တပ်ပြေး
Vol. 24 Ch. 327
စုမင် သူ့ရှေ့ရှိအဘိုးအိုထံမှ မည်သည့်စွမ်းအား အရိပ်အယောင်ကိုမှ မခံစားရပဲ အဘိုးအိုသည် လေပြင်းလေးတစ်ချက်နှင့်ပင် ငြိမ်းသေသွားတော့မည့် ဖယောင်းတိုင်မှ မီးတောက်လေးသဖွယ် ခံစားနေရသော်လည်း စုမင်နှလုံးသားထဲတွင် ထိုအဘိုးအိုအပေါ် ရိုသေလေးစားမှုများဖြင့် ပြည့်နေဆဲဖြစ်သည်။
ထျန်းရှဲ့ကျီသည် သည်အဘိုးအိုထံလာသောအခါ သူ့ရှေ့တွင်သာ ငြိမ်သက်စွာထိုင်နေခဲ့ရခြင်းကြောင့် စုမင် ဤအဘိုးအိုကို လေးစားခြင်းမဟုတ်ပေ။
ဤအဘိုးအိုသည် လျှို့ဝှက်ဆန်းကြယ်ပြီး သူ့ရှေ့ရောက်သောအခါ ထျန်းရှဲ့ကျီ၏ ဝတ်ရုံများပင် အရောင်ပြောင်းသွားခဲ့ရခြင်းကြောင့်လည်း စုမင် ဤအဘိုးအိုကို လေးစားခြင်းမဟုတ်ပေ။
စုမင် ဤအဘိုးအိုကို အကြောင်းအရင်းတစ်ခုတည်းကြောင့်သာ လေးစားခြင်းဖြစ်သည်... သူသည် ထိုအရိုးရွှင်းကို စုမင်အတွက် ပြင်ပေးခဲ့သည်။ စုမင်၏ အမှတ်တရများအားလုံး ပါဝင်နေသောထိုရွှင်းနှင့် ၎င်းရွှင်းကို ပြင်ဆင်ပေးသောလုပ်ရပ်သည် စုမင်အပေါ် ကြင်နာမှုတစ်ခုဖြစ်သည်။
သူ ဤအဘိုးအိုကို ကျေးဇူးတင်ပြီး ထို့ကြောင့်လည်း သူအဘိုးအိုကို ရိုသေလေးစား၏။ ဤအရာတစ်ခုတည်းကြောင့်ပင် စုမင်၏ကျင့်ကြံဆင့်တို့ မြင့်မားလာလျှင်တောင်၊ အဘိုးအိုသည် အမှန်တစ်ကယ်ပင် သာမန်လူတစ်ဦးဖြစ်နေခဲ့သည် ဆိုလျှင်တောင် ထိူရိုသေလေးစားမှုသည် ဘယ်တော့မှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။
“ရွှင်းပြင်ပေးခဲ့တဲ့ အဘိုးရဲ့ကြင်နာမှုကို ကျွန်တော် အမြဲအမှတ်ရနေပါ့မယ်” စုမင် လက်သီးလက်ဝါးထပ်၍ အဘိုးအိုထံ လေးနက်စွာဦးညွှတ်လိုက်သည်။
ရွှင်းပြုလုပ်သူ အဘိုးအိုသည် ပြုံးရုံသာ ပြုံးနေခဲ့သည်။ ထို့နောက် ညာလက်ဖြင့် သူ့ဘေးရှိကောက်ရိုးဖျာအား စမ်းကြည့်လိုက်ပြီး မကြာမီမှာပင် စုမင်ပိုင်သည့် အရိုးရွှင်းကို ထုတ်ယူလာခဲ့သည်။
“ကြင်နာမှုလုပ်ရပ်တွေအဖြစ် ယူဆလို့မရတဲ့ အရာတစ်ချို့ရှိတယ်။ ငါ့လို မျက်မမြင်တစ်ယောက်က မင်းရွှင်းကို ပြင်ပေးနိုင်မယ်လို့ ယုံကြည်ပြီး အဲဒါကို ငါနဲ့အတူ ယုံယုံကြည်ကြည်ထားခဲ့မှတော့၊ အဲဒါက ငါတို့နှစ်ယောက်ကို ကံကြမ္မာနဲ့ ချည်နှောင်ဆက်စပ်လိုက်တာပဲ”
“အဲဒါ ကံကြမ္မာပဲ၊ ကြင်နာမှုပြတဲ့ လုပ်ရပ်မဟုတ်ဘူး” အဘိုးအိုသည် ညာလက်ဖြင့်အရိုးရွှင်းကို မြှောက်၍ ထိုရွှင်း၏မျက်နှာပြင်ကို ဘယ်လက်ဖြင့် အသာအယာပွတ်တိုက်လိုက်သည်။
“လာလေ။ ငါ့ရှေ့မှာထိုင်... ရွှင်းက မပြည့်စုံသေးဘူး။ ဒါပေမယ့် သူ့ကိုယ်ထည်ပေါ်မှာရှိတဲ့ ကျိုးပဲ့နေတဲ့အပိုင်းတွေက အဓိကအကြောင်းရင်းမဟုတ်ဘူး။ အဓိကအကြောင်းရင်းက သူ့မှာစိတ်ဝိညာဉ်မရှိတော့တာပဲ။ သူ့ရဲ့အရင်ပိုင်ရှင်က သီချင်းတစ်ပုဒ် တီးမှုတ်နေရင်း သေဆုံးသွားတာလား” အဘိုးအိုက ညင်သာစွာမေးသည်။
စုမင် အဘိုးအိုရှေ့တွင် တိတ်ဆိတ်စွာထိုင်ချလိုက်သည်။ အဘိုးအို၏လက်များထဲရှိ အရိုးရွှင်းကိုကြည့်လိုက်ပြီး သူ့မျက်လုံးများအတွင်း ဝမ်းနည်းမှုအရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။
“ဒါဆိုရင်တော့ အဲလိုဖြစ်သင့်တာပေါ့...” အဘိုးအိုက သက်ပြင်းချသည်။
“ပိုင်ရှင်ရဲ့အသက်ကပဲ ပျောက်ကွယ်သွားတဲ့ တစ်ခုတည်းသောအရာမဟုတ်ဘူး။ အဲဒါနဲ့အတူ ရွှင်းရဲ့စိတ်ဝိညာဉ်လည်း ပျောက်ကွယ်သွားခဲ့တယ်။ အဲဒါကြောင့် သူက ဘာအသံမှ ပြုလုပ်ပေးဖို့ ဆန္ဒမရှိတော့တာ။ အဲဒါက သူကျိုးပဲ့ပျက်စီးနေရတဲ့ အဓိကအကြောင်းရင်းပဲ” အဘိုးအိုသည် လက်ကိုမြှောက်၍ စုမင်ရှိရာဘက်သို့ အရိုးရွှင်းကို တွန်းပို့လိုက်သည်။
ထိုအခိုက်အတန့်မှာပင် အဘိုးအိုသည် အမှန်တစ်ကယ် မျက်စိမမြင်ကြောင်း စုမင်သေချာပြောနိုင်သွားခဲ့၏။
“အဲဒါ... အဲဒါက အသံထုတ်ပေးနိုင်သေးလား”
စုမင် အရိုးရွှင်းကိုယူလိုက်သည်။ ယခင်က ၎င်းအပေါ်တွင် အက်ကြောင်းများရှိနေခဲ့သော်လည်း ယခုတော့ ၎င်းတို့အားလုံးသည် အနီရောင်နှင့် သွေးနီရောင်မျဉ်းကြောင်းများအဖြစ် ပြောင်းလဲနေခဲ့ချေပြီ။
၎င်းအက်ကြောင်းများသည် အတူတကွချူပ်ထားပုံပေါ်ပြီး ရွှင်းက ပိုမိုလေးလံနေခဲ့သည်။ စုမင်လက်ထဲရှိ ရွှင်းသည် အလွန်လေးလံနေသည်ဟု ခံစားနေရလေသည်။
“သူ့ရဲ့ ပြင်ပက ကျိုးပဲ့နေတာတွေကိုပဲ ငါပြင်ပေးနိုင်တယ်။ တေးသံ တီးမှုတ်တဲ့အထဲ သူ့စိတ်ဝိညာဉ်ကို ပေါင်းထည့်တာကတော့ အဲဒါက ငါ့အစွမ်းနဲ့ပြောင်းလဲပေးနိုင်တဲ့ အရာမဟုတ်ဘူး။ အဲဒါကို ပြောင်းလဲနိုင်မယ့် တစ်ဦးတည်းသောသူက မင်းပဲ” အဘိုးအိုက အသာအယာပြောသည်။
“ရွှင်းတွေမှာ စိတ်ဝိညာဉ်တွေရှိတယ်လို့ ငါအမြဲယုံကြည်ခဲ့တယ်။ အဲဒါကြောင့်ပဲ သူတို့က တေးသီဆိုချိန်မှာ တီးတိုးညည်းနိုင်ကြတာ... အကယ်၍ ရွှင်းတွေမှာသာ စိတ်ဝိညာဉ်မရှိရင် သူတို့က ဘယ်လိုလုပ်ပြီး လူတွေရဲ့ စိတ်ခံစားချက်ပမာဏကို ပြသပေးနိုင်မှာလဲ။ သူတို့က ဘယ်လိုလုပ် တေးသံတွေထုတ်လွှတ်ပေးပြီး သူတို့သီချင်းသံတွေထဲ လူတွေနစ်မြုပ်သွားအောင် လုပ်နိုင်မှာတဲ့လဲ”
“ဒါပေမယ့် ရွှင်းရဲ့စိတ်ဝိညာဉ်ကို ခံစားနိုင်တဲ့ လူတစ်ချို့ရှိသလို မလုပ်နိုင်တဲ့ လူတွေလည်းရှိတယ်” အဘိုးအိုသည် စုမင်အား သေချာစူးစမ်းလေ့လာကြည့်လိုက်သော်လည်း သူ့မျက်လုံးများအတွင်းရှိ ဗလာဟင်းလင်းဖြစ်နေမှုက သူမြင်တွေ့နေရသောကမ္ဘာလောကသည် ပတ်ဝန်းကျင်ရှိလူများနှင့် ကွဲပြားနေသည့်ပုံ ပေါ်နေစေသည်။
“ရွှင်းတွေမှာ စိတ်ဝိညာဉ်တွေရှိတယ်...” စုမင် တီးတိုးရေရွတ်မိသည်။ အထီးကျန်ဆန်သော ညများတွင် သူတစ်ဦးတည်းသာကြားနိုင်သည့် သီချင်းသံကို နားထောင်ရင်း ထိုရွှင်းအား ဆုပ်ကိုင်ထားခဲ့သည်ကို စုမင်သတိရသွားမိသည်။ ထိုသီချင်းသံအတွင်းမှ ဝမ်းနည်းပူဆွေးမှုသည် မြေပြင်ထက်သို့ ဖြာကျနေသော လရောင်ခြည်ကဲ့သို့ ဖြစ်ပြီး စုမင်အား သူ၏အမှတ်တရများကို အကြိမ်ကြိမ်ပြန်ပြောပြနေခဲ့သည်။
“ဒီရွှင်းရဲ့ စိတ်ဝိညာဉ်က သေဆုံးနေပြီ... အဲဒီသေဆုံးမှုက မပီမပြင်ဖြစ်နေပြီး စကားလုံးတွေနဲ့ ရှင်းပြလို့မရနိုင်ပေမယ့် အခု ငါမြင်ခဲ့ရတာအရဆိုရင်တော့ သူ့ရဲ့စိတ်ဝိညာဉ်က အချိန်ကြာကြာ ဆက်တည်ရှိနေတော့မှာ မဟုတ်ဘူး”
“မင်း သူနဲ့ နောက်တစ်ကြိမ်တီးမှုတ်ချင်တယ်ဆိုရင်၊ မင်းနဲ့သက်ဆိုင်တဲ့အသံနဲ့၊ မင်းကြားချင်တဲ့အသံနဲ့ တီးမှုတ်ချင်တယ်ဆိုရင်တော့... မင်းသူ့ကို စိတ်ဝိညာဉ်အသစ်တစ်ခု ပေးဖို့လိုလိမ့်မယ်” အဘိုးအို၏အိုမင်းသောအသံက အိမ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ကလေးငယ်များ၏ ပျော်ရွှင်စွာရယ်မောသံများသည် ပြင်ပရှိမျိုးနွယ်စုအတွင်းမှ ရံဖန်ရံခါ ပျံ့လွင့်လာတတ်သည်။ နီးလိုက်ဝေးလိုက်နှင့် ထိုအသံများသည် ဆက်လက်နားထောင်နေခဲ့သော စုမင်အား မိန်းမောတွေဝေစေသည်။
“ကျွန်တော်က ဘယ်လိုများ လုပ်နိုင်မှာတဲ့လဲ” စုမင် ခေါင်းမော့၍ အဘိုးအိုကို မော့ကြည့်လိုက်သည်။
“မေ့လိုက်ပါ” အဘိုးအိုသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်လုံးများကို ပိတ်ချလိုက်သည်။
စုမင် အချိန်ကြာမြင့်စွာအထိ သူ့လက်ထဲမှ ရွှင်းကို ဗလာဟင်းလင်း ငေးကြည့်နေခဲ့ပြီးနောက်မှ မတ်တပ်ထရပ်ကာ အဘိုးအိုအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ သူနောက်ပြန်လှည့်ကာ ထွက်ခွာရန်ပြင်လိုက်ပြီးမှ စုမင် ခြေလှမ်းများကို ရုတ်တရက်ရပ်တန့်လိုက်မိသည်။
“စီနီယာ တောင်ပိုင်းအရုဏ်ဦးကုန်းမြေက ကပ်ဘေးတွေ အများကြီးတွေ့ကြုံရလိမ့်မယ်။ အထူးသဖြင့် ဒီမျိုးနွယ်စုက ကောင်းကင်မြူခိုးမြို့တော်နဲ့ သိပ်မဝေးတဲ့နေရာမှာတည်ရှိနေတယ်... စီနီယာ အဆင်ပြေမယ်ဆိုရင်၊ ကျေးဇူးပြုပြီး ကုန်းမြေရဲ့ အလယ်ဗဟိုဆီ ရွှေ့ပြောင်းလိုက်ပါ။ ဒီတစ်ကြိမ်တိုက်ပွဲက အရင်ရာစုနှစ်တစ်စုတစ်ကြိမ် တွေ့နေကျ တိုက်ပွဲတွေလိုမဟုတ်ဘူး” တဲရွက်များကိုမ၍ အပြင်မထွက်ခင် စုမင်ညင်သာစွာပြောလိုက်သည်။
အိမ်အပြင်သို့ စုမင်ခြေတစ်ဖက်လှမ်းလိုက်သည့် အခိုက်အတန့်မှာပင် အဘိုးအို၏ အိုမင်းသောအသံက သူ့နောက်မှထွက်ပေါ်လာခဲ့သည်။
“ကမ္ဘာပေါ်မှာ လုံးဝလုံခြုံစိတ်ချရတဲ့နေရာ မရှိသလို လုံးဝအန္တရာယ်များတယ်ဆိုတဲ့ နေရာလည်းမရှိဘူး။ အပင်တွေမှာ သူတို့ပေါက်ရောက်တဲ့နေရာကို ရွေးချယ်ပိုင်ခွင့်ရှိလို့လား”
စုမင် ခဏတာ ရပ်တန့်မိ၏။ အဘိုးအိုဆိုလိုသောအရာကို သူဝေဝါးဝါးတော့ နားလည်သဘောပေါက်သွားခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စုမင် အိမ်ထဲမှ လျှောက်ထွက်လာခဲ့ပြီး မျိုးနွယ်စုငယ်လေးအတွင်းမှလည်း ထွက်ခွာလာခဲ့သည်။
တောက်ပသောကောင်းကင်ကြီးအား မော့ကြည့်နေစဉ် စုမင်မျက်နှာထက်၌ စိတ်ရှုပ်ထွေးသော အမူအယာတစ်ခုရှိနေသော်လည်း သူ့နှလုံးသားထဲတွင်တော့ ခိုင်မာသောဆုံးဖြတ်ချက်များသာ ရှိနေခဲ့သည်။ တောင်ပိုင်းအရုဏ်ဦးကုန်းမြေသည်ပင် တစ်ခါမှမကြုံဖူးသော ဘေးအန္တရယ်တစ်ခုနှင့် သူရင်ဆိုင်ရတော့မည်မှန်း စုမင်သိနေခဲ့၏။ ဤဘေးအန္တရာယ်အတွင်း မရေမတွက်နိုင်သော လူများ သေဆုံးရလိမ့်မည်ဆိုသည်ကိုလည်း စုမင်သိနေခဲ့သည်။
သူထွက်ပြေး၍ သီးခြားကျင့်ကြံရန် နေရာတစ်ခုရှာဖွေဖို့ ရွေးချယ်နိုင်သည်။ ထိုသို့ဆိုလျှင် ဘေးအန္တရာယ်ကျရောက်လာသောအခါ ထိုကပ်ဘေးထံမှ သူလွတ်မြောက်ကောင်း လွတ်မြောက်နိုင်၏။ သို့သော် သူထွက်မပြေးပဲ ဘေးအန္တရာယ်၏ အခက်အခဲများအား ဖြတ်သန်းလျက် သူ့ကိုယ်သူ သန်မာအောင်ပြုလုပ်ရန်လည်း ရွေးချယ်နိုင်သည်။
အကယ်၍ ဆယ်စုနှစ်တစ်စုပင်မကြာသည့် အချိန်ကာလအတွင်း သူသာ ပုံမှန်လေ့ကျင့်နေခဲ့မည်ဆိုလျှင် သူ၏ကြီးထွားမှုက သေချာပေါက်နှေးနေခဲ့ပေလိမ့်မည်။ အကယ်၍ သူအသက်ရှင်ပြီး သူ့ကိုယ်သူ သန်မာအောင်ပြုလုပ်ချင်သည်ဆိုလျှင် သူ့ထံတွင် သေခြင်းတရားကိုမကြောက်ရွံ့သော နှလုံးသားတစ်ခုရှိရပေမည်။
အကယ်၍ သူသာ မည်သည့် အခွင့်အလမ်းမှ ရှာမတွေ့နိုင်လျှင် အခွင့်အလမ်းတစ်ခုရှာတွေ့သည်အထိ သူ့ကိုယ်သူ တိုက်ပွဲဝင်ပေမည်။ သူသာ မတော်တဆဆန်းကြယ်မှုမျိုး မရရှိနိုင်ခဲ့လျှင် မတော်တဆ ဆန်းကြယ်မှုတစ်ခု ရရှိသည်အထိ သူသတ်ဖြတ်ပေမည်။ သူ့လေ့ကျင့်ခြင်းတွင် အတားအဆီးနံရံတစ်ခုထံ တိုးဝင်သွားမိမည်ဆိုလျှင် သူသွေးသစ်လောင်း၍ ထိုပြဿနာကို ဖြေရှင်းပေမည်။
အကယ်၍ သူအသက်အန္တရာယ်ရှိလာပါက အကျပ်အတည်းကပ်ဘေးကာလအတွင်း သူ့ထံ၌ ပေါ်ပေါက်လာမည့် မျှော်လင့်ချက်ကိုသုံး၍ ရှင်သန်နိုင်မည့်လမ်းကြောင်းတစ်ခုကို သူကိုယ်တိုင်ဖန်တီးပေမည်။
“ကမ္ဘာပေါ်မှာ လုံးဝလုံခြုံစိတ်ချရတဲ့ နေရာမရှိသလို လုံးဝအန္တရာယ်များတယ်ဆိုတဲ့ နေရာလည်းမရှိဘူး...” စုမင် တီးတိုးရေရွတ်လိုက်ရင်း အဝေးသို့လျှောက်လှမ်းနေသည့် သူ့ခြေလှမ်းများက ပိုမိုတည်ငြိမ်လာခဲ့သည်။
စုမင် ဤပုံစံဖြင့်သာ ရွာထံမှ လျှောက်လှမ်းလာခဲ့သည်။ သူ့အမြန်နှုန်းကို အသက်မသွင်းခဲ့သလို၊ သူ့စွမ်းအားနှင့် သူ့ချီတို့၏ အနည်းငယ်ဆုံးသော ပမာဏကိုပင် မလှည့်ပတ်ခဲ့ပေ။ သာမန်လူတစ်ဦးသဖွယ် ခန္ဓာကိုယ်သက်သက်ဖြင့်သာ တောင်စဉ်တောင်တန်းများနှင့် တောအုပ်အတွင်းမှ ဖြတ်သန်းခဲ့သည်။
ကောင်းကင်မြူခိုးမြို့တော်၏ ဦးတည်ရာအတိုင်း သူလျှောက်လှမ်းခဲ့၏။
သူ၏ ခရီးပန်းတိုင်သည် ကောင်းကင်မြူခိုးမြို့တော်ဖြစ်သော်လည်း သူ့နှလုံးသားထဲရှိ ခရီးပန်းတိုင်ကမူ နက်မှောင်တောင်ဖြစ်သည်။ သူသည် ဤလမ်းကြောင်းအတိုင်း လျှောက်လှမ်းကောင်း လျှောက်လှမ်းနေလိမ့်မည်။ သို့သော် သူ့စိတ်ထဲတွင် မြင်နေရသော လမ်းကြောင်းသည်တော့ နက်မှောင်တောင်ဆီသို့ သွားရာလမ်းကြောင်းဖြစ်နေဆဲပင်။
သူ့အိမ်ဆီသို့ အပြန်လမ်းပေါ်တွင် လျှောက်လှမ်းနေခြင်း ဖြစ်သည်။ အတိတ်ကို သတိရလွမ်းဆွတ်နေသကဲ့သို့ သူ့မှတ်ဉာဏ်များကို ဖြတ်လျှောက်နေခဲ့သည်။
နိမ့်မြင့်တက်ကျ တောင်တန်းများသည်လည်းကောင်း၊ စိုစွတ်ထိုင်းမှိုင်းမှုများနှင့် သစ်တောအတွင်းရှိ ရွှံ့နွံများသည်လည်းကောင်း စုမင်ကို အချိန်ကြာမြင့်စွာ မရပ်တန့်စေနိုင်ခဲ့ပေ။ ထိုပုံစံအတိုင်း လျှောက်လှမ်းလာရင်းဖြင့် သုံးရက်ကုန်လွန်သွားခဲ့သည်။
အမှန်စင်စစ် စုမင်သာ သူ့အမြန်နှုန်းကို အသက်သွင်းခဲ့မည်ဆိုလျှင် ထိုသုံးရက်အတွင်း သူသွားခဲ့သော အကွာအဝေးကို တစ်ခဏအတွင်း ဖြတ်သန်းသွားနိုင်မည်ဖြစ်သော်လည်း သူထိုသို့မလုပ်ခဲ့ပေ။
အစပိုင်းတွင် သူသည် သူ့ကိုယ်ပိုင်စွမ်းအားကိုသော်လည်းကောင်း၊ အရာအားလုံးကိုသော်လည်းကောင်း မေ့ပျောက်ရန် တမင်သက်သက် ကြိုးစားခဲ့သည်။ သို့သော် တောင်စဉ်တောင်တန်းများ၊ တောအုပ်နှင့် လွင်ပြင်များအား ဖြတ်ကျော်ရင်း တစ်ဖြည်းဖြည်းဖြင့် သူ့ရှေ့ရှိ ကျယ်ပြောသောကမ္ဘာလောကကြီးတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရတော့သောအခါ
အရာအားလုံးကို မေ့လျော့သွားသောအခြေအနေသို့ သူတဖြည်းဖြည်း ကျရောက်သွားခဲ့သည်။
သူရွှင်းကို ပါးစပ်တွင်တေ့၍ မျက်လုံးများကို ပိတ်ကာ အသာအယာစတင်တီးမှုတ်လိုက်သည်။ သို့သော် အချိန်အတော်ကြာသွားသည့်တိုင်အောင်ပင် အေးချမ်းငြိမ်သက်နေသော တောအုပ်အတွင်း မည်သည့်အသံကမှ ချိုးဖျက်ထွက်ပေါ်လာခြင်းမရှိပေ။ သို့သော်လည်း စုမင်သည် သူ့မှတ်ဉာဏ်များထဲရှိ ရွှင်းထံမှထွက်ပေါ်နေသော သီချင်းသံအတွင်း နစ်မြုပ်နေဟန်ဖြင့် သူ့မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုများ ထွက်ပေါ်နေဆဲ ဖြစ်သည်။
ထိုတိတ်ဆိတ်ငြိမ်သက်မှုအတွင်း လူသုံးဦးသည် ကောင်းကင်မြူခိုးမြို့တော်မှနေ၍ စုမင်ရှိနေသောနေရာနှင့် သိပ်မဝေးသည့် တောအုပ်အစွန်းရှိ နေရာတစ်နေရာထံသို့ တိုးဝင်လာနေကြသည်။
ထိုလူသုံးဦးသည် မယုံနိုင်လောက်အောင် ဂရုတစိုက်လှုပ်ရှားနေကြခြင်းဖြစ်ပြီး အဖွဲ့အား ဦးဆောင်နေသူသည် မျက်လုံးများပိတ်ထားခဲ့၏။ သူတို့ပတ်လည် ပေထောင်ပေါင်းများစွာ ဧရိယာအတွင်း လေထုထဲတွင် မမြင်ရသော လှိုင်းတွန့်များ ပဲ့တင်ထပ်နေသည်။ ထိုလှိုင်းဂယက်သည် သစ်ပင်များကိုထိသွားသောအခါ သူတို့သည်အနောက်သို့သာ အနည်းငယ်ပြန်ကန်ထွက်သွားပြီး တောအုပ်အတွင်းရှိ သားရဲငယ်များနှင့် ထိသွားမှသာ လှိုင်းတွန့်များစွာစုဝေးသွားကြသည်။
လရောင်အောက်တွင် အဘိုးအို၏ မျက်နှာပေါ်၌ လင်းနို့တစ်ကောင်ပုံ ထွင်းထုထားသည်ကို တွေ့မြင်နိုင်ချေသည်။ ထိုအရာသည် မာန်အမှတ်အသားတစ်ခု မဟုတ်ပဲ... ဆေးမင်ကြောင်တစ်ခု ဖြစ်သည်။
ထိုအရာသည် ရှာမန်များ၏ ဆေးမင်ကြောင်ဖြစ်သည်။
အနောက်မှ လိုက်ပါလာသော လူနှစ်ဦးထဲမှ တစ်ဦးသည် မယုံနိုင်လောက်အောင်ပင် ထွားကြိုင်းသန်မာပြီး သူ့ကိုယ်ထဲတွင် များပြားသောစွမ်းအားများ သိုလှောင်ထားပုံပေါ်သည်။ တောင့်တင်းခိုင်မာသော ကြွက်သားများကြောင့် ထိုလူ့ပုံစံက တောင်ကုန်းလေးတစ်ခုလိုပင်။ သူ့ခြေလှမ်းတိုင်းသည် မြေပြင်အားတုန်ခါနေစေပုံပေါ်သော်လည်း ထူးဆန်းသောအရာမှာ အသံတစ်သံမှ ထွက်ပေါ်မလာခြင်းပင်။
ထိုလူသည် သူ့ပုခုံးများပေါ်တွင် ဧရာမတိုက်ပွဲပုဆိန်ကြီးတစ်ခုကို သယ်ဆောင်ထားသည်။ ထိုပုဆိန်သွားပေါ်တွင် နီညိုရင့်ရောင် အစွန်းအထင်းများရှိနေပြီး ၎င်းတို့သည် သွေးများခြောက်သွေ့သွားရာမှ ဖြစ်ပေါ်လာကြသောအရာများ ဖြစ်သည်။
အခြားတစ်ဦးသည် သေးငယ်ပိန်ပါးသော ပုံရိပ်လေးဖြစ်ပြီး ထိုလူ၏ ခန္ဓာကိုယ်ကောက်ကြောင်းများအရ ဆုံးဖြတ်ရမည်ဆိုလျှင် အမျိုးသမီးတစ်ဦး ဖြစ်နိုင်ချေသည်။ သူမ၏ ပုံပန်းသွင်ပြင်သည် သာမန်ဖြစ်ပြီး သူမမျက်နှာအသားအရေကမူ မည်းနက်သောဘက်သို့ ရောက်၏။ သူမအကြည့်သည် လျှပ်စီးကဲ့သို့ တောက်ပနေသည်။ လူသုံးဦးတွင် အမျိုးသမီးသည်သာ သူမတို့ယခုသွားနေသော အမြန်နှုန်းဖြင့် အေးဆေးသက်သောင့်သက်သာ ရှိနေပုံပေါ်သည်။ သူမသည် အခြားနှစ်ဦးနှင့်အတူ သွားနိုင်သည့် ထိုအမြန်နှုန်းရရန် နှေးချထားရပုံပင် ပေါ်နေသည်။
ထိုအမျိုးသမီး၏မျက်နှာထက်တွင် အဆိပ်ရှိမြွေတစ်ကောင်ပုံ ဆေးမင်ကြောင်ရှိနေသဖြင့် သူမအား အလွန်ရုပ်ဆိုးသွားစေသည်။
သိပ်မကြာမီမှာပင် လူသုံးဦးသည် သွားလာနေရင်းမှ တောအုပ်အတွင်း ရပ်တန့်သွားကြသည်။ ထိုအချိန်တွင် သူတို့သည် စုမင်နှင့် ပေ ၅၀၀၀၀ခန့်သာ ကွာဝေးတော့ပေသည်။ သို့သော် ထိုလူသုံးဦးသည် စုမင်တည်ရှိမှုအား သတိမပြုမိသလို၊ စုမင်သည်လည်း အသံမဲ့ သီချင်းသံထဲတွင်သာ နစ်မြုပ်နေသည်မှာ ရှင်းလင်းလို့နေသည်။ သူတို့လူမျိုးစု၏ အသေသတ်ရမည့်ရန်သူသည် ပေ၅၀၀၀၀သာ ကွာဝေးတော့ကြောင်း မည်သည့်ဘက်ကမှ မသိခဲ့ကြသလို သူတို့သည် တစ်ဦးနှင့်တစ်ဦး တွေ့သည်နှင့် တစ်ဖက်မှသေဆုံးသည်အထိ သေချာပေါက်သတ်ကြပေလိမ့်မည်။
“ဒီနေရာပဲ။ ကတိအရဆို ငါတို့ဒီနေရာမှာ ဝူတုကို နှစ်နာရီလောက် စောင့်ရလိမ့်မယ်။ ယင်းဟွမ် မင်းက ငါတို့အထဲမှာ အမြန်ဆုံးပဲ။ ဒီနေရာက လုံခြုံလားဆိုတာ သေချာသိဖို့ ဒီနားတစ်ဝိုက် ပေ ၁၀၀၀၀၀ဧရိယာကို ကင်းလှည့်လိုက်”
“မြေပုံအရဆိုရင်တော့ ဒီနေရာမှာ မျိုးနွယ်စုတွေမရှိသင့်ဘူး။ အနီးဆုံးမျိုးနွယ်စုကတောင် ဒီနေရာကနေ တော်တော်ဝေးသေးတယ်။ ဒီနေရာမှာ မာန်စွမ်းအားရှင်တွေ ပေါ်မလာနိုင်ပေမယ့် ငါတို့ဂရုစိုက်ဖို့လိုသေးတယ်”
“အကယ်၍ နှစ်နာရီကျော်လို့မှ ဝူတု ပေါ်မလာသေးရင် ငါထွက်ပြီ” သုံးဦးထဲမှ အမျိုးသမီးသည် ယခုလေးတင် စကားပြောလိုက်သူကို လှည့်ကြည့်လိုက်ပြီး ထိုစကားများကို ပြောပြီးနောက် အမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။
“ဝူတုက သတ်ဖြတ်ရတာကြိုက်တယ်။ အကယ်၍ သူမလာခဲ့ရင် ငါလည်းထွက်သွားတော့မယ်” တိုက်ပွဲပုဆိန်နှင့် ယောကျ်ားသည် ဘေးတွင်ထိုင်ချလိုက်ပြီး မျက်နှာပေါ်ရှိ လင်းနို့ဆေးမင်ကြောင်နှင့်လူအား အေးစက်စွာစိုက်ကြည့်လိုက်သည်။
“မစိုးရိမ်ပါနဲ့။ ငါတို့နဲ့အတူ ပါလာတဲ့ ရှာမန်သလင်းကျောက်တွေကို သူလိုနေတာ။ သူသေချာပေါက် လာပါလိမ့်မယ်။ ငါတို့လူတွေ ဒီလောက်အများကြီးသေပြီးမှတော့ မာန်စွမ်းအားရှင်တွေရဲ့နယ်မြေထဲ ခိုးဝင်နိုင်ရင်လည်း အလဟသ မဖြစ်ပါဘူး။ သူ့အစီအရင်နဲ့ဆိုရင်... ငါတို့က မာန်စွမ်းအားရှင်တွေအဖြစ် ပြောင်းပြီးတော့... အရှေ့ခြမ်းနယ်မြေတွေရဲ့ ကပ်ဘေးကြီးကို ရှောင်ရှားနိုင်လိမ့်မယ်”
မျက်နှာပေါ်တွင် လင်းနို့ဆေးမင်ကြောင်နှင့်လူက ကြမ်းတမ်းသောအသံဖြင့်ပြောသည်။ အရှေ့ခြမ်းနယ်မြေတွေရဲ့ ကပ်ဆိုးကြီးဟူသော စကားကိုပြောလိုက်ချိန်တွင် သူ့အသက်ရှူသံများက အနည်းငယ်လျင်မြန်သွားခဲ့၏။
***