အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အပိုင်း ၂၂၇
“မစ္စတာရောဘတ်… 《Avatar 2》 အတွက် ဒီနည်းပညာက မဖြစ်မနေ လိုအပ်ပါတယ်”
ကင်မရွန်က ခေတ္တမျှ စဉ်းစားပြီးနောက် အလွန်တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ဖြစ်နိုင်ရင် ကျွန်တော်တို့ လုံထန်နဲ့ အမြန်ဆုံး ဆက်သွယ်သင့်တယ်လို့ ထင်ပါတယ်ဗျာ။”
“ကောင်းပြီ… ငါနားလည်ပြီ။ မင်းသာ အဆင်သင့်ပြင်ထား၊ ငါ တရုတ်ပြည်သွားဖို့ ချက်ချင်းစီစဉ်လိုက်မယ်။”
Disney ဥက္ကဋ္ဌ ရောဘတ်အိုက်ဂါက လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်သည်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ၁၄ နှစ်ကြာ စီမံကိန်းချ၊ ဒေါ်လာသန်း ၅၀၀ အကုန်အကျခံကာ ၄ နှစ်ကြာ ရိုက်ကူးခဲ့သော သိပ္ပံရုပ်ရှင်အကျော်အမော် 《Avatar》 သည် နောက်ဆုံးပေါ် 3D နည်းပညာကို အသုံးပြုပြီး တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့ဖူးသည်။ ၂၀၁၀ ခုနှစ် သြဂုတ်လအထိ စုစုပေါင်း ရုံတင်ငွေ ဒေါ်လာ ၇.၅ ဘီလီယံကျော် ရရှိခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။
ယနေ့တိုင်အောင်ပင် 《Avatar》 သည် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းတွင် ဒုတိယနေရာ၌ ရှိနေဆဲဖြစ်သည်။
လက်ရှိရိုက်ကူးနေသော 《Avatar 2》 သည်လည်း ကမ္ဘာ့အဆင့်မြင့်ဆုံး 6D နည်းပညာနှင့် Industrial Light & Magic ကဲ့သို့ ထိပ်တန်းစတန့်အဖွဲ့များကို အသုံးပြုထားသော်လည်း ဟိုလိုဂရပ်ဖစ်နည်းပညာနှင့် ယှဉ်လိုက်ပါက အားလုံးမှာ အရာမရောက်တော့ပေ။
အကယ်၍သာ ဟိုလိုဂရပ်ဖစ်ကို အသုံးချနိုင်လျှင် 《Avatar 2》 သည် စံချိန်သစ်များ ထပ်မံတင်နိုင်မည်မှာ သေချာသော်လည်း၊ မရရှိခဲ့ပါက အခြားသူများ၏ ဖိနှိပ်ခြင်းကို ခံရနိုင်ခြေ ရှိနေသည်။
တစ်ချိန်တည်းမှာပင် ရှန်ကျန်းရှိ နိုင်ငံတကာ အီလက်ထရွန်နစ်ပြပွဲတွင် လုံထန်ဂရုကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများမှာ ငြိမ်သက်မသွားဘဲ ပိုမိုပြင်းထန်လာခဲ့သည်။ A001 ပြခန်းသို့ လာရောက်သူ ပိုမိုများပြားလာပြီး လူတိုင်းက ဟိုလိုဂရပ်ဖစ်ဖြင့် ပြသနေသော 《Nezha: The Devil Boy Comes to the World》 ကို ငေးမောကြည့်ရှုနေကြသည်။
လုံထန်ဂရု၏ COO ယွီလဲ့သည် ပြခန်းအလယ်တွင် ပေါ်လာပြီး လူအများကို မိတ်ဆက်ပေးလိုက်သည်။
“ဒါကတော့ ကျွန်တော်တို့အဖွဲ့က ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးပေါ် ဟိုလိုဂရပ်ဖစ် နည်းပညာ သို့မဟုတ် HD နည်းပညာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ဒစ်ဂျစ်တယ်တွက်ချက်မှုနဲ့ ခေတ်မီရုပ်ပိုင်းဆိုင်ရာ အလင်းဗေဒ (Optics) ကို အခြေခံထားပြီး သာမန်ပတ်ဝန်းကျင်မှာတင် အဆင့်မြင့်မားတဲ့ ရုပ်ပုံတွေကို မြင်တွေ့နိုင်အောင် ဖန်တီးပေးထားတာပါ...”
ယွီလဲ့က ဆက်လက်၍ ဂုဏ်ယူစွာ ပြောကြားသည်မှာ
- “HD ဟာ စစ်မှန်တဲ့ ဟိုလိုဂရပ်ဖစ် အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ဟာ ဒီပစ္စည်းတွေကို သေးငယ်အောင် ပြုလုပ်ပြီး မိုဘိုင်းလ်ဖုန်းတိုင်းမှာ ထည့်သွင်းသွားမှာပါ။ အဲ့ဒီအခါ ဖုန်းပြောရင် တစ်ဖက်လူရဲ့ ပုံရိပ်ကို လေဟာနယ်ထဲမှာ တိုက်ရိုက်မြင်တွေ့ပြီး စကားပြောနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဖန်သားပြင်ရှိတဲ့ ခေတ်ကနေ ဖန်သားပြင်မလိုတဲ့ ခေတ်ကို ကူးပြောင်းခြင်းပါပဲ။ တစ်နေ့မှာ မင်းတို့ရဲ့ အိမ်တွေဟာ ရုပ်ရှင်ရုံတွေ ဖြစ်လာပြီး ဥရောပဘောလုံးပွဲတွေကို ဘယ်နေရာမှာမဆို အပြင်မှာ တကယ်ကြည့်နေရသလို ခံစားရမှာပါ”
“ဝိုးးးးးး”
ယွီလဲ့၏ စကားအဆုံးတွင် ပရိသတ်များ၏ လက်ခုပ်သံနှင့် အားပေးသံများမှာ အားကစားကွင်းကြီးတစ်ခုလုံးကို တုန်ဟည်းသွားစေခဲ့သည်။ တရုတ်လူမျိုးများကလည်း
“လုံထန်ကတော့ တကယ်လန်းတယ်”
ဟု အားရပါးရ အော်ဟစ်နေကြသည်။ နိုင်ငံခြားသားတွေတောင် မလုပ်နိုင်တာကို ငါတို့ တရုတ်လူမျိုးတွေက ဖော်ထုတ်နိုင်ခဲ့ပြီဟူသော ဂုဏ်ယူစိတ်များမှာ လူတိုင်းတွင် ပြည့်နှက်နေတော့သည်။
ပထမဆုံးနေ့ ပြပွဲပြီးဆုံးသွားသော်လည်း သတင်းထောက်များနှင့် မီဒီယာများကမူ ဤသတင်းကြီးကို တစ်ကမ္ဘာလုံးသိအောင် ရူးသွပ်မတတ် စတင်တင်ဆက်နေကြပြီ ဖြစ်သည်။
ည ၈ နာရီ၊ ရှန်ကျန်း Longteng အဆောက်အဦး
“သူဌေး… ကျွန်တော်တို့တော့ နာမည်ကြီးနေပြန်ပြီ။ အခု အင်တာနက်ပေါ်မှာ လူတိုင်းက ကျွန်တော်တို့အဖွဲ့ကို ချီးကျူးနေကြတာ အပြည့်ပဲ။”
ယွီလဲ့က ရုံးခန်းသို့ ပြန်ရောက်သည်နှင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သုတေသနဒါရိုက်တာ ယွီလီလည်း ထပ်တူပင် ဝမ်းသာနေသည်။ ပြပွဲမတိုင်ခင်က အောင်မြင်မည်ဟု ခန့်မှန်းထားသော်လည်း ဤမျှအထိ ဆူညံသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“စိတ်အေးအေးထားပါ… ဒါက အစပဲ ရှိသေးတယ်၊ နောက်ထပ် အဓိက အပိုင်းတွေ လာဦးမှာပါ။”
လင်းဖန် က ပြုံးလျက် လက်ယမ်းပြလိုက်သည်။
သတင်းများမှာ ပျံ့နှံ့နေဆဲဖြစ်ပြီး ဟိုလိုဂရပ်ဖစ် နည်းပညာကို အမှန်တကယ် လိုအပ်နေသူများက တံခါးလာခေါက်ချိန်ကျမှသာ အစစ်အမှန် စတင်မည်ဖြစ်သည်။
လောလောဆယ်တွင် ရုပ်ရှင်နှင့် ဖျော်ဖြေရေးဈေးကွက်ကို နိုင်ငံခြားသားများက ထိန်းချုပ်ထားသဖြင့် ဤနည်းပညာ ပြည်ပသို့ ရောက်ရှိသွားမှသာ အစစ်အမှန် စီးပွားဖြစ်မှု (Commercialization) ဟု ဆိုနိုင်သည်။
“သူဌေး… သုတေသနဌာနကနေ ဟိုလိုဂရပ်ဖစ် ပစ္စည်းတွေကို အမြောက်အမြား ထုတ်လုပ်နေပြီလို့ မစ္စတာကျန်းဆီက သတင်းရပါတယ်။ Dynasty Entertainmentကလည်း သူတို့ဆီမှာ အမြန်ဆုံး တပ်ဆင်ပေးဖို့ တိုက်တွန်းနေပါတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲခင်ဗျာ”
ယွီလဲ့က မေးလိုက်သည်။
“အို ထုတ်လုပ်မှုက တော်တော်မြန်တာပဲ။”
လင်းဖန် အံ့သြသွားပြီးနောက် ပြုံးလိုက်သည်။
“ဝမ်ချောင်နဲ့ ချင်လင်းတို့ကတော့ တောင့်မခံနိုင်တော့ဘူး ထင်တယ်။ ကောင်းပြီ… သူတို့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ရုံတွေကို အရင်ဆုံး အဆင့်မြှင့်တင်ပေးလိုက်ပါ။ နိုင်ငံခြားသားတွေ ဒီနည်းပညာကို မသုံးရသေးခင် ကျုပ်တို့ တရုတ်ပြည်ကလူတွေ အရင်ဆုံး ခံစားကြည့်နိုင်ရမယ်။ မဟုတ်ရင် ကျုပ်တို့ကို သစ္စာဖောက်တွေလို့ အပြောခံနေရဦးမယ်။”
“ဟုတ်ကဲ့ပါ”
ယွီလဲ့က ခေါင်းညိတ်ကာ အစီအစဉ်များ ပြုလုပ်ရန် အမြန်ထွက်သွားတော့သည်။
.......................................................
အပိုင်း ၂၂၈
နောက်တစ်နေ့ နံနက်စောစော၊ ရှန်ကျန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်။
မိုးကုပ်စက်ဝိုင်းတွင် နီမြန်းသော တိမ်တိုက်ကလေးများ စတင်ပေါ်ပေါက်လာချိန်နှင့်အတူ အနက်ရောင်ဝတ်စုံဝတ် ဆင်ထားသည့် နိုင်ငံခြားသားတစ်စုသည် လေဆိပ်အတွင်းမှ စီတန်းထွက်ခွာလာကြသည်။ ၎င်းတို့ထဲမှ အသက်ကြီးကြီး နိုင်ငံခြားသားတစ်ဦး၏ ပုံရိပ်မှာ လူအများ၏ အာရုံကို ဖမ်းစားထားသည်။
“ဟေး… ကြည့်စမ်း၊ အဲ့ဒါ ဘယ်သူလဲ.ကင်မရွန် မဟုတ်လား”
“《Avatar 2》 ရိုက်နေတယ်လို့ ကြားတယ်၊ ဒီအချိန်ကြီး ကင်မရွန်က ဘယ်လိုဖြစ်ပြီး ရှန်ကျန်းကို ရောက်လာတာလဲ”
“ကမ္ဘာကျော် ဒါရိုက်တာကြီး ရှန်ကျန်းကို ရောက်နေတာ ဘယ်သူမှ ကြိုမသိလိုက်ဘူး၊ မယုံနိုင်စရာပဲ”
ရှန်ကျန်းကဲ့သို့ နိုင်ငံတကာ မြို့ပြကြီးတစ်ခုတွင် နိုင်ငံခြားသားများကို မြင်တွေ့ရသည်မှာ မထူးဆန်းသော်လည်း၊ ဤလူမှာ ကမ္ဘာကျော် မင်းသား၊ မင်းသမီးများထက်ပင် သြဇာကြီးမားသော ဒါရိုက်တာကြီး ဂျိမ်းစ် ကင်မရွန် ဖြစ်နေသဖြင့် ထူးခြားနေခြင်းဖြစ်သည်။
၁၉၈၄ ခုနှစ်တွင် 《The Terminator》၊ ၁၉၈၆ ခုနှစ်တွင် 《Aliens》၊ ၁၉၉၇ ခုနှစ်တွင် ၁၁ ဆုရ 《Titanic》 နှင့် ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့စံချိန်တင် 《Avatar》 တို့ကို ရိုက်ကူးခဲ့သူ ကင်မရွန်အား မသိသူ မရှိသလောက်ပင်။ လေဆိပ်ရှိ လူအများမှာ ဖုန်းများ၊ ကင်မရာများဖြင့် ဓာတ်ပုံရိုက်ကြရာ ဖလက်ရှ်မီးများမှာ တဖျတ်ဖျတ် လင်းနေတော့သည်။ ဤသတင်းမှာ တောမီးပမာ ပျံ့နှံ့သွားပြီး တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
“ဟေး… ရောဘတ်၊ မြန်မြန်လျှောက်စမ်းပါ။ ဒီအခွင့်အရေးသာ လွဲသွားရင် ငါတို့ရဲ့ နောက်ဆက်တွဲဇာတ်ကားကတော့ သွားပြီပဲ။”
သက်တော်စောင့်များ၏ အကာအကွယ်ဖြင့် ကင်မရွန်သည် ကားဆီသို့ အလောတကြီး လျှောက်သွားသည်။ သူသည် လုံထန်ဂရု၏ ရုံးချုပ်သို့ အမြန်ဆုံး ရောက်ရှိလိုနေပြီဖြစ်သည်။ သူ၏နောက်တွင် Disney ဥက္ကဋ္ဌ ရောဘတ်အိုက်ဂါက ခေါင်းခါရင်း လိုက်လာရသည်။ ဤခေါင်းမာသော ဒါရိုက်တာကြီးကို ထိန်းကျောင်းရသည်မှာ မလွယ်ကူလှပေ။
ထို့နောက် ၎င်းတို့သည် ကြိုတင်စီစဉ်ထားသော Rolls-Royce Phantom ကားကြီးဖြင့် လုံထန်အဆောက်အဦးဆီသို့ ဦးတည်ထွက်ခွာသွားကြသည်။
“သူဌေး… ကင်မရွန်နဲ့ ရောဘတ်အိုက်ဂါတို့ ရောက်လာပါပြီ။”
လုံထန်အဆောက်အဦး၏ အထပ်မြင့်ရုံးခန်းအတွင်း၌ ယွီလဲ့က လင်းဖန် ထံ အစီရင်ခံလိုက်သည်။
“အို..ငါးကြီးတွေက တော်တော်မြန်မြန် လာဟပ်တာပဲ”
လင်းဖန် ၏ မျက်နှာတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။ ကမ္ဘာကျော် ဒါရိုက်တာနှင့် Disney ဥက္ကဋ္ဌတို့ ပြပွဲပြီးနောက် တစ်ရက်တည်းနှင့် ရောက်လာခြင်းမှာ သူတို့ မည်မျှ အသည်းအသန် ဖြစ်နေသည်ကို ပြသနေသည်။
“သူဌေး… ကျွန်တော်တို့ ဘာများ ကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲခင်ဗျာ”
ယွီလဲ့က စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ မေးလိုက်သည်။ သူကိုယ်တိုင်လည်း ကင်မရွန်၏ ပရိသတ်တစ်ဦး ဖြစ်သဖြင့် အိုင်ဒေါနှင့် တွေ့ရမည်ကို ရင်ခုန်နေမိသည်။
“ဟမ်”
လင်းဖန် က သူ့ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
“ဘာတွေ ပြင်နေမှာလဲ..ဒီတစ်ခါ သူတို့က ငါတို့ဆီကို အကူအညီလာတောင်းတာလေ။”
《Avatar 2》 ကို ရိုက်ကူးရာတွင် ကင်မရွန်အနေဖြင့် ပထမကားထက် ပိုမိုခမ်းနားလိုပါက ဟိုလိုဂရပ်ဖစ်နည်းပညာသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ နည်းပညာအပေါ် အလွန်အမင်း ဇီဇာကြောင်တတ်သော ဒါရိုက်တာကြီးအတွက် ဤအရာမှာ မရှိမဖြစ် ဖြစ်နေမည်မှာ သေချာသည်။
“ဟုတ်ကဲ့… နားလည်ပါပြီ”
ယွီလဲ့သည် ရေအေးဖြင့် အပက်ခံလိုက်ရသလို ဖြစ်သွားပြီး ချက်ချင်း စိတ်အေးသွားသည်။ အခုက ပရိသတ်လုပ်ရမည့်အချိန် မဟုတ်ဘဲ ကုမ္ပဏီ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ရမည့် အချိန်ဖြစ်သည်။
တစ်နာရီခန့်အကြာတွင် ကင်မရွန်နှင့် ရောဘတ်အိုက်ဂါတို့အဖွဲ့ လုံထန်ဂရုအဆောက်အဦးသို့ ရောက်ရှိလာသည်။
“အားလုံးပဲ အထဲကြွပါ၊ သူဌေးက စောင့်နေပါတယ်။”
ယွီလဲ့က ပြုံးလျက် ကြိုဆိုလိုက်သည်။ ခမ်းနားသော အခမ်းအနားများ မရှိသော်လည်း ဤသို့ သာမန်တွေ့ဆုံမှုကပင် သူတို့အတွက် လုံလောက်သော မျက်နှာပန်း ဖြစ်စေသည်။
ရုံးခန်းအတွင်းသို့ ရောက်သောအခါ ယွီလဲ့က မိတ်ဆက်ပေးသည်။
“ဒါကတော့ ကျွန်တော်တို့ လုံထန်ဂရု ရဲ့ ဥက္ကဋ္ဌ လင်းဖန် ပါ။”
“မင်္ဂလာပါ မစ္စတာလင်းဖန်၊ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က Disney ဥက္ကဋ္ဌ ရောဘတ်အိုက်ဂါပါ”
ရောဘတ်က ချက်ချင်း ရှေ့တိုးကာ လက်ဆွဲနှုတ်ဆက်သည်။ ကင်မရွန်ကလည်း ပြုံးလျက် နှုတ်ဆက်သည်။ ၎င်းတို့နှစ်ဦးလုံးမှာ တရုတ်နိုင်ငံ၏ သြဇာကို သိရှိထားကြသူများဖြစ်သဖြင့် အဆင်ပြေချောမွေ့စေရန် တရုတ်ဘာသာစကားဖြင့်ပင် ပြောဆိုကြသည်။
“ခင်ဗျားတို့နှစ်ယောက် ဒီလောက်ဝေးဝေးကနေ လာတာ ကျုပ်တို့အဖွဲ့အတွက် ဂုဏ်ယူစရာပါပဲ။ ဧည့်ဝတ်ကျေပွန်မှု အားနည်းခဲ့ရင်လည်း တောင်းပန်ပါတယ်”
ကုလားထိုင်တွင် ခန့်ညားစွာ ထိုင်နေသော လင်းဖန် က ပြုံးလျက် ပြောလိုက်သည်။ ယဉ်ကျေးသော်လည်း ဂုဏ်သိက္ခာအပြည့် ရှိနေသော သူ၏ အမူအရာက ဧည့်သည်များကို အံ့သြသွားစေသည်။
“မစ္စတာလင်းကလည်း မြှောက်ပင့်လွန်းနေပါပြီ”
ရောဘတ်နှင့် ကင်မရွန်တို့က အမြန်ပင် ပြန်လည်ဖြေကြားလိုက်ကြသည်။
သူတို့ရှေ့မှ အသက် ၂၀ ကျော် လူငယ်လေး၏ တည်ငြိမ်မှုမှာ နှစ်ပေါင်းများစွာ စီးပွားရေးလောကတွင် ကျင်လည်နေသော မြေခွေးအိုကြီးများထက်ပင် မနိမ့်ကျလှကြောင်း သူတို့ သတိပြုမိလိုက်သည်။ ယနေ့ ဆွေးနွေးပွဲမှာတော့ လွယ်လွယ်ကူကူနှင့် ပြီးဆုံးလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။
.................................................