← Chapters

ငါ့နောက်ကျောမှာ တစ်ခုခုရှိနေတယ်

Vol. 24 Ch. 328

ငါ့နောက်ကျောမှာ တစ်ခုခုရှိနေတယ်

Vol. 24 Ch. 328

“ပြောရမယ်ဆိုရင်၊ လင်းနို့လူရိုင်းမျိုးနွယ်စုထဲက မင်းလူတွေကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ငါတို့လည်း ကောင်းကင်မြူခိုးအတားအဆီးထဲ ခိုးဝင်နိုင်ခဲ့မှာမဟုတ်ဘူး” တိုက်ပွဲပုဆိန်နှင့် ယောကျ်ားသည် ပုဆိန်ကိုဘေးချလိုက်ပြီး ဆေးရည်အချို့ကိုထုတ်ယူ၍ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများပေါ်တွင် သုတ်လိမ်းလိုက်သည်။ သူ့ကိုယ်ပေါ်တွင် သွေးအစွန်းအထင်းများစွာ ရှိနေခဲ့သည်။

“မင်းက ဒီအခွင့်အရေးလေးတစ်ခုအတွက်နဲ့ မင်းမျိုးနွယ်စုဝင် ရာပေါင်းများစွာကို စတေးရက်တဲ့ တစ်ကယ်အကြင်နာတရားမရှိတဲ့ လူပဲ” ထိုသူက ပြုံးသည်။

“မာန်စွမ်းအားရှင်တွေရဲ့ နယ်မြေကို မဝင်ရောက်နိုင်ရင်၊ အရှေ့ခြမ်းနယ်မြေတွေရဲ့ ရုတ်တရက်ဖြစ်ပွားလာတဲ့ ကပ်ဘေးကြီးကျရောက်လာရင်၊ ငါတို့သေချာပေါက် သေရလိမ့်မယ်။ အသက်ရှင်ဖို့အတွက်ဆို ဒါက ဘာမှမဟုတ်ဘူး။ အထူးသဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ သေချင်ယောင်ဆောင်ခဲ့တဲ့ မင်းနဲ့ယှဉ်ရင်ပေါ့”

လင်းနို့ပုံ ဆေးမင်ကြောင်နှင့်လူက အေးစက်စက် ပြန်လည်လှောင်ပြောင်၏။

“ဒီနေရာထဲ လွတ်မြောက်လာနိုင်ဖို့ အခုလိုနည်းလမ်းသုံးတဲ့လူတွေထဲမှာ ငါတို့က ပထမဆုံးအဖွဲ့ ဖြစ်လိမ့်မယ်။ ဒီနည်းလမ်းက အရမ်းအန္တရာယ်များပြီး လူသုံးယောက်က ငါးယောက်အထိပဲ ဝင်နိုင်တာကတော့ စိတ်မကောင်းစရာပဲ... အဲလိုမဟုတ်ပဲ ဒီနည်းလမ်းကိုသာ

ရှာမန်နတ်ဘုရား ဘုရားကျောင်းဆီ တင်ပြနိုင်မယ်ဆိုရင်၊ ငါတို့ ဆုလာဘ်တွေ တော်တော်ရမှာ”

“မင်း ဒါကို ရှာမန်နတ်ဘုရား ဘုရားကျောင်းတော်ဆီ ပေးရင်တောင် အသုံးမဝင်ဘူး။ သူတို့ ဒီနည်းလမ်းကိုမသိဘူးလို့ မင်းထင်လို့လား။ ကောင်းကင်မြူခိုးမြို့တော်ရဲ့ ခွန်အားနဲ့ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ သူတို့မြင်ပြီးပြီ။ ဒါပေမယ့် သူတို့ မြို့ရိုးကို ပိတ်ဆို့မထားခဲ့ဘူး။ အဲဒါအတွက် အရမ်းလေးနက်တဲ့ အကြောင်းပြချက် ရှိလိမ့်မယ်” လင်းနို့ပုံဆေးမင်ကြောင်နှင့်လူက အေးစက်စက်ရယ်မောသည်။

“အိုး... ဝူတုက ဒီနည်းလမ်းကို ပထမဆုံးရှာတွေ့တဲ့လူလို့ ငါထင်နေတာ။ သူက ဆယ်စုနှစ်တစ်ခုကျော် ပျောက်သွားပြီး မာန်စွမ်းအားရှင်တွေကြားမှာ နေနေခဲ့တာ။ သူ့ကျင့်ကြံဆင့်က အခုဘယ်ရောက်နေပြီလဲဆိုတာ ငါသိချင်တယ်”  ထွားကြိုင်းသောလူက ခေါင်းငုံ့လိုက်ပြီး စူးရှတောက်ပနေသော သူ့မျက်လုံးများကို ဖုံးကွယ်လိုက်သည်။

လူနှစ်ဦးသည် အချင်းချင်း စကားပြောဆိုနေကြရင်း ရံဖန်ရံခါဆိုသလို သူတို့ပတ်ဝန်းကျင်အား ဂရုတစိုက်စောင့်ကြည့်လေ့ရှိသည်။ အကယ်၍ သူတို့ပတ်ဝန်းကျင်၌ လှုပ်ရှားမှုအရိပ်အယောင်လေးတစ်ခု သော်လည်းကောင်း၊ မြက်ပင်များ၏ လှုပ်ရှားသံလေးတစ်စသော်လည်းကောင်း ကြားလျှင်တောင် သူတို့က ချက်ချင်းတိုက်ခိုက်မှာဖြစ်သည်။ အဆုံးမတော့ မာန်စွမ်းအားရှင်တို့၏ ဤနယ်မြေနှင့် ဤနယ်မြေအတွင်းရှိ လူများအားလုံးသည် သူတို့အတွက် ရန်သူများပင် မဟုတ်ပါလော။

ရိုးရေစတေးနယ်ပယ် ကနဦးဆင့်နှင့်တူညီသည့် သူတို့၏ကျင့်ကြံဆင့်များနှင့်ဆိုလျှင်တောင် သူတို့သည် မာန်စွမ်းအားရှင်များ၏ နယ်မြေထဲသို့ နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက်ရဲခြင်း မရှိသေးချေ။ ဤနေရာသို့ ရောက်လာနိုင်ရန်ပင် တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ရပြီးဖြစ်သလို ရှာမန်မျိုးနွယ်စုဆီသို့လည်း သူတို့ပြန်မသွားနိုင်တော့ပါချေ။ ယခုအချိန်တွင်တော့ သူတို့သည် မာန်စွမ်းအားရှင် မျိုးနွယ်စုငယ်လေးတစ်ခုကိုသာ ရှာ၍ သူတို့၏ အစစ်အမှန်ပုံစံများကို ဖုံးကွယ်ကာ သူတို့ပြောင်းရွှေ့ခဲ့မည့် မျိုးနွယ်စုနောက်သို့သာ လိုက်ချင်ကြတော့သည်။ သို့မှသာ အရှေ့ခြမ်းနယ်မြေများ၏ ရုတ်တရက်ဖြစ်ပွားလာသော ကပ်ဘေးကြီးကို ကျော်ဖြတ်ရှင်သန်နိုင်မည့် အခွင့်အရေးများ ပိုမိုမြင့်မားလာလိမ့်မည်ဖြစ်သလို သူတို့စစ်ပွဲထဲတွင်လည်း မသေဆုံးချင်ပေ။

ထိုအချိန်တွင် ထိုလူနှစ်ဦး၏ ပေ၂၀၀၀၀အကွာအဝေး၌ တောအုပ်အားဖြတ်သန်းနေသည့် အရိပ်တစ်ခုရှိသည်။ ထိုမယုံနိုင်ဖွယ် မြန်ဆန်သောအရာသည် လူသုံးဦးထဲမှ ပတ်ဝန်းကျင်အားကင်းလှဲ့နေသည့် အမျိုးသမီးဖြစ်သည်။ တောအုပ်အားဂရုတစိုက် ဖြတ်သန်းရှာဖွေနေသော သူမသည် စုမင်နှင့် ပေ ၃၀၀၀၀ခန့်ပင် မဝေးတော့သည့်နေရာသို့ ရောက်ရှိတော့ပေမည်။ သူမ၏ အမြန်နှုန်းနှင့်ဆိုလျှင် ဧရိယာတစ်ခုလုံးအား စက်ဝိုင်းပုံပတ်၍ ကင်းလှဲ့နေခဲ့သည်ဆိုလျှင်တောင် အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်မကုန်မီမှာပင် သူမ စုမင်ကို ရှာတွေ့လိမ့်မှာဖြစ်သည်။

သူမသည်သာ မာန်စွမ်းအားရှင်တစ်ဦးဖြစ်သော စုမင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်နှင့်တစ်ပြိုင်နက် သူတို့သည်လည်း ရှာမန်များဖြစ်ကြောင်း အစစ်အမှန်ပုံစံများကို မဖုံးကွယ်ရသေးသဖြင့် သူတို့သည် အခြား သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ထပ်မံဆင်နွှဲရပေတော့မည်။

စုမင်သည် သစ်ပင်ကြီးတစ်ပင်ကိုမှီ၍ မျက်လုံးများကို ပိတ်ထားသည်။ သူ့လက်များထဲတွင် အရိုးရွှင်းကိုကိုင်၍ အသံမဲ့သီချင်းကို တီးမှုတ်နေစဉ် သူ့မျက်နှာထက်၌ ဝမ်းနည်းပူဆွေးမှုများ ရှိမနေတော့ပေ။ အကယ်၍ မည်သူမဆို သေချာဂရုတစိုက်စစ်ဆေးကြည့်မည်ဆိုလျှင် စုမင်ပတ်လည်တွင် မထင်မရှားလှိုင်းဂယက်ငယ်များစွာကိုပင် ဝေဝါးဝါးတွေ့မြင်ရပေလိမ့်မည်။  ထိုလှိုင်းဂယက်ငယ်များသည် သူ့ပတ်လည် ပေရာပေါင်းများစွာဧရိယာအတွင်း စက်ဝိုင်းပုံ ပဲ့တင်ထပ်ပျံ့နှံ့နေကြသည်။

“ရွှင်းတွေမှာ စိတ်ဝိညာဉ်ရှိလို့ အသံထုတ်ပေးနိုင်ကြတာ... ငါက သူ့အထဲကိုလေပဲ မှုတ်သွင်းလိုက်ပေမယ့် ပြန်ထွက်လာတာကကျတော့ စိတ်ဝိညာဉ်ကထုတ်ပေးလိုက်တဲ့ ဂီတသင်္ကေတတွေပဲ...” စုမင် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများကိုဖွင့်၍ လက်ထဲမှ အရိုးရွှင်းကို ကြည့်လိုက်သည်။ အချိန်ကြာမြင့်စွာကြာပြီးနောက် မျက်စိကိုတစ်ဖန်ပြန်ပိတ်၍ အသံမဲ့သီချင်းအတွင်း ပြန်လည်နစ်မြုပ်သွားခဲ့သည်။

တစ်ဖြည်းဖြည်းဖြင့် သူသည် ဤနေရာသို့သွားရာ လမ်းပေါ်ရှိအရာအားလုံးကို မေ့သွားခဲ့သည်နှင့် တစ်ပြိုင်နက် မှောင်မည်းနေသော ညအချိန်အတွင်း သစ်ပင်ကြီးတစ်ပင်အောက်၌ အရိုးရွှင်းအားကိုင်ထားသော သူ့ကိုယ်သူလည်း မေ့လျော့သွားတော့သည်။ ရွှင်းသည် အသံတစ်ခုခုထွက်ပေါ်နိုင်မလား စမ်းကြည့်ရန်မကြိုးစားတော့ပဲ မှတ်ဉာဏ်ထဲမှ သီချင်းသံကိုနားထောင်ရင်း အိမ်၏ခံစားချက်ကို စတင်ရှာဖွေလိုက်သည်။

သူ့မျက်နှာပေါ်တွင် နက်မှောင်တောင်အမှတ်အသားက တစ်ဖြည်းဖြည်းထွက်ပေါ်လာသည်။ ဝတ်ရုံများအောက်ရှိ သူ့ရင်ဘတ်ပေါ်မှ နက်မှောင်တောင်မျိုးနွယ်စုထဲတွင်လည်း သစ်ပင်၊သစ်ရွက်များ စတင်ပေါ်လာကာ၊ မျိုးနွယ်စုပတ်ဝန်းကျင်တွင် နှင်းများလည်း စတင်ကျဆင်းလာကြပြီး မှိတ်ထားသော သူ့ညာမျက်လုံးသည်လည်း တစ်စထက်တစ်စ နီရဲလို့လာ၏။

သူ့ပတ်လည်ရှိ လှိုင်းဂယက်ငယ်များသည် ပိုမိုမြင်းထန်လာပြီး ပေရာပေါင်းများစွာပတ်လည်ဧရိယာကို တွန့်လိမ်ပုံပျက်သွားစေသည်။ ထိုဧရိယာအတွင်း ရပ်နေစဉ် သူ့အရှိန်အဝါသည်ပင် ဖုံးကွယ်ခံလိုက်ရသကဲ့သို့ ဖြစ်သည်။

စုမင်သည် ထိုနေရာတွင် ရှိမနေတော့သကဲ့သို့ပင်...

သူသည် သစ်ပင်ကြီးအားမှီ၍ လှုပ်ရှားခြင်းအလျင်းမရှိပဲ သူ့မှတ်ဉာဏ်များထဲမှ သီချင်းသံထဲတွင်  နစ်မြုပ်နေခဲ့သည်။

အချိန်များကုန်ဆုံးသွားပြီး မကြာမီမှာပင် အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ခန့် ကုန်ဆုံးသွားချေပြီ။ အရိပ်တစ်ရိပ်သည် စုမင်နှင့် ပေ၃၀၀၀အကွာအဝေး နေရာတစ်ခုသို့  ရောက်ရှိလာခဲ့၏။ ထိုအရိပ်ရပ်တန့်သွားသောအခါ ပိန်ပါးပါးပုံရိပ်တစ်ခုပေါ်လာပြီး ၎င်းနေရာတွင် ရှာမန်အမျိုးသမီးထွက်ပေါ်လာခဲ့သည်။ သူမသည်  ပတ်ဝန်းကျင်ဧရိယာကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး လျှက်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

စုမင်သည် မိမိကိုယ်ကိုပင် သတိမရတော့ပဲ သူ့ပတ်လည်ရှိ တွန့်လိမ်ပုံပျက်နေသော လှိုင်းဂယက်များသည်လည်း လှိုင်းလုံးများသဖွယ် နိမ့်မြင့်တက်ကျဖြစ်ပေါ်နေရင်းဖြင့် အချိန်များက ဆက်လက်ကုန်ဆုံးသွားသည်။ ၎င်းတို့သည် ဆက်လက်ပျံ့နှံ့နေကြပြီး အနီးအနားဧရိယာ ပေ၅၀၀သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်နေသောညအချိန်တွင် မကြည်မလင်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုရွှင်းသံသည် မူလကအတော်အတန် အားပျော့ပြီး ကလေးငယ်တစ်ဦး၏ မွေးကင်းစအသံများကဲ့သို့ပင် ဖြစ်သော်လည်း မကြာမီမှာပင် တစ်ဖြည်းဖြည်းတည်ငြိမ်လာပြီး အဆုံးမရှိဝမ်းနည်းပူဆွေးမှုများ ပါဝင်နေသည့် ဝမ်းနည်းဖွယ် အသံတစ်သံအဖြစ် ပြောင်းလဲသွားသည်။ ထိုနေရာဧရိယာအတွင်း လေထုထဲတွင် ၎င်းအသံများပြည့်နေပြီး ပိုမိုဝေးကွာသော အဝေးသို့ပင် ပျံ့နှံ့သွားခဲ့လေသည်။

စုမင်မျက်လုံးများက ပိတ်ထားဆဲဖြစ်သည်။ သူသည် ရွှင်းကိုပါးစပ်တွင်တေ့လျက် သစ်ပင်ကြီးကိုမှီရင်း မလှုပ်မရှားထိုင်နေဆဲဖြစ်သည်။ သို့သော် ရွှင်းထံမှ အခြားသူများပါကြားနိုင်သည့် ပထမဆုံးအသံများ ထုတ်လွှတ်လိုက်သည့်အခိုက်အတန့်တွင် စုမင်ဝတ်ရုံများတွင် ချည်နှောင်ထားသော အဖြူရောင်သိုလှောင်အိတ်ထံမှ အနီရောင်အလင်းတစ်ခု ရုတ်တရက်တောက်ပလာခဲ့သည်။ ထိုအနီရောင်အလင်းသည် အိတ်အပြင်သို့ပျံထွက်လာပြီး စုမင်အရှေ့တွန့်လိမ်ပုံပျက်နေသော လှိုင်းဂယက်များစွာအလယ်၌ မီးတောက်မျောက်ဝံလေး ပေါ်လာချေသည်။

၎င်းသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ စူးစမ်းလိုသောမျက်ဝန်းများဖြင့် စုမင်အားငေးစိုက်ကြည့်လိုက်သည်။ အမှန်စင်စစ် ထိုသိုလှောင်အိတ်သည်လည်း ၎င်းကို အတွင်း၌သာ သိမ်းထားနိုင်ရန် မမျှော်လင့်ခဲ့ချေ။ ၎င်းသာဆန္ဒရှိလျှင် အချိန်မရွေး ထွက်လာနိုင်ပေသည်။ ဤအရာသည် စုမင်၎င်းကိုကတိပေးထားသောအရာဖြစ်ပြီး ထို့ကြောင့်လည်း သူဘယ်တုန်းကမှအိတ်ကို တင်းတင်းကြပ်ကြပ် ချိပ်မပိတ်ထားခဲ့ခြင်းဖြစ်သည်။

၎င်းသည် စုမင်ကို ဗလာဟင်းလင်းငေးစိုက်ကြည့်နေခဲ့၏။ သီချင်းသံအတွင်းမှ ထိုဝမ်းနည်းပူဆွေးဖွယ်အသံသည် ၎င်းကို ကြောက်ရွံ့စေသော်လည်း ဆက်လက်၍ ဆောင့်ကြောင့်ထိုင်လျက် တိတ်ဆိတ်စွာနားထောင်နေမိဆဲ ဖြစ်သည်။

လရောင်အောက်တွင် ဖြစ်ပေါ်လာသော စုမင်အရိပ်က စတင်၍ ယိမ်းထိုးလှုပ်ရှားလာသည်။ ထိုအရိပ်၏ မျက်လုံးများနေရာတွင် အနီရောင်မျက်လုံးတစ်စုံပေါ်လာပြီး ထိုမျက်လုံးများအတွင်းတွင်ကား စိတ်ရှုပ်ထွေး၊ ဝေခွဲမရမှုများရှိနေခဲ့သည်။

ရွှင်းထံမှ သီချင်း၏ ပထမဆုံးသော ဂီတသင်္ကေတများ ထွက်ပေါ်လာချိန်မှာပင် စုမင်နှင့်ပေ၂၀၀၀ အကွာအဝေးနေရာမှ ပျောက်ကွယ်သွားခဲ့သော ရှာမန်အမျိုးသမီးသည် လေထုအလွှာပါးထဲမှ လျှောက်ထွက်လာသကဲ့သို့ ရုတ်တရက်ပြန်လည်ထွက်ပေါ်လာခဲ့၏။ သီချင်းသံထွက်ပေါ်လာနေသောအရပ်၊ စုမင်ရှိရာအရပ်ဆီသို့ ငေးစိုက်ကြည့်နေရင်း သူမမျက်နှာထက်တွင် သတိထားသောအမူအယာတစ်ခု ဖြစ်ပေါ်လာသည်။

သူမအကြည့်ထဲတွင် သတ်ဖြတ်လိုသည့်အသိတစ်ခု ထွက်ပေါ်လာသော်လည်း ခဏတာတွန့်ဆုတ်နေပြီးနောက် အလျင်စလိုမလုပ်ရန်သာ ဆုံးဖြတ်လိုက်ပြီး ထိုအစား နောက်ပြန်ဆုတ်ရန်သာ ရွေးချယ်ခဲ့လေသည်။

ရွှင်းထံမှ သီချင်းသံသည် ပိုမိုကျယ်ပြန့်စွာ ပျံ့လွင့်လာခဲ့ပြီး စက်ဝိုင်းပုံပေထောင်ပေါင်းများစွာ ဧရိယာအတွင်း လေထုထဲတွင် ထိုဂီတသင်္ကေတများက ပဲ့တင်ထပ်နေခဲ့သည်။ အမှန်စင်စစ် တိတ်ဆိတ်ငြိမ်သက်နေသော ညအချိန်ဖြစ်၍ သီချင်းထံမှ ပဲ့တင်ထပ်နေသော ဂီတသံအချို့သည် ပိုမိုဝေးကွာသောနေရာသို့ပင် ပျံ့နှံ့လာခဲ့သည်။

သီချင်း၏တေးသံထံမှ ဝမ်းနည်းပူဆွေးမှုသည် ကြားလိုက်ရသူများ၏ စိတ်ခံစားချက်များကို လှုံ့ဆော်ပေးနေသည်။ ၎င်းဂီတသင်္ကေတများအတွင်း ထူးဆန်းသောစွမ်းအားတစ်မျိုးပါဝင်နေပြီး ၎င်းတို့သည် စိတ်ဝိညာဉ်များကို ထိတွေ့နိုင်သကဲ့သို့ပင်ဖြစ်သည်။

တောအုပ်အတွင်း ပေသောင်းပေါင်းများစွာအဝေးတွင် တိတ်ဆိတ်မှုအတွင်း နစ်မြုပ်နေကြသည့် ရှာမန်နှစ်ဦးသည် သူတို့ခေါင်းများကို တစ်ချိန်တည်းလိုလို မော့ကြည့်လိုက်ကြပြီး သူတို့မျက်နှာများပေါ်တွင် သတိရှိသောအမူအယာများ ပေါ်လာခဲ့သည်။

“မင်း ကြားလား” ထွားကြိုင်းသန်မာသောလူ၏ တိုက်ပွဲပုဆိန်ကို ဆုပ်ကိုင်ထားသောလက်က တင်းကြပ်သွားပြီး သူ့မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုသည့်အသိတစ်ခု ပေါ်လာခဲ့သည်။

“ရွှင်းတစ်ခုရဲ့ အသံ...” မျက်နှာထက်တွင် လင်းနို့ပုံဆေးမင်ကြောင်နှင့်လူက ရန်လိုမုန်းတီးစွာဖြင့် မတ်တပ်ထရပ်လိုက်သည်။

“အခုက ညအချိန်ရောက်နေပြီ။ မာန်စွမ်းအားရှင်တွေ အတွက်ဆိုရင်တောင် ဒီနေရာက လုံးဝတိတ်ဆိတ်နေသင့်တာ။ ဒီနေရာပတ်ဝန်းကျင်မှာလည်း ဘာမာန်စွမ်းအားရှင်မျိုးနွယ်စုမှမရှိဘူး။ ဒါပေမယ့် ရွှင်းတစ်ခုရဲ့အသံတွေက ရုတ်တရက်ပေါ်လာတယ်..” ယောကျ်ား၏ မျက်လုံးများအတွင်း သတ်ဖြတ်လိုသည့်အမူအယာတစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့နှလုံးသားထဲတွင်လည်း စိုးရိမ်စိတ်များက မြင့်တက်လာခဲ့သည်။

ထွားကြိုင်းသန်မာသော လူသည် ခဏတာတွန့်ဆုတ်နေပြီးနောက်မှ အသာအယာမေးလိုက်သည်။ “အဲဒါ ဝူတုများ ဖြစ်နေမလား”

မျက်နှာပေါ်တွင် လင်းနို့ပုံဆေးမင်ကြောင်နှင့်လူ ပြန်မဖြေနိုင်ခင်မှာပင် သူတို့နံဘေး တောအုပ်အတွင်းရှိ လမ်းကြောင်းတစ်ခုထံမှ အမျိုးသမီး၏ အေးစက်စက်အသံ ထွက်ပေါ်လာခဲ့သည်။

“မဟုတ်ဘူး။ အဲဒါ မာန်စွမ်းအားရှင်တစ်ယောက်” ထိုအသံနှင့်အတူ လွန်ခဲ့သောတစ်ခဏတာအချိန်က စုမင်အဝေး ပေ၂၀၀၀နေရာမှ ပျောက်ကွယ်သွားသော ရှာမန်အမျိုးသမီးသည် သူမ၏အပေါင်းအသင်းများထံ ပြန်ရောက်လာခဲ့ချေပြီ။

“သူ့ကျင့်ကြံဆင့်က ဘယ်လောက်လဲ” လင်းနို့ပုံဆေးမင်ကြောင်နှင့်လူက ချက်ချင်းမေးလိုက်သည်။

“သူက ငါ့အတွက်တော့ သိပ်သန်မာတဲ့ပုံ မပေါ်ပါဘူး။ နည်းနည်းထူးဆန်းတဲ့ သူ့သီချင်းသံကလွဲရင်... အဲဒီလူရဲ့ ကျင့်ကြံဆင့်က ရိုးရေစတေးနယ်ပယ်တောင် မရောက်လောက်သေးဘူး” အမျိုးသမီးက အေးစက်စက်ဖြင့်ရှင်းပြသည်။

“ရိုးရေစတေးနယ်ပယ်တောင် မရောက်သေးဘူးလား” တိုက်ပွဲပုဆိန်နှင့်လူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး လှောင်ပြောင်ရီမောလိုက်သည်။

သို့သော် မျက်နှာပေါ်တွင် လင်းနို့ပုံဆေးမင်ကြောင်နှင့်လူက မျက်မှောင်ကြုတ်သွားပြီး ရှာမန်အမျိုးသမီးအား လှည့်ကြည့်လိုက်သည်။

“သူက ရိုးရေစတေးနယ်ပယ်တောင်မရောက်သေးမှတော့ ဘာလို့မင်းသူ့ကို မသတ်ခဲ့တာလဲ”

“ဒါက မာန်စွမ်းအားရှင်တွေရဲ့ နယ်မြေလေ။ ငါတို့ သွားတိုက်မယ်ဆိုရင်တောင် အတူတူလုပ်သင့်တယ်။ ငါကတော့ တစ်ယောက်တည်းသွားလုပ်မှာမဟုတ်ဘူး” အမျိုးသမီး၏အသံက ပုံမှန်အတိုင်းအေးစက်နေဆဲပင် ဖြစ်သည်။

“ဝူတု ရောက်လာတော့မှာ။ လာပါ၊ ငါတို့ ဒီလူကို အမြန်သွားပြီး လက်စသတ်ပေးလိုက်ကြတာပေါ့။ သူ့ကိုသတ်ပြီးတာနဲ့ တစ်ခြားမာန်စွမ်းအားရှင်တွေ ရှိသေးလားဆိုတာ ဒီဧရိယာထဲ ရှာကြည့်ရဦးမယ်။ မဟုတ်ရင် ငါတို့ပြဿနာတက်လိမ့်မယ်” လင်းနို့ပုံဆေးမင်ကြောင်နှင့်လူက စူးရှသောအကြည့်တစ်ခုနှင့်အတူ တောအုပ်ထဲသို့ ဦးတာ်လိုက်သည်။

ရှာမန်အမျိုးသမီးက သူ့နောက်မှ လိုက်ပါလာသည်။ သူမလှုပ်ရှားလိုက်သည်နှင့် သူမခန္ဓာကိုယ်သည် မီးခိုးငွေ့တစ်ခုသဖွယ်ဖြစ်သွားပြီး လေထုထဲတွင် ဖြတ်သန်းပျံ့လွင့်သွားခဲ့သည်။

“ရိုးရေစတေးနယ်ပယ်တောင် မရောက်သေးမှတော့ ငါသူ့ကို အရေခွံခွာပြီး ငါ့ကိုယ်ပေါ်မှ ဝတ်လို့ရနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့” သန်မာထွားကြိုင်းသောလူသည် သွေးဆာရက်စက်စွာဖြင့် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး ထိုနှစ်ဦး၏နောက်မှ နီးကပ်စွာလိုက်ပါသွားသည်။

ထိုလူသုံးဦးသည် မယုံနိုင်လောက်အောင်ပင် သတိထားလျက် လှုပ်ရှားနေသည်ဟု ပြော၍ရသည်။ သူတို့သည် ရိုးရေစတေးနယ်ပယ် မရောက်သေးသော မာန်စွမ်းအားရှင် တစ်ဦးနှင့် တိုက်ရတော့မည်ဆိုလျှင်တောင် အတူတကွလှုပ်ရှားရန် ရွေးချယ်ခဲ့ကြဆဲ ဖြစ်သည်။ ဤလုပ်ရပ်မှနေ၍ ၎င်းတို့သည် မာန်စွမ်းအားရှင်တို့၏ နယ်မြေအတွင်း အနာ်းငယ်မျှပင် လုံခြုံမှုမခံစားရကြောင်း တွေ့မြင်နိုင်သည်။

“ယင်းဟွမ်၊ မင်းက မြန်တယ်။ တော်ကြာကျရင် ပထမဆုံးတိုက်ခိုက်မှုကို စတင်လိုက်၊ ဒါပေမယ့် သူ့ကို သတ်တော့သတ်မပစ်နဲ့။ အရှင်ထားလိုက်။ သူနဲ့ပက်သက်ပြီး တစ်ခုခုထူးခြားနေတယ်။ ငါ အဲဒီမာန်စွမ်းအားရှင်ကို မေးစရာတစ်ချို့ရှိတယ်” အရှေ့သို့ပြေးလွှားနေရင်း လင်းနို့ပုံဆေးမင်ကြောင်နှင့်လူက ရှာမန်အမျိုးသမီးကို ညွှန်ကြားလိုက်သည်။

သူတို့သုံးဦးသည် မယုံနိုင်လောက်အောင်ပင် အလျင်အမြန်ဖြတ်သန်းလာကြပြီး မကြာမီမှာပင် စုမင်နှင့်သိပ်မဝေးသောနေရာသို့ ရောက်လာခဲ့သည်။ သို့သော် သူတို့ပိုမိုနီးကပ်လာသည်နှင့်အမျှ ဝမ်းနည်းပူဆွေးဖွယ် တေးညည်းသံသည်လည်း ပိုမိုကြည်လင်ပြတ်သားလာခဲ့ပြီး တိတ်ဆိတ်သောညအချိန်တွင် ၎င်းအသံက သူတို့အား စိတ်မသက်မသာဖြစ်စေသည်။

ထိုလူပြောသည်ကို ကြားသောအခါ ယင်းဟွမ် ခေါင်းညိတ်ပြလိုက်သည်။ ထိုမာန်စွမ်းအားရှင်နှင့်ပက်သက်၍ တစ်ခုခုထူးဆန်းနေသည်ဟု သူမလည်း တွေးထင်နေခဲ့ခြင်းဖြစ်သည်။

ပေ ၃၀၀၀၊ ပေ ၂၀၀၀၊ ပေ ၁၀၀၀၊ ပေ ၅၀၀၊ ပေ ၃၀၀... အလင်းတန်းရှည်များသဖွယ် လူသုံးဦးသည် စူးရှသောလေထုအား ထိုးခွင်းသံများနှင့်အတူ အမြန်နှုန်းအပြည့်ဖြင့် တိုးဝင်လာကြသည်။ စုမင်နံဘေး ပေ၃၀၀အဝေး နေရာသို့ ရောက်သောအခါ စုမင်သည် သစ်ပင်ကြီးကိုမှီ၍ လှုပ်ရှားမှုမရှိကြောင်း သူတို့တွေ့လိုက်ရသည်။ သူ့ရှေ့တွင် မီးတောက်နီရောင် အမွေးများနှင့် မီးတောက်မျောက်ဝံလေးတစ်ကောင် ထိုင်နေသည်ကိုလည်း သူတို့တွေ့လိုက်ရ၏။

ထိုလူသုံးဦးရောက်လာသည်နှင့်တစ်ပြိုင်နက် မီးတောက်မျောက်ဝံလေးသည် ချက်ချင်းလှည့်ကြည့်လာပြီး သူတို့အားသွားဖြဲပြလာခဲ့သည်။ ထိုခဏမှာပင် လူသုံးဦးအနက် အလျင်မြန်ဆုံးအမျိုးသမီးသည် ရှေ့သို့ရုတ်တရက်တိုးထွက်သွားသည်။ သူမသည် မူလက စုမင်နှင့် ပေ၃၀၀အကွာအဝေးတွင် ရှိနေခဲ့သော်လည်း နောက်အသက်တစ်ရှိုက်စာ အတွင်းမှာပင် စုမင်ဘေး၌ ပြန်ပေါ်လာခဲ့လေသည်။ အမျိုးသမီး၏ မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူမညာလက်ကို မြှောက်လိုက်သည်။ သူမလက်ထဲတွင် အနက်ရောင်အပ်ငါးချောင်းကို တွေ့မြင်နိုင်ပြီး သူမက ၎င်းတို့ကို စုမင်၏ ဦးခေါင်းခွံထိပ်သို့ ထိုးစိုက်လိုက်ချေသည်။

သို့သော် ထိုအမျိုးသမီး လက်ကို ဝှေ့ယမ်းချလိုက်သော အခိုက်အတန့်မှာပင် သူမသည် ရုတ်တရက်ဆိုသလို စူးရှနာကျင်စွာ အော်ဟစ်လိုက်ရပြီး သွေးများအန်ရင်း စတင်တုန်ယင်လာခဲ့သည်။ သူမမျက်နှာပေါ်တွင်တော့ ထိတ်လန့်တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများက အထင်းသားပေါ်နေခဲ့သည်။

“ငါ့နောက်ကျောမှာ တစ်ခုခုရှိနေတယ်” အမျိုးသမီး၏ ထိတ်လန့်စွာအော်ဟစ်သံသည် အလွန်အမင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး သူမအသားများသည် ချက်ချင်းလောင်ကျွမ်းသွားသည့်အလား သူမခန္ဓာကိုယ်က အလျင်အမြန် ခြောက်ကပ်သွားခဲ့သည်။

တိုက်ပွဲပုဆိန်နှင့်လူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ထိုမျက်လုံးများအတွင်း ချောက်ခြားမှုများ ပေါ်လာခဲ့သည်။ သူ့ဘေးရှိ လင်းနို့ပုံဆေးမင်ကြောက်နှင့်လူ၏ အသက်ရှူသံများက လျင်မြန်သွားခဲ့သည်။ ယင်းဟွမ်၏အနောက်တွင် အရေပြားလွှာတစ်ခုသဖွယ် အနက်ရောင်အရိပ်တစ်ခုကို သူယခုလေးတင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရချေ၏။ ၎င်းသည် ယင်းဟွမ်းအား ထိုးစိုက်၍ သူမ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားချင်သကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။

***

All Chapters