← Chapters

ဟယ်ဖုန်း၏ အတွေးများ

Vol. 24 Ch. 329

ဟယ်ဖုန်း၏ အတွေးများ

Vol. 24 Ch. 329

ထိုထူးဆန်းသော မြင်ကွင်းသည် မျက်နှာပေါ်တွင် လင်းနို့ပုံဆေးမင်ကြောင်နှင့် ရှာမန်ယောကျ်ားအား ထိတ်လန့်သွားစေသည်။ ယခုလိုထူးဆန်းသည့် ပညာရပ်မျိုးကို သူတစ်ခါမှ မမြင်ခဲ့ဖူးပေ။ အမှန်စင်စစ်၊ ထိုအရိပ်က ဘာမှန်းတောင် သူမသိချေ။

ဤအရာများအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး သစ်ပင်ကြီးကိုမှီ၍ ရွှင်းတီးမှုတ်နေသော လူငယ်ထံ ယင်းဟွမ်နီးကပ်သွားသော အခိုက်အတန့်တွင် ထိုအရိပ်က သူမနောက်၌ ချက်ချင်းပေါ်လာခဲ့သည်ကိုသာ သူမြင်လိုက်နိုင်ခြင်း ဖြစ်သည်။ ထိုအရိပ်သည် သူမထံသို့ အသံတစ်ချက်မထွက်ပဲ နီးကပ်သွားခဲ့ပြီး နောက်ထပ်လိုက်ပါလာသော အရာသည်ကား ယင်းဟွမ်၏ အော်ဟစ်သံများဖြစ်သည်။

တိုက်ပွဲပုဆိန်နှင့်လူသည် ရှေ့တိုးနေရာမှ ရုတ်တရက်ရပ်တန့်သွားပြီး သူ့နှလုံးခုန်သံများ လျင်မြန်လာခဲ့သည်။ ယခုလေးတွင် သူတို့ရှေ့၌ ဖြစ်ပျက်သွားသောအရာများက သူနှင့် သူ့အဖော်အား ကြက်သီးများထသွားစေသည်။

ရှာမန်အမျိုးသမီးထံမှ စူးရှစွာအော်ဟစ်သံ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူမအနောက်မှအရိပ်သည် ၎င်း၏ပါးစပ်ကြီးကို ကျယ်ပြန့်စွာဟ၍ သူမခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝဝါးမြိုဖုံးအုပ်သွားပုံပေါ်၏။

ထိုအရာတစ်ခုတည်းသာဆိုလျှင် အဆင်ပြေလိမ့်မည်ဖြစ်သော်ငြား ရှာမန်အမျိုးသမီးသည် သီချင်းသံ၏ လှိုင်းဂယက်များပြည့်နေသော ဧရိယာအတွင်း ထိုအရိပ်ကြီး၏ ဝါးမြိုခံလိုက်ရပြီးသည်နှင့်  တစ်ပြိုင်နက် သစ်ပင်ကြီးအား မှီထိုင်နေသော လူငယ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော မီးတောက်မျောက်ဝံသည် သူတို့အား သတ်ဖြတ်လိုသောအမူအယာဖြင့် စူးစိုက်ကြည့်လာခဲ့သည်။

မျောက်ဝံသည် မူလက ထိုရှာမန်များကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံခဲ့သော်ငြား ၎င်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်ချိန်တွင်တော့ ရက်စက်ကြမ်းကြုတ်သော ခံစားချက်တစ်ခုက သူတို့ထံကျရောက်လာခဲ့သည်။ ထိုမျောက်သည် လှုပ်ရှားသွားပြီး မီးတောက်နီရောင် အလင်းတန်းတစ်ခုအဖြစ်ပြောင်း၍ လင်းနို့ပုံဆေးမင်ကြောင်နှင့်လူထံ ဦးတည်တိုးဝင်လာသည်။

မီးတောက်မျောက်ဝံက အလွန်လျင်မြန်ပြီး ချက်ချင်းဆိုသလိုရောက်ရှိလာကာ သူ့အား ထိုးကုတ်လိုက်သဖြင့် လင်းနို့ပုံဆေးမင်ကြောင်နှင့်လူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ ထိုလူက နောက်လွင့်ထွက်သွားပြီး ပါစပ်အပြည့်သွေးအန်လိုက်ရကာ သူ့ရင်ဘတ်က သွေးသံရဲရဲဖြစ်သွားခဲ့သည်။ သူ့မျက်နှာတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်သွားခဲ့သည်။ နောက်သို့ ပြန်ဆုတ်နေရင်း သူ့ပါးစပ်မှ စူးရှစွာလေချွန်သံတစ်သံ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက မြူခိုးလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်ကျမှသာ သူသည် မီးတောက်မျောက်ဝံ၏ အသေသတ်တိုက်ကွက်ကို ရှောင်ရှားလိုက်နိုင်ချေ၏။

“မုန့်ဟမ် အဲဒီ မာန်စွမ်းအားရှင်ကို သတ်” မီးတောက်မျောက်ဝံ၏ အပြင်းအထန် လိုက်ဖမ်းခံနေရသော လင်းနို့ပုံနှင့် ရှာမန်ယောကျ်ား၏ပါးစပ်မှ စူးရှစွာအော်ဟစ်သံ ထွက်ပေါ်လာသည်။

မုန့်ဟမ်သည် တိုက်ပွဲပုဆိန်နှင့် ထွားကြိုင်းသန်မာသူဖြစ်ပြီး သူ့ထံတွင် တုန့်ဆိုင်းမှုဟူ၍ အရိပ်အမြွက်တောင် ရှိမနေခဲ့ချေ။ ဤနေရာသည် မာန်စွမ်းအားရှင်တို့၏ နယ်မြေဖြစ်ပြီး သူတို့အတွက် ခြေလှမ်းတိုင်းက အန္တရာယ်များဖြင့် ပြည့်နေကြောင်း သူသိနေခဲ့သည်။ အကယ်၍ ဤအခိုက်အတန့်တွင် သူ့ကိုယ်ပိုင် လုံခြုံမှုကိုသာ အာရုံစိုက်နေခဲ့လျှင် အခြားသူနှစ်ဦး သေဆုံးသွားသည်နှင့် သူ့အတွက်လည်း အသက်ရှင်သန်နိုင်ရန် ခက်ခဲပေလိမ့်မည်။ သူ့ဘဝအတွက် ကြိုးစားတိုက်ခိုက်ခြင်းကသာ ပိုမိုကောင်းမွန်ပေလိမ့်မည်။

ဤအရာသည် ရှာမန်သုံးဦးလုံး မမျှော်လင့်ထားခဲ့သည့် တိုက်ပွဲမျိုးဖြစ်သည်။ သူတို့ရန်သူသည် ရုပ်နယ်လွန်နယ်ပယ်တွင်သာရှိပြီး ရိုးရေစတေးနယ်ပယ်တွင်တောင် မဟုတ်သဖြင့် ဤတိုက်ပွဲက လွယ်ကူလိမ့်မည်ဟု မူလက တွေးထင်ထားခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုတော့ ထိုလူက တစ်ချက်လေးတောင် တိုက်ခိုက်မခံရသေးခင်၊ သူတို့လူတစ်ဦးကတော့ ထူးဆန်းသောအနက်ရောင်အရိပ်၏ ဝါးမြိုခံလိုက်ရပြီဖြစ်ပြီး အခြားတစ်ဦးကတော့ မျောက်ဝံတစ်ကောင်၏ အမဲလိုက်ခြင်းခံနေရသည်။ သူတို့သည် အမှန်တစ်ကယ်ပင် အလွန်ဆိုးဝါးသောအန္တရာယ်အတွင်း ကျရောက်နေကြချေပြီ။

“တစ်ကယ်ပဲ မာန်စွမ်းအားရှင်မျိုးနွယ်စုထဲမှာ ဒီလူ့အဆင့်အတန်းက ဘာများလဲ” သန်မာထွားကြိုင်းသူသည် ခပ်တိုးတိုး ငြီးတွားလိုက်ပြီး လက်ထဲမှ တိုက်ပွဲပုဆိန်နှင့်အတူ စုမင်ထံသို့ မုန်တိုင်းတစ်ခုသဖွယ် တိုးဝင်သွားခဲ့သည်။

'မာန်စွမ်းအားရှင်မျိုးနွယ်စုထဲမှာ သူ့အဆင့်အတန်းက တစ်ကယ်မြင့်လောက်တယ်။ အဲလိုမှမဟုတ်ရင် ရိုးရေစတေးနယ်ပယ်တောင် မရောက်သေးတဲ့ မာန်စွမ်းအားရှင်လေးတစ်ယောက်က ယင်းဟွမ်ကို ဝါးမြိုနိုင်တဲ့ရတနာနဲ့ ဖူကောကိုတောင် တိုက်ခိုက်နိုင်တဲ့ သားရဲရိုင်းတစ်ကောင်ကို ဘာကြောင့် ပိုင်ဆိုင်ထားမှာလဲ'

'ဒီလူက တစ်ကယ့်ကို အားနည်းပြီး တိုက်ပွဲထဲမှာ သူကိုယ်တိုင်မတိုက်ခိုက်နိုင်လောက်ဘူး။ ဖူကောလည်း ဒီအကြောင်းကို မြင်ခဲ့လို့ ငါ့ကို အဲလူကို သတ်ခိုင်းတာဖြစ်ရမယ်။ ဒီလူသေသွားတာနဲ့... သူ့ရတနာတွေက ငါတို့အပိုင် ဖြစ်လာမှာပဲ'

ထွားကြိုင်းသန်မာသောလူ၏ မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ပေါ်လာသည်။ သူသည် အလွန်လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးကို မေ့ပျောက်ထားပုံပေါ်သော သစ်ပင်ကြီးအားမှီ၍ ရွှင်းတီးခတ်နေသည့် စုမင်အနီးသို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိသွားခဲ့ချေပြီ။

“သေလိုက်တော့”

ထိုလူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ထူးဆန်းသောအစိမ်းရောင်အလင်းတစ်ဖြာ ပေါ်လာသည်။ အစိမ်းရောင်အလင်းတောက်ပသွားသည်နှင့် ထိုယောကျ်ား၏ မြှောက်ထားသော ညာလက်သည် ပိုမိုကြီးမားလာပြီး တိုက်ပွဲပုဆိန်ကြီးထံမှ သွေးဆာရက်စက်သော အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။ တစ်ချက်လွှဲယမ်းလိုက်ရာ ထိုတိုက်ပွဲပုဆိန်ကြီးသည် လေထုအားပိုင်းဖြတ်လျက် စုမင်ခေါင်းပေါ် တည့်တည့်ကျဆင်းလာခဲ့သည်။

သိပ်မဝေးသောနေရာတွင်  မီးတောက်မျောက်ဝံ၏ အကြိမ်ကြိမ်ကုတ်ဖြဲခံရမှုကြောင့် မြူခိုးများအတွင်းမှ စူးရှနာကျင်စွာ အော်ဟစ်သံများထွက်ပေါ်နေခဲ့သည်။ တစ်ဖန်ပြန်လည် လွတ်မြောက်လာသည်နှင့် မြူခိုးများ၏အမြန်နှုန်းသည် ထပ်မံတိုးမြင့်သွားပြီး မြူခိုးများအဖြစ် ပြောင်းလဲထားသော ရှာမန်ယောကျ်ားသည် အလျင်အမြန် ဆုတ်ခွာနေရင်းမှ စုမင်အပေါ် တိုက်ပွဲပုဆိန်ကျဆင်းလာသည်ကို မြင်လိုက်ရချေ၏။

“သူ့ကို သတ်” ထိုရှာမန်ယောကျ်ားက အော်ဟစ်၍ နောက်သို့ ထပ်ဆုတ်လိုက်ပြန်သည်။

သန်မာထွားကြိုင်းသောလူက ကြမ်းကြုတ်စွာရယ်မောလိုက်သည်။ ထိုခုတ်ချက်တွင် သူ့ခွန်အားအကုန် ပါဝင်ပြီး ရိုးရေစတေးနယ်ပယ်ကနဦးဆင့်မှ မာန်စွမ်းအားရှင်တစ်ဦးနှင့် ထိပ်တိုက်တွေ့ရမည်ဆိုလျှင်တောင် သူ့ကိုယ်သူ ယုံကြည်ချက်ရှိပေသည်။ အကယ်၍ ၎င်းတို့သည် ဤလူငယ်ကဲ့သို့ ရှောင်တိမ်းခြင်းမပြုပဲ ခုတ်ဖြတ်ခွင့်သာပြုထားမည်ဆိုလျှင် သူတို့က သေချာပေါက်သေဆုံးသွားပေလိမ့်မည်။

သို့သော် မြူခိုးများအဖြစ်ပြောင်းလဲထားသော ရှာမန်ယောကျ်ားက လှမ်းကြည့်လိုက်ပြီး သန်မာထွားကြိုင်းသောလူ၏ ခုတ်ချက် တစ်ဝက်သို့ရောက်သွားချိန်တွင် ငြိမ်သက်နေဆဲဖြစ်သော စုမင်၏လက်ကောက်ဝတ်ရှိ အနက်ရောင်လက်ကောက်သည် လက်ကောက်ဝတ်မှ ကျိုးပဲ့သွားပြီး အနက်ရောင်မြူခိုးများအသွင် ဖြစ်သွားကာ အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ပုံစံအဖြစ် ပြောင်းလဲသွားချေသည်။ သူမသည် စုမင်နှင့် ထိုယောကျ်ားအကြားတွင်ပေါ်လာပြီး သူမညာလက်ကိုမြှောက်၍ ထိုခုတ်ချက်ကို လက်ခံလိုက်လေ၏။

ထိုအမျိုးသမီးသည် အလွန်လျင်မြန်စွာ ထွက်ပေါ်လာခြင်းဖြစ်ပြီး လျင်မြန်လွန်းသည်မှာ အသက်တစ်ကြိမ်ရှူစာအတွင်းမှာပင် ပုံပေါ်လာခဲ့ခြင်းဖြစ်သည်။ သူမခန္ဓာကိုယ်တစ်ခုလုံးက နက်မှောင်နေပြီး သူမမျက်နှာကို မမြင်ရချေ။ သူမ၏ အကွေ့အကောက် အမို့အမောက်များဖြင့် ခန္ဓာကိုယ်ကိုသာ တွေ့မြင်နိုင်ပြီး သူမလက်က ကျဆင်းလာသောပုဆိန်နှင့် ထိသွားသောအခါ ကျယ်လောင်သောပေါက်ကွဲသံကြီး ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ပုဆိန်ကိုင်ထားသောလူသည် တုန်လှုပ်သွားပြီး သူ့ညာလက်သည်လည်း ချက်ချင်းပေါက်ကွဲသွားကာ ပုဆိန်သည် နောက်သို့လွင့်ထွက်သွားပြီး အဝေးရှိတောအုပ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ ထိုလူသည် ထိတ်လန့်တုန်လှုပ်နေပြီး သူ့ခန္ဓာကိုယ်မှလည်း သွေးမြူများထွက်ပေါ်လာသည်။ နောက်သို့ ဒယိမ်းဒယိုင်ဆုတ်လိုက်ရပြီး ဖြူရော်နေသောမျက်နှာနှင့်အတူ ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ရ၏။ ထို့နောက် တုန့်ဆိုင်းနေခြင်းအလျင်းမရှိပဲ နောက်သို့ ပြန်ဆုတ်လိုက်ရာ သူထိုသို့လုပ်လိုက်သည်နှင့် သူ့မျက်လုံးများအတွင်း ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာခဲ့သည်။

ထိတ်လန့်တုန်လှုပ်သွားသူက သူတစ်ဦးတည်းမဟုတ်ပေ။ မြူခိုးများအသွင်ပြောင်းလဲထားသော ရှာမန်ယောကျ်ားသည်လည်း အံ့အားသင့်မင်သက်သွားခဲ့ရလေသည်။ သူသည် မီးတောက်မျောက်ဝံ၏ ဆက်တိုက်လိုက်ဖမ်းခံနေရသဖြင့် အဆက်မပြတ်နောက်ဆုတ်နေရင်းမှ ရုတ်တရက်အေးခဲသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုအကွာအဝေးသည်လည်း မီးတောက်မျောက်ဝံ၏လည်ပင်းရှိ သံကြိုး၏အကန့်အသတ်ဖြစ်နေခဲ့သဖြင့် ၎င်းက ရှေ့ဆက်တိုးမလာနိုင်တော့ပေ။ ၎င်းသည် သွားဖြဲဟိန်းဟောက်လိုက်ပြီး နောက်သို့ ဖြည်းညင်းစွာပြန်ဆုတ်သွားသည်။

ထိုအခွင့်အရေးကိုသုံး၍ ရှာမန်ယောကျ်ားသည် မြူခိုးများအဖြစ်မှ သူ့ရုပ်ခန္ဓာကိုယ်အား ပြန်ပြောင်းလဲလိုက်သည်။သူ့စိတ်နှလုံးသည် အလွန်ကြောက်လန့်တုန်လှုပ်နေပြီး သူ့အသက်ရှူသံများက လျင်မြန်နေသော်ငြား မုန့်ဟမ်သည် သွေးအန်ရင်း အလျင်အမြန်နောက်ဆုတ်နေသည်ကို မြင်သောအခါ သူ့အသက်ရှူခြင်းက ငြိမ်သက်သွားသည်။

စုမင်အရှေ့တွင်ရပ်နေသော အနက်ရောင်မြူခိုးများမှ ဖြစ်ပေါ်လာသည့်အမျိုးသမီးသည် ရှာမန်နှစ်ဦးကို အေးစက်စွာစိုက်ကြည့်နေသည်။ သူမသည် စကားတစ်ခွန်းမှမပြောခဲ့သော်လည်း သူမအကြည့်တစ်ခုတည်းကပင် သူတို့နှလူံးသားများကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်ရန် လုံလောက်နေခဲ့ချေပြီ။

'ရိုးရေစတေးနယ်ပယ် အလယ်ဆင့်'  အမျိုးသမီး၏အကြည့်နှင့် ဆုံလိုက်မိသည့်အခိုက်အတန့်၌

မျက်နှာပေါ်တွင် လင်းနို့ပုံဆေးမင်ကြောင်နှင့်

လူ၏ ခေါင်းထဲတွင် ဝုန်းခနဲမြည်ဟည်းသွားသည်။

သန်မာထွားကြိုင်းသောလူက လူ၏ ညာလက်သည် လုံးဝပေါက်ကွဲသွားပြီဖြစ်၍ ယခုအချိန်တွင် သွေးသံရဲရဲ ဖြစ်နေချေပြီ။ သူနောက်ဆုတ်သွားသော ဦးတည်ရာဘက်သည် လင်းနို့ပုံဆေးမင်ကြောင်နှင့်လူ၏ အရပ်မျက်နှာနှင့် မတူပေ။ ထိုနေရာတွင် မီးတောက်မျောက်ဝံ ရှိနေသဖြင့် သူထိုနေရာသို့ မသွားဝံ့ပါချေ။

သူတို့ကြားတွင်တော့ စုမင်သည် မျက်လုံးများကိုမှိတ်၍ သစ်ပင်ကြီးကို မှီထားဆဲဖြစ်သည်။

တိုတောင်းသောတိုက်ပွဲက တိတ်ဆိတ်ငြိမ်သက်သွားချေပြီ။ မီးတောက်မျောက်ဝံသည် ၎င်း၏နေရာတွင် ဆောင့်ကြောင့်ထိုင်၍ လူနှစ်ဦးအား အေးစက်စက် ဝေ့ဝဲကြည့်ရှုနေသည်။ အနက်ရောင်မြူခိုးများမှ ဖြစ်ပေါ်လာသော အမျိုးသမီးသည်လည်း အလားတူပင်ဖြစ်သည်။

'သူက ယင်းဟွမ်ကိုတောင် ဝါးမြိုနိုင်တဲ့ တန်ဖိုးကြီးရတနာတစ်ခု ပိုင်တယ်။ ကြောက်ဖို့ကောင်းတဲ့အမြန်နှုန်းရယ်၊ ရိုးရေစတေးနယ်ပယ်နဲ့တူတဲ့ အစွမ်းရှိတဲ့ မျောက်ဝံတစ်ကောင်လည်းပိုင်တယ်။ သူ့ကိုကာကွယ်ပေးနေတဲ့ ရိုးရေစတေးနယ်အလယ်ဆင့်မှာရှိတဲ့ စိတ်ဝိညာဉ်အစေခံတစ်ယောက်လည်း ရှိတယ်... ဒီလူက ဘယ်လောက်တောင် အစွမ်းထက်လိမ့်မလဲ။ သူက ရုပ်နယ်လွန်နယ်ပယ်က လူတစ်ယောက်သက်သက်ပဲ ဖြစ်နေရမှာလေ'

လင်းနို့ပုံဆေးမင်ကြောင်နှင့်လူက ဖြူဖျော့နေချေပြီ။ သူ့အတွက် ဤတိုက်ပွဲတွင် နိုင်နိုင်မည့် မျှော်လင့်ချက်မရှိကြောင်း သိလိုက်ရပြီး သူထွက်ခွာရန်ပြင်လိုက်စဉ်မှာပင်...

အခြားအရပ်မျက်နှာတစ်ခုတွင်လည်း သန်မာထွားကြိုင်းသော လူရိုင်းယောကျ်ား၏ နှလုံးသားသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သည်။ ဤတိုက်ပွဲအတွင်း အန္တရာယ်များသည် သူ့အား တိုက်ခိုက်လိုသည့်စိတ်ဆန္ဒများအားလုံးကို ပျောက်ဆုံးသွားစေသည်။ ယခုအချိန်တွင်တော့ သူသည် ဤနေရာမှသာ အတတ်နိုင်ဆုံး မြန်မြန်ထွက်သွားချင်မိတော့သည်။ မာန်စွမ်းအားရှင်တို့၏ နယ်မြေအတွင်း မရောက်ရှိခင် စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများစွာကို သူရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ သူ ဤနေရာတွင်တော့ မသေချင်ပေ။

သန်မာထွားကြိုင်းသောလူအတွက်တော့ မျက်လုံးများပိတ်၍ သစ်ပင်ကြီးအားမှီထိုင်နေသော လူငယ်သည် နားလည်ရခက်သော ပဟေဠိများဖြင့် ပြည့်နေချေသည်။ ထိုလျှို့ဝှက်ဆန်းကြယ်မှုကြီးနှင့် သူနီးနီးကပ်ကပ်မနေချင်ပေ။ သူ ဤနေရာကသာ ထွက်သွားချင်ခဲ့သည်။

သို့သော် သူနှင့် မျက်နှာပေါ်ရှိ လင်းနို့ပုံဆေးမင်ကြောင်ဖြင့် သူ့အဖွဲ့ဝင် ရှာမန်တို့ထံတွင် ထိုထွက်ပြေးလွတ်မြောက်ရန် အတွေးများ ဖြစ်ပေါ်လာပြီး မတူကွဲပြားသော အရပ်မျက်နှာများသို့ ထွက်ပြေးရန်ပြင်လိုက်ကြစဉ်မှာပင် သူတို့ခန္ဓာကိုယ်များက ရုတ်တရက် အေးခဲရပ်တန့်သွားခဲ့ကြသည်။

တိုးပွားလာသော အကြောက်တရားများနှင့်အတူ စုမင်အရှေ့၊ မျောက်ဝံအနောက် ယင်းဟွမ်ဝါးမြိုခံခဲ့ရသောနေရာရှိ လေထုအလွှာပါးထဲမှ တစ်ဖြည်းဖြည်း ထွက်ပေါ်လာသော ပုံရိပ်တစ်ခုကို သူတို့မြင်လိုက်ရလေသည်။

ထိုပုံရိပ်သည် ကောက်ကြောင်းလှသော ခန္ဓာကိုယ်တစ်ခုရှိသော်ငြား အနည်းငယ်ပိန်ပါးသောဘက်သို့ ရောက်သည်။ ၎င်းသည် မျက်နှာထက်တွင် သူမအား အရုပ်ဆိုးအောင်ပြုလုပ်နေသော ဆေးမင်ကြောင်တစ်ခုရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုအမျိုးသမီးသည်ကား... ရှာမန် ယင်းဟွမ်ပင် ဖြစ်သည်။

သူမ ပြန်ပေါ်လာခဲ့ချေပြီ။

သို့သော် အသစ်စက်စက်ထွက်ပေါ်လာသည့် ယင်းဟွမ်၏ ဗလာဟင်းလင်းမျက်လုံးများသည် ရုတ်တရက်တောက်ပသော အလင်းရောင်များဖြင့် ပြည့်လာခဲ့သည်။ သူမသည် ထိုနေရာတွင်ရပ်လျက် သူမခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် အခြားရှာမန်နှစ်ဦး အံ့အားသင့်မင်သက်နေစဉ်မှာပင် သူမသည် ခြေလက်များကို ရွေ့လျားလိုက်၏။ ပုံပန်းသွင်ပြင်အရဆိုလျှင် သူမသည် ဤခန္ဓာကိုယ်နှင့် အလွန်အသားမကျသေးသဖြင့် အသားကျရန် အချိန်တစ်ချို့ လိုအပ်နေသကဲ့သို့ပင်ဖြစ်သည်။

“သူမက... ယင်းဟွမ် မဟုတ်ဘူး”

လင်းနို့ပုံဆေးမင်ကြေင်နှင့်လူ၏ မျက်နှာက အလွန်အမင်းဖြူဖျော့သွားသည်။ ယင်းဟွမ်၏ အသစ်စက်စက် မျက်လုံးများအတွင်းမှ အေးစက်မှုနှင့် အကျွမ်းတဝင်မရှိမှုများကို သူယခုလေးတင် အလွန်ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။

သန်မာထွားကြိုင်းသောလူသည်လည်း ထိုအရာကို သတိပြုမိခဲ့၏။ သူ့မျက်လုံးများအတွင်း ကြောက်ရွံ့မှုများ ပေါ်လာပြီး ထပ်မံ တုန့်ဆိုင်းမနေတော့ပဲ အလျင်အမြန်ဆုတ်ခွာလိုက်တော့သည်။

သူပြန်လည်ဆုတ်ခွာလိုက်ချိန်မှာပင် မျက်နှာပေါ်တွင် လင်းနို့ပုံဆေးမင်ကြောင်နှင့် လူသည်လည်း အနောက်သို့ ချက်ချင်းလှည့်ထွက်လိုက်သည်။ သူတို့နှစ်ဦးသည် ဆန့်ကျင်ဘက်အရပ်မျက်နှာများသို့ ပြေးလွှားလိုက်ကြသော်လည်း သူတို့၏ ပထမဆုံးခြေလှမ်းများ လှမ်းလိုက်ချိန်မှာပင် အသစ်ပြန်ပေါ်လာသော ယင်းဟွမ်၏ နှုတ်ခမ်းများထက်တွင် မှောင်မိုက်မှုအရိပ်အယောင်တစ်ခုပါသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမသည် လင်းနို့ပုံဆေးမင်ကြောင်နှင့်လူထံ တိုးဝင်သွားသည်။

စုမင်အား အကြီးဆုံးအစ်ကိုကြီးမှ ပေးခဲ့သော အနက်ရောင်ပုံရိပ်သည်လည်း ရွေ့လျားသွားပြီး အနက်ရောင်မီးခိုးမြူအစုအဝေးတစ်ခုအဖြစ် ပြောင်း၍ သန်မာထွားကြိုင်းသော ရှာမန်ထံ တိုးဝင်သွားခဲ့သည်။

မီးတောက်မျောက်ဝံလေးသည်သာ ၎င်း၏လည်ပင်းတွင် သံကြိုးဖြင့်ချည်နှောင်ခံထားရသဖြင့် မကျေမနပ်သံများပြုရင်း စုမင်အနားတွင် ကျန်ရစ်ခဲ့ရလေသည်။

များမကြာမီမှာပင် တောအုပ်၏အခြားဘက်ခြမ်းမှ လူတစ်ဦးနှင့်တူသော မီးခိုးမြူအစုအဝေးတစ်ခု ပြန်ရောက်လာခဲ့သည်။ စုမင်ရှေ့တွင် အမျိုးသမီးတစ်ဦးပေါ်လာပြီး မီးခိုးမြူများအတွင်းမှ လူဦးခေါင်းတစ်လုံး ပြုတ်ကျလာခဲ့သည်။ ထို့နောက် ထိုမီးခိုးမြူများသည် စုမင်၏ညာလက်ထံ တိုးဝင်သွားပြီး အနက်ရောင်လက်ကောက်တစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

အချိန်အချို့ကုန်လွန်ပြီးနောက် လေထဲတွင် စူးရှစွာအော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွားပြီး ခဏအကြာတွင် တောအုပ်၏ အခြားဘက်ခြမ်းမှ အမျိုးသားတစ်ဦး ပြန်လာခဲ့လေသည်။ ထိုလူသည် အဝေးသို့ထွက်ပြေးသွားသည့် ရှာမန် ဖူကောဖြစ်သည်။ထိုသူသည် အရှေ့သို့လျှောက်လာနေစဉ် သူ့ခန္ဓာကိုယ်ဖြင့် အသားကျအောင် ကြိုးစားနေရသကဲ့သို့ သူ့ခန္ဓာကိုယ်က ဆက်တိုက် လှုပ်ခါနေခဲ့သည်။ သူ့ညာလက်ထဲတွင်တော့ ယင်းဟွမ်၏ဦးခေါင်းကို ဆုပ်ကိုင်ထားလေသည်။

သူ့မျက်လုံးများက တောက်ပနေပြီး စုမင်နှင့် ပေ၁၀၀ကျော်ခန့်တွင် ရပ်တန့်လိုက်သည်။ စုမင်အားငေးကြည့်နေသော သူ၏တောက်ပသည့် မျက်လုံးများအတွင်း သတ်ဖြတ်လိုဟန်များ အထင်းသားပေါ်နေခဲ့သည်။ သူသည် မသေချာမရေရာ ဖြစ်၍ တွန့်ဆုတ်နေသကဲ့သို့ပင် ဖြစ်သည်။ စုမင်အား ဆက်လက်လေ့လာစစ်ဆေးနေစဉ် သူ့မျက်လုံးများကတော့ သတ်ဖြတ်လိုသည့်အသိနှင့်အတူ တောက်ပနေခဲ့သည်။

ဖြောက်...

ဖြောက်...

သူ့လက်ထဲရှိ လူဦးခေါင်းထံမှ သွေးများ မြေပြင်ပေါ်စီးကျနေရာမှ တဖြောက်ဖြောက်အသံများ ထွက်ပေါ်နေသည်။ တိတ်ဆိတ်ငြိမ်သက်နေသော ညအချိန်တွင်တော့ ထိုအသံက မယုံနိုင်လောက်အောင်ပင် ထင်ရှားကြည်လင်လို့နေသည်။

သူ့လှုပ်ရှားမှုရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် မီးတောက်မျောက်ဝံသည် နောက်လှည့်လာပြီး ရှာမန်ဖူကော၏ အသွင်အပြင်ကို စိုက်ကြည့်လာခဲ့၏။ ၎င်းသည် ထိုအရာကို အာရုံခံမိသဖြင့် ဖူကောအား မာန်ဖီ ဟိန်းဟောက်လိုက်သည်။ ဤလူ၏ပုံစံက မတူကွဲပြားနေလျှင်တောင် ထိုလူက မျောက်ဝံလေး စက်ဆုပ်အထင်သေးသည့် အရိပ်ဖြစ်နေဆဲပင်။

ထိုလူ၏ ရန်လိုသောအကြည့်က မီးတောက်မျောက်ဝံလေး၏ ဟိန်းဟောက်သံများအတွင်းမှ သတ်ဖြတ်လိုစိတ်များကို ပိုမိုပြင်းထန်လာစေသည်။

***

All Chapters