အခန်း (၂၀၁-၂၀၂)
Vol. 12 Ch. 201-202
အခန်း (၂၀၁)အသက်အန္တရာယ်နှင့် ရင်ဆိုင်ရခြင်း
ကျူးရွှမ်းကျိသည် မျိုးနွယ်စုသုံးစုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ မီးတောင်၏ နက်ရှိုင်းရာဆီသို့ ချီတက်ခဲ့ချေသည်။
၎င်းတို့သည် မီးတောင်ဝမှတစ်ဆင့် ထင်ထင်ပေါ်ပေါ်ပင် ဝင်ရောက်သွားကြပေရာ ကျူးရွှမ်းကျိသည် တော်ဝင်စေတမန်ဟူသော ဂုဏ်ပုဒ်ကို အသုံးပြုကာ မြို့စားမင်း မုန့်ခွေအား မီးလျှံတောင် မသေမျိုးမြို့တော်ကို အမှားအယွင်းမရှိစေဘဲ သေချာစွာ စောင့်ကြပ်ရန် အမိန့်ပေးခဲ့၏။
မျိုးနွယ်စုသုံးစုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် များသောအားဖြင့် မုန့်ခွေ၏ ဖိနှိပ်မှုကို ခံရလေ့ရှိသော်လည်း ယခုအခါ ၎င်းအား အမိန့်ပေး အနိုင်ယူနိုင်သည်ကို မြင်တွေ့ရသဖြင့် စိတ်ထဲတွင် များစွာ ကျေနပ်အားရနေကြသည်။
မုန့်ခွေအနေဖြင့် တမ်းတခြင်းပြည်ကို သစ္စာဖောက်ကာ ပုန်ကန်ခြင်းမပြုသရွေ့ ကျူးရွှမ်းကျိတို့တစ်သိုက် ပြန်လာသည်အထိ မြို့တော်နှင့် တောင်ထိပ်ကို စိတ်ရှည်လက်ရှည် စောင့်ကြပ်နေရုံသာ ရှိတော့ပေသည်။
ထိုစဉ် နင်းကျော့မှာမူ ကျူးရွှမ်းကျိတို့၏ လှုပ်ရှားမှုကို သိရှိခြင်းမရှိပေ။ သူသည် ထိုနေ့၌ပင် ပထမအဆင့် စက်မှုရုပ်သေး တပ်ဆင်ခြင်းကို စတင်နေပြီ ဖြစ်သည်။
သူသည် များပြားလှသော စက်မှုအစိတ်အပိုင်းများကို စုစည်းကာ ဝိဇ္ဇာသံနက်ဖြင့် ပြုလုပ်ထားသော ဧရာမအရိုးစုကြီးကို တည်ဆောက်လိုက်ချေသည်။
ယခင်က သစ်သားစစ်သည် တိုက်ပွဲဝင်မျောက်မှာ ရှစ်ပေခန့် မြင့်မားပြီး နင်းကျော့ထက် အရပ်ရှည်သော်လည်း ရွှေသွေးတိုက်ပွဲဝင်မျောက်မှာမူ နင်းကျော့ထက် အနည်းငယ် ပုပေသည်။
သို့သော် ယခုအသစ်သွန်းလုပ်လိုက်သော စက်မှုမျောက်မှာမူ အရွယ်အစား အတော်အတန်ကြီးမားလှသည့် စက်မှုယန္တရားကြီးတစ်ခု ဖြစ်၏။
၎င်း၏ အရိုးစုသက်သက်ပင် တစ်ပေခွဲခန့် မြင့်မားနေပြီး နှစ်ထပ်တိုက်တစ်လုံးနှင့် ညီမျှနေပေရာ အရိုးစုကို ကြည့်ရုံမျှဖြင့် ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ မာကျောခိုင်ခံ့သော အရှိန်အဝါကို ခံစားရစေသည်။
ယင်းမျောက်၏ အရိုးစုနှင့် လှုပ်ရှားနိုင်သော အဆစ်များကို ဝိဇ္ဇာသံနက်ဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်၏။ ထို့နောက် နင်းကျော့သည် မျောက်၏ ရင်ဘတ်နှင့် ကျောဘက်ပိုင်းကို ဆက်လက်တပ်ဆင်ရာ ထိုအစိတ်အပိုင်းတွင် နေဝန်းနီကြေးနီကို အဓိကအသုံးပြုထားသဖြင့် အလွန်ပင် ထူထဲလေးလံလှသည်။
ဆက်လက်၍ ဝဇီရကျောက်ဖြင့် ပြုလုပ်ထားသော လက်သည်းများနှင့် သွားများကို တပ်ဆင်လိုက်ရာ စက်မှုမျောက်၏ တိုက်ခိုက်ရေးစွမ်းအားမှာ များစွာ ထက်မြက်လာလေတော့သည်။
မျောက်၏ အဓိကအဆစ်များ၊ အရိုးမျက်နှာပြင်များနှင့် ရင်ဘတ်၊ ကျောဘက်တို့၏ အတွင်းပိုင်းတွင် နက်နဲသော အင်းကွက်များကို ထွင်းထုထားချေသည်။ ယင်းအင်းကွက်များသည် အချင်းချင်း ယှက်နွယ်နေပြီး အလွန်ရှုပ်ထွေးလှသော အစီအရင်မြေပုံကြီးတစ်ခု ဖြစ်ပေါ်နေ၏။
သေချာစွာ ကြည့်ရှုလျှင် ထိုအစီအရင်မှာ အနည်းဆုံး အစီအရင်သုံးခုကို တစ်ခုပေါ်တစ်ခု ထပ်ဆင့်ထားခြင်းဖြစ်ကြောင်း သိနိုင်ပေရာ ဤသည်မှာ ကျိုးမျိုးနွယ်စု၏ အစီအရင်အတတ်ပညာတွင် ကျွမ်းကျင်နှံ့စပ်မှုကို ပြသနေခြင်းပင် ဖြစ်သည်။
အင်းကွက်များစွာထဲတွင် သွေးပိုးမျှင်ကြိုးများကို ထည့်သွင်းထားပြီး နင်းကျော့သည် သူ၏ ဝိညာဉ်စွမ်းအားဖြင့် ထိုကြိုးများကို အရည်ဖျော်ကာ အစီအရင်အင်းကွက်များအတွင်းသို့ ပေါင်းစပ်လိုက်ပေရာ ယင်းက အစီအရင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့်အပြင် အသုံးပြုနိုင်သည့် သက်တမ်းကိုလည်း အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးမည် ဖြစ်သည်။
စက်မှုမျောက်၏ ပထမအဆင့် တပ်ဆင်ခြင်းကို နင်းကျော့နှင့် စွန်းလင်ထုံတို့ လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြီးမြောက်ခဲ့လေပြီ။ ၎င်း၏ ပေါင်ကဲ့သို့သော အောက်ပိုင်းမှာ အရိုးစုအဆင့်သာ ရှိသေးသော်လည်း တစ်ကိုယ်လုံး၏ အလေးချိန်မှာ ပေါင်သုံးသောင်ကျော်နေပြီ ဖြစ်သည်။
နင်းကျော့၏ ခန့်မှန်းချက်အရ အားလုံးပြီးစီးပါက ပေါင်လေးသောင်းခန့် လေးလံမည် ဖြစ်ပေရာ ထိုမျှလောက်သော အလေးချိန်သည် သာမန်မြေပြင်ပေါ်တွင်ပင် အနည်းငယ် နိမ့်ဝင်သွားစေနိုင်ပေသည်။
ဤမျှ လေးလံသော ကိုယ်ထည်ကို စွမ်းအင်ပေးရန်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် နင်းကျော့သည် ချော်ရည်နန်းတော်မှ ဆုလာဘ်အဖြစ် ရရှိထားသော မီးလျှံဓာတ်ကို အသုံးပြုသည့် စက်မှုနှလုံးသား ဆေးဖိုကို အသုံးချရန် ဆုံးဖြတ်လိုက်၏။
ဤယန္တရားမှာ ဧရာမ စက်ဝန်းပုံသဏ္ဌာန်ရှိပြီး ဗဟိုတွင် ဆေးဖိုတစ်ခု သွန်းလုပ်ထားခြင်း ဖြစ်သည်။ စက်ဝန်း၏ မျက်နှာပြင်ပေါ်တွင် အရွယ်အစား၊ အလျားနှင့် အထူ မတူညီသော ဆလင်ဒါတိုင်များစွာ ထွက်ပေါ်နေချေသည်။
မီးလျှံဓာတ်ကို ဖြည့်သွင်းလိုက်သည်နှင့် စွမ်းအင်များကို စားသုံးကာ အားကောင်းသော စွမ်းအားများအဖြစ် ပြောင်းလဲပေးမည် ဖြစ်ပြီး ဆလင်ဒါတိုင်များကို အဆက်မပြတ် ဆန့်ထုတ်ခြင်း၊ ကျုံ့ခြင်းတို့ဖြင့် ဘက်ပေါင်းစုံသို့ ပြင်းထန်သော တွန်းအားများကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
မီးလျှံဓာတ်ကို အဆက်မပြတ် သုံးစွဲနေရမည်ဖြစ်သဖြင့် စက်ဝန်း၏ အလယ်အလွှာတွင် သိုလှောင်မှုအစီအရင်တစ်ခုကိုလည်း ပါးနပ်စွာ ထည့်သွင်းထားသေးသည်။
စက်မှုနှလုံးသား ဆေးဖိုရှိရုံဖြင့် မလုံလောက်သေးသဖြင့် နင်းကျော့သည် လေပြင်းမီးလျှံစက်ဝန်းများကိုလည်း အသုံးပြုရန် စီစဉ်ထား၏။
သူ၏ ဒီဇိုင်းအရ စက်မှုမျောက်အသစ်၏ ခြေသလုံးနှစ်ဖက်တွင် ကြီးမားသော လေပြင်းမီးလျှံစက်ဝန်းနှစ်ခုကို တပ်ဆင်မည် ဖြစ်သည်။
လိုအပ်သည့်အခါ ထိုစက်ဝန်းများသည် အရှိန်အဟုန်ဖြင့် လည်ပတ်ကာ ပြင်းထန်သော လေပြင်းနှင့် မီးလျှံများကို ဖြစ်ပေါ်စေပြီး လေးလံလှသော စက်မှုမျောက်ကြီးကို ရှေ့သို့ အားရပါးရ တွန်းပို့ပေးမည် ဖြစ်သည်။
စက်မှုမျောက်၏ လက်ဖဝါးများမှာလည်း အလွန်ကျယ်ပြောပြီး ထူထဲလှသည်။ ယခုအကြိမ်တွင် လက်ဖဝါးနှင့် လက်ကောက်ဝတ်များ၌ ထည့်သွင်းမည့် ကိုယ်ခံပညာရပ် အဆောင်လက်ဖွဲ့များမှာ ဆယ်ဂဏန်းမျှသာမကဘဲ စုစုပေါင်း သုံးဆယ့်ခြောက်ခုပင် ရှိသည်။
ကိုယ်ခံပညာရပ် အဆောင်လက်ဖွဲ့များနှင့် လေပြင်းမီးလျှံစက်ဝန်းများ၏ ဒီဇိုင်းမှာ ချော်ရည်နန်းတော်ရှိ စက်မှုမျောက်နှင့် ဆင်တူနေခြင်းအပေါ် နင်းကျော့က အသင့်ပြင်ထားသော ဆင်ခြေမှာ -
"ဘာလဲ... ကောင်းမွန်တဲ့ ဒီဇိုင်းအယူအဆတွေကို ငါက အတုယူလို့ မရဘူးလား" ဟူ၍ ဖြစ်သည်။
နင်းကျော့သည် ကိုယ်ခံပညာရပ် အဆောင်လက်ဖွဲ့များ သွန်းလုပ်ခြင်းကို သူ၏ လက်အောက်ငယ်သားများထံ တာဝန်ပေးထားသည်။
ယခင်က အုပ်ချုပ်ရေးမှူးဟောင်းများဖြစ်ကြသော ထိုသူများသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အဆောင်လက်ဖွဲ့ အနည်းငယ် သွန်းလုပ်ခြင်းမှာ ခက်ခဲသောအလုပ် မဟုတ်ပေ။
ထို့ကြောင့် နင်းကျော့သည် တိုက်ပွဲအတွက် အသင့်ဖြစ်နေစေရန် အဆောင်လက်ဖွဲ့ အမျိုးအစားတစ်ခုစီကို အထပ်လိုက် ပြင်ဆင်ထားပြီး အလွန်အကျွံ သုံးစွဲမိမည်ကိုလည်း စိုးရိမ်ခြင်းမရှိပေ။
အရေးအကြီးဆုံး အစိတ်အပိုင်းမှာ စက်မှုမျောက်၏ အတွင်းပိုင်းဖွဲ့စည်းပုံပင် ဖြစ်သည်။ ချော်ရည်နန်းတော်မှ ရရှိသော အရည်အသွေးမြင့် သွေးအသွင်ပြောင်းကန်ကို မျောက်၏ အဆုတ်နေရာတွင် တပ်ဆင်မည် ဖြစ်သည်။
ဆုလာဘ်အဖြစ် ရရှိထားသော သွေးဆီဗူးကိုလည်း သွေးအသွင်ပြောင်းကန်နှင့် ဆက်သွယ်ကာ ဝမ်းဗိုက်ပိုင်းရှိ အောက်ပိုင်းတန်တျန်နေရာတွင် ချိတ်ဆွဲထားမည် ဖြစ်၏။
ဝမ်းဗိုက်ပိုင်းအတွင်းရှိ သွေးဆီဗူးဘေးတွင် သွေးစမ်းရေအိုး တစ်ခုကိုလည်း ထားရှိထားသည်။ ယင်းအိုးသည် နင်းကျော့၏ သွေးများကို သိုလှောင်ထားပြီး သွေးဆီဗူးအတွင်းရှိ အရာဝတ္ထုများကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုကာ အလိုအလျောက် သန့်စင်ပေးမည် ဖြစ်သည်။
နင်းကျော့၏ သွေးကို စံနှုန်းအဖြစ် အသုံးပြုထားသဖြင့် သန့်စင်ပြီးသား သွေးများကို သူက အပြည့်အဝ စုပ်ယူနိုင်မည်ဖြစ်ကာ သူ၏ လိုအပ်ချက်ကိုလည်း ကွက်တိ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
သွေးဆုံးရှုံးမှုအတွက် နင်းကျော့သည် ဆေးလုံးများကို အသုံးပြုကာ သွေးပြန်လည်ဖြည့်တင်းရန် လိုအပ်မည် ဖြစ်၏။
သို့သော်လည်း ကိုယ်တိုင် သွေးသန့်စင်နေရသည်ထက် ဆေးသောက်ပြီး ကုသနေရသည်က ပို၍ သက်သာပေသည်။
အကြောင်းမှာ ကုသနေစဉ်အတွင်း နင်းကျော့သည် အခြားသော ကျင့်ကြံမှုများကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်သဖြင့် အချိန်ကို ပိုမိုထိရောက်စွာ အသုံးချနိုင်သောကြောင့်ပင် ဖြစ်သည်။
ကျူးရွှမ်းကျိနှင့် အခြားသူများသည် မီးလျှံတောင်တန်း၏ နက်ရှိုင်းရာဆီသို့ ဆက်လက်တိုးဝင်နေကြသည်။ တစ်ခါတစ်ရံတွင် တောင်အတွင်းရှိ လိုဏ်ဂူများကို အသုံးပြုကြသလို တစ်ခါတစ်ရံတွင်လည်း လမ်းအသစ်ကို ကိုယ်တိုင် ဖောက်လုပ်ကြရသည်။
၎င်းတို့သည် အလှည့်ကျ ရှေ့ဆောင်လမ်းပြ ပြုလုပ်ကြပြီး အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကာ မနားမနေ ချီတက်ခဲ့ကြချေသည်။
မီးလျှံတောင်တန်းအတွင်း၌ မီးလျှံနတ်ဆိုး သားရဲများဖြင့် ပြည့်နှက်နေ၏။ ယခင်က ချော်ရည်နန်းတော်ကို ဝိုင်းရံတိုက်ခိုက်စဉ်က အများအပြား သေဆုံးခဲ့ကြသော်လည်း တောင်အတွင်း၌ ကျန်ရှိနေသေးသော သားရဲအရေအတွက်မှာ ရေတွက်၍ပင် မရနိုင်သေးပေ။
ကျူးရွှမ်းကျိသည် သူ၏ အဖိုးတန် ဆန်းပြားပေတံကို အသုံးပြုကာ အတားအဆီးအားလုံးကို ရှင်းလင်းနေ၏။
ကျန်းမျိုးနွယ်စု ကျင့်ကြံသူများသည် မြေအောက်အပူစွမ်းအင်ကို အသုံးချကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး ကျိုးမျိုးနွယ်စု ကျင့်ကြံသူများကမူ အစီအရင်ပြားများကို ပစ်လွှတ်ကာ တိုက်ပွဲကွင်းပြင်ကို ပြင်ဆင်နေကြသည်။
နင်းမျိုးနွယ်စုမှ ဘိုးဘေးမှာမူ သူ၏ နှင်းခဲအသက်ရှူသံဖြင့် အားကောင်းသော ရန်သူများကို အေးခဲသတ်ဖြတ်နေ၏။
ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခြောက်ဦးတို့သည် အချင်းချင်း ကူညီရိုင်းပင်းကြရာ တိုက်ပွဲတိုင်းတွင် ပိုမို ဟန်ချက်ညီလာကြသော်လည်း အကြိမ်ကြိမ် အနားယူပြီးနောက်တွင် တဖြည်းဖြည်း မောပန်းနွမ်းနယ်လာကြသည်။
နက်ရှိုင်းလေလေ မီးလျှံနတ်ဆိုး သားရဲများက ပိုမိုသန်မာလာပြီး အရေအတွက်လည်း များပြားလာကာ ၎င်းတို့ကို အဆက်မပြတ် တိုက်ခိုက်နေသဖြင့် အနားယူရန်ပင် အခွင့်မသာတော့ပေ။
"ရောက်ပြီ"
ကျူးရွှမ်းကျိက စိတ်ဓာတ်မြှင့်တင်ရန် အားရပါးရ အော်ဟစ်လိုက်သည်။ ၎င်းတို့သည် နောက်ဆုံးတွင် ချော်ရည်နတ်ဆိုးမျောက်များ၏ မြေအောက်အသိုက်အမြုံသို့ ရောက်ရှိသွားကြပြီ ဖြစ်၏။
ကျူးရွှမ်းကျိသည် စက်မှုမိစ္ဆာစစ်သူကြီး တစ်ဦး၏ အကြွင်းအကျန်များကို ချက်ချင်း သတိပြုမိလိုက်သည်။ သို့သော် နောက်တစ်ခဏတွင် သားရဲမျောက်တို့၏ ဘုရင်မှာ ထရပ်ကာ ဟိန်းဟောက်လိုက်လေတော့သည်။
ထိုဟိန်းဟောက်သံနှင့်အတူ မီးလျှံများထဲမှ မျောက်နတ်ဆိုး ပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာပြီး ကျူးရွှမ်းကျိတို့တစ်သိုက်ကို ဝိုင်းရံပိတ်ဆို့လိုက်ကြ၏။
"တောက်... ခက်တော့တာပဲ"
"ရွှေအမြုတေအဆင့်ရှိတဲ့ မျောက်နတ်ဆိုး ငါးကောင်တောင် ရှိနေတာလား"
"ရန်သူက အရမ်းသန်မာတယ်... ငါတို့ ဆုတ်ခွာကြမလား"
မျောက်နတ်ဆိုးများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ လူသားများထက် များစွာ သာလွန်ပေသည်။ ခန္ဓာကိုယ်ကျင့်စဉ်ကို သီးသန့်ကျင့်ကြံထားခြင်း မရှိပါက ၎င်းတို့နှင့် ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကျူးရွှမ်းကျိတို့အဖွဲ့တွင် ခန္ဓာကိုယ်ကျင့်စဉ် ကျင့်ကြံသူ တစ်ဦးမျှ မပါဝင်ချေ။
ကျန်းမျိုးနွယ်စုမှ ကျန်းရွှမ်းကောပင်လျှင် ယင်းကျင့်စဉ်ကို ဘေးတွဲအဖြစ်သာ ကျင့်ကြံထားခြင်း ဖြစ်သည်။
ကျူးရွှမ်းကျိကိုယ်တိုင်လည်း ဆုတ်ခွာချင်သော်လည်း မျောက်နတ်ဆိုးများ၏ ဝိုင်းရံမှုမှာ အလွန်ထူထပ်လှသဖြင့် နောက်ဆုံးတွင် ပိတ်မိသွားလေတော့သည်။
သေရေးရှင်ရေး တိုက်ပွဲကြီးမှာ စတင်လေပြီ။
မီးလျှံတောင် မသေမျိုးမြို့တော်။
မြေအောက်လျှို့ဝှက်စခန်း။
ထူထဲမှောင်မည်းသော တိမ်တိုက်များကြားတွင် လော့ရှန်သည် ဆွဲဆောင်မှုရှိသော သရဲမ အချို့၏ ဝိုင်းရံမှုကို ခံနေရ၏။
ထိုသရဲမများသည် အမျိုးသားများ၏ ရမ္မက်ကို နှိုးဆွကာ စွမ်းအင်များကို စုပ်ယူရာတွင် အလွန်ကျွမ်းကျင်ကြသည်။ သို့သော် ထိုကဲ့သို့ လှပသော သရဲမများကြားတွင် လော့ရှန်မှာမူ အေးစက်သော မျက်နှာထားဖြင့်သာ တည်ရှိနေပြီး မိစ္ဆာပညာရပ်များကို တိတ်ဆိတ်စွာ ကျင့်ကြံနေချေသည်။
သူသည် မိမိ၏ ကျင့်ကြံမှုကို အထောက်အကူပြုရန် ထိုသရဲမများကို အသုံးချနေခြင်းပင် ဖြစ်သည်။
ရုတ်တရက် သူ၏ မျက်လုံးများ အနည်းငယ် ပွင့်လာပြီး မသိမသာ လှုပ်ခတ်မှုကို အာရုံခံမိလိုက်၏။
ထိုလှုပ်ခတ်မှုမှာ ချက်ချင်းပင် ကျယ်ပြန့်လာပြီး ဟင်းလင်းပြင်ထဲတွင် တံခါးတစ်ခု ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် စွန်းလင်ထုံ လမ်းလျှောက်ဝင်လာလေတော့သည်။
သူသည် အချိန်အတန်ကြာတိုင်း နေရာတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့နေရပြီး ယခုတစ်ကြိမ်တွင်မူ ဤမြေအောက်စခန်းသို့ ရောက်ရှိလာခြင်း ဖြစ်ပေတော့သတည်း။
အခန်း ၂၀၂ ပုရစ်ဟောင်းပညာရပ်
ကျောက်စိမ်းကို ထွင်းထုထားသကဲ့သို့ နုနယ်ချောမောသော ရုပ်သွင်ရှိသည့် စွန်းလင်ထုံသည် ဟင်းလင်းပြင်လှိုင်းဂယက်များကို ဖြတ်ကျော်ကာ မြေအောက်စခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ချေသည်။
သို့သော် သူ၏ခြေထောက်များ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ပတ်ဝန်းကျင်၌ ဝန်းရံနေသော အလွန်ကြီးမားသည့် ဝိညာဉ်စွမ်းအားလှိုင်းများကို အာရုံရလိုက်သဖြင့် သူ၏မျက်သူငယ်အိမ်တို့မှာ ရုတ်ချည်းပင် ကျုံ့ဝင်သွားတော့သည်။
မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေသော ဝိညာဉ်စွမ်းအားတို့သည် ကမ်းခြေကို ပြင်းထန်စွာ ရိုက်ခတ်နေသည့် အေးစက်သော ဒီရေလှိုင်းများကဲ့သို့ အလုံးအရင်းနှင့် စီးဝင်လာလေသည်။
“ရန်သူရှိနေတာပဲ”
“ငါ ချောင်းမြောင်းတိုက်ခိုက်ခံလိုက်ရပြီ”
စွန်းလင်ထုံသည် သူ၏ မူလနေရာသို့ ပြန်လည်ကူးပြောင်းရန် ပညာရပ်တစ်ခုကို ဗီဇအရ အလိုအလျောက် ထုတ်ဖော်လိုက်သော်လည်း ဝိညာဉ်ဝါးဂိုဏ်း၏ မျိုးဆက်ခံတပည့် လော့ရှန်မှာမူ ယင်းမြေအောက်စခန်း၌ ရက်ပေါင်းများစွာကတည်းက စောင့်ကြိုနေခဲ့ခြင်းဖြစ်ရာ ဝန်းကျင်တစ်ခုလုံးကို အစီအရင်တစ်ဝက်ခန့်ဖြင့် အသင့်ပြင်ဆင်ထားပြီးဖြစ်ချေသည်။
စွန်းလင်ထုံ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လော့ရှန်သည် သူ၏ သရဲစေခိုင်းသူများကို စေလွှတ်ကာ အစီအရင်ကို ချက်ချင်းပင် အပြည့်အဝ အသက်သွင်းလိုက်တော့သည်။
အစီအရင်ကြောင့် စွန်းလင်ထုံမှာ နောက်ဆုတ်သွားရသော်လည်း လေထုထဲ၌ ဟင်းလင်းပြင် လှိုင်းဂယက်များ ဖြစ်ပေါ်မလာတော့ပေ။
တိုက်ပွဲနယ်မြေ၏ ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့် သူ၏ ဟင်းလင်းပြင်ကူးပြောင်းခြင်း ပညာရပ်မှာ အသုံးမဝင်တော့ချေ။
“ကလေးလေး... မင်းကတော့ ငါ့ရဲ့ ဝိညာဉ်ဝါးဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရဲတယ်ဆိုတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်”
“ပြောစမ်း... ချီပိုင်ရဲ့ အလောင်းက ဘယ်မှာလဲ၊ အခုချက်ချင်း ထုတ်ပေးစမ်း”
“မင်းသာ ကောင်းကောင်းမွန်မွန် ပူးပေါင်းပြီး အညံ့ခံမယ်ဆိုရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်၊ ပြီးမှ ဗုဒ္ဓနှလုံးသားဂိုဏ်းက မင်းကို လာရွေးတဲ့အထိ စောင့်တာပေါ့”
သရဲပုံရိပ်များနှင့် အေးစက်သော လေပြင်းများကြားမှ လော့ရှန် ထွက်ပေါ်လာချေသည်။
“ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက်ပဲ”
“မင်းက ဝိညာဉ်ဝါးဂိုဏ်းရဲ့ မျိုးဆက်ခံတပည့် လော့ရှန်ပဲ”
စွန်းလင်ထုံသည် လော့ရှန်၏ အထောက်အထားကို တစ်ခဏချင်းပင် မှတ်မိသွားကာ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။
ဝိညာဉ်ဝါးဂိုဏ်းက လက်စားချေလာလိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ မြေအောက်စခန်းအတွင်းအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လော့ရှန်သည် သားကောင်ကို စောင့်နေသော သားရဲတစ်ကောင်ကဲ့သို့ ရက်ပေါင်းများစွာကတည်းက ချောင်းမြောင်းနေခဲ့ပြီး ယခုအခါတွင်မူ သူ အလိုရှိသော သားကောင်ကို ဖမ်းမိသွားခဲ့ပြီ။
“ဒီကို ငါ မပြန်လာခဲ့သင့်ဘူး” ဟု စွန်းလင်ထုံ၏ စိတ်ထဲ၌ နောင်တရမိသွားလေသည်။ သို့သော်လည်း တစ်ဆက်တည်းမှာပင် နေရာတစ်ခုတည်း၌ ကြာရှည်မနေဘဲ မကြာခဏ ပြောင်းရွှေ့နေထိုင်သည့် သူ၏ နည်းဗျူဟာမှာ မှန်ကန်နေဆဲပင် ဖြစ်သည်ဟု တွေးမိပြန်သည်။
“ငါသာ မြေအောက်စခန်းတစ်ခုတည်းမှာပဲ အမြဲတမ်း နေနေခဲ့ရင် ဒီထက်တောင် စောစောစီးစီး အဖမ်းခံရမှာ၊ ဒါပေမဲ့ သူ ငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ”
“ပြီးခဲ့တဲ့တစ်ခေါက် ချီပိုင်ရဲ့ ဝိညာဉ်သိုလှောင်အိတ်ကို ဖွင့်ဖို့ ကြိုးစားခဲ့လို့များလား”
စွန်းလင်ထုံသည် ယင်းအချက်ကို ချက်ချင်းပင် သတိပြုမိသွားတော့သည်။ အကြောင်းမှာ သူသည် ထိုအချိန်က ချီပိုင်၏ အိတ်ကို ယခုနေရာ၌ပင် ဖြုတ်ယူစစ်ဆေးခဲ့သောကြောင့် ဖြစ်၏။
“အဲဒီတုန်းက မီးခိုးတွေကို ငါ အသေအချာ ငြိမ်းသတ်ခဲ့တာပဲကို”
“နေဦး... အခုက ဒါတွေကို အသေးစိတ် စဉ်းစားနေရမယ့်အချိန် မဟုတ်ဘူး”
“အခု အရေးအကြီးဆုံးက လွတ်မြောက်ဖို့ လမ်းစကို ချက်ချင်းရှာရမယ်”
မြေအောက်စခန်းတစ်ခုလုံးကို လော့ရှန်၏ အစီအရင်ဖြင့် ဝန်းရံထားပြီး ဖြစ်သောကြောင့် စွန်းလင်ထုံမှာ ဟင်းလင်းပြင်ကို တိုက်ရိုက်ဖြတ်ကျော်၍ မရနိုင်တော့ပေ။
သို့သော် သူ၏ ကိုယ်လက်လှုပ်ရှားမှုဖြင့် အတင်းထိုးဖောက်ထွက်ရန်မှာမူ အနည်းငယ်မျှသော မျှော်လင့်ချက် ရှိနေသေးသည်။
“ဟိ... ဟိ... ဟိ...” စွန်းလင်ထုံက ရယ်မောကာ ပြောလိုက်လေသည်။
“ဒီလိုလေး လုပ်ရုံနဲ့ မင်း ငါ့ကို ဖမ်းနိုင်မယ်လို့ ထင်နေတာလား”
ထိုသို့ပြောရင်း သူ၏ဝတ်ရုံထဲမှ အဆောင်လက်ဖွဲ့ အမြောက်အမြားကို ထုတ်ယူလိုက်ချေသည်။
ပုံရိပ်ယောင် ကိုယ်ပွားအဆောင်။
သူသည် အဆောင်လက်ဖွဲ့များကို လေထဲသို့ တိုက်ရိုက် ပစ်မြှောက်လိုက်လေရာ ယင်းတို့မှာ လေထဲ၌ပင် လောင်ကျွမ်းသွားပြီး စွန်းလင်ထုံ၏ ပုံပန်းသဏ္ဌာန်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
စွန်းလင်ထုံ၏ ကိုယ်ပွားပေါင်း ဆယ်ဂဏန်းခန့်မှာ အရပ်မျက်နှာအသီးသီးသို့ ပြေးထွက်သွားကြသဖြင့် လော့ရှန်အဖို့ မည်သူမှာ အစစ်အမှန်ဖြစ်သည်ကို ခွဲခြားနိုင်ရန် ခက်ခဲသွားရသည်။
စွန်းလင်ထုံနှင့် နင်းကျော့တို့မှာ လက်စားချေခံရမည့်အရေးကို ကြိုတင်တွက်ဆထားပြီးဖြစ်၍ ကြာမြင့်စွာကတည်းက ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြခြင်းဖြစ်ချေသည်။
ဤပုံရိပ်ယောင် ကိုယ်ပွားအဆောင်များကိုမူ နင်းကျော့၏ လက်အောက်ငယ်သားများက ရှုပ်ထွေးစေရန်နှင့် ထွက်ပြေးတိမ်းရှောင်ရာတွင် အသုံးပြုရန် အမြောက်အမြား သွန်းလုပ်ပေးထားခဲ့ခြင်း ဖြစ်သည်။
“ကျော့လေးကို ကျေးဇူးတင်ရမှာပဲ”
စွန်းလင်ထုံသည် ကိုယ်ပွားများကြား၌ ရောနှောကာ နံရံဆီသို့ ရွေ့လျားသွားလေသည်။
“ဟုတ်သားပဲ... ကျော့လေးကို အရင်ဆုံး သတိပေးရမယ်”
စွန်းလင်ထုံသည် နည်းလမ်းသုံးမျိုးကို ဆက်တိုက်အသုံးပြုကာ အချက်ပေးရန် ကြိုးပမ်းလိုက်သော်လည်း လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏စိတ်ထဲ၌ နောင်တရသွားပြန်သည်။
“ငါ ဘာတွေ လုပ်နေတာလဲ”
“ကျော့လေးသာ ငါ အန္တရာယ်ဖြစ်နေတာကို သိရင် သူ ငါ့ကို လာကယ်မှာ အသေအချာပဲ”
“အဲဒီလိုသာ သူ ပါဝင်ပတ်သက်လာရင် ငါ သူ့ကို ဒုက္ခပေးသလို ဖြစ်သွားမှာပေါ့”
“အထူးသဖြင့် အခု သူမှာ သစ်သားစစ်သည် တိုက်ပွဲဝင်မျောက်လည်း မရှိတော့ဘူးလေ”
စွန်းလင်ထုံ၏ မျက်နှာမှာ စိုးရိမ်စိတ်တို့ကြောင့် ခဏခဏ ပြောင်းလဲနေတော့သည်။
ထိုစဉ် ရုတ်တရက်ဆိုသလို သူ၏တစ်ကိုယ်လုံး စိမ့်တက်သွားကာ အေးစက်သော ထိတ်လန့်မှုကို ခံစားလိုက်ရချေသည်။ စွန်းလင်ထုံ၏ နဖူးပေါ်၌ ချွေးစေးများ ပျံလာကာ ထူးခြားသောအခြေအနေတစ်ခုကို သတိပြုလိုက်မိသည်။
“ငါ ဒီမြေအောက်စခန်းထဲကို ဝင်လာကတည်းက စိတ်တွေ ပိုပြီး လေနေသလိုပဲ”
“ငါ တိုက်ခိုက်ခံနေရတာပဲ”
လော့ရှန် ကျင့်ကြံထားသော ‘ဝိညာဉ်ဖြိုခွင်း စိတ်မောလူမောကျင့်စဉ်’ မှာ ပြိုင်ဘက်၏ စိတ်ခံစားချက်များကို လှုံ့ဆော်နိုင်ပြီး အတွေးများကို ရှုပ်ထွေးစေကာ မိမိကိုယ်ကိုယ်မူ အလွန်အမင်း တည်ငြိမ်နေအောင် ပြုလုပ်နိုင်သော ပညာရပ်တစ်ခု ဖြစ်သည်။
ယင်းကို သိရှိသွားသည်နှင့် စွန်းလင်ထုံသည် သူ၏ ဝိညာဉ်အတွင်းပိုင်း၌ ရှိနေသော ဗလာတံဆိပ်ကို ချက်ချင်းပင် အသက်သွင်းလိုက်တော့သည်။
သူ၏ ပါရမီနှင့် ဉာဏ်အလင်းပွင့်မှုမှာ အလွန်မြင့်မားသောကြောင့် ယခင်က ချီပိုင်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲကို ပြန်လည်သုံးသပ်ကာ နယ်ပယ်အသီးသီး၌ တိုးတက်မှုများ ရှိနေခဲ့ခြင်း ဖြစ်သည်။
ဗလာတံဆိပ်မှာလည်း ထိုနည်းအတိုင်းပင်။ ယခုအခါတွင်မူ စွန်းလင်ထုံသည် ယခင်ကထက် ဗလာတံဆိပ်၏ စွမ်းအားကို ပိုမိုကျွမ်းကျင်စွာ အသုံးချနိုင်နေပြီ ဖြစ်သည်။
တံဆိပ်တော်မှ စွမ်းအားများ ထွက်ပေါ်လာကာ သူ၏စိတ်ထဲရှိ ရှုပ်ထွေးမှုများကို ရှင်းလင်းပေးလိုက်ချေသည်။ စွန်းလင်ထုံ၏ မျက်ဝန်းတို့မှာ တည်ငြိမ်သွားကာ တွန့်ဆုတ်နေခြင်းများလည်း မရှိတော့ပေ။
လော့ရှန်မှာမူ ကိုယ်ပွားများထဲမှ စိတ်လှုပ်ရှားမှု အရှိဆုံးဖြစ်နေသော စွန်းလင်ထုံကို ရှာဖွေရန် ပညာရပ်တစ်ခုကို လျှို့ဝှက်အသုံးပြုနေခဲ့ခြင်းဖြစ်သည်။
အောင်မြင်လုနီးပါး ဖြစ်နေချိန်မှာပင် အရာအားလုံးမှာ ရေထဲမှ ဆွဲတင်လိုက်သော ငါးဖမ်းပိုက်ထဲမှ ငါးများ ပြန်လည်လွတ်ထွက်သွားသကဲ့သို့ ပျောက်ကွယ်သွားရလေ၏။
“စိတ်ဝင်စားဖို့ကောင်းသားပဲ” လော့ရှန်၏ မျက်ဝန်းထဲ၌ ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း သူ၏မျက်နှာမှာမူ မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲပင်။
သူသည် စိတ်ဆန္ဒဖြင့် ညွှန်ကြားလိုက်ကာ ဝန်းကျင်၌ လှည့်ပတ်နေသော သရဲလေပြင်းများကြားမှ သရဲစစ်သူကြီးတစ်ပါးကို ဆင့်ခေါ်လိုက်လေသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် ရှိကြသော သရဲစစ်သူကြီး အများအပြားမှာ စွန်းလင်ထုံရှိရာဆီသို့ တိတ်တဆိတ် ရွေ့လျားသွားကြချေသည်။
ပုံရိပ်ယောင် ကိုယ်ပွားအဆောင်များမှာ အစစ်အမှန်နှင့် တူသော်လည်း အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း မရှိသောကြောင့် သရဲစစ်သူကြီးများ၏ တိုက်ခိုက်မှုကြောင့် လွယ်ကူစွာပင် ပျက်စီးသွားကြတော့သည်။
စွန်းလင်ထုံသည် နံရံကို ဖောက်ထွက်ရန် ကြိုးပမ်းသော်လည်း သရဲစစ်သူကြီးများက သူ့ကို ကြားဖြတ်တားဆီးလိုက်ကြသည်။
သရဲစစ်သူကြီး လေးပါးမှာ စွန်းလင်ထုံအစစ်ကို ရှာတွေ့သွားကြကာ ချက်ချင်းပင် ဝန်းရံလိုက်ကြချေသည်။
စွန်းလင်ထုံမှာ အလွန်လျှင်မြန်သော အရှိန်နှင့် ပါးနပ်သော ကိုယ်ဟန်တို့ဖြင့် ဘယ်ညာတိမ်းရှောင်နေသဖြင့် သရဲစစ်သူကြီးများ၏ လှုပ်ရှားမှုမှာ အင်မတန် အားမလိုအားမရ ဖြစ်စရာကောင်းနေတော့သည်။
သို့သော် ယင်းအခြေအနေမှာ ကြာရှည်မခံခဲ့ပေ။ စွန်းလင်ထုံသည် ဗလာတံဆိပ်၏ စွမ်းအားကို ကြာရှည်စွာ မထိန်းထားနိုင်ဘဲ ယင်းက သူ၏ စိတ်ဝိညာဉ်ကို အလွန်အမင်း ကုန်ခမ်းစေသည်။
သူသည် ပညာရပ်ကို ရပ်တန့်လိုက်ရသဖြင့် ရှုပ်ထွေးသော စိတ်ခံစားချက်များနှင့် အတွေးများမှာ သူ့ကို ထပ်မံလွှမ်းမိုးလာပြန်သည်။ သူ၏ လှုပ်ရှားမှုများမှာလည်း တွန့်ဆုတ်ကာ မမှန်မကန် ဖြစ်လာတော့သည်။
သရဲစစ်သူကြီးများမှာမူ လော့ရှန်ကိုယ်တိုင် သန့်စင်ထားသော ဝိညာဉ်များဖြစ်ရာ ယင်းသို့သော နှောင့်ယှက်မှုများ၏ သက်ရောက်မှုကို အနည်းငယ်မျှသာ ခံစားရလေသည်။
ထို့ကြောင့် စွန်းလင်ထုံမှာ အချိန်တိုအတွင်းမှာပင် အန္တရာယ်ရှိသော အခြေအနေသို့ ဆိုက်ရောက်သွားရတော့သည်။ ယင်းကို မြင်သောအခါ လော့ရှန်သည် အခွင့်အရေးကို အရယူကာ သရဲစစ်သူကြီးများကို အတူတကွ တိုက်ခိုက်ရန် ညွှန်ကြားလိုက်လေသည်။
သရဲစစ်သူကြီးများကို အခြေခံအဖြစ် အသုံးပြုကာ တိုက်ပွဲအစီအရင်တစ်ခုကို ဖော်ဆောင်လိုက်ကြရာ စွန်းလင်ထုံကို ဝန်းရံထားသော အလင်းဒိုင်းတစ်ခု ဖြစ်ပေါ်လာပြီး တဖြည်းဖြည်း ကျုံ့ဝင်လာတော့သည်။
အိုးအိမ်မဲ့ သားကောင်တစ်ကောင်ကဲ့သို့ ပိတ်မိနေသည်ကို မြင်သောအခါ စွန်းလင်ထုံမှာ အသေအလဲ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်သောအခါ သေးငယ်သော လက်ကလေးများထဲ၌ ဓားမြှောင်နှစ်စင်း ပေါ်လာချေသည်။ သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ သိုလှောင်အိတ်ထဲမှ ဆေးပုလင်းငယ်တစ်ခုကို ထုတ်ယူ၍ လေထဲသို့ ပစ်ချလိုက်လေသည်။
လေထဲ၌ပင် ဓားမြှောင်ဖြင့် ထိုပုလင်းကို ခွဲလိုက်ရာ အတွင်းရှိ ဆေးရည်များမှာ စီးကျလာတော့သည်။
စိတ်ဝိညာဉ်အာရုံ အသုံးပြုခြင်း၌ ကျွမ်းကျင်သော စွန်းလင်ထုံသည် ထိုဆေးရည်များကို ဓားမြှောင်များပေါ်၌ ရစ်ပတ်လိုက်ချေသည်။
ထို့နောက် သရဲစစ်သူကြီးများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ဓားမြှောင်များအတွင်းသို့ ဝိညာဉ်စွမ်းအားများကို ပို့လွှတ်လိုက်ရာ ဓားသွားများမှာ ပြင်းထန်စွာ တောက်ပလာတော့သည်။
စိန်ကဲ့သို့ ထက်မြက်ကာ ရှင်းလင်းသော တောက်ပသည့် အပြာရောင်အလင်းတန်းမှာ မှောင်မိုက်နေသော ပတ်ဝန်းကျင်ကို ထွန်းလင်းပေးလိုက်ချေသည်။
ယင်းမှာ စွန်းလင်ထုံ ကိုယ်တိုင်ဖန်တီးထားသော ဓားပညာရပ် ‘ဥက္ကာခဲကြွေခြင်း’ ပင် ဖြစ်သည်။
သူ၏ မျက်နှာမှာ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေတော့သည်။ ဤ ‘ဥက္ကာခဲကြွေခြင်း’ ဓားပညာရပ်မှာ အသည်းအသန် အခြေအနေများအတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
ယင်း၏ စွမ်းအားမှာ ကြီးမားသကဲ့သို့ ပြန်လည်ခံစားရမည့် အကျိုးဆက်မှာလည်း ပြင်းထန်လှသဖြင့် သူ၏ လက်နက်တိုက်အတွင်း၌ တားမြစ်ပညာရပ်တစ်ခုသဖွယ် ဖြစ်နေခဲ့ခြင်းပင်။
ဓားမြှောင်များမှာ မျှော်လင့်ချက်မဲ့နေသော ညဉ့်နက်အတွင်း၌ နောက်ဆုံးအကြိမ် တောက်ပသော ဥက္ကာခဲများကဲ့သို့ လင်းလက်နေတော့သည်။
ဥက္ကာခဲများ ကြွေကျသွားမည်လော သို့မဟုတ် ရန်သူများ ကျဆုံးသွားမည်လော ဆိုသည်မှာ စွန်းလင်ထုံ၏ ထုတ်ဖော်နိုင်စွမ်းပေါ်၌သာ မူတည်နေတော့သည်။
စွန်းလင်ထုံသည် ဓားသွားများနှင့် တစ်သားတည်း ဖြစ်သွားကာ ရှေ့သို့ ပြေးထွက်သွားသော တောက်ပသည့် အပြာရောင် ဥက္ကာခဲကြီးတစ်ခုသဖွယ် ဖြစ်သွားတော့သည်။
သူ၏ အရှိန်မှာ အံ့မခန်းဖွယ် ဖြစ်နေပြီး အလင်းဒိုင်းကို ဝင်တိုက်ကာ ဖောက်ထွက်သွားချေသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ သရဲစစ်သူကြီးများမှာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း စွန်းလင်ထုံ၏ တိုက်ခိုက်မှုအရှိန်မှာ ယင်းတို့ကို ရိုက်ခွဲကာ လွှမ်းမိုးသွားတော့သည်။
အစီအရင်အခြေခံများ မရှိတော့သဖြင့် အလင်းဒိုင်းမှာလည်း ပျောက်ကွယ်သွားရလေသည်။ စွန်းလင်ထုံမှာ ထိုအခွင့်အရေးကို အရယူကာ အပြင်ဘက် နံရံဆီသို့ ပြေးထွက်သွားတော့သည်။
လော့ရှန်မှာမူ မည်သည့်ခံစားချက်မျှမရှိဘဲ တည်ငြိမ်နေဆဲဖြစ်ကာ ရုတ်တရက် လက်ညှိုးတစ်ချောင်းကို ညွှန်လိုက်လေသည်။
အရိပ်များကြားမှ ဖုံးကွယ်ထားသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ သရဲတစ်ကောင် ပေါ်လာကာ စွန်းလင်ထုံ၏ ထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်ချေသည်။
အင်အားများ ကုန်ခမ်းနေပြီဖြစ်သော စွန်းလင်ထုံမှာ သရဲ၏ ခုန်အုပ်မှုကို ရင်ဆိုင်ရတော့မည် ဖြစ်သဖြင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရန် အချိန်မရှိတော့ပေ။
သို့သော် သူ အံ့သြသွားရသည်မှာ ထိုသရဲမှာ သူနှင့် ထိတွေ့သည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲသွားခြင်းပင်။
ဝုန်း...
စွန်းလင်ထုံ ဝန်းကျင်ရှိ ကြယ်စင်အလင်းတန်းများမှာ ပျက်စီးသွားရတော့သည်။
သရဲစွမ်းအားများနှင့် ကြယ်စင်အလင်းတန်းများမှာ အပြန်အလှန် ပွတ်တိုက်တိုက်ခိုက်မိကြပြီး အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားချေသည်။
“အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ” လော့ရှန်က ခံစားချက်မရှိသော မျက်နှာဖြင့် ပြောလိုက်လေသည်။
ထိုခဏမှာပင် ဟင်းလင်းပြင်လှိုင်းဂယက်များ ဖြစ်ပေါ်လာကာ လော့ရှန်၏ ကျောပြင်ဆီသို့ လေးမြားတစ်စင်း ပစ်ခတ်ဝင်ရောက်လာတော့သည်။
လေးမြား၏ ထိပ်ဖျား၌ ခရမ်းရောင်အဆိပ်များ သုတ်လိမ်းထားပြီး သေစေနိုင်သော အငွေ့အသက်များ ထွက်ပေါ်နေချေသည်။
လေးမြားမှာ တိတ်ဆိတ်စွာ ပျံသန်းလာသော်လည်း လော့ရှန်၏ ကျောပြင်နားသို့ ရောက်သောအခါ ကျယ်လောင်သော ပုရစ်တွန်သံကြီး ထွက်ပေါ်လာတော့သည်။
တစ်ခဏချင်းမှာပင် တိုက်ပွဲနယ်မြေ၏ လေထုမှာ ပြောင်းလဲသွားရလေသည်။
ယင်းမှာ ပုပ်သိုးနံစော်နေသော လေထုနှင့် မှိုများ တက်နေသည့် အိုဟောင်းကာ မှောင်မိုက်စုတ်ပြတ်နေသော အိမ်အိုကြီးထဲသို့ ရုတ်တရက် နံရံတစ်ခု ပြိုကျသွားပြီး နေရောင်ခြည်နှင့် လတ်ဆတ်သော လေများ ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရခြင်းပင်။
ယင်းမှာ နွေရာသီ၏ နေရောင်ခြည်ပင် ဖြစ်ချေသည်။ ပြင်းထန်သော အပူလှိုင်းများနှင့် အဆုံးမဲ့သော ဇီဝအင်အားများ ပါဝင်နေသည်။ လော့ရှန်ကို ရင်ဆိုင်ရန်အတွက် ယန်ချန်ယွီမှာ အလွန်ပြင်းထန်သော ‘ယန်’ ဓာတ်သဘာဝရှိသည့် ဤလှုပ်ရှားမှုကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လော့ရှန်က ချောင်းမြောင်းနေခဲ့သမျှ ကာလပတ်လုံး ဗုဒ္ဓနှလုံးသားဂိုဏ်းမှ ယန်ချန်ယွီမှာလည်း ထိုမျှလောက်သော အချိန်အထိ ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
‘ပုရစ်ဟောင်းပညာရပ်’ ကို ကျင့်ကြံထားသူ ဖြစ်သည့်အတိုင်း သူမသည် စွမ်းအားကို စုဆောင်းကာ အချိန်ကို စောင့်ဆိုင်း၍ တိုက်ခိုက်ခြင်း၌ အလွန်ထူးချွန်လှသည်။
သူမ၏ ဝိညာဉ်စွမ်းအားများကို လုံးဝဖုံးကွယ်ထားကာ အင်အားများကို စုစည်း၍ အစွမ်းအထက်ဆုံး တိုက်ကွက်တစ်ခုကို ထုတ်ဖော်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။
လော့ရှန် ချောင်းမြောင်းနေခဲ့သမျှသော အချိန်အတိုင်းအတာအထိ သူမသည် ဤစွမ်းအားများကို စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုးဖောက်နိုင်စွမ်းအားကြီးမားသော ဤလေးမြားမှာ လော့ရှန်ကို ထိမှန်သွားတော့သည်။
လော့ရှန်သည် သူ၏ ကာကွယ်ရေးဝတ်ရုံကို အသက်သွင်းလိုက်သော်လည်း စက္ကူကဲ့သို့ပင် အလွယ်တကူ ထိုးဖောက်ခံလိုက်ရလေသည်။
လော့ရှန်သည် ကြောက်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် သူ၏ ကာကွယ်ရေးစွမ်းအား ရှိသမျှကို ထုတ်သုံးလိုက်တော့သည်။ အတွင်းခံ သံချပ်ကာတစ်ခု ပေါ်လာသော်လည်း ယင်းမှာလည်း ထိုးဖောက်ခံလိုက်ရပြန်သည်။
အလံရှည်တစ်ခု ပျံထွက်လာသော်လည်း ယင်း၏ တိုင်မှာ ကျိုးသွားရလေသည်။ တံဆိပ်ပြားတစ်ခု ပေါ်လာသော်လည်း လေးမြားကြောင့် ကြေမွသွားရပြန်သည်။
နောက်ဆုံးတွင် လေးမြားကို တားဆီးလိုက်သည်မှာ အိုးငယ်တစ်ခုဖြစ်သော်လည်း ယင်းမှာလည်း ကွဲအက်သွားရလေသည်။ ထိုအိုးငယ်အတွင်း၌ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ သရဲစစ်သူကြီးတစ်ပါးကို ပိတ်လှောင်ထားခြင်း ဖြစ်သည်။
ယင်းကို ဘောလုံးငယ်တစ်ခုအဖြစ် ဖိသိပ်ထားကာ ဖိနှိပ်ခြင်း အဆောင်လက်ဖွဲ့ လေးခုဖြင့် ချိတ်ပိတ်ထားခဲ့ခြင်းပင်။ ထိုသရဲမှာ လေးမြား၏ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရချေသည်။
ငြိမ်းချမ်းစွာ အိပ်မောကျနေရာမှ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် နိုးထလာရသဖြင့် ကိုးပေခန့်မြင့်သော အမျိုးသမီးသရဲကြီးတစ်ဦးအဖြစ် ဒေါသတကြီး ပြောင်းလဲသွားတော့သည်။
နားကွဲမတတ် အော်ဟစ်သံကြီးနှင့်အတူ မြေအောက်စခန်းတစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
“အဘွားချိုးရွှေ... ကျွန်တော့်ကို ကယ်ပါဦး”
လော့ရှန်သည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် သူမကို အကူအညီတောင်းလိုက်သည်။
သူမမှာမူ သူ့ကို လျစ်လျူရှုကာ ဒေါသတကြီးဖြင့် ယန်ချန်ယွီဆီသို့ ခုန်အုပ်သွားတော့သည်။
ရှုခနဲ မြည်သံနှင့်အတူ နောက်တစ်ခဏ၌ လော့ရှန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားကာ အဆိပ်လူးလေးမြားမှာ သူ၏ နှလုံးသားကို ထိုးဖောက်သွားတော့သည်။
လော့ရှန်၏ အစွမ်းကုန် ကာကွယ်ထားမှုများမှာ ပြိုလဲသွားကာ နောက်ဆုံး၌ ယန်ချန်ယွီ၏ စုဆောင်းထားသော ပြင်းထန်သည့် တိုက်ကွက်ဒဏ်ကို ခံလိုက်ရတော့သည်။