ခန္ဓာကိုယ်အား သန့်စင်ရန် နည်းလမ်းအသစ်
Vol. 24 Ch. 325
ရှာမန်များ ဘာမြင်ခဲ့သနည်းဆိုသည်ကို မည်သူမှမသိပေ။ ထိုညမှာပင် သူတို့သည် တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ အစွန်းပိုင်းမှ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့လူများသည် ထိုနေရာမှ လီရာပေါင်းများစွာအဝေး မြေပြင်ပေါ်တွင် ကျိုးပဲ့ပျက်စီးနေသော မာန်အကြောမျှင်အချို့ကိုသာ ရှာတွေ့ခဲ့၏။ ထိုအရာမှအပ အခြားမည်သည့်သဲလွန်စမှ မရှိခဲ့ပေ။
၎င်းတို့ရှစ်ယောက်လုံး ပျောက်ကွယ်သွားခဲ့ကြသည်။
အမှန်စင်စစ် ထိုနေရာ၊ ပင်လယ်သေနှင့် သိပ်မဝေးသောနေရာတွင် တည်ရှိသည့် ရှာမန်မျိုးနွယ်စုတစ်စု ရှိသည်။ ထိုရှာမန်များပျောက်ကွယ်သွားသောညတွင် မျိုးနွယ်စုအတွင်းရှိ မည်သူကမှ တိုက်ခိုက်သံ၊ ဂါထာမန္တာန်ရေရွတ်သံများအပါအဝင် မည်သည့်အသံကိုမှ မကြားခဲ့ရသလို မည်သည့်အရာကိုမှလည်း သတိပြုမိခဲ့ခြင်းမရှိချေ။
ထိုရှာမန်များသည် ဟင်းလင်းပြင်၏ ဝါးမြိုခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။
အစောပိုင်းလပေါင်းများစွာတည်းကပင် ရှာမန်မျိုးနွယ်စုများအား ကြောက်ရွံ့တုန်လှုပ်မှုက လွှမ်းခြုံထားခဲ့သည်။ ယခုအချိန်တွင်တော့ ထိုကြောက်စိတ်အား ဆက်လက်ဖုံးကွယ်မထားနိုင်ကြတော့ပဲ ၎င်းက အချိန်နှင့်အမျှ ပိုမိုအားကောင်းလာခဲ့ချေသည်။ ထိုကြောက်ရွံ့မှုသည် ကျယ်ပြန့်စွာပျံ့နှံ့သွားသဖြင့် ပင်လယ်သေအနီးရှိ ရှာမန်မျိုးနွယ်စုအမြောက်အများက စတင်ရွှေ့ပြောင်းလာကြသည်။
ထိုနေရာက ဆက်လက်နေထိုင်ရန် မသင့်တော်တော့ချေ။
တစ်ခါတစ်ရံတွင် လူရိုင်းများ၏ နယ်မြေထဲ၌ အလင်းတန်းရှည်များ ဖြတ်သန်းသွားကြသည်။ ထိုအလင်းတန်းရှည်များထဲတွင် ရှိသည်ကား နဂါးခေါင်းနှင့် မြင်းကိုယ်ရှိသော သားရဲရိုင်းတစ်ကောင်ဖြစ်သည်။ ထိုသတ္တဝါသည် အလွန်မကြီးမားပဲ ပေရာပေါင်းများစွာခန့် အရွယ်အစားသာရှိပြီး ၎င်းထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါသည်တော့ ၎င်းတို့အနီးကပ်လာသူများအား ထိတ်လန့်ကြောက်ရွံ့သွားစေနိုင်သည်။
၎င်းထံမှ အထင်ရှားဆုံးအရာမှာ ၎င်း၏ခွာများအာက်ရှိ တောက်လောင်နေသော အပြာရောင်မီးတောက်လုံးများ ဖြစ်သည်။ ကောင်းကင်အား ၎င်းဖြတ်သန်းထွက်ခွာသွားပြီး အလင်းတန်းရှည် ပျောက်ကွယ်သွားချိန်တွင် ထိုသတ္တဝါသည် မီးတောက်သဖွယ် ခြေရာလမ်းကြောင်းများ ချန်ထားရစ်ခဲ့ပြီး ထိုခြေရာများက လေထဲတွင် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
ထိုသတ္တဝါအား မြင်လိုက်သော ရှာမန်များအားလုံး၏မျက်နှာထက်တွင် ရိုသေလေးစားသောအမူအယာများ ပေါ်လာကြပြီး သူတို့လက်မောင်းများကို ရင်ဘတ်တွင်ကပ်လျက် ခါးကိုင်းကာ ဦးညွှတ်ကြသည်။ ရိုသေလေးစားမှုအပြည့်ရှိသော အကြည့်များဖြင့် ဒူးထောက်ခဲ့ကြသူအချို့ပင်ရှိသည်။
ထိုအရာများအားလုံးသည် ဤသတ္တဝါ၏ ထူးခြားသောနာမည်ကြောင့်ဖြစ်သည်။ ၎င်း၏နာမည်သည် ရှာမန်မြင်းဖြစ်ပြီး လူရိုင်းတို့၏ နယ်မြေတစ်ခုလုံးတွင် ဤသတ္တဝါကို ရှာမန်တို့၏နတ်ဘုရား ဘုရားကျောင်းကသာ ပိုင်ဆိုင်နိုင်ချေသည်။
သို့သော် လွန်ခဲ့သောလအနည်းငယ်အတွင်း ရှာမန်တို့၏ကောင်းကင်၌ ထိုနဂါးခေါင်းနှင့် မြင်းကိုယ်သတ္တဝါများ မကြာခဏပေါ်ထွက်လာခဲ့သည်။ ထိုကဲ့သို့ သားရဲရိုင်းရာပေါင်းများစွာသည် အလင်းတန်းရှည်များအသွင်ဖြင့် ကောင်းကင်အား ဖြတ်သန်းသွားလာနေကြသည်။ ၎င်းတို့သည် လူရိုင်းများ၏နယ်မြေ ထောင့်အကြိုအကြားများသို့ သွားရောက်၍ ချိပ်ပိတ်ထားသောအမိန့်များကို မျိုးနွယ်စုများဆီ ပို့ဆောင်ရင်း သူတို့တာဝန်များကို လုပ်ဆောင်နေကြသည်။
လူရိုင်းများ၏ နယ်မြေအတွင်းရှိ ဒဏ္ဍာရီများအရ ပင်လယ်သေကျယ်ပြန့်လာပြီး ရှာမန်မြင်းများက မျိုးနွယ်စုများဆီ ချိပ်ပိတ်အမိန့်များ ယူဆောင်လာခဲ့ကြစဉ် ရှာမန်များသည် စီစဉ်ထားသော ပြောင်းရွှေ့မှုများကို စတင်လုပ်ဆောင်ခဲ့ကြ၏။
မုန်တိုင်းကျရောက်လာတော့ပေမည်...
အမှန်စင်စစ် ကောင်းကင်မြူခိုးအတားအဆီးအနီးရှိ နေရာတွင်တော့ ဘေးဒုက္ခများ ကျရောက်နေခဲ့ပြီးချေပြီ။
တိုက်ပွဲသံများနှင့် သတ်ဖြတ်သံများက ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါနေစေသည်။ ကောင်းကင်သည် မှောင်မိုက်နေပြီး မြေပြင်တွင်တော့ သွေးနံ့များ ပြည့်နေခဲ့သည်။
စစ်ပွဲသည် မာန်စွမ်းအားရှင်များအပေါ် လျှပ်စီးကဲ့သို့ အလွန်လျင်မြန်စွာ ကျရာက်လာခဲ့ခြင်းဖြစ်၍ မာန်စွမ်းအားရှင်များက ၎င်းအတွက် ပြင်ဆင်မထားရသေးချေ။
ထိုအချိန်တွင်တော့ အဝေးသို့ရှည်လျားစွာတည်ရှိနေသည့်
ဧရာမကောင်းကင်မြူခိုးအတားအဆီးကြီးပေါ်မှ နေရာပေါင်းများစွာရှိ လေထဲတွင် တိုက်ပွဲသံများ ပဲ့တင်ထပ်နေခဲ့ပြီ ဖြစ်ပြီး ကောင်းကင်မြူခိုးမြို့တော်မှ အသံများသည် အပြင်းထန်ဆုံးဖြစ်သည်။
ကောင်းကင်မြူခိုးအတားအဆီး၏ နံရံများနောက်ဘက်သည် မာန်စွမ်းအားရှင်တို့၏ နယ်မြေဖြစ်သည်။ အဝေးရှိကောင်းကင်အား လှိုင်းဂယက်များ ဖုံးအုပ်ထားပြီး တိမ်စိုင်များသည် နဂါးနောက်ကျောမှ အကြေးခွံများသဖွယ် ပျံ့နှံ့နေကြသည်။ ထိုအရာက ပေ၁၀၀၀၀၀ခန့် အရွယ်အစားရှိသော ဧရာမဓားရှည်ကြီးတစ်လက်သည် ထိတ်လန့်ဖွယ် ကျယ်လောင်သောစူးရှသံနှင့်အတူ လေထုအား ပိုင်းဖြတ်လာနေသည်ဟု ပြောဆိုနေသော သင်္ကေတတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ထိုစူးရှသံများ ပျံ့နှံ့လာသည်နှင့်အမျှ ဓားရှည်ကြီးသည်လည်း ကောင်းကင်မြူခိုးမြို့တော်ဆီ ဦးတည်တိုးဝင်နေခဲ့သည်။
လူရိုင်းများ၏ နယ်မြေထဲရှိ လေထုအတွင်းပြည့်နေသော စိုးရိမ်ပူပန်မှု၊ အကြောက်တရားများနှင့် နှိုင်းယှဉ်လျှင် မာန်စွမ်းအားရှင်များ၏ နယ်မြေကမူ ငြိမ်းချမ်းလို့နေသည်။ သူတို့သည် ရာစုနှစ်တစ်စုတစ်ကြိမ်ဖြစ်ပွားသော မဟာတိုက်ပွဲကြီးနှင့် ရင်ဆိုင်ရတော့မည်ဆိုလျှင်တောင် မာန်စွမ်းအားရှင်အများစုသည် ထိုတိုက်ပွဲမျိုးနှင့် အကျွမ်းတဝင်ဖြစ်နေကြချေပြီ။ ထို့ကြောင့် သူတို့သည် သေခြင်းတရားအတွက် တိုက်ပွဲတစ်ခုဟု အစစ်အမှန် မှတ်ယူမထားကြပဲ အတွေ့အကြုံရရန် ခရီးတစ်ခုသာဖြစ်သည်ဟု ယူဆထားကြခြင်း ဖြစ်၏..
ကောင်းကင်မြူခိုးအတားအဆီး၏ တည်ရှိမှုသည် ရှာမန်များကို အပြင်ဘက်တွင်သာ တားဆီးထားနိုင်မည်ဟု သူတို့ယုံကြည်ကြသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုတိုက်ပွဲကြီး ပြီးဆုံးသွားလိမ့်မည်ဖြစ်ပြီး ၎င်းပြီးဆုံးသွားပါက သူတို့၏မျိုးနွယ်စုများပြည့်နေသော သူတို့နယ်မြေထဲတွင် ဆက်လက်ရှင်သန်နေထိုင်နိုင်လိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။
စူးရှသောမြည်ဟည်းသံများနှင့် ကောင်းကင်အားဖြတ်သန်းနေသည့် ဧရာမဓားရှည်ကြီးပေါ်မှ လူပေါင်းများစွာတွင်လည်း အလားတူအတွေးမျိုးရှိကြသည်။ ဤအရာသည် သူတို့အား ချက်ချင်းကျော်ကြားသွားအောင် လုပ်ပေးနိုင်မည့် တိုက်ပွဲတစ်ခု၊ အတွေ့အကြုံတစ်ခု သက်သက်သာဖြစ်သည်။
“ခန္ဓာကိုယ်ကို သန့်စင်တာက မင်းထင်သလိုမဟုတ်ဘူး။ လေ့ကျင့်ဖို့အတွက် အပိုအလေးချိန်တွေ ဘယ်လောက်ထည့်နေပါစေ အသုံးမဝင်ဘူး။ အဲဒါက မင်းစိတ်ကူးထဲကလို ပိုပေါ့ပါးသွားအောင်လုပ်ပေးနိုင်တာအပြင် တစ်ခြားအသုံးဝင်တာမရှိဘူး”
စုမင် ဓားထိပ်ဖျားတွင် ထိုင်နေခဲ့သည်။ သူ့မျက်နှာက ဖြူရော်နေသော်လည်း အံကြိတ်ထားဆဲဖြစ်ပြီး ထိုအရာအား တောင့်ခံဖြတ်သန်းနေခဲ့သည်။ သူရှိနေသောနေရာတွင် ပြင်းထန်သောလေပြင်းများတိုက်ခတ်နေပြီး ၎င်းတို့သည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဖြတ်တိုက်နေသဖြင့် စုမင်ကိုယ်က တုန်ယင်နေသည်။ အမှန်စင်စစ် သူ့သွေးများသည်ပင် သွေးကြောများထဲသို့ စီးဆင်းနိုင်ရန် များစွာခုခံကြိုးစားနေရပုံပေါ်သဖြင့် စုမင်နှလုံးသားသည် ဆက်ခုန်နိုင်ရန်ပင် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသကဲ့သို့ စုမင်ခံစားနေရလေသည်။
စုမင်အနောက်တွင် ကျင့်ချိန်ရုန်သည် အေးအေးဆေးဆေးထိုင်၍ ငြီးငြူပြောဆိုနေသည်။
စုမင်နှုတ်ခမ်းများက တုန်ရီနေပြီး အသက်ရှူသံများက လျင်မြန်နေသော်ငြား အံတင်းတင်းကြိတ်၍ စကားပြန်ပြောနေဆဲဖြစ်သည်။ “ဒါပေမယ့် ငှက်တွေက ပေါ့ပါးလို့ ကောင်းကင်မှာ ပျံသန်းနိုင်တာလေ။ အဲဒါကြောင့် သူတို့မှာ အကန့်အသတ်မရှိ အမြန်နှုန်းရှိနိုင်ကြတာ။ အဲဒါက ခန္ဓာကိုယ်ထဲကို အပိုအလေးချိန်ထည့်တဲ့ ထည့်တဲ့လေ့ကျင့်နည်းက အလုပ်ဖြစ်တယ်လို့ ဆိုလိုနေတာမဟုတ်ဘူးလား”
“ဟာသပဲ။ မင်းက ငှက်တွေကိုပဲ ကြည့်တာလား။ ဒါဆို
ဧရာမခန္ဓာကိုယ်ကြီးတွေနဲ့ ကောင်းကင်မှာပျံသန်းနေတဲ့ သားရဲရိုင်းတွေကို မင်းမြင်ဖူးလား။ သူတို့ဆို ငါတို့ မာန်စွမ်းအားရှင်တွေတောင် မယှဉ်ပြိုင်နိုင်လောက်အောင် အရမ်းမြန်တယ်။ သူတို့ကရော ပေါ့ပါးလို့လား” ကျင့်ချိန်ရုန်သည် အေးစက်စက် လှောင်ပြောင်သရော်လိုက်ပြီးမှ မေးသည်။
စုမင်တိတ်ဆိတ်သွားမိပြီး အချိန်အတော်ကြာသည်အထိ ပြန်လည်တုန့်ပြန်နိုင်သည့် နည်းလမ်းရှာမတွေ့ခဲ့ပေ။ သူ့စိတ်ထဲတွင်တော့ ရွှေရောင်ငှက်ကြီးက ပေါ်လာခဲ့သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကြောင့် မယုံနိုင်လောက်အောင်ပင် သေချာပေါက် လေးလံလိမ့်မည်ဖြစ်သော်လည်း ၎င်းက မယုံနိုင်ဖွယ် အမြန်နှုန်းများဖြင့် သွားလာနိုင်လေသည်။
“မင်းခန္ဓာကိုယ်ကို အပိုအလေးချိန်တွေ ပေါင်းထည့်တဲ့ လေ့ကျင့်နည်းက မှန်လည်းမမှန်သလို မှားလည်းမမှားဘူး။ အဲဒါကို ခန္ဓာကိုယ်သန့်စင်ခြင်းရဲ့ ပထမဆုံးခြေလှမ်းလို့တောင် ငါတို့ခေါ်လို့ရတယ်။ ဒါပေမယ့် အဲဒါမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ စစ်မှန်တဲ့ ခန္ဓာကိုယ်သန့်စင်မှုဆိုတာ လေရဲ့ပုံစံနဲ့ လေဦးတည်ချက်ရဲ့ ဒဏ်ခံနိုင်မှုကို ထိန်းချူပ်တာပဲ။ မင်းခန္ဓာကိုယ်ကိုတွန်းဖို့ အဲဒီအားနှစ်ခုကိုသုံးပြီး သူတို့ကို အဆက်မပြတ် အတူတကွပေါင်းစပ်ခြင်းအားဖြင့် မင်းမြေပေါ်မှာ လမ်းလျှောက်နေသလိုပဲ ကောင်းကင်မှာလည်း လမ်းလျှောက်နိုင်တယ်”
“ဒါပေမယ့် ငါတောင်အဲနည်းလမ်းကို အပြည့်အဝနားမလည်သေးဘူး။ ဒီတော့ မင်းအခု အာ့အကြောင်းကို စဉ်းစားစရာမလိုသေးဘူး။ အခုလောလောဆယ်တော့ အဲဒါက မင်းအတွက် ဦးတည်ချက်ပဲ။ ဦးတည်ချက်မှန်မှ မင်းလမ်းကြောင်းနောက်ကို လိုက်နိုင်လိမ့်မယ်။ အကယ်၍ အစတည်းကသာ မင်းဦးတည်ချက်က မှားနေခဲ့မယ်ဆိုရင်တော့၊ မင်းအချိန်ဖြုန်းနေသလိုပဲ ဖြစ်နေလိမ့်မယ်” ကျင့်ချိန်ရုန်သည် အသံတိုးတိုးဖြင့် ပြောနေရင်း ညာလက်ကိုမြှောက်၍ စုမင်ရှေ့ရှိနေရာကို ညွှန်ပြလိုက်သည်။
သူ့လက်ချောင်းဖြင့် ညွှန်ပြမှုတစ်ချက်နှင့်အတူ စုမင်အရှေ့ ဓားထိပ်ဖျားမှ အကာအရံအလင်းလွှာတွင် သေးငယ်သော စုတ်ပြဲရာတစ်ခု ပေါ်လာသည်။ ထိုစုတ်ပြဲရာပေါ်လာသည်နှင့်တစ်ပြိုင်နက် စုမင်ခန္ဓာကိုယ်က အပြင်းအထန်တုန်ယင်သွားခဲ့သည်။ ထိုလေထုအလွှာပါးလေးသည် ချက်ချင်းဆိုသလို အဆပေါင်းများစွာသန်မာသွားသည်ကို သူခံစားမိလိုက်မိ၏။ ထိုပြင်းထန်သောနာကျင်မှုသည် သူ့အားဆုတ်ဖြဲပစ်တော့မည်ဟူသော ခံစားချက်ကလည်း ပိုမိုအားကောင်းလာခဲ့သည်။
“မင်း ဒီလမ်းကြောင်းကို လျှောက်လှမ်းချင်တယ်ဆိုရင် လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းရမယ်။ အခု မင်းကိုယ်မင်း လေပြင်းတစ်ခုလိုစဉ်းစားပြီး မင်းကိုတိုက်ခတ်နေတဲ့ လေရဲ့ ခုခံအားကို ခံစားကြည့်။ အားနှစ်ခု အချင်းချင်းတိုက်မိတဲ့အချိန် မင်းခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးက တုန့်ပြန်မှုကို အာရုံခံ”
စုမင်နှုတ်ခမ်းထောင့်များမှ သွေးများစီးကျလာသည်။
သူ့ကိုယ်ထဲမှ ပြင်းထန်သောနာကျင်မှုသည် သူ့အား ထိုအရာကို ခံနိုင်ရည်မရှိဖြစ်စေသည်။ သူ့ထံတိုးဝင်လာနေသော လေပြင်းသည် သူ့အသားများကို ဓားသွားများသဖွယ် လှီးဖြတ်နေကြသည်။ သူ့ခန္ဓာကိုယ်တွင် မနာကျင်သည့်အစိတ်အပိုင်းဟူ၍ မရှိပေ။ ထိုနေရာတွင်ထိုင်နေစဉ် သူ့ခန္ဓာကိုယ်သည် အချိန်မရွေးနောက်သို့ လွင့်ထွက်သွားတော့မည့်ပုံနှင့် ယိမ်းထိုးလှုပ်ရှားနေခဲ့သည်။
ကျင့်ချိန်ရုန်သည် မျက်မှောင်ကြုတ်လျက် အထင်သေးစွာဖြင့် အေးစက်စက်ပြောသည်။ “အသုံးမကျတဲ့ အမှိုက်”
“ပိုင်ချန်းကျိူက်ကြောင့်သာ မဟုတ်ရင် ငါမင်းကိုနည်းနည်းလေးတောင် အာရုံစိုက်မိခဲ့မှာမဟုတ်ဘူး။ ငါ စီနီယာထျန်းရှဲ့ကျီကို လေးစားရင်လေးစားလိမ့်မယ်။ ဒါပေမယ့် မင်းကတော့ သူ့တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး” ကျင့်ချိန်ရုန်က လှောင်ပြောင်သည်။
စုမင် တုန်ရီသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများထပ်မံ စီးကျလာပြန်သည်။ ထိုင်နေဆဲပုံစံနှင့်ပင် သူ့ခန္ဓာကိုယ်သည် နောက်သို့ ငါးပေခန့်ရွေ့သွားခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့သွား၏။ ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုကြောင့် သူ၏ မတ်တပ်ထရပ်နိုင်သည့် ခွန်အားများပင် ပျောက်ဆုံးသွားသည်ဟု ခံစားနေရသည်။ လေတိုက်ခတ်မှုအောက်တွင် သူ၏ချီလှည့်ပတ်မှုသည်ပင် မယုံနိုင်လောက်အောင် ခက်ခဲလာသည်။ သူ့ကိုယ်ထဲရှိ ရုပ်နယ်လွန်စွမ်းအား လှည့်ပတ်မှုသည်လည်း မယုံနိုင်ဖွယ်ခုခံမှုတစ်ခုကို ဆန့်ကျင်နေရသည့်အလား များစွာနှေးသွားခဲ့သည်။
ဤအခြေအနေမျိုးအောက်တွင် သူ့ခန္ဓာကိုယ်အား တစ်နေရာတည်းတွင်ပင် ထိန်းထားနိုင်ရန် အလွန်ခက်ခဲချေသည်။
“အမှိုက်က အမှိုက်ပဲ။ မင်းက အရမ်းတုံးတယ်”
ကျင့်ချိန်ရုန်သည် ညာလက်ကိုမြှောက်၍ စုမင်ရှေ့ရှိ ဓားရှည်ထိပ်ဖျားမှ အကာအရံအလင်းလွှာကို ထပ်မံညွှန်ပြလိုက်သည်။ ယခင်က ဖြစ်ပေါ်နေခဲ့သော စုတ်ပြဲရာသည် ကျယ်လောင်သံနှင့်အတူ ချက်ချင်းဆိုသလို အနည်းငယ်ပိုကြီးမားလာခဲ့သည်။
ထိုသို့လုပ်လိုက်ခြင်းအားဖြင့် စုမင်အားတိုက်ခတ်နေသောလေသည် ချက်ချင်းပိုမို အားကောင်းလာသည်။ စုမင် ယခင်လေနှင့် အသားမကျနိုင်သေးခင်မှာပင် သူနောက်သို့ထပ်ရွေ့သွားပြီး ပါးစပ်အပြည့် သွေးအန်လိုက်ရချေ၏။
ထိုပါးစပ်အပြည့်သွေးများသည် လေနှင့်အတူ ချက်ချင်းပြန့်ကျဲသွားကြသော်လည်း ထူးဆန်းသောအရာမှာ ၎င်းသွေးများပြန့်ကျဲသွားသည်နှင့် တစ်ချိန်တည်းလိုလိုပင် သွေးစက်လေးတစ်စက်သည် စုမင်ခန္ဓာကိုယ်ရှေ့တွင် အသက်ရှူကြိမ်များစွာအထိ ရှိနေခဲ့ပြီးနောက်မှ သွေးမြူများအဖြစ်ပြောင်းလဲကာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
“အသုံးမကျတဲ့ အမှိုက်တစ်စဖြစ်နေတုန်းပဲ။ အမွှေးတိုင်တစ်ကြိမ်ထွန်းစာ ကြာပြီးရင်၊ ငါအကာအရံလွှာကို နောက်တစ်ကြိမ် ကျယ်ကျယ်ထပ်ဖွင့်မယ်။ အဲဒါကို မခုခံနိုင်ဘူးဆိုရင်တော့ ဓားအစွန်းကို မင်းဖင်ပြန်ရွှေ့သွားလိုက်တော့” ကျင့်ချိန်ရုန် မကျေမနပ်ပြောဆိုလိုက်ပြီး သူ့အမူအယာက ရေခဲသဖွယ် အေးစက်လို့သွားသည်။
စုမင်မျက်နှာက ဖြူရော်နေချေပြီ။ လေပြင်းထဲတွင် သူ့မျက်လုံးများကို အဖွင့်၊အပိတ်လုပ်ရသော အလုပ်သည်ပင် လုံလောက်အောင် ခက်ခဲနေခဲ့ပြီးဖြစ်ကာ အသက်ရှူရန်ဆို ပိုမိုဆိုးရွားသေး၏။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ့အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သော်ငြား သူ့မျက်လုံးများသည်တော့ ယခုလေးတင် သွေးမြူများရှိနေခဲ့သောနေရာ၌ ကော်ကပ်ထားသလိုရှိနေပြီး အခြားမည်သည့်နေရာကိုမှ အကြည့်မလွှဲမိပေ။
'ငါ့ကိုယ်ငါ လေပြင်းတစ်ခုလို စိတ်ကူးရမယ်... အဲဒါက ပြောဖို့သာလွယ်တာ... ဒါပေမယ့် ငါကဘယ်လိုလုပ်ရမှာလဲ...' စုမင် ဒုက္ခရောက်သည်ဟု ခံစားရသော်လည်း အရှုံးမပေးခဲ့ပေ။ အံကိုသာ တင်းတင်းကြိတ်၍ သည်းခံကြိုးစားနေခဲ့သည်။
သို့သော် ဤကြိုးစားမှုများက များစွာအသုံးမဝင်ကြောင်းကိုလည်း သူသိနေသည်။
'အဲဒီ သွေးမြူတွေ... သူတို့ အဲဒီလေပြင်းအောက်မှာ ပျောက်ကွယ်မသွားခင် ဘယ်လိုများ အသက်ရှူကြိမ်အများကြီး နေသွားကြတာလဲ...'
တိတ်ဆိတ်မှုအတွင်း စုမင် လျှာထိပ်ဖျားကိုရုတ်တရက်ကိုက်၍ သွေးများကိုထွေးထုတ်လိုက်သည်။ အကျိုးဆက်များကို ဂရုစိုက်မနေပဲ သူ ယခုလေးတင် လေထဲထွေးထုတ်လိုက်သော သွေးမြူများကိုသာ ငေးစိုက်ကြည့်နေခဲ့ပြီး ထို့နောက်တွင် သူ့အမြင်အာရုံထဲရှိ အရာအားလုံးက နှေးကွေးသွားပုံပေါ်သည်။ သူ့သွေးစက်များသည် လေနှင့်ထိတွေ့သွားသည်နှင့် သွေးမြူများအဖြစ်ပြောင်းလဲသွားပြီး အနောက်သို့လွင့်မျောကြသည်ကို စုမင်ကိုယ်ပိုင်မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သို့သော် ထိုသွေးစက်များကြားရှိ ကွက်လပ်လေးများကို လေဖြတ်တိုက်သွားသည်နှင့် ပြန့်ကျဲသွားကြသော သွေးမြူအပိုင်းငယ်လေးတစ်ခုလည်း ရှိသည်။
ထိုအချိန်တွင် စုမင်မျက်လုံးများအတွင်း သဘောပေါက်နားလည်ဟန်များ ပေါ်လာခဲ့သည်။ သူ့မျက်လုံးများကို မှိတ်လိုက်ပြီး သူ့အားလေတိုက်ခတ်သွားစဉ် သူ့ခန္ဓာကိုယ်သည် နောက်သို့တစ်ဖြည်းဖြည်း ထပ်မံ ရွေ့သွားပြန်သည်။
“ဘာကြောင့်များ ပိုင်ချန်းကျိူက်က ဒီလိုအသုံးမကျတဲ့ အမှိုက်အပေါ် အရမ်းတန်ဖိုးထား...” ကျင့်ချိန်ရုန်၏ စိတ်မရှည်မှုက ပြင်းထန်နေပြီဖြစ်သော်လည်း စကားကိုအဆုံးမသတ်နိုင်ခင်မှာပင် သူ့မျက်လုံးများက ပြူးကျယ်လို့သွား၏။
စုမင်သည် မူလက လေနှင့်အတူ ရွေ့နေခဲ့သော်ငြား ယခုတော့ သူသည်ရပ်တန့်သွားပြီဖြစ်ပြီး ထိုအရာကအဆုံးမဟုတ်သေးချေ။ အဘိုးအို၏ မျက်လုံးများရှေ့မှာပင် မျက်လုံးများမှိတ်ထားဆဲ ဖြစ်သော စုမင်သည် မတ်တပ်ထရပ်ကာ အရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် ပြန်လျှောက်လာခဲ့သည်။ သူသည် မူလပထမနေရာသို့ ပြန်လာပြီးသည်နှင့် တွန့်ဆုတ်ခြင်းအလျင်းမရှိပဲ တင်ပလ္လင်ခွေပြန်ထိုင်ချလိုက်ချေ၏။
ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် စုမင်ဆံပင်များသည် အလွန်လျင်မြန်စွာ စတင်လွင့်မျောသွားပြီး သူ့ဝတ်ရုံများသည်လည်း လေထဲတွင် အပြင်းအထန်တဖျတ်ဖျတ်လွင့်မျောနေကြသော်ငြား စုမင်ခန္ဓာကိုယ်ကတော့ လေကြောင့်နောက်ကိုထပ်မရွေ့သွားတော့ပေ။ ခန္ဓာကိုယ်က တုန်ယင်နေဆဲဖြစ်သော်ငြား ယခင်နှင့် လုံးဝမတူကွဲပြားသော အခြေအနေတစ်ခုသို့ ရောက်ရှိနေချေပြီ။
“ဟမ်”
ကျင့်ချိန်ရုန်သည် ခဏတာစူးစမ်းလေ့လာကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အံ့သြမှုများ တစ်ဖြည်းဖြည်းပေါ်လာခဲ့သည်။ သူသည် ညာလက်ကိုမြှောက်၍ စုမင်အရှေ့ရှိ ဓားထိပ်ဖျားမှ အလင်းအကာအရံလွှာကို ညွှန်ပြလိုက်ပြီး စုတ်ပြဲရာကို အနည်းငယ်ပိုမိုကျယ်ပြန့်လာစေကာ လေတိုက်ခတ်မှုကို ပိုမိုပြင်းထန်စေလိုက်သည်။
ယခင်ကဆိုလျှင် စုမင်သည် ၎င်းကို သေချာပေါက်ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပဲ လေနှင့် အနောက်သို့လွင့်မျောသွားနိုင်သည်။ သို့သော် ယခုတော့ သူသည် ထိုနေရာတွင်သာ ခိုင်မြဲစွာထိုင်နေပြီး လေပြင်းများအား သူ့ခန္ဓာကိုယ် အရှေ့ပိုင်းကို ဖြတ်တိုက်ခွင့်ပြုထားလေသည်... ထို့နောက်တွင်တော့ ၎င်းလေပြင်းများသည် သူ့ခန္ဓာကိုယ်အားဖြတ်သန်း၍ သူ့နောက်ကျောမှ ပြန်ထွက်လာကြချေသည်...
Note:
ပိုင်ချန်းကျိူက်ဆိုတာ ရိုးရေစတေးနယ်ပယ်က စစ်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ ကောင်းကင်မြူခိုးအတားအဆီးက အစောင့်အရှောက်တစ်ယောက်ပါ။ နောက်ဆုံးတစ်ခေါက် စုမင်နဲ့သူ့ဆရာ လူရိုင်းတွေရဲ့နယ်မြေဆီသွားတုန်းက စုမင်ကို သူ့ရဲ့နတ်ဘုရားစိတ်အာရုံကိုယ်ပွား ပေးခဲ့တဲ့လူပါ။
***