အဆင့်ဆင့် ထိုးစစ်ဆင်ခြင်း
Vol. 74 Ch. 773
နေနတ်ဘုရား၏ အမိန့်တစ်ခွန်းအောက်တွင် အသင့်ပြင်ထားကြသော လူအုပ်ကြီးက အောက်ဘက်ရှိ သက်ရှိဧကရာဇ်နန်းတော်ဆီသို့ ချက်ချင်း ခုန်ဝင်သွားကြတော့သည်။
ကျိကျွင်းနှင့် ဝူရှန့်ကျိကျွင်း အယောက်နှစ်ရာကျော်တို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့်အထိ ပြင်းထန်လှသည်။
ထန်ထျန်းနှင့် လုံကျိုကျိုးတို့သည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လူအုပ်ကြီးနှင့်အတူ အောက်သို့ ဆင်းသွားကြသည်။
၎င်းတို့တွင် သီးခြားတာဝန်ရှိသော်လည်း သူတို့ တာဝန်ယူထားသည့် နေရာအတွင်းမှ ထွက်မသွားလျှင် ရပြီဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နန်းတော်တစ်ခုလုံးမှာ စစ်မီးများ တောက်လောင်လာတော့သည်။
တိုက်ပွဲကြီး တရားဝင် မစတင်ရသေးမီမှာပင် အချို့သော ပျက်စီးနေသည့် နန်းဆောင်များမှာ ကြောက်မက်ဖွယ်ကောင်းသော ထိုဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ပြိုကျပျက်စီးသွားကြသည်။
ထိုက်ချန်ကျိကျွင်းကမူ ထိုအခြေအနေကို ကြည့်ကာ သက်ပြင်းတစ်ချက် အသာအယာ ချလိုက်သည်။
“မိတ်ဆွေတို့”
“တိုက်ကြ”
သူ၏ အမိန့်အဆုံးတွင် သက်ရှိဧကရာဇ်နန်းတော်ဘက်မှ ကျိကျွင်းများမှာလည်း ချက်ချင်းပင် လူစုခွဲကာ နေနတ်ဘုရား၏ စစ်တပ်ကြီးကို ရင်ဆိုင်ရန် အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြသည်။
ကျိကျွင်းတို့၏ အမြန်နှုန်းမှာ စိတ်ကူးလိုက်သည်နှင့် ရောက်ရှိနိုင်သည့် အဆင့်တွင် ရှိနေသည်။
ခဏချင်းမှာပင် နှစ်ဖက် မှာ ထိပ်တိုက် တိုက်မိကြတော့သည်။
“ဘုန်း ဘုန်း ဘုန်း”
ဧရာမ ပေါက်ကွဲသံကြီးများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
အကယ်၍ ဤတိုက်ပွဲမှာ သက်ရှိဧကရာဇ်နန်းတော်တွင် ဖြစ်မနေဘဲ အပြင်လောကတွင် ဖြစ်ပွားခဲ့မည်ဆိုပါက နှစ်ဖက်သားတို့၏ ထိတွေ့မှုတိုင်းသည် ကမ္ဘာပျက်မတတ် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။
၎င်းမှာ တစ်လောကလုံးရှိ အထွတ်အထိပ်ဆုံးနှင့် အကြောက်စရာအကောင်းဆုံး တိုက်ပွဲပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံးက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ပြီးသွားကြပြီ ဖြစ်သည်။
နဂိုက နှစ်ပေါင်းများစွာ ထပ်မံခံနိုင်ရည်ရှိဦးမည့် သက်ရှိဧကရာဇ်နန်းတော်မှာလည်း ဤအခိုက်အတန့်တွင် မခံနိုင်တော့ဘဲ ဖုန်မှုန့်များအဖြစ် လွင့်စင်ပျက်စီးသွားတော့သည်။
တိုက်ပွဲဖြစ်ပွားရာ နန်းတော်အပြင်ဘက်ရှိ မြေပြင်ကြီးပင်လျှင် တစ်စစီ ကြေမွသွားပြီး ခဏချင်းမှာပင် ဤမြေပြင်၏ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်မှာ အငွေ့ပျံ ပျောက်ကွယ်သွားရသည်။
ဤဟင်းလင်းပြင်အတွင်းရှိ ထူးခြားပြီး အစွမ်းထက်သော နိယာမများမှာလည်း အလုံးစုံ ပရမ်းပတာ ဖြစ်ကုန်တော့သည်။
ကြောက်မက်ဖွယ်ကောင်းသော တာအိုကျင့်စဉ် ပေါင်းစုံမှာ ရူးသွပ်စွာ ပျံဝဲနေကြပြီး ယခု တိုက်ပွဲကွင်းပြင်၏ အခြေအနေမှာ ဟင်းလင်းပြင်အတွင်းရှိ ဧရာမ မုန်တိုင်းကြီးများထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းနေသည်။
ထိုစဉ်မှာပင် ထန်ထျန်းသည်လည်း သက်ရှိဧကရာဇ်နန်းတော်မှ လူများနှင့် ထိပ်တိုက် တိုးတော့သည်။
၎င်းတို့မှာ သိသိသာသာပင် သက်ရှိဧကရာဇ်နန်းတော်၏ လက်ကျန်အင်အားစုများထဲမှ ကျိကျွင်းအိုကြီး နှစ်ဦးဖြစ်ပြီး သူတို့၏ အော်ရာ မှာ အလွန်ပင် သိပ်သည်း လှသည်။
သူတို့၏ လက်ထဲတွင် ထူးဆန်းသော လက်နက်တစ်ခုစီကို ကိုင်ဆောင်ထားကြသည်။ ၎င်းမှာ ထူထဲသော ကျောက်စိမ်းပေတံ နှင့် တူပြီး ထွက်ပေါ်နေသော အော်ရာ မှာ သာမန်မဟုတ်ပေ။
“နန်းတော်နတ်ဘုရားရတနာတွေပဲ”
လုံကျိုကျိုးက ပြောသည်။ “အဲဒါက သက်ရှိဧကရာဇ်နန်းတော်ရဲ့ အခြေခံ လက်နက်တွေပဲ၊ ကျွင်းချန်ချင်းက သူတို့အတွက် သီးသန့် သွန်းလုပ်ပေးခဲ့တာ၊ အရမ်း အစွမ်းထက်တယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီတုန်းက သူတို့တွေ တစ်လောကလုံးကို သိမ်းပိုက်နိုင်ခဲ့တာဟာ ဒီနန်းတော်နတ်ဘုရားရတနာတွေကြောင့်ပဲ"
" လောကမှာ ယှဉ်နိုင်တဲ့ ကျိကျွင်း ရှား တယ်”
စကားအဆုံးတွင် နန်းတော်မှ ကျိကျွင်းအိုကြီး နှစ်ဦးမှာ ထန်ထျန်းတို့ရှေ့ရှိ နေနတ်ဘုရားနန်းတော်မှ ကျိကျွင်းလေးဦးနှင့် ထိပ်တိုက် တိုက်ခိုက်မိသွားကြသည်။
ထိုလေးဦးမှာ နေနတ်ဘုရား၏ ယုံကြည်သူများ ဖြစ်ကြသည်။
နန်းတော်ဘက်မှ လူဦးရေမှာ သိသိသာသာ လျော့နည်းနေသော်လည်း နှစ်ဖက်စတင် ထိတွေ့ချိန်မှာပင် နန်းတော်ဘက်က အသာစီးရလာသည်။
ထိုကျောက်စိမ်းပေတံ နှစ်ခုမှာ အလွန်ပင် အစွမ်းထက်လှပြီး ထုတ်ဖော်လိုက်သော ခွန်အားမှာ အထွတ်အထိပ် ကျိကျွင်းအဆင့်သို့ပင် ချဉ်းကပ်နေသည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
နေနတ်ဘုရားနန်းတော်မှ ကျိကျွင်းလေးဦးမှာ သူတို့၏ သိုင်းကွက် ပေါင်းစုံကို သုံးပြီး နေနတ်ဘုရားစွမ်းအားများကိုပါ ထုတ်ဖော်ခဲ့ကြသော်လည်း မယှဉ်နိုင်သေးပေ။
မကြာမီမှာပင် သူတို့မှာ အဖိနှိပ်ခံလိုက်ရတော့သည်။
တိုက်ပွဲကွင်းပြင် တစ်ခုလုံး၏ အခြားသော နေရာများတွင်လည်း အခြေအနေမှာ များစွာ မထူးခြားလှပေ။
နန်းတော်ဘက်မှ လူဦးရေ နည်းပါးသော်လည်း အစွမ်းထက်သော ကျိကျွင်းအိုကြီး ဒါဇင်အနည်းငယ်ကြောင့် နေနတ်ဘုရားဘက်မှ ပထမလှိုင်း၏ ပြင်းထန်သော တိုက်စစ်ကို တောင့်ခံထားနိုင်ကြသည်။
ထို့ပြင် တန်ပြန်တိုက်စစ် ဆင်လာမည့် အသွင်ပင် ရှိနေသည်။
“ဒါကတော့ သိပ်မကောင်းဘူး”
လုံကျိုကျိုးက ပြောသည်။ “တိုက်ပွဲက အခုမှ စတာ၊ အားလုံးရဲ့ စိတ်ဓာတ်က ကျမသွားစေနဲ့"
"အရင်ဆုံး ဒီနှစ်ကောင်ကို ရှင်းလိုက်ရအောင်”
ပြောပြီးသည်နှင့် သူက တိုက်ပွဲထဲသို့ ကိုယ်တိုင်ဝင်ရောက်ကာ ထိုကျိကျွင်းအိုကြီး နှစ်ဦးကို ရှင်းရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ ပြန်ရပ်လိုက်သည်။
သူ၏ အကြည့်မှာ တိုက်ပွဲကွင်းပြင်၏ အခြားတစ်ဖက်သို့ ရောက်သွားသည်။
“ထားလိုက်တော့၊ ဒီဘက်ကို မင်းတို့ပဲ ကိုင်တွယ်လိုက်၊ ငါ ဟိုဘက်ကို သွားလိုက်ဦးမယ်"
"ဟိုဘက်မှာလည်း အခြေအနေက သိပ်မကောင်းဘူး”
ထို့နောက် သူက ချက်ချင်းပင် ကိုယ်ရောင်ဖျောက်ကာ ထွက်သွားတော့သည်။
ထန်ထျန်းက ထိုဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ ဆွံ့အသွားရသည်။
လုံကျိုကျိုး သွားလိုက်သည့် နေရာမှ တိုက်ပွဲမှာ ဤနေရာထက် အများကြီး ပိုကောင်းနေသေးသည်။ အပြန်အလှန် အညီအမျှပင် ရှိနေသေးသည်။
သို့သော် အဓိက အချက်တစ်ခု ရှိနေသည်။
ရှို့ကျွင်းကျိကျွင်းက ထိုနေရာတွင် ရှိနေခြင်းပင်။
ဤကောင်၏ စိတ်ထဲတွင် ရှို့ကျွင်းကျိကျွင်း ရှိနေသေးသည်မှာ သေချာသည်။
လုံကျိုကျိုး ထွက်သွားပြီးနောက် ဟုန်းမန်ကျိကျွင်းကလည်း ပြော၏ ။ “မင်းပဲ ဒီမှာ နေခဲ့တော့၊ ငါ တခြားတစ်ဖက်ကို သွားလိုက်ဦးမယ်"
"ဒီကျိကျွင်းတွေနဲ့တင်ဆိုရင် သက်ရှိဧကရာဇ်နန်းတော်ကို တကယ် တိုက်နိုင်မှာ မဟုတ်ဘူး”
ပြောပြီးနောက် သူသည်လည်း အခြားတစ်ဖက်သို့ ထွက်သွားသည်။
ထန်ထျန်း ကြည့်လိုက်တော့ ဟုန်းမန်ကျိကျွင်းမှာ လိမ်ပြောနေခြင်း မဟုတ်ပေ။ ထိုဘက်မှ ယုံကြည်သူ ကျိကျွင်းများမှာ အရိုက်ခံရလွန်း၍ သေလုနီးပါး ဖြစ်နေကြပြီ။
တကယ့် လူရိုးကြီးပါပဲ။
နှစ်ယောက်လုံး ထွက်သွားကြပြီဖြစ်ရာ ဤနေရာမှ နန်းတော်လက်ကျန် နှစ်ယောက်မှာ သူနှင့်သာ ဆိုင်တော့သည်။
ထန်ထျန်းလည်း ထပ်မံ တွေဝေမနေတော့ဘဲ ရှင်းယွဲ့အင်မော်တယ် ဓားကို ကိုင်ဆောင်ကာ မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲအလယ်သို့ ရောက်သွားတော့သည်။
သူတို့မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြစဉ် ထန်ထျန်း ရုတ်တရက် ပေါ်လာခြင်းကြောင့် ကျိကျွင်းအိုကြီး နှစ်ဦးမှာ အနည်းငယ် ကြောင်သွားကြသည်။
သို့သော် သူတို့လည်း အများကြီး တွေးမနေတော့ဘဲ နန်းတော်နတ်ဘုရားရတနာများကို ကိုင်ဆောင်ကာ ပြေးဝင်လာကြသည်။
ထိုရတနာများ၏ ခွန်အားကို ထိပ်တိုက် ရင်ဆိုင်လိုက်ရသည့် အခါမှသာ ထန်ထျန်းက ၎င်းတို့မှာ ထင်ထားသည်ထက် ပို၍ အစွမ်းထက်နေကြောင်း သိလိုက်ရသည်။ ၎င်းမှာ ဝူရှန့်ကျိကျွင်း အဆင့်၏ အငွေ့အသက်ကိုပင် အနည်းငယ် ထိတွေ့နေပြီ ဖြစ်သည်။
၎င်းမှာ သက်ရှိဧကရာဇ်နန်းတော်ကြောင့် ဖြစ်ပေလိမ့်မည်။
ထိုနန်းတော်ကြီးမှာ သက်ရှိဧကရာဇ်နန်းတော်မှ လူများအတွက် တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးထားသည်။
နေနတ်ဘုရားဘက်မှ ကျိကျွင်းများ မယှဉ်နိုင်သည်မှာ မဆန်းပေ။
သို့သော် ကံဆိုးသည်မှာ သူတို့ရှေ့တွင် ရှိနေသူမှာ ထန်ထျန်း ဖြစ်နေခြင်းပင်။
တစ်ဖက်မှ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ထန်ထျန်းက ရှင်းယွဲ့အင်မော်တယ် ဓားကို မြှောက်ကာ သာမန်ကာလျှံကာပင် တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ခဏချင်းမှာပင် မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်လှသော စွမ်းအားများ ထွက်ပေါ်လာပြီး ဤနေရာမှ ပရမ်းပတာ ဖြစ်နေသော နိယာမများကို ချက်ချင်း ရှင်းလင်းပစ်လိုက်သည်။
ကျိကျွင်းအိုကြီး နှစ်ဦးမှာ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။ သူတို့ ဘယ်လို တည်ရှိမှုမျိုးနှင့် ရင်ဆိုင်နေရသည်ကို သိသွားကြပြီ ဖြစ်သည်။
သူတို့၏ တုံ့ပြန်မှုမှာလည်း အလွန်မြန်ဆန်လှသည်။ တိုက်ခိုက်မှုမှ ခုခံမှုသို့ ချက်ချင်းပြောင်းကာ နတ်ဘုရားရတနာများကို ရှေ့တွင် ကာထားပြီး ထန်ထျန်း၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားကြသည်။
သို့သော်လည်း သူတို့အကြားမှ ကွာခြားချက်မှာ အလွန်တရာ ကြီးမားလွန်းလှသည်။
ထန်ထျန်း၏ သာမန်ဓားချက်မှာပင် ဓားနိယာမ တစ်ခုလုံးကို ကျော်လွန်နေပြီ ဖြစ်သည်။
နန်းတော်နတ်ဘုရားရတနာမှာ မည်မျှပင် အစွမ်းထက်ပါစေ အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိဘဲ ထက်ပိုင်း ပြတ်သွားတော့သည်။
ထို့နောက် ကျိကျွင်းနှစ်ဦးမှာလည်း ရှောင်တိမ်းချိန် မရဘဲ ခါးလယ်မှ ပြတ်တောက်သွားကြသည်။
သို့သော် ထိုဓားချက်၏ ဖျက်ဆီးအားမှာ ရပ်တန့်မသွားဘဲ အရိုးထဲထိ စိမ့်ဝင်မည့် အလား သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ပျံ့နှံ့သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ ပျောက်ကွယ်သွားပြီး ဘာမှမရှိသော နတ္ထိ ဖြစ်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် အဆုံးအဖြတ် အခိုက်အတန့်တွင် သူတို့၏ ဝိညာဉ်များမှာ ခန္ဓာကိုယ်မှ ရုန်းထွက်နိုင်ခဲ့သဖြင့် အသက်ကို ခက်ခဲစွာ ဆက်နိုင်ခဲ့ပြီး ခန္ဓာကိုယ်ကို ပြန်လည် ဖန်တီးလိုက်ကြသည်။
သို့သော် ဤဓားချက်တစ်ချက်ပြီးနောက်တွင် ဤတိုက်ပွဲလေး၏ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
သူတို့နှစ်ဦးသည် အစပိုင်းက ယုံကြည်မှုအပြည့်နှင့် ရက်စက်နေခဲ့သော်လည်း ယခုအခါတွင်မူ အလွန်အမင်း ထိတ်လန့်သွားကြသည်။ သူတို့က ဤ ဝူရှန့်ကျိကျွင်းတည်ရှိမှုအကြောင်းကို ကြိုတင် နားလည်ထားပုံ မရပေ။
ဝူရှန့်ကျိကျွင်း တစ်ဦးကို ရင်ဆိုင်ရာတွင် သူတို့အတွက် အနိုင်ရရန် လုံးဝ အခွင့်အရေး မရှိကြောင်းကိုလည်း သူတို့ ကောင်းကောင်း သိသွားကြသည်။
ထို့ကြောင့် သူတို့နှစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် တိုက်ရိုက်ပင် ထွက်ပြေးရန် ရွေးချယ်လိုက်ကြသည်။
သို့သော် ထန်ထျန်းက သူတို့ကို ဤမျှ လွယ်လွယ်နှင့် ထွက်သွားခွင့် ပေးပါမည်လော။
“နောက်ကျသွားပြီ”
အေးစက်သော အသံ ထွက်ပေါ်လာပြီးနောက် ထန်ထျန်းက သူတို့ဆီသို့ လက်ဝါးကြီးကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ထဲတွင် အသာအယာ ဆုပ်ကိုင်လိုက်သည်။
နောက်တစ်ခဏတွင် ဟင်းလင်းပြင် တစ်ခုလုံးမှာ ထန်ထျန်း၏ လက်ဖဝါးအတွင်းသို့ ရောက်ရှိသွားတော့သည်။
ကျိကျွင်းနှစ်ဦးမှာ လှောင်အိမ်ထဲတွင် ပိတ်မိနေသော ကြွက်ကလေးများကဲ့သို့ စိတ်ကြိုက် ခြယ်လှယ်ခြင်းကိုသာ ခံရတော့မည့် အခြေအနေသို့ ရောက်သွားရသည်။
တိုက်ပွဲကွင်းပြင်၏ အခြားသော နေရာ များတွင်လည်း အခြေအနေမှာ များစွာ မထူးခြားလှပေ။
နေနတ်ဘုရားဘက်မှ ဝူရှန့်ကျိကျွင်း ဆယ်ဂဏန်းခန့် ပါဝင်လာမှုနှင့်အတူ နဂိုက ခက်ခဲနေသော အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားသည်။
စစ်တပ်ကြီးမှာ အဆင့်ဆင့် ရှေ့သို့ တိုး၍ ထိုးစစ်ဆင်လာတော့သည်။