အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အပိုင်း ၂၂၁
APPLE ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မှုနှင့်အတူ အင်တာနက်ပေါ်ရှိ လုံထန်ဂရုနှင့်ပတ်သက်တဲ့ ကောလာဟလများသည်လည်း မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။
နောက်ထပ် ဆယ်ရက်ကျော်ကာလအတွင်း APPLE သည် လုံးဝပျောက်ကွယ်သွားသကဲ့သို့ပင် ရှိတော့သည်။
ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများ၏ မျက်စိရှေ့မှောက်တွင် လုံထန်ဂရု၏ ဒုတိယမျိုးဆက် မိုဘိုင်းဖုန်းဖြစ်သော Nirvana S တစ်မျိုးတည်းသာ ဆက်လက်ရေပန်းစားနေခဲ့သည်။
တရားဝင် မိတ်မဆက်ရသေးသော်လည်း Nirvana S ၏ ကြိုတင်မှာယူမှုပမာဏမှာ အလုံးရေ သန်း ၁၅၀ ကျော်သွားခဲ့ပြီး လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ဤမျှမြင့်မားသော ကြိုတင်မှာယူမှုပမာဏက အချက်တစ်ချက်ကိုသာ သက်သေပြနေသည်၊
၎င်းမှာ လုံထန်ဂရုအပေါ် သုံးစွဲသူများ၏ သစ္စာရှိမှုသည် ကွန်ကရစ်ကဲ့သို့ ခိုင်မာနေခြင်းပင် ဖြစ်သည်။
တရုတ်နိုင်ငံတွင်သာမက ဥရောပ၊ အမေရိက၊ သြစတြေးလျနှင့် တောင်အာရှရှိ အဓိက အခွဲလေးခုသည်လည်း အားမနေဘဲ Nirvana S ကို လူထုကြားသို့ စဉ်ဆက်မပြတ် ထိုးဖောက်ကြော်ငြာနေခဲ့သည်။
ဇူလိုင်လ ၂၆ ရက်၊ ကျင်းလင် ရှာရက်တန် အပြည်ပြည်ဆိုင်ရာ ဟိုတယ်
“တောက် နှစ်ငါးထောင်သက်တမ်းရှိတဲ့ ရှေးဟောင်းတရုတ်ပြည်က ဒီလောက်တောင် စည်ပင်ဝပြောတာလား။ ဒီအစားအသောက်တွေကလည်း အရမ်းစားကောင်းတာပဲ။”
“ဖတ်ခ်! ဂျိမ်းစ်… မင်းက ကျီးကန်းတစ်ကောင်လို တစာစာအော်မနေနဲ့တော့။ အဲ့ဒီလောက်တောင် ဖြစ်နေရင် ဒီမစ်ရှင်ကို မလုပ်နဲ့တော့တာ ကောင်းမယ်။ ငါ တောင့်မခံနိုင်ဘဲ မင်းကို သတ်မိမှာ စိုးလို့။”
ကမ္ဘာ့ထိပ်တန်း ကြေးစားအဖွဲ့ဖြစ်သော ‘Caesar’ မှ လူသတ်သမားနှစ်ဦးသည် စားပွဲပေါ်ရှိ တက်ဘလက်ကို စိုက်ကြည့်ရင်း ရန်ဖြစ်နေကြသည်။ ၎င်းတို့ မစ်ရှင်စတင်ခဲ့သည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သော်လည်း ပစ်မှတ်၏ သွားလာလှုပ်ရှားမှုပုံစံကို နားလည်စေရန်အတွက် ပုန်းအောင်းစောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။
ယနေ့မှသာ အခြေအနေပေးသဖြင့် အပြင်ထွက်ကာ မြိန်ယှက်စွာ စားသောက်ခဲ့ကြခြင်းဖြစ်ပြီး ထိုအရသာကို မမေ့နိုင်အောင် ဖြစ်နေကြသည်။ ယူဟွာထိုင် ယူဟွာလောင်ရှိ ကျင်းလင်၏ နှစ်ထောင်ချီ သက်တမ်းရှိသော ကျန်စုဟင်းလျာများ၏ အရသာကို နိုင်ငံခြားသားများပင် စွဲလန်းသွားကြရသည်။
ဆမ်စကားမဆုံးခင်မှာပင် အနက်ရောင် ဘရောင်နင်ပစ္စတိုတစ်လက်က သူ၏နဖူးသို့ တေ့ထားပြီးသား ဖြစ်နေသည်။
“ပါးစပ်ပိတ်ပြီး သွားဖို့ပြင်တော့။”
ချက်ချင်းပင် အီဘရွန်က ဘရောင်နင်ကို ခါးကြားသို့ ပြန်ထိုးထည့်လိုက်ပြီး အဝတ်အစားကို အနည်းငယ် ပြင်ဆင်လိုက်သည်။ ဆမ်ကို လုံးဝဂရုမစိုက်ဘဲ သူ၏ပစ္စည်းများကို အမြန်ယူကာ အပြင်သို့ ထွက်သွားတော့သည်။
သူ၏နောက်တွင် ဆမ်ကလည်း တီရှပ်တစ်ထည်ကို ဝတ်ဆင်ကာ ချောချောမွေ့မွေ့ပင် လိုက်ပါသွားသည်။ ခဏအကြာတွင် ၎င်းတို့နှစ်ဦးသည် ကျင်းလင်မြို့ရှိ နာမည်ကြီး ‘ကျန့်ခန်းယွမ်’ ဗီလာဇုန်အနီးသို့ ရောက်ရှိလာကြသည်။
ပတ်ဝန်းကျင်ရှိ စိမ်းလန်းစိုပြေသော သစ်တောများကို ကြည့်ရင်း သူတို့၏မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။
လွန်ခဲ့သော ၁၂ ရက်က ၎င်းတို့သည် အမေရိကန်မှ ကျင်းလင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကျန့်ခန်းယွမ် တစ်ခုလုံးကို အချိန်အတော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဤနေရာ၏ လုံခြုံရေးစည်းမျဉ်းများကို အတော်အတန် နားလည်ထားပြီးဖြစ်သည်။
ကျန့်ခန်းယွမ် ဗီလာတစ်ခုလုံးတွင် နေ့စဉ် လူအင်အား လေးအုပ်စုခွဲကာ အပြင်ဘက်ပတ်ပတ်လည်ကို မနက်မှညအထိ စဉ်ဆက်မပြတ် ကင်းလှည့်နေကြသည်။ မစ်ရှင်ကို အောင်မြင်စွာ အကောင်အထည်ဖော်လိုပါက ဤလုံခြုံရေးဝန်ထမ်းများကို မဖြစ်မနေ ရှောင်ရှားရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အနည်းဆုံး သူတို့၏အမြင်တွင် ဤလုံခြုံရေးဝန်ထမ်းများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် တိုက်ခိုက်ရေးစွမ်းရည်များသည် နိုင်ငံတကာ အထူးတပ်ဖွဲ့ဝင်များနှင့် ရင်ပေါင်တန်းနိုင်ပြီး လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်မည့်သူများ မဟုတ်သောကြောင့်ဖြစ်သည်။
၎င်းတို့၏ မစ်ရှင်မှာလည်း အထူးဆန်းပြားလှသည်။ မစ်ရှင်ပေးသူက ၎င်းတို့အား လုံထန်ဂရုဥက္ကဋ္ဌ လင်းဖန် ထံမှ ‘ပန်ကူးစမတ်ဖုန်း အထောက်အကူဆော့ဖ်ဝဲလ်ပင်မကုဒ်ကို ရယူရန် ခိုင်းစေထားခြင်းဖြစ်သည်။
ထို့ကြောင့် ‘Caesar’ ကြေးစားအဖွဲ့သည် လူနှစ်ဦးကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ လူများပါက မျက်စိကျစရာ ဖြစ်သလို လက်နက်သယ်ဆောင်ရန်လည်း ခက်ခဲသောကြောင့် ဖြစ်သည်။
“အိုး… မိုင်ဂေါ့ဒ်! အီဘရွန်၊ ဟိုမှာကြည့်စမ်း… အဲ့ဒါ Aston Martin One-77 ပဲ။ တကယ့်ကို လှပလွန်းတယ်။”
“ပါးစပ်ပိတ်စမ်း”
အီဘရွန်သည် ဤနွားသိုးကဲ့သို့ ထွားကြိုင်းသော လူမည်းကြီးနှင့် အတူအလုပ်မလုပ်ချင်သော်လည်း ရွေးချယ်စရာ မရှိပေ။ အထက်မှ ပေးထားသော ညွှန်ကြားချက်မှာ မည်သည့်နည်းနှင့်မဆို မစ်ရှင်အောင်မြင်ရန် ဖြစ်သည်။
ဤကဲ့သို့ တစိမ်းပြင်ပနိုင်ငံတွင် ဆမ်ထက် ပိုကောင်းသော ပါတနာကို ရှာရန် ခက်ခဲလှသည်။
“ဟေး… အစ်ကိုကြီး၊ ငါ့ကိုမေးရင်တော့ အဲ့ဒီလောက် အလုပ်ရှုပ်မနေနဲ့။ တံတိုင်းကို ကျော်တက်ပြီး ပစ်မှတ်ကို အမိဖမ်းလိုက်ရုံပဲ။”
ဆမ်က ပုခုံးတွန့်ကာ ဂရုမစိုက်သလို ပြောလိုက်သည်။
သို့သော် အီဘရွန်က သူ့ကို လှည့်ပင်မကြည့်ပေ။ သူသည် ကျန့်ခန်းယွမ်၏ အပြင်ဘက်ကိုသာ အာရုံစိုက်နေပြီး အီလက်ထရောနစ်မြေပုံကို တစ်ခါတစ်ရံ ကြည့်နေသည်။ ဤသည်မှာ တရုတ်နိုင်ငံဖြစ်သည်။ အကယ်၍ တရုတ်အာဏာပိုင်များ သတိပြုမိသွားပါက ၎င်းတို့အတွက် လွတ်လမ်းရှိမည်မဟုတ်ပေ။
ထို့ကြောင့် အစီအစဉ်သည် သေချာကျနပြီး အမှားအယွင်းမရှိစေရန်ဖြစ်သည်။
ခဏအကြာ လုံခြုံရေးအဖွဲ့ နှစ်ဖွဲ့ ကင်းလှည့်လဲလှယ်ပြီးနောက် အီဘရွန်က လက်ဟန်ပြကာ တက်ဘလက်ကို သိမ်းလိုက်သည်။ ထို့နောက် ကင်မရာများကို ရှောင်ရှားကာ ကျန့်ခန်းယွမ်၏ အပြင်ဘက်တံတိုင်းဆီသို့ တန်းတန်းမတ်မတ် သွားပြီး အထဲသို့ လျင်မြန်စွာ ကျော်ဝင်သွားတော့သည်။ ဘေးနားရှိ ဆမ်သည်လည်း အားမနေဘဲ အီဘရွန်၏နောက်မှ လိုက်ပါသွားသည်။ ညမှောင်ရိပ်ကို အကာအကွယ်ယူကာ လူရိပ်နှစ်ခုသည် ကျန့်ခန်းယွမ်အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားကြသည်။
“ဝူး… ဝူး…”
တစ်ချိန်တည်းမှာပင် လင်းဖန် သည် အိပ်ပျော်ကာစရှိသေးသော်လည်း ပြင်းထန်သော တုန်ခါမှုတစ်ခုကြောင့် နိုးလာခဲ့သည်။
“သူဌေး… ရန်သူတွေ ကျူးကျော်ဝင်ရောက်လာပါပြီ။”
ဘာ ရန်သူလား..။
လင်းဖန် သည် အိပ်ချင်မူးတူးအခြေအနေမှ ချက်ချင်း သတိကပ်သွားသည်။ ဉာဏ်ရည်တု ‘ရှုံ့တာ’ ကို တီထွင်ပြီးကတည်းက ကျန့်ခန်းယွမ်၏ စောင့်ကြည့်ရေးစနစ် တစ်ခုလုံးကို အဆင့်မြှင့်တင်ထားပြီး လျှို့ဝှက်ကင်မရာများစွာကိုလည်း တပ်ဆင်ထားခဲ့သည်။ ကျန့်ခန်းယွမ်အတွင်း ရှုံ့တာ မမြင်နိုင်သော ထောင့်ဟူ၍ မရှိဟုပင် ပြောနိုင်သည်။
ဤသည်မှာ ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သော်လည်း ယနေ့တွင် မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များ တကယ်ပင် ရှိလာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
“ရန်သူ ဘယ်နှစ်ယောက်လဲ၊ ဘယ်ကနေ လာတာလဲ”
လင်းဖန် က ချက်ချင်း မေးလိုက်သည်။
“နိုင်ငံတကာ ထိပ်တန်းကြေးစားအဖွဲ့ ‘Caesar’ က နှစ်ယောက်ပါသူဌေး။ သူတို့ လက်ရှိမှာ ဘရောင်နင် ပစ္စတို နှစ်လက်ကို ကိုင်ဆောင်ထားပြီး ဗီလာ အမှတ် ၁၀၆ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။”
ရှုံ့တာသည် စုံစမ်းသိရှိရသော အချက်အလက်များကို ချက်ချင်းပင် တိကျရှင်းလင်းစွာ ပြောပြလိုက်သည်။
“ဟမ်”
ထိုစကားကို ကြားလိုက်ရသောအခါ လင်းဖန် ၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ချက်ချင်း ဖြတ်ပြေးသွားသည်။ ကမ္ဘာ့ထိပ်တန်း ကြေးစားအဖွဲ့က သေနတ်များကိုပါ ယူဆောင်လာသည်ဆိုလျှင် ၎င်းသည် သာမန်ကိစ္စ မဟုတ်သည်မှာ သေချာသည်။
“ရှုံ့တာ… လုံခြုံရေးအဖွဲ့ကို ချက်ချင်း အကြောင်းကြားလိုက်။ သူတို့ကို သတိထားပြီး ကိုင်တွယ်ဖို့ ပြောလိုက်ပါ။”
“ဟုတ်ကဲ့ပါ”
ခဏအကြာတွင် ကျန့်ခန်းယွမ် လုံခြုံရေးအဖွဲ့သည် ရှုံ့တာ၏ အကူအညီဖြင့် ပြင်ပလူနှစ်ဦး ရှိနေသည့်နေရာကို တိုက်ရိုက် သိရှိသွားသည်။ လုံခြုံရေးဝန်ထမ်း ၁၂၀ နှင့်အတူ ကြီးမားသော အစောင့်ခွေး ၁၀ ကောင်ကျော်သည် ဝိုင်းရံမှုကို တဖြည်းဖြည်း ကျဉ်းမြောင်းလာစေခဲ့သည်။
“ဝုတ်! ဝုတ်! ဝုတ်!”
မိနစ်အနည်းငယ်အတွင်း ကျန့်ခန်းယွမ် လုံခြုံရေးအဖွဲ့သည် ကြေးစားနှစ်ဦးကို ဗီလာနှစ်ခုကြားတွင် ဝိုင်းထားနိုင်ခဲ့ပြီး အထူးလေ့ကျင့်ထားသော ခွေးကြီးများကို တစ်ပြိုင်နက် လွှတ်လိုက်သည်။ လေ့ကျင့်ပေးထားသော ထိုခွေးကြီးများသည် ရန်သူကို ရင်ဆိုင်ရာတွင် စစ်မြေပြင်ရောက် စစ်သည်တော်များထက် မနိမ့်သော တိုက်ခိုက်ရေးစွမ်းရည်များကို ပြသနိုင်ကြသည်။
“အီဘရွန်… အခြေအနေ တစ်ခုခု ထူးခြားနေပြီ။”
ထိုအချိန်တွင် ဆမ်သည်လည်း ခွေးဟောင်သံကို ကြားလိုက်ရသဖြင့် အမြန် ရပ်လိုက်သည်။
“မကောင်းတော့ဘူး၊ ငါတို့ အမိခံလိုက်ရပြီ။ မြန်မြန်ပြေး”
အီဘရွန်သည် မျက်နှာပျက်သွားပြီး အပြင်ဘက်တံတိုင်းဆီသို့ အမြန် ပြေးတော့သည်။ ခွေးတွေပါ လွှတ်လိုက်ပြီဆိုလျှင် ဤစစ်ဆင်ရေးသည် ကျရှုံးသွားပြီမှာ သေချာသည်။ ဆက်နေပါက သူတို့ ပြန်ထွက်နိုင်မည်ပင် မဟုတ်တော့ပေ။
မေးခွန်းထုတ်စရာမှာ ကျည်ကတ် ၄ ကတ်နှင့် ကျည်ဆန် ၆၀ သာပါသော ဘရောင်နင် သေနတ်ကို ကိုင်ထားသည့် သူတို့နှစ်ယောက်သည် လူအင်အားတစ်ရာကျော်နှင့် ရက်စက်လှသော ခွေးကြီး ၁၀ ကောင်ကျော်ကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
..........................................................
အပိုင်း ၂၂၂
ကျန့်ခန်းယွမ် ဗီလာဝန်းတစ်ခုလုံးသည် လင်းဖန် ပိုင်ဆိုင်ခြင်းဖြစ်သည်။ ဝမ်ချောင်နဲ့ချင်းလင်တို့ပိုင်ဆိုင်သည့် ဗီလာနှစ်လုံးမှလွဲ၍ ကျန်ရှိသော ဗီလာ ၁၂၀ လုံးတွင် လင်းဖန် ၏ ကိုယ်ပိုင်ဝန်ဆောင်မှုအဖွဲ့များသာ နေထိုင်ကြသည်။
ကမ္ဘာ့ထိပ်တန်း ကြေးစားအဖွဲ့ 'Caesar' မှ လူသတ်သမားနှစ်ဦးဖြစ်သော ဆမ်နှင့် အီဘရွန်တို့မှာ ကျော့ကွင်းထဲသို့ သူတို့ဘာသာ တိုးဝင်လာခဲ့ကြခြင်းသာ ဖြစ်တော့သည်။
ခဏအကြာတွင်......
“ဆရာ… ဒီနှစ်ယောက်က ခိုးဝင်လာတဲ့သူတွေပါ”
လုံခြုံရေးအဖွဲ့သည် သွေးအိုင်ထဲတွင် လူးလှိမ့်နေသော လူဖြူတစ်ဦးနှင့် လူမည်းတစ်ဦးကို လင်းဖန် ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ခွေးကိုက်ခံထားရသော ဒဏ်ရာများဖြစ်ကြောင်း သိသာလှသည်။ ကျန့်ခန်းယွမ် လုံခြုံရေးအဖွဲ့သည် တရုတ်မျိုးရင်းခွေး ၂၄ ကောင်ကို ယဉ်ပါးအောင် လေ့ကျင့်ထားသည်။ ၎င်းတို့ထဲတွင် နာမည်ကြီး အမဲလိုက်ခွေးများဖြစ်သော စီချွမ်းအရှေ့ပိုင်းခွေး ရှမုခွေး ကျားသစ်ကွက်ခွေး၊ ဝံပုလွေခွေး၊ ကျောမည်းခွေးနှင့် အဝါရောင်မြက်ခွေးများ ပါဝင်သည်။
ထို့အပြင် စိန့်ဟူးဘတ်၊ တိဘက်ကပြား၊ ရော့တ်ဝိုင်လာ_ ဆူမူး၊ ဂျာမန်ရှက်ပတ်နှင့် ကော်ကေးရှပ်ခွေးကြီးများလည်း ရှိနေသေးသည်။ ခွေး ၆ ကောင်ကို တစ်ဖွဲ့ခွဲ၍ တစ်နေ့လျှင် ၄ ဖွဲ့ခွဲကာ ဗီလာဝန်းအတွင်း လုံခြုံရေးယူကြခြင်းဖြစ်သည်။
ရှုံ့တာ သတိမပေးလျှင်ပင် ဤအမဲလိုက်ခွေးများ၏ အနံ့ခံနိုင်စွမ်းအောက်တွင် ထိုလူသတ်သမားနှစ်ဦးမှာ အမြန်ဆုံး ဖော်ထုတ်ခံရမည်သာ ဖြစ်သည်။
“ဖြောင်း… ဖြောင်း… ဖြောင်း!”
လင်းဖန် က လက်ခုပ်အသာတီးရင်း အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“Caesar ကြေးစားအဖွဲ့… ကမ္ဘာ့ထိပ်တန်းအဖွဲ့ဆိုတော့လည်း တော်တော်လေး စွမ်းဆောင်ရည်ရှိကြတာပဲ။ ငါ့အိမ်တံခါးဝအထိတောင် လာရဲတယ်ပေါ့။”
“ငါ့လုံထန်က မင်းတို့နဲ့ အရင်ကလည်း ရန်ငြိုးမရှိဘူး၊ အခုလည်း ဘာပြဿနာမှ မရှိဘူး။ ဒီနေ့ မင်းတို့ လာတာက တစ်ယောက်ယောက်က အထူးစီစဉ်ခိုင်းလိုက်တာလို့ ငါထင်တယ်။ ကဲ… ပြောစမ်း၊ ဘာကိစ္စနဲ့ လာတာလဲ”
ထိုစကားကို ကြားသောအခါ ဆမ်နှင့် အီဘရွန်တို့က မျက်တောင်အသာခတ်ကာ ကြည့်သော်လည်း စကားတစ်ခွန်းမှ မဟကြပေ။ ဤလောကတွင် ကျင်လည်လာသည်မှာ ကြာပြီဖြစ်သဖြင့် အလုပ်ရှင်၏ အချက်အလက်ကို နှုတ်လုံစွာ ထိန်းသိမ်းခြင်းမှာ သူတို့၏ အခြေခံအကျဆုံး ကျင့်ဝတ်ဖြစ်သည်။ မဖော်ထုတ်ပါက အလုပ်ရှင်နှင့် ကြေးစားအဖွဲ့၏ သတ်ဖြတ်ခြင်းကို ရှောင်လွှဲနိုင်မည်မဟုတ်သလို သူတို့၏ မိသားစုများပါ ဘေးကင်းမည်မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။
“ဆရာ… သူတို့ကို ရဲလက်အပ်လိုက်မလား”
ဘေးနားရှိ လုံခြုံရေးခေါင်းဆောင်က မေးလိုက်သည်။
“မလိုဘူး။ ဒီလိုလူတွေက ဘယ်သူ့လက်ထဲအပ်အပ် ဘာမှပြောမှာမဟုတ်ဘူး။”
လင်းဖန် က လက်ယမ်းပြကာ မျက်နှာသေဖြင့် ပြောလိုက်သည်။
“ဘာမှမပြောချင်ဘူးဆိုရင်လည်း သူတို့ကို သေခွင့်ပေးလိုက်ပါ။”
ပြောပြီးသည်နှင့် သူသည် နောက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။ လင်းဖန် ထွက်သွားသည်နှင့် လုံခြုံရေးအဖွဲ့သည် သူတို့လက်ထဲရှိ ခွေးချည်ကြိုးများကို တိတ်တဆိတ် လွှတ်ပေးလိုက်သည်။ အမဲလိုက်ခွေး ၂၄ ကောင်မှာ ဒေါသတကြီးဖြင့် ခုန်အုပ်ကြတော့သည်။ ခဏအကြာတွင် ကျန့်ခန်းယွမ်အတွင်း၌ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း မည်သူမျှ မကြားချင်ယောင်ဆောင်နေခဲ့ကြသည်။
“ရှုံ့တာ… ဟိုလူနှစ်ယောက်ရဲ့ အချက်အလက် အသေးစိတ်ကို ပို့လိုက်စမ်း။”
ဗီလာ နံပါတ် ၁ သို့ ပြန်ရောက်ရောက်ချင်း လင်းဖန် က အမိန့်ပေးလိုက်သည်။ တရုတ်နိုင်ငံသည် ကြေးစားများအတွက် တားမြစ်နယ်မြေအဖြစ် လူသိများသော်လည်း ဤလူနှစ်ဦးက အသက်စွန့်ကာ လာရောက်ခြင်းမှာ အကျိုးအမြတ်ကြောင့်သာ ဖြစ်နိုင်သည်။
“သူဌေး… ရှာတွေ့ပါပြီ။”
ရှုံ့တာ ပြောပြီးသည်နှင့် မျက်နှာပြင်ပေါ်တွင် အချက်အလက်များစွာ ပေါ်လာသည်။
စမစ် အီဘရွန်: အမေရိကန်တပ်မတော် အထူးတပ်ဖွဲ့မှ ဗိုလ်မှူးဟောင်း၊ စစ်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး အငြိမ်းစားယူပြီးနောက် Academi သို့ ဝင်ရောက်ခဲ့သည်။
ဂျွန် နယူးစ် ဆမ်: အမေရိကန် ဒယ်လ်တာတပ်ဖွဲ့ (Delta Force) မှ တပ်ကြပ်ကြီးဟောင်း၊ စစ်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး အငြိမ်းစားယူပြီးနောက် Academi သို့ ဝင်ရောက်ခဲ့သည်။
Academi သို့မဟုတ် 'Blackwater' သည် အမေရိကန် စစ်လက်နက်လုပ်ငန်းစုကြီးမှ ပေါက်ဖွားလာသော ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီဖြစ်သည်။ ဤလူနှစ်ဦးမှာ သာမန်ကြေးစားများ မဟုတ်ဘဲ အတွေ့အကြုံရင့် လူသတ်သမားများ ဖြစ်နေကြသည်။
“ရှုံ့တာ… သူတို့ကို ဘယ်သူ ငှားတာလဲဆိုတာ ရှာတွေ့ပြီလား”
“သူဌေး… သူတို့က တရားဝင်ထုတ်ပြန်ထားတဲ့ မစ်ရှင်ကို လက်ခံခဲ့တာ မဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ Dark Web မှာလည်း သူဌေးကို လုပ်ကြံဖို့ အချက်အလက် မရှိပါဘူး။ ဒါဟာ သီးသန့် ချိတ်ဆက်မှုတစ်ခု ဖြစ်ပုံရပါတယ်။”
လင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့သော သီးသန့်သဘောတူညီချက်များသည် ခြေရာခံရန် အခက်ခဲဆုံးဖြစ်သည်။
“သူဌေး… သူတို့နှစ်ယောက်ရဲ့ အီးမေးလ်ထဲမှာ ဂျိမ်းစ်ဆိုတဲ့လူဆီက ပို့ထားတဲ့ အီးမေးလ်တစ်ခုကို တွေ့ပါတယ်။ အဲ့ဒီထဲမှာ သူဌေးအကြောင်း အချက်အလက်တွေ ပါနေပါတယ်။”
ရှုံ့တာ၏ သတင်းပေးချက်ကြောင့် လင်းဖန် စိတ်ဝင်စားသွားသည်။
“ဂျိမ်းစ်.သူက ဘယ်သူလဲ”
ခဏအကြာတွင် ရှုံ့တာက အဖြေထုတ်ပေးလိုက်သည်။
“ဂျိမ်းစ်ဆိုတာ Grumman Corporation ရဲ့ CEO ဟောင်းရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်ဖြစ်ပါတယ် သူဌေး။”
Grumman သည် ကမ္ဘာလုံးဆိုင်ရာ စစ်ဘက်နည်းပညာ ထိပ်တန်းကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ၎င်း၏ CEO ဟောင်း ရှူးဂဲလ်သည် လက်ရှိ APPLE ကုမ္ပဏီ၏ ဒါရိုက်တာ ၈ ဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။
အခုတော့ အားလုံးက ရှင်းလင်းသွားပြီ။ APPLE ၏ ဒါရိုက်တာတစ်ဦးဖြစ်သော ရှူးဂဲလ်သည် လင်းဖန် ကြောင့် APPLE စတော့ရှယ်ယာများ ထိုးဆင်းကာ သူ၏ ကြွယ်ဝမှုများ လျင်မြန်စွာ လျော့နည်းသွားသဖြင့် လူသတ်လိုစိတ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့အပြင် လင်းဖန် ပိုင်ဆိုင်သော ဉာဏ်ရည်တုနည်းပညာကို ရယူလိုသော ရည်ရွယ်ချက်လည်း ပါဝင်နေသည်။
“ရှုံ့တာ… ရှူးဂဲလ်ရဲ့ လျှို့ဝှက်ကျူးလွန်ထားတဲ့ ရာဇ၀တ်မှု အချက်အလက်အားလုံးကို စုစည်းပြီး သက်ဆိုင်ရာလူတွေဆီ ပို့လိုက်ပါ။”
လင်းဖန် က အေးစက်စက် ပြောလိုက်သည်။
ရှူးဂဲလ်ကဲ့သို့ အမေရိကန်မှ ထင်ရှားကျော်ကြားသူတစ်ဦးကို လက်စားချေရန်မှာ ကိုယ်တိုင်သွားစရာ မလိုပေ။ သူနှင့် ပူးပေါင်းဆောင်ရွက်နေသော အဓိကပုဂ္ဂိုလ်များထံသို့ ဤအမည်းစက်များကို ပို့ပေးလိုက်ရုံဖြင့် ထိုလူများကပင် သူတို့၏ ဂုဏ်သိက္ခာအတွက် ရှူးဂဲလ်ကို ရှင်းလင်းပစ်ကြလိမ့်မည်။
“ဟုတ်ကဲ့သူဌေး… ပစ္စည်းတွေကို ပို့လိုက်ပါပြီ။”
....................................................