← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း ၁၅၉ - သူခိုးလုပ်ရင်း ပစ္စည်းမှားခိုးမိသွားတယ်

"နင့်အပြောအရဆိုရင် နောက်မှတ်တိုင်က ကံကောင်းခြင်း ဘူတာ ဖြစ်နေဦးမှာလား"

"ကျွန်မလည်း မသိဘူး။ နောက်မှတ်တိုင်ကို မရောက်မချင်း သိပ်တော့ သေချာမပြောနိုင်သေးဘူး..."

"အင်း... ဒါဆိုလည်း နောက်မှတ်တိုင်ရောက်မှပဲ ကြည့်ကြတာပေါ့"

"အာ... နောက်မှတ်တိုင်အကြောင်း ပြောမှ သတိရတယ်။ အစ်ကိုချီယန်... ကျောက်အန်းဆိုတဲ့သူတစ်ယောက်က အစ်ကို့အကြောင်း လာမေးပြီးတော့ ကျွန်မကိုလည်း အပြန်အလှန် အကူအညီပေးရေး ဂိုဏ်းတစ်ခုခုထဲ ဝင်ဖို့ ဖိတ်ခေါ်သွားသေးတယ်"

သူတို့က ကျောက်လင်ကိုတောင် ရှာတွေ့သွားကြတာလား။

ဒါလည်း ဟုတ်တာပါပဲ၊ ဒီဇုန်ထဲက ရထားမောင်းနှင်သူ တွေထဲမှာ ကျောက်လင်က အတော်ဆုံးတွေထဲက တစ်ယောက်လို့ သတ်မှတ်လို့ရသည်လေ။

"မင်း ဝင်လိုက်သေးလား"

"မဝင်ပါဘူး။ ဒါပေမဲ့ သူက ကျွန်မကို အဆင့် ၄ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း တစ်ခုမှာ ပါဝင်ဖို့ ဖိတ်ခေါ်တာနဲ့ ကျွန်မလည်း လက်ခံလိုက်တယ်"

"အဲဒါ ကောင်းပါတယ်။ မင်းရဲ့ ပါရမီကို အသိမခံရဖို့ပဲ သတိထားပါ။ ဒါနဲ့ ငါ မင်းကို အဆင့် ၅ အထိ အဆင့်မြှင့်တင်ဖို့ ပစ္စည်းတွေ ပေးထားခဲ့တယ် မဟုတ်လား"

"ကျွန်မ ပိုက်ဆံနည်းနည်းလောက် ထပ်စုချင်သေးလို့ပါ။ အနည်းဆုံးတော့ အဆင့်မြှင့် ရွေးချယ်စရာ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ဝယ်ဖို့ လိုသေးတယ်လေ။ အရင်တုန်းက ရထားတွဲ ဝယ်တာရယ်၊ ရထားတွဲထဲမှာ သယံဇာတတွေ ပြန်ဖြည့်တာရယ်နဲ့ အများကြီး သုံးလိုက်ရလို့... ကျွန်မ ပိုက်ဆံပြတ်နေပြီ ဟီးဟီး"

ဒါလည်း ဟုတ်တာပါပဲ။ ကျောက်လင် က ပြီးခဲ့တဲ့ မှတ်တိုင်မှာ ရတနာသေတ္တာ မရခဲ့တဲ့အပြင် ကြယ်တစ်ထောင်မြို့တော် မှာ သုံးစွဲခဲ့ရတဲ့ ကုန်ကျစရိတ်တွေလည်း ရှိသေးတာဆိုတော့ သူမ ပိုက်ဆံပြတ်နေတာက ပုံမှန်ပင် ဖြစ်လေ၏။

သူတို့နှစ်ဦးက စကားအနည်းငယ် ထပ်ပြောပြီးနောက် ချက်ဘောက်စ် မျက်နှာပြင်ကို ပိတ်လိုက်ကြလေသည်။

ကျောက်လင်က ထို အဆင့် ၄ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း တွင် ပါဝင်ရမည့် ပြဿနာများအတွက် စိုးရိမ်ပူပန်နေခြင်း မရှိခဲ့ချေ။ အကယ်၍ နောက်မှတ်တိုင်တွင် သူမအနေဖြင့် လုံလောက်သော ကံကောင်းခြင်းများကို မစုဆောင်းနိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ ကံဆိုးနေမည် မဟုတ်ပေ။

"ငါ့ရဲ့ နောက်မှတ်တိုင်က အဆင့် ၈ ပလက်ဖောင်းဆီ သွားလို့ရမလား မသိဘူး။ အကယ်၍ ကံကြမ္မာ လမ်းဆုံလမ်းခွ က အဆင့် ၇ လို့ပဲ ဆက်ပေါ်နေဦးမယ်ဆိုရင်... သေချာပေါက် တခြားစည်းမျဉ်းတွေ ရှိနေလို့ပဲ ဖြစ်ရမယ်"

ရဲချီယန်က ကုတင်ကို မှီကာ ခေါင်းပေါ်ရှိ မျက်နှာကြက်ကို ကြည့်ရင်း ခေတ္တမျှ တိတ်ဆိတ်စွာ စဉ်းစားနေခဲ့လေ၏။

" ဒီနေ့ ငါ အထူးတလည်ကို အေးအေးဆေးဆေး ဖြစ်နေသလို ခံစားနေရတယ်..."

"နောက်တစ်ရေးလောက် ထပ်အိပ်လိုက်ရမလား"

ဆော်လမွန် မြို့တော်။

အထပ်မြင့် အဆောက်အအုံတစ်ခု၏ အမြင့်ဆုံးနေရာတွင်။

သူဌေးထိုင်ခုံတွင် ထိုင်နေလျက် အဖြူရောင် မျက်နှာဖုံးတစ်ခုကို ပြောင်းလဲဝတ်ဆင်ထားသော မွန်ရိုးဂျီနာ က သူမရှေ့ရှိ အမျိုးသမီးကို ပြုံးလျက် ကြည့်နေလေ၏။

သူမ၏ အမြင်အရ တစ်ဖက်လူက ထူးဆန်းသော အမည်းရောင် အငွေ့အသက် အလွှာတစ်ခုဖြင့် လွှမ်းခြုံခံထားရသည်ကို မြင်တွေ့နေရပေသည်။

ထိုအငွေ့အသက်က သူမ မူလထုတ်လွှတ်နေသော ကံကြမ္မာ အလင်းရောင်ကိုပင် ဖုံးကွယ်ထားခဲ့လေ၏။

ကြယ်ရောင် အမှုန်အမွှားလေးများသာ ဤအငွေ့အသက်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။

"အို... ဘယ်လေတိုက်လို့များ ငါတို့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်၊ ဘုရားစူးကတ်ပြား ဗေဒင်ဆရာမကို ကိုင်ဆောင်ထားတဲ့... လူလိမ်မလေး ကျူရှင်းထူက ငါ့ရဲ့ စုတ်ချာချာနေရာလေးဆီ လွင့်စင်လာစေတာပါလိမ့်။ ဟားဟား ပြီးတော့ ငါ့အနားကနေ ခပ်ဝေးဝေးနေစမ်းပါ၊ နင့်ကိုယ်ပေါ်က အဲဒီအရာတွေ ငါ့ဆီ ကူးစက်လာတာမျိုး ငါ မလိုချင်ဘူးနော်"

ကျူရှင်းထူ က တခစ်ခစ် ရယ်မောလိုက်ကာ မွန်ရိုးဂျီနာ၏ ခနဲ့တဲ့တဲ့ လေသံကို ဂရုမစိုက်ခဲ့ချေ။

သူမက မွန်ရိုးဂျီနာ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ သဘောထားလျက် စားပွဲပေါ်တွင် လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်လေ၏။

"အို... ငါတို့တွေက ဘယ်သူတွေမလို့လဲ။ ငါ နင့်ကို လာတွေ့ရတဲ့ အကြောင်းရင်းကို နင် သိသားပဲ"

"ဟားဟား နင် ဘာလို့ လာတွေ့တာလဲဆိုတာကို ငါက ဘယ်လိုလုပ် သိမှာလဲ။ ပြီးတော့ နင်က မကြာသေးခင်က တော်တော်လေး နာမည်ကြီးနေတာပဲ။ ငါ့ကို ပြောစမ်းပါဦး၊ နင်က ကြယ်တစ်ထောင်မြို့တော်ကနေ အဲဒီ အမိန့် ကတ်ပြား ကို ဘယ်လိုလုပ်ပြီး အတိအကျ ခိုးယူသွားနိုင်ခဲ့တာလဲ။ ပျင်းရိမှုတွေကြောင့် အဲဒီကို ဘယ်သူကမှ မစောင့်ကြပ်ဘူးဆိုရင်တောင် အဲဒီ ဗဟိုတံခါးကြီးရဲ့ ဝင်ခွင့်ကတ်က လွန်ခဲ့တဲ့နှစ်တွေကတည်းက ပျောက်ဆုံးသွားခဲ့သင့်တာလေ။ ကြယ်တစ်ထောင်မြို့တော် က လူတွေ ကိုယ်တိုင်တောင် အဲဒါကို မဖွင့်နိုင်ကြဘူး"

ဤစကားကို ကြားလိုက်ရသောအခါ ကျူရှင်းထူ ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပင် အေးခဲသွားလေ၏။

သူမက စိတ်ဆင်းရဲနေပုံရကာ အလျင်အမြန်ပင် ရှင်းပြလိုက်လေသည်။

"အဲဒါ တကယ်ပဲ ငါ မဟုတ်ပါဘူး။ ငါ့မှာ အဲဒီလောက်စွမ်းရည် ဘယ်လိုလုပ် ရှိမှာလဲ။ အဲဒီကတ်ကို ခိုးဖို့ ငါ ကြယ်တစ်ထောင်မြို့တော် ကို သွားခဲ့တာ မဟုတ်ဘူး။ နင် ငါ့ကို ယုံမှဖြစ်မယ်"

"ဟားဟား"

မွန်ရိုးဂျီနာ က ပြုံးရုံသာ ပြုံးနေခဲ့ကာ သူမကို မယုံကြည်ကြောင်း ရှင်းလင်းနေခဲ့ပေသည်။

ဤ လူလိမ်မက လိမ်ညာမှုများ အများအပြားကို ပြောဆိုခဲ့ဖူးလေ၏။ ယခု လက်ရှိပုံစံက တကယ်လို့ ထင်ရပါသလား။

သေချာပေါက် မဟုတ်ပေ။ အခြားသူများကို လှည့်စားရန်အတွက် သူမက ဤထက်ပို၍ သနားစရာကောင်းအောင် ဟန်ဆောင်ခဲ့ဖူးသည် မဟုတ်ပါလော။

ထို့အပြင် အတိတ်က လှည့်စားခံခဲ့ရသူမှာလည်း သူမကိုယ်တိုင် ဖြစ်နေခဲ့ရာ မွန်ရိုးဂျီနာက ဤ လူလိမ်မ ပြောသမျှ စကားတစ်ခွန်းကိုမျှ လုံးဝ ယုံကြည်မည် မဟုတ်ချေ။

"ကောင်းပြီလေ... နင် ငါ့ကို မယုံဘူးဆိုတာ ငါ သိပါတယ်..."

ကျူရှင်းထူ က မတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်လေ၏။ သိုးကျောင်းသားလေး၏ လိမ်ညာမှု ဇာတ်လမ်းကို သူမ နားလည်သဘောပေါက်ပေသည်။

"အဟမ်း... အဲဒါကို ထားလိုက်ပါတော့၊ အင်း... ငါ့ကို ကူညီပါ၊ ငါ့ကိုယ်ပေါ်က ကံဆိုးခြင်းတွေကို ဖယ်ရှားပစ်ဖို့ ယဇ်ပူဇော်ခြင်း ကတ်ပြား တစ်ခုကို သုံးပြီး ငါ့ကို ကူညီပေးပါ၊ ငါ တကယ် ဆက်ပြီး သည်းမခံနိုင်တော့ဘူး..."

ကြယ်တစ်ထောင်မြို့တော် မှ ထွက်ခွာလာပြီးနောက် သူမက ပလက်ဖောင်းကမ္ဘာ တစ်ခုသို့ ဝင်ရောက်ရန် လိုအပ်ခဲ့လေ၏။ ထိုကမ္ဘာတွင် သူမက လက်တစ်လက်မမျှပင် မလှုပ်ရှားနိုင်လုနီးပါး ဖြစ်ခဲ့ရပေသည်။

သူမ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူမ၏ ရထားက ဥက္ကာပျံတစ်ခု၏ ဝင်တိုက်ပေါက်ကွဲခြင်းကို ခံလိုက်ရပြီး ထိုကမ္ဘာထဲရှိ မကောင်းဆိုးဝါး များကလည်း မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ သူမကို လာရောက်လိုက်လံ ဖမ်းဆီးကြလေတော့သည်။

အကယ်၍ သာမန်အချိန်သာ ဖြစ်ခဲ့မည်ဆိုပါက ဤ မကောင်းဆိုးဝါး များကို သူမ ကြောက်ရွံ့နေမည် မဟုတ်ချေ။

သို့သော် ကံကြမ္မာ၏ အသံကို မကြားနိုင်တော့ခြင်းနှင့် သူမ၏အပေါ်တွင် ကပ်ငြိနေသော ကံဆိုးခြင်းများကြောင့် ကျူရှင်းထူက အချိန်ကြာကြာ မနေရဲတော့ချေ။ နောက်ဆုံးတွင် လွတ်မြောက်သွားသည်အထိ သူမ ပိုင်ဆိုင်ထားသော မော်ဂျူးများနှင့် ဗေဒင်ဆရာမ ကို အားကိုးကာ တစ်ရက်လုံးလုံး ထွက်ပြေးခဲ့ရလေ၏။

ကံဆိုးခြင်းက အရမ်းကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။

ကျေးဇူးတင်ရမည့် တစ်ခုတည်းသောအရာမှာ ထွက်ခွာလာပြီးနောက် ကံဆိုးခြင်း၏ စွမ်းအားက သိသိသာသာ လျော့ကျသွားပုံရခြင်းပင် ဖြစ်လေ၏။

ထိုသို့မဟုတ်ပါက ဤတစ်ကြိမ် ဆော်လမွန် မြို့တော် သို့ ဝင်ရောက်လာရာတွင် အရပ်ပုပုနှင့် ထို စစ်ကြောရေးမှူးချုပ် နှင့် သူမ ကြုံတွေ့ရနိုင်ခြေ အလွန်များပြားကြောင်း ခံစားနေရပေသည်။

အမိန့် ကတ်ပြားကို ခိုးယူခဲ့မှုကြောင့် ထိုရွှေရောင် အမိန့်တော်သခင် က ဆော်လမွန် မြို့တော်ကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်စေခဲ့သော တရားခံများထဲမှ တစ်ဦးအနေဖြင့် ထိုစစ်ကြောရေးမှူးက သူမကို အလွတ်ပေးမည် မဟုတ်ချေ။

"ဟားဟား... ငါ့ရဲ့ ယဇ်ပူဇော်ခြင်း ကတ်ပြားတွေထဲမှာ ကံဆိုးခြင်းတွေကို ဖယ်ရှားပေးနိုင်တဲ့အရာ ဘာမှမရှိဘူး။ နင် တခြားနည်းလမ်း ရှာတာပဲ ပိုကောင်းလိမ့်မယ်"

ကလစ်

ကျူရှင်းထူ က ဖန်သီးလုံးတစ်ခုကို ထုတ်ယူလိုက်ကာ မွန်ရိုးဂျီနာ ၏ ရှေ့တွင် ချထားလိုက်လေ၏။

"ယဇ်ပူဇော်ခြင်း ကတ်ပြား တစ်ခုရဲ့ ကိုဩဒိနိတ်တွေ။ နင့်ရဲ့ ယဇ်ပူဇော်ခြင်း ကတ်ပြား တွေ အကုန်အစုံဖြစ်ဖို့ သုံးကတ်ပဲ လိုတော့တယ်ဆိုတာ ငါ သိတယ်။ ငါ့ကို တစ်ကြိမ်လောက် ကူညီပေးတာနဲ့ ဒါကို လဲလှယ်လိုက်ပါ"

ရိုးရိုးသားသားပြောရလျှင် မွန်ရိုးဂျီနာက သူမကို တကယ်ပင် မကူညီချင်ခဲ့ချေ။

သို့သော် ကျူရှင်းထူ ပြောသကဲ့သို့ပင် သူမ၏ ယဇ်ပူဇော်ခြင်း ကတ်ပြား များမှာ အကုန်အစုံဖြစ်ရန် သုံးကတ်သာ လိုအပ်တော့လေ၏။

သူမက ဤသုံးကတ်ကို ငါးနှစ်တိုင်တိုင် ရှာဖွေနေခဲ့သော်လည်း မည်သည့်အရိပ်အယောင်မျှ မတွေ့ရှိခဲ့ရချေ။

ကတ်ပြား အစီအစဉ် ဆိုသည်မှာ ဤသို့ပင် ဖြစ်လေ၏။

စုဆောင်းသူများအားလုံးက အကုန်အစုံဖြစ်ရန် နီးကပ်လာသည်နှင့်အမျှ ပို၍ပို၍ ခက်ခဲလာသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။

"ဒီကိုဩဒိနိတ်တွေကို နင် ရထားတာ ဘယ်လောက်ကြာပြီလဲ"

မွန်ရိုးဂျီနာ က ကျူရှင်းထူ ကို မှေးမှိန်စွာ စိုက်ကြည့်လိုက်လေ၏။

"တစ်နည်းအားဖြင့် ပြောရရင် နင့်ဆီမှာ နောက်ထပ် ဘယ်နှစ်ခု ရှိနေသေးတာလဲ။ အကယ်၍ နင့်ရဲ့ လက်ရှိပြဿနာသာ မရှိခဲ့ဘူးဆိုရင် ဒါတွေကို နင်က ထာဝရ ဖုံးကွယ်ထားပြီး ငါ့ကို ရှာမတွေ့အောင် လုပ်ထားဖို့ ရည်ရွယ်ထားတာလား"

ဘေးတွင် မှီထားသော ဓားတောင်ဝှေးက အနည်းငယ် တုန်ခါသွားကာ ၎င်း၏အထက်တွင် ယဇ်ပူဇော်ခြင်း ကတ်ပြား အများအပြား လွင့်မျောနေခဲ့ပေသည်။

ကျူရှင်းထူ က ဘာပဲပြောပြော တစ်ဖက်လူက သူမကို ယုံကြည်မည်မဟုတ်ကြောင်း သိရှိထားသောကြောင့် အလျင်အမြန်ပင် ခေါင်းရမ်းလိုက်လေ၏။ သူမက ဗေဒင်ဆရာမ ကို ထုတ်ယူကာ ကောင်းကင်သို့ ချိန်ရွယ်လိုက်ပြီး မတတ်နိုင်စွာဖြင့် ပြောလိုက်လေသည်။

"ဒီတစ်ခုတည်းရဲ့ တည်နေရာပဲ ရှိတာပါ။ တကယ်ပါ... ငါသာ နင့်ကို လိမ်ပြောခဲ့ရင် ကံကြမ္မာ ဆိုတဲ့ စကားလုံးကို နောက်ဘယ်တော့မှ ထပ်မပြောတော့ဘူး၊ ဟုတ်ပြီလား။ အချိန်နဲ့ ပတ်သက်လို့ကတော့... အင်း... လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ရှာတွေ့ခဲ့တာပါ"

"..."

ဓားတောင်ဝှေးက တုန်ခါမှု ရပ်တန့်သွားလေ၏။ မွန်ရိုးဂျီနာ က ဖန်သီးလုံးကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။ အချိန်အတော်ကြာပြီးနောက်တွင်တော့ သူမက သက်ပြင်းချလိုက်လေ၏။

"ဒီတစ်ကြိမ်တည်းပဲနော်။ ဒါပေမဲ့ နင့်ကိုယ်ပေါ်က ကံဆိုးခြင်းတွေက ဘယ်ကနေ ရောက်လာတာလဲဆိုတာကိုလည်း နင် ငါ့ကို ပြောပြဖို့ လိုအပ်တယ်"

"...ငါ... သူခိုးလုပ်ရင်း ပစ္စည်းမှားခိုးမိသွားလို့ပါ..."

"ဪ... ဒီလိုကိုး။ ဒါဆို အဲဒီ အမိန့် ကတ်ပြား ကို နင် တကယ်ပဲ ခိုးယူခဲ့တာပေါ့၊ ပြီးတော့ အဲဒီ အမိန့် ကတ်ပြား ကို ခိုးယူခဲ့လို့ နင်က ကံဆိုးခြင်းတွေ ကူးစက်ခံလိုက်ရတာလား။ ဟားဟား ခံပေါ့"

"....."

သူမက ဘယ်လို ပြောပြရမည်နည်း။

ကျူရှင်းထူ က ရုတ်တရက် အမှန်တရားကို တိုက်ရိုက်ပြောပြချင်စိတ် ပေါ်လာခဲ့သော်လည်း သူမက မပြောရဲခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူမက ၎င်း၏ မူလပိုင်ရှင်ကို ဖော်ပြလိုက်တိုင်း ဤကံဆိုးခြင်းက ပုံမှန်ထက် ပိုမိုပြင်းထန်လာပုံရသောကြောင့်ပင်။

ဒါက ဘာဖြစ်တာလဲ။ ဒီ ကံဆိုးခြင်း ပါရမီက ၎င်း၏ မူလပိုင်ရှင်ကို လွမ်းဆွတ်နေတာများလား။

အခန်း ၁၆၀ - အဆင့်မတူညီသော စပါးကျီဆယ်ခုမြို့တော်

အချိန် ၁၂:၃၀:၀၀။

ဤအချိန်တွင် ကံကြမ္မာ လမ်းဆုံလမ်းခွ ပေါ်ထွက်လာလေ၏။

"ဟား"

ရဲချီယန်က နားထဲတွင် အသိပေးသံကို ကြားလိုက်ရပြီးနောက် ကုတင်ပေါ်မှ နိုးထလာခဲ့လေသည်။

သူက အိပ်ချင်မူးတူးဖြင့် မျက်နှာကို ပွတ်သပ်လိုက်ကာ အရှေ့ရှိ အလင်းမျက်နှာပြင်ကို အနည်းငယ် ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်လေ၏။

"၁၂:၃၀ လား၊ ငါ ဘယ်လိုလုပ် ဒီလောက်အကြာကြီး အိပ်ပျော်သွားတာလဲ"

ရထားပြတင်းပေါက်ကို ဖွင့်လိုက်ရာ အေးမြသော လေပြေလေးက ပါးပြင်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး သူ၏စိတ်ကို တဖြည်းဖြည်း ကြည်လင်သွားစေခဲ့ပေသည်။

သူက ပလက်ဖောင်းကို ချက်ချင်း မရွေးချယ်သေးဘဲ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှုကို စစ်ဆေးရန် ကိုယ်ပိုင် အချက်အလက် မျက်နှာပြင်ကို အကျင့်ပါနေသည့်အတိုင်း ဖွင့်ကြည့်လိုက်လေ၏။

"ကိုယ်ခံစွမ်းအား - ၁၇၀"

အင်း... ပြည့်နေပြီပဲ။

"စိတ်စွမ်းအား - ၁၆၀"

အင်း... ပြည့်နေတယ် ဟုတ်လား။

မဟုတ်သေးပါဘူး။ ရဲချီယန်က သတိထားမိသွားကာ မျက်လုံးများကို ပွတ်သပ်လိုက်လေ၏။

သူက စိတ်စွမ်းအား အရေအတွက်ကို ကြည့်ရင်း မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားလေသည်။

"၁၆၀ တဲ့လား။ အရင်က ၁၅၀ ပဲ ရှိတာ မဟုတ်ဘူးလား။ သူ့ဘာသာ ထပ်တိုးလာတာလား။ ဗိုက်စင်သီးက ထပ်ပြီး အစွမ်းပြနေတာများလား"

သူက နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်သော်လည်း သိပ်အများကြီး မတွေးတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းက ဆိုးရွားသောအရာ မဟုတ်သလို ဤသို့ဖြစ်ပျက်ခဲ့သည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်ပေ။ ထူးဆန်းမနေခဲ့ချေ။

"ဟား"

သူက ထပ်မံသမ်းဝေလိုက်ကာ ဝေါလီ ကမ်းပေးသော ရေနွေးတစ်ငုံကို သောက်လိုက်ပြီးနောက် သူ၏ အကြည့်များက ကံကြမ္မာ လမ်းဆုံလမ်းခွ ကို ပြသနေသော အလင်းမျက်နှာပြင်ပေါ်သို့ ကျရောက်သွားလေတော့၏။

"ဒီနေ့ ပလက်ဖောင်းတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင်"

"ကံကြမ္မာ လမ်းဆုံလမ်းခွ အသက်ဝင်လာပါပြီ"

"ကျေးဇူးပြု၍ အောက်ပါ ပလက်ဖောင်းများထဲမှ တစ်ခုကို ရွေးချယ်ပါ"

"ရွေးချယ်စရာ ၁ - ဂေါ်ဘလင် စုန်းမကြီး ယဇ်ပူဇော်ရာ မြို့တော် (အဆင့် ၇ အဆင့်တက် ပလက်ဖောင်း)"

"ရွေးချယ်စရာ ၂ - စပါးကျီဆယ်ခု မြို့တော် (အဆင့် ၇ အဆင့်တက် ပလက်ဖောင်း)"

"ဟင်၊ အဆင့်တက် ပလက်ဖောင်း တဲ့လား။ နေပါဦး... ရွေးချယ်စရာ ၂ က ဘာလို့ အရမ်းရင်းနှီးနေသလို ခံစားရတာလဲ"

အရှေ့ရှိ အမည်နှစ်ခုကို ကြည့်ရင်း ရဲချီယန်က မျက်မှောင်ကြုတ်လိုက်ကာ ကျောက်အန်း နှင့် ပြောထားသော ချက်ဘောက်စ် မှတ်တမ်းကို ဖွင့်လိုက်လေ၏။

"စပါးကျီဆယ်ခု မြို့တော် (အဆင့် ၄ ပူးပေါင်းဆောင်ရွက်ရေး တာဝန် ပလက်ဖောင်း အသုံးပြုရန် ကိုဩဒိနိတ်များ (၁၀/၁၀))"

မှန်ပေသည်၊ စပါးကျီဆယ်ခု မြို့တော် ပင် ဖြစ်လေ၏။ ဒါက ကျောက်အန်း သူ့ကို ဖိတ်ခေါ်ထားတဲ့ အဆင့် ၄ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း မဟုတ်ဘူးလား။

သူနဲ့ကျမှ ဘယ်လိုလုပ် အဆင့် ၇ ဖြစ်သွားတာလဲ။

ပြီးတော့... အဆင့်တက် ဆိုတာက ဘာအဓိပ္ပာယ်လဲ။

"နှစ်ခုစလုံးက အဆင့် ၇ တွေချည်းပဲ၊ အဆင့် ၈ ပလက်ဖောင်း တွေ ပေါ်မလာဘူး၊ အရင်တုန်းကနဲ့ လုံးဝ ကွာခြားသွားပြီ။ အဆင့် ၇ အထက် ပလက်ဖောင်းတွေမှာ မတူညီတဲ့ ကန့်သတ်ချက်တွေ ရှိနေလို့များလား"

"ဒါပေမဲ့ ဒီ စပါးကျီဆယ်ခု မြို့တော်က... ဘာလို့ အဆင့် ၇ ဖြစ်နေရတာလဲ။ ထောင်ချောက်တစ်ခုများ ဖြစ်နေမလား"

အကယ်၍ ထိုနေရာက တကယ်ပဲ အဆင့် ၄ ပလက်ဖောင်း သာ မဟုတ်ခဲ့ဘူးဆိုလျှင် ကျောက်အန်း ခေါ်သွားမည့် လူဆယ်ယောက်က...

"အဆင့် ၇... စကားစပ်မိလို့၊ ကျောက်လင် လည်း အဲဒီ ပလက်ဖောင်း ကို သွားရမှာပဲ"

ခေတ္တမျှ စဉ်းစားပြီးနောက် သူက ရွေးချယ်စရာ ၂ကို ရွေးလိုက်လေ၏။

နှစ်ခုစလုံးက အဆင့်တက် ပလက်ဖောင်းများဟု ခေါ်ဆိုသော အဆင့် ၇ ပလက်ဖောင်းများ ဖြစ်ကြပေသည်။

ဒီလိုမှတော့ ဤအရာကိုပဲ ရွေးချယ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ကျောက်လင်လည်း သွားမည်ဖြစ်လေ၏။

သူ၏ အကောင်းဆုံး ကုန်သွယ်ဖက်အနေဖြင့် ထိုကောင်မလေး၏ ကံကောင်းခြင်းက သူ့အတွက် ကောင်းမွန်သောအရာများကို အမြဲတမ်း ယူဆောင်လာပေးတတ်ပေသည်။

"ပလက်ဖောင်း ရွေးချယ်မှု ပြီးဆုံးပါပြီ"

"ကျေးဇူးပြု၍ ထိုင်ခုံတွင် သေချာစွာထိုင်ပြီး မြဲမြံစွာ ကိုင်တွယ်ထားပါ"

"ရှေ့တွင် ဆယ့်ကိုးခုမြောက် မှတ်တိုင်သို့ ဆိုက်ရောက်ပါတော့မည်"

"စပါးကျီဆယ်ခု မြို့တော်"

ဘူတာရုံ အတွင်းသို့ ဝင်ရောက်ရန် စောင့်ဆိုင်းရသော နာရီဝက် အချိန်က လျင်မြန်စွာ ကုန်လွန်သွားလေ၏။

ရဲချီယန် ကလည်း အားလပ်မနေခဲ့ချေ။ သူငယ်ချင်းစာရင်းကို ဖွင့်ကာ ကျောက်လင်ထံသို့ မက်ဆေ့ချ် တစ်စောင် ပို့လိုက်လေသည်။

"မင်း ပလက်ဖောင်း ရွေးပြီးပြီလား"

ကျောပိုးအိတ်ကို စီစဉ်နေသော ကျောက်လင် က ဖုန်းမှ အသိပေးသံကို ကြားလိုက်ရသဖြင့် တစ်ချက် ကြည့်လိုက်လေ၏။

ရဲချီယန်က စကားလာပြောနေသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် အကြောင်းပြန်လိုက်လေသည်။

"ရွေးပြီးပါပြီ။ ဘာဖြစ်လို့လဲ အစ်ကိုချီယန်၊ ပလက်ဖောင်းက ပြဿနာ တစ်ခုခုရှိနေလို့လား"

ပစ္စည်းတစ်ခုခု ဝယ်ရန် သို့မဟုတ် ပြဿနာတစ်ခုခု ဖြစ်ပွားမှသာလျှင် ရဲချီယန်က သူမထံသို့ တကူးတက ဆက်သွယ်လေ့ ရှိပေသည်။

"ဘာမှမဖြစ်ပါဘူး။ နောက်မှတ်တိုင်မှာ ဂရုစိုက်ဖို့ပဲ ပြောမလို့ပါ"

"ဟုတ်၊ ဟုတ်ကဲ့ပါ အစ်ကိုချီယန်။ ဟီးဟီး ထူးဆန်းလိုက်တာ၊ အစ်ကိုချီယန် ကလည်း ဒီလိုစကားမျိုး ပြောတတ်တာပဲ။ ဒါနဲ့ နောက်မှတ်တိုင်မှာ ပြဿနာ တစ်ခုခု ရှိနေလို့လား"

သူမက တကယ်ကို တုံးအသူ မဟုတ်ချေ။

ရဲချီယန် အပေါ် သူမ၏ နားလည်သဘောပေါက်မှုနှင့် သူပြောခဲ့သော စကားများအရ ကျောက်လင်က တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ထက်မြက်စွာ ခံစားမိလိုက်ပေသည်။

"သေချာတော့ မသိဘူး၊ ဘူတာရုံ ကို ရောက်ရင် သိရမှာပေါ့။ ဒါပေမဲ့ အရမ်းကြီး စိုးရိမ်မနေပါနဲ့၊ ပြီးခဲ့တဲ့ မှတ်တိုင်မှာ မင်း သိပ်ကံမကောင်းခဲ့ဘူးဆိုတော့ ဒီမှတ်တိုင်မှာ မင်းရဲ့ ကံတရားက ကောင်းလောက်မှာပါ"

"ဟီးဟီး... ဒါလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ အစ်ကိုချီယန်သာ ကျွန်မကို လာကူညီနိုင်ရင် ကျွန်မ ကံဆိုးနေရင်တောင် ကိစ္စမရှိပါဘူး"

"ငါ လာကူညီပေးလို့ရတယ်၊ ဒါပေမဲ့ ပိုက်ဆံတော့ ပေးရမယ်နော်"

စကားဝိုင်းက ဤအထိ ရောက်ရှိသွားသောအခါ ရဲချီယန်က သူမကို ဆက်လက်၍ သတိမပေးတော့ချေ။

သူဝင်ရောက်ရမည့် စပါးကျီဆယ်ခု မြို့တော်က ကျောက်လင် ဝင်ရောက်မည့် နေရာနှင့် အတူတူ ဟုတ်ချင်မှ ဟုတ်မည် ဖြစ်လေ၏။

ဤကမ္ဘာကြီးက အဆုံးအစမရှိပေ။

အဆုံးအစမရှိသော ကမ္ဘာကြီးတွင် အဆုံးအစမရှိသော ဖြစ်နိုင်ခြေများ ရှိနေပေသည်။

အမည်တူညီသော ဘူတာရုံကမ္ဘာ များကလည်း သေချာပေါက် ရှိနေနိုင်ပေသည်။

"စကားမစပ်... မင်း အဲဒီကို ရောက်ရင် ငါ့ကို ဓာတ်ပုံတစ်ပုံ ပို့ပေးဖို့ မမေ့နဲ့နော်"

"ဪ... ဟုတ်"

ကျောက်လင် ၏ စိတ်နှလုံးထဲတွင် နိုးကြားမှုများ ဖြစ်ပေါ်လာလေ၏။

သူမ ဝင်ရောက်ရတော့မည့် ဘူတာရုံတွင် ပြဿနာတစ်ခုခု ရှိနေကြောင်းကို သူမ ပို၍ပို၍ ခံစားလာရပေသည်။

နာရီဝက်အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားလေ၏။

ရထားက အရှိန်တင်ကာ လေဟာနယ်ကို ဖြတ်သန်းသွားလေသည်။

ရထားပြတင်းပေါက်အပြင်ဘက်တွင် တောက်ပနေသော ကောင်းကင်ယံက ညအချိန်သို့ ပြောင်းလဲသွားလေ၏။

မြင့်မားစွာ သာယာနေသော လမင်းကြီးက ဤမြေပြင်ကို လင်းထိန်စေခဲ့ပေသည်။

ဤနေရာက ဘူတာရုံ တစ်ခု ဖြစ်လေ၏။

ဘူတာရုံက ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။

ရထားသံလမ်း တစ်ခုတည်းသာ ရှိပြီး သူ၏ ရထားတစ်စင်းတည်းသာ ရှိနေခဲ့ပေသည်။

"လက်ရှိ ပလက်ဖောင်း - စပါးကျီဆယ်ခု မြို့တော်"

"ဆိုက်ကပ်မည့် ရေတွက်ချိန် - ၁၆:၅၉:၅၉"

"ကံကောင်းပါစေ"

"ယခု ဘူတာရုံ - အနည်းငယ် အန္တရာယ်များသည်"

"အစ်ကိုချီယန်... ဒီမှာ ဓာတ်ပုံပါ"

ပလက်ဖောင်း အတွင်းသို့ ဝင်ရောက်ပြီးနောက် ကျောက်လင် က ဓာတ်ပုံတစ်ပုံ အလျင်အမြန် ပို့ပေးလာလေ၏။

သူမ၏ဘက်တွင်လည်း ဘူတာရုံ တစ်ခု ဖြစ်လေသည်။

ကောင်းကင်ယံတွင်လည်း တောက်ပသော လမင်းကြီးတစ်စင်း သာယာနေခဲ့ပေ၏။

ကွာခြားချက်မှာ ထို ပလက်ဖောင်းတွင် ရထားဆယ်စင်း ရှိနေပြီး ၎င်းတို့၏ဘေးတွင် အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသားများနှင့် အမျိုးသမီးအချို့က ရောက်ရှိလာသော ရထားမောင်းနှင်သူ များကို စိတ်အားထက်သန်စွာ ကြိုဆိုနေကြခြင်းပင် ဖြစ်လေသည်။

"ဒီဘူတာရုံရဲ့ ပုံပန်းသဏ္ဌာန်က... လုံးဝကို တစ်ထပ်တည်းကျနေတာလား"

ရထားသံလမ်း အရေအတွက်နှင့် အရွယ်အစားမှလွဲ၍ ကျောက်လင် ပို့ပေးလာသော ဓာတ်ပုံထဲရှိ အရာအားလုံးက သူ၏ လက်ရှိ ပတ်ဝန်းကျင်နှင့် အလွန်အမင်း ဆင်တူနေခဲ့ပေသည်။

"ကမ္ဘာတစ်ခုတည်းပဲလား"

ခေတ္တမျှ စဉ်းစားပြီးနောက် သူက ကျောက်လင် ထံသို့ အကြောင်းပြန်လိုက်လေ၏။

"ဂရုစိုက်ပါ"

ဤမှတ်တိုင်က တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားရပေသည်။

သို့သော် မှားယွင်းသည်ဖြစ်စေ၊ မမှားယွင်းသည်ဖြစ်စေ လုပ်စရာရှိတာကိုတော့ ဆက်လုပ်ရမည်သာ ဖြစ်လေ၏။

"ဝေါလီ... မင်းလည်း သတိထားဦးနော်"

ဝေါလီ က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး တာဝန်ပြီးမြောက်မည်ဟု အာမခံသော အမူအရာကို ၎င်း၏ စက်ယန္တရားလက်တံဖြင့် ပြသကာ ပလက်ဖောင်း အတွင်းသို့ ဝင်ရောက်ပြီး ရတနာရှာဖွေခြင်းကို စတင်လိုက်လေသည်။

ထို့အပြင် သဲပုံစံငယ် ပေါ်ရှိ ကိုဩဒိနိတ်များကလည်း အသစ်ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်လေ၏။

ဝေါလီ ထွက်သွားပြီး များမကြာမီမှာပင် ရဲချီယန်က သူ၏ ကျောပိုးအိတ်ကို စီစဉ်ကာ ဘူတာရုံ အတွင်းသို့ ဝင်ရောက်စူးစမ်းရန် ပြင်ဆင်လိုက်လေသည်။

အပြင်ဘက်မှ ကမန်းကတန်း လျှောက်လာသော ခြေသံတစ်သံ ထွက်ပေါ်လာလေ၏။

အသံလာရာဘက်သို့ သူ လှမ်းကြည့်လိုက်သည်။

စုတ်ပြဲနေသော အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ထားကာ ဖိုသီဖတ်သီဖြစ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့ထံသို့ ပြေးလာနေသည်ကို မြင်တွေ့လိုက်ရလေ၏။

သူက မောကြီးပန်းကြီးဖြစ်နေကာ မှန်တစ်ဖက်ကွဲနေသော မျက်မှန်ကို တပ်ဆင်ထားပြီး ရထားကို ကြည့်ရင်း သူ၏ မျက်လုံးများက တောက်ပနေခဲ့ပေသည်။

"ရ... ရထား၊ တကယ်ကြီး အလုပ်ဖြစ်တာပဲ၊ ဒီမှော်ဝင် ဒင်္ဂါးပြားတွေနဲ့ ရထားကို ဆင့်ခေါ်လို့ တကယ်ရတာပဲ။ အထဲမှာ... အထဲမှာ ရထားမောင်းနှင်သူ ရှိနေလား။ ရထားမောင်းနှင်သူ... ခင်ဗျား ရှိလား"

သူက ဒီမှတ်တိုင်မှာ ရထားကို ဆင့်ခေါ်ခဲ့တဲ့ ဒေသခံလူသားလား။

ဒါဆိုရင် ဒီစွန့်စားခန်းက ဒီနေရာကနေ စတင်တော့မှာပေါ့။

နိုးကြားသော ကင်းစောင့်က ၎င်း၏ အလုပ်ကို စတင်လိုက်လေ၏။ အနီးအနားတွင် မည်သည့်အန္တရာယ်မှ မရှိသလို ရန်သူများလည်း မရှိခဲ့ချေ။

သိမ်းငှက်က ရထားထဲမှ ပျံထွက်သွားကာ ကောင်းကင်ယံတွင် ဝဲပျံနေလေသည်။

သူက တံခါးဖွင့်ခလုတ်ကို နှိပ်လိုက်လေ၏။

ရဲချီယန်က ရထားထဲမှ ထွက်လာခဲ့လေသည်။

ဖိုသီဖတ်သီဖြစ်နေသော အမျိုးသား၏ မျက်နှာက သူ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားလေ၏။

သူက ခါးကို ကိုင်းကာ ရှေ့သို့ ခပ်သုတ်သုတ် ပြေးလာပြီး မေးလိုက်လေသည်။

"တစ်ဆိတ်လောက်ပါ... ခင်ဗျားက ကျွန်တော် ဆင့်ခေါ်လိုက်တဲ့ ရထားမောင်းနှင်သူလား"

All Chapters