အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း ၁၅၅ - အလားအလာရှိသော လူငယ်လေး
ဤပလက်ဖောင်းက စနစ်၏ အကဲဖြတ်ချက်အတိုင်း အမှန်တကယ်ပင် ပုံမှန်သာ ဖြစ်နေခဲ့လေ၏။
ရဲချီယန်က သူ၏ရထားဆီသို့ ပြန်သွားခဲ့ရာ ရပ်နားချိန်က ဆယ်နာရီအပြည့် ကျန်ရှိနေသေးပေသည်။
ကျီးကန်းနတ်ဆိုးက မြွေရေခွံအိတ်တစ်လုံးဖြင့် မြို့တော်နှင့် ရထားကြားတွင် အခေါက်ခေါက်အခါခါ သွားလာနေခဲ့လေ၏။
သတ္တုနှင့် သစ်သားများအပြင် အများဆုံးစုဆောင်းရရှိခဲ့သော သယံဇာတများမှာ အော့က်ဦးခေါင်းခွံများနှင့် သားရဲသားရေ အမျိုးအစားအမျိုးမျိုးဖြစ်ပြီး ရဲချီယန် ထားရှိခဲ့သော လုပ်ငန်းစဉ်ခုံတွင် အလောင်းများမှတစ်ဆင့် ပြန်လည်အသုံးပြုကာ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
"အစ်ကိုကြီး... ဒါက ဌာနချုပ်ရဲ့ ကိုဩဒိနိတ်တွေပါ။ အစ်ကို ဌာနချုပ်ကို ပြန်လာရင် ကျွန်တော့်ကို သေချာပေါက် လာရှာနော်၊ ကျွန်တော် ခင်ဗျားကို အရက်တိုက်မယ်"
ရပ်ဆဲလ်၏ ရပ်နားချိန်က ကုန်ဆုံးသွားခဲ့လေပြီ။
ရဲချီယန်နှင့်မတူဘဲ သူက အဆင့်မြှင့်တင်ရေး ရွေးချယ်စရာများအားလုံးကို မဝယ်ယူနိုင်ခဲ့ချေ။ အဆင့် ၇ ရထားတစ်စင်းအနေဖြင့် သူ၏ ရပ်နားချိန်က ခြောက်နာရီသာ ရှိလေ၏။
သို့သော် သူ့တွင် တစ်နာရီစောထွက်ခွင့်တော့ ရှိနေသေးရာ သူက ငါးနာရီအကြာတွင်ပင် ပလက်ဖောင်းမှ ထွက်ခွာနိုင်ပြီ ဖြစ်ပေသည်။ စွမ်းအားနည်းပါးသော ရထားမောင်းနှင်သူတစ်ဦးအတွက် ဤအရာက တကယ်တမ်းတွင် ကောင်းသောအရာတစ်ခုပင် ဖြစ်လေ၏။
သူမထွက်ခွာမီလေးတွင် ရဲချီယန်က RUN ကုမ္ပဏီဌာနချုပ်၏ ကိုဩဒိနိတ်များနှင့် ထိုကုမ္ပဏီအကြောင်း ပိုမိုသိရှိနိုင်ရန် ဖြားယောင်းသွေးဆောင်ခြင်း၏ အစွမ်းကို အသုံးပြုခဲ့လေသည်။
ဥပမာအားဖြင့် ပြောရလျှင် သူဌေးက အမျိုးသမီးတစ်ဦး ဖြစ်လေ၏။
မကြာသေးမီက RUN ကုမ္ပဏီက အမည်မသိ အဖွဲ့အစည်းတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပေသည်။ အဆင့်နိမ့် ပလက်ဖောင်းများတွင် ထားရှိခဲ့သော အစားထိုး အခွင့်အာဏာ အတုံး အများအပြားက အတင်းအဓမ္မ ဖျက်ဆီးခံလိုက်ရကာ ကုမ္ပဏီ၏ အတွင်းရေး အချက်အလက် သိုလှောင်မှုများကိုပင် အကြိမ်များစွာ ခိုးယူခံခဲ့ရလေ၏။
ကုမ္ပဏီအတွင်းတွင် သူလျှိုတစ်ဦးရှိနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေကာ လူတိုင်း ထိတ်လန့်နေကြပေသည်။
ထို့ကြောင့် အမျိုးသမီးသူဌေးက အဆင့်နိမ့် ပလက်ဖောင်းများမှ ဆုံးရှုံးမှုများကို အစားထိုးရန်အတွက် အဆင့် ၄ မှ အဆင့် ၇ ပလက်ဖောင်းများသို့ စမ်းသပ်ဝင်ရောက်ရန် သူတို့လိုလူများကို စိုးရိမ်တကြီး စေလွှတ်ခဲ့ခြင်း ဖြစ်လေ၏။
ရပ်ဆဲလ်က အမျိုးသမီးသူဌေးကို အလွန်ကျေးဇူးတင်နေခဲ့ပြီး အမှန်တရားကို လုံးဝ မသိရှိခဲ့ချေ။
အကယ်၍ သူသာ ထိုအတုံးကို ဤပလက်ဖောင်းတွင် အတင်းအကျပ် ထားရှိခဲ့မည်ဆိုပါက အော့က်နတ်ဆိုးကြီးနှင့် ရင်ဆိုင်ရပြီး သေဆုံးရုံသာ ရှိပေလိမ့်မည်။
သို့မဟုတ် အမျိုးသမီးသူဌေးက အစားထိုး အခွင့်အာဏာများအတွက် ရပ်ဆဲလ်ကဲ့သို့သော ဒေသခံ ရထားမောင်းနှင်သူများ၏ အသက်ကို စတေးချင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
ထိုသူက ဤဒေသခံလူသားများကို အမှန်တကယ်ပင် အသုံးချနေခဲ့လေ၏။
၎င်းက ရထားမောင်းနှင်သူများနှင့် ပတ်သက်သော ရဲချီယန်၏ နားလည်သဘောပေါက်မှုနှင့် အတော်လေး ကိုက်ညီနေခဲ့ပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူသာ တစ်ဖက်လူ၏ နေရာတွင် ရှိနေခဲ့မည်ဆိုပါက အလားတူ လုပ်ရပ်မျိုးကိုသာ ပြုလုပ်မည်ဖြစ်ပေသည်။
ဒါပေမဲ့ သူလျှိုလား... အချက်အလက် ခိုးယူတာလား။
ဒီနည်းလမ်းတွေက ဘာလို့ ခပ်ရင်းရင်းနှီးနှီး ဖြစ်နေရတာလဲ။
မွန်ရိုးဂျီနာလား။
ဆော်လမွန်မြို့တော်တွင် ပြီးခဲ့သည့်အကြိမ်က မွန်ရိုးဂျီနာအား RUN ကုမ္ပဏီအကြောင်း ပြောပြခဲ့သည်ကို သူ မှတ်မိနေလေ၏။ ထိုစဉ်က သူမက အတော်လေး စပ်စုကာ စိတ်လှုပ်ရှားနေခဲ့ပုံရသောကြောင့် ဤအရာက သူမ၏ လက်ချက်ဖြစ်နိုင်ခြေ အလွန်များပြားပေသည်။
"မြန်လိုက်တာ... ဒါက ယဇ်ပူဇော်ခြင်း ကတ်ပြားရဲ့ အစွမ်းများလား"
ရဲချီယန်က စိတ်ထဲမှ စဉ်းစားနေခဲ့သော်လည်း မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုကို ဆင်မြန်းကာ ရပ်ဆဲလ်အား ပြောလိုက်လေ၏။
"မင်း ပြန်ရောက်တဲ့အခါ ဘယ်သူ့ကိုမှ ငါ့အကြောင်း မပြောနဲ့နော်။ ငါက သူဌေးပေးထားတဲ့ တာဝန်တစ်ခုကို လုပ်နေတာ။ သူဌေးကတောင် အထင်လွဲမခံရအောင် ဒီတာဝန်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို သူမရဲ့ စိတ်ထဲကနေ ဖျက်ပစ်ဖို့ နည်းလမ်းတချို့ သုံးထားသေးတယ်။ တာဝန်က ဘာလဲဆိုတာကိုတော့ ငါ မင်းကို မပြောပြတော့ဘူး၊ ဒါပေမဲ့ အခု ဒီကိစ္စကို မင်းနဲ့ ငါပဲ သိတယ်ဆိုတာကို နားလည်တယ်မလား"
ရပ်ဆဲလ်၏ မျက်လုံးများက ချက်ချင်းပင် နီရဲသွားလေ၏။
သူက ရင်ဘတ်ကို ဖိကာ အလွန်ဝမ်းသာကျေးဇူးတင်စွာဖြင့် အလျင်အမြန် ခေါင်းညိတ်ပြလိုက်လေသည်။
"စိတ်ချပါ အစ်ကိုကျူရှင်း... ကျွန်တော် ခင်ဗျားနဲ့ ဒီမှာ တွေ့ခဲ့တာကို ဘယ်သူ့ကိုမှ လုံးဝ မပြောပါဘူး"
တကယ်တမ်းတွင်တော့ သူ ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အရေးမကြီးလှချေ။
မည်သို့ပင်ဆိုစေကာမူ ရဲချီယန်က ကျူရှင်းထူ၏ အမည်ကို အသုံးပြုနေခြင်း ဖြစ်ပေသည်။
ကျူရှင်းထူက မကြာသေးမီက ရထားကမ္ဘာတွင် အတော်လေး နာမည်ကြီးနေခဲ့လေ၏။
ကြယ်တစ်ထောင်မြို့တော်နှင့် ဆော်လမွန်မြို့တော်တို့က သူမအတွက် ရထားဒင်္ဂါး ၅၀,၀၀၀ ဆုကြေးငွေကို ပူးပေါင်းထုတ်ပြန်ထားခဲ့ကြပေသည်။
ရှာယာကတောင် ပိုက်ဆံရဖို့အတွက် ကျူရှင်းထူကို ဖမ်းချင်နေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
အကယ်၍ သူသာ လုပ်နိုင်မည်ဆိုလျှင် ရဲချီယန်ကလည်း ထိုသို့ပင် လုပ်ချင်နေခဲ့ပေသည်။
သို့သော်လည်း ၎င်းက အတွေးသက်သက်သာ ဖြစ်လေ၏။
ရှာယာအတွက်လည်း အလားတူပင် သူမအား သတ်ဖြတ်ရန်အတွက် ရထားဒင်္ဂါး ၁၀၀,၀၀၀ ကို ဆုကြေးငွေအဖြစ် ထုတ်ပြန်ထားခဲ့ပေသည်။
သို့သော် ရှာယာကိုသာ သတ်ရလွယ်ကူမည်ဆိုလျှင် အတိတ်က သူမကို ချိတ်ပိတ်ထားရုံသာ ချိတ်ပိတ်ထားခဲ့မည် မဟုတ်ချေ။
ထို့အတူပင် ကျူရှင်းထူကို ဖမ်းရန် လွယ်ကူမည်ဆိုလျှင်လည်း သူမအတွက် ဤမျှလောက် မြင့်မားသော ဆုကြေးငွေ ရှိလာမည် မဟုတ်ပေ။
ဆုကြေးငွေဆိုသည်မှာ ပြစားရုံသက်သက်သာ ဖြစ်လေ၏။
ရဲချီယန်က ရပ်ဆဲလ်အား သူငယ်ချင်းအဖြစ် ထည့်သွင်းလိုက်လေသည်။ စနစ်က လူတစ်ယောက်၏ အမည်ကို ဖုံးကွယ်ထားနိုင်သလို အခြားသူများအတွက် သီးသန့် ပြောင်းလဲပေးနိုင်စွမ်း ရှိပေသည်။
သူက ၎င်းကို ဖုံးကွယ်ထားရန်သာ တိုက်ရိုက်ရွေးချယ်လိုက်ပြီး အကြောင်းရင်းမှာ အထူးတာဝန်ကြောင့်ဟုပင် အကြောင်းပြလိုက်လေ၏။
ရပ်ဆဲလ်က တာဝန်များ သို့မဟုတ် ထိုသို့သောအရာများကို နားမလည်ခဲ့ချေ။ သူသိထားသည်မှာ စီနီယာတစ်ဦးထံမှ ဂရုစိုက်မှုနှင့် ယုံကြည်မှုကို ရရှိခဲ့သည်ဆိုခြင်းသာ ဖြစ်ပေသည်။ သူ၏ ရထားဆီသို့ ပြန်သွားကာ ထွက်ခွာလာပြီးနောက် သူငယ်ချင်းစာရင်းထဲရှိ အမည်မသိလူကို ကြည့်ရင်း သူ၏ မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် တောက်ပနေခဲ့လေ၏။
သူ မထွက်ခွာမီ စီနီယာက သူ့အား နောက်ဆုံးပြောကြားခဲ့သော စကားများက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့ပေသည်။
"မင်း တော်တော်လေး တော်တာပဲ။ ကုမ္ပဏီက အနာဂတ်မှာ မင်းကိုပဲ အပြည့်အဝ အားထားရတော့မယ်"
ဤစကားများက တက်ကြွဆေးတစ်ခွက်ကဲ့သို့ဖြစ်ကာ ရပ်ဆဲလ်ကို လုံးဝ ငြိမ်သက်မနေနိုင်အောင် ပြုလုပ်ထားလေ၏။
အချိန်အတော်ကြာပြီးနောက် မက်ဆေ့ချ် ဝင်လာသည့် အသံမြည်လာမှသာ သူက သတိပြန်ဝင်လာခဲ့လေသည်။
သူက အလင်းမျက်နှာပြင်ကို ဖွင့်လိုက်ရာ ၎င်းပေါ်တွင် "သူဌေး" ဆိုသည့် စကားလုံးကို မြင်တွေ့လိုက်ရသောကြောင့် အလျင်အမြန် ဖတ်လိုက်လေ၏။
【သူဌေး... ကျွန်တော် အတုံးကို ပလက်ဖောင်းမှာ ချထားခဲ့ပြီးပါပြီ】
တစ်ချိန်တည်းတွင် RUN ကုမ္ပဏီဌာနချုပ်၌၊
မျက်လုံးအောက်တွင် ဧရာမ အမည်းကွင်းကြီးများ ရှိနေသော RUN ကုမ္ပဏီ၏ အမျိုးသမီးသူဌေးက သူမ၏ နားထင်များကို ပွတ်သပ်ကာ အလင်းမျက်နှာပြင်ပေါ်ရှိ ရပ်ဆဲလ်၏ အကြောင်းပြန်စာကို မျက်မှောင်ကြုတ်လျက် ဖတ်နေခဲ့လေ၏။
"မသေဘူးလား။ အဲဒီ ပလက်ဖောင်းရဲ့ အချက်အလက်တွေက အော့က်နတ်ဆိုးကြီးရဲ့ ပိုင်နက်လို့ ပြောထားတာ မဟုတ်ဘူးလား။ ထူးဆန်းလိုက်တာ"
သူမက ရပ်ဆဲလ်၏ သစ္စာရှိမှုကို တန်ဖိုးထားသောကြောင့် ထိုအတုံးကို သွားထားရန် သူ့ကို စေလွှတ်ခဲ့ခြင်းဖြစ်လေ၏။ သူ့အား တာဝန်တစ်ခု ပေးအပ်လိုက်ပါက သူ သေရမည်ကို သိနေလျှင်ပင် ပြီးမြောက်အောင် နည်းလမ်းရှာ လုပ်ဆောင်ပေးမည် ဖြစ်ပေသည်။
ထို့ကြောင့် နာရီအတော်ကြာပြီးနောက် ရပ်ဆဲလ်၏ အကောင့်က လင်းနေဆဲဖြစ်သည်ကို သူမ မြင်တွေ့လိုက်ရသောအခါ ရှုပ်ထွေးသွားကာ သူ့ထံသို့ မက်ဆေ့ချ် ပို့လိုက်ခြင်း ဖြစ်လေ၏။
သူက ဒါကို ပြီးမြောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။
ခေတ္တမျှ စဉ်းစားပြီးနောက် အမျိုးသမီးက လက်ချောင်းကို လှုပ်ရှားလိုက်ရာ ရထားပေါ်ရှိ ရပ်ဆဲလ်၏ မျက်စိရှေ့တွင် အလင်းမျက်နှာပြင်အသစ်တစ်ခု ပေါ်လာလေ၏။
အမျိုးသမီး၏ ပုံရိပ်က ၎င်းပေါ်တွင် ပေါ်လာလေသည်။
"သူဌေး"
တစ်နေ့တည်းတွင် စီနီယာရော သူဌေးကိုပါ တွေ့လိုက်ရသောကြောင့် ရပ်ဆဲလ်က စိတ်လှုပ်ရှားလွန်း၍ ပျံသန်းတော့မလိုပင် ခံစားနေရလေ၏။
"မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ မင်းက တကယ်ပဲ ငါတန်ဖိုးထားရတဲ့ လူသစ်လေးပါ။ မင်း အဲဒါကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"
"ကျွန်တော်... အင်း... ဟိုလေ၊ ကျွန်တော် ဒီအတိုင်း လုပ်လိုက်တာပဲ။ ကံကောင်းလို့၊ ကံကောင်းလို့ပါ"
ရပ်ဆဲလ်က ကျူရှင်းထူဟု ပြောရန် ရည်ရွယ်ခဲ့သော်လည်း စီနီယာ ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားကာ သူ၏စကားကို အလျင်အမြန် ပြောင်းလိုက်လေ၏။
"ကံကောင်းလို့တဲ့လား..."
အမျိုးသမီးက အတွေးနက်သွားပုံရလေသည်။ အချိန်အတော်ကြာပြီးနောက်မှ သူမက ရပ်ဆဲလ်ကို ကြင်နာသော အပြုံးတစ်ခု ပြသလိုက်လေ၏။
"မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ ဟားဟား။ ကုမ္ပဏီက မင်းလို အလားအလာရှိတဲ့ လူငယ်တွေကို လိုအပ်တယ်။ ငါ ကုမ္ပဏီကနေ မင်းကို စောင့်နေမယ်၊ မင်း ပြန်လာတဲ့အခါ ငါ မင်းကို ဆုချမယ်"
ဆက်သွယ်မှု ပြီးဆုံးသွားချိန်တွင်တော့ အမျိုးသမီး၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
"ကံကောင်းတာ... နှစ်ပေါင်းများစွာကြာတဲ့အထိ ဘုရားစူး ကတ်ပြားရဲ့ နောက်ထပ်အပိုင်းအစကို ငါ ရှာမတွေ့ရတဲ့ အကြောင်းရင်းက ငါ့မှာ ကံကောင်းခြင်းလေး နည်းနည်း လိုအပ်နေလို့လားလို့ မင်း ပြောချင်တာလား"
အမှောင်ထဲရှိလူက စကားမပြောခဲ့ချေ။
"ဟွန့်... ဒါဆို သေတ္တာထားဖို့ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ ဒေသခံလူသား ဘယ်နှစ်ယောက်တောင် ငါ စေလွှတ်ခဲ့မိပြီလဲ"
နောက်ဆုံးတွင်တော့ အမှောင်ထဲရှိလူက စကားပြောလာလေ၏။
"ဆယ့်နှစ်ယောက်။ ရပ်ဆဲလ်ကိုပါ ထည့်တွက်ရင် ခြောက်ယောက်ပဲ အသက်ရှင်သေးတယ်"
အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေခဲ့လေ၏။
"ကျစ်... ဒီဒေသခံလူသားတွေက တကယ်ကို အသုံးမကျတာပဲ။ အကယ်၍ ငါသာ ဒီကမ္ဘာကို ရောက်လာတာ နောက်မကျခဲ့ဘဲ ကိုယ်ပိုင် မြို့တော်ကို တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ဒီကောင်တွေကို ဘာလုပ်ဖို့ လိုအပ်မှာလဲ..."
အခန်း ၁၅၆ - အဆင့် ၄ ပလက်ဖောင်း ဖိတ်ကြားချက်လား၊ စိတ်မဝင်စားဘူး
မျက်ရည်နီ၏ မိုးရေများက တဖြည်းဖြည်း ပါးလျသွားလေ၏။
ကျဲပါးသော မိုးဖွဲဖွဲလေးများသာ လေနှင့်အတူ လွင့်မျောနေခဲ့ပေသည်။
သူက သစ်သားပျဉ်ပြားများဖြင့် ဆောက်လုပ်ထားသော အမိုးပါသည့် အနားယူစရာနေရာလေးတွင် အေးအေးလူလူ ထိုင်ကာ ဖရဲသီး စားနေလေ၏။
ဝေါလီ က ပြန်မရောက်သေးသလို ရပ်နားချိန်ကလည်း မကုန်ဆုံးသေးရာ သူ အပျင်းတစ်နေရန်အတွက် အချိန်အများကြီး ရနေခဲ့ပေသည်။
အနီးအနားရှိ သားရဲများကို အမဲလိုက်ကာ ရထား၏ ရိက္ခာများကို ဖြည့်တင်းရန်အတွက် အပ်ကြီးပျားများကို ပျားအုံရထားတွဲမှ လွှတ်ပေးလိုက်ပြီးနောက် ရဲချီယန်က ဤနေရာတွင် နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်ရန် ဆုံးဖြတ်လိုက်လေ၏။
သူ၏ဘေးတွင်တော့ မျက်ရည်နီ၏ နတ်ဆိုးတောင်ပံများက တဖျတ်ဖျတ် ခတ်နေကာ လွင့်စင်လာသော မိုးရေပေါက်များကို ဟန့်တားပေးနေခဲ့လေသည်။
မိုးရေများအောက်၊ အမိုးပါသည့် အနားယူစရာနေရာလေး အတွင်းတွင်
ဇိမ်ခံ အိပ်မက် ကုတင်ပေါ်တွင် မအိပ်ရလျှင်ပင် ဤလှပသော ပတ်ဝန်းကျင်အောက်တွင် ရဲချီယန်၏ စိတ်နှလုံးက အလွန်အမင်း အေးချမ်းနေခဲ့ပေသည်။
သူက အိပ်ရာထနောက်ကျကာ ထွက်ခွာချိန်နှင့် လွဲချော်သွားမည်ကို မကြောက်ရွံ့ခဲ့ချေ။
သူက အိတ်ဆောင်နာရီကို မျက်ရည်နီထံသို့ ကမ်းပေးလိုက်ပြီး နာရီလက်တံက ဆယ့်နှစ်ကို ရောက်သည်နှင့် တစ်ပြိုင်နက် သူမက သူ့ကို နှိုးပေးမည် ဖြစ်ပေသည်။
အချိန်အနည်းငယ်ကြာပြီးနောက်
ဒင်... ဒင်
မှေးကနဲအိပ်မောကျနေချိန်တွင် ရဲချီယန်၏ နားထဲသို့ ချက်ဘောက်စ် အသိပေးချက် အသံ ဝင်လာလေ၏ ။
သူက မျက်လုံးများကို ဖွင့်လိုက်ရာ မိုးဖွဲဖွဲလေးများက ရပ်တန့်သွားပြီဖြစ်ကာ တောက်ပသော လမင်းကြီးက ကောင်းကင်ယံတွင် သာယာနေခဲ့ပြီ ဖြစ်ပေသည် ။
သူက မျက်ရည်နီထံမှ အိတ်ဆောင်နာရီကို ယူကာ အချိန်ကို စစ်ဆေးလိုက်လေ၏။
【၂၂:၃၈:၁၈】
ရဲချီယန်က သမ်းဝေလိုက်ကာ မတတ်နိုင်စွာဖြင့် ခေါင်းရမ်းလိုက်လေသည်။
"ဟား... ဒီလောက် နောက်ကျနေမှ သူများအနားယူနေတာကို လာနှောင့်ယှက်ရတယ်လို့၊ ကံကောင်းလို့ ငါက အိပ်ရာထရင် စိတ်မဆိုးတတ်တာပဲ"
သူက စနစ်၏ အလင်းမျက်နှာပြင်ကို ဆွဲတင်လိုက်ရာ သူငယ်ချင်း စာရင်း မျက်နှာပြင်တွင် တစ်စုံတစ်ယောက်၏ အကောင့်ပုံလေးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေ၏။
ရှန်ကွမ်းရင်းရွှယ် - 【"ရှိလား"】
အကျင့်ပါနေသော အဖွင့်စကားတစ်ခွန်းပင်။ ရှန်ကွမ်းရင်းရွှယ် စကားပြောလာတိုင်း သူမ၏ ပထမဆုံး စကားလုံးမှာ "ရှိလား" ဖြစ်နေပုံရပေသည်။
【"မရှိဘူး"】
သူမ၏ ရထားတွဲအတွင်းတွင် ပင်ပန်းနွမ်းနယ်နေသော ရှန်ကွမ်းရင်းရွှယ်က အလင်းမျက်နှာပြင်ပေါ်ရှိ အကြောင်းပြန်စာကို စိုက်ကြည့်ရင်း ခေတ္တမျှ မှင်တက်သွားလေ၏။
【"ဪ... အလိုအလျောက် အကြောင်းပြန်တဲ့ စနစ်လား။ ဒီစာကို မြင်ရင် ပြန်ဆက်သွယ်ပါဦး"】
"..."
ပြောစရာစကားမဲ့သွားကာ သူ၏ နားထင်ကို ပွတ်သပ်လိုက်ပြီး အလင်းမျက်နှာပြင်ပေါ်တွင် လက်ချောင်းများဖြင့် ခေါက်ကာ စာတစ်ကြောင်း ပို့လိုက်လေသည် ။
【"ငါ ရှိတယ်၊ ဘာကိစ္စလဲ"】
【"အင်း... တစ်ယောက်ယောက်က နင့်ကို နောက်ကွယ်က သူငယ်ချင်း တောင်းဆိုချက်ကို လက်ခံပေးဖို့ ပြောခိုင်းလိုက်လို့။ ငါက စကားပါးပေးရုံပါပဲ၊ နင် မလုပ်ချင်ရင်လည်း ကိစ္စမရှိပါဘူး"】
【"ဘယ်သူလဲ"】
【"သူ့နာမည်က ကျောက်အန်းတဲ့"】
ကျောက်အန်းလား
ဒီနာမည်က နည်းနည်း ရင်းနှီးနေသလိုပဲ
သူက ဘယ်သူပါလိမ့်
ရဲချီယန်က ဂရုတစိုက် စဉ်းစားလိုက်ရာ ဇုန်များ ပေါင်းစည်းခြင်း ပြုလုပ်ပြီးနောက် D-119 ဇုန်မှ စိုက်ပျိုးရေးနှင့် ပတ်သက်သော ပါရမီ ရှိနိုင်သည့်သူဖြစ်ကြောင်း သတိရသွားလေ၏။
အကယ်၍ ရှန်ကွမ်းရင်းရွှယ်သာ မပြောပြခဲ့လျှင် ဤသူ့ကို သူ တကယ်ပင် မေ့သွားတော့မည် ဖြစ်ပေသည်။
နောက်ကွယ်က သူငယ်ချင်း တောင်းဆိုချက်လား။ ရဲချီယန်က ထိုသူနှင့် မည်သို့မျှ ပတ်သက်မှု မရှိခဲ့ကြောင်း မှတ်မိနေရာ အဘယ်ကြောင့် သူ့ကို လာရှာနေရသနည်း။
နောက်ကွယ်က မျက်နှာပြင်ကို ဖွင့်လိုက်ရာ ကျောက်အန်း၏ သူငယ်ချင်း တောင်းဆိုချက်ကို တကယ်ပင် မြင်တွေ့လိုက်ရလေ၏။
သူက ချက်ချင်း လက်မခံသေးဘဲ အလင်းမျက်နှာပြင်ပေါ်တွင် စာရိုက်နေရင်း စဉ်းစားနေခဲ့ပေသည်။
【"ငါ သူနဲ့ ရင်းနှီးပုံမရဘူး။ သူက ငါ့ကို ဘာလို့ လာရှာတာလဲ"】
ရှန်ကွမ်းရင်းရွှယ်က ရဲချီယန် ဤသို့မေးမည်ကို မျှော်လင့်ထားပြီးဖြစ်ပုံရလေ၏။
မျက်နှာပြင်ပုံရိပ်ဖမ်းထားသော ပုံတစ်ပုံကို တိုက်ရိုက် ပေးပို့လိုက်လေသည် ။
【E-D အပြန်အလှန် အကူအညီပေးရေး အသင်း】
【ဥက္ကဋ္ဌ - ကျောက်အန်း】
【ဒုတိယဥက္ကဋ္ဌ - ရှန်ကွမ်းရင်းရွှယ်】
【ဂိုဏ်းအဆင့် - ၁】
【အမျိုးအစား - ဖာရိုစ် ဂိုဏ်း၏ လက်အောက်ခံ】
【အဖွဲ့ဝင် အရေအတွက် - ၈၃/၃၀၀】
【ဂိုဏ်း ဆောင်ပုဒ် - D-56, D-119 — E-3, E-19, E-28, E-103 ပေါင်းစည်းထားသော ဇုန်များမှ ရထားမောင်းနှင်သူများ စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ပြီး အချင်းချင်း ကူညီကြမည်】
ဂိုဏ်းလား ။
ဒါက နည်းနည်းတော့ မျှော်လင့်မထားတာပဲ။
ဆောင်ပုဒ်ကို ကြည့်ရသလောက် သူတို့က ဤပေါင်းစည်းထားသော ဇုန်များမှ လူအားလုံးကို ထည့်သွင်းချင်နေပုံရရာ ထို့ကြောင့် သူ့ကို ရှာတွေ့ခဲ့ခြင်း ဖြစ်ပေမည် ။
【"ဟိုး... အထင်ကြီးစရာပဲ၊ နင်က ဒုတိယဥက္ကဋ္ဌ ရာထူးတောင် ရထားသေးတာကိုး။ ဒါပေမဲ့ ငါက ဂိုဏ်းတွေကို စိတ်မဝင်စားဘူး"】
【"ဒုတိယဥက္ကဋ္ဌ တစ်ယောက် လိုအပ်နေလို့ ကူညီပေးလိုက်ရုံပါ... သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီဂိုဏ်းကိုယ်တိုင်ကလည်း လက်အောက်ခံဂိုဏ်းတစ်ခုသာသာပဲ။ ဒါပေမဲ့ အဲဒီ ကျောက်အန်း ဆိုတဲ့သူကတော့ ရည်မှန်းချက် တော်တော်ကြီးပုံရတယ်။ ငါ စကားပါးပြီးသွားပြီဆိုတော့ သူ့ကို သူငယ်ချင်းစာရင်းထဲ ထည့်မယ် မထည့်ဘူးဆိုတာကတော့ နင့်သဘောပါပဲ"】
သူမ ပြောစရာတွေ ရှိနေသေးသော်လည်း ဆက်မပြောတော့ချေ ။
အကယ်၍ ရဲချီယန်သာ ဤဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့မည်ဆိုပါက သူမလည်း အပြီးအပိုင် နေထိုင်သွားမည် ဖြစ်ပေသည် ။
【"အင်း... တခြားကိစ္စ ရှိသေးလား"】
【"..."】
ရှန်ကွမ်းရင်းရွှယ်က ခေတ္တမျှ တိတ်ဆိတ်သွားကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်လေ၏ ။
【"နင့်ဆီမှာ အဆင့် ၅ ရထားအထိ အဆင့်မြှင့်တင်ဖို့ အထူးပစ္စည်းတွေ ရနိုင်မယ့် အရင်းအမြစ်များ ရှိလား။ ငါက..."】
【"မရှိဘူး"】
【"..."】
တစ်နည်းအားဖြင့် ပြောရလျှင် သူ တကယ်ပဲ ရနိုင်ပေသည်။
ဥပမာအားဖြင့် ရှာယာ သို့မဟုတ် မွန်ရိုးဂျီနာ တို့ထံတွင် ရထားဒင်္ဂါးများနှင့် မျက်နှာသာပေးမှုအချို့ကို အသုံးပြုလိုက်ပါက ၎င်းတို့ကို သူ ဝယ်ယူနိုင်ရန် အလားအလာ အလွန်များပြားပေသည် ။
သို့သော် သူက အဘယ်ကြောင့် ဤမျှ အဓိပ္ပာယ်မရှိသောအရာကို လုပ်ဆောင်ရမည်နည်း။
ရှန်ကွမ်းရင်းရွှယ် ကံမကောင်းခဲ့ဘူးလို့ပဲ ပြောရမည်။
ထိုသို့မဟုတ်ပါက ကျောက်လင်၏ အဆင့်မြှင့်တင်ရေး ပစ္စည်းများက သူမအပိုင်ဖြစ်သွားနိုင်ပေသည်။
စကားဝိုင်း ပြီးဆုံးသွားလေ၏။
နောက်ကွယ်ရှိ ကျောက်အန်း၏ သူငယ်ချင်း တောင်းဆိုချက်ကို ကြည့်ရင်း ရဲချီယန်က ခေတ္တမျှ စဉ်းစားပြီးနောက် လက်ခံရန် ရွေးချယ်လိုက်လေသည်။
သူငယ်ချင်း တောင်းဆိုချက်ကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက်
အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသော ကျောက်အန်းက ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားလေ၏။
【"မင်္ဂလာပါ မစ္စတာရဲ"】
【"ဂိုဏ်းကိစ္စကို ငါ သိပြီးသားမလို့ စိတ်မဝင်စားဘူးလို့ ပြောလိုက်ပါရစေ။ တခြားကိစ္စ ရှိသေးလား။ မရှိရင် ငါ အလုပ်များနေလို့"】
ကျောက်အန်း၏ မျက်နှာပေါ်ရှိ ဝမ်းသာမှုများက ခါးသီးသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ဤသို့သော ရလဒ်မျိုး ထွက်ပေါ်လာမည်ကို သူ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ရထားမောင်းနှင်သူ အသုတ်တူများထဲတွင် ရှန်ကွမ်းရင်းရွှယ် မှလွဲ၍ စွမ်းဆောင်ရည် အနည်းငယ်ရှိသူ မည်သူကမျှ သူ၏ဂိုဏ်းသို့ ဝင်ရောက်ရန် မရွေးချယ်ခဲ့ကြသောကြောင့်ပင်။
အကြောင်းရင်းမှာ ဤအပြန်အလှန် အကူအညီပေးရေး အသင်းဆိုသည်မှာ အားနည်းသော ရထားမောင်းနှင်သူများက အစွမ်းထက်သူများ၏ သွေးကို စုပ်ယူရန် ကြိုးစားနေခြင်းမျှသာ ဖြစ်နေသောကြောင့် ဖြစ်လေ၏။
ရှန်ကွမ်းရင်းရွှယ် ကိုယ်တိုင်ကပင် ဒုတိယဥက္ကဋ္ဌ ဆိုသည့် ဂုဏ်ပုဒ်ကိုသာ ယူထားပြီး အချိန်ကြာကြာ နေထိုင်ရန် မရည်ရွယ်ထားချေ။ သင့်တော်သော ဒုတိယဥက္ကဋ္ဌတစ်ဦးကို သူ ရှာတွေ့သည်နှင့် တစ်ပြိုင်နက် သူမက ထွက်ခွာသွားမည် ဖြစ်ပေသည်။
သို့သော် ကျောက်အန်းက စိတ်ဓာတ်မကျဘဲ အလင်းမျက်နှာပြင်ပေါ်တွင် ဆက်လက်၍ စာရိုက်နေခဲ့လေ၏။
【"ရပါတယ် မစ္စတာရဲ၊ ခင်ဗျားကို ဂိုဏ်းထဲ ဖိတ်ခေါ်တာအပြင် ဒီတစ်ကြိမ် ခင်ဗျားနဲ့ ဆွေးနွေးစရာ တခြားကိစ္စတစ်ခု ရှိသေးလို့ပါ"】
နောက်ထပ် မျက်နှာပြင်ပုံရိပ်ဖမ်းထားသော ပုံတစ်ပုံက ရဲချီယန်ထံသို့ ရောက်ရှိလာလေသည် ။
【စပါးကျီဆယ်ခု မြို့တော် (အဆင့် ၄ ပူးပေါင်းဆောင်ရွက်ရေး တာဝန် ပလက်ဖောင်း အသုံးပြုရန် ကိုဩဒိနိတ်များ (၁၀/၁၀))】
【အသုံးပြုပြီးနောက် နောက်မှတ်တိုင်၏ ခရီးစဉ်ကို စပါးကျီဆယ်ခု မြို့တော် သို့ ပြောင်းလဲသွားမည် ဖြစ်သည်】
【"နောက်မှတ်တိုင်မှာ ကျွန်တော်တို့နဲ့အတူ စပါးကျီဆယ်ခု မြို့တော် ကို ဝင်ရောက်ဖို့ ခင်ဗျားကို ဖိတ်ခေါ်ချင်ပါတယ်။ အဲဒီကနေ ရရှိတဲ့ သယံဇာတအားလုံးကို ပါဝင်ပံ့ပိုးမှုအလိုက် ခွဲဝေပေးသွားမှာပါ"】
မျက်နှာပြင်ပုံရိပ်ဖမ်းထားသော ပုံကို ပေးပို့လိုက်ပြီးနောက် ကျောက်အန်းက အလွန်ယုံကြည်မှု ရှိနေခဲ့လေ၏။
သူ၏စိတ်ထဲတွင် ရဲချီယန်က မည်မျှပင် အစွမ်းထက်နေပါစေ ရှန်ကွမ်းရင်းရွှယ် ကဲ့သို့သော အဆင့် ၄ ရထားမောင်းနှင်သူ တစ်ဦးသာ ဖြစ်လောက်မည်ဟု ထင်မှတ်ထားပေသည်။ လူဆယ်ယောက် တစ်ပြိုင်နက်တည်း ဝင်ရောက်နိုင်သော ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း တစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ဤအခမဲ့ သယံဇာတများကို ရဲချီယန်က ငြင်းပယ်ရန် အကြောင်းမရှိဟု သူက ယူဆထားလေ၏ ။
အဆင့် ၄ တဲ့လား။
မျက်နှာပြင်ပုံရိပ်ဖမ်းထားသော ပုံထဲရှိ အကြောင်းအရာကို ကြည့်ရင်း ရဲချီယန်က အနည်းငယ်မျှပင် စိတ်မဝင်စားခဲ့ချေ။
သူက အဆင့် ၇ ပလက်ဖောင်း များကိုပင် အားနည်းသည်ဟု ထင်မြင်နေရာ အဆင့် ၄ ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။
အဲဒီကို သွားပြီး ဘာလုပ်ရမှာလဲ။ နွေဦးအပန်းဖြေခရီး ထွက်ရမှာလား။
ထို့ကြောင့် သူက စကားလုံးအနည်းငယ်သာ ပြန်လည်ပို့ဆောင်လိုက်လေသည်။
【"စိတ်မဝင်စားဘူး"】
【"ခင်ဗျား... နည်းနည်းလောက် ထပ်စဉ်းစားကြည့်ပါဦးလား။ ကျွန်တော် စီနီယာ တော်တော်များများကို မေးကြည့်ပြီးပြီ၊ ဒီလို အဆင့် ၄ ပလက်ဖောင်း မျိုးက တော်တော်လေး ရှားပါးပြီး ရနိုင်တဲ့ သယံဇာတတွေကလည်း ပုံမှန် ပလက်ဖောင်း တွေထက် အများကြီး ပိုများတယ်တဲ့။ အဲဒီမှာ ရထား ကို အဆင့်မြှင့်တင်ဖို့ ပစ္စည်းတွေကိုတောင် ခင်ဗျား ရှာတွေ့နိုင်တယ်"】
【"စိတ်မဝင်စားဘူး"】
အဖြေက အတူတူပင် ဖြစ်နေခဲ့လေ၏။
ရဲချီယန်က လက်လှမ်းကာ မျက်ရည်နီ က စွဲထင်နေသောမျက်ရည်ဓား ဖြင့် အခုလေးတင် ခုတ်ပိုင်းထားသော ဗိုက်စင်သီး တစ်စိတ်ကို ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
【"တခြားဘာမှမရှိရင် ငါ အလုပ်များနေလို့"】
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မလှမ်းမကမ်းတွင် ဝေါလီ က စက်လုံးပုံသဏ္ဌာန် ပစ္စည်းတစ်ခုကို ကိုင်ဆောင်လျက် သူ၏ထံသို့ ပျော်ရွှင်စွာဖြင့် ပြေးလာနေသောကြောင့် ဖြစ်လေ၏။
သူ တကယ်ကို အလုပ်များတော့မည် ဖြစ်ပေသည်။