အခန်း (၂၀၇-၂၀၈)
Vol. 12 Ch. 207-208
အခန်း (၂၀၇) ချန်ယွီအစ်မ
ထိုအချိန်တွင် နင်းကျော့မှာ ရှေ့မတိုးနိုင် နောက်မဆုတ်သာ ဖြစ်နေချေပြီ။
၎င်းသည် သင်ခန်းစာများကို ကြိုတင်လေ့လာလေ့ရှိသည့် ထူးချွန်သော တပည့်တစ်ဦး ဖြစ်သော်လည်း ကျင့်စဉ်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိခြင်းမှာ သူ၏ အကန့်အသတ်ပင် ဖြစ်တော့သည်။
သူ၏ အချိန်များကို အစွမ်းကုန် အသုံးချခဲ့သော်လည်း နဝမအဆင့်သို့ တက်လှမ်းရန်မှာမူ သူ တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။
သူ၏ ယခင်အမြင်အရဆိုလျှင် ယင်းမှာ ကြီးမားသော ဖြုန်းတီးမှုတစ်ခုသာ ဖြစ်တန်ရာသည်။
နောင်ဖြစ်မည့် အရေးကို ကြိုတင်ခန့်မှန်းရန် အမှန်တကယ်ပင် ခက်ခဲလှပေစွ။
ယခုအခါ နင်းကျော့မှာ ကျင့်စဉ်၏ နဝမအဆင့်ကို အသုံးမပြုနိုင်ဘဲ အဋ္ဌမအဆင့်၏ အထွတ်အထိပ်တွင်သာ ကသိကအောက်ဖြင့် ရပ်တန့်နေရသည်။
သို့သော်လည်း ယင်းနှင့်ယန် နှစ်ဦးတွဲကျင့်ကြံခြင်းမှာ ဆက်လက် ဖြစ်ပေါ်နေဆဲပင်။
ယင်းနှင့်ယန် စွမ်းအင်တို့မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေပြီး တန်တျန်သုံးခုအတွင်း လျင်မြန်စွာ ပျော်ဝင်ကာ တန်တျန်သုံးခု၏ အခြေခံအုတ်မြစ်များအဖြစ်သို့ အသွင်ပြောင်းလဲသွားသည်။
ထိုသို့သော အကျိုးဆက်ကြောင့် အသိဉာဏ်ပင်လယ်အတွင်းရှိ စိတ်ကူးများမှာ ဒီရေကဲ့သို့ တိုးပွားလာပြီး စိတ်ကူးအရေအတွက်မှာလည်း ထိုးတက်သွားခဲ့သည်။
ဝိညာဉ်စွမ်းအားများမှာလည်း ဝိညာဉ်စွမ်းအား ပင်လယ်အတွင်း စုစည်းလာကာ တိမ်တိုက်ပင်လယ်တွင် လှိုင်းတံပိုးများ ထသကဲ့သို့ ခန့်ညားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
အနှစ်သာရ သွေးများမှာလည်း အနှစ်သာရ ပင်လယ်အတွင်း ပြန့်ကားလာပြီး အိုင်ငယ်ဘဝမှ မြစ်ချောင်း၊ ပင်လယ်များအဖြစ်သို့ ကူးပြောင်းနေတော့သည်။
ယင်းမှာ အလွန်ပင် ခံရခက်လှပေသည်။
နင်းကျော့မှာ ရင်ဘတ်အတွင်း နာကျင်မှုကို ခံစားနေရပြီး နဖူးကြောများမှာလည်း ဖောင်းကြွနေကာ စွမ်းအင်များမှာ အလွန်အမင်း ပြင်းထန်လွန်းလှသဖြင့် သုံးရက်သုံးညတိုင်တိုင် မနားတမ်း ပြေးလွှားနေချင်သည့် စိတ်များ ပေါ်ပေါက်နေတော့သည်။
သူ၏ နှာခေါင်းမှ သွေးများ အရင်ဆုံး စီးကျလာပြီးနောက် ကျန်ရှိသော အပေါက်ခြောက်ခုမှလည်း သွေးများ စိမ့်ထွက်လာသည်။
အခြေအနေများ ပိုမိုဆိုးရွားလာမည်ဟု သူ ထင်မှတ်နေစဉ်မှာပင် ယန်ချန်ယွီမှာ နောက်ဆုံး၌ သတိပြန်လည်လာပြီး သူမ၏ အာရုံများကို ပြန်လည်စုစည်းနိုင်ခဲ့သည်။
မိမိနှင့် စွန်းလင်ထုံကြားရှိ ယင်းယန်စွမ်းအင်လုံးများကို မြင်လိုက်ရသောအခါ ယန်ချန်ယွီမှာ ထိတ်လန့်တုန်လှုပ်သွားပြီး နေထွက်ယင်းဓာတ် ဖြည့်တင်းခြင်း ပညာရပ်ကို ချက်ချင်းပင် ရပ်တန့်လိုက်လေသည်။
"စွန်းလင်ထုံ၊ ဒါက ဘာဖြစ်တာလဲ။ မင်း လူငယ်ဧကရာဇ် ကျင့်စဉ်ကို ကျင့်နေတာလား။ ဘယ်လိုလုပ်ပြီး ယန်ဓာတ်တွေ ဒီလောက်တောင် ထွက်လာရတာလဲ"
ယန်ချန်ယွီမှာ ရှက်ရွံ့ခြင်းနှင့် ဒေါသတို့ ရောယှက်နေပြီး သူမ၏ မျက်ဝန်းများမှာလည်း ရှုပ်ထွေးနေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နင်းကျော့မှာ ထိတ်လန့်သွားပြီး ယွမ်တာရှန့်အပေါ်သို့ အာရုံအမြန်စိုက်ကာ လှုပ်ရှားရန် ပြင်လိုက်သည်။
သို့သော် စွန်းလင်ထုံက "ယန်ချန်ယွီ၊ ခုနကတင်ပဲ မင်း ငါနဲ့ နှစ်ဦးတွဲကျင့်ဖို့ ရူးမတတ် ကြိုးစားနေတာ မဟုတ်ဘူးလား။ အခု အောင်မြင်သွားပြီဆိုမှ ဘာလို့ မလိုချင်သလို လုပ်နေရတာလဲ" ဟု ဆိုလိုက်သည်။
ယန်ချန်ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "ငါက ရန်သူရဲ့ အကြံစည်ထဲ ရောက်သွားလို့ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရဲ့ စွမ်းအားကို မခုခံနိုင်ခဲ့တာ။ ဒီလောက်အထိ တောင့်ခံနိုင်ပြီး မင်းရဲ့ အသက်ကို ကယ်နိုင်ခဲ့တာကကို အံ့ဖွယ်ပဲ" ဟု အေးစက်စွာ ပြောလိုက်သည်။
"ဒီတစ်ခါ ငါလာတာက ငါတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုအကြောင်း ဆွေးနွေးဖို့ပဲ"
"ဒီစေ့စပ်ကြောင်းလမ်းမှုကို အရင်တုန်းက ငါတို့ရဲ့ ဆရာတွေက သဘောတူခဲ့တာ။ အခု ငါတို့နှစ်ယောက်စလုံးက သဘောမတူဘူးဆိုမှတော့ ယင်းကို ဖျက်သိမ်းတာကပဲ မှန်ကန်တဲ့ လမ်းစဥ်ဖြစ်လိမ့်မယ်"
"ဒါပေမဲ့ အခု ဖြစ်ပျက်သွားတဲ့ အခြေအနေအရ နှစ်ဦးတွဲကျင့်ကြံမှုက အရှိတရား ဖြစ်သွားပြီ"
"မင်း ငါနဲ့အတူ ပြန်လိုက်ခဲ့ရမယ်။ ပြီးရင် ငါ့ဆရာကို အားလုံး ရှင်းပြရမယ်။ မင်း ငါ့ကို ရှင်းပြချက်တစ်ခု ပေးဖို့ တာဝန်ရှိတယ်"
နင်းကျော့မှာ "ဘာ" ဟုပင် ရေရွတ်မိတော့သည်။
သူ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ "အကိုစွန်းက ဒီလောက်အဆင့်ရှိတဲ့ ယင်းယန် စွမ်းအင်တွေနဲ့ နှစ်ဦးတွဲကျင့်တာက သာမန်ပဲလို့ ပြောခဲ့တယ် မဟုတ်လား။ မူလယန်ဓာတ် ဒါမှမဟုတ် မူလယင်းဓာတ်တွေနဲ့ မပတ်သက်ဘူးလို့ ပြောခဲ့တာလေ"
နင်းကျော့မှာ စွန်းလင်ထုံကို မေးခွန်းထုတ်ချင်သော်လည်း အချိန်အခါ မဟုတ်သေးသဖြင့် အောင့်ထားလိုက်ရသည်။
စွန်းလင်ထုံက ခေါင်းမော့ကာ ယန်ချန်ယွီကို စိုက်ကြည့်ရင်း "ငါ ပြန်မလိုက်နိုင်ဘူး။ ငါသာ ပြန်လိုက်သွားရင် ငါ့အသက် ပါသွားမှာပေါ့"
"ငါတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုဆိုတာက မင်းရဲ့ဆရာက ငါ့ရဲ့ ပါရမီကို အသုံးချဖို့ ကြံစည်ခဲ့တဲ့ အကြံစည်ပဲဆိုတာ လူတိုင်း သိနေတာပဲ"
"ငါ့ဆရာက အကြံစည်ထဲ ရောက်သွားပြီး အလောင်းအစား ရှုံးခဲ့လို့သာ ဒီစေ့စပ်ကြောင်းလမ်းမှုကို သဘောတူခဲ့ရတာ"
"ငါက ဘာလို့ မင်းနဲ့အတူ ပြန်လိုက်ရမှာလဲ"
"ဒါ့အပြင် ငါ့ဆရာကိုတောင် ငါ ရှာမတွေ့သေးဘူး"
စွန်းလင်ထုံက ခေါင်းခါကာ ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
"နောက်ပြီးတော့ ငါက မင်းကို ဘာရှင်းပြချက် ပေးရမှာလဲ"
"ငါက ဘာဖြစ်လို့ မင်းကို ရှင်းပြနေရမှာလဲ"
"ငါနဲ့ နှစ်ဦးတွဲကျင့်ချင်လို့ ရူးမတတ် ဖြစ်နေတာက မင်းကိုယ်တိုင်လေ၊ ငါက ဘာလုပ်နိုင်မှာလဲ"
စွန်းလင်ထုံ၏ ဆက်တိုက် မေးခွန်းထုတ်မှုများကြောင့် ယန်ချန်ယွီမှာ ဆွံ့အသွားရသည်။
"အဲဒီအချိန်တုန်းက ငါတို့နှစ်ယောက်စလုံးက ဖြားယောင်းတဲ့ သရဲပညာရပ်ရဲ့ လွှမ်းမိုးမှုကို ခံထားရတာ။ ငါက ဘာမှမဖြစ်ပေမဲ့ မင်းကတော့ ထိသွားခဲ့တယ်"
"မင်းရဲ့ အသက်ကို ကယ်ခဲ့တဲ့အတွက် ငါ့ကို ကျေးဇူးတင်သင့်တာနော်"
"မင်းရဲ့ ယင်းဓာတ်နဲ့ ယန်ဓာတ် ညီမျှသွားအောင် ငါက ယန်ဓာတ်တွေကို ထုတ်မပေးခဲ့ဘူးဆိုရင် မင်းက ယင်းဓာတ်တွေ လွှမ်းမိုးသွားပြီး သေရင်သေ၊ မဟုတ်ရင် အပြင်းအထန် ဒဏ်ရာရသွားမှာ။ အခုကျမှ မင်းက ငါ့ကို ဒီလို လာပြောနေတာလား"
"ငါက လူငယ်ဧကရာဇ် ကျင့်စဉ်ကို ကျင့်နေတာဆိုတာ မင်း သိသားပဲ။ ငါ့ရဲ့ စွမ်းအားတွေကို စွန့်လွှတ်ပြီး ယန်ဓာတ်တွေကို အတင်းအဓမ္မ ထုတ်ယူခဲ့ရလို့ ငါ ဘယ်လောက်တောင် စွန့်စားခဲ့ရလဲ၊ ဘယ်လောက်ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ခဲ့ရလဲဆိုတာ မင်း သိရဲ့လား"
ယန်ချန်ယွီက တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း စွန်းလင်ထုံက ဆက်လက်၍ ပြောလိုက်သည်။
"မင်း ငါ့ကို ပြန်ခေါ်သွားချင်ရင် ငါ့အလောင်းကိုပဲ ယူသွားရလိမ့်မယ်"
"ငါ့ရဲ့ စိတ်ဝိညာဉ်ကိုတောင် ငါ ဖောက်ခွဲပစ်လိုက်မယ်၊ မင်းအတွက် ဘာမှ ကျန်စေမှာ မဟုတ်ဘူး"
စွန်းလင်ထုံ၏ ခက်ထန်ပြတ်သားသော ပုံစံမှာ ခုနကတင် နင်းကျော့အား အကူအညီတောင်းနေသည့် ပုံစံနှင့် လုံးဝ ကွဲပြားနေသဖြင့် ယင်းမှာ စိတ်လှည့်စားမှုတစ်ခုကဲ့သို့ပင် ထင်မှတ်ရသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ စွန်းလင်ထုံ၊ မင်းရဲ့ စကားတွေက တော်တော် ထက်တာပဲ"
"နှစ်ဦးတွဲကျင့်ပြီးတာနဲ့ မင်းက ငါ့ကို ကျောခိုင်းလိုက်တာပေါ့"
"ကောင်းပြီလေ။ ဆရာ ဘယ်လိုလဲ တပည့်လည်း ထိုနည်းအတိုင်းပဲပေါ့"
ယန်ချန်ယွီမှာ အလွန်အမင်း ဒေါသထွက်သွားပြီး သူမ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
စွန်းလင်ထုံက လက်ကို ဖြန့်လိုက်ပြီး "မင်းရဲ့ မူလယင်းဓာတ်ကို ဆုံးရှုံးသွားတာလည်း မဟုတ်ဘူး၊ ယင်းဓာတ် အနည်းငယ်လောက်ပဲ ပေးလိုက်ရတာကို ဘာတွေ ပြဿနာ ရှာနေတာလဲ"
"မင်းရဲ့ အဆင့်အတန်းနဲ့ ပါရမီအရဆိုရင် တခြား ကျင့်ကြံသူ အများကြီးနဲ့လည်း နှစ်ဦးတွဲကျင့်ဖူးမှာပဲပေါ့"
"ဒါကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ မင်း ထင်နေတာလား"
"မင်း" ယန်ချန်ယွီမှာ ဒေါသပေါက်ကွဲသွားရသည်။
စွန်းလင်ထုံက လှောင်ပြုံးပြုံးရင်း "တိုက်ချင်လို့လား။ ငါက မင်းရဲ့ အသက်ကို အခုလေးတင် ကယ်လိုက်တာလေ၊ အခုကျတော့ မင်းက ကျေးဇူးကို ရန်တုံ့ပြန်ချင်နေတာလား"
"ငါ သတိပေးလိုက်မယ်၊ ငါတို့က စေ့စပ်ကြောင်းလမ်းမှု စာချုပ်နဲ့ ချည်နှောင်ထားတာနော်"
"မင်း ငါ့ကို တိုက်ခိုက်ရင် စာချုပ်ရဲ့ တန်ပြန်သက်ရောက်မှုကို သတိထားဦး"
စွန်းလင်ထုံက သူ၏ ဖောင်းအိနေသော လက်ညှိုးလေးကို လှုပ်ယမ်းကာ နောက်ပြောင်သလို ပြုံးလိုက်သဖြင့် တစ်ချက်လောက် ရိုက်ပစ်ချင်စရာ ကောင်းလှသည်။
ယန်ချန်ယွီမှာ စကားမဆိုနိုင်ဘဲ ဖြစ်နေစဉ် သရဲမြူခြုံလွှာများမှာ လျင်မြန်စွာ လွင့်ပြယ်သွားသည်ကို သတိပြုမိလိုက်သည်။
ဤနေရာမှာ ဆက်နေရန် မလုံခြုံတော့ပေ။
ယန်ချန်ယွီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "ဟွန်း၊ နင်က ငါ့ဆီက အမြတ်ထုတ်ပြီးတော့မှ ခုကျတော့ လည်သလိုပတ်သလိုနဲ့ ငြင်းနေတာလား"
"ငါ ပြောလိုက်မယ် စွန်းလင်ထုံ၊ ဒါက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး"
ထိုသို့ ပြောပြီးနောက် သူမသည် မှော်ပညာတစ်ခုကို အသုံးပြုကာ ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
အဆောင်လက်ဖွဲ့တစ်ခုမှာ လေထဲတွင် ဝဲပျံကျန်ရစ်ခဲ့သည်။
ယင်းမှာ ယန်ချန်ယွီ ချန်ထားခဲ့ခြင်း ဖြစ်သည်။
စွန်းလင်ထုံ၏ မျက်ဝန်းများမှာ တောက်ပသွားပြီး ယင်းကို ဖမ်းယူလိုက်သည်။
အဆောင်လက်ဖွဲ့ကို ထိလိုက်သည်နှင့် ယန်ချန်ယွီ၏ အသံမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။ "စွန်းလင်ထုံ၊ ဒီဟင်းလင်းပြင်ရှောင်တိမ်းခြင်း အဆောင်လက်ဖွဲ့က မင်းကို ကာကွယ်ဖို့အတွက်ပဲ"
"မင်းရဲ့ အသက်ကို ဂရုစိုက်ထားဦး၊ တစ်နေ့ကျရင် ငါ မင်းနဲ့ ဒီစာရင်းကို သေသေချာချာ ရှင်းဦးမှာ"
စွန်းလင်ထုံက ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်ပြီး "ငါနဲ့ စာရင်းရှင်းမယ် ၊ငါ့ညီလေးနဲ့ပဲ သွားရှင်းလိုက်ပါ"
"ငါက မင်းနဲ့ နှစ်ဦးတွဲကျင့်ခဲ့တာမှ မဟုတ်တာ"
"မဟုတ်ဘူး၊ အဲဒါ မဟုတ်ဘူးလေ" နင်းကျော့က အမြန်ပင် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ "အကိုစွန်း၊ ဒါက ဘာတွေ ဖြစ်ကုန်တာလဲ"
နင်းကျော့မှာ ခေါင်းပေါက်မတတ် ဖြစ်နေရသည်။
စွန်းလင်ထုံနှင့် ယန်ချန်ယွီတို့မှာ ရန်သူများဖြစ်သည်ဟုသာ သူ သိထားခဲ့ပြီး ယခုကဲ့သို့ စေ့စပ်ကြောင်းလမ်းမှုများ ရှိနေသည်ကိုမူ မသိခဲ့ပေ။
"ယန်ချန်ယွီ၊ အဲ... နတ်သမီးချန်ယွီက ကျွန်တော့်ရဲ့ မရီးလောင်းလား" ဟု နင်းကျော့က မေးလိုက်သည်။
"ဟင့်အင်း" စွန်းလင်ထုံက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။
"ငါက လူငယ်ဧကရာဇ် ကျင့်စဉ်ကို ကျင့်နေတာလေ၊ ဘာမရီးလောင်းလဲ။ ဒါကို နောက်တစ်ခါ ထပ်မပြောနဲ့တော့"
"သူမရဲ့ ဆရာက ယန်ချန်ယွီ ရှေ့ဆက်တိုးနိုင်ဖို့အတွက် ငါ့ရဲ့ လင်ထုံ ပါရမီကို အသုံးချချင်နေတာ"
"စေ့စပ်ကြောင်းလမ်းမှုအကြောင်း ပြောရရင် ငါသာ ယုံလိုက်မိရင် သေသွားမှာ ကြာလှပြီ"
"ကံကောင်းလို့ ငါက မတော်တဆနဲ့ ရုပ်ရည်ထိန်းသိမ်းဆေးကို စားမိသွားပြီး လူငယ်ဧကရာဇ် ကျင့်စဉ်ကိုပဲ ကျင့်လို့ရတော့လို့ စာချုပ်ကို ကြန့်ကြာအောင် လုပ်ထားနိုင်တာ"
"ငါနဲ့ ငါ့ဆရာက ဒီဆရာတပည့် နှစ်ယောက်ကို ရှောင်ဖို့အတွက် နေရာအနှံ့ လှည့်လည်သွားလာနေခဲ့ရတာ"
"ဒါတွေက အတိတ်က ကိစ္စတွေပါ၊ ပြန်ပြောနေစရာ မလိုတော့ပါဘူး"
သရဲမြူများ သိသိသာသာ ပါးလွှာသွားပြီဖြစ်သဖြင့် စွန်းလင်ထုံက ယွမ်တာရှန့်ကို သိမ်းဆည်းလိုက်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မြေအောက်လျှို့ဝှက်စခန်းတစ်ခုတွင် နင်းကျော့နှင့် ပြန်လည်ဆုံတွေ့လိုက်သည်။
နင်းကျော့မှာ တည်ကြည်သော မျက်နှာထားဖြင့် စွန်းလင်ထုံကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
စွန်းလင်ထုံက ပြုံးဖြဲဖြဲဖြင့် "ကျော့လေး၊ ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"
နင်းကျော့က ခေါင်းခါလိုက်ပြီး "အကိုစွန်း၊ အစ်ကို ကျွန်တော့်ကို အကွက်ဆင်လိုက်တာပဲ"
အမြဲတမ်း သန်မာလှသော စွန်းလင်ထုံမှာ သရဲမြူများကြားတွင် နင်းကျော့၏ အကူအညီကို ထိုမျှလောက် အသည်းအသန် တောင်းခံနေခြင်းမှာ သူ၏ သဘာဝနှင့် လုံးဝ ဆန့်ကျင်နေသည် မဟုတ်လော။
နင်းကျော့မှာ ထိုအချိန်က သူ၏အရေးကိုသာ အလွန်အမင်း စိုးရိမ်နေခဲ့သဖြင့် ထိုဟန်ချက်ပျက်မှုကို သတိမထားမိခဲ့ပေ။
ယခု စွန်းလင်ထုံ ဘေးကင်းသွားပြီဆိုမှ ဖြစ်ပျက်ခဲ့သည်များကို နင်းကျော့ ရိပ်မိသွားတော့သည်။
"အကိုစွန်း၊ အစ်ကိုက တမင်သက်သက် ကျွန်တော့်ကို ယန်ချန်ယွီနဲ့ နှစ်ဦးတွဲကျင့်ခိုင်းပြီး သူမနဲ့ ပတ်သက်အောင် လုပ်လိုက်တာပဲ"
"အစ်ကိုက ကျွန်တော့်ကို မသေမျိုးနန်းတော်ကို သိမ်းပြီး ထွက်ပြေးဖို့ အမြဲတမ်း အကြံပေးနေခဲ့တာ။ ဗုဒ္ဓနှလုံးသားဂိုဏ်းကို ဝင်ဖို့လည်း အမြဲ ပြောနေခဲ့တယ်"
"ကျွန်တော် ဒီမှာပဲ ဇွတ်တရွတ် ဆက်နေမှာကို အစ်ကို စိုးရိမ်နေတာလား"
စွန်းလင်ထုံမှာ သူ၏ အကြံစည်ကို နင်းကျော့ သိသွားသော်လည်း တည်ငြိမ်နေဆဲပင် ဖြစ်ပြီး လက်မထောင်ပြလိုက်သည်။
"ကျော့လေး၊ မင်းဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ငါ့ရဲ့ အကြံစည်ကို ဒီလောက်မြန်မြန် ရိပ်မိသွားတာပဲ"
"ဟီး ဟီး ဟီး"
"ငါက မင်းကို အကွက်ဆင်တာ မဟုတ်ပါဘူး၊ ငါတို့ ညီအစ်ကိုတွေရဲ့ အနာဂတ်အတွက် လမ်းခင်းပေးတာပါ"
"မင်း မသေမျိုးနန်းတော်ကို ရပြီဆိုရင် ငါတို့ ဗုဒ္ဓနှလုံးသားဂိုဏ်းကို ဆုတ်ခွာသွားကြမယ်"
"မင်းမှာ ငါ့လို ပါရမီမျိုး မရှိပေမဲ့ အခု ယန်ချန်ယွီနဲ့ နှစ်ဦးတွဲကျင့်ထားပြီး ချော်ရည်နန်းတော်ကိုလည်း ပိုင်ဆိုင်ထားပြီဆိုတော့ မင်းမှာ တန်ဖိုးအကြီးကြီး ရှိနေပြီ။ သူမရဲ့ ဆရာက မင်းကို ကျောထောက်နောက်ခံ ပေးလာအောင် လုပ်ဖို့ အကောင်းဆုံးပဲ"
"မင်းကို ငါ့ရဲ့ ညီအစ်ကိုအဖြစ် ထားလိုက်တော့ အားကောင်းတဲ့ ရန်သူကနေ မဟာမိတ် ဖြစ်သွားမယ်၊ စေ့စပ်ကြောင်းလမ်းမှုကိုလည်း ရှောင်ပြီးသားဖြစ်မယ်၊ ငါ့ရဲ့ လူငယ်ဧကရာဇ် ကျင့်စဉ်ကိုလည်း ထိန်းသိမ်းနိုင်မယ်။ ဒါက အားလုံးအတွက် အကျိုးရှိတာပေါ့"
နင်းကျော့က သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
အကယ်၍ အခြားသူသာ ဖြစ်ပါက သူ အလွန် ဒေါသထွက်မိမည်မှာ သေချာသည်။
နင်းကျော့မှာ ငယ်စဉ်ကတည်းက ပြတ်သားသူတစ်ဦး ဖြစ်သဖြင့် သူ့ကိုယ်စား ဆုံးဖြတ်ချက်ချသူ မည်သူ့ကိုမဆို ပြန်လည် တုံ့ပြန်လေ့ရှိသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူ့ကို အကွက်ဆင်သူမှာ စွန်းလင်ထုံ ဖြစ်နေသည်။
ယင်းမှာ လုံးဝ ကွဲပြားခြားနားသော ကိစ္စတစ်ခု ဖြစ်ပေသည်။
စွန်းလင်ထုံ၏ ပြုစုပျိုးထောင်မှု မရှိခဲ့ပါက နင်းကျော့အနေဖြင့် ဤမျှအထိ တိုးတက်လာရန် ခဲယဉ်းပေလိမ့်မည်။
ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် စွန်းလင်ထုံ၏ လမ်းညွှန်မှုများနှင့် နေ့ညမပြတ် အတူရှိနေခဲ့မှုများမှာ နင်းကျော့အတွက် အစ်ကိုတစ်ဦးကဲ့သို့လည်းကောင်း၊ ဆရာတစ်ဦးကဲ့သို့လည်းကောင်း၊ ဖခင်တစ်ဦးကဲ့သို့လည်းကောင်း ဖြစ်နေခဲ့ပြီဖြစ်သည်။
စွန်းလင်ထုံ၏ "အကြံစည်" မှာ အခြေခံအားဖြင့် နင်းကျော့၏ အကျိုးအတွက်သာ ဖြစ်ပေသည်။
သို့သော်လည်း ဤစေတနာမှာ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသည့် နင်းကျော့အတွက် ဗုဒ္ဓနှလုံးသားဂိုဏ်း၏ ရွှေအမြုတေအဆင့် မျိုးဆက်ခံတပည့်တစ်ဦးကို တိုက်ရိုက် သွားရောက် ထိပါးလိုက်သကဲ့သို့ ဖြစ်နေသဖြင့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတော့သည်။
စွန်းလင်ထုံက ဆက်လက်၍ ရှင်းပြသည်။ "အဲဒီအချိန်တုန်းက အခြေအနေက တကယ်ကို အန္တရာယ်များနေတာပါ"
"ငါက တမင်တကာ မင်းကို အကွက်ဆင်ခဲ့တာ မဟုတ်ပါဘူး ကျော့လေး"
"အခြေအနေအရ စီးမျောလိုက်တာပါ။ အဲဒီအချိန်က အခြေအနေတွေအရဆိုရင် ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲလေ"
"ဒီလို ဆုံတွေ့မှုမျိုးက တကယ်ကို ရှားပါးပြီး တန်ဖိုးရှိတာပါ"
"မင်းက ချော်ရည်နန်းတော်ကို သိမ်းပိုက်ချင်ပေမဲ့ ကျင့်ကြံမှု အဆင့်က နိမ့်နေလို့ ခက်ခဲနေတာလေ။ နှစ်ဦးတွဲကျင့်တာက မင်းရဲ့ တိုးတက်မှုကို မြန်ဆန်စေနိုင်တယ်၊ မင်းရဲ့ ကံကြမ္မာ ရောက်လာပြီလို့တောင် ပြောရမယ်"
ကံကြမ္မာအကြောင်းကို တွေးမိသောအခါ နင်းကျော့မှာ ချီကံကြမ္မာကျမ်းပါ သီအိုရီများကို မတွေးဘဲ မနေနိုင်တော့ပေ။
စွန်းလင်ထုံက "ကျော့လေး၊ ဒီတစ်ခါမှာ မင်းရဲ့ ကျင့်ကြံမှုက ဘယ်လောက်အထိ တိုးတက်သွားလဲ" ဟု မေးလိုက်သည်။
နင်းကျော့က အမှန်အတိုင်းပင် ပြောပြလိုက်သည်။
စွန်းလင်ထုံက အကြိမ်ကြိမ် ခေါင်းညိတ်ကာ ပြုံးလျက် "ကောင်းတယ်၊ ကောင်းတယ်" ဟု ဆိုသည်။
"မင်းရဲ့ တက်လှမ်းမှုက အဋ္ဌမအဆင့် အထွတ်အထိပ်မှာ ရပ်တန့်နေတာက တကယ်တော့ အကျိုးရှိပါတယ်။ မင်းအနေနဲ့ တန်တျန်သုံးခုကို သန့်စင်ပြီး အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်လို့ရတာပေါ့"
"အဲဒါပြီးမှ နဝမအဆင့် ကျင့်စဉ်ကို သုံးပြီး ကျော်ဖြတ်လိုက်ပါ"
"ဒါဆိုရင် မင်းရဲ့ တက်လှမ်းမှုက ချောမွေ့ပြီး သဘာဝကျပါလိမ့်မယ်။ မင်းရဲ့ တန်တျန်သုံးခု အခြေခံအုတ်မြစ်က အရမ်းခိုင်မာနေတဲ့အတွက် မင်းရဲ့ ကျင့်ကြံမှု အဆင့်ကလည်း ဟုန်ခနဲ တက်သွားနိုင်တယ်"
"မင်းရဲ့ တက်လှမ်းမှုက အလယ်အလတ်အဆင့် ဒါမှမဟုတ် နှောင်းပိုင်းအဆင့်အထိ တိုက်ရိုက် ရောက်သွားမလားဆိုတာ ငါလည်း မသေချာဘူး"
"နဝမအဆင့် အထွတ်အထိပ်ကိုတောင် ရောက်သွားနိုင်တယ်"
"အကယ်၍ မင်း အထွတ်အထိပ်ကို ရောက်သွားမယ်ဆိုရင်..." စွန်းလင်ထုံက မျှော်လင့်တကြီးဖြင့် "ကျော့လေး၊ မင်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုတောင် စဉ်းစားလို့ ရသွားပြီ" ဟု ဆိုလိုက်သည်။
ကျင့်ကြံခြင်းဆိုသည်မှာ အမှန်တကယ်ပင် အခွင့်အလမ်းများအပေါ်တွင် တည်မှီနေပေသည်။
တစ်ခါတစ်ရံတွင် ကောင်းကင်ဘုံမှ ပေးသနားသော ကံကြမ္မာတစ်ခုက သာမန်လူသားတစ်ဦးကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်လော။
နင်းကျော့မှာ စွန်းလင်ထုံ၏ အကွက်ဆင်မှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ဤတစ်ကြိမ်တွင် စွန်းလင်ထုံက သူ့အား ကျေးဇူးအကြီးအကျယ် ပြုခဲ့သည်ကိုမူ သူ မငြင်းနိုင်ပေ။
မူလက စီစဉ်ထားသော ရှည်လျားလှသည့် ကျင့်ကြံမှု အချိန်များမှာ ရာခိုင်နှုန်း ရှစ်ဆယ်၊ ကိုးဆယ်ခန့်အထိ ရုတ်တရက် တိုတောင်းသွားခဲ့ပြီ ဖြစ်သည်။
နင်းကျော့က "ယင်းနှင့်ယန် နှစ်ဦးတွဲကျင့်တာက ဒီလောက်အဆင်ပြေတယ်ဆိုမှတော့ တခြားတစ်ယောက်ကို ရှာပြီး နှစ်ဦးတွဲကျင့်ရင်လည်း ရတာပဲပေါ့" ဟု တွေးတောမိသည်။
စွန်းလင်ထုံက ရယ်မောကာ "ညီလေး၊ မင်း ဉာဏ်ပွင့်သွားပြီပဲ"
"နှစ်ဦးတွဲကျင့်တာက အဆင်ပြေတာပေါ့၊ မဟုတ်ရင် မသေမျိုးမြို့တော်ရဲ့ ယန်ဟုန်မျှော်စင်တွေက ဘာလို့ ဒီလောက်တောင် စည်ကားနေပါ့မလဲ"
"ဒါပေမဲ့ နှစ်ဦးတွဲကျင့်တာမှာလည်း အားနည်းချက်တွေ ရှိတယ်"
"ခဏခဏ နှစ်ဦးတွဲကျင့်တာက ဝိညာဉ်စွမ်းအားတွေ ရောထွေးသွားစေနိုင်ပြီး နောင်တစ်ချိန် တိုးတက်မှုတွေအတွက် မကောင်းဘူး"
"ဒါ့အပြင် နှစ်ဦးတွဲကျင့်လို့ ရတဲ့ အကျိုးအမြတ်တွေက အခုလိုမျိုး အမြဲတမ်း ဖြစ်နေမှာ မဟုတ်ဘူး"
"ယန်ချန်ယွီရဲ့ ပါရမီနဲ့ သူမရဲ့ ရွှေအမြုတေအဆင့်က မင်းထက် အများကြီး သာနေလို့သာ ဒီလောက်အထိ ကြီးမားတဲ့ တိုးတက်မှုတွေ ရခဲ့တာ"
"သင့်တော်တဲ့ အဖော်ကို မတွေ့မချင်း နှစ်ဦးတွဲကျင့်တာကို ဆက်မလုပ်နဲ့ဦး။ အကျိုးအမြတ်နည်းပြီး ဝိညာဉ်စွမ်းအားတွေ ရောထွေးကုန်ရင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ထိခိုက်လိမ့်မယ်"
နင်းကျော့က ခေါင်းညိတ်ကာ "နားလည်ပါပြီ အကိုစွန်း" ဟု ပြန်ပြောလိုက်လေတော့သတည်း။
အခန်း (၂၀၈) - မြေကမ္ဘာမိစ္ဆာမီးလျှံ
မီးလျှံတောင်တန်းအတွင်းဝယ်။
ချော်ရည်နတ်ဆိုးမျောက်တို့၏ ခိုအောင်းရာဂူအတွင်း၌ဖြစ်သည်။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ ချော်ရည်နတ်ဆိုးမျောက်ကြီး နေထိုင်ရာ ထိုဂူအတွင်းမှ အေးစက်သောမြူနှင်းတို့သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားချေပြီ။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဂူဝတွင်ရှိနေကြသော ရွှေအမြုတေအဆင့်ကျင့်ကြံသူအားလုံးမှာ စိတ်လှုပ်ရှားသွားကြလေသည်။
“ထွက်လာပြီ၊ ထွက်လာပြီ” ဟု ကျန်းရွှမ်းကောက အော်ဟစ်လိုက်သည်။
ပါးလွှာသွားသော မြူနှင်းများကြားမှ နင်းကျိုဖန်သည် ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။
သူ၏မျက်နှာမှာ ရွှေရောင်စက္ကူကဲ့သို့ ဖြူဖျော့နေပြီး နှုတ်ခမ်းများမှာလည်း သွေးစမရှိတော့ပေ။
တစ်ကိုယ်လုံးမှာလည်း သွေးသားအားအင်တို့ ခမ်းခြောက်သွားသကဲ့သို့ လေထဲတွင် လွင့်ပါလာသည့် စက္ကူစတစ်ခုနှယ် အလွန်ပင် အားအင်ချည့်နဲ့နေလေတော့သည်။
“ညီနောင်နင်း... ဒီတစ်ကြိမ်တော့ မင်းတကယ်ပဲ ပင်ပန်းသွားခဲ့ရပြီ” ဟု ဆိုကာ ကျူးရွှမ်းကျိက ပထမဆုံးအပြေးအလွှား ရှေ့သို့တက်သွားပြီး နင်းကျိုဖန်၏ဘေးသို့ရောက်ကာ သူ့ကို တွဲကူလိုက်သည်။
နင်းကျိုဖန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေဆဲပင်။
သူသည် ကျူးရွှမ်းကျိကို ငေးကြောင်ကြည့်နေမိသည်။ သူ၏မျက်ဝန်းအိမ်များမှာ နီမြန်းနေပြီး ဝမ်းနည်းကြေကွဲမှုနှင့်အတူ တစ်ပါးသောကမ္ဘာမှ ပြန်လည်လွတ်မြောက်လာသကဲ့သို့ သက်သာရာရမှုတို့ ရောပြွမ်းနေလေသည်။
ကျူးရွှမ်းကျိကလည်း နင်းကျိုဖန်ကို အကဲခတ်ကြည့်လိုက်ရာ သူ၏မျက်တွင်းများမှာ ဟောက်လင်းကာ ပါးချိုင့်များပင် ဝင်နေသည်ကို မြင်လိုက်ရသဖြင့် “ဘယ်လောက်တောင် ကြာသွားလို့ပါလိမ့်” ဟု စိတ်ထဲမှ တိတ်တဆိတ် အံ့သြနေမိတော့သည်။
ကျိုးမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ လေးဦးမှာလည်း ဝိုင်းအုံလာကြပြီး ကျေးဇူးတင်စကားနှင့် စိုးရိမ်ပူပန်စကားများကို ပြောဆိုကြလေသည်။
သူတို့၏ စကားများမှာ စစ်မှန်သော စေတနာတို့ဖြင့် ပြည့်နှက်နေပေသည်။
အကယ်၍သာ နင်းကျိုဖန်က ရှေ့ထွက်မပေးခဲ့လျှင် သူတို့ထဲမှ တစ်ဦးဦးမှာ ယဇ်ပူဇော်ခံ ဖြစ်သွားနိုင်သည် မဟုတ်လော။
“ညီနောင်နင်း... မင်းရဲ့ ဒီလိုစွန့်လွှတ်အနစ်နာခံမှုကို ငါတို့အားလုံး အမှတ်ရနေမှာပါ”
“မင်းက ဒီတစ်ကြိမ်မှာ ငါတို့အားလုံးကို ကယ်တင်ခဲ့တာပဲ။ ဒီလို အသက်သခင်ကျေးဇူးကို နောင်တစ်ချိန်မှာ ငါတို့ ပြန်လည်ပေးဆပ်ပါ့မယ်”
နင်းကျိုဖန်က သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်ပြီး “ငါက ငါ့ကိုယ်ငါလည်း ပြန်ကယ်ခဲ့တာပါ။ ဒီတိုက်ပွဲပြီးရင်တော့ နောင်အနာဂတ်မှာ ငါတို့အားလုံး စည်းစည်းလုံးလုံးနဲ့ အတူတူ ရှေ့ဆက်ပြီး တောက်ပတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုလေသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများအားလုံးကလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြကြသည်။
နင်းကျိုဖန်၏ ကြီးမားလှသော အနစ်နာခံမှုကြောင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကြားတွင် သူ၏ဂုဏ်သိက္ခာမှာ မြင့်တက်လာပြီး ကြီးမားသောသြဇာအာဏာကို ရရှိသွားခဲ့လေပြီ။
ထိုစဉ် ကျန်းရွှမ်းကောက 'ယန်ကိုးပါး နွားထီးဝါလိမ်း' ဆေးတစ်ချို့ကို ထုတ်ယူလိုက်သည်။
သူသည် နင်းကျိုဖန်ကို အလွန်ပင် စိုးရိမ်နေပြီး “ညီနောင်နင်း.. မင်း အခု အားအင်တွေ အရမ်းချည့်နဲ့နေတာပဲ၊ ငါတို့မျိုးနွယ်စုက အဆင့်မြင့်ဆေးလုံးလေးတွေ သုံးလိုက်ပါဦးလား” ဟု ပြောလိုက်သည်။
သို့သော် ထိုဆေးကို မြင်လိုက်ရသည့်အခါ နင်းကျိုဖန်၏ မျက်လုံးများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။
သူသည် ပျို့အန်ချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး လက်ကို အကြိမ်ကြိမ် ခါယမ်းကာ “မလုပ်ပါနဲ့... အဲဒီဆေးကို ငါ့ရှေ့ မပြပါနဲ့တော့” ဟု ငြင်းဆန်လိုက်လေသည်။
“ကောင်းပါပြီ... ကောင်းပါပြီ” ကျန်းရွှမ်းကောက ထိုဆေးကို အမြန်ပင် ပြန်သိမ်းလိုက်ရတော့သည်။
နင်းကျိုဖန်၏ ဒဏ်ရာမှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေကြောင်း ကျန်သည့်ကျင့်ကြံသူများက ချက်ချင်းပင် နားလည်သွားကြသည်။
သူပေးဆပ်ခဲ့ရသည်မှာ မနည်းလှပေ။
ထိုအချက်က အခြားသူများအား နင်းကျိုဖန်အပေါ် ပိုမိုလေးစားသွားစေပြီး သူတို့၏ စိတ်ထဲတွင်လည်း နင်းကျိုဖန်ကို တစ်ခုခု ပြန်လည်ပေးဆပ်လိုစိတ်များ ဖြစ်ပေါ်လာစေသည်။
ထို့နောက် လူတိုင်းက ဝိညာဉ်ဆေးလုံးနှင့် ဆေးစွမ်းကောင်း အမျိုးမျိုးကို ထုတ်ယူကာ နင်းကျိုဖန်အား ကိုယ်တိုင်တိုက်ကျွေးမတတ် ကမ်းလှမ်းကြလေသည်။
ထိုဆေးစွမ်းကောင်းများ၏ အစွမ်းကြောင့် နင်းကျိုဖန်၏ အသက်ရှူသံမှာ လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်လာခဲ့သည်။
ဝေါင်း။
ထိုအချိန်တွင် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ ချော်ရည်နတ်ဆိုးမျောက်ကြီးသည် ရုတ်တရက် ဟိန်းသံတစ်ချက်ကို အသံနှိမ့်ကာ ပြုလိုက်သည်။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်၏ လွှမ်းမိုးထားသော အရှိန်အဝါကြောင့် ဂူပြင်ပတွင်ရှိနေကြသည့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများနှင့် ချော်ရည်နတ်ဆိုးမျောက်ဘုရင်တို့ပင် တုန်လှုပ်သွားကြလေသည်။
ယခုအခါ အေးစက်သော မြူနှင်းတို့မှာ လုံးဝပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ ချော်ရည်နတ်ဆိုးမျောက်ကြီးသည် ကျေနပ်သွားပုံရပြီး ပြန်လည်လဲလျောင်းကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်လေသည်။
သူမသည် အိပ်မပျော်မီမှာပင် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ သွေးရောင်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ထိုသွေးရောင်အရှိန်အဝါမှာ ကြယ်တံခွန်တစ်ခုကဲ့သို့ နင်းကျိုဖန်၏ နဖူးဆီသို့ တိုးဝင်သွားပြီး သူ၏မျက်ခုံးနှစ်ခုကြားတွင် နီရဲသော မှဲ့စွန်းတစ်ခု ဖြစ်ပေါ်သွားစေသည်။
ထိုသို့ပြုလုပ်ပြီးနောက်တွင်မှ ချော်ရည်နတ်ဆိုးမျောက်ကြီးမှာ မျက်လုံးများကို အပြီးတိုင်မှိတ်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။
မကြာမီမှာပင် သူမ၏ ဟောက်သံများမှာလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
နင်းကျိုဖန်သည် သူ၏နဖူးကို အမြန်ပင် လှမ်းစမ်းကြည့်လိုက်ရာ အလွန်ပင် ပြင်းထန်လှပြီး ဖယ်ရှားရခက်ခဲလှသော သွေးရောင်အရှိန်အဝါကို ခံစားလိုက်ရသဖြင့် သူ၏မျက်နှာမှာ အလွန်ပင် ပျက်သွားခဲ့လေသည်။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ မျောက်မကြီးမှာ သူ့ကို လုံးဝပင် စွဲလမ်းသွားခဲ့ပြီး သူ့အပေါ်တွင် ထူးခြားသောအမှတ်အသားတစ်ခုကို ပြုလုပ်သွားခဲ့ခြင်းပင် ဖြစ်သည်။
ယခု သူ ဘာဆက်လုပ်ရပါမည်နည်း။
အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာလည်း နင်းကျိုဖန်၏ နဖူးပေါ်ရှိ မှဲ့နီလေးကို ကြည့်ကာ တအံ့တသြ ဖြစ်နေကြရသည်။ သူတို့၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှုနှင့်အတူ ကံကောင်းသွားခြင်းတို့ ရောယှက်နေလေသည်။
ကျူးရွှမ်းကျိက နင်းကျိုဖန်ကို တတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်း စိတ်ချင်းဆက်သွယ်ကာ အားပေးလိုက်သည်။
ကျန်သည့်ကျင့်ကြံသူများကလည်း နင်းကျိုဖန်၏ ပြဿနာမှာ သူတို့အားလုံး၏ ပြဿနာပင်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ကူညီပေးမည်ဖြစ်ကြောင်း ပြောဆိုကြလေသည်။
ထိုအချိန်တွင် ချော်ရည်နတ်ဆိုးမျောက်ဘုရင်သည် ရွှေအမြုတေအဆင့်ရှိ နတ်ဆိုးမျောက်အချို့ကို ဦးဆောင်ကာ ဂူအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ဂူအတွင်းရှိ အခြေအနေမှာ ချက်ချင်းပင် တင်းမာသွားခဲ့သည်။
ကျူးရွှမ်းကျိက နင်းကျိုဖန်၏ ရှေ့မှ ကာကွယ်ရပ်တည်လိုက်ပြီး ရွှေအမြုတေအဆင့်ရှိ ချော်ရည်နတ်ဆိုးမျောက်များကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
သို့သော်လည်း အနည်းငယ်အကြာကမှ ဒေါသတကြီး ဟိန်းဟောက်ကာ အသေအလဲ တိုက်ခိုက်နေခဲ့ကြသည့် နတ်ဆိုးမျောက်များမှာ ယခုမူ တိုက်ခိုက်လိုစိတ် မရှိကြတော့ပေ။
လူသားကျင့်ကြံသူများမှာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်ကို မြင်သောအခါ သူတို့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြသသည့်အနေဖြင့် သူတို့၏ လက်များကို မြှောက်ပြကြလေသည်။
ထို့နောက် ချော်ရည်နတ်ဆိုးမျောက်ဘုရင်သည် နင်းကျိုဖန်ကို ညွှန်ပြကာ လက်ခုပ်တီးလိုက်ပြီး တစ်ဆက်တည်းမှာပင် အဆက်မပြတ် ဟိန်းဟောက်နေလေသည်။
သူ၏ နောက်တွင်ရှိနေကြသော ရွှေအမြုတေအဆင့်ရှိ နတ်ဆိုးမျောက်များကလည်း လက်ခုပ်များတီးကာ အားပေးကြပြီး ချီးကျူးဂုဏ်ပြုသည့် အမူအရာများ ပြုလုပ်နေကြသည်။ အချို့မှာဆိုလျှင် ကြည်ညိုလေးစားသည့် အမူအရာများပင် ပြသနေကြသေးသည်။
လူသားကျင့်ကြံသူများမှာ တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်နေကြပြီးနောက် နင်းကျိုဖန်ထံသို့ အကြည့်များ ပို့လိုက်ကြသည်။
နင်းကျိုဖန်၏ မျက်နှာမှာမူ အရင်ကထက် ပို၍ပင် ဆိုးဝါးနေလေတော့သည်။
နတ်ဆိုးမျောက်များ၏ ကြည်ညိုလေးစားသော အကြည့်များနှင့် လက်ခုပ်သံများမှာ သူ၏မျက်နှာကို ရိုက်နှက်နေသကဲ့သို့ ခံစားနေရသဖြင့် သူသည် အလွန်ပင် ရှက်ရွံ့ကာ ဒေါသထွက်နေမိသည်။
ကျူးရွှမ်းကျိနှင့် အခြားသူများမှာလည်း ရယ်ချင်စိတ်ကို အောင့်ထားကြရပြီး အချို့မှာ မျက်မှောင်ကြုတ်ထားကြသလို၊ အချို့မှာလည်း သူတို့၏ လျှာကို ကိုက်ထားကြကာ တစ်ကိုယ်လုံးရှိ ကြွက်သားများကို တင်းထားကြရလေသည်။
လက်ခုပ်တီးပြီးနောက်တွင် ချော်ရည်နတ်ဆိုးမျောက်ဘုရင်သည် နင်းကျိုဖန်ကို တစ်ဖန်ပြန်၍ ညွှန်ပြလိုက်ပြီး ဂူဝဆီသို့ အချက်ပြလိုက်သည်။
ထိုအမူအရာကို သုံးကြိမ်တိုင်တိုင် ပြုလုပ်ပြီးနောက် ရွှေအမြုတေအဆင့်ရှိ နတ်ဆိုးမျောက်များကို ဦးဆောင်ကာ ဂူထဲမှ ထွက်ခွာသွားလေသည်။
လူသားကျင့်ကြံသူများမှာလည်း ၎င်း၏ အဓိပ္ပာယ်ကို နားလည်သွားကြသည်။
သူတို့ကို ဂူထဲမှ ထွက်ခွာရန် ဖိတ်ခေါ်ခြင်းပင် ဖြစ်ပေသည်။
ကျူးရွှမ်းကျိက ရှေ့ဆုံးမှ ဦးဆောင်လျှောက်လှမ်းသွားသည်။
ကျန်းမျိုးနွယ်စုနှင့် ကျိုးမျိုးနွယ်စုမှ ကျင့်ကြံသူတစ်ဦးစီက နောက်ဆုံးမှ လိုက်ပါလာပြီး သူရဲကောင်းကြီး နင်းကျိုဖန်ကို အလယ်မှ ကာကွယ်ပေးထားကြလေသည်။
လူသားကျင့်ကြံသူများသည် ဂူထဲမှ ထွက်လာပြီး ယခင်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသို့ ရောက်ရှိလာကြသည်။
ချော်ရည်နတ်ဆိုးမျောက်ဘုရင်သည် ထိုနေရာတွင် စုဝေးနေကြသော နတ်ဆိုးမျောက်အမြောက်အမြားကို လက်ယပ်ခေါ်ကာ ဟိန်းဟောက်လိုက်သည်။
ထိုအခါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ နတ်ဆိုးမျောက်များမှာ အရပ်မျက်နှာအသီးသီးသို့ လူစုခွဲသွားကြလေသည်။
မကြာမီမှာပင် ထိုနေရာ၌ ရွှေအမြုတေအဆင့်ရှိ နတ်ဆိုးမျောက်များသာ ကျန်ရှိတော့သည်။
ချော်ရည်နတ်ဆိုးမျောက်ဘုရင်သည် သူ၏ဗိုက်ကို ရုတ်တရက် ပုတ်လိုက်ပြီးနောက် ကျောက်တုံးလုံးလေး တစ်လုံးကို ထွေးထုတ်လိုက်သည်။
၎င်းသည် ထိုကျောက်တုံးလုံးလေးကို နှမြောတသသော အကြည့်ဖြင့် ကြည့်ကာ နင်းကျိုဖန်အား လှမ်းပေးလိုက်လေသည်။
နတ်ဆိုးမျောက်မျိုးနွယ်စုသည် သူတို့၏ သူရဲကောင်းများကို ဆုလာဘ်များ ချီးမြှင့်လေ့ရှိသည်ဟူသော ဒဏ္ဍာရီမှာ ယခု လက်တွေ့ဖြစ်လာခဲ့ချေပြီ။
ကျူးရွှမ်းကျိ၏ မျက်လုံးများမှာ ရွှေရောင်အလင်းတန်းများ ဖြာထွက်သွားပြီး ထိုကျောက်တုံးလုံးလေးကို ချက်ချင်းပင် မှတ်မိသွားကာ အံ့သြသွားသည်။ “ဒါက 'မီးလျှံအမြုတေ သလဲသီး' ပဲ။ သလဲသီးစေ့ တစ်စေ့စီတိုင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ ညီမျှတဲ့ ပေါက်ကွဲစေတတ်တဲ့ အဆောင်လက်ဖွဲ့တွေပဲ”
“ဒါပေမဲ့ ဒီလို သုံးလိုက်မယ်ဆိုရင်တော့ နှမြောစရာကြီး ဖြစ်မှာပဲ”
“ဒီသလဲသီးစေ့တွေကို မီးလျှံအမြုတေတွေအဖြစ် အသုံးပြုပြီး အခြားလောင်စာတွေနဲ့ ပေါင်းစပ်ကာ ထူးခြားတဲ့ မီးလျှံတွေကို ထိန်းသိမ်းထားနိုင်တယ်”
“ဒီလောက်အထိ ကြီးမားတဲ့ သလဲသီးမျိုးကို ငါ ပထမဆုံး မြင်ဖူးတာပဲ။ တော်ဝင်ဘဏ္ဍာတိုက်မှာတောင် ဒီလောက်အထိ အဆင့်မြင့်တဲ့ မီးလျှံအမြုတေ သလဲသီးမျိုး ရှိတယ်လို့ မမှတ်တမ်းတင်ထားဖူးဘူး”
သံသယဖြစ်စရာမလိုဘဲ ၎င်းသည် အလွန်ပင် ရှားပါးလှသော ကမ္ဘာ့ရတနာတစ်ခုပင် ဖြစ်ပေသည်။
ကျူးရွှမ်းကျိ၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ နင်းကျိုဖန်သည် ထိုသလဲသီးကို အမြန်ပင် လှမ်းယူလိုက်သည်။
သူသည် ၎င်းကို သေချာစွာ စစ်ဆေးပြီးနောက် မျက်နှာပြင်ပေါ်တွင် အဆောင်လက်ဖွဲ့တစ်ခုကို ကပ်လိုက်ပြီး သူ၏ သိုလှောင်ရာအတွင်းသို့ ထည့်လိုက်လေသည်။
ကျိုးနုန်းယင်းက သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး “မျောက်ဘုရင်မှာ ဒီလို လက်နက်ပုန်း ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အခု ပြန်စဉ်းစားကြည့်ရင်တော့ ချော်ရည်နတ်ဆိုးမျောက်ဘုရင်နဲ့ အသေအလဲ မတိုက်ဖြစ်ဘဲ ဂူထဲကို မတော်တဆ ဝင်သွားမိတာက တကယ်ပဲ ကံကောင်းတာပဲ” ဟု ပြောလေသည်။
ကျန်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးမှာမူ ထိုသလဲသီးကို မျက်တောင်မခတ်တမ်း ငေးကြည့်နေကြလေသည်။
သူတို့သည် တိတ်တဆိတ် ဆက်သွယ်လိုက်ကြသည်။
“ဒီသလဲသီးစေ့တွေကို လက်နက်သွန်းလုပ်တဲ့နေရာမှာ အများကြီး အသုံးပြုလို့ရတာပဲ”
“မှန်တယ်၊ ငါ အနည်းဆုံးတော့ နည်းလမ်း သုံးဆယ်လောက်ကို စဉ်းစားမိတယ်။ အဲဒါတွေက တကယ်ပဲ ထိရောက်မှာ သေချာတယ်”
သလဲသီးကို လက်ဆောင်ပေးပြီးနောက်တွင် ချော်ရည်နတ်ဆိုးမျောက်ဘုရင်သည် အကြိမ်အနည်းငယ် အော်ဟစ်လိုက်သည်။
ထိုအခါ ရွှေအမြုတေအဆင့်ရှိ လက်အောက်ခံ သုံးကောင်မှာ ချက်ချင်းပင် လှည့်ထွက်သွားကြလေသည်။
အသက်ရှူကြိမ် အနည်းငယ်အကြာတွင် သူတို့ ပြန်ရောက်လာကြသည်။
ရှေ့ဆုံးမှ ပါလာသော ချော်ရည်နတ်ဆိုးမျောက်ကြီးသည် ကြီးမားလှသော မီးတောက်တစ်ခုကို လက်နှစ်ဖက်ဖြင့် ပင့်မလာခဲ့သည်။
ထိုမီးတောက်မှာ ရထားလုံးတစ်စီးနီးပါး ကြီးမားနေပြီး ရဲရဲနီနေသော အရောင်ထဲတွင် အနက်ရောင်များ တစ်ချက်တစ်ချက် ဝင်းလက်နေလေသည်။
မီးတောက်၏ အပေါ်ဘက်တွင်မူ အနက်ရောင် မီးခိုးများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။
“မြေကမ္ဘာမိစ္ဆာမီးလျှံပဲ”
“ဒီလောက်ကြီးမားတဲ့ မီးတောက်ကြီးက ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် အရင်းအမြစ်ပဲ”
ကျင့်ကြံသူများမှာ အံ့အားသင့်လျက် ပြောဆိုနေကြလေသည်။
မြေကမ္ဘာမိစ္ဆာမီးလျှံသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိရုံသာမက အပူချိန်မှာလည်း အလွန်ပင် မြင့်မားလှပေသည်။
ထို့အပြင် ၎င်းတွင် ပြင်းထန်သော မီးလျှံမိစ္ဆာအဆိပ်များလည်း ပါဝင်နေသေးသည်။
၎င်းကို ဆေးဖော်စပ်ရာတွင် သုံးရန်မှာ အကန့်အသတ်ရှိသော်လည်း မီးလျှံအဆိပ်ဆေးလုံးများ ဖော်စပ်ရာတွင်မူ အသင့်တော်ဆုံးပင် ဖြစ်သည်။
သို့သော် ၎င်းကို လက်နက်သွန်းလုပ်ရာတွင်မူ အသုံးပြုနိုင်ပေသည်။
ဤမီးလျှံတစ်ခုတည်းနှင့်ပင် ကျန်းမျိုးနွယ်စု၏ အဆင့်မြင့်ဆုံး လက်နက်သွန်းလုပ်ရေး အလုပ်ရုံထက် သာလွန်နေချေပြီ။
ကျန်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးမှာမူ ထိုမီးလျှံကို မျက်စိမခွာနိုင်ကြတော့ပေ။
ဤမီးလျှံသည် သူတို့အတွက် အလွန်ပင် ဆွဲဆောင်မှုရှိနေပေသည်။
ချော်ရည်နတ်ဆိုးမျောက်များသည် ကျင့်စဉ်များကို မကျင့်ကြံကြဘဲ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် သဘာဝအတိုင်း လေ့ကျင့်မှုများအပေါ်တွင်သာ အခြေခံကာ ရွှေအမြုတေအဆင့် တိုက်ခိုက်နိုင်စွမ်းကို ရရှိထားကြခြင်းဖြစ်သည်။
သူတို့သည် မြေကမ္ဘာမိစ္ဆာမီးလျှံ၏ မြင့်မားလှသော အပူချိန်ကို အကာအကွယ်ပေးရန် မန္တန်များကို အသုံးမပြုနိုင်ကြသဖြင့် သူတို့၏ ထူးခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံဖြင့်သာ အတင်းအကျပ် ခံနိုင်ရည်ရှိအောင် လုပ်နေကြရခြင်းပင် ဖြစ်သည်။
မြေကမ္ဘာမိစ္ဆာမီးလျှံကို သယ်လာသည့် ရွှေအမြုတေအဆင့်ရှိ နတ်ဆိုးမျောက်သည် မီးလောင်ဒဏ်ရာများကြောင့် မျက်နှာပျက်ယွင်းကာ အလွန်ပင် ရုန်းကန်နေရလေသည်။
၎င်းသည် ခံနိုင်ရည်ရှိသမျှ ကြိုးစားသော်လည်း အကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ သူ၏နောက်မှ အဖော်တစ်ဦးထံသို့ မီးလျှံကို လွှဲပေးလိုက်သည်။
ဒုတိယတစ်ကောင်မှာလည်း ခဏမျှသာ ထိန်းထားနိုင်ပြီး သူ၏လက်များမှာ မီးလောင်ကျွမ်းနေပြီဖြစ်သဖြင့် မြေကမ္ဘာမိစ္ဆာမီးလျှံကို တတိယအဖော်ထံသို့ ထပ်မံလွှဲပြောင်းပေးလိုက်ရပြန်သည်။
ဤသို့ဖြင့် ရွှေအမြုတေအဆင့်ရှိ ချော်ရည်နတ်ဆိုးမျောက် သုံးကောင်မှာ အလှည့်ကျ သယ်ဆောင်လာကြပြီးနောက် မြေကမ္ဘာမိစ္ဆာမီးလျှံကို နင်းကျိုဖန်ထံသို့ ပို့ဆောင်ပေးခဲ့ကြလေသည်။
ယခုတစ်ကြိမ်တွင်မူ နင်းကျိုဖန်သည် အဆောင်လက်ဖွဲ့ တစ်ဆယ့်သုံးခုကို ဆက်တိုက် ကပ်လိုက်ပြီးနောက်တွင်မှ မြေကမ္ဘာမိစ္ဆာမီးလျှံကို အနိုင်နိုင် ချိတ်ပိတ်နိုင်ခဲ့တော့သည်။
ကျန်းမျိုးနွယ်စုမှ ကျင့်ကြံသူနှစ်ဦး၏ အားကျမနာလိုသော အကြည့်များအောက်တွင် နင်းကျိုဖန်သည် မြေကမ္ဘာမိစ္ဆာမီးလျှံကို သိမ်းဆည်းလိုက်သည်။
ကျူးရွှမ်းကျိကမူ မနေနိုင်တော့ဘဲ ချောင်းတစ်ချက်ဟန့်လိုက်ပြီး နင်းကျိုဖန်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။
“ညီနောင်နင်း... ငါတို့ ဒီကို လာခဲ့တဲ့ အဓိကရည်ရွယ်ချက်ကိုတော့ မမေ့ပါနဲ့ဦး”
ထို့ကြောင့် ချော်ရည်နတ်ဆိုးမျောက်ဘုရင်က ရတနာများကို ဆက်လက်ပေးအပ်လိုသော်လည်း နင်းကျိုဖန်က ဦးစွာတောင်းဆိုလိုက်သည်။
သူသည် တိုက်ပွဲဝင်လက်ရရှိ ပစ္စည်းများထဲတွင်ရှိနေသည့် 'စက်မှုမိစ္ဆာစစ်သူကြီး' ကို ညွှန်ပြလိုက်လေသည်။
ချော်ရည်နတ်ဆိုးမျောက်ဘုရင်မှာ ဇဝေဇဝါဖြစ်သွားသော်လည်း နင်းကျိုဖန်က အထပ်ထပ်အခါခါ တောင်းဆိုသောကြောင့် စက်မှုမိစ္ဆာစစ်သူကြီးကို ထုတ်ယူကာ ပေးအပ်လိုက်တော့သည်။
နတ်ဆိုးမျောက်များ၏ လက်ဆောင်များမှာ ထိုမျှနှင့် မပြီးသေးပေ။
မျောက်ဘုရင်သည် နင်းကျိုဖန်အား ဂုဏ်ပြုဆုလာဘ်အဖြစ် နောက်ထပ် ကြီးကျယ်လှသော လက်ဆောင် ခြောက်ခုကို ပေးအပ်ခဲ့သေးသည်။
ထို့နောက်တွင်မှ နတ်ဆိုးမျောက်များသည် လူသားများကို အပြင်ဘက်သို့ လိုက်လံပို့ဆောင်ကြလေတော့သည်။
ကျူးရွှမ်းကျိသည် သူ၏ရည်မှန်းချက်ကို အောင်မြင်သွားပြီဖြစ်သဖြင့် ထိုကဲ့သို့ အန္တရာယ်များလှသော နေရာတွင် ဆက်လက်မနေလိုတော့ဘဲ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ ချော်ရည်နတ်ဆိုးမျောက်တို့၏ ခိုအောင်းရာဂူအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။
သူတို့သည် ယခင်က လာခဲ့သည့် လမ်းအတိုင်း ပြန်လည်လျှောက်လှမ်းလာကြရာ မီးတောင်ထိပ်တွင် မုန့်ခွေနှင့် တစ်ဖန် ပြန်လည်ဆုံတွေ့ကြရပြန်သည်။
မုန့်ခွေမှာ တောင်ထိပ်တွင်သာ နေခဲ့ရသော်လည်း
မီးလျှံတောင်တန်းအတွင်း ဖြစ်ပျက်ခဲ့သမျှကို အများအပြား မြင်တွေ့ခဲ့ရလေသည်။
ကျင့်ကြံသူများ ပြန်လည်ထွက်ခွာလာသည်ကို မြင်သောအခါ သူသည် အပြင်ပန်းအားဖြင့် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အလွန်ပင် နှမြောတသဖြစ်နေမိသည်။
ဤခရီးစဉ်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ကြပြီး မည်သူတစ်ဦးတစ်ယောက်မျှ သေကြေပျက်စီးခြင်း မရှိခဲ့ပေ။
၎င်းမှာ မုန့်ခွေ၏ မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်လေသည်။
နင်းကျိုဖန်သည် စက်မှုမိစ္ဆာစစ်သူကြီးကို ဆုပ်ကိုင်ထားသော်လည်း ၎င်းကို ကျူးရွှမ်းကျိထံသို့ ချက်ချင်းပင် လွှဲပြောင်းပေးအပ်ခြင်း မရှိသေးချေ။