စစ်ပွဲဆီသို့
Vol. 24 Ch. 322
အခု အရှေ့ကိုထွက်ခဲ့ကြ...
ထိုစကားလုံးများသည် ပဲ့တင်ထပ်သံများစွာ ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်သော လူများ တစ်ချိန်တည်းအော်ဟစ်နေသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ဧရိယာတစ်ခုလုံး ပျံ့နှံ့သွားပြီး လူတို့၏ နားထဲသို့ ထိုစကားများဝင်ရောက်လာသောအခါ စိတ်ထိန်းချူပ်မှုပုံစံတစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး လူတို့၏ နှလုံးသားများအတွင်း၌ အဆုံးမရှိသောတိုက်ပွဲစိတ်ဆန္ဒများကို လှုံ့ဆော်ပေးခဲ့သည်။
အသက်တစ်ကြိမ်ရှူစာအချိန်အတွင်းမှာပင် မြေပြင်ပေါ်ရှိ တောင်ထွတ်များမှလူများသည် အေးခဲကောင်းကင်ဆီသို့ ဦးတည်ထွက်လာကြသည်။ သူတို့ ၎င်းအပေါ် ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုဧရာမအနက်ရောင်ဓားကြီးပေါ်တွင် အဖြူရောင်အစက်အပြောက်ငယ်များအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။
အဖြူရောင်အစက်သည် သူတို့၏အသက်ဓာတ်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ၎င်းတို့၏နေရာအနေအထားက ပြောင်းလဲသွားတော့မည်မဟုတ်ပေ။ ၎င်းအစက်ပျောက်သွားပါက ထိုသူ သေဆုံးသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
မကြာမီမှာပင် အေးခဲကောင်းကင်ဆီသို့ ပိုမိုများပြားသောလူများ ပျံသန်းသွားကြပြီး ဓားရှည်ကြီးပေါ်သို့ ပိုမိုများပြားသောလူများ ဆင်းသက်လာသည်နှင့်အမျှ အဖြူရောင်အစက်များလည်း တိုးလာခဲ့သည်။
သတ်မှတ်ထားသောနေ့ထက် ရက်နှစ်ဆယ်စောသွားခြင်းသည် အေးခဲကောင်းကင်ကလန်အတွင်း အလွန့်အလွန်များပြားသော တိုက်ပွဲစိတ်ဆန္ဒများကို ထွက်ပေါ်လာစေသည်။
“ကောင်းကင်မြူခိုးရဲ့ တိုက်ပွဲ၊ ရှာမန်အမဲလိုက်ပွဲ။ ဒါက မာန်စွမ်းအားရှင်တွေ အားလုံးအတွက် ဂုဏ်သိက္ခာပဲ။ ဒါက ငါတို့ဘဝတွေထဲမှာ အရေးကြီးဆုံးတိုက်ပွဲပဲ။ ဒီတိုက်ပွဲထဲမှာ ငါတို့သေရင်သေမယ်။ ဒါပေမယ့် သေသွားရင်တောင် ငါတို့က မာန်စွမ်းအားရှင်မျိုးနွယ်စုအတွက် သေဆုံးရတာပဲ”
“ငါတို့ မသေတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ငါတို့မသေခဲ့ရင်၊ ဂုဏ်သရေရှိစွာ ဆက်လက်နေထိုင်နိုင်မယ်” ဓားထိပ်ဖျားတွင်ရပ်နေသော အဘိုးအိုက အော်ဟစ်လိုက်ရာ သူ့အသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ သူ့အသံအတွင်းရှိ ထူးဆန်းသောစွမ်းအားက ကြားလိုက်ရသူတိုင်း၏ စိတ်ကို နှိုးဆွပေးခဲ့သည်။
အေးခဲကောင်းကင်ဆီသို့ ပိုမိုများပြားသောလူများ ဦးတည်လာကြပြန်သည်။ ကောင်းကင်ဘုံတံခါးဝ၏ ဘုံများမှ လာသူအချို့လည်းရှိပြီး ဧရာမဓားရှည်ကြီးပေါ်သို့ ခြေချလိုက်သော ကောင်းကင်ဘုံတံခါးဝမှ တပည့်အရေအတွက်သည်လည်း သေးငယ်နည်းပါးသည် မဟုတ်ပေ။
“ရှာမန်မျိုးနွယ်စုက သတ်မှတ်ရက်မတိုင်မီ ချီတက်လာလိမ့်မယ်ဆိုတာ ငါတို့သိထားပြီးသား။ ကောင်းကင်မြူခိုးက ပို့လွှတ်တဲ့ ကြယ်ပျံဆယ်လုံးကိုလည်း ငါတို့မြင်ခဲ့ပြီးပြီ။ မင်းတို့မြင်ခဲ့တာက မကောင်းတဲ့နိမိတ်မဟုတ်ဘူး။ ငါ့အတွက်တော့ ဒါက စစ်ပွဲစဖို့ လက္ခဏာပဲ။ ငါမင်းတို့ကို ပြောပြမယ်။ ငါဒါကို နှစ်ပေါင်း၁၀၀တောင်... စောင့်နေခဲ့တာကွ” အဘိုးအိုက ဟစ်ကြွေးလိုက်ပြန်ရာ သူ့အသံက လေထဲသို့ပြင်းထန်စွာပျံ့လွင့်လာခဲ့သည်။
ပိုမိုများပြားသော လူများသည် အေးခဲကောင်းကင်ဆီ ဦးတည်လိုက်ကြပြီး သူတို့၏ အသက်ဓာတ်ကို အမှတ်အသားပြုလျက် ဓားပေါ်တွင်ရပ်နေကြသည်။
“အေးခဲကောင်းကင်ကလန်ကို တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၀၀၀၀သက်တမ်း မရှိသေးဘူး။ ဒါပေမယ့် ဒီနှစ်ထောင်ပေါင်းများစွာအတွင်း အေးခဲကောင်းကင်ကလန်က ရှာမန်ဘယ်လောက်သတ်ခဲ့လဲ မင်းတို့သိကြလား။ ငါမင်းတို့ကိုပြောပြမယ်။ ငါတို့က မရေမတွက်နိုင်တဲ့ ရှာမန်တွေကိုသတ်ခဲ့ပြီးပြီကွ”
“အေးခဲကောင်းကင်ကလန်က အားနည်းတဲ့ကလန်လေးတစ်ခုအဖြစ်ကနေ အခုလက်ရှိအခြေအနေကို ရောက်လာခဲ့တယ်။ ငါတို့က စွမ်းအားပြဖို့ ရှာမန်တွေကို သတ်တယ်။ အခုတော့ ငါတို့က တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ မဟာကလန်ကြီးနှစ်ခုထဲက တစ်ခုဖြစ်လာခဲ့ပြီ”
“ဒါက ဘာကြောင့် ငါတို့အမြဲတမ်းနိုင်နေရလဲဆိုတာပဲ”
အဘိုးအို၏ အသံသည် လေထဲသို့ တစ်ကြိမ်ပြီးတစ်ကြိမ်ပျံ့လွင့်လာပြီး အလွန်များပြားသော လူများက ဓားရှည်ကြီးဆီ ဦးတည်ထွက်ခွာကြသည်။ ထိုအခိုက်အတန့်တွင် အေးခဲကောင်းကင်ပေါ်၌ ထောင်ပေါင်းများစွာသော အေးခဲကောင်းကင်ကလန်တပည့်များ ရပ်နေကြချေပြီ။
“အေးခဲကောင်းကင်ထဲမှာ မာန်စွမ်းအားရှင် ၁၀၀၀၀၀ရှိတယ်။ အခုတော့ အေးခဲကောင်းကင်ထဲက မာန်စွမ်းအားရှင်တွေက... ကောင်းကင်မြူခိုးမှာ ရှိနေကြတော့မယ်” အဘိုးအိုသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ရာ ထိုဟစ်ကြွေးသံက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
စုမင်သည် နဝမတောင်ထွတ်ပေါ်တွင် ရပ်နေခဲ့ခြင်းဖြစ်သည်။ သူ့ပတ်ဝန်းကျင်ရှိ အခြားသူများမသိထားသော အချို့အရာများကို သူသိနေခဲ့သည်ဆိုလျှင်တောင် အဘိုးအို၏ စကားလုံးများသည် သူ့နှလုံးသားအတွင်း အဆုံးမရှိသော တိုက်ပွဲစိတ်ဆန္ဒများပေါ်ထွက်လာစေရန် လှုံ့ဆော်ပေးနေဆဲ ဖြစ်သည်။ သို့သော် မကြာမီမှာပင် စုမင်မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူ၏ အာရုံခံစားမှုများကို ပြန်လည်ရရှိလာခဲ့သည်။
“မယုံနိုင်လောက်အောင်ကို ဆွဲဆောင်နိုင်တဲ့ အပြောစွမ်းရည်တွေ...” စုမင် တီးတိုးရေရွတ်လိုက်သည်။ အကယ်၍ သူ့တွင်သာ နတ်ဘုရားစိတ်အာရုံအား မပိုင်ဆိုင်ထားခဲ့လျှင် သွေးဆောင်ဖြားယောင်းခြင်းမှ လွတ်မြောက်ပြီး အာရုံခံစားမှုများ ပြန်လည်ရရှိနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
စုမင် သက်ပြင်းချလိုက်ပြီး ကျီချဲအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျီချဲ၏ တိုက်ပွဲစိတ်ဝိညာဉ်များသည် ပြင်းထန်စွာတောက်လောင်နေပြီဖြစ်ကာ သူ့ပုံစံအရ ရှေ့သို့ချက်ချင်းပြေးထွက်သွားရန် စုမင်ထံမှ စကားတစ်ခွန်းသာ လိုအပ်တော့ပုံ ပေါ်နေသည်။
“ကျီချဲ၊ မင်းစစ်ပွဲမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့မှတော့ ငါမင်းကို လွတ်လပ်ခွင့်ပြန်ပေးမယ်။ စစ်ပွဲထဲကျရင် မင်းငါ့ဘေးမှာပဲ နေနေစရာ မလိုတော့ဘူး...” စုမင် ပြောလိုက်သည်။
ကျီချဲသည် အံ့အားသင့်မင်သက်သွားပြီး တစ်စုံတစ်ရာ ပြောလိုဟန်ဖြင့် စုမင်အား လှည့်ကြည့်လာခဲ့သည်။
“ငါ ဒီကိစ္စနဲ့ပက်သက်လို့ ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ငါ့နောက်ကိုလိုက်ရင်၊ မင်းအတွက် ပိုအန္တရာယ်များလိမ့်မယ်။ စစ်ပွဲထဲမှာ မင်းရဲ့လုပ်ရပ်တွေကို မထိန်းချူပ်နိုင်ရင် မင်းအရမ်း အလွယ်တကူ သေသွားလိမ့်မယ်... မင်းအခု လွတ်လပ်သွားပြီ” စုမင် တည်ငြိမ်စွာပြောလိုက်သည်။
“နားလည်ပါပြီ” ကျီချဲ ခဏတာ ငြိမ်သက်နေမိပြီးမှ စုမင်အား လေးလေးစားစား ဦးညွှတ်လိုက်သည်။
စုမင် နဝမတောင်ထွတ်ကို နောက်ဆုံးအကြိမ်အဖြစ် ပြန်လှည့်ကြည့်လိုက်ပြီးနောက် လှည့်ထွက်လိုက်သည်။ သူအေးခဲကောင်းကင်ဆီသို့ လျှောက်သွားတော့မည့်အချိန်မှာပင် စုမင်နောက်၌ အနက်ရောင်မြူခိုးအစုအဝေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင်မြူခိုးများသည် အလွန်ရုတ်တရက်ဆန်စွာ ပေါ်လာခဲ့ခြင်းဖြစ်ပြီး စုမင် မတုန့်ပြန်နိုင်ခင်မှာပင် ၎င်းသည် စုမင်လက်ကောက်ဝတ်အား ရစ်ပတ်သွားပြီး အနက်ရောင်လက်ကောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် အကြီးဆုံးအစ်ကိုကြီး၏ အသံက စုမင်စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့၏။
“အငယ်ဆုံးလေး... လူရိုင်းတွေရဲ့နယ်မြေဆီသွားမယ့် မင်းရဲ့ခရီးစဉ်က အန္တရာယ်များလိမ့်မယ်။ ငါမင်းကို ငါ့အစေခံတစ်ယောက် ပေးလိုက်မယ်... သူမရဲ့နာမည်က ဖာ့ကျန်းတဲ့”
စုမင် သူ့လက်ကောက်ဝတ်ရှိ အနက်ရောင်လက်ကောက်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နဝမတောင်ထွတ်အောက်ရှိ ရေခဲလွှာများဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုအရပ်မျက်နှာသို့ လက်သီးလက်ဝါးထပ်ကာ ဦးညွှတ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အလင်းတန်းရှည်တစ်ခုအသွင်ပြောင်း၍ ကောင်းကင်သို့ဦးတည်လိုက်တော့သည်။
ကျီချဲသည် သူ့နောက်မှလိုက်ပါလာခဲ့ပြီး သူတို့နှစ်ဦးသည် အေးခဲကောင်းကင်ကလန်ရှိ အခြားလူများကြောင့် ဖြစ်ပေါ်လာသော အလင်းတန်းရှည်များနှင့် ရောနှောသွားကြသည်။ ထိူ့နောက် အခြားလူများနှင့်အတူ ဧရာမဓားရှည်ကြီးအပေါ် ခြေချခဲ့ကြသည်။
ဓားရှည်ပေါ်သို့ စုမင်ခြေချလိုက်သည့် အခိုက်အတန့်မှာပင် စွမ်းအားလှိုင်းတစ်ခုသည် သူ့ခြေထောက်မှတစ်ဆင့် တိုးဝင်လာကာ သူ့ကိုယ်ထဲသို့ ရုတ်တရက်ပေါင်းစပ်သွားပြီးနောက် ထိုအရာသည် ဓားရှည်ဆီသို့ အလျင်အမြန်ပြန်လည်ဝင်ရောက်သွားသည်ကို စုမင်ချက်ချင်းခံစားလိုက်မိသည်။ ဓားရှည်ပေါ်ရှိ သူ့အသက်ဓာတ်ကိုကိုယ်စားပြုသော အမှတ်အသားကို သူမမြင်နိုင်သော်ငြား ၎င်း၏တည်ရှိမှုကို သူရှင်းရှင်းလင်းလင်း ခံစားလိုက်ရချေသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ အေးခဲကောင်းကင်ကလန်မှ ပိုမိုများပြားသောလူများသည် ရှေ့ထွက်လာကြပြီး အေးခဲကောင်းကင်ပေါ် ခြေချခဲ့ကြသည်။ ဓားရှည်ကြီး၏ ဧရာမဓားသွားထက်တွင် မာန်စွမ်းအားရှင် ၁၀၀၀၀ခန့် စုဝေးပြီးသွားသောအခါ ဓားရှည်ကြီးသည် ရုတ်တရက်တုန်ခါသွားပြီး ကောင်းကင်သို့ ဖြည်းဖြည်းချင်းမြင့်တက်သွားသည်။
“ငါတို့ရဲ့ စစ်သည်တော်တွေကို လိုက်ပါပို့ဆောင်ပေးလိုက်”
ကောင်းကင်ဘုံတံခါးဝအတွင်းမှ အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာပြီး မကြာမီမှာပင် ကောင်းကင်ဘုံတံခါးဝမှ လူများစွာ ပျံသန်းထွက်ပေါ်လာသည်။ မြေပြင်ပေါ်ရှိ တောင်ထွတ်ကိုးခုမှလည်း လူပေါင်းများစွာသည် ပျံသန်းထွက်လာသူက ထွက်လာ၊ တောင်ထိပ်များတွင် ရပ်သူကရပ်လျက် ဧရာမဓားရှည်ကြီးနှင့် ၎င်းအပေါ်တွင် စုဝေးနေသည့် လူ၁၀၀၀၀ခန့်အား ကြည့်ရှူနေကြသည်။
ထိုလူများသည် အတူတကွသိပ်သည်းစွာရပ်နေကြပြီး ၎င်းတို့၏အရေအတွက်ကလည်း သိန်းပေါင်းများစွာရှိနေသည်။
“ကျွနုပ်တို့ရဲ့ ပထမဆုံးဦးညွှတ်မှုနဲ့အတူ ကျွနုပ်တို့၏ မာန်နတ်ဘုရားများရဲ့ စိတ်ဝိညာဉ်များသည် အေးခဲကောင်းကင်မှ ကျွနု်ပ်တို့လူများကို ကာကွယ်စောင့်ရှောက်၍ ကျွန်ုပ်တို့ထံ အောင်ပွဲယူဆောင်လာပေးဖို့ ဆုတောင်းပါတယ်” အိုမင်းသောအသံ လေထဲသို့ ပဲ့တင်ထပ်လာသည်နှင့်တစ်ပြိုင်နက် လူအားလုံးသည် လက်သီးလက်ဝါးထပ်လျက် ကောင်းကင်ရှိ ဓားရှည်ကြီးထံ ဦးညွှတ်လိုက်ကြသည်။
၎င်းတို့ ဦးညွှတ်ပြီးသည်နှင့် ဓားရှည်ပေါ်မှ လူပေါင်း ၁၀၀၀၀သည် ချက်ချင်းမိန်းမောတွေဝေသွားကြသည်။ သူတို့သည် မြေပြင်ထက်ရှိ ထိုနေရာများတွင် စုဝေးနေကြသော ရင်းနှီးကျွမ်းဝင်သည့် မျက်နှာများစွာနှင့် သူတို့၏ ကလန်များအား ငေးကြည့်လျက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။
“သူတို့ကို စစ်ပွဲဆီပို့ဆောင်ဖို့ ငါတို့နောက်တစ်ကြိမ် ထပ်ဦးညွတ်ကြမယ်။ သူတို့တွေ လုံလုံခြုံခြုံပြန်ရောက်လာအောင် စောင့်ရှောက်ပေးဖို့
အေးခဲကောင်းကင်ကလန်ထဲက ငါတို့ဘိုးဘေးတွေဆီ ဆုတောင်းပါတယ်”
စုမင်သည် ဓားသွားအစွန်တွင် ကျီချဲနှင့်အတူ ရပ်နေခဲ့ခြင်းဖြစ်ပြီး ကျီချဲမှအပ အခြားမည်သူ့ကိုမှ သူ မသိပါချေ။ သူမြေပြင်ပေါ်ရှိ နဝမတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်ရာ တောင်ထိပ်မှ သူ့ဆရာ၏ ဝိုးတဝါးအရိပ်ကိုလည်းကောင်း၊ တောင်စောင်းတွင် ဝိုင်သောက်လျက် သူ့အားလက်ဝှေ့ယမ်းပြနေသည့် ဟူကျီကိုသော်လည်းကောင်း၊ တောက်ပသည့်နေရောင်အောက်တွင်ရပ်လျက် သူ့အား ညင်သာစွာပြုံးပြနေသည့် အစ်ကိုနှစ်ကိုလည်းကောင်း တွေ့လိုက်ရသည်။
သတ္တမတောင်ထွတ်ပေါ်တွင်ရပ်လျက် သူ့အားငေးကြည့်နေသည့် ဖန်းချန်းလန်ကိုလည်း တွေ့ရသည်။
ထို့အပြင် တတိယတောင်ထွတ်ပေါ်တွင်ရပ်နေသော အေးစက်ခြင်းအရှိန်အဝါများ ထွက်ပေါ်နေသည့် ဟန်ဖေးကျစ်ကိုလည်း သူမြင်လိုက်ရသည်။ သူမသည်လည်း သူ့အား ငေးစိုက်ကြည့်နေခဲ့သည်။
ထို့အပြင် အကြည့်တစ်ခုသည် စုမင်၏အာရုံကို ဆွဲဆောင်ဖမ်းစားသွားသည်။ ကောင်းကင်ဘုံတံခါးဝရှိ ဘုံများထဲမှ တစ်ခုဆီသို့ စုမင်မော့ကြည့်လိုက်သောအခါ သူ့အားငေးကြည့်နေသည့် အဖြူရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ဦးကို သူတွေ့လိုက်ရ၏။
“ဒါက ကျွနုပ်တို့ရဲ့ နောက်ဆုံးဦးညွှတ်ခြင်းပဲ။ အေးခဲကောင်းကင်ရဲ့ စစ်သည်တော်အပေါင်းတို့ ဒီတိုက်ပွဲထဲမှာ ရှာမန်တွေကို သတ်ဖြတ်ကြ” ထိုအိုမင်းသောအသံ၏ ဟစ်ကြွေးသံသည် လေထဲသို့ ပဲ့တင်ထပ်ပျံ့လွင့်လာပြီး ဓားရှည်ပေါ်ရှိ လူများအားလုံးနီးပါးက ပြန်လည်ဟစ်ကြွေးလိုက်ကြသည်။
“ရှာမန်တွေကို သတ်”
“ရှာမန်တွေကို သတ်”
စုမင်သည် ထိုအသံများအား နားထောင်ရင်း ငြိမ်သက်စွာရပ်လျက် မျက်လုံးများကိုမှိတ်ချလိုက်သည်။
သူမျက်လုံးမှိတ်လိုက်သည့် အခိုက်အတန့်မှာပင် သူ့ခြေထောက်အောက်ရှိ အေးခဲကောင်းကင်ဟုခေါ်သော ဓားရှည်ကြီးသည် နောက်တစ်ကြိမ်တုန်ခါသွားပြီး ၎င်း၏ ထိပ်ဖျားက ဖြည်းညင်းစွာလမ်းကြောင်းပြောင်းသွားခဲ့သည်။ အေးခဲကောင်းကင်ကလန်အတွင်း ကျန်ရစ်နေခဲ့သူများသည် ဓားရှည်ပေါ်ရှိလူများနှင့်အတူ ဟစ်ကြွေးနေစဉ်မှာပင် ဓားရှည်ကြီးသည် ကောင်းကင်မြူခိုးမြို့တော်ရှိရာ အရပ်သို့ အလျင်အမြန် ဦးတည်ထွက်ခွာလိုက်သည်။
၎င်းဦးတည်ထွက်ခွာသည်နှင့် တစ်ပြိုင်နက် ဓားအား အလင်းမျက်နှာပြင်တစ်ခု ဝန်းရံသွားပြီး ဘဲဥပုံအလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စူးရှသည့် ကျယ်လောင်သံတစ်ချက်နှင့်အတူ ဓားရှည်သည် အဝေးသို့ ဦးတည်ရောက်ရှိသွားတော့သည်။
၎င်းသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ဖြတ်သန်းသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အေးခဲကောင်းကင်ကလန်ကို မမြင်ရတော့ချေ။ တစ်ခဏအတွင်းမှာပင် သူတို့အောက်ရှိမြေပြင်သည်လည်း ငွေဖြူရောင်ဆီးနှင်းလွှာ မဟုတ်တော့ပဲ အစိမ်းရောင်များ ဖုံးလွှမ်းနေခဲ့ချေပြီ။
စုမင်မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူ့ရေခဲကွင်းများထဲမှ တစ်ဝက်ကိုချွတ်လိုက်သည့်အခါ ဓားရှည်၏ အမြန်နှုန်းသည် သူ့ပြိုင်ဘက်ဖြစ်နိုင်လောက်သည်ကို စုမင် ရှင်းရှင်းလင်းလင်း ခံစားလိုက်မိသည်။ ထို့အပြင် သူ့ရေခဲကွင်းများအားလုံးကိုသာ ချွတ်လိုက်မည်ဆိုလျှင် အကွာအဝေးတစ်ခုအထိ ဓားရှည်၏အမြန်နှုန်းထက် ကျော်လွန်နိုင်လိမ့်မည်ဟု စုမင်ယုံကြည်မှုရှိ၏။ အကယ်၍ အနည်းငယ်ပိုဝေးသော ခရီးကိုသာ ဆက်သွားမည်ဆိုလျှင်တော့ သူ့ခန္ဓာကိုယ်သည် ၎င်းအမြန်နှုန်းကို မခံနိုင်ပဲ ချက်ချင်းပြိုကွဲသွားလိမ့်မည်ဖြစ်ပြီး ဓားရှည်အား ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
ဤအရာသည် အေးခဲကောင်းကင်ကလန်၏ အကြီးမြတ်ဆုံးရတနာကြီးသုံးခုထဲမှ တစ်ခုဖြစ်သောကြောင့် ၎င်း၏အမြန်နှုန်းဖြင့် ဆိုလျှင် ၎င်းသည် ကောင်းကင်မြူခိုးမြို့တော်သို့ ရက်အနည်းငယ်အတွင်း ရောက်ရှိနိုင်ပေလိမ့်မည်။
“မင်းတို့ ကြောက်နေပြီလား” သူတို့ အေးခဲကောင်းကင်ကလန်မှ ထွက်ခွာလာပြီး ပေ၁၀၀၀၀ခန့်ဓားရှည်ကြီး ရှေ့သို့ဆက်လက်ဦးတည်နေစဉ် ဓားထိပ်ဖျားတွင်ရပ်နေသော အဘိုးအိုသည် ခေါင်းလှည့်ကြည့်လာပြီး ကြမ်းတမ်းစွာရယ်မောလိုက်သည်။
“မကြောက်ဘူး” ဓားရှည်ပေါ်ရှိ လူပေါင်း၁၀၀၀၀အတွင်းမှ တစ်စုံတစ်ယောက်က ချက်ချင်းပြန်လည် အော်ဟစ်လိုက်သည်။
“မင်း ညာနေတာ။ ရှာမန်တွေက ရိုင်းစိုင်းကြမ်းကြုတ်ပြီး လူမဆန်ဘူး။ ဒါပေမယ့် မင်းတို့ အဲဒီရှာမန်တွေရဲ့ခေါင်းတွေကို ဖြတ်ပြီးတာနဲ့၊ မင်းတို့ကသာ ကြောက်နေတဲ့လူတွေ မဟုတ်ဘူးဆိုတာကို သိလာလိမ့်မယ်။ အဲဒီ သောက်မိမစစ်ဖမစစ်ကောင်တွေကလည်း မင်းတို့ကို ကြောက်နေကြတာပဲ” အဘိုးအို၏ ရယ်သံသည် အလွန်စိတ်တက်ကြွဖွယ်ကောင်း၍ ဘွင်းဘွင်းရှင်းရှင်းနိုင်လှ၏။ သူ့အသံထဲတွင် ယခင်က ဆွဲဆောင်သိမ်းသွင်းနိုင်သည့် အသံနေအသံထားမျိုး မရှိတော့ချေ။
“ပြီးတော့ ငါတို့နဲ့အတူ တိုက်ခိုက်ပေးမယ့်လူတွေ အများကြီးရှိတယ်။ ငါတို့ ဒီဓားရှည်ပေါ်မှာ လူ၁၀၀၀၀ပဲ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် အနောက်ပိုင်းပင်လယ်ကလန်ရဲ့ အဲဒီသောက်ကောင်လေးတွေကလည်း စစ်ပွဲမှာ လူ၁၀၀၀၀နီးပါး ပါဝင်ကြမှာပဲ။ တစ်ခြားမျိုးနွယ်စုတွေက မာန်စွမ်းအားရှင်တွေ အများကြီးကလည်း နောက်ရက်အနည်းငယ်အတွင်း ကောင်းကင်မြူခိုးမြို့တော်ဆီ သွားကြလိမ့်မယ်”
“အဲဒီအချိန်ကျရင် ငါတို့လူဦးရေကလည်း နည်းတော့မှာမဟုတ်ဘူး။ ဒါက မဟာတိုက်ပွဲကြီးတစ်ခုရဲ့ အဓိပ္ပါယ်ပဲ။ ဒါကသာ ရာစုနှစ်တစ်စုတစ်ကြိမ် ဖြစ်ပွားတဲ့ မဟာတိုက်ပွဲကြီးပဲ”
“မင်းတို့ ဒီစစ်ပွဲထဲမှာမသေခဲ့ရင်၊ မင်းတို့အတွေ့အကြုံတွေကနေတစ်ဆင့် အစွမ်းထက်မာန်စွမ်းအားရှင်တွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
“အခု ထိုင်ပြီးတော့ လေ့လာဆင်ခြင်နေ။ မင်းတို့ရဲ့ အထွတ်အထိပ်အခြေအနေမှာရှိနေတာ သေချာပါစေ။ ကောင်းကင်မြူခိုးမြို့တော်ဆီရောက်ဖို့ လေးရက်လောက်လိုသေးတယ်” အဘိုးအိုစကားပြောနေစဉ်မှာပင် လူပေါင်းများစွာသည် တစ်ဖြည်းဖြည်း ထိုင်ချကာ စောင့်ဆိုင်းလိုက်ကြသည်။ လေးရက်ကြာပြီးလျှင် သူတို့ ကောင်းကင်မြူခိုးမြို့တော်ဆီ ခြေချပေမည်။
အဆုံးထိတိုင်အောင်ပင် စုမင်စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ ဓားအစွန်းတွင်ထိုင်ချလိုက်ပြီး အရှေ့မှ အဆုံးမရှိသည့် ကောင်းကင်ကျယ်ကြီးကို လှမ်းကြည့်လိုက်သည်။ ဓားရှည်အားဝန်းရံနေသော အလင်းမျက်နှာပြင်တစ်ခုနှင့် ထိုအလင်းမျက်နှာပြင်နောက်ရှိ ကျယ်လောင်သော အပြာရောင်ကောင်းကင်ကြီးထံမှ တိမ်စိုင်တလိပ်လိပ်ကို စုမင်မြင်နေရသည်။
“ရှင် ဘာကြည့်နေတာလဲ” စုမင်နောက်မှ ချိုသာသိမ်မွေ့သော အသံတစ်သံထွက်ပေါ်လာသည်။
စုမင် ခေါင်းလှည့်မကြည့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအသံပိုင်ရှင်သည် စုမင်ဘေးတွင် ထိုင်ချလိုက်သောကြာင့်ဖြစ်သည်။
“တောင်ပိုင်းအရုဏ်ဦးကုန်းမြေကြီး ဘယ်လောက်ကျယ်ပြောလဲဆိုတာ ကြည့်နေတာ...” စုမင် အသာအယာပြောလိုက်ပြီး သူ့ဘေးတွင်ထိုင်နေသည့် ထျန်းလန်မုန်ထံ တစ်ချက်လှည့်ကြည့်လိုက်သည်။
ထျန်းလန်မုန်၏ မျက်နှာလေးက ဖြူဖျော့နေဆဲဖြစ်သည်။ သူမသည်လည်း ဓားရှည်အလွန်မှ ကောင်းကင်အား ငေးကြည့်လျက် သူမကိုယ်ပိုင်အတွေးများအတွင်း နစ်မြုပ်နေခဲ့သည်။
“ကြယ်ပျံဆယ်လုံးက ဘာကိုဆိုလိုတာလဲ” စုမင် သူမခေါင်းထဲသို့ ရုတ်တရက်မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ထပ် မမေးပါနဲ့တော့” ထျန်းလန်မုန်သည် ဆက်လက်တိတ်ဆိတ်နေခဲ့ပြီး အချိန်အတော်ကြာပြီးချိန်တွင်မှ ခေါင်းခါယမ်းပြသည်။
စုမင် သူမအားစိုက်ကြည့်လိုက်ပြီး သူ့မေးခွန်းကို သူမဆီသို့ပို့လွှတ်လိုက်သည်။ “ဒါဆို... အရှေ့ခြမ်းနယ်မြေများ၏ ရုတ်တရက်ဖြစ်ပွားလာသော ကပ်ဘေးဆိုတာကရော ဘာလဲ”
ထျန်းလန်မုန်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်ရီသွားပြီး ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် စုမင်အားလှည့်ကြည့်လာခဲ့သည်။
***