သဟဇာတမျှခြင်းပိုးစာ၏ အတောင်ပံများ
Vol. 24 Ch. 323
စုမင် ထျန်းလန်မုန်ကို တည်ငြိမ်စွာ ပြန်စိုက်ကြည့်လိုက်ရာ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားခဲ့သည်။
ထျန်းလန်မုန်သည် ခဏတာတိတ်ဆိတ်နေပြီးနောက်မှ ပါးစပ်ဟကာပြောလာ၏။ “ရှင်ပြောနေတာကို ကျွန်မ မသိဘူး...”
“မင်း ငါ့ကို ဘာကြောင့်ဖုံးကွယ်ထားဖို့လိုတာလဲ”
စုမင် မျက်မှောင်ကြုတ်လိုက်မိပြီး အေးခဲကောင်းကင်(ဓားရှည်)အလွန်မှ ပြာလွင်လွင် ကောင်းကင်ကျယ်ကြီးထံ ပြန်လှည့်ကြည့်လိုက်သည်။
ထျန်းလန်မုန်သည် တစ်စုံတစ်ရာကို ပြောချင်နေသော်လည်း တွန့်ဆုတ်နေဟန်ဖြင့် ခဏတာတွန့်ဆုတ်နေခဲ့၏။
“အရှေ့ခြမ်းနယ်မြေများ၏ ရုတ်တရက်ကျရောက်လာသော ကပ်ဘေးဆိုတာကို ရှင်ဘယ်က ကြားခဲ့တာလဲ” အချိန်အတော်ကြာပြီးချိန်တွင်မှ သူမအကြည့်သည် စုမင်မျက်နှာပေါ် ကျရောက်လာပြီး စုမင်စိတ်ထဲသို့ မေးလိုက်သည်။
သူတို့ပတ်ဝန်းကျင်က လုံးဝတိတ်ဆိတ်ငြိမ်သက်နေခြင်း
မဟုတ်ပေ။ လေထဲတွင် တီးတိုးပြောဆိုသံများ ရံဖန်ရံခါထွက်ပေါ်လာတတ်သော်လည်း ဓားရှည်ကြီးသည် အလွန်ကြီးမားလှပြီး ၎င်းအပေါ်တွင် လူပေါင်း၁၀၀၀၀ ထိုင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် လူများသည် တစ်ဦးနှင့်တစ်ဦး ပို၍ဝေးကွာသွားပါက အခြားသူများပြောနေသည်ကို သူတို့ရှင်းရှင်းလင်းလင်း မကြားရတော့ချေ။ ဓားရှည်ကြီး လေထုအားပိုင်းဖြတ်နေရာမှ ထွက်ပေါ်လာသည့် ကျယ်လောင်သော လေတိုးသံများသည်လည်း သူတို့အသံများကို နစ်မြုပ်သွားခဲ့သည်။
“ကြယ်ပျံဆယ်လုံး ပေါ်လာတဲ့အချိန်တုန်းက၊ သူတို့ပြောနေတဲ့အထဲက တစ်ချို့အရာတွေကို ငါကြားခဲ့တယ်” စုမင် အမှန်တရားကို သိရရန် မည်သည့်အရာကိုမှ ဖုံးကွယ်မထားခဲ့ပေ။ သူ့စိတ်ထဲတွင်တော့ မာန်ဝိညာဉ်နယ်ပယ်မှ လူများသာသိခွင့်ရှိသည့် ထိုသတင်းအချက်အလက်သည် အလွန်အရေးကြီးလိမ့်မည်ဟု သူသိနေခဲ့သည်။ ထိုအရာသည် လူရိုင်းများ၏ နယ်မြေအတွင်း၌ ပြုလုပ်မည့် သူ့လုပ်ရပ်အချို့ကိုပင် သက်ရောက်ကောင်း သက်ရောက်သွားနိုင်၏။
ထျန်းလန်မုန်သည် အကြည့်ပြန်လွှဲလိုက်ပြီး ဓားရှည်အလွန်မှ ကောင်းကင်ပြင်ကို ငေးကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးချိန်တွင်မှ သူမက ညင်သာစွာပြောသည်။
“သဟဇာတမျှခြင်းပိုးစာရဲ့ ဒဏ္ဍာရီကို... ရှင်ကြားဖူးလား...”
စုမင်ခဏတာ အံ့သြသွားသော်လည်း ခေါင်းယမ်းပြလိုက်ပြီး မည်သည့်စကားမှတော့ ပြန်မပြောမိခဲ့ချေ။
“သဟဇာတမျှခြင်းပိုးစာက ဒဏ္ဍာရီလာလိပ်ပြာတစ်ကောင်ပဲ။ သူက သူ့ဘဝမှာ သူ့အတောင်ပံတွေကို သုံးကြိမ်ပဲ ခတ်လိမ့်မယ်တဲ့... ပထမဆုံးအတောင်ပံခတ်ချိန်မှာ အရှေ့ပိုင်းက တောင်တွေပြိုလဲပြီး မြေပြင်က အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးစေလိမ့်မယ်” ထျန်းလန်မုန်သည် ဓားရှည်အလွန်မှ ကောင်းကင်ကိုကြည့်ရင်း ညင်သာစွာပြောသည်။
“အဲဒါက ဒဏ္ဍာရီတစ်ခုသက်သက်ပဲကို” စုမင် တုန့်ပြန်လိုက်သည်။
“ဒဏ္ဍာရီတစ်ခုလား၊ ဟမ်း... အခု ကျွန်မတို့ရဲ့ ကမ္ဘာမှာ ဘယ်သူကမှ ပထမဆုံးမာန်နတ်ဘုရားကို မမြင်ဖူးခဲ့ပေမယ့်၊ ပထမဆုံး မာန်နတ်ဘုရားကရော ဒဏ္ဍာရီတစ်ခုပဲလို့ ရှင်ပြောနိုင်လို့လား။ သဟဇာတ်မျှခြင်းပိုးစာ တစ်ကယ်ရှိလားဆိုတာ ကျွန်မတို့ မသိဘူးလေ...” ထျန်းလန်မုန်က ခေါင်းခါယမ်းသည်။
“ကြယ်ပျံကိုးလုံးက ရှာမန်မျိုးနွယ်စုထဲမှာ မဟာဘိုးဘေးကြီး ပေါ်လာပြီလို့ ဆိုလိုတာပဲ။ အဲဒါက သက်ရှိအားလုံးထက်သာလွန်တဲ့ တည်ရှိမှုတစ်ခု၊ ကျွန်မတို့ကျင့်ကြံခြင်းနယ်ပယ်တွေနဲ့ နားလည်နိုင်တာထက် ကျော်လွန်နေတဲ့ အရာတစ်ခုပဲ...”
စုမင်ခေါင်းထဲသို့ ရောက်လာသော ထျန်းလန်မုန်၏အသံက နူးညံ့သိမ်မွေ့နေသော်လည်း သူမစကားလုံးများထဲတွင် အကြောက်တရား၏ အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ သူ့စိတ်ထဲတွင် သူမအသံ ပဲ့တင်ထပ်နေစဉ် သူမ၏အကြောက်တရားကို စုမင်ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
“မဟာ ဘိုးဘေးကြီးလား...” စုမင် ထျန်းလန်မုန်ကို လှည့်ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ မဟာမာန်စွမ်းအားရှင်တွေ မဟာဘိုးဘေးကြီးနဲ့ တိုက်ခိုက်ခဲ့တာကိုတော့ ရှင်သိသင့်တယ်။ အဆုံးမှာ မဟာမာန်စွမ်းအားရှင်သုံးယောက် အနိုင်ရခဲ့ပေမယ့်
မဟာဘိုးဘေးကြီးက သေဆုံးသွားခဲ့တာမဟုတ်ဘူး။ သူက နက်ရှိုင်းစွာအိပ်မောကျသွားခဲ့ရုံပဲ”
“သူက ဖျက်ဆီးမရနိုင်တဲ့ ဖြစ်တည်မှုတစ်ခု... အခုတော့ သူက နောက်တစ်ကြိမ်ပြန်နိုးလာခဲ့ပြီ။ အဲဒါကြောင့် ကောင်းကင်မြူခိုးမြို့ကနေ အေးခဲကောင်းကင်ကလန်နဲ့ အနောက်ပိုင်းပင်လယ်ကလန်ဆီ ကြယ်ပျံဆယ်လုံး ပို့လွှတ်ခဲ့တာ” ထျန်းလန်မုန်သည် သူမ၏ အောက်နှုတ်ခမ်းကိုကိုက်လျက် စုမင်ခေါင်းထဲသို့ သိမ်မွေ့စွာပြောကြားလိုက်သည်။
စုမင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်မေးလိုက်သည်။
“ကြယ်ပျံ ဆယ်လုံးကရော”
“တောင်ပိုင်းအရုဏ်ဦးကုန်းမြေထဲမှာ ကြယ်ပျံကိုးလုံးကပဲ ကောင်းကင်မြူခိုးမြို့တော်ကနေ အေးခဲကောင်းကင်ကလန်နဲ့ အနောက်ပိုင်းပင်လယ်ကလန်ဆီ ပို့လွှတ်နိုင်တဲ့ အကန့်အသတ်ဖြစ်ခဲ့တာ။ ကျွန်မ မှတ်မိတာကတော့ ကောင်းကင်မြူခိုးမြို့တော် ဖြစ်တည်လာခဲ့ချိန်ကစလို့ သူတို့တွေ တစ်ခါမှ ကြယ်ပျံဆယ်လုံး မပို့လွှတ်ခဲ့ဖူးဘူးဆိုတာပဲ...”
“အခုက သူတို့ပထမဆုံးအကြိမ် အဲလိုလုပ်တာပဲ...” တီးတိုးပြောဆိုလိုက်စဉ် ထျန်းလန်မုန်၏မျက်နှာက အလွန်ဖြူရော်နေခဲ့သည်။
“ပုံစံအရဆိုရင်တော့ ကြယ်ပျံငါးလုံးက ကပ်ဘေးကြီးတစ်ခုကို ဆိုလိုတယ်။ ကြယ်ပျံရှစ်လုံးက တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ မာန်စွမ်းအားရှင်တွေဟာ
ပျက်သုဉ်းနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မှာဖြစ်ပြီး၊ ကြယ်ပျံကိုးလုံးကတော့ ရှာမန်မျိုးနွယ်စုရဲ့ စွမ်းအားဟာ သူတို့ရဲ့ အထွတ်အထိပ်ရောက်သွားပြီလို့ ဆိုလိုတာပဲ... ကြယ်ပျံဆယ်လုံးရဲ့ ဆိုလိုရင်းကတော့...”
ထျန်းလန်မုန်သည် ထိုအခြေအနေအထိ ပြောပြီးသည်နှင့် ရပ်တန့်လိုက်ပြီး သူမမျက်နှာထက်တွင် နောက်ဆက်တွဲစကားကို မည်သို့ဆက်ပြောရမည်နည်းဟု စဉ်းစားနေသည့် အမူအယာတစ်ခု ပေါ်လာခဲ့၏။ သူမဘေးရှိ စုမင်က အသာအယာပြောလာသည်။
“တောင်ပိုင်းအရုဏ်ဦး ကျဆုံးလိမ့်မယ်...” သူမစိတ်ထဲသို့ စုမင်၏ထိုစကားလုံးများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ထျန်းလန်မုန်သည် တုန်ရီသွားပြီး သူမမျက်နှာက အလွန်ဖြူဖျော့သွားခဲ့၏။ အချိန်အတော်ကြာပြီးနောက် သူမလေးပင်စွာ ခေါင်းညိတ်ပြလိုက်မိသည်။
“တစ်ကယ်ပဲ ဘယ်လိုအရာမျိုးကများ တောင်ပိုင်းအရုဏ်ဦးကုန်းမြေကို ကျဆုံးအောင် လုပ်နိုင်မှာတဲ့လဲ...” ထိုအတွေးက ယုံကြည်ရန်အလွန်ခက်ခဲသည်ဟု စုမင်တွေးမိသည်။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့ထိတ်လန့်ဖွယ် အရာမျိုးလုပ်နိုင်စွမ်းရှိသည့် မည်သည့်စွမ်းအားမျိုး တည်ရှိနေသည်ကို စုမင်ရှင်းရှင်းလင်းလင်း မသိပါချေ။
“အကယ်၍ မဟာဘိုးဘေးကြီးက အဲလိုစွမ်းအားမျိုး တစ်ကယ်ပိုင်ဆိုင်တယ်ဆိုရင်၊ ဒီစစ်ပွဲက တိုက်စရာတောင် မလိုတော့ဘူးမဟုတ်လား” စုမင် သူမခေါင်းထဲသို့ တိုးညှင်းစွာပြောလိုက်သည်။
“သူ့မှာ ကျွန်မတို့နားလည်နိုင်တာထက် ကျော်လွန်နေတဲ့ မယုံနိုင်ဖွယ်စွမ်းအားမျိုး ရှိကောင်းရှိနေနိုင်လိမ့်မယ်။ ဒါပေမယ့်... သူအဲလို မလုပ်နိုင်ဘူး။ အခုအချိန်အထိ သူကတော့ အဲလိုမလုပ်နိုင်သေးဘူးဆိုရင်တောင် တစ်ခြားဘယ်သူကမှ မလုပ်နိုင်ဘူးလို့တော့ ဆိုလိုတာမဟုတ်ဘူးလေ။ ဒုတိယမြောက် မာန်နတ်ဘုရားနဲ့ တစ်ခြားကမ္ဘာတွေရဲ့ အင်မော်တယ်တွေကြားက တိုက်ပွဲကတောင် မာန်စွမ်းအားရှင်တွေရဲ့ ကုန်းမြေကို တိုက်ကြီးတွေအဖြစ် ပိုင်းခြားမပစ်ခဲ့ဘူးလား...” ထျန်းလန်မုန်က ညင်သာစွာပြောသည်။
“သဟဇာတမျှခြင်းပိုးစာအကြောင်း ကျွန်မပြောနေတာကို ရှင်မှတ်မိသေးလား...” ထျန်းလန်မုန်သည် စုမင်ထံလှမ်းကြည့်လာရာ သူမမျက်လုံးများအတွင်းမှ ကြောက်ရွံ့မှုများကို သူရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။
“သဟဇာတမျှခြင်းပိုးစာ သူမရဲ့အတောင်ပံတွေကို ပထမဆုံးခတ်ချိန်မှာ အရှေ့ပိုင်းက တောင်တွေပြိုလဲပြီး မြေပြင်ကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးစေလိမ့်မယ်...” စုမင် ပြန်ဖြေသည်။
“အရှေ့ပိုင်းတိုက်ကြီးက အရှေ့ပိုင်းနယ်မြေပဲ။ မာန်စွမ်းအားရှင်တွေရဲ့ တိုက်ကြီးငါးခုကြားထဲမှာရှိနေတာက သမုဒ္ဒရာကြီးတစ်ခုနဲ့ တူပေမယ့် သမုဒ္ဒရာမဟုတ်တဲ့ ရေတွေပြည့်နေတဲ့ အဆုံးမရှိပင်လယ်သေတစ်ခုပဲ။ အဲဒီရေတွေက မင်နဲ့တူပေမယ့် မင် မဟုတ်သလို၊ သွေးနဲ့တူပေမယ့် သွေးမဟုတ်ဘူး... ဘယ်သူကမှ အဲဒီပင်လယ်သေကို မဖြတ်သန်းနိုင်ကြဘူး”
“တိုက်ကြီးငါးခု ပိုင်းခြားခံလိုက်ရတဲ့အချိန်ကစလို့ ကျွန်မတို့တွေက အချင်းချင်းအဆက်အသွယ် ပြတ်တောက်သွားကြတယ်။ ကျွန်မတို့သတင်းစကားတွေကို ကြားကအဖြတ်ခံလိုက်ရသလိုပဲ” ထျန်းလန်မုန်၏အသံက စုမင်ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။
“အကယ်၍ တစ်နေ့နေ့ကျရင် တောင်ပိုင်းအရုဏ်ဦးကုန်းမြေတစ်ခုလုံးကို နစ်မြုပ်ပစ်မယ့် ဒီရေလှိုင်းလုံးကြီးတစ်ခုလိုမျိုး ပင်လယ်သေက ကျွန်မတို့ကုန်းမြေတွေဆီ ကျယ်ပြန့်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် လူဘယ်လောက်များများ အသက်ရှင်နိုင်လိမ့်မလဲ...” ထျန်းလန်မုန်က ခေါင်းငုံ့လို့သွား၏။
“လူတစ်ချို့ အသက်ရှင်နိုင်ကောင်း ရှင်နိုင်ပေမယ့်၊ တောင်ပိုင်းအရုဏ်ဦးကုန်းမြေတစ်ခုလုံး ရေလွှမ်းသွားတဲ့အချိန်၊ တောင်တွေပြို မြေတွေကွဲပြီး တောင်ပိုင်းအရုဏ်ဦးကုန်းမြေတစ်ခုလုံး ဖျက်ဆီးခံလိုက်ရတဲ့အချိန်... အဲဒီအချိန်ကျရင်... လူဘယ်လောက်များများ အသက်ရှင်ကျန်နိုင်ပါဦးမလဲ။ ကျွန်မတို့တွေရော အသက်ရှင်ကျန်ရစ်နိုင်ပါ့မလား” ထျန်းလန်မုန်တစ်ယောက် မျက်လုံးများကို မှိတ်ချလိုက်မိ၏။
“အဲဒါက အရှေ့ခြမ်းနယ်မြေတွေရဲ့ ရုတ်တရက်ဖြစ်ပွားလာတဲ့ ကပ်ဘေးလား။ အဲဒါက အရှေ့ခြမ်းနယ်မြေတွေနဲ့ ဆက်စပ်နေတာလား” စုမင် အရိုးအသားထဲမှပင် ထိတ်လန့်တုန်လှုပ်သွားမိသည်။ စုမင်အသက်ရှူသံများ လျင်မြန်လာပြီး သူ့စိတ်ထဲတွင် ရယ်စရာကောင်းသော ထင်မြင်ချက်တစ်ခု တစ်ဖြည်းဖြည်းပေါ်လာခဲ့သည်။
“ပင်လယ်သေက အကြောင်းမဲ့ ကျယ်ပြန့်လာမှာမဟုတ်ဘူး။ အဲဒါက ထာဝရလိုလိုတည်ရှိနေခဲ့တာ။ အကြောင်းအရင်းမရှိပဲနဲ့လည်း ကျယ်ပြန့်လာလိမ့်မှာ မဟုတ်ဘူး” ထျန်းလန်မုန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ခြောက်ကပ်စွာပြောလာ၏။
“ပင်လယ်သေကို လှုပ်ရှားနိုင်ပြီး ပင်လယ်ထဲက ရေတွေကို လှိုင်းလုံးတွေလို တိုးထွက်လာအောင်လုပ်နိုင်တဲ့ စွမ်းအားတစ်ခုမရှိသရွေ့...” စုမင် တီးတိုးရေရွတ်လိုက်သည်။
“အရှေ့ခြမ်းနယ်မြေတွေရဲ့ ရုတ်တရက်ဖြစ်ပွားလာတဲ့ ကပ်ဘေးဆိုတဲ့ စကားလုံးတွေကို ရှင်ကြားခဲ့ပေမယ့် အဲဒီအရှေ့မှာပြောခဲ့တာတွေကိုတော့ ရှင်မကြားခဲ့ဘူး။ ကျွန်မဘိုးဘေးပြောခဲ့တာက ရှာမန်တွေပိုင်တဲ့ တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ အရှေ့ပိုင်းနားက ပေ၁၀၀၀၀ထက်များတဲ့ ဧရိယာဟာ ပင်လယ်သေကြောင့် ရေလွှမ်းမိုးခံလိုက်ရပြီတဲ့...”
“ဒါက တောင်ပိုင်းအရုဏ်ဦးကုန်းမြေမှာ အဲလိုအရာမျိုးဖြစ်တာ ပထမဆုံးအကြိမ်ပဲ။ ပိုပြီးတိတိကျကျပြောရရင် အဲဒီအပြောင်းအလဲက ရှာမန်တွေကို အထိတ်တလန့်ဖြစ်စေပြီး သတ်မှတ်ရက်မတိုင်ခင် ကောင်းကင်မြူခိုးမြို့ကို တိုက်ခိုက်ဖို့ တွန်းအားဖြစ်စေခဲ့တာပဲ...”
“ပင်လယ်သေက အကြောင်းအရင်းမရှိပဲ ကြီးမားလာလိမ့်မှာမဟုတ်ဘူး။ တောင်ပိုင်းအရုဏ်ဦးနဲ့ တစ်ကယ့်ကိုအရမ်းအဝေးကြီးမှာရှိတဲ့ အရှေ့ခြမ်းနယ်မြေတိုက်ကြီးက စိတ်ကူးလို့တောင်မရနိုင်တဲ့ အမြန်နှုန်းမျိုးနဲ့ တောင်ပိုင်းအရုဏ်ဦးကုန်းမြေဆီ ပင်လယ်သေကို တွန်းနေတာကြောင့်ပဲ ဖြစ်လာနိုင်တာ...”
နောက်ဆုံးတော့ ထျန်းလန်မုန်သည် စုမင်အား လျှို့ဝှက်ချက်ကိုပြောပြလိုက်သည်။ ကောင်းကင်မြူခိုးမြို့တော်မှ လျှို့ဝှက်ချက်သည် မူလကတော့ မာန်ဝိညာဉ်နယ်ပယ်မှ လူများသာ သိခွင့်ရှိပြီး အခြားသူများထံ ဖြန့်ဝေရန် ကန့်သတ်ခံထားရခြင်း ဖြစ်သည်။
“အရှေ့ခြမ်းနယ်မြေနဲ့ တောင်ပိုင်းအရုဏ်ဦးတို့ အချင်းချင်းတိုက်ခိုက်နေတာ...” စုမင် အသက်ကိုပင် ပြင်းပြင်းရှူရှိုက်မိသွား၏။ ယခုဖြစ်ပျက်နေသောအရာကို သူနားလည်သွားသော်ငြား ထိုကဲ့သို့ ကြီးမားသောကုန်းမြေတိုက်ကြီးက ထိုကဲ့သို့ မြင့်မားသောအမြန်နှုန်းမျိုးဖြင့် မည်သို့ရွေ့လျားနိုင်သည်ကို စုမင် စိတ်ကူး၍ မရနိုင်ဆဲဖြစ်သည်။
“အဲဒါက တစ်နှစ်ကြာရင်ကြာနိုင်တယ်။ ဆယ်နှစ်ဖြစ်ရင်လည်း ဖြစ်နိုင်သလို၊ အဲထက်နည်းရင်လည်း နည်းနိုင်တယ်... ဒါပေမယ့် နောက်ဆုံး အရှေ့ခြမ်းနယ်မြေက သူအခုသွားနေတဲ့ မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့သာ တောင်ပိုင်းအရုဏ်ဦးကုန်းမြေကို တိုက်မိသွားခဲ့မယ်ဆိုရင်၊ တောင်ပိုင်းအရုဏ်ဦး ဘာဖြစ်သွားလိမ့်မယ်လို့ ရှင်ထင်လဲ”
“ရှေးဟောင်းမြေပုံတွေ ပြောတာအရတော့၊ အရှေ့ခြမ်းနယ်မြေပိုင်ဆိုင်တဲ့ ကုန်းမြေပမာဏက တောင်ပိုင်းအရုဏ်ဦးကုန်းမြေပိုင်ဆိုင်တဲ့ အရွယ်အစားထက် အဆပေါင်းများစွာပိုကြီးမားတယ်တဲ့...” ထျန်းလန်မုန်သည် စုမင်အားစိုက်ကြည့်လိုက်ပြီး သူမမျက်လုံးများအတွင်း စိတ်ပျက်အားလျော့မှုများ ပေါ်လာခဲ့သည်။
စုမင် တုန်ရီသွားပြီး မျက်လုံးများကို မှိတ်ချလိုက်မိသည်။ တစ်ခုက ကြီးမားပြီး တစ်ခုကသေးငယ်သည့် ကုန်းမြေတိုက်ကြီးနှစ်ခု ဖော်ပြမရနိုင်သော အရှိန်နှုန်းဖြင့် တိုက်မိသည့်အခိုက်အတန့်တွင် ဖြစ်ပျက်လာမည့် ထိတ်လန့်ဖွယ်ရာများကို သူမြင်ယောင်ကြည့်နိုင်၏။
“ပထမဆုံး တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ အရှေ့ပိုင်းအစွန်အဖျားက ချက်ချင်းပြိုကွဲပျက်စီးသွားလိမ့်မယ်။ ပြီးတော့ အဲဒီသက်ရောက်မှုက ပျံ့နှံ့ပြီး ကုန်းမြေကို အဆက်မပြတ် ပြိုကွဲပျက်စီးစေလိမ့်မယ်။ အချိန်ခဏအတွင်းမှာပဲ အက်ကြောင်းက ကောင်းကင်မြူခိုးအတားအဆီးအထိ ကျယ်ပြန့်သွားလိမ့်မယ်...”
“ပြီးရင်တော့ ကောင်းကင်မြူခိုးအတားအဆီး ပြိုလဲပျက်စီးသွားပြီး အဲဒါနဲ့အတူ မာန်စွမ်းအားရှင်တွေရဲ့နယ်မြေလည်း ဖျက်ဆီးခံရလိမ့်မယ်... ကုန်းမြေရဲ့ အနောက်ဘက်အကျဆုံး အပိုင်းဆီ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့မယ်ဆိုရင်တောင် ကျွန်မတို့အတွက် ဖျက်ဆီးခံရမယ့် ကံကြမ္မာက လွတ်မြောက်ဖို့ ခဲယဉ်းနေဆဲပဲ...”
“ကုန်းမြေကြီးပြိုကွဲသွားပြီး ဘေးကိုတိမ်းစောင်းသွားတဲ့အချိန်ကျရင် အရှေ့ခြမ်းနယ်မြေနဲ့အတူ ပါလာတဲ့ ပင်လယ်သေရဲ့အစိတ်အပိုင်းက အရာအားလုံးကို နစ်မြုပ်ပစ်လိမ့်မယ်... ကျွန်မတို့အထဲက အချို့ အသက်ရှင်ကျန်ကောင်းကျန်နိုင်လိမ့်မယ်။ ကျွန်မတို့ခြေထောက်အောက်က ကုန်းမြေ အပိုင်းပိုင်းအစစ ဖြစ်သွားတဲ့အခါ အဆုံးမရှိတဲ့ ပက်လယ်သေထဲမှာမျောနေတဲ့ ကျွန်းတွေလိုမျိုး အစိတ်အပိုင်းတွေထဲက တစ်ခုပေါ်မှာ ကျွန်မတို့အသက်ဆက်ရလိမ့်မယ်...”
“ဒါပေမယ့် ရှင်နယ်စပ်တွေနားမှာ နေနေတဲ့အချိန် အဲလိုအထူးအခွင့်အရေးမျိုး ရှာတွေ့နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်ဆိုတာ ရှင်လင်းနေတာပဲလေ။ အထူးသဖြင့် ကျွန်မတို့ကုန်းမြေကို သူတို့ဝင်တိုက်ချိန်ကျရင် တောင်ပိုင်းအရုဏ်ဦးကုန်းမြေက အနောက်ဘက်ကို သေချာပေါက်ရွေ့လျားလိမ့်မယ်။ အဲဒီအချိန်ကျ တောင်ပိုင်းအရုဏ်ဦးရဲ့ အနောက်ပိုင်းနဲ့ သူ့ရဲ့ကမ်းရိုးတန်းအားလုံး အဆိုးရွားဆုံး ထိခိုက်ပျက်စီးမှုကို ခံစားကြရမှာပဲ”
“ပြီးတော့ ရှာမန်တွေက တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ အပြင်ပိုင်းတွေမှာ နေကြတာ... သူတို့ရှင်သန်ရပ်တည်နိုင်ဖို့အတွက်၊ ဒီတစ်ကြိမ် ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲက ဘယ်လောက်တောင် အကြီးအကျယ်ပျက်စီးမလဲဆိုတာ ရှင်သေချာပေါက် မြင်ယောင်ကြည့်နိုင်ပါတယ်...”
“ရှာမန်တွေက ကောင်းကင်မြူခိုးအတားအဆီးကို ကျူးကျော်ပြီး တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ အလယ်ဗဟိုကို သိမ်းပိုက်ချင်ကြတယ်။ သူတို့ အဲဒီနေရာမှာ နေမှသာ ကျရောက်လာမယ့် ကပ်ဘေးကြီးကိုဖြတ်ကျော်ပြီး သူတို့မျိုးနွယ်စု ရှင်သန်ကျန်ရစ်နိုင်မယ့် မျှော်လင့်ချက်တစ်ခုရှိနိုင်မှာ...”
“ဒါပေမယ့် မင်းလူမျိုးစုရဲ့ မျိုးဆက်တွေကို သေစေနိုင်မယ့်ရန်သူကို မင်းအိမ်ထဲလျှောက်ဝင်လာခွင့် ပြုမှာတဲ့လား... ဒါ့အပြင် အကယ်၍ သူတို့ကောင်းကင်မြူခိုးအတားအဆီးထဲကို ပြောင်းရွှေ့လာခဲ့ရင် ကျွန်မတို့နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းကို သူတို့အတွက် ပိုင်းပေးရလိမ့်မယ်။ ရှာမန်တွေဆီ မြေနေရာတစ်ခု ပေးအပ်တာက... ကပ်ဘေးကြီးအတွင်းကျရင် အဲဒီနေရာမှာ မူလနေထိုင်ခဲ့တဲ့ မာန်စွမ်းအားရှင်တွေရဲ့ ဘဝကို ဖျက်ဆီးပစ်လိုက်မိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သေးတယ်...”
“ပြီးတော့ တောင်ပိုင်းအရုဏ်ဦးကုန်းမြေ အလယ်ဗဟိုရဲ့ ဘယ်အပိုင်းက အဆုံးထိတောင့်ခံပြီး လုံခြုံကျန်ရစ်နိုင်လိမ့်မယ်ဆိုတာလည်း ဘယ်သူမှ မသိကြဘူး။ အကယ်၍ ရှာမန်တွေသာ မရှိနေရင်၊ မာန်စွမ်းအားရှင်တွေ ဖြန့်ကျက်နေနိုင်ပြီး ဘယ်လောက်ပဲသေးငယ်ပါစေ ကျွန်မတို့ နယ်မြေပိုင်နက်အကန့်အသတ်က သေချာပေါက်တည်ရှိနေနိုင်လိမ့်မယ်... ဒါပေမယ့် ကျွန်မတို့ရွေးချယ်မှုမှားယွင်းသွားတာနဲ့ တစ်ပြိုင်နက် လုံခြုံတဲ့နေရာကို ရှာမန်တွေဆီ စွန့်လွှတ်လိုက်ရလိမ့်မယ်...” ထျန်းလန်မုန်အသံက တစ်ဖြည်းဖြည်း တိုးညင်းသွားပြီး အဆုံးတွင်တော့ တိတ်ဆိတ်သွားခဲ့၏။
“အရှေ့ခြမ်းနယ်မြေတွေရဲ့ ရုတ်တရက်ဖြစ်ပွားလာသော ကပ်ဘေး...” စုမင်မျက်နှာက ဖြူရော်နေချေပြီ။ ဤအရာများအားလုံးက သူစိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။ အမှန်စင်စစ် သူယခုလေးတင် အမှန်တရားကို ကြားခဲ့သည်ဆိုလျှင်တောင် ထိုအရာအားလုံးကို ယုံကြည်ရန် အနည်းငယ်ခက်ခဲနေဆဲ ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ဤသတင်းအချက်အလက်ကို အဘယ်ကြောင့်လူတိုင်းနှင့် မျှဝေလို့မဖြစ်နိုင်မှန်း စုမင်ချက်ချင်းနားလည်သွားရသည်။ ထိုသို့ ဖြစ်ပျက်သွားသည်နှင့်တစ်ပြိုင်နက် လူသားများ၏ လက်ကြောင့် စိတ်ကူးမရနိုင်သည့် ကပ်ဘေးတစ်ခု သေချာပေါက်ဖြစ်ပွားလာလိမ့်မည် ဖြစ်နေသောကြောင့်ပင်...
“သဟဇာတမျှခြင်းပိုးစာ” ၎င်းသည် ဒဏ္ဍာရီတစ်ခုဖြစ်ပြီး ယခုဖြစ်ပျက်နေသော အဖြစ်အပျက်နှင့် တိုက်ဆိုင်နိုင်ချေရှိသည့် ဒဏ္ဍာရီတစ်ခုဖြစ်ကြောင်း သူသိနေခဲ့သည်ဆိုလျှင်တောင် စုမင် ထိုအမည်ကို သေချာမှတ်ထားလိုက်ဆဲဖြစ်သည်။
“မင်းတို့ အဲအကြောင်းကို အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ အချိန်ကြာလာတာနဲ့အမျှ လူတွေက အဲအကြောင်းကို တစ်ဖြည်းဖြည်း သိလာကြမှာပဲ” စုမင် သူ့စကားကို ထျန်းလန်မုန်ထံ ပို့လွှတ်လိုက်ရာ တည်ငြိမ်နေသော သူ့အသံက သူမနှလုံးသားထဲသို့ ရောက်လာခဲ့သည်။
“ဒီကပ်ဘေးထဲမှာ လူတွေအများကြီး သေရလိမ့်မယ်... ကျွန်မတို့ ဒီနေ့၊ ဒီခေတ်မှာ နေထိုင်နေရမှတော့ တစ်ခြား ရွေးချယ်စရာမရှိဘူး” ထျန်းလန်မုန်သည် မတ်တပ်ထရပ်လိုက်ပြီး မျက်လုံးမျအတွင်း လေးနက်သောအကြည့်နှင့်အတူ ဓားအစွန်းသို့ သွားရပ်လိုက်သည်။
“ကံကောင်းထောက်မလို့ ကျွန်မတို့က တစ်ဦးတစ်ယောက်တည်း မဟုတ်ဘူး...” ထျန်းလန်မုန်သည် ခေါင်းကို ဘေးသို့စောင်းငဲ့လိုက်ပြီး သူမ၏လှပသောမျက်လုံးများနှင့် စုမင်အားလှမ်းကြည့်လိုက်သည်။ သူမမျက်ဝန်းများအတွင်း ထူးဆန်းသောအလင်းတစ်ဖြာ တောက်ပလို့နေသည်။
“စုမင်၊ အရှေ့ခြမ်းနယ်မြေတွေရဲ့ ရုတ်တရက်ကပ်ဘေးကြီးကျရောက်မလာခင် ရှင့်စွမ်းအားကို တိုးမြှင့်နိုင်ဖို့ လုပ်နိုင်သမျှအရာအားလုံးလုပ်ပါ။ အဲဒါမှ ရှင် တောင်ပိုင်းအရုဏ်ဦးကုန်းမြေကို ဆုံးရှုံးလိုက်ရရင်တောင်၊ အရာအားလုံးကို ဆုံးရှုံးလိုက်ရတောင်... ရှင်အသက်ရှင်နေသရွေ့ ရှင့်ကိုကူညီထောက်ပံ့နိုင်မယ့် ရှင့်အပေါင်းအသင်းမိတ်ဆွေတွေကို စောင့်ရှောက်ထိန်းသိမ်းထားနိုင်မယ့် စွမ်းအားတွေရှိနေမှာ...”
စုမင် ဓားရှည်အလွန်မှ ကောင်းကင်ပြင်ကြီးကိုသာ ငေးစိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ ပြန်မပြောမိခဲ့ချေ။
***