အခန်း (၂၅၅-၂၅၆)
Vol. 14 Ch. 255-256
အခန်း (၂၅၅) - မီးလျှံတောင်အား အမြောက်ဖြင့် ပစ်ခတ်ခြင်း
ကျူးရွှမ်းကျိက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် "အဲဒီတုန်းက ညီအစ်ကို ကျန်းတန်လျန်နဲ့ အဲဒီရူးသွပ်နေတဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတို့ ဘယ်နေရာမှာ တိုက်ခိုက်ခဲ့ကြတာလဲ" ဟု မေးမြန်းလိုက်ချေသည်။
ကျန်းရွှမ်းကောက ဤအကြောင်းကို အသေအချာ မှတ်မိနေသဖြင့် ကျူးရွှမ်းကျိအား တိုက်ရိုက်ပင် ဖြေကြားပေးလိုက်၏။
ဤသဲလွန်စနှင့် စက်မှုပုံစံငယ်ကို ရရှိပြီးနောက်တွင် ကျူးရွှမ်းကျိသည် နောက်ဆုံး၌ လှည့်ထွက်သွားတော့သည်။
နင်းကျော့သည် အချိန်အတော်ကြာအောင် လှည့်လည်ကြည့်ရှုရင်း မျက်စိပသာဒ ဖြစ်နေခဲ့သည်။
တိမ်တိုက်မြို့တော်မှ ထွက်ခွာ၍ အိမ်သို့ ပြန်ရောက်သောအခါ သူသည် ကျင့်ကြံခြင်းကို ပြန်လည်စတင်လေသည်။
ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်၏ စတုတ္ထအဆင့် ကျင့်ကြံမှုကို သရုပ်ပြသပြီးနောက် သူသည် ဖျာပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
တိမ်မြူများ ဖုံးလွှမ်းနေလျက် မျက်စိကို မှိတ်၊ ပုခုံးကို ကိုင်းကာ ခေါင်းငုံ့ထားရင်း သူ၏ဝိညာဉ်သည် မသေမျိုးနန်းတော်ထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်သွားပြန်သည်။
မသေမျိုးနန်းတော်၏ အခန်းနံပါတ် (၁) ထဲတွင် စက်မှုရုပ်သေး အမြောက်အမြား ရှိနေ၏။
အချို့မှာ အုပ်စုလိုက် စုဝေးနေကြပြီး အချို့မှာမူ ပထမဦးဆုံး တံခါးပေါက်ကို ဖြတ်ကျော်ရန် တန်းစီနေကြသည်။
နင်းကျော့သည် စက်မှုအစိတ်အပိုင်းများဖြင့် ဖြစ်ပေါ်နေသော တောင်ကုန်းလေးပေါ်မှ ခုန်ဆင်းလိုက်စဉ် လမ်းသွားလမ်းလာတစ်ဦးက "နှုတ်ခွန်းဆက်ပါတယ် အစ်ကို၊ အစ်ကို့ရုပ်သွင်က ကျွန်တော်တို့နဲ့ ဘာလို့ ကွာခြားနေရတာလဲ" ဟု စူးစမ်းမေးမြန်းလာသည်။
နင်းကျော့က ပြုံးလိုက်ရင်း "ငါက နင်းမျိုးနွယ်စုက နင်းကျော့ပါ၊ မင်း ငါ့ကို သိလား" ဟု ဆိုလိုက်၏။
"ဗျာ" မေးမြန်းသူက အာမေဍိတ်သံပြုရင်း အကြိမ်ကြိမ် ခေါင်းညိတ်ကာ "နင်းကျော့ သခင်လေး ဖြစ်နေတာကိုး၊ သခင်လေးရဲ့ ကျော်ကြားလှတဲ့ နာမည်ကို ကြားဖူးနတာ ကြာပါပြီ" ဟု ပြောရှာသည်။
နင်းကျော့က သူ၏ကြီးမားသော ဦးခေါင်းကို ညွှန်ပြကာ "ဒါက ငါ့ရဲ့ ပါရမီထူးခြားမှုကြောင့် ဖြစ်ပေါ်လာတာပဲ၊ ဘယ်လို ပါရမီမျိုးလဲဆိုတာတော့ ငါကိုယ်တိုင်တောင် မသိသေးဘူး။ နင်းမျိုးနွယ်စု အဓိကအနွယ်က ငါ့အတွက် စမ်းသပ်မှုတစ်ခု ပြင်ဆင်နေတယ်၊ ဒါပေမဲ့ အဆင်မသင့်သေးလို့ပါ" ဟု ရှင်းပြလိုက်သည်။
နင်းကျော့၏ ပုံပန်းသဏ္ဌာန်ကြောင့် လူအများကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။
သူသည် ပထမဦးဆုံး တံခါးပေါက်ဆီသို့ လျှောက်လှမ်းသွားရာ ရုပ်သေးများအားလုံးက လမ်းကို အလိုအလျောက် ဖယ်ပေးကြကုန်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်" နင်းကျော့က လက်အုပ်ချီ၍ ကျေးဇူးတင်စကားဆိုကာ ဝိညာဉ်ကျောက်တုံးများကို ဆုလာဘ်အဖြစ် ယူဆောင်ပြီး အခန်းနံပါတ် (၁) မှ ထွက်ခွာခဲ့သည်။
"နင်းကျော့ကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ"
"နင်းမျိုးနွယ်စုက ပါရမီရှင်လူငယ်လေးက တော်တော်လေး ဖော်ဖော်ရွေရွေ ရှိတာပဲ"
"ဟား... ဖော်ရွေတယ်ဟုတ်လား။ မင်းကတော့ မှောင်ခိုဈေးကွက် သခင်ရဲ့သားအကြောင်းကို တကယ်ပဲ ဘာမှမသိသေးတာပဲ။ ဒီလို ကျင့်ကြံခြင်းမျိုးနွယ်စုကြီးတွေက ဆင်းသက်လာတဲ့သူတွေဆိုတာ အပြင်ပန်းမှာတော့ ပြုံးပြနေတတ်ကြပေမဲ့ တကယ်တမ်း လက်ဦးမှုယူပြီး အကွက်ရွှေ့ပြီဆိုရင်တော့ ဘယ်လောက်တောင် ရက်စက်တတ်ကြသလဲဆိုတာ မင်း သိမှာမဟုတ်ဘူး။"
"ဒီနေ့ ကိုယ်တိုင်မြင်လိုက်ရတော့လည်း နာမည်ကျော် နင်းကျော့ဆိုတာ ဘာမှ ထွေထွေထူးထူး မရှိပါလား"
"မျောက်ခေါင်းဂိုဏ်းက မြွေဆိုးဂိုဏ်းကို တစ်ညတည်းနဲ့ အပြတ်ရှင်းလိုက်တာ နင်းကျော့ရဲ့ လက်ချက်ကြောင့်လေ။ မင်းက ဘာမှ ထွေထွေထူးထူး မရှိဘူးလို့ ထင်နေတုန်းပဲလား"
အခန်းနံပါတ် (၂) တွင်လည်း အတားအဆီးများကို ဖယ်ရှားနေသည့် ရုပ်သေးများစွာ ရှိနေဆဲ ဖြစ်သည်။
ထူးခြားသည်မှာ နင်းကျော့သည် သူယခင်က ချမှတ်ထားခဲ့သော ထောင်ချောက်များကို အလိုအလျောက် ပြန်လည်ပယ်ဖျက်ပေးခဲ့သဖြင့် ဒုတိယအခန်းကဲ့သို့သော နေရာများ၏ ခက်ခဲမှုကို များစွာ လျော့ကျသွားစေခဲ့ခြင်း ဖြစ်ပေသည်။
ဤလုပ်ရပ်သည် မီးလျှံတောင် မသေမျိုးမြို့တော်ရှိ အင်အားစုလေးခုကြားတွင် အမျိုးမျိုး ထင်ကြေးပေးစရာ ဖြစ်လာခဲ့သည်။
လူအများစု ထင်ကြေးပေးသည်မှာ မုန့်ချုံကဲ့သို့သော သူများက အချို့သော စစ်ဆေးရေးဂိတ်များသို့ ရောက်ရှိသွားချိန်တွင် ယခင်ဂိတ်များ၏ ခက်ခဲမှုမှာ စမ်းသပ်မှုတစ်ခုအဖြစ် မသတ်မှတ်နိုင်တော့သဖြင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။
အခြားထင်ကြေးတစ်ခုမှာမူ ဘိုးဘေးဆရာကြီးသုံးဦးသည် လောကအပေါ် ကြင်နာသနားတတ်သဖြင့် ထူးချွန်သော တပည့်များကို ရွေးချယ်လေ့ကျင့်ပေးရုံသာမက ပါရမီနည်းသော တပည့်များကလည်း ခေါင်းဆောင်သူများနောက်သို့ လိုက်ပါနိုင်ရန်၊ မျှော်လင့်ချက်ရှိနေစေရန်နှင့် ရှေ့ဆုံးမှသူများကို ဖိအားပေးနိုင်ရန်အတွက် စီစဉ်ပေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။
နင်းကျော့ကမူ ထိုထောင်ချောက်များသည် ရှုပ်ထွေးလှသည်ဟု ယူဆသောကြောင့်သာ ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း မည်သူမျှ မသိကြပေ။
လူအများအပြား ဖြတ်ကျော်သွားပြီးနောက် ထိုထောင်ချောက်များ၏ အာနိသင်မှာ လျော့နည်းသွားပြီး ၎င်းတို့ကို ထိန်းသိမ်းရသည်မှာ သူ၏အချိန်နှင့် စွမ်းအင်များကို များစွာ ကုန်ဆုံးစေသည်ဟု သူက နားလည်သွားသောကြောင့် ဖြစ်သည်။
ရှေ့သို့ ဆက်သွားလေလေ၊ အခန်းများအတွင်းရှိ စက်မှုရုပ်သေးများမှာ နည်းပါးသွားလေလေ ဖြစ်သည်။
နင်းကျော့သည် ပထမဦးဆုံးသော ဗဟိုခန်းမဆောင်သို့ ရောက်ရှိသောအခါတွင် တစ်ဦးတည်းသာ ရှိတော့သည်။
ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့် နှင့် ငရဲဘုံစေတမန် - ချီပိုင် တို့၏ စောင့်ရှောက်မှုအောက်တွင် သူသည် စွန်းလင်ထုံနှင့် တစ်ဖန် ပြန်လည်တွေ့ဆုံခဲ့သည်။
နင်းကျော့သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူအများအပြား၏ စောင့်ကြည့်ခြင်းကို ခံနေရနိုင်သဖြင့် ၎င်းတို့အတွက် ဤဆက်သွယ်ရေးလမ်းကြောင်းတစ်ခုသာ ကျန်ရှိတော့သည်။
စွန်းလင်ထုံက တိမ်တိုက်ကုန်သည်နှင့် တိမ်တိုက်မြို့တော်အကြောင်း မေးမြန်းရာ နင်းကျော့က သူ၏ပစ္စည်းဝယ်ယူခဲ့သည့် အတွေ့အကြုံများကို ပြန်လည်ပြောပြလိုက်သည်။
"အစ်ကို့အတွက် ဂျွမ်းထိုးတိမ်တိုက်တစ်ခု ဝယ်ခဲ့တယ်၊ ယန်ချန်ယွီအတွက်လည်း ခုနစ်ရောင်ခြယ် မင်္ဂလာတိမ်တိုက်တစ်ခု ဝယ်ခဲ့တယ်"
စွန်းလင်ထုံက "သူမအတွက် ဘာလို့ ဝယ်ပေးရတာလဲ" ဟု ညည်းညည်းညူညူ ဆိုသည်။
နင်းကျော့က သက်ပြင်းချရင်း "ဟူး၊ ရွှေအမြုတေအဆင့် တိုက်ပွဲတုန်းက သူမ တကယ်ပဲ အများကြီး ကူညီခဲ့တာလေ"
"သူမကိုယ်တိုင် ဖန်တီးပေးခဲ့တဲ့ ကျမ်းစာအတုသာ မရှိရင် ငါတို့ရဲ့ အစီအစဉ်က အစကတည်းက ပေါက်ကြားသွားနိုင်တယ်"
"ဒီတိမ်တိုက်ကို သူမကို ပေးလိုက်ပါ။ ဒါက သူမကို ပျော်ရွှင်စေမှာဖြစ်သလို သူမ တောင်းဆိုနေတဲ့ အခကြေးငွေတွေကိုလည်း လျော့ခိုင်းဖို့ ဖျောင်းဖျလို့ရနိုင်တာပေါ့၊ အဲဒါက ကောင်းတဲ့ကိစ္စပဲ"
စွန်းလင်ထုံသည် နင်းကျော့ကို ကြည့်လိုက်ရုံဖြင့် ယန်ချန်ယွီအား ကူညီခပေးရန် ငွေအမြောက်အမြား ပေးခဲ့ရသည်ဟူသော သူ၏ယခင်က မုသားစကားကို နင်းကျော့ ရိပ်မိသွားပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
နင်းကျော့သည် ဤမူလသန့်စင်ရတနာအဆင့်ရှိ ခုနစ်ရောင်ခြယ် မင်္ဂလာတိမ်တိုက်ကို အသုံးပြု၍ စွန်းလင်ထုံ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
"ဒီလို အပိုအလုပ်တွေ လုပ်မနေစမ်းပါနဲ့။ နှမြောစရာကြီး။ ခုနစ်ရောင်ခြယ် မင်္ဂလာတိမ်တိုက်ကို ပြန်လဲလို့ရမလား" ဟု စွန်းလင်ထုံက မေးမြန်းသည်။
နင်းကျော့၏ လေသံမှာ တည်ငြိမ်လေးနက်သွားပြီး "အစ်ကိုစွန်း၊ ကျွန်တော့်ကို အမှန်အတိုင်းပြောပါ၊ ယန်ချန်ယွီ ကူညီဖို့ သဘောတူအောင် အစ်ကို ဘာကို ကတိပေးခဲ့တာလဲ"
"ဟားဟားဟား၊ ဒီနေ့ ရာသီဥတုက တော်တော်သာယာတာပဲ။ နေရောင်ခြည်ကလည်း တောက်ပနေလိုက်တာ" စွန်းလင်ထုံက ဟိုကြည့်ဒီကြည့်ဖြင့် စကားလွှဲရန် ကြိုးစားနေသည်။
နင်းကျော့က နှာခေါင်းရှုံ့လိုက်ပြီး ထိုအကြောင်းကို ဆက်မမေးတော့ပေ။
၎င်းတို့သည် ချော်ရည်နန်းတော်ထဲတွင် ရှိနေကြသော်လည်း စွန်းလင်ထုံက ရာသီဥတုနှင့် နေရောင်ခြည်အကြောင်း ပြောနေခြင်းမှာ ဤသို့သော အဓိပ္ပာယ်မရှိသည့် အဖြေဖြင့် သူ၏သဘောထားကို ဖော်ပြလိုခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
နင်းကျော့သည် လောလောဆယ်တွင် သူ၏မေးခွန်းများကို ဘေးဖယ်ထားလိုက်ရုံသာ တတ်နိုင်တော့သည်။
"ဒီဂျွမ်းထိုးတိမ်တိုက်တွေနဲ့ ခုနစ်ရောင်ခြယ် မင်္ဂလာတိမ်တိုက်တွေကို နောက်တစ်ခါ မသေမျိုးနန်းတော်ထဲ ဝင်ခွင့်ရတဲ့အခါကျရင် အစ်ကို့ကို ပေးပါ့မယ်"
"အခုလောလောဆယ်မှာတော့ ချော်ရည်နန်းတော်က တော်တော်လေး ဘေးကင်းတဲ့နေရာလို့ ပြောလို့ရတယ်။ နန်းတော်ထဲကို ဝင်နိုင်လောက်အောင် စက်မှုပညာ တတ်မြောက်တဲ့သူက အနည်းအကျဉ်းပဲ ရှိတာကိုး" ဟု နင်းကျော့က ဆိုသည်။
စွန်းလင်ထုံက ခေါင်းညိတ်ရင်း "ကျူးရွှမ်းကျိကတော့ မင်းကို စောင့်ကြည့်နေပုံပဲ"
"နှစ်အတော်ကြာ အတွေ့အကြုံရှိတဲ့ နတ်ဘုရားမုဆိုးတစ်ယောက်အနေနဲ့ မင်းရဲ့ အထောက်အထားကို မတွေ့သေးရင်တောင် သူ့ရဲ့ အတွေ့အကြုံတွေကနေ တစ်ဆင့် ထိုးထွင်းသိမြင်မှု တစ်ခုခုတော့ ရှိနေနိုင်တယ်"
"ကျော့လေး၊ မင်းရဲ့ အစီအစဉ်က တော်တော်လေး အန္တရာယ်များပေမဲ့ မင်း တကယ်ပဲ မြန်မြန်ဆန်ဆန် လှုပ်ရှားသင့်တယ်"
"ငရဲဘုံစေတမန် - ချီပိုင်ကို မင်းကို သုံးခွင့်ပေးမယ်။ ငါကိုယ်တိုင်တော့ ပါဝင်မှာ မဟုတ်ဘူး၊ လူများလေလေ မင်းအတွက် ပိုပြီး ရှုပ်ထွေးလေလေ ဖြစ်မှာပဲ"
နင်းကျော့က ခေါင်းညိတ်ပြကာ စွန်းလင်ထုံကို နှုတ်ဆက်လိုက်သည်။
ဤတစ်ကြိမ်တွင် သူ၏ အဓိက ရည်ရွယ်ချက်မှာ တံခါးပေါက်များကို ဖြတ်ကျော်ရန် လမ်းဖောက်ရန် ဖြစ်ပေသည်။
သူသည် ငရဲဘုံစေတမန် - ချီပိုင်၊ ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့် တို့နှင့်အတူ ရှေ့မှ လမ်းဖောက်ခဲ့သည်။
လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များမှာ သူ့အတွက် အတားအဆီး မဖြစ်နိုင်ခဲ့ပေ။
ဆုလာဘ် ရွေးချယ်စရာများတွင် နင်းကျော့သည် ဝိညာဉ်ကျောက်တုံးများကိုသာ အမြဲ ရွေးချယ်ခဲ့သည်။
စမ်းသပ်မှုတိုးတက်မှုစာရင်းမှ ရရှိသော ဆုလာဘ်များပင်လျှင် ချွင်းချက်မရှိဘဲ ဝိညာဉ်ကျောက်တုံးများကိုသာ ရွေးချယ်ခဲ့သည်။
နင်းကျော့သည် သူ၏ ဝိညာဉ်ကျောက်တုံး သိုလှောင်မှုကို အတတ်နိုင်ဆုံး မြှင့်တင်ခဲ့၏။
တတိယတံခါး။
သူသည် တံခါးကို တွန်းဖွင့်လိုက်သည်။
နောက်ဆုံးမတိုင်မီ တတိယမြောက်ဂိတ်။
နောက်ဆုံးမတိုင်မီ ဒုတိယမြောက်ဂိတ်။
နောက်ဆုံးဂိတ်။
နင်းကျော့သည် အင်အားသုံး၍ ဖောက်ထွက်ခဲ့သည်။ သူ၏ မန္တန်ကျွမ်းကျင်မှုမှာ မလုံလောက်သေးသဖြင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ ဝိညာဉ်စွမ်းအား အမြောက်အမြားကို သန့်စင်ပြီး အရေအတွက်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
နာရီဝက်ခန့် အချိန်ကုန်ဆုံးပြီးနောက် သူသည် နောက်ဆုံး၌ နောက်ဆုံးဂိတ်ကို တစ်ဦးတည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
သူသည် ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့် နှင့် ငရဲဘုံစေတမန် - ချီပိုင် တို့ကို နောက်ဆုံးမတိုင်မီ ဒုတိယမြောက်ဂိတ်တွင် ချန်ထားခဲ့သည်။
အခြားနည်းလမ်းမရှိပေ၊ အကူအညီပေးမည့်သူ တစ်ဦးပိုလာသည်နှင့်အမျှ နောက်ဆုံးဂိတ်၏ ခက်ခဲမှုမှာ အဆပေါင်းများစွာ မြင့်တက်သွားမည် ဖြစ်သောကြောင့်ပင်။
ဤစစ်ဆေးရေးဂိတ်မှာ စမ်းသပ်ခံတပည့်၏ ကိုယ်ပိုင် မန္တန်အသုံးပြုနိုင်စွမ်းကို စမ်းသပ်ခြင်း ဖြစ်သည်။
နင်းကျော့သည် တံခါးပေါက်၏ နောက်ဆုံးဆုလာဘ်အခန်းထဲသို့ ဝင်ရောက်သွားသည်။
သူ ဝင်လိုက်သည်နှင့် တန်တျန်အလယ်ပိုင်းကို အလေးထားသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ကျင့်စဉ်ကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်။
ယခုအချိန်အထိ သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ကျင့်စဉ် သုံးမျိုးလုံးကို စုဆောင်းမိသွားပြီ ဖြစ်ရာ နောက်ဆုံးတွင် ထိပ်တန်းဂိုဏ်းကြီးသုံးခု၏ ကျင့်စဉ်များ ပေါင်းစပ်ထားသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းကို ဖန်တီးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဤအခြေခံအုတ်မြစ်တည်ဆောက်ခြင်း ကျင့်စဉ်ကို အသုံးပြုခြင်းသည် တန်တျန်သုံးခုလုံးကို တစ်ပြိုင်နက်တည်း အမှန်တကယ် ကျင့်ကြံခြင်းပင် ဖြစ်ပေသည်။
နံရံတွင် ချိတ်ဆွဲထားသော ရာထူးတံဆိပ်များစွာထဲမှ နင်းကျော့သည် နဂါးလိပ် မီးလျှံဝိညာဉ်နှင့် ဆက်သွယ်ပြီးနောက် တစ်ခုကို အသေအချာ ရည်ရွယ်ထားပြီး ဖြစ်သည်။
တွန့်ဆုတ်မနေဘဲ သူသည် နံရံမှ ထိပ်ဆုံးတံဆိပ်ကို ယူလိုက်သည်။
ဓာတ်ငါးပါး အမြောက်တပ် အရာရှိ။
၎င်းသည်လည်း မြင့်မားသော ဒုတိယအဆင့် ရာထူးတစ်ခု ဖြစ်သည်။
"သခင်လေး၊ အောင်မြင်သွားပြီ။ နောက်ဆုံးတော့ သခင်လေး လုပ်နိုင်ခဲ့ပြီ" နဂါးလိပ် မီးလျှံဝိညာဉ်၏ စိတ်လှုပ်ရှားနေသော အသံမှာ ချက်ချင်း ထွက်ပေါ်လာသည်။
"သခင်လေး ရောက်လာတာကို စောစောကတည်းက သတိထားမိပါတယ်၊ ဒါပေမဲ့ သခင်လေး စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်ဖို့ အလုပ်ရှုပ်နေတာ မြင်လို့ မနှောင့်ယှက်ရဲတာပါ" ဟု နဂါးလိပ် မီးလျှံဝိညာဉ်က ရှင်းပြသည်။
နင်းကျော့က ခေါင်းညိတ်ရင်း "စကားအပိုတွေ ပြောမနေနဲ့တော့"
"ငါတို့ ကြိုတင်သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း လုပ်ကြမယ်"
"နဂါးလိပ် မီးလျှံဝိညာဉ်၊ ငါ့အတွက် ဓာတ်ငါးပါး အမြောက်တပ်ကို ဖွင့်ပေးတော့"
နဂါးလိပ် မီးလျှံဝိညာဉ်က "ဝိညာဉ်လေး အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်" ဟု ချက်ချင်း ပြန်ထူးလိုက်သည်။
၎င်းတွင် လုံလောက်သော လုပ်ပိုင်ခွင့် မရှိသော်လည်း နင်းကျော့သည် အမြောက်တပ် အရာရှိ ဖြစ်လာပြီး ၎င်းကို လုပ်ပိုင်ခွင့် ပေးအပ်လိုက်ပြီးနောက်တွင် အမြောက်တပ်ကို အပြည့်အဝ အသက်သွင်းနိုင်ပြီ ဖြစ်သည်။
နောက်တစ်ခဏတွင်။
ချော်ရည်နန်းတော်ထဲ၌ သုံးထပ်ရှိသော အမြောက်မျှော်စင်သည် ရုတ်တရက် မြင့်တက်လာတော့သည်။
စက်မှုဂီယာများ လည်ပတ်သံနှင့်အတူ အမြောက်မျှော်စင်သည် အချို့သော အမြင့်သို့ ရောက်သောအခါ အံဝင်ခွင်ကျ ဖြစ်သွားပြီး ငြိမ်သက်သွားသည်။
ယခင်က မြင့်တက်လာခဲ့သော အမြောက်မျှော်စင်သည် ယခုအခါ ခြောက်ထပ်အမြင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ" မသေမျိုးနန်းတော်ထဲရှိ ကျင့်ကြံသူ အများအပြားသည် ဤကြီးမားသော လှုပ်ခတ်မှုကို ထိတ်လန့်တကြား ကြည့်ရှုနေကြပြီး အဝေးကို လှမ်းမြင်နိုင်ရန် မန္တန်များကို အသုံးပြုကာ ပိုမိုမြင့်မားလာသော ဓာတ်ငါးပါး အမြောက်မျှော်စင်ကို ကြည့်နေကြသည်။
ထို့နောက် အံ့အားသင့်နေသော အကြည့်ပေါင်းများစွာအောက်တွင် ခြောက်ထပ်ရှိသော အမြောက်မျှော်စင်၏ အထပ်တိုင်းမှ ပြတင်းပေါက်များ ပွင့်လာပြီး ထူထဲခိုင်မာသော အမြောက်ပြောင်းများ ထွက်ပေါ်လာသည်။
အမြောက်အများစုမှာ မှော်ရတနာအဆင့်ရှိပြီး ပိုမိုကြီးမားသော ပင်မအမြောက်မှာမူ မူလသန့်စင်ရတနာအဆင့် ဖြစ်ကာ အထပ်တိုင်းတွင် တစ်ခုစီ ရှိနေသည်။
ကြီးမားလှသော အမြောက်ပြောင်း အမည်းရောင်ကြီးများသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများကို ထုတ်ဖော်နေကြသည်။
"ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်တော့မယ် ထင်တယ်" ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် တင်းမာမှုများ မြင့်တက်လာခြင်းကို မခံစားရဘဲ မနေနိုင်ကြပေ။
ဆုလာဘ်အခန်းထဲတွင်။
နင်းကျော့၏ လေသံမှာ သံမဏိကဲ့သို့ မာကျောနေလျက် "နဂါးလိပ် မီးလျှံဝိညာဉ်၊ ဝိညာဉ်စွမ်းအားကို အပြည့်အဝ ဖြည့်သွင်းပြီး ပစ်ခတ်ဖို့ ပြင်ဆင်တော့"
နဂါးလိပ် မီးလျှံဝိညာဉ်၏ အသံသည်လည်း ပြတ်သားသွားပြီး "ဝိညာဉ်စွမ်းအား ဖြည့်သွင်းပြီးပါပြီ၊ အမြောက်မျှော်စင် အသင့်ဖြစ်ပါပြီ" ဟု ဆိုသည်။
နင်းကျော့က သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြတ်ပြတ်သားသား
အမိန့်ပေးလိုက်၏။ "ပစ်စမ်း"
ဒိုင်း။
တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သဖြင့် အမြောက်သံများမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော ရောင်စုံအမြောက်ဆန် ရာပေါင်းများစွာသည် အရပ်ရပ်သို့ ပျံထွက်သွားကြသည်။
၎င်းတို့သည် ဝေဟင်တွင် အကွေးအညွတ် ပုံသဏ္ဌာန်များဖြင့် ပျံသန်းသွားကြပြီး မီးလျှံတောင်၏ ချော်ရည်များထဲသို့ ထိုးဆင်းသွားကြသည်။
၎င်းတို့သည် တောင်တန်းထဲသို့ ဆက်တိုက် ထိုးဖောက်ဝင်ရောက်သွားပြီး မြောက်မြားစွာသော လိုဏ်ဂူများကို သောင်းကျန်းစွာ ဖောက်ခွဲပစ်လိုက်ကြသည်။
ထို့နောက် ၎င်းတို့သည် မိစ္ဆာသားရဲ အုပ်စုများစွာရှိရာ နေရာများတွင် ပေါက်ကွဲသွားကြတော့သည်။
ဒိုင်း၊ ဒိုင်း၊ ဒိုင်း...
ဤတစ်ကြိမ်တွင် ပေါက်ကွဲသံများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းမသွားဘဲ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာသည်။
ရောင်စုံဝိညာဉ်စွမ်းအား ရိုက်ခတ်မှုလှိုင်းများသည် အရပ်ရပ်သို့ ပြင်းထန်စွာ ပျံ့နှံ့သွားပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ကြသည်။
ရေတွက်မရနိုင်သော မီးလျှံမိစ္ဆာသားရဲများသည် ပေါက်ကွဲမှုများအတွင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြရသည်။
မီးလျှံတောင်တန်း တစ်ခုလုံးသည် မကြုံစဖူး တုန်ခါသွားတော့သည်။
မြေကြီးက တုန်ခါပြီး တောင်တန်းကြီးက လှုပ်ခတ်သွားသည်။
ချော်ရည်များသည် ပေရာပေါင်းများစွာ အမြင့်သို့ ကောင်းကင်ယံဆီသို့ ပန်းထွက်သွားကြသည်။
ပြင်းထန်လှသော မီးလျှံများသည် ဟိန်းဟောက်နေလျက် တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြီးမားသော မီးတိုင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
တောက်လောင်နေသော ဤငရဲမီးလျှံများသည် နှိုင်းယှဉ်၍မရသော ဖျက်ဆီးနိုင်စွမ်းကို ဆောင်ကျဉ်းပေးလျက် ရှိရာ မြေကမ္ဘာနှင့် ကောင်းကင်ကို တုန်လှုပ်စေပြီး သက်ရှိအားလုံးကို ဝါးမြိုပစ်ရန် ခြိမ်းခြောက်နေသည်။
တရားထိုင်နေသော မုန့်ခွေပင်လျှင် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ဖြစ်ပါလျက် ဤငရဲခန်းကဲ့သို့သော မြင်ကွင်းကြောင့် ကြောင်အမ်းသွားရရှာသည်။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ"
"နဂါးလိပ် မီးလျှံဝိညာဉ်က ဒီလိုလုပ်ဖို့ ဘယ်လိုများ သတ္တိရှိရတာလဲ"
"အဲဒါ ရူးသွားပြီ၊ လုံးဝကို ရူးသွားပြီ"
ခဏချင်းတွင် မုန့်ခွေသည် တောင်ပေါ်မှ ကြည့်ရှုစဉ်က မြင်ကွင်းကို ပြန်လည်သတိရသွားသည်။
သူ ရုတ်တရက် နားလည်သွားသည်မှာ "အဲဒီနဂါးလိပ်က ချော်ရည်ချပ်ပြားတွေ ကျိုးပျက်သွားမှာကို ဂရုမစိုက်ဘဲ၊ ချော်ရည်ထဲ ကျသွားမှာကိုတောင် အန္တရာယ်ပြုပြီး သူ့ရဲ့ ခြေလက်တွေကို ရုတ်သိမ်းလိုက်တာပဲ"
"ဒါက လွတ်မြောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာပဲ"
အခန်း (၂၅၆)- မြို့တော်အတွင်းသို့ ချော်ရည်များ စီးဝင်ခြင်း
မီးလျှံတောင်တန်းကြီး ပေါက်ကွဲလေပြီ။
မြေကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ကောင်းကင်တိုင်ကြီးများအလား နီရဲသော မီးလျှံများ မြင့်မားစွာ တက်လာကာ အဆုံးအစမရှိသော ချော်ရည်များမှာ ဒေါသတကြီး စီးဆင်းလာတော့သည်။
ပူပြင်းလှသော ချော်ရည်များသည် ကောင်းကင်ယံထက်တွင် တောက်ပသော မီးတောက်အကွေးအဆန့်များကို ဖန်တီးနေကြရာ ရွှေနီရောင် နဂါးများ ပျံတက်သွားပြီးမှ အရှိန်အဟုန်ပြင်းစွာ ပြန်လည် ကျဆင်းလာသည့်အလား ထင်မှတ်ရပေသည်။
အရှိန်အဟုန်နှင့် စီးကျလာသော ချော်ရည်တို့သည် လမ်းတွင်ရှိသမျှ အရာအားလုံးကို ပြာကျစေရန် အသင့်ရှိနေကြချေပြီ။
ထိုဘေးအန္တရာယ်၏ ရှေ့တန်းမျက်နှာစာ မီးလျှံတောင်တန်းပေါ်တွင်မူ မီးလျှံတောင် မသေမျိုးမြို့တော် တည်ရှိနေပေသည်။
"ငါတို့တော့... သွားပြီ"
"ဘာလို့လဲ... ဘာလို့ မီးလျှံတောင်တန်းက ဒီလောက်အထိ ပြင်းပြင်းထန်ထန် ပေါက်ကွဲရတာလဲ"
"ပြေးကြ... မြန်မြန်ပြေးကြ"
မီးလျှံတောင် မသေမျိုးမြို့တော်တစ်ခုလုံး တုန်လှုပ်ချောက်ချားမှုနှင့်အတူ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
လူတို့သည် ပုရွက်ဆိတ်များအလား ဟိုဟိုဒီဒီ ရမ်းသန်းပြေးလွှားနေကြကုန်၏။
ထိုစဉ် ချီတွန်းနှင့် ဖေးစီတို့ ပေါ်လာကာ ကောင်းကင်ယံထက်တွင် ပျံဝဲရင်း အခြေအနေကို ထိန်းသိမ်းရန်နှင့် လူထုကို တည်ငြိမ်စေရန် ကိုယ်တိုင်ကိုယ်ကျ စီမံကြလေသည်။
ညဉ့်အမှောင်ထုသည် တောက်လောင်နေသော မီးလျှံများအောက်တွင် တဖြည်းဖြည်း ဆုတ်ခွာသွားရပြီး လေထုထဲ၌ ကန့်ဓာတ်နံ့များမှာ အလွန်အမင်း ပြင်းထန်လှရာ အသက်ရှူပင် ကျပ်စေတော့သည်။
ဤကဲ့သို့သော သဘာဝတရား၏ စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ ရွှေအမြုတေအဆင့် ကျင့်ကြံသူများဖြစ်သည့် ချီတွန်းနှင့် ဖေးစီတို့ပင်လျှင် မိမိတို့ကိုယ်မိမိ သိမ်ငယ်အားနည်းလှကြောင်း ခံစားကြရလေသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရွှေအမြုတေအဆင့်မျှနှင့် လုံးဝမလုံလောက်ချေ။ စီးဆင်းလာသော ဘေးဒဏ်ကို တားဆီးရန် ကြိုးပမ်းခြင်းမှာ လှည်းဘီးကို တားဆီးမည့် ပုစဉ်းရင်ကွဲကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
သူတို့ ယုံကြည်အားကိုးနိုင်သည့် တစ်ခုတည်းသောသူမှာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်ပေသည်။
တောင်ထိပ်ပေါ်တွင်မူ...
တောက်လောင်နေသော မီးလျှံများကြောင့် လင်းထိန်နေသည့် မုန့်ခွေ၏ မျက်နှာမှာ တည်ငြိမ်မှု ကင်းမဲ့နေပြီး အမူအရာမှာလည်း လေးနက်နေချေပြီ။
ဤကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသော အရေးကြီးသည့် အချိန်အခါတွင် မီးလျှံတောင် မသေမျိုးမြို့တော်၏ မြို့စားမင်းအနေဖြင့် သူသည် ရှေ့ထွက်လာရတော့မည် ဖြစ်သည်။
"မီးလျှံတောင် မြို့စောင့်အစီအရင်ကို အခုချက်ချင်း အသက်သွင်းကြ"
မုန့်ခွေ၏ ကျယ်လောင်လှသော အမိန့်သံအောက်တွင် မြစိမ်းရောင် အစီအရင် ပုံစံများစွာသည် ကောင်းကင်ယံ၊ မြို့ရိုးများနှင့် မြေပြင်ပေါ်တွင် ပေါ်ပေါက်လာတော့သည်။
ထိုပုံစံအချို့မှာ သေးသွယ်ပြီး အချို့မှာ ကျယ်ပြန့်လှရာ ခန့်ညားထည်ဝါလှသော ဟန်ပန်ဖြင့် ယှက်နွယ်နေကြကုန်၏။
ယင်းမှာ မီးလျှံတောင် မသေမျိုးမြို့တော်၏ မြို့စောင့်အစီအရင်ကို အပြည့်အဝ လှုပ်ရှားလိုက်ခြင်းပင် ဖြစ်သည်။ ပုံမှန်အားဖြင့် ဖုံးကွယ်ထားသော အစီအရင် ပုံစံများကို ယခုအခါ မျက်စိဖြင့် ထင်ထင်ရှားရှား မြင်တွေ့နေရချေပြီ။
မရေမတွက်နိုင်သော အစီအရင် ပုံစံများသည် တံတိုင်းများအလား ဖြစ်တည်လာပြီး စီးဆင်းလာသော ချော်ရည်များကို ပိတ်ဆို့လိုက်ကြသည်။
ရှဲ... ရှဲ... ရှဲ...
စီးဆင်းလာသော ချော်ရည်များသည် အစီအရင် တံတိုင်းများနှင့် ရိုက်ခတ်မိကာ ရပ်တန့်သွားပြီးနောက် အဖြူရောင် အခိုးအငွေ့များ လွင့်ပျံလာတော့သည်။
ချော်ရည်များသည် ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲ တစ်နေရာတည်းတွင် လျင်မြန်စွာ စုပုံလာကာ မြင့်မားသော ကုန်းစောင်းတစ်ခုအလား ဖြစ်လာပေသည်။
ပြင်းထန်လှသော အပူရှိန်အောက်တွင် မြစိမ်းရောင် အစီအရင် တံတိုင်းများပေါ်၌ အက်ကြောင်းများ လျင်မြန်စွာ ပေါ်ပေါက်လာတော့သည်။
အက်ကြောင်းများ များပြားလာပြီး အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ ထိုအစီအရင် တံတိုင်းများသည် နောက်ဆုံး၌ ခံနိုင်ရည်ကုန်ဆုံးကာ ပေါက်ကွဲပျက်စီးသွားကြကုန်၏။
သို့သော်လည်း အစီအရင် တံတိုင်းတစ်ခုပြီးတစ်ခုမှာ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာပြီး အစားထိုးနေကြသည်။ ရှေ့ဆုံးမှ တံတိုင်း ပြိုလဲသွားလျှင်ပင် နောက်ကွယ်တွင် တံတိုင်းသစ်များ အမြဲတမ်း ရှိနေစမြဲပင် ဖြစ်သည်။
ထို့ကြောင့် မြို့စောင့်အစီအရင်၏ ခုခံမှုကို အားကိုးခြင်းဖြင့် ချော်ရည်များ စီးဝင်လာသည့် အရှိန်မှာ အနည်းငယ် လျော့နည်းသွားပြီး မြို့သူမြို့သားများအတွက် အဖိုးတန်သော အချိန်ကို ရရှိစေခဲ့သည်။
"အားလုံး နားထောင်ကြ၊ တည်တည်ငြိမ်ငြိမ် နေကြပါ"
"မြို့စားမင်းကိုယ်တိုင် အရေးယူဆောင်ရွက်နေပြီ။ သူက ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မို့ ငါတို့အားလုံး ဘေးကင်းမှာပါ"
"ဒီည ဘယ်သူ့ကိုမှ ထိခိုက်စေမှာ မဟုတ်ဘူး"
ဖေးစီ၏ အသံမှာ မြို့တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ သူ၏ မျက်နှာမှာ တင်းမာနေပြီး အသံမှာလည်း အေးစက်လှရာ လူထုကို တည်ငြိမ်စေရန် အစွမ်းကုန် ကြိုးစားနေပေသည်။
ထိုသို့ ပြောကြားပြီးနောက် သူသည် မြို့စောင့်တပ်ကို ချက်ချင်း စုစည်းလိုက်တော့သည်။
မီးလျှံတောင် မသေမျိုးမြို့တော်၏ မြို့စောင့်တပ်ကို စနစ်တကျ ရွေးချယ်ထားခြင်း ဖြစ်ပြီး အများစုမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြရာ အစုအဖွဲ့လိုက် တိုက်ခိုက်ခြင်းတွင် အလွန် ကျွမ်းကျင်ကြပေသည်။
ဖေးစီ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရမည့် အချိန်သို့ ရောက်ရှိလာချေပြီ။
မည်သည့် တပ်ဖွဲ့ဝင် အရေအတွက်ကို မည်ကဲ့သို့ သင့်လျော်စွာ ချထားရမည်ကို သူ အမြန် ဆုံးဖြတ်ရမည် ဖြစ်သည်။
ဖေးစီသည် လျင်မြန်စွာ စဉ်းစားလိုက်ပြီးနောက် သွားကို ကြိတ်ကာ မြို့စောင့်တပ်၏ ခြောက်ဆယ်ရာခိုင်နှုန်းကို စေလွှတ်လိုက်ပြီး ကျန်ရှိသော လေးဆယ်ရာခိုင်နှုန်းကိုမူ မီးလျှံတောင် မသေမျိုးမြို့တော်အတွင်း တည်ငြိမ်မှု ရှိစေရန်အတွက် မြို့စောင့်ရန် ချန်ထားရစ်ခဲ့လေသည်။
ချီတွန်းသည် အပြေးအလွှား ရောက်ရှိလာပြီးနောက် စေလွှတ်လိုက်သော မြို့စောင့်တပ်ကို ဦးဆောင်ကာ စီးဆင်းလာသော ချော်ရည်များကို ရှေ့တန်းမျက်နှာစာမှ တားဆီးရန် ပြင်ဆင်တော့သည်။
ဖေးစီက ဒေါသတကြီး ဆဲရေးလိုက်သည်မှာ "ဒီလူမိုက်၊ မင်းလို အားကိုးပဲ သုံးတတ်တဲ့ကောင်က ရှေ့တန်းမှာ ဘာအသုံးကျမှာလဲ"
"မင်းက မီးလျှံတောင် မသေမျိုးမြို့တော်ထဲမှာပဲ နေရမယ်။ အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်နေတာ။ တကယ်လို့ မိစ္ဆာကျင့်ကြံသူတွေက အခွင့်ကောင်းယူပြီး နှောက်ယှက်လို့ ငါတို့ ခြေကုပ်ပျက်ပြီး ရှုံးနိမ့်သွားမယ်ဆိုရင် အဆိုးရွားဆုံး ရလဒ် ဖြစ်သွားလိမ့်မယ်"
အတိုချုံး ရှင်းပြပြီးနောက် ဖေးစီသည် မီးလျှံတောင် မသေမျိုးမြို့တော်အတွင်း မည်သည့် မငြိမ်မသက်မှုကိုမဆို နှိမ်နင်းရန် ချီတွန်းကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
အကယ်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမည့် လက္ခဏာရှိပါက မည်သည်ကိုမျှ မေးမြန်းမနေဘဲ သံသယဖြစ်ဖွယ်ရှိသူများကို ထိုနေရာတွင်တင် ပြတ်ပြတ်သားသား သတ်ပစ်ရန် ဖြစ်သည်။
ချီတွန်းနှင့် ဖေးစီတို့မှာ ပုံမှန်အားဖြင့် အဆင်မပြေကြသော်လည်း ယခုကဲ့သို့ အရေးကြီးသော အချိန်တွင်မူ သူသည် ယခင်က ရန်ငြိုးများကို စွန့်လွှတ်ကာ အမိန့်ကို လေးလေးနက်နက် နာခံလိုက်လေသည်။
ဖေးစီမှာမူ စိုးရိမ်စိတ်ကြောင့် မျက်မှောင်ကြုတ်နေပြီး ရင်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ ခံစားနေရပေသည်။
ဖေးစီသည် တိတ်တဆိတ် တွက်ချက်နေမိသည်မှာ - မီးလျှံတောင်တန်းကြီး၏ ပေါက်ကွဲမှုသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှရာ မုန့်ခွေနှင့် မြို့စောင့်အစီအရင် ရှိနေသော်လည်း အကောင်းဆုံး အခြေအနေမှာ အထိအခိုက် အမြောက်အမြားနှင့် အနိုင်ရခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။
မီးလျှံတောင် မသေမျိုးမြို့တော်သည် ထိခိုက်မှုများကို မလွဲမသွေ ခံစားရမည်ဖြစ်ပြီး ထိုအချိန်တွင် မသေမျိုးမြို့တော်၏ နေရာအတော်များများမှာ ချော်ရည်များအောက်သို့ နစ်မြုပ်သွားနိုင်ပေသည်။
ဤသို့ မဖြစ်စေရန်အတွက် မြို့အတွင်းရှိ လူအင်အားကို အစွမ်းကုန် အသုံးပြုခြင်းသည်သာ အခြေအနေကို ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။
ဖေးစီသည် တွန့်ဆုတ်မနေဘဲ ကျူးရွှမ်းကျိနှင့်အတူ ကျိုးမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုနှင့် နင်းမျိုးနွယ်စု ဟူသော ထိပ်တန်း ကျင့်ကြံသူ မျိုးနွယ်စုကြီး သုံးခုကို အရေးပေါ် ဆက်သွယ်လိုက်တော့သည်။
မြို့စားမင်းဂေဟာသည် ထိုမျိုးနွယ်စုများနှင့် အမြဲတမ်း အပေါ်ယံ ဆက်ဆံရေးမျိုး ထိန်းသိမ်းထားခဲ့သော်လည်း အားထုတ်မှုနှင့် စွမ်းအင်များစွာ အသုံးပြုခဲ့ရသည်သာ ဖြစ်သည်။
ချော်ရည်နန်းတော် ပေါ်ပေါက်လာခြင်းကြောင့် ပွတ်တိုက်မှုများနှင့် ပဋိပက္ခများ ပိုမိုနက်ရှိုင်းလာသော်လည်း...
ကျူးရွှမ်းကျိ ပေါ်လာခြင်းသည် မျိုးနွယ်စုကြီး သုံးခုအား မုန့်မျိုးနွယ်စုကို ဆန့်ကျင်ရန် ပိုမို အားပေးအားမြှောက် ပြုခဲ့ပေသည်။
သို့သော် ယခုအချိန်တွင်မူ မီးလျှံတောင် မသေမျိုးမြို့တော်တစ်ခုလုံးသည် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရရာ မုန့်မျိုးနွယ်စုနှင့် မျိုးနွယ်စုကြီး သုံးခုတို့၏ အကျိုးစီးပွားမှာ တစ်ထပ်တည်း ကျနေသဖြင့် အခက်အခဲများကို အတူတကွ ကျော်ဖြတ်ရန် လိုအပ်နေချေပြီ။
ဖေးစီ၏ အကူအညီတောင်းခံမှုကို ကြားရသောအခါ ကျူးရွှမ်းကျိနှင့် မျိုးနွယ်စုကြီး သုံးခုစလုံးက ချက်ချင်း တုံ့ပြန်ခဲ့ကြသည်။
မကြာမီမှာပင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခြောက်ဦးသည် ဖေးစီ၏ အနီးသို့ စုရုံးရောက်ရှိလာကြကုန်၏။
ဖေးစီက "အခြေအနေက အရေးကြီးနေပြီမို့ စကား အရှည်ကြီး မပြောတော့ဘူး။ ချော်ရည်တွေ ထပ်ပြီး မပြန့်နှံ့အောင် တားဆီးဖို့အတွက် မင်းတို့ရဲ့ စွမ်းအားတွေ လိုအပ်ပါတယ်။"
"ဒီစစ်သည်တော် တံဆိပ်တွေကို ယူထားကြပါ။ ဒါတွေကို ဝတ်ဆင်ထားရင် မြို့စောင့်အစီအရင်ရဲ့ ဖိနှိပ်မှုကို ခံရမှာ မဟုတ်ဘူး။"
ထိုသို့ပြောပြီးနောက် ဖေးစီသည် စစ်သည်တော် တံဆိပ် ငါးခုကို ထုတ်ယူကာ မျိုးနွယ်စု သုံးခုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများထံ ပေးအပ်လိုက်သည်။
ကျူးရွှမ်းကျိ တစ်ဦးတည်းကိုသာ တံဆိပ် မပေးခြင်းမှာ သူ၏ မင်းမျိုးမင်းနွယ် သွေးပါမှုကြောင့် မီးလျှံတောင် မြို့စောင့်အစီအရင်၏ ဖိနှိပ်မှုဒဏ်ကို မခံရသောကြောင့် ဖြစ်သည်။
မျိုးနွယ်စု သုံးခုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် မီးလျှံတောင် မသေမျိုးမြို့တော်မှ ရှေ့တန်းမျက်နှာစာသို့ ချက်ချင်း ပျံသန်းထွက်ခွာသွားကြတော့သည်။
စစ်သည်တော် တံဆိပ်များ ရှိနေသဖြင့် သူတို့သည် မည်သည့် အတားအဆီးမျှ မရှိဘဲ ပညာရပ်များကို အစွမ်းကုန် အသုံးပြုနိုင်ကြရာ သူတို့၏ စွမ်းအားမှာ ယခင် မြို့တွင်း ပဋိပက္ခများကထက် ဆယ်ဆမျှ ပိုမို ပြင်းထန်လှပေသည်။
ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် နင်းကျိုဖန်သည် လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ချော်ရည်များပေါ်သို့ နှင်းများနှင့် ရေခဲများကို စီးကျစေကာ ချော်ရည် မျက်နှာပြင်ကို လျင်မြန်စွာ ခဲသွားစေရာ များစွာ ထိရောက်မှု ရှိလှပေသည်။
ကျန်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးဖြစ်သည့် ကျန်းတန်လျန်နှင့် ကျန်းရွှမ်းကောတို့မှာမူ သူတို့၏ အထူးပြု ပညာရပ်များကို အသုံးပြု၍ ချော်ရည်များကို တိုက်ရိုက် ထိန်းချုပ်ကာ အချင်းချင်း ပြန်လည် ရိုက်ခတ်စေတော့သည်။
ကျန်းမျိုးနွယ်စုသည် လက်နက် သန့်စင်ခြင်း ပညာရပ်တွင် အထူးပြုထားသူများ ဖြစ်ကြရာ မီးဓာတ်ကို ထိန်းချုပ်ရာတွင် အလွန် ကျွမ်းကျင်ကြပေသည်။
ကျိုးမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ဘိုးဘေး နှစ်ဦးမှာမူ နင်းမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုတို့ကဲ့သို့ သိသာထင်ရှားသော စွမ်းဆောင်ရည်မျိုး မပြသနိုင်ကြချေ။
ယင်းမှာ သူတို့သည် အစီအရင်များ ချမှတ်ရာတွင်သာ ကျွမ်းကျင်ကြသော်လည်း စစ်တလင်းပြင်တစ်ခုလုံးတွင် မသေမျိုးမြို့တော် အစီအရင်က ဖုံးလွှမ်းနေပြီးသား ဖြစ်သဖြင့် သူတို့ အစွမ်းပြရန် နေရာမရှိခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးသည် သူတို့၏ စွမ်းအားအပြည့်နှင့် အစီအရင် ဖိနှိပ်မှု မရှိခြင်းကို အသုံးချကာ ချော်ရည်များ၏ တိုးဝင်မှုကို သိသိသာသာ တားဆီးပေးနေကြပြီး သူတို့၏ ပညာရပ်များမှာလည်း ချော်ရည်များကို ထိရောက်စွာ နှိမ်နင်းပေးနေပေသည်။
သူတို့၏ နောက်ကွယ်တွင်မူ မြို့စောင့်တပ်ဖွဲ့များမှာ လှိုင်းလုံးများအလား လိုက်ပါလာကြကုန်၏။
မြို့စောင့်တပ် ခေါင်းဆောင် အများအပြားသည် ဖေးစီထံမှ အသံလွှင့် အမိန့်ပေးချက်များကို တိုက်ရိုက် လက်ခံရရှိကြပြီး မြို့စောင့်အစီအရင်၏ အဓိက ကျသော နေရာများကို တိကျစွာ နေရာယူလိုက်ကြသည်။
ထိုအရေးကြီးသော နေရာများတွင် မြို့စောင့်တပ် ခေါင်းဆောင်များ၏ ပညာရပ် အသုံးပြုနိုင်စွမ်းမှာ များစွာ တိုးတက်လာပြီး သူတို့၏ တပ်ဖွဲ့များကိုလည်း ပိုမို ထိရောက်စွာ အမိန့်ပေးနိုင်ကြပေသည်။
ဖေးစီသည် သူ၏ အမိန့်ပေးစင်မြင့်မှနေ၍ မြို့စောင့်တပ်များ နေရာယူပြီးသည်ကို မြင်သောအခါ ပေါင်းစပ်အမိန့်များကို ထုတ်ပြန်လိုက်တော့သည်။
ပထမအကျော့ - မြေကမ္ဘာတံတိုင်း ပညာရပ်။
ဒုတိယအကျော့ - လျင်မြန်သော ရေစီးကြောင်း ပညာရပ်။
တတိယအကျော့ - ရွှံ့နွံ ပညာရပ်။
ပညာရပ်များ အသုံးပြုသည့် အစဉ်အတိုင်းမှာ ယခင် အသုံးပြုခဲ့သော ပညာရပ်များ၏ ရလဒ်များကို အမြင့်ဆုံး အသုံးချနိုင်ရန်အတွက် ဂရုတစိုက် စီစဉ်ထားခြင်း ဖြစ်သည်။
မရေမတွက်နိုင်သော ပညာရပ်များသည် သည်းထန်သော မိုးရေများအလား ကျဆင်းလာပြီး ချော်ရည်များပေါ်သို့ ရှဲရှဲမြည်သော အသံများနှင့်အတူ ဖုံးလွှမ်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် မီးလျှံတောင် မသေမျိုးမြို့တော်အတွင်းရှိ လူအများအပြားမှာလည်း စုရုံးလာကြချေပြီ။ ကျင့်ကြံသူ အမြောက်အမြားမှာ သူတို့၏ အိမ်ဂေဟာကို ကာကွယ်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်လာပြီး အစွမ်းကုန် ပါဝင်ကူညီကြလေသည်။
ဖေးစီသည် သူတို့ကို ရှေ့တန်းမျက်နှာစာသို့ စေလွှတ်ခြင်း မပြုဘဲ မြို့စောင့်အစီအရင်၏ အချို့သော အရေးကြီး နေရာများကို ဖွင့်လှစ်ပေးကာ သူတို့ကို လွတ်လပ်စွာ ပညာရပ်များ အသုံးပြုစေသည်။
သူတို့ ထုတ်လွှတ်လိုက်သော ပညာရပ်များကို မြို့စောင့်အစီအရင်ကတစ်ဆင့် ရှေ့တန်းမျက်နှာစာသို့ ချက်ချင်း ကူးပြောင်း ပေးပို့လိုက်ပေသည်။
ဖေးစီသည် အခြေအနေကို သုံးသပ်ကာ မြို့တစ်ခုလုံးကို အမိန့်ပေးနေရင်း ထူးကဲသော ခေါင်းဆောင်မှု စွမ်းရည်ကို ပြသနေပေသည်။
ထိုအချိန်တွင် မီးလျှံတောင် မသေမျိုးမြို့တော်သည် ဘုံရန်သူကို ဆန့်ကျင်ရန်အတွက် တစ်သားတည်း ဖြစ်နေပြီး ခိုင်မာစွာ စည်းလုံးနေကြချေပြီ။
သဘာဝဘေးအန္တရာယ်မှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း မြို့အတွင်းရှိ ကျင့်ကြံသူတို့မှာမူ လူတို့၏ ကြိုးပမ်းမှုသည် ကံကြမ္မာကို ကျော်လွန်နိုင်သည်ဟု ယုံကြည်နေကြပေသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ပူးပေါင်း၍ ပညာရပ်များ အသုံးပြုနေကြသဖြင့် တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးထားသော ချော်ရည်စီးကြောင်းမှာ တဖြည်းဖြည်း နှေးကွေးသွားတော့သည်။
လူတို့သည် မျှော်လင့်ချက်ကို မြင်လာကြပြီး သူတို့၏ စိတ်ဓာတ်မှာလည်း မြင့်တက်လာပေသည်။
အချို့သော ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားသောအခါ အရေးကြီးသော နေရာများမှတစ်ဆင့် အကူအညီဖြင့် ပြန်လည် ထွက်ခွာလာကြသည်။
သူတို့၏ နေရာတွင် အစားထိုးမည့်သူများမှာ အသင့်တန်းစီ စောင့်ဆိုင်းနေကြပြီး လစ်ဟင်းသွားသော နေရာများကို အချိတ်အဆက်မိမိ ဆက်ခံလိုက်ကြ၏။
နားနေရသောသူများမှာမူ ချက်ချင်း ထိုင်ချလိုက်ကာ ဝိညာဉ်စွမ်းအားများကို အမြန်ဆုံး ပြန်လည် ရရှိစေရန်အတွက် ဆေးလုံးများကို သောက်သုံးကြလေသည်။
ဤမြင်ကွင်းများကို မြင်တွေ့ရသူ အမြော်အမြင် ရှိသူများမှာ ချီးကျူးမှုများဖြင့် ပြည့်နှက်နေကြတော့သည်။
"မီးလျှံတောင် မသေမျိုးမြို့တော်ဟာ အသစ်တည်ဆောက်ထားတာ ဖြစ်ပေမယ့် မြို့သူမြို့သားတွေက ကောင်းကောင်း လေ့ကျင့်ထားပြီးသားပဲ။ အခြေခံ စစ်ဗျူဟာတွေကိုလည်း တတ်မြောက်ထားကြတယ်။"
"မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ ယခင် မြို့စားမင်းတွေက မြို့စောင့်အစီအရင်ကို အသစ်ပြန်မပြင်ခဲ့ပေမယ့် မြို့သူမြို့သားတွေအတွက် နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကိုတော့ ပြုလုပ်ပေးခဲ့တယ်။"
"အခု ငါတို့ မြင်နေရတာတွေဟာ အဲဒီ လေ့ကျင့်မှုတွေရဲ့ ရလဒ်တွေပဲ။"
ဤစစ်ရေးလေ့ကျင့်မှု မူဝါဒမှာ မီးလျှံတောင် မသေမျိုးမြို့တော် တစ်ခုတည်းတွင် ရှိခြင်း မဟုတ်ဘဲ ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် ကျယ်ပြန့်စွာ ကျင့်သုံးနေခြင်း ဖြစ်သည်။
ကျင့်ကြံခြင်း လောကသည် အလွန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ပေါများလှသော ဝိညာဉ်စွမ်းအားများ၊ မရေမတွက်နိုင်သော ထူးချွန်သည့် ဝိညာဉ်အမြစ် ပိုင်ရှင်များနှင့် ထူးကဲသော ပါရမီရှင်များစွာ ရှိနေပေသည်။
ကျင့်ကြံခြင်း အနုပညာများသည် ပွင့်လန်းနေသော ပန်းများအလား ထွန်းကားနေပြီး နည်းပညာများစွာမှာလည်း ရင့်ကျက်နေကာ ကျင့်ကြံခြင်း အရင်းအမြစ်များကို အစွမ်းကုန် အသုံးချနေကြပြီ ဖြစ်သည်။
များပြားလှသော မျိုးနွယ်စုများ၊ ဂိုဏ်းများနှင့် မဟာမိတ်အဖွဲ့များသည် ပြင်းထန်စွာ ယှဉ်ပြိုင်နေကြပြီး သူတို့၏ နည်းလမ်းများကို မြှင့်တင်ကာ စစ်ဗျူဟာများကို အကောင်းဆုံး ပြုပြင်ပြောင်းလဲနေကြရာ ရလဒ်အနေဖြင့် သေးငယ်သော သို့မဟုတ် ကြီးမားသော ကျင့်ကြံခြင်း ပြည်နယ်များစွာ ပေါ်ပေါက်လာခဲ့ပေသည်။
ကျင့်ကြံခြင်း ပြည်နယ်များကြားတွင် တက်ကြွစွာ စစ်ရေးပြင်ဆင်မှုများမှာ ရာစုနှစ်တစ်ခုနီးပါး ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။
ယင်းတွင် ကျင့်ကြံခြင်း ပစ္စည်းများကို စုဆောင်းခြင်းနှင့် ကျင့်ကြံသူများကို လေ့ကျင့်ပေးခြင်းသာမက သာမန် ကျင့်ကြံသူများအတွက် ကျယ်ပြန့်သော စစ်ရေးလေ့ကျင့်မှုများလည်း ပါဝင်ပေသည်။
မီးလျှံတောင် မသေမျိုးမြို့တော်တွင် ရှိသမျှသော လူတိုင်းမှာ စစ်သည်တော်များ ဖြစ်ကြသည်ဟုပင် ဆိုနိုင်ပေသည်။
ယခုအခါ ရှင်သန်ရပ်တည်ရေးအတွက် စိုးရိမ်ရသော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ မြို့အတွင်းရှိ ကျင့်ကြံသူများသည် ယခင် လေ့ကျင့်ခန်း ပုံစံများအတိုင်း ချက်ချင်း စုရုံးလှုပ်ရှားကြပြီး လူတိုင်းက မိမိတို့ တတ်စွမ်းသမျှ တက်ကြွစွာ ပါဝင်ကူညီနေကြပေသည်။
ပုရွက်ဆိတ်တပ်ဖွဲ့တစ်ခုပင်လျှင် စုစည်းမိသွားသောအခါ တောင်တန်းများနှင့် သမုဒ္ဒရာများကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိပေတော့သည်။