်လောင်ဆုံးအသံများဖြင့် အေယ်ဟစ်လိုက်ကြသည်။
“စစ်ပွဲသို့”
“စစ်ပွဲသို့”
အသံများသည် ဆက်တိူက်ထွက်ပေါ်လာကြပြီး အသံလှိုင်းကြီးတစ်ခုအသွင် ပြောင်းလျက် အေးခဲကောင်းကင်ကလန်တစ်ခုလုံးသို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
စုမင်သည် ဖြူဖျော့နေသောမျက်နှာဖြင့် ထိုနေရာတွင်ရပ်နေမိသည်။ ကြယ်ပျံဆယ်လုံးအတွင်း ပါဝင်သည့်စကားအားလုံးကို သူမကြားလိုက်သော်လည်း ဟိုတစ်စ၊ သည်တစ်စ လျှို့ဝှက်ချက်အချို့ကိုတော့ သူအမှန်တစ်ကယ် ကြားခဲ့ရသည်။ ထိုအရာကြောင့်ပင် ကောင်းကင်ဘုံတံခါးဝမှ အသံသည် လိမ်ညာနေခြင်းဖြစ်ကြောင်း သူသိနေခဲ့၏။
သို့တည်းမဟုတ် ပိုမိုတိကျစွာပြောရမည်ဆိုလျှင် ထိုလူသည် ကိစ္စ၏ ဖြေရှင်းရမည့်အချက်ကို ပြောပြနေခြင်းမဟုတ်ပေ။ သူသည် သူတို့အား အမှန်တစ်ကယ်ပြဿနာကို ပြောမပြခဲ့ချေ။
“အရှေ့ခြမ်းနယ်မြေတွေရဲ့ ရုတ်တရက်ဖြစ်ပွားလာမယ့် ဘေးအန္တရာယ်... အဲဒါ ဘာကိုဆိုလိုတာလဲ...”
သူ့နားထဲတွင် စိတ်လှုပ်ရှားစွာအော်ဟစ်သံများကို ကြားနေရစဉ် စုမင်သတ္တမတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်မိပြီးနောက် နဝမတောင်ထွတ်၏တောင်ထိပ်သို့ ပြန်ကြည့်လိုက်သည်။
်ထို့နောက် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခြေလှမ်းအနည်းငယ်လှမ်း၍ လှိုဏ်ဂူရှိရာသို့ ပြန်လာခဲ့သည်။
“အကယ်၍ ဆရာကသာ အဲဒါကိုပြောဖို့ ငြင်းဆန်တယ်ဆိုရင် ငါသူ့ကိုသွားမေးရင်တောင် သူပြောပြမှာမဟုတ်ဘူး... ပြီးတော့ အဲဒီအကြောင်းပြောပြနိုင်တာက ဆရာတစ်ယောက်တည်းတော့ မဟုတ်ဘူး။ ထျန်းလန်မုန်လည်း ရှိသေးတယ်”
စုမင် လှိုဏ်ဂူထဲတွင်ထိုင်ချလိုက်သည်။ သူကြားနေရသော စိတ်လှုပ်ရှားစွာအော်ဟစ်သံများသည်လည်း အတော်အတန်ငြိမ်ကျသွားချေပြီ။
“ငါတို့က အခုစစ်ပွဲကိုသွားကြတော့မှာလား... ဒါပေမယ့် ငါ့မှာ မလုပ်ရသေးတဲ့ အရေးကြီးတဲ့အရာတစ်ခု ရှိနေသေးတယ်...”
စုမင် မျက်လုံးများကို မှိတ်ချလိုက်တော့သည်။
***