အပြစ်ဒဏ်
Vol. 24 Ch. 330
လင်းနို့ပုံဆေးမင်ကြောင်နှင့် ဖူကော၏ အသွင်အပြင်သည် မူလက မည်းမှောင်နေခဲ့သော်ငြား ထိုအချိန်တွင်တော့ သူ့ထံတွင် မှိန်ဖျော့ဖျော့အလင်းတစ်ဖြာ စတင်တောက်ပလာခဲ့သည်။ သူသည် ခြေထောက်ကို ဖြည်းညင်းစွာမြှောက်၍ စုမင်ထံသို့ ခြေတစ်လှမ်းခန့် ပေါ့ပါးစွာလှမ်းလိုက်သည်။
သူခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် မီးတောက်မျောက်ဝံလေးသည် မတ်တပ်ရပ်၍ ဖူကောဘက်သို့ လက်နှစ်ဘက်လုံးကို မြှောက်ထားလိုက်သည်။ အကယ်၍ ဖူကောသာ သူ့ပိုင်နက်နယ်မြေထဲသို့ နောက်ထပ်ခြေတစ်လှမ်း ထပ်ချမည်ဆိုလျှင် ချက်ချင်းတိုက်ခိုက်တော့မည့် ပုံစံပင်ဖြစ်သည်။
ဖူကောနှင့်တူသောလူသည် မီးတောက်မျောက်ဝံအား စိတ်ထဲမထည့်ခဲ့ချေ။ သူ့အကြည့်သည် မျက်လုံးများပိတ်ထားသော စုမင်ပေါ်တွင်သာရှိနေပြီး ညာခြေထောက်ကို မြှောက်လိုက်သော်လည်း သူ့ထံတွင် တုန့်ဆိုင်းမှုများ နောက်တစ်ကြိမ်ထပ်ပေါ်လာပြန်သည်။
တုန့်ဆိုင်းနေရင်းမှပင် ထိုလူသည် မျက်လုံးများပိတ်ထားသော စုမင်ထံတွင် တစ်စုံတစ်ရာထူးဆန်းနေခြင်းရှိမရှိ သိလိုဟန်ဖြင့် စူးရှသောအကြည့်တစ်ခုဖြင့် စုမင်အား ဆက်လက်စိုက်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာမြင့်ပြီးနောက်တွင် သူ့မျက်လုံးများထဲ၌ သတ်ဖြတ်လိုသောအသိများ ပြန်ပေါ်လာခဲ့ချေသည်။ သို့သော် မြေပြင်ပေါ်သို့ သူ၏တတိယခြေလှမ်း ချတော့မည့်အချိန်မှာပင်...
“ဟယ်ဖုန်း၊ မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီလား” တည်ငြိမ်အေးဆေးသောအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖူကောနှင့်တူသောလူ၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသောအသိများက ပျောက်ကွယ်သွားခဲ့သည်။ သူသည် အနည်းငယ်တုန်ရီသွားပြီး ချက်ချင်းဒူးတစ်ဖက် ထောက်ချလိုက်၏။
သစ်ပင်ကြီးအား မှီနေသော စုမင်၏မျက်လုံးများ ပြန်ပွင့်နေပြီဖြစ်ကြောင်း သူတွေ့လိုက်ရချေ၏။ စုမင်သည် လက်များထဲမှ ရွှင်းကိုလည်း မြေပြင်ပေါ်ချထားပြီးဖြစ်ကာ သူ့အား အေးစက်စွာ စိုက်ကြည့်နေခဲ့ချေပြီ။ ထူးဆန်းလှသည်မှာ စုမင်သည် ရွှင်းဖြင့် မည်သည့်သီချင်းကိုမှ တီးမှုတ်နေခြင်း မရှိတော့သော်လည်း သီချင်းထဲမှ ဝမ်းနည်းပူဆွေးဖွယ် ဂီတသင်္ကေတများသည် ဤဧရိယာအတွင်း အသာအယာ ပဲ့တင်ထပ်နေဆဲဖြစ်သည်။
“သခင် နားလည်မှုလွဲနေပါပြီ။ ငါက မင်းဘေးကို ပြန်လာချင်ရုံပါပဲ”
ဟယ်ဖုန်းနှလုံးသားသည် တုန်လှုပ်နေပြီး ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်သည်။ သူ့ပုံစံက တည်ငြိမ်နေပုံပေါ်သော်လည်း သူ့နှလုံးသားအတွင်းရှိ စိတ်ခံစားချက်များကတော့ စုမင်၏ထိုစကားတစ်ခွန်းနှင့် ထိုအကြည့်တို့ကြောင့် ဗလောင်ဆူနေခဲ့ချေပြီ။
စုမင် စကားပြန်ပြောခဲ့ချေ။ ရှာမန်တစ်ဦး၏ ပုံပန်းသွင်ပြင်မျိုးရှိနေသော်လည်း အမှန်စင်စစ်တော့ ဟယ်ဖုန်းဖြစ်နေသည့် သူ့ရှေ့ရှိ ယောကျ်ားကိုသာ အေးစက်စွာစိုက်ကြည့်နေလိုက်သည်။ ဤအရာသည် ဟယ်ဖုန်း၏ ထူးခြားဆန်းကြယ်သော စွမ်းရည်ကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုဆန်းကြယ်သောစွမ်းရည်သည် မယုံနိုင်လောက်အောင်ပင် ထူးဆန်းပြီး စုမင်ကိုပင် အနည်းငယ်စိတ်လှုပ်ရှားစေခဲ့သည်။
ဟယ်ဖုန်းထံတွင် ပုန်ကန်တတ်သောအကျင့်တစ်ခုရှိပြီး ထိုအရာက လွန်ခဲ့သောအချိန်ကြာမြင့်စွာတည်းကပင် စုမင်သိထားသောအရာတစ်ခု ဖြစ်သည်။ ဤလူသည် စုမင်၏အသုံးချခံရန် ဆန္ဒမရှိသဖြင့် သစ္စာမရှိသော စိတ်ခံစားချက်များ လွှမ်းမိုးခံနေရခြင်း ဖြစ်သည်။ အကယ်၍ စုမင်သာ ဤလူကို အသုံးပြုလိုလျှင်၊ သာလွန်ထူးကဲသော စွမ်းအားများသုံး၍ ဟယ်ဖုန်းကို လွှမ်းမိုးခြယ်လှယ်ရမည်ဖြစ်ပြီး သူ့အားဖိနှိပ်ထားကာ အကြောက်တရားများဖြင့် အမြဲတမ်းဖြည့်ပေးနေရပေမည်။ သို့မှသာ စုမင်သူ့ကို ထိန်းချူပ်နိုင်ပေလိမ့်မည်။
သူ ဟယ်ဖုန်းကို ထိန်းချူပ်ရန် အကြောက်တရားကို အသုံးပြုဖို့လို၏။
စုမင် မျက်လုံးများကိုပိတ်လိုက်သည်။ သူထိုသို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်ထက်တွင် ဒူးထောက်နေခဲ့သော ဟယ်ဖုန်းသည် ရုတ်တရက်ဆိုသလို အပြင်းအထန် စတင်တုန်ယင်လာခဲ့သည်။ ဟယ်ဖုန်းသည် တုန်ရီနေစဉ် စိတ်ကူး၍ပင်မရနိုင်သော နာကျင်မှုပမာဏမျိုးကို တွေ့ကြုံနေရဟန်ဖြင့် စူးရှနာကျင်စွာ အော်ဟစ်နေခဲ့သည်။
ဟယ်ဖုန်းသည် တုန်ယင်လျက် ဆက်လက်အော်ဟစ်နေရင်း သူ့ခန္ဓာကိုယ်ကိုပင် ဖြောင့်ဖြောင့်မတ်မတ်မထားနိုင်တော့ကြောင်း သိလိုက်ရသည်။ ဘေးသို့ လဲကျသွားပြီး သူယခုလေးတင်ရရှိခဲ့သော ခန္ဓာကိုယ်သည် အကြောဆွဲကာ ပျက်စီးလာပြီး ခန္ဓာကိုယ်က အလျင်အမြန် စတင်ခြောက်ကပ်လာခဲ့သည်။
ခန္ဓာကိုယ်၏အရေပြားသို့ ထိုးဖောက်စုပ်ယူနေပုံပေါ်သော အနက်ရောင်မီးခိုးမြူများစွာကိုပင် ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်၏။ ခန္ဓာကိုယ်အား ရူးသွပ်စွာ ဝါးမြိုစားသောက်နေသည့် ထိုအနက်ရောင်မီးခိုးမြူများအတွင်း မရေမတွက်နိုင်သော လ၏အတောင်ပံများ ရှိနေသည်။
ထိုရုတ်တရက်အပြောင်းအလဲသည် ဟယ်ဖုန်းကို အံ့အားသင့်ထိတ်လန့်သွားစေခဲ့ခြင်း မရှိပေ။ သူသည် မယုံနိုင်လောက်အောင်ပင် ဉာဏ်ကောင်းသဖြင့် စုမင်ထိုစကားလုံးများ စပြောလိုက်ချိန်တည်းက သူသေချာပေါက်အပြစ်ပေးခံရတော့မည်ဖြစ်ကြောင်း သိနေခဲ့၏။
သို့သော် ဤအပြစ်ဒဏ်အား သူလုံးဝစိတ်ထဲ မထားခဲ့ချေ။ သူ့စိတ်ထဲတွင်တော့ စုမင် သူ့အားသတ်နိုင်လိမ့်မည့် နည်းလမ်းမရှိဟု တွေးနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ စုမင်သူ့အားသတ်ချင်လျှင်တောင် ယခုချက်ချင်းတော့ သတ်လိမ့်မည်မဟုတ်ပေ။ အဆုံးတွင်တော့ ဟယ်ဖုန်းသည် ကောင်းကင်မြူခိုးမှ စစ်ပွဲအတွင်း မယုံနိုင်လောက်အောင်ပင် အကူအညီပေးနိုင်လိမ့်မည် မဟုတ်ပါလား။
စုမင် သူ့ကို မသတ်ရဲဟု... သူ အကြွင်းမဲ့ယုံကြည်သည်။
'ဒါက ပေါ့ပေါ့ပါးပါး အပြစ်ဒဏ်လေးတစ်ခုပဲ ဖြစ်သွားလိမ့်မယ်။ ငါ့မှာပုန်ကန်ချင်တဲ့ အတွေးတွေမရှိအောင် သူက ငါ့သခင်ဖြစ်ကြောင်း သိစေချင်ရုံသက်သက်ပဲ။ အခုလို မရင့်ကျက်သေးတဲ့ နည်းဗျူဟာအရ ဆုံးဖြတ်ရမယ်ဆိုရင်တော့ သခင်၊ မင်းက အရမ်းနုံအ ဆဲပဲ။ ဒီနှစ်တွေထဲမှာ မင်းအများကြီး ပြောင်းလဲကောင်း ပြောင်းလဲနိုင်ခဲ့လိမ့်မယ် ဒါပေမယ့် ငါနဲ့ယှဉ်ရင်တော့ မင်းက အတွေ့အကြုံချို့တဲ့နေတုန်းပါပဲ'
'ငါက ဒီတိုင်း နာကျင်တဲ့မျက်နှာလေးကိုပဲ ပြထားလိုက်မယ်။ အဲဒါမှ မင်းအဲမျက်နှာကိုမြင်လို့ စိတ်သက်သာရာရတဲ့အချိန်ကျ ငါက မင်းကိုကတိအချို့ပေးလိုက်ရင် မင်းကိုလှည့်စားဖို့ လုံလောက်သွားလိမ့်မယ်'
'ဒါက ပြပွဲတစ်ခုသက်သက်ပဲဆိုတော့ ငါကလည်း မင်းနဲ့လိုက် သရုပ်ဆောင်ပေးရမှာပေါ့' ဟယ်ဖုန်းသည် နှလုံးသားထဲတွင် အေးစက်စွာရယ်မောလိုက်သော်လည်း စူးရှနာကျင်စွာအော်ဟစ်၍ အသနားခံနေဆဲဖြစ်သည်။
ဟယ်ဖုန်းသည် ပုန်ကန်ကောင်းပုန်ကန်လိမ့်မည် ဖြစ်သော်လည်း လ၏အတောင်ပံများကတော့ ထိုသို့မဟုတ်ချေ။ လ၏အတောင်ပံများအတွက်တော့ စုမင်က သူတို့ဘုရင်ဖြစ်သည်။ စုမင်၏ စိတ်ဆန္ဒသည် သူတို့အတွက် အရာအားလုံးဖြစ်ပြီး အတွေးတစ်ချက်နှင့်ပင် သူတို့အား ဘယ်အရာမဆိုလုပ်ရန်ခိုင်းစေနိုင်ပေသည်။ အကယ်၍ သူတို့အားကိုယ့်ကိုယ်ကို ဖျက်ဆီးရန် တောင်းဆိုလျှင်တောင် လိုလိုလားလား လက်ခံကြမှာဖြစ်သည်။
ထို့ကြောင့် ဟယ်ဖုန်းသည် လ၏အတောင်ပံများနှင့် ပေါင်းစပ်ခဲ့သည်ဆိုလျှင်တောင် ပေါင်းစည်းမှုပြီးနောက် အဓိကခန္ဓာကိုယ် ထဲတွင် သူ့စိတ်ဆန္ဒတစ်ဝက်ပါလာခဲ့သည်ဆိုလျှင်တောင် သူ့တွင်ရှိသမျှ အရာအားလုံးက လ၏အတောင်ပံများထံမှ ဖြစ်သည်။
ထို့ကြောင့်ပင် ယခင်က မည်သည့်နှိပ်စက်မှုကိုမှ မခံခဲ့ဘူးသော ဟယ်ဖုန်းသည် နာကျင်မှုအား အထင်သေးနေခဲ့ခြင်း ဖြစ်သည်။
သူ၏အသစ်ရလာသော ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူဆက်လက်အော်ဟစ်နေစဉ် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်နေရာမှလာသည့် နာကျင်မှုနှစ်ခုကို ခံစားနေရသည်။ သူ့ခန္ဓာကိုယ်သည် ပုပ်ပွလာသည်ဟု ခံစားနေရပြီး သူ့စိတ်ဝိညာဉ်က စုတ်ပြဲသွားတော့မည့် နာကျင်မှုကို ခံစားနေရသည်။ လ၏အတောင်ပံများ၏ လောင်ကျွမ်းမှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖော်ပြမရနိုင်သော နာကျင်မှုများဖြင့် ပြည့်နေခဲ့သည်။
'သေစမ်း ဘာလို့အဲလောက် နာနေရတာလဲ။ စုမင် သောက်ကောင်၊ ခွေးကောင်၊ ငါ့လွတ်လပ်မှုပြန်ရတာနဲ့ မင်းကငါပထမဆုံးသတ်မယ့်လူပဲ။ ငါ ဒါကို မှတ်ထားတယ်' ဟယ်ဖုန်းနှလုံးသားသည် ဒေါသကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသော်လည်း သူ့မျက်နှာကမူ နာကျင်မှုများဖြင့်ပြည့်နေကာ သူ့အသံသည်လည်း ပိုမို၍ပင် နာကျည်းလာခဲ့သည်။
“သခင်၊ ငါ မှားသွားပါတယ်... ငါမှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ၊ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ...” ဟယ်ဖုန်း၏ခန္ဓာကိုယ်သည် မြေပြင်ထက်တွင် အကြောဆွဲနေပြီး သူ၏နာကျင်စွာအောဟစ်သံများက မီးတောက်မျောက်ဝံ၏ အကြည့်များကို ပြောင်းလဲသွားစေသည်။ သူ့အော်ဟစ်သံများက လေထဲတွင် ပျံ့နှံ့သွားပြီး ရွှင်း၏ ဝမ်းနည်းပူဆွေးဖွယ် ဂီတသံများနှင့် တွေ့ဆုံသွားသည်။
“သခင် ငါနောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး။ အား... ကျေးဇူးပြုပြီး သနားညှာတာပေးပါ... ကျေးဇူးပြုပြီး ငါ့ကိုသနားညှာတာပေးပါ...” ဟယ်ဖုန်း၏ အသစ်စက်စက်ခန္ဓာကိုယ်သည် လုံးဝခြောက်ကပ်သွားပြီဖြစ်ကာ ခြောက်ကပ်ကပ်အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ ၎င်း၏အသားများက လုံးဝပုပ်ပွပျက်ဆီးသွားပြီဖြစ်ပြီး လူသေအလောင်းထံမှ ထွက်ပေါ်လာသော အနက်ရောင်အခိုးအငွေ့များသည် မီးခိုးမြူများနှင့် တူလာခဲ့၏။ ထိုမီးခိုးများအတွင်း ရံဖန်ရံခါထွက်ပေါ်လာသည့် လ၏အတောင်ပံများ၏ အရိပ်များထံမှလည်း စူးရှစွာအော်ဟစ်သံများ ထွက်ပေါ်လာနေသေးသည်။
စုမင်သည် မည်သည့်အသံကိုမှ မကြားသကဲ့သို့ မျက်လုံးများကိုပိတ်ထားပြီး ဟယ်ဖုန်းနှင့်ပက်သက်၍ အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ အချိန်များကုန်လွန်သွားပြီး ဟယ်ဖုန်းအသံများသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးသည်နှင့် တစ်ပြိုင်နက် သူ့အသံက တစ်ဖြည်းဖြည်းစတင်အားပျော့လာခဲ့သည်။
'စုမင် မင်းကို ငါဘယ်တော့မှ ခွင့်မလွှတ်ဘူး'
“သခင်... ကျေးဇူးပြုပြီး ငါ့ကို သနားညှာတာပေးပါ...”
'စုမင်၊ ငါခံစားခဲ့ရသမျှ နာကျင်မှုတွေအားလုံးကို အနာဂါတ်ကျ မင်းအဆပေါင်းများစွာ ပြန်ခံစားရစေမယ်။ မင်းငါ့ကို သတ်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်'
“သခင်... ငါတောင်းပန်ပါတယ်။ ငါ တစ်ကယ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ပဲ သနားညှာတာပေးပါ။ တစ်ကြိမ်တည်းပါ... ဒီတစ်ကြိမ်တည်းပါပဲ...”
ဟယ်ဖုန်း၏ အတွေးများနှင့် စကားများသည် လုံးဝဆန့်ကျင်ဘက်များဖြစ်နေသော်လည်း တစ်ဖြည်းဖြည်းဖြင့် ဟယ်ဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို ရှာတွေ့လာသဖြင့် သူ့စိတ်ထဲရှိ ကျိန်ဆဲမှုများသည် တစ်ဖြည်းဖြည်း လျော့ပါးလာပြီး အသနားခံမှုများက ပိုတိုးလာခဲ့သည်။
မီးခိုးငွေ့အစုအဝေးလေးများသည် လေထဲတွင်လွင့်မျောနေသော အနက်ရောင်အခိုးအငွေ့လုံးထံမှ ဆက်တိုက်ဆိုသလို စတင်ကွဲထွက်လာခဲ့သည်။ မီးခိုးငွေ့အစုအဝေးများသည် အခိုးအငွေ့လုံးထံမှ ကွဲထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် လ၏အတောင်ပံများအဖြစ်ပြောင်း၍ ဧရိယာအတွင်း ဟိုဟိုသည်သည် သွားလာနေကြသည်။ တစ်ဖြည်းဖြည်းဖြင့် အနက်ရောင်မီးခိုးငွေ့များ နည်းပါးလာပြီး အဆုံးတွင်တော့ အနက်ရောင်မီးခိုးငွေ့အစုအဝေးတစ်ခုသာ ကျန်ရှိတော့ပြီး ၎င်းအတွင်းတွင်ရှိနေသောအရာက ဟယ်ဖုန်း၏ တုန်ရီနေသော စိတ်ဝိညာဉ်ပင်ဖြစ်သည်။
“သခင်၊ ကျေးဇူးပြုပြီး သနားညှာတာပေးပါ”
အနက်ရောင်မီးခိုးငွေ့များ အဆက်မပြတ်ထွက်ခွာသွားသည်နှင့်အမျှ ဟယ်ဖုန်း၏စိတ်ဝိညာဉ်က ပိုမိုအားနည်းလာပြီး ပျက်စီးပျောက်ကွယ်သွားတော့မည့်ပုံ ပေါ်လာသော်လည်း ထိုအရာက သူကြောက်ရွံ့နေသည့် အစစ်အမှန်အကြောင်းရင်း မဟုတ်ပေ။ ဟယ်ဖုန်းသည် ကောင်းကင်အား ရံဖန်ရံခါဆိုသလို မော့ကြည့်တတ်ပြီး ထိုသို့မော့ကြည့်ပြီးချိန်တွင် သူ့အသနားခံမှုများထဲရှိ စိုးရိမ်သောကများက ပိုမိုပြင်းထန်လာခဲ့သည်။ ထိုအချိန်တွင်တော့ သူ့နှလုံးသားထဲရှိ ကျိန်ဆဲမှုများသည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ချေပြီ။
ကောင်းကင်က စတင်လင်းထိန်လာခဲ့ပြီဖြစ်သည်။ အဝေးရှိမိုးကုပ်စက်ဝိုင်းတွင် နံနက်ခင်းသူရိန်နေမင်းက ခေါင်းပြူထွက်နေပြီဖြစ်ပြီး များမကြာမီမှာပင် ၎င်းကလုံးဝ ထွက်ပေါ်လာပေတော့မည်။ လုံးဝနေထွက်သွားသည်နှင့် ကုန်းမြေပေါ်ရှိ အမှောင်ထုက လွင့်ပါးပျောက်ကွယ်သွားတော့မည် ဖြစ်ပြီး နေ့သစ်တစ်နေ့ ရောက်ရှိလာပေလိမ့်မည်။
စုမင်အတွက်တော့ ဤအရာက အခြားနေ့ရက်တစ်နေ့သာ ဖြစ်လိမ့်မည်ဖြစ်သော်ငြား ဟယ်ဖုန်းအတွက်တော့ ဤအရာက သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့် ဖြစ်သွားပေလိမ့်မည်။
သူသည် မူလက နေရောင်ခြည်ကို မကြောက်ရွံ့ခဲ့သော်လည်း လ၏အတောင်ပံများနှင့် ပေါင်းစပ်ပြီးသည်နှင့် သူသည် နေ့အချိန်တွင် တည်ရှိနေနိုင်သည်ဆိုလျှင်တောင် အနားဝန်းကျင်တွင် အရိပ်များရှိမှသာ သူထိုသို့လုပ်နိုင်ခြင်း ဖြစ်သည်။
သို့သော် စုမင်ထံမှ အပြစ်ပေးခံရပြီး သူ့ကိုယ်အတွင်းရှိ လ၏အတောင်ပံများသည်လည်း ထွက်သွားသောအခါ လ၏အတောင်ပံများကို ဆုံးရှုံးထားရသော ဤအခြေအနေတွင် အမည်မသိအကြောင်းအရင်းတစ်ချို့ကြောင့် နေရောင်ခြည်ကို သူအလွန်အမင်း ကြောက်ရွံ့နေမိကြောင်း ဟယ်ဖုန်း ရုတ်တရက်သတိပြုမိလိုက်သည်။ အမှန်စင်စစ် သူ့ကိုယ်ထဲသို့ လ၏အတောင်ပံများပြန်မလာသေးသော ယခုလိုအခြေအနေမျိုးတွင် သူ့ကုယ်ပေါ်သို့သာ နေရောင်ခြည်တောက်ပဖြာကျလာမည်ဆိုလျှင် သူ့အားစောင့်ကြိုနေမည့်အရာမှာ အကြွင်းမဲ့သေခြင်းတရားသာ ဖြစ်လိမ့်မည်ဟု ဟယ်ဖုန်းခံစားနေရချေသည်။
ဤအရာက သူလုံးဝ မတွေးထားမိသည့် အရာဖြစ်ပြီး သ့ူမျှော်လင့််ချက်များ၏ အပြင်သို့လုံးဝရောက်နေသော အရာတစ်ခုဖြစ်သည်။
အချိန်တို့ကုန်လွန်လာခဲ့ပြီး နံနက်ခင်းနေ အပြည့်အဝထွက်ပေါ်လာသည်နှင့်အမျှ ဟယ်ဖုန်းသည် သူဆိုးဆိုးရွားရွား မှားယွင်းတွက်ချက်ခဲ့မိသည်ကို သဘောပေါက်သွားပြီး သူ့ကြောက်ရွံ့မှုက အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။
'သူငါ့ကို သတ်ချင်တယ်။ သူငါ့ကို တစ်ကယ်သတ်ချင်နေတာ' ဟယ်ဖုန်းမျက်နှာပေါ်တွင် အလွန်အမင်းကြောက်ရွံ့တုန်လှုပ်မှုများ ပေါ်လာခဲ့သည်။ သူသည် ယခုတော့ ထိတ်လန့်နေပြီဖြစ်ပြီး အမှန်တစ်ကယ်ကိုပင် ထိတ်လန့်တုန်လှုပ်နေခဲ့ချေပြီ။
'မဖြစ်နိုင်ဘူး။ သူငါ့ကို ခြောက်ဖို့ တွေးနေသေးတာပဲ ဖြစ်ရမယ်။ ငါ့ကို လရဲ့အတောင်ပံတွေနဲ့ ပေါင်းစည်းဖို့ ရက်သတ္တပတ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးမှတော့ ဒီလိူအမှားသေးသေးလေးတစ်ခုအတွက်နဲ့ ငါ့ကို သေချာပေါက်ဖျက်ဆီးမှာမဟုတ်ဘူး'
'ဒါက သူငါ့ကို သတိပေးနေတာပဲ။ ဟုတ်တယ်... ဒါက သတိပေးချက်တစ်ခုသက်သက်ပဲ' ဟယ်ဖုန်းသည် သူ့ကိုယ်သူ အဆက်မပြတ်အားပေးနှစ်သိမ့်နေသော်လည်း သူ့မျက်လုံးများကမူ မိုးကုပ်စက်ဝိုင်းသို့သာ မြဲမြံစွာစူးစိုက်ကြည့်နေခဲ့သည်။
သူထိုနေရာသို့ ရုတ်တရက်လှမ်းကြည့်လိုက်မိသည့် အခိုက်အတန့်မှာပင် မိုးကုပ်စက်ဝိုင်းတွင် နံနက်ခင်းနေသည် ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ကုန်းမြေပေါ်မှ အမှောင်ထုသည်လည်း စုမင်ရှိနေသောတောအုပ်အတွင်းရှိ အမှောင်ထုနှင့်အတူ ထိတ်လန့်ဖွယ်အမြန်နှုန်းဖြင့် ပျောက်ကွယ်လာခဲ့လေသည်။
ဟယ်ဖုန်း အချိန်အတော်ကြာ မကြုံတွေ့ခဲ့ရသော ကြောက်ရွံ့မှုအတွင်း နစ်မြုပ်သွားသည်။ အတိတ်တုန်းက စုမင်၏လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသောအချိန်တုန်းကသာ သူထိုကြောက်ရွံ့မှုမျိုးကို ကြုံဖူးခဲ့ခြင်းဖြစ်ပြီး သူ မူလကထိုအရာကို မေ့ပျောက်နေခဲ့ခြင်းဖြစ်သော်ငြား ယခုတော့ ရုတ်တရက်ပြန်လည်သတိရသွားချေပြီ။ လွန်ခဲ့သောနှစ်ပေါင်းများစွာက အချိန်အခိုက်အတန့်လေးတစ်ခုတွင်လည်း စုမင်သူ့ကို သတ်လိမ့်မည်မဟုတ်ဟု သူသေချာနေခဲ့သော်ငြား အမှန်တရားကတော့ ဟယ်ဖုန်းသည် သူ၏နောက်ဆုံးသော စကားဝါကျလေးနှင့်သာ စည်းရုံးသိမ်းသွင်းခြင်း မပြုနိုင်ခဲ့ပါက ဟယ်ဖုန်းသေသွားသည်မှာ ကြာလောက်ပေပြီ။
'သူငါ့ကို တစ်ကယ်သတ်ချင်နေတာပဲ'
အမှောင်ထုပျောက်ကွယ်လာပြီး ကုန်းမြေပေါ်သို့ နေရောင်ခြည်ဖြာကျလာစဉ် ဟယ်ဖုန်း၏ခန္ဓာကိုယ်သည် အလျင်အမြန်စတင်ပျောက်ကွယ်လာသဖြင့် သူစူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။ ထိုသို့ ပျက်စီးပျောက်ကွယ်နေစဉ် အတိတ်အချိန်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော နာကျင်မှုကို သူခံစားနေရပြီး သူ့ကိုယ်တွင်း၌ သေခြင်းတရား၏ ခံစားချက်ကလည်း အလျင်အမြန်မြင့်တက်လာခဲ့သည်။
“သခင်... ငါမှားသွားပါတယ်။ ငါ အမှားကြီးမှားသွားပါတယ်။ ငါတစ်ကယ်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ပဲ ခွင့်လွှတ်ပေးပါ သခင်။ အား...” ဤတစ်ကြိမ် အော်ဟစ်သံက အတုအယောင်မဟုတ်ချေ။ ဟယ်ဖုန်းသည် အမှန်တစ်ကယ်ကိုပင် သနားညှာတာခွင့်ရရန် တောင်းပန်နေခြင်းဖြစ်သည်။
သို့သော် သူ့အသနားခံမှုက စုမင်မျက်လုံးများ ပွင့်လာစေရန် မစွမ်းဆောင်နိုင်ခဲ့ပါချေ။
ဟယ်ဖုန်း စိတ်ဓာတ်ကျ အားလျော့နေခဲ့ချေပြီ။ သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားတော့မည်ဖြစ်ပြီး သူ့စိတ်ဝိညာဉ်သည်လည်း မည်သည့်အရာမှမရှိတော့သည်ထိ ပြန့်ကျဲသွားတော့မည်ဖြစ်ကြောင်း သူသေချာပြောနိုင်၏။ ထိုအချိန်ကျလျှင် ဟယ်ဖုန်းဆိုသော သူသည် တည်ရှိနေတော့မည်မဟုတ်ပေ။ သူ့ထံတွင် နက်ရှိုင်းသောအကြောက်တရားများနှင့် နောင်တတရားများဖြင့်သာ ပြည့်နေတော့သည်။
သူဆက်လက်၍ အော်ဟစ်နေရင်း သူ့ခန္ဓာကိုယ်တစ်ဝက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူ့ဦးခေါင်းလည်း ပျောက်ကွယ်သွားတော့အချိန်မှာပင် အတိတ်အချိန်က သူသေခြင်းတရားထံမှ မည်သို့လွတ်မြောက်ခဲ့ကြောင်း ရုတ်တရက်သတိရသွားခဲ့သည်။
“သခင် ငါလွတ်လပ်မှုကို မလိုချင်တော့ပါဘူး။ ငါ့ဘဝတစ်ခုလုံးနဲ့ မင်းနောက်ကိုလိုက်ပြီး အလုပ်အကျွေးပြုချင်ပါတယ်။ ငါမှားသွားပါတယ်။ အဲဒါကို ငါ့အတွက်အပြစ်ဒဏ်အဖြစ် ငါလုပ်ပါ့မယ်”
“မင်းလွတ်လပ်မှုကို မလိုချင်ဘူးလား” စုမင်မျက်လုံးများက ပွင့်လာခဲ့သည်။ “ငါမင်းကို လွတ်လပ်ခွင့်ပြန်ပေးမယ်။ ဒါပေမယ့် အဲဒါက နှစ်ပေါင်း ၅၀၀အတွင်းတော့ ရမှာမဟုတ်ဘူး။ ငါအခု တစ်ဆထပ်တိုးလိုက်မယ်။ နှစ်ပေါင်း ၁၀၀၀ ကြာပြီးရင် မင်းလွတ်မြောက်နိုင်ပြီ” စုမင် အေးအေးဆေးဆေး ကြောညာပေးလိုက်သည်။
စကားဆုံးသည်နှင့်တစ်ပြိုင်နက် စုမင်နှင့်ပက်သက်၍ တစ်စုံတစ်ရာ ထူးဆန်းနေပုံပေါ်သည်ကို... ဟယ်ဖုန်း ရုတ်တရက် သတိပြုမိလိုက်လေသည်...
***