အဘိုးအို
Vol. 24 Ch. 326
စုမင်အား တိုက်ခတ်နေသော လေပြင်းများထဲမှ တစ်စိတ်တစ်ပိုင်းသည် စုမင်ကိုယ်အားဖြတ်သန်းလျက် နောက်ကျောမှထွက်လာသည်ကို မြင်သောအခါ
ကျင့်ချိန်ရုန်၏ မျက်နှာထက်တွင် လေးနက်တည်ကြည်သောအမူအယာတစ်ခု ချက်ချင်းပေါ်ထွက်လာသည်။ ပိုင်ချန်းကျိူက်သည် ဤလူငယ်ကို အဘယ်ကြောင့် ဤမျှတန်ဖိုးထားနေကြောင်း သူရုတ်တရက် နားလည်သွားခဲ့၏။
“မဆိုးပါဘူး။ စုမင်...” ကျင့်ချန်ရုန် တီးတိုးရေရွတ်လိုက်သည်။
'ငါက မူလတုန်းကတော့ ဒီလေပြင်းကို အချိန်ကြာကြာလေး ပိုခံနိုင်ရည်ရှိနိုင်အောင် စကားလုံးတွေကတစ်ဆင့် ရန်စပြီး လှုံ့ဆော်ပေးချင်ခဲ့တာ။ အဆုံးမှာတော့ ငါတို့ကိုတိုက်ခတ်နေတဲ့ လေပြင်းကလည်း အေးခဲကောင်းကင်ရဲ့ အမြန်နှုန်းကြောင့် သေချာပေါက်ကို ပုံမှန်မှ မဟုတ်ပဲ။ အဲဒါက ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် ထူးကဲကောင်းမွန်တဲ့ လေပဲလေ...'
'ပြီးတော့ ဓားထိပ်ဖျား ဒီနေရာမှာရှိနေတဲ့ လူတစ်ဦးတည်းကပဲ အဲဒီ ခန္ဓာကိုယ်သန့်စင်ဖို့ အခွင့်အရေးကို ရနိုင်တာ။ ပိုင်ချန်းကျိူက်ကြောင့်သာ ငါသူ့ကို ဒီနေရာမှာ လေ့ကျင့်ခွင့်ပြုပေးခဲ့တာ'
'ဒါပေမယ့်... သူ့ရဲ့ ပြည့်စုံတဲ့စွမ်းရည်တွေက အခုလိုအခြေအနေမျိုးအထိ ရောက်နေလိမ့်မယ်လို့တော့ ငါမထင်ထားမိဘူး။ သူက ဉာဏ်အလင်းပွင့်ခြင်းကတစ်ဆင့် ဒီအခြေအနေအထိ တစ်ကယ်ရောက်အောင် လုပ်နိုင်ခဲ့တာပဲ'
စုမင်အား စောင့်ကြည့်နေသော ကျင့်ချိန်ရုန်၏ မျက်လုံးများက တဖျတ်ဖျတ်တောက်ပလို့နေသည်။
'သူ့ကိုယ်သူ လေအဖြစ် စဉ်းစားကြည့်ဖို့ ငါသူ့ကိုပြောခဲ့တယ်။ အဲလိုလုပ်ခြင်းအားဖြင့် လေပြင်းနှစ်ခုက အချင်းချင်း တစ်ခုဆီတစ်ခု တိုးဝင်တိုက်ခတ်ချိန် လေရဲ့စွမ်းအားကို ခံစားနိုင်လိမ့်မယ်။ အဲလိုသာဆိုရင် လေကိုသန့်စင်ဖို့ လေကိုပဲသုံးခြင်းအားဖြင့် သူ့ခန္ဓာကိုယ်ကို သန့်စင်နိုင်လိမ့်မယ်... ဒါပေမယ့် သူ့ရဲ့ဉာဏ်အလင်းပွင့်မှုက သူ့ကို အဲဒီအခြေအနေထက် ကျော်လွန်သွားစေခဲ့တယ်။ သူ လုပ်နိုင်ခဲ့လို့ လေက သူ့ကိုယ်ကို ဖြတ်သွားတာ... အကယ်၍ သူလေနဲ့ထိပ်တိုက်တွေ့ရင်တောင် အဲမှာလေမရှိတော့ဘူး။ လူက အဲနေရာမှာရှိနေသလို၊ တစ်ချိန်တည်းမှာပဲ အဲမှာလည်း ရှိမနေဘူး...'
ကျင့်ချိန်ရုန်သည် ခဏတာ အံ့အားသင့်မင်သက်နေခဲ့ပြီးနောက် စုမင်အားကြည့်နေသော သူ့အကြည့်က ထူးဆန်းလေးနက်လာခဲ့သည်။
စုမင် ထိုနေရာတွင် အချိန်ကြာမြင့်စွာ ထိုင်နေခဲ့ပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူ၏ ပြန်ပွင့်လာသောမျက်လုံးများထဲတွင်တော့ တည်ငြိမ်သောအမူအယာတစ်ခု ရှိနေသည်။
“စီနီယာ ကျင့်၊ ဒီလေက တော်တော်အားပျော့သွားပြီ။ စုတ်ပြဲရာကို နည်းနည်းထပ်ဖွင့်ပေးလို့ရမလား”
ကျင့်ချိန်ရုန်သည် ဟမ့်ခနဲအသံပြုလိုက်သော်လည်း စုမင်အား အသုံးမကျသော အမှိုက်တစ်စဟု ဆက်မခေါ်တော့ပေ။ ထိုအစား ညာလက်ကိုမြှောက်၍ စုမင်အရှေ့သို့ ညွှန်ပြလိုက်သည်။ စုတ်ပြဲရာသည် ချက်ချင်းဆိုသလိုပင် အနည်းငယ်ပိုကျယ်သွားသဖြင့် အတွင်းသို့တိုက်ခတ်နေသော လေများက ပိုမိုပြင်းထန်လာခဲ့သည်။
စုမင်အား လေတိုက်ခတ်လာ၍ သူ့မျက်လုံးများကို ပြန်ပိတ်လိုက်သော အခါ၊ သူ့ကိုယ်ရှိ မွှေးညင်းပေါက်(ချွေးပေါက်)များအားလုံး ပွင့်လာကြသည်။ သူ့ခေါင်းထဲတွင်တော့ သူ့ခန္ဓာကိုယ်အား သွေးမြူများအဖြစ် ပြောင်းလဲသွားရန် မြင်ယောင်ကြည့်နေခဲ့သည်။ သူ့ကိုယ်ထဲတွင် လေဖြတ်သန်းသွားစေနိုင်သည့် အပေါက်များစွာရှိသည်။
သူသည် မတည်ရှိနေသကဲ့သို့ပင်ဖြစ်သည်။
သူ၏ အပေါက်ငယ်များသည် အသက်ရှူနိုင်သကဲ့သို့ပင် ဖြစ်ပြီး သူ့အား လေတိုက်ခတ်လာသောအခါ ၎င်းလေများသည် အပေါက်ငယ်များထဲသို့ ထူးဆန်းသောပုံစံဖြင့် စုပ်ယူခံလိူက်ရပေလိမ့်မည်။ ထို့နောက် ၎င်းတို့သည် သူ့ကိုယ်ထဲရှိ အခြားအရာတစ်ခုခုနှင့် လဲလှယ်သွားပြီး သူ့နောက်ကျောရှိ အပေါက်ငယ်များမှ ပြန်ထွက်သွားကြသည်။
သို့သော် ဤရှူသွင်းရှူထုတ်ခြင်း နည်းလမ်းသည် စုမင်၏ အစစ်အမှန် အသက်ရှူခြင်းနေရာတွင်တော့ အစားမထိုးနိုင်ပေ။ ဤအရာနှင့်ဆိုလျှင်တောင် အသက်ရှူကျပ်သကဲ့သို့ ခံစားနေရဆဲဖြစ်သည်။ အမှန်စင်စစ်တွင် သူ့ကိုယ်ထဲရှိလေကို လဲလှယ်လိုက်သောအခါ ပိုမိုပြင်းထန်သော နာကျင်မှုပင် ဖြစ်ပေါ်လာလေသည်။
မည်သို့ပင်ဆိုစေကာမူ၊ သူ့မျက်နှာအား ဆန့်ကျင်တိုက်ခတ်နေသောလေများသည် ပြင်းထန်သည်ဆိုလျှင်တောင် ဤနည်းလမ်းသည် သူ့ကိုယ်ပေါ်ရှိ အပိုအလေးချိန်များကို ချွတ်လိုက်ချိန်ရရှိသောအမြန်နှုန်းထက် သာလွန်သော ပိုမိုမြန်ဆန်သည့် အမြန်နှုန်းကို ရရှိထိန်းသိမ်းထားနိုင်စေလေသည်။ အမှန်စင်စစ်တွင် ၎င်းက သူ ထိုအခြေအနေဖြင့်နေနိုင်သည့် ကြာချိန်ကိုပင် ဆွဲဆန့်ပေးနိုင်ချေသည်။
အချိန်များ ကုန်လွန်သွားသည်။ ဒုတိယညရောက်လာသောအခါ စုမင် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလျင်အမြန်ဆုတ်လိုက်သည်။ အကြိမ်အနည်းငယ်ခန့် အသက်ဝဝရှူလိုက်ပြီးသည်နှင့် သူ့မျက်နှာအရောင်က တစ်ဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာသည်။ သူသည် ဤအပြုအမူအား တစ်နေ့တာအတွင်း အကြိမ်ကြိမ်လုပ်ဆောင်ပြီးခဲ့ချေပြီ။
ကျင့်ချိန်ရုန်သည် စကားတစ်ခွန်းမှ မဆိုသေးချေ။ ထိုအစား ထူးဆန်းသော အကြည့်တစ်ခုနှင့် စုမင်အား စူးစိုက်ကြည့်နေပြီး အသက်ရှူရန် မွှေးညင်းပေါက်များကို သုံးနေသည့် စုမင်၏လုပ်ရပ်ကို စောင့်ကြည့်လေ့လာနေခဲ့သည်။
“ကမ္ဘာပေါ်မှာ အသက်ရှူဖို့ သူတို့ပါးစပ်တွေ၊ နှာခေါင်းတွေကို သုံးစရာမလိုတဲ့ သတ္တဝါအချို့ရှိတယ်လို့ ငါသိထားတာ။ သူတို့က ပါးစပ်တွေ၊နှာခေါင်းတွေအစား အရေပြားကို သုံးကြတယ်တဲ့... မင်းက မာန်စွမ်းအားရှင်တစ်ယောက်ဆိုတာရယ်၊ ရံဖန်ရံခါ မင်းပုံစံက အသက်ရှူကြပ်နေတဲ့ ပုံမျိုးဖြစ်နေတာရယ်ကြောင့်သာ မဟုတ်ရင် မင်းက လူအသွင်ယူထားတဲ့ အဲသတ္တဝါတွေထဲက တစ်မျိုးလို့ ငါသေချာပေါက်တွေးမိမှာပဲ” ကျင့်ချိန်ရုန်က ထူးဆန်းသောအသံဖြင့် ပြောသည်။
သူသည် အချိန်အတော်ကြာ ငြိမ်သက်သွားပြီးနောက်မှ အေးအေးဆေးဆေး မှတ်ချက်ပြုသည်။ “မင်းနည်းလမ်းက ငါအရင်က မင်းကိုပေးခဲ့တဲ့ အကြံနဲ့မတူဘူး။ မင်းပုံစံအရ ဆုံးဖြတ်ရမယ်ဆိုရင်တော့ မင်းအဲဒီအခြေအနေမှာ အချိန်အကြာကြီး မနေနိုင်ဘူး။ အဲဒါက... မပြည့်စုံသေးဘူး”
“ဒါပေမယ့် နောက်ဆုံးအကြိမ်တုန်းကနဲ့ နှိုင်းယှဉ်ရင် ကျွန်တော့်အမြန်နှုန်းက ကြီးမားတဲ့ကွာခြားမှုတစ်ခုနဲ့ တိုးတက်လာခဲ့တယ်။ ပြီးတော့ အရင်ကထက်လည်း အချိန်ကြာကြာ ပိုနေနိုင်လာတယ်။ ဒီရလဒ်ကိုတောင် ကျေနပ်နေပါပြီ”
“ပိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ရှာဖွေဖို့အတွက်ကတော့... အဲဒီအတွက် ဉာဏ်အလင်းပွင့်အောင် ကြိုးစားခွင့်မရနိုင်ခင် စစ်ပွဲကနေ အသက်ရှင်နိုင်ဖို့ လိုလိမ့်ဦးမယ်” စုမင် ခဏတာငြိမ်သက်နေပြိးမှ အသာအယာပြောလိုက်သည်။
ကျင့်ချိန်ရုန်သည် သူနှင့်သဘောတူပုံမရဟု ထင်ရသော်လည်း တစ်စုံတစ်ရာကို တွေးမိသွားသည်နှင့် မည်သည့်တုန့်ပြန်မှုမှ ပြန်ပေးမလာတော့ပေ။ သူပြောချင်သော စကားလုံးများသည်လည်း သက်ပြင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
“မင်းမှန်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မင်းအသက်ရှင်နိုင်မှပဲ မင်းမှာအခွင့်အရေးရှိလာမှာ။ မင်းဘာသာမင်း လေ့ကျင့်တော့။ ငါလည်းအခု နည်းနည်းပင်ပန်းနေပြီ...” သူသည် ခေါင်းခါယမ်းလိုက်ပြီး မျက်လုံးများကိုပိတ်၍ တိတ်ဆိတ်စွာဖြင့် စတင်တွေးတောဆင်ခြင်နေလိုက်သည်။
ညအချိန်တွင် ကောင်းကင်သည် ကြယ်များဖြင့်ပြည့်နေသော်လည်း စုမင်၌ သူတို့အားကြည့်နေရန် အချိန်မရှိပေ။ အနားယူပြီးသည်နှင့် သူ အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ဓားထိပ်ဖျားရှိ လေတိုက်ခတ်နေသော နေရာသို့ပြန်သွားလိုက်သည်။ ထိုနေရာတွင် ထိုင်ချလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ကျင့်ချိန်ရုန်ကိုယ်တိုင်ပင် အပြည့်အဝနားမလည်နိုင်သေးသည့် နည်းလမ်းဖြင့် သူ့ခန္ဓာကိုယ်အား စတင်သန့်စင်နေလိုက်သည်။
အမှန်တစ်ကယ်တော့ စုမင်သည်လည်း ထိုနည်းလမ်းကို အမှန်တစ်ကယ် နားမလည်ခဲ့ပါချေ။ ချက်ချင်းပျောက်ကွယ်မသွားခဲ့သည့် သွေးမြူအစိတ်အပိုင်းတစ်ခုထံမှ သူရရှိခဲ့သော ဉာဏ်ကွန့်မြူးမှုကို အသုံးချခဲ့ရုံသက်သက်ပင်ဖြစ်သည်။ ဤနည်းလမ်းသည် ခက်ခဲသည့်ပုံမပေါ်ဟု ထင်ရသော်လည်း အသက်ရှူရန် အပေါက်ငယ်များအားလုံးကို ထိန်းချူပ်ရခြင်းအတွက် ကောင်းမွန်စွာထိန်းချူပ်နိုင်မှုကို လိုအပ်ပြီး ထိုအရာသည် သာမန်လူတစ်ဦးလုပ်နိုင်ရန် ခက်ခဲသောအရာတစ်ခု ဖြစ်သည်။
စုမင်ကိုယ်တိုင်သည်ပင် တစ်ဖြည်းဖြည်းဖြင့် ပုံစံတစ်ခုရှာမတွေ့ခင်အထိ အဆက်မပြတ် ကြိုးစားခဲ့ရသည်။ ထို့နောက်မှသာလျှင် သူ့ခန္ဓာကိုယ်အား အပိုအလေးချိန်များ ထပ်မံပေါင်းထည့်သည့် လေ့ကျင့်ခြင်းနှင့် လုံးဝမတူညီသော သန့်စင်ခြင်းနည်းလမ်းကို သူတစ်ဖြည်းဖြည်း စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
'ငါ့ကိုယ်မှာ အပိုအလေးချိန်တွေ ပေါင်းထည့်တဲ့ လေ့ကျင့်ခြင်းအပေါ်မှာလည်း ငါလက်မလျှော့နိုင်ဘူး။ အခြားလူတွေရဲ့ စကားလုံးတွေကလည်း သေချာပေါက် လုံးဝမမှန်နိုင်ဘူး။ ပြီးတော့ ဒီတိုက်ပွဲကလည်း နှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်။ ပျက်စီးဆုံးရှုံးမှုအဆင့်ကလည်း မယုံနိုင်လောက်အောင် ဖြစ်လိမ့်မယ်။ ရှင်သန်ရပ်တည်နိုင်ရေးက... အရေးအကြီးဆုံး အရာပဲ'
စုမင်မျက်လုံးများအတွင်း စိတ်ပိုင်းဖြတ်ဟန် အမူအယာများ ပေါ်လာခဲ့ပြီးနောက် မျက်လုံးများကို ပိတ်လိုက်သည်။
ညအချိန်က တစ်ဖြည်းဖြည်းကုန်လွန်သွားသည်။ တတိယမြောက်နေ့ နံနက်ခင်းသို့ရောက်လာပြီး မိုးကုပ်စက်ဝိုင်းတွင် နံနက်ခင်းနေရောင်ခြည် ထွက်ပေါ်လာသောအခါ ကောင်းကင်ပေါ်မှ မတူကွဲပြားသော နေထွက်မှုကို စုမင်တွေ့လိုက်ရသည်။
အလွန်ထူးကဲလှပသော နေထွက်မှုက စုမင်အာရုံကို ဖမ်းစားသွားသည်။ အချိန်အတော်ကြာပြီးနောက်တွင်တော့ သူ မျက်လုံးများကို တစ်ဖန်ပြန်ပိတ်၍ ခန္ဓာကိုယ်သန့်စင်ခြင်းထဲသို့ ပြန်လည်နစ်မြုပ်သွားခဲ့သည်။ ညအချိန် ရောက်ရှိလာခဲ့ပြီး တတိယမြောက်ည ကုန်ဆုံးသွားကာ အခြားနေ့သစ်တစ်နေ့ ရောက်လာသောအခါ စုမင်မတ်တပ်ထရပ်၍ နက်ရှိုင်းစွာ အိပ်မောကျနေသောပုံဖြင့် မျက်လုံးများကိုပိတ်ထားဆဲဖြစ်သော ကျင့်ချိန်ရုန်ထံ လျှောက်သွားလိုက်သည်။
စုမင် လျှောက်လာသည့်အခိုက်အတန့်မှာပင် အဘိုးအို၏ မျက်လုံးများက ပွင့်လာခဲ့သည်။
“စီနီယာကျင့်ရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်” စုမင် ကျေးဇူးတင်စွာဖြင့် လက်သီးနှင့်လက်ဝါးထပ်ကာ အရိုအသေပေးရင်း ဦးညွှတ်လိုက်သည်။
“ငါ့ကို အခုကျေးဇူးမတင်နဲ့ဦး။ မင်းစစ်ပွဲမှာ ရှင်သန်နိုင်ခဲ့ရင် အဲအချိန်ကျမှ ငါ့ကိုကျေးဇူးတင်”
ကျင့်ချိန်ရုန် စကားပြောပုံနှင့် စုမင်အနည်းငယ် အသားကျနေချေပြီ။ အဘိုးအို၏ စကားများကို ကြားသောအခါ သူပြုံးရုံသာပြုံးလိုက်ပြီး ထျန်းရှဲ့ကျီပေးခဲ့သော ဝါးစာလိပ်ကိုထုတ်ယူကာ အဘိုးအိုထံသို့ လေးလေးစားစားကမ်းပေးလိုက်သည်။
ကျင့်ချိန်ရုန်သည် ဝါးစာလိပ်ကိုယူ၍ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“စီနီယာ ကျွန်တော် ဒီနေရာမှာ ထွက်ခွာချင်ပါတယ်” စုမင် တည်ငြိမ်စွာ တောင်းဆိုလိုက်သည်။
“စီနီယာထျန်းရှဲ့ကျီရဲ့ တံဆိပ်ပြားနဲ့ဆို မင်းထွက်ခွာချင်တဲ့ ဘယ်အချိန်မဆို ထွက်ခွာလို့ရတယ်။ ဒါပေမယ့် ငါတို့ကောင်းကင်မြူခိုးမြို့တော်ဆီရောက်ဖို့ တစ်ရက်ကျော်လောက် လိုသေးတယ်။ မင်းအခု ထွက်သွားမယ်ဆိုရင် ကောင်းကင်မြူခိုးမြို့တော်ဆီ မင်းဘာသာမင်း သွားရလိမ့်မယ်” ကျင့်ချိန်ရုန်သည် စုမင်အား မော့ကြည့်လာသည်။ “တစ်ကယ် အရေးမကြီးဘူးဆိုရင်၊ အဲလိုမလုပ်ဖို့ အကြံပေးချင်တယ်”
“ဒါက ကျွန်တော့အတွက် တစ်ကယ်အရေးကြီးလို့ပါ” စုမင် အဘိုးအိုကိုကြည့်လိုက်သည်။
“ငါမင်းကို အချိန်ခုနစ်ရက်ပေးမယ်။ မင်းအမြန်နှုန်းနဲ့ အဲလောက်ဆို ကောင်းကင်မြူခိုးမြို့တော်ဆီ ရောက်နိုင်လိမ့်မယ်။ ဓားရှည်ပေါ်မှာ ချန်ထားခဲ့တဲ့ မင်းရဲ့အသက်ဓာတ်အမှတ်အသားကို အာရုံခံခြင်းအားဖြင့် မြို့တော်ရဲ့ တည်နေရာအတိအကျကို မင်းရလိမ့်မယ်”
“အကယ်၍ မင်းခုနစ်ရက်ကြာလို့မှ ပြန်မလာဘူးဆိုရင်တော့ တပ်ပြေးတွေကို အပြစ်ပေးတဲ့ပုံစံအတိုင်း ငါမင်းကိုအပြစ်ပေးမယ်” ကျင့်ချိန်ရုန်သည် လက်ကိုဝှေ့ယမ်း၍ ဝါးစာလိပ်ကို စုမင်ထံ ပစ်ပေးလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို ပြန်ပိတ်လိုက်ပြီး စုမင်အားထပ်မံ အာရုံမစိုက်တော့ပေ။
သို့သော် ယခုလေးတင် သူ့လက်ကို ဝှေ့ယမ်းလိုက်ခြင်းသည် အဘိုးအိုအနောက် အကာအရံအလင်းလွှာပေါ်ရှိ နေရာတစ်ခုသည် စတင်၍ တွန့်လိမ်ပုံပျက်လာခဲ့သည်။ ထိုအရာသည် စုမင်အတွက် သူယာယီဖွင့်ပေးလိုက်သော ထွက်ပေါက်ဖြစ်သည်မှာ ရှင်းလင်းလို့နေ၏။
စုမင် ဝါးစာလိပ်ကို ဖမ်းယူလိုက်ပြီး အဘိုးအိုအား လက်သီးလက်ဝါးထပ်၍ ထပ်မံဦးညွှတ်လိုက်သည်။ ထို့နောက် လူအုပ်ထဲရှိ ဓားအစွန်းမှနေ၍ သူ့အားငေးကြည့်နေသည့် ကျီချဲအား တစ်ချက်လှည့်ကြည့်လိုက်ပြီး စုမင်မျက်လုံးအတွင်း အားပေးမှုများနှင့်အတူ ကျီချဲကို ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ကျီချဲသည်လည်း စုမင်အား တိတ်ဆိတ်စွာစောင့်ကြည့်လျက် ပြန်လည်ခေါင်းညိတ်ပြလာခဲ့သည်။
ဓားအစွန်းတွင် ထျန်းလန်မုန်သည် စုမင်အားကျောခိုင်းလျက် ငြိမ်သက်စွာထိုင်နေခဲ့သည်။ သူမဆံပင်များသည် သူမပုခုံးများပေါ် ဝဲဖြာကျဆင်းနေပြီး ထျန်းလန်မုန်၏ပုံစံက ကောင်းကင်အားငေးမောလျက် သူမအတွေးများအတွင်း နစ်မြုပ်နေပုံပေါ်သည်။
စုမင် အကြည့်ပြန်လွှဲလိုက်ပြီး လူများ၏ စူးစမ်းသောအကြည့်များအောက်မှာပင် အဘိုးအိုအနောက်မှ ယာယီတံခါးဆီ ဦးတည်လိုက်သည်။ ထို့နောက် လျှပ်တပြက်အတွင်းမှာပင် တွန့်လိမ်ပုံပျက်နေသောအလင်းလွှာကို သူဖြတ်ကျော်သွားခဲ့ချေပြီ။
စုမင် အလင်းလွှာမှထွက်ခွာလိုက်သည့် အခိုက်အတန့်မှာပင် လေထဲတွင် နားအူသွားစေနိုင်သည့် ဆူညံသံများ မြည်ဟည်းသွားသည်။ ထိုအသံများသည် သူ့အား အေးခဲကောင်းကင်ကြီးဖြတ်ကျော်၍ အဝေးသို့ရောက်သည်အထိ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ စုမင်ခေါင်းလှည့်ကြည့်လိုက်သောအခါ အဝေးသို့ အနက်ရောင်အစက်အပြောက်တစ်ခု ပျောက်ကွယ်သွားသည်ကိုသာ သူမြင်နိုင်တော့လေသည်။
၎င်းနှင့်အတူ စုမင်ကြားနေခဲ့ရသော ကျယ်လောင်သည့်ဆူညံသံများလည်း လိုက်ပါပျောက်ကွယ်သွားခဲ့သည်။
ကျယ်ပြောသော ကောင်းကင်တွင် တိတ်ဆိတ်မှုက ပြန်လည်နေရာယူသွားသည်။ စုမင်တစ်ဦးတည်းသာ အဝေးသို့ကြည့်ရင်း လေထဲတွင်ရပ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ သူအကြည့်ပြန်လွှဲလျက် မြေပြင်ထက်ဆီသို့ ခြေလှမ်းလိုက်တော့သည်။
လွန်ခဲ့သော အချိန်တစ်ချို့က သူ့ကိုယ်ပေါ်ရှိ ရေခဲကွင်းများ ပေါက်ကွဲသွားမှုကြောင့် သူ ထိုခြေလှမ်း လှမ်းလိုက်သည်နှင့် သူ့အမြန်နှုန်းသည် အံ့အားသင့်ဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။ အရှေ့သို့ ဦးတည်လိုက်စဉ် သူ့ကိုယ်အား ပြင်းထန်သောလေပြင်းများရိုက်ခတ်လာသည်ဟု ခံစားလိုက်ရပြီး ထိုလေပြင်းများ အနီးရောက်လာသည်နှင့်တစ်ပြိုင်နက် သူ့ကိုယ်ပိုင်နားလည်သဘောပေါက်ခဲ့သည့် ရှူသွင်းရှူထုတ်ခြင်းနည်းလမ်းကို စုမင်အသက်သွင်းလိုက်သည်။
လျှပ်တပြက်အတွင်းမှာပင် သူသည် သဲလွန်စမကျန်ပဲ ပျောက်ကွယ်သွားတော့သည်။
ထိုအမြန်နှုန်းသည် သူ့အားတွေ့မြင်လိုက်ရသူအားလုံးကို တုန်လှုပ်သွားစေနိုင်သည့် အခြေအနေသို့ ရောက်ရှိနေခဲ့ချေပြီ။ တစ်ခဏကြာပြီးနောက် မာန်စွမ်းအားရှင်တို့၏ နယ်မြေထဲရှိ တောင်တန်းများထဲမှ တောင်ထိပ်တစ်ခုပေါ်ရှိ လေထုအား လေပြင်းတစ်ခု ဖြတ်သန်းတိုက်ခတ်သွားသည်။ ထိုနေရာရှိ လေထဲတွင် တွန့်လိမ်ပုံပျက်မှုများလည်း ပေါ်လာပြီး တစ်ခုနှင့်တစ်ခုထပ်နေသော ပုံရိပ်ယောင်များစွာကဲ့သို့ပုံစံဖြင့် စုမင်ကမတ်တပ်ရပ်လျက် ပေါ်လာခဲ့လေသည်။
သူ့မျက်နှာက ဖြူရော်နေသည်။ ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင်သည် အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်ပြီးမှသာ တစ်ဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် သူ့မျက်လုံးများက တောက်ပနေပြီး နှလုံးခုန်သံများကလည်း လျင်မြန်နေခဲ့သည်။
“ငါအရင်ကထက် ပိုမြန်လာပြီ... ပြီးတော့ ဒီအခြေအနေနဲ့ တစ်နာရီလောက်လည်း နေနိုင်တယ်”
စုမင်မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူ့ချီများ တည်ငြိမ်သွားသည်အထိ စုမင်ခဏတာစောင့်ဆိုင်းနေလိုက်ပြီးမှ တောင်ပေါ်မှတစ်ဆင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။ အလွန်မဝေးသောနေရာတွင် တောအုပ်၏ဝန်းရံခံထားရသော မာန်စွမ်းအားရှင်မျိုးနွယ်စု ရွာငယ်လေးတစ်ရွာရှိနေသည်။
နံနက်ခင်းအချိန်ဖြစ်၍ မျိုးနွယ်စုအတွင်းရှိ မီးခိုးခေါင်းတိုင်များမှ မီးခိုးများတလူလူ ထွက်ပေါ်နေသည်။ ကလေးများကစားနေသော ဝိုးတဝါးအသံများကိုပင် စုမင် ကြားနေရသည်။ တောင်ပေါ်တွင်ရပ်နေရင်းဖြင့် တစ်နေ့တာ၏ လုပ်ငန်းဆောင်တာများကို စတင်လုပ်ဆောင်နေကျပြီဖြစ်သော မျိုးနွယ်စုအတွင်းမှ လူများကိုလည်း စုမင်လှမ်းမြင်နေရသည်။
ဤတစ်ကြိမ်သည် စုမင်ဤမျိုးနွယ်စုလေးဆီသို့ ဒုတိယအကြိမ်ရောက်ဖူးခြင်း ဖြစ်သည်။ သူ့အကြည့်သည် မျိုးနွယ်အတွင်းရှိ သာမန်ပုံစံအိမ်လေးတစ်လုံးဆီသို့ ကျရောက်သွားသည်။
သူတောင်အောက်သို့ဆင်း၍ မျိုးနွယ်စုဆီဦးတည်လိုက်သည်။
စုမင် အသံတစ်သံမထွက်ပဲ ရောက်ရှိသွားခဲ့သည်။ သူ၏ ယခုလက်ရှိကျင့်ကြံဆင့်ကြောင့် မျိုးနွယ်စုအတွင်းရှိလူများ သတိမပြုမိပါပဲနှင့် စုမင် မျိုးနွယ်စုထဲသို့ လှမ်းဝင်နိုင်ခဲ့လေသည်။ သူ မျိုးနွယ်စုအတွင်း ပြန်ပေါ်လာပြီး သာမန်အိမ်လေးရှေ့ ရပ်လိုက်ချိန်တွင်တော့ အိမ်အတွင်းမှ ထွက်ပေါ်လာနေသည့် ရွှင်းဖြင့်တီးမှုတ်နေသော တေးသီချင်းတစ်ပုဒ်ကို စုမင်ကြားလိုက်ရသည်။
ထိုတေးသံထဲတွင် ကြားလိုက်ရသူများအား ငြိမ်းချမ်းသွားစေနိုင်သည့် ကြည်လင်အေးချမ်းသော အသံတစ်မျိုးဖြင့် ပြည့်နေသည်။
စုမင် ထိုနေရာတွင်ရပ်၍ မျက်လုံးများကိုပိတ်လျက် သီးချင်းသံအတွင်း နစ်မြုပ်နေခဲ့၏။ အချိန်အတော်ကြာပြီးနောက် ဂီတနုတ်များ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားပြီး အိမ်အတွင်းမှ အိုမင်းအက်ကွဲသောအသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းရောက်လာပြီပဲ...”
“ကျွန်တော်က စုမင်ပါ။ စီနီယာဆီ တောင်းဆိုစရာရှိတဲ့ ပရိသတ်တစ်ယောက်လည်း ဟုတ်ပါတယ်” စုမင် မျက်လုံးများ ပွင့်လာရာ ၎င်းတို့က တည်ငြိမ်အေးချမ်းနေခဲ့သည်။ ထို့နောက် သူလက်သီးလက်ဝါးထပ်လျက် ဦးညွှတ်လိုက်သည်။
“ဝင်ခဲ့ပါ။ မင်းရွှင်းကို ငါပြင်ပြီးပါပြီ...”
စုမင် အိမ်တံခါးရွက်များကို လေးလေးစားစားလှန်လိုက်သည်။ သူအိမ်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် အရာအားလုံးက ယခင်အတိုင်းပင်ဖြစ်ကြောင်း စုမင်တွေ့လိုက်ရသည်။ အမှန်စင်စစ် အဘိုးအိုထိုင်နေခဲ့သော နေရာသည်တောင် မပြောင်းလဲသေးချေ။ ထိုရွှင်းပြုလုပ်သူအဘိုးအိုသည် ယခုရက်များအတွင်း မတ်တပ်ထမရပ်ရသေးသကဲ့သို့ပင် ဖြစ်သည်။ အဘိုးအိုသည် စုမင်ထံလှမ်းကြည့်လာပြီး သူ့မျက်နှာထက်တွင် နွေးထွေးကြင်နာသောအပြုံးတစ်ခု ရှိနေခဲ့သည်။
သူ့မျက်စိများကတော့... ဗလာဟင်းလင်း ဖြစ်နေလေသည်။
***