ဝူတု
Vol. 24 Ch. 331
ထိုပြတ်ပြတ်သားသားပြောဆိုလိုက်သော စကားများအတွင်း ဟယ်ဖုန်းအား ထိတိလန့်တုန်လှုပ်သွားစေသည့် အေးစက်စက်အသံနေအသံထားတစ်မျိုး ပါဝင်နေခဲ့သည်။
စုမင် ညာလက်ကိုမြှောက်၍ ဟယ်ဖုန်းကို ညွှန်ပြလိုက်ရာ ဟိုဟိုသည်သည်သွားလာနေကြသော လ၏အတောင်ပံများက စူးရှစွာအော်မြည်သံများပြုလျက်
ဟယ်ဖုန်းထံ ပြန်လည်တိုးဝင်လာကြသည်။ ၎င်းတို့သည် ဟယ်ဖုန်းလုံးဝပျောက်ကွယ် မသွားစေရန် သူ့အား အလွှာပေါင်းများစွာအဖြစ် ဝန်းရံလိုက်ကြပြီးသည်နှင့် ကောင်းကင်တွင်လည်း နံနက်ခင်းနေရောင်ခြည်က အပြည့်အဝ မြင့်တက်ထွက်ပေါ်လာခဲ့ချေပြီ။
သူ့ကိုယ်ထဲသို့ လ၏အတောင်ပံများနောက်တစ်ကြိမ်ပြန်လည် ပေါင်းစည်းလာခြင်းသည် ဟယ်ဖုန်းအား သူသည် သေခြင်းတရားထံမှ ယခုလေးတင်လွတ်မြောက်လာသည်ဟူသော ခံစားမှုတစ်မျိုး ပေးစွမ်းနေသည်။ ယခုအချိန်တွင်တော့ သူ့နှလုံးသားအတွင်း ပုန်ကန်လိုသည့်အတွေးများအားလုံးကို အကြောက်တရားများကသာ အစားထိုးသွားခဲ့ချေပြီ။ သူတွေးထင်ထားခဲ့သောအရာနှင့် စုမင်အမှန်တစ်ကယ်ပြုလုပ်ခဲ့သော လုပ်ရပ်က လုံးဝကွဲပြားခြားနားနေခဲ့သဖြင့် စုမင်အတွေးများကို သူနားလည်နိုင်တော့မည် မဟုတ်ပေ။
ယနေ့လိုပင်၊ စုမင် သူ့အား သေချာပေါက်အမှန်တစ်ကယ် သတ်လိမ့်မည်မဟုတ်ဟု သူမူလက တွေးထင်ထားခဲ့သည်။ သူအမှန်တစ်ကယ် မသေဆုံးခဲ့သော ယခုအချိန်တွင်တော့ အကယ်၍ သူသာ စကားပြောနည်းနည်းနှေးသွားခဲ့လျှင် သူ့အား သေခြင်းတရားကသာ စောင့်ကြိုနေလိမ့်မည်ဖြစ်ကြောင်း ဟယ်ဖုန်းသိသွားခဲ့ချေပြီ။
ဟယ်ဖုန်းတွင် မယုံနိုင်လောက်အောင်ပင် အရိုင်းဆန်သော သဘောသဘာဝရှိပြီး သူတစ်ပါး၏ ကျွန်တစ်ယောက်အဖြစ် သူ့ကိုယ်သူ လက်ခံနိုင်စွမ်းမရှိပါချေ။ ယခုအချိန်တွင် ကြောက်ရွံ့မှုများက သူ့နှလုံးသားအတွင်း နေရာကြီးစွာယူထားသော်လည်း ထိုကြောက်ရွံ့မှုများ တစ်ဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားပြီးသည်နှင့် သူသည် စုမင်အား နောက်ကျောဓားနှင့်ထိုးရန်... နောက်တစ်ကြိမ် ထပ်မံကြိုးစားပေလိမ့်မည်။
သို့သော် ယခုအတွက်တော့ သူထိုသို့လုပ်ရဲတော့မည် မဟုတ်သလို၊ နေရောင်ခြည်၏ ကြီးမားသောခြိမ်းခြောက်မှုကို ရှောင်ရှားရန် နည်းလမ်းတစ်ခု ရှာမတွေ့ခင်အချိန်အထိလည်း သူလုပ်ရဲဦးမည်မဟုတ်ချေ။ သူသည် စုမင်အားသတ်ပစ်ရန် နောက်တစ်ကြိမ်ထပ်မံ မကြိုးစားဝံ့တော့ပါချေ။
စုမင် ဤအရာကို အပြည့်အဝနားလည်၏။
သူလည်း ဟယ်ဖုန်းကို အမှန်တစ်ကယ် သတ်ပစ်ချင်ခဲ့ခြင်းမဟုတ်ပေ။ အဆုံးတွင်တော့ ဟယ်ဖုန်း၏စွမ်းအားသည် အလွန်ထူးဆန်းနေပြီး ကောင်းကင်မြူခိုးလူရိုင်း အမဲလိုက်ပွဲအတွင်း မယုံနိုင်လောက်အောင်ပင် အသုံးဝင်ကြောင်း သက်သေပြနိုင်လိမ့်မည်။ ဤလူ၏ သစ္စာဖောက်နိုင်ချေအတွက်ကတော့... ဟုတ်သည်၊ စုမင်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် ကိုယ်ပိုင်အစီအစဉ်များရှိပေသည်။
လ၏အတောင်ပံများနှင့် ပြန်လည်ပေါင်းစည်းသွားခဲ့ပြီဖြစ်သော ဟယ်ဖုန်းသည် အရိပ်တစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားလေပြီ။ သူသည် နှလုံးသားအတွင်း ကြောက်ရွံ့စိတ်များနှင့်အတူ စုမင်အားဦးညွှတ်လိုက်ပြီး စုမင်အရိပ်ထဲကို ပြန်ဝင်သွားလိုက်ချေသည်။
မြေပြင်ပေါ်တွင်တော့ သွေးသံရဲရဲဦးခေါင်းနှစ်လုံးနှင့် ပုပ်ပွခြောက်ကပ်နေသော အလောင်းတစ်ခုရှိနေသည်။
မီးတောက်မျောက်ဝံသည် စုမင်နိုးလာသည်ကိုမြင်သောအခါ စုမင်ဘေးတွင် သန်းဝေလိုက်ပြီး သန်မာထွားကြိုင်းသော ရှာမန်ယောကျ်ား၏ ဦးခေါင်းအား သာမန်လိုပင်ကောက်ကိုင်၍ ထိုအရာအား စတင်ဆော့ကစားနေချေသည်။ အကယ်၍ မည်သူမဆို ဤမြင်ကွင်းကိုမြင်လိုက်မည်ဆိုလျှင် သူတို့အတွက် ထိတ်လန့်ကြောက်ရွံ့မသွားပဲနေနိုင်ရန် ခက်ခဲပေလိမ့်မည်။
နံနက်ခင်းနေမြင့်တက်လာပြီး ကုန်းမြေပေါ်သို့ အလင်းရောင်ဖြာကျလာစဉ် စုမင်၏ရွှင်းမှ ဂီတသင်္ကေတများသည်လည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ စုမင် ကြည်လင်နေသော အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် တစ်ညတာလုံး တင်ပလ္လင်ခွေထိုင်နေခဲ့ရာမှ ထရပ်လိုက်တော့သည်။
မတ်တပ်ထရပ်လိုက်သောအခါ စုမင်ခန္ဓာကိုယ်ထဲမှ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာခဲ့ပြီး ထိုအသံများသည် အရိုးအဆစ်များထံမှ ဖြစ်သည်။ လေထဲတွင် ထိုအသံများ ပဲ့တင်ထပ်သွားစဉ် စုမင်မျက်နှာပေါ်တွင်လည်း သူ့တောင်တန်းအမှတ်အသား ထွက်ပေါ်လာခဲ့သည်။ သူ့အဝတ်အစားများအောက်ရှိ နက်မှောင်တောင်မျိုးနွယ်စုကြီးလည်း ထွက်ပေါ်လာခဲ့သည်။ သူ့အရေပြားပေါ်တွင် ဆီးနှင်းများကျဆင်းလာပြီး သူ့ညာမျက်လုံးထဲမှလည်း အနီရောင်များထွက်ပေါ်လို့လာသည်။
ဆီးနှင်းများ ဖုံးလွှမ်းနေသော သွေးလွှမ်းလနှင့် နက်မှောင်တောင်ရုပ်ပုံကြီးသည် လုံးဝထွက်ပေါ်လာခဲ့ချေပြီ။ ထိုရုပ်ပုံပေါ်တွင် အလင်းတစ်ဖြာတောက်ပလာပြီး လေထဲတွင် ရွှင်းတစ်ချောင်းထံမှ သီချင်းသံအား ခပ်တိုးတိုးကြားနိုင်ချေသည်။ ၎င်းသီချင်းသံသည် စုမင်၏မာန်အမှတ်အသားထဲတွင် တည်ရှိနေသကဲ့သို့ပင် ဖြစ်သည်။ ထိုမာန်အမှတ်အသားကို လုံးဝဖော်ထုတ်လိုက်သောအခါ ၎င်းသီချင်းသံသည်လည်း လေထဲတွင် သဘာဝအတိုင်းထွက်ပေါ်လာခဲ့သည်။
စုမင်၏ဆံပင်များသည် လေမတိုက်ပါပဲနှင့် စတင်လွင့်မျောလာခဲ့သည်။ သူ့ခေါင်းကိုမော့လိုက်ပြီးနောက် သူ့ခြေထောက်သည်လည်း မြေပြင်အထက် သုံးပေအကွာသို့ရောက်သည်အထိ ဖြည်းညင်းစွာ ကြွတက်သွားသည်။
စုမင်ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သော ကျင့်ကြံမှုအရှိန်အဝါတစ်ခု ရုတ်ခြည်းပေါက်ကွဲထွက်ပေါ်လာသည်။
လေလံပွဲမတိုင်မီ သူ့နှလုံးသား၏ ပထမဆုံးအပြောင်းအလဲ ပြီးနောက်တွင် သူ့ကျင့်ကြံဆင့်က ရုပ်နယ်လွန်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ကြီးမြတ်သောပြည့်စုံဆင့်သို့ရောက်ရန် ခြေတစ်လှမ်းခန့်သာ ကွာဝေးခဲ့သည်။ ထိုခြေတစ်လှမ်းကိုအောင်မြင်နိုင်ရန် ရွှင်း၏အသံ လိုအပ်ကြောင်းကိုလည်း စုမင် ထိုအချိန်တည်းက နားလည်ထားခဲ့ပြီးဖြစ်သည်။ သူ့မှတ်ဉာဏ်များအတွင်းမှ သံစဉ်ကို ထုတ်ဖော်တီးမှုတ်ရန်လိုပြီး ထိုသို့လုပ်နိုင်ခဲ့လျှင် သူ၏နက်မှောင်တောင် မာန်အမှတ်အသားက သူ့မှတ်ဉာဏ်များနှင့် အပြည့်အဝပေါင်းစည်းသွားပေလိမ့်မည်။
သူ့မာန်အမှတ်အသား အင်အားကြီးမားလာသောအခါ ၎င်းသည် စုမင်၏ကျင့်ကြံဆင့်အား ရုပ်နယ်လွန်ကြီးမြတ်သောပြည့်စုံဆင့်၏ နှောင်းပိုင်းသို့ အတားအဆီးမရှိ ရောက်ရှိသွားစေသည်။
လေလံပွဲပြီးနောက် စုမင်သည် ဤနေရာသို့လာ၍ ပြန်လည်ပြုပြင်ထားသော ရွှင်းကိုလာယူခဲ့ပြီး အရာအားလုံးကို မေ့သွားသည်အထိ သုံးရက်လမ်းလျောက်ခဲ့သည်။ ထို့နောက် သွေးလွှမ်းသတ်ဖြတ်မှုများဖြင့် ပြည့်နေသော စတုတ္ထမြောက်ည၏ တိတ်ဆိတ်ငြိမ်သက်သော ညအချိန်ရောက်မှသာ ထိုရွှင်းဖြင့် သီချင်းတစ်ပုဒ်ကို အမှန်တစ်ကယ် ထုတ်ဖော်တီးမှုတ်နိုင်ခဲ့ပြီး ရွှင်းအား စိတ်ဝိညာဉ်တစ်ခု ပြန်လည်ပေးအပ်နိုင်ခဲ့လေသည်။
ဤစိတ်ဝိညာဉ်သည် စုမင်၏မှတ်ဉာဏ်များ စုဆောင်းထားရာမှ ဖွဲ့စည်းဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤစိတ်ဝိညာဉ်သည်ကား... စုမင် မာန်အမှတ်အသား၏ စိတ်ဝိညာဉ်ပင်ဖြစ်သည်။
စုမင်ကိုယ်ထဲမှ စွမ်းအားအရှိန်အဝါသည် ဆက်လက်တိုးတက်သန်မာလာပြီး တစ်ခဏအကြာတွင် စက်ဝိုင်းပုံ ပေထောင်ပေါင်းများစွာဧရိယာမြေပြင်က တုန်ခါမြည်ဟည်းသွားသည်။ သစ်ပင်များသည်လည်း လေပြင်းမုန်တိုင်း တိုက်ခိုက်ခံလိုက်ရသကဲ့သို့ တရှဲရှဲမြည်ဟည်းသွားသည်။
စုမင်ခန္ဓာကိုယ်က မြေပြင်အထက် ပေဒါဇင်ပေါင်းများစွာအကွာတွင် လွင့်မျောနေသည်။ သူ့မျက်လုံးများအတွင်း တောက်ပသောအလင်းတစ်ဖြာ ထွက်ပေါ်နေပြီး သူ့ကိုယ်တွင်းမြင့်တက်လာနေသော မယုံနိုင်ဖွယ်စွမ်းအားများကို သူ့လက်များဖြင့် ချူပ်ကိုင်နိုင်ထားသည်ဟု ခံစားနေရသည်။
ရုပ်နယ်လွန်နယ်ပယ်၏ နှောင်းပိုင်းအဆင့်နှင့် ကြီးမြတ်သောပြည့်စုံဆင့်တို့အကြား အဆင့်တစ်ခုသာ ရှိပုံပေါ်သော်လည်း အမှန်စင်စစ်တွင်တော့ ကြီးမြတ်သောပြည့်စုံဆင့်သည် ရုပ်နယ်လွန်နယ်ပယ်၏ အထွတ်အထိပ်ဖြစ်သည်။ ၎င်းက ရုပ်နယ်လွန်နယ်ပယ်အတွင်း အစွမ်းအထက်ဆုံးအဆင့်တစ်ခု ဖြစ်သည်။
ဤအဆင့်သို့ ရောက်ရှိခဲ့သူများအားလုံးသည် သူတို့ကိုယ်သူတို့ ရုပ်နယ်လွန်နယ်ပယ်၏ ကြီးမြတ်သောပြည့်စုံဆင့်ကို အောင်မြင်ခဲ့သော မာန်စွမ်းအားရှင်များဟု ခေါ်ဆိုနိုင်သည်။ ထိုအဆင့်နှင့် ရိုးရေစတေးနယ်ပယ်အကြား စက္ကူပါးတစ်ချပ်စာသာ ကွာဝေးတော့သဖြင့် ၎င်းကို ရိုးရေစတေး အနိမ့်ဆင့်ဟုလည်း ခေါ်ဆိုကြလေသည်။
အကယ်၍ သူတို့သည် အဆင့်ချိုးဖျက်တက်ရောက်နိုင်မည် ဆိုလျှင်တော့ လက်တစ်ချောင်းဖြင့် တွန်းလိုက်ရုံနှင့် ထိုစက္ကူကို စုတ်ဖြဲသွားနိုင်မည်ဖြစ်သော်လည်း အကယ်၍ အဆင့်ချိုးဖျက်တက်ရောက်နိုင်ခြင်း မရှိလျှင်တော့၊ အချိန်ကုန်လွန်သွားလျှင်တောင် သူတို့သည် ထိုစက္ကူလွှာထံမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
စုမင်သည် လေထဲမှ တစ်ဖြည်းဖြည်းဆင်းသက်လာပြီး မြေပြင်ပေါ် ခြေချလိုက်မိသည်နှင့်တစ်ပြိုင်နက် သူ့ဆံပင်များက ပုခုံးပေါ် ကျဆင်းလာခဲ့သည်။ စုမင်မျက်လုံးများက ပိတ်နေပြီး တစ်ခဏအကြာ ၎င်းတို့ပွင့်လာသောအခါ ထိုမျက်လုံးများအတွင်း ငြိမ်ချမ်းမှုများကိုသာ တွေ့မြင်နိုင်လေသည်။
'ပစ္စမမြောက် နံနက်ခင်း။ အချိန်ကနှစ်ရက်ပဲလိုတော့တယ်... ဒီနေရာကနေ ကောင်းကင်မြူခိုးအတားအဆီးဆီ ငါ အမီပြန်နိုင်တော့မှာမဟုတ်ဘူး
ယခုလေးတွင် စုမင်မျက်လုံးများပိတ်သွားသောအခါ သူသည် သူ့စွမ်းအား နိမ့်မြင့်တက်ကျကို တည်ငြိမ်အောင်ပြုလုပ်နေခဲ့ရုံသာမကပဲ သူ့အသက်ဓာတ်အမှတ်အသား၏ တည်နေရာကို အာရုံခံနေခဲ့ခြင်းလည်းဖြစ်သည်။
၎င်း၏ တည်နေရာကို သူအာရုံခံစားမိပြီး ထိုအရာမှတစ်ဆင့် သူနှင့် အမှတ်အသားတို့အကြား ခန့်မှန်းခြေ အကွာအဝေးကို ကောက်ချက်ချလိုက်သည်။
'အဲလိုဆိုရင်...'
စုမင်မျက်လုံးများသည် ဖျတ်ခနဲတောက်ပသွားပြီး ရှာမန်အမျိုးသမီး၏ ဦးခေါင်းကို ကောက်ယူ၍ မီးတောက်မျောက်ဝံလေးထံ ပစ်ပေးလိုက်သည်။ မီးတောက်မျောက်ဝံက ထိုအရာကိုခုန်ဖမ်းလိုက်ပြီးသည်နှင့် ၎င်းမျက်နှာက အပြုံးတစ်ခုဖြင့် တောက်ပသွားခဲ့သည်။ ၎င်းသည် ခေါင်းနှစ်လုံးအား ဆံပင်ရှည်များမှ ကိုင်၍ သူ့ခါးတွင်ချည်နှောင်လိုက်သည်။ ထို့နောက် သူက အမှန်တစ်ကယ်သန်မာသည်ဆိုသော အမူအယာမျိုးဖြင့် စုမင်ဘက်သို့လှည့်၍ သူ့ရင်ဘတ်ကိုပုတ်ပြလာသည်။
မျက်နှာပေါ်တွင် လင်းနို့ပုံဆေးမင်ကြောင်နှင့်လူ၏ ခြောက်ကပ်နေသောအလောင်းထံ စုမင်လျှောက်သွားလိုက်သည်။ ထို့နောက် အလောင်း၏ ခြောက်ကပ်နေသော လည်ပင်းကို သူ့ညာလက်ဖြင့်ခုတ်ဖြတ်လိုက်ရာ မြည်ဟည်းအက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ စုမင် ထိုခေါင်းကိုမကောက်ယူနိုင်ခင်မှာပင် မီးတောက်မျောက်ဝံလေးကက သူ့ကိုယ်သူထိန်းချူပ်နိုင်စွမ်းမရှိပဲ ပြေးလာခဲ့ချေပြီ။ ၎င်းက ထိုဦးခေါင်းကို ဆတ်ခနဲဆွဲယူလိုက်သဖြင့် အလောင်းအား ခေါင်းနှင့်ကိုယ် တကွဲတပြားဖြစ်သွားစေသည်။ ဦးခေါင်းနှင့်ခန္ဓာကိုယ်အကြား ပြတ်ရာထံမှ သွေးတစ်စက်တောင်စီးကျမလာခဲ့ပေ။
မီးတောက်မျောက်ဝံသည် ပိုမိုစိတ်ကျေနပ်သွားပြီး ခေါင်းသုံးလုံးကို သူ့ခါးတွင် အတူတကွချည်နှောင်လိုက်သည်။ ၎င်းသည် သူ့ခန္ဓာကိုယ်အား စုမင်ဘေးတွင် အကြိမ်ကြိမ်လှုပ်ခါပြလိုက်ပြီး ပိုမိုစိတ်လှုပ်ရှားလာခဲ့၏။
စုမင်သည် ခေါင်းပြန်မမော့ပဲ ခေါင်းမရှိတော့သောအလောင်းကိုသာ ဆက်ငေးကြည့်နေခဲ့သည်။ ထို့နောက် အလောင်းပေါ်ရှိနေရာအချို့ကို ပုတ်ကြည့်လိုက်ပြီးသည်နှင့် မြက်ဖြင့်ရက်လုပ်ထားသော အိတ်တစ်လုံးကို စုမင်တွေ့လိုက်ရသည်။
ဤအိတ်သည် အမှန်တစ်ကယ်ပင် ဟောင်းနွမ်းနေပုံ ပေါ်သော်ငြား စုမင် ၎င်းကိုလက်ထဲတွင်ကိုင်လိုက်မိသောအခါ ဤအိတ်၏ အသုံးဝင်မှုသည် သိုလှောင်အိတ်နှင့်အတူတူ ဖြစ်ကြောင်း သိလိုက်ရ၏။ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထိုအိတ်ပေါ်၌ အမှတ်အသားတစ်ခုကို အခက်အခဲမရှိ ချန်ထားလိုက်နိုင်ချေသည်။
“ဟမ်”
အိတ်ထဲမှပစ္စည်းများကို စုမင်သူ့လက်ဝါးပေါ် သွန်ချလိုက်ရာ လက်သည်းခွံအရွယ်အစားရှိ ကျောက်တုံးလေးတစ်တုံး ထွက်ကျလာခဲ့သည်။ ထိုကျောက်တုံးသည် နေရောင်အောက်တွင် အရောင်ငါးမျိုးတောက်ပနေပြီး အတွင်းပိုင်းတွင် မီးခိုးငွေ့အစုအဝေးများကိုလည်း တွေ့မြင်နိုင်သဖြင့် ၎င်းပုံစံက အတော်အတန်လှပနေသည်။
ကောက်ရိုးအိတ်ထဲတွင် ထိုကဲ့သို့ကျောက်တုံးမျိုး တစ်ရာခန့်ရှိနေသည်။
ထိုကျောက်တုံးများအပြင် စုမင်ယခင်က တစ်ခါမှမမြင်ဖူးသော ဆေးဖက်ဝင်အပင်အချို့လည်းရှိသည်။ အိတ်ထဲတွင် ထိုဆေးဖက်ဝင်အပင်များစွာရှိနေချေ၏။
စုမင် ကောက်ရိုးအိတ်ကို ရင်ဘတ်ထဲသို့သိမ်းဆည်းလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ တစ်ချက်လှုပ်ရှားလိုက်ရာ ထိုနေရာမှပျောက်ကွယ်သွားပြီး ထိုနေရာနှင့်သိပ်မဝေးသော တောအုပ်အတွင်းရှိ နေရာတစ်ခု၌ရှိသည့် သန်မာထွားကြိုင်းသောလူ၏ ခေါင်းမရှိသောအလောင်းရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
ထိုအလောင်းပေါ်တွင် ရှာဖွေပြီးသည်နှင့် စုမင် မျက်မှောင်ကြုတ်သွားခဲ့ရသည်။ သူမတ်တပ်ထရပ်လိုက်ပြီး နောက်တစ်ကြိမ်ပျောက်ကွယ်သွားပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ထိုယောကျ်ားနှင့် ဆန့်ကျင်ဘက်တွင်ရှိသော ယင်းဟွမ်အလောင်းဘေးတွင် ပြန်ပေါ်လာခဲ့ချေသည်။ သူမခန္ဓာကိုယ်အား ရှာဖွေလိုက်သော်ငြား ထိုနေရာတွင်လည်း မည်သည့်ကောက်ရိုးအိတ်မှ ရှာမတွေ့ခဲ့ပေ။
စုမင်မျက်လုံးများအတွင်း သတိပြုမိနိုင်ရန်ခဲယဉ်းသည့် စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူမတ်တပ်ထရပ်လိုက်ပြီးသည်နှင့် တောအုပ်အတွင်းမှာပင် အဝေးသို့ လျှောက်သွားလိုက်ပြီး မီးတောက်မျောက်ဝံလေးက သူ့နောက်မှလိုက်ပါလာခဲ့သည်။ မီးတောက်မျောက်ဝံလေးသည် ဧရာမတိုက်ပွဲပုဆိန်ကြီးကို လမ်းကြောင်းတစ်နေရာရာမှ ရှာတွေ့လာခဲ့ပြီး ၎င်းကို သူ့ပုခုံးများပေါ်တွင် တင်ထားချေသည်။ ထိုတိုက်ပွဲပုဆိန်သည် အလွန်လေးလံသော်လည်း မီးတောက်မျောက်ဝံ၏ သဘာဝအလျောက် ဘုရားပေးခွန်အားကြောင့် ၎င်းအတွက် ထိုတိုက်ပွဲပုဆိန်အား လေးသည်ဟု မခံစားရချေ။
စုမင် ၎င်းကိုကြည့်လိုက်မိရာ သူ့မျက်နှာထက်တွင် အပြုံးဖွဖွဖြစ်ပေါ်လာခဲ့သည်။
“ရှောင်ဟုန်” စုမင် အသာအယာခေါ်လိုက်သည်။
မီးတောက်မျောက်ဝံလေးသည် ခေါင်းမော့၍ မျက်ဆံလှန်ပြလိုက်ပြီး စုမင်အား လျစ်လျူရှုသွားလေသည်။
စုမင် ပြုံးလိုက်မိပြီး တစ်ချက်လှုပ်ရှားလိုက်ရင်း မြင့်မားသောအမြန်နှုန်းဖြင့် အရှေ့သို့ဦးတည်လိုက်တော့သည်။ မီးတောက်မျောက်ဝံလေးသည် သူ့နောက်မှ အလျင်အမြန်လိုက်ပါလာပြီး ၎င်း၏မျက်နှာပေါ်တွင်တော့ ယှဉ်ပြိုင်လိုသည့်အမူအယာတစ်ခု ရှိနေခဲ့သည်။ ၎င်းသည် သူတို့နောက်ဆုံးအကြိမ် အပြေးပြိုင်စဉ်က စုမင်အား ရှုံးနိမ့်ခဲ့ရခြင်းကို မကျေနပ်သည်မှာ ရှင်းလင်းထင်ရှားနေသည်။
လူတစ်ဦးနှင့် မျောက်တစ်ကောင်တို့သည် အရှေ့သို့ တဟုန်ထိုးပြေးလွှားခဲ့ကြပြီး နှစ်နာရီကြာပြီးနောက်တွင် သူတို့သည် တောအုပ်အတွင်းမှ ထွက်ခွာလာကြပြီး ကျယ်ပြန့်သော မြင်ခင်းလွင်ပြင်ကြီးတစ်ခုပေါ်တွင် ပေါ်လာကြသည်။ မြက်ပင်များသည် လေထဲတွင် တရှဲရှဲမြည်ဟည်းနေကြသည်။ အရိုင်းပန်းအချို့ကို တွေ့မြင်နိုင်ပြီး သူတို့၏ ခပ်ပျော့ပျော့မွှေးရနံ့က လေထဲတွင် ပျံ့နှံ့နေသဖြင့် မည်သည့်လူသားမှ တန်ဖိုးထားခံစားနိုင်ခြင်းမရှိသော အလှတရားတစ်မျိုးဖြင့်ပြည့်နေသည့် လူမနေထိုင်သောနေရာတစ်ခု ဖြစ်နေစေသည်။
“မင်းအတွက် ဒီနေရာဆိုရင်ရောဘယ်လိုလဲ”
စုမင် ထိုမြက်ခင်းပြင်ပေါ်တွင် ရပ်တန့်၍ အေးအေးဆေးဆေးမေးလိုက်ရာ သူ့အသံက ဧရိယာအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ မီးတောက်မျောက်ဝံလေးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် စုမင်က သူနှင့်စကားပြောနေခြင်းဖြစ်မည်ဟု တွေးလိုက်ပြီး ၎င်း၏မျက်ဆံများကိုသာ နောက်တစ်ကြိမ်လှန်ပြလာခဲ့သည်။
“ဆရာ၊ မင်း ငါ့နောက်ကတစ်လမ်းလုံး လိုက်စောင့်ကြည့်လာတာ ဒီနေရာအထိပဲ။ ဒါပေမယ့် ဆက်ပြီး တိတ်တိတ်နေဖို့ ရွေးချယ်တုန်းပဲဆိုတော့ မင်းတိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးလို့များလား”
စုမင်သည် သူယခင်ကျောခိုင်းထားသော အရပ်မျက်နှာသို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများက စူးရှတောက်ပနေသည်။
မီးတောက်မျောက်ဝံလေးသည် ခဏတာအံ့အားသင့်မင်သက်သွားပြီးနောက် ထိုအရာမျက်နှာသို့ ချက်ချင်းလှမ်းကြည့်လိုက်သည်။
မြက်ခင်းပြင်ပေါ်ရှိ မြက်ပင်များသည် လေထဲတွင် ယိမ်းထိုးလှုပ်ရှားနေရင်း ပိန်ပါးပါးပုံရိပ်တစ်ခု ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။ ထိုသူသည် စုမင်ထံလျှောက်လာခဲ့ပြီး ပေရာပေါင်းများစွာအဝေးသို့ရောက်သည်နှင့် ရပ်တန့်သွားခဲ့သည်။
ထိုလူသည် အနက်ရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် အသက် ၃၀ခန့်ရှိပုံပေါ်သော ပိန်းပါးပါး၊ အရပ်ရှည်ရှည်လူတစ်ဦးဖြစ်သည်။ ထိုလူ့အကြည့်က ထွင်းဖောက်သိမြင်နိုင်ပုံပေါ်ပြီး သူ့ဆံပင်က များစွာသော ကျစ်ဆံမြီးသေးသေးလေးများအဖြစ် စည်း၍ အနောက်ဘက်တွင် ဖြန့်ချထားလေသည်။
သူသည် စုမင်အား လေးနက်တည်ကြည်စွာ စိုက်ကြည့်နေခဲ့သည်။
စုမင်သည်လည်း အလားတူပင် ပြန်စိုက်ကြည့်နေခြင်းဖြစ်ရာ သူတို့နှစ်ဦး၏အကြည့်များက တွေ့ဆုံသွားခဲ့သည်။
“ငါက အနောက်ပိုင်းပင်လယ်ကလန်ရဲ့ ဝူတုပါ”
အချိန်အတော်ကြာပြီးနောက်တွင် ထိုလူသည် ညာလက်ကိုမြှောက်လိုက်ရာ သူ့လက်ထဲတွင် အပြာရင့်ရောင်တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့သည်။ သူက ထိုအရာကိုစုမင်ထံ ပစ်ပေးလိုက်သည်။
တံဆိပ်ပြားသည် အပြာရင့်ရောင် မျဉ်းကြောင်းတစ်ခုအဖြစ်ပြောင်း၍ စုမင်ထံတိုးဝင်လာခဲ့သော်လည်း စုမင်သည် နောက်သို့သာခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ပြီး တံဆိပ်ပြားကို မြေပေါ်ပြုတ်ကျသွားစေလိုက်သည်။ သူထိုအရာကို မထိခဲ့ပေ။
စုမင် ဤသို့လုပ်လိုက်သည်ကိုမြင်သောအခါ ထိုလူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသော်လည်း ၎င်းအား သတိပြုမိနိုင်ရန် ခဲယဉ်းပေသည်။
“ငါက နက်မှောင်တောင်မျိုးနွယ်စုရဲ့ မော့စု” စုမင် တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ “မင်း ဘယ်ကလန်ကဆိုတာ ငါနဲ့မဆိုင်ဘူး။ ဒါပေမယ့် မင်းက ငါ့တိုက်ပွဲဆုလာဒ်ကို ယူသွားတယ်။ မင်းငါ့ကို အဲအတွက် ရှင်းပြရမယ်”
စုမင် ထိုလူကိုစိုက်ကြည့်လိုက်သည်။ သူအာရုံခံမိသည်အရဆိုလျှင် ဤလူသည်လည်း ရိုးရေစတေးနယ်ပယ် မရောက်သေးပေ... သူတို့နှစ်ဦးလုံးသည် ရုပ်နယ်လွန်ကြီးမြတ်သော ပြည့်စုံဆင့်သို့ ရောက်ရှိထားကြသူများဖြစ်သည်။
သို့သော် ဤလူသည် စုမင်အား ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ဝံပုလွေတစ်ကောင်ရှေ့တွင် ရပ်နေရသည်ဟု ခံစားနေရစေသည်။ ထိုသတ်ဖြတ်ခြင်းအရှိန်အဝါသည် ရိုးရေစတေးနယ်ပယ်ရှိလူများနှင့် အစွမ်းတူညီသည့် အစောပိုင်းက ရှာမန်သုံးဦးထံတွင်ရှိသော သတ်ဖြတ်ခြင်းအရှိန်အဝါထက်ပင် ပိုမိုသာလွန်နေခဲ့သည်။
စုမင်စကားများကို ကြားသောအခါ ထိုလူက တိတ်ဆိတ်သွားပြီး စကားပြန်ပြောမလာတော့ပေ။ စုမင်ခံစားမိသည်နှင့်အလားတူပင် သူ့ရှေ့တွင်ရပ်နေသော ဤမော့စုဆိုသည့်လူသည် ရုပ်နယ်လွန်ကြီးမြတ်သော ပြည့်စုံဆင့်တွင်ဖြစ်ပြီး အတိအကျဆိုလျှင် ထိုအဆင့်သို့ မကြာသေးခင်ကမှ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သူလည်းပြောနိုင်၏။ အထူးသဖြင့် ဤမော့စုသည် သူနောက်မှ လျှို့ဝှက်စွာလိုက်ပါလာသည်ကို သတိထားမိခဲ့သဖြင့် မော့စုနှင့်ပက်သက်၍ မလွယ်ကူဟု သူခံစားနေရဆဲဖြစ်သည်။ ဤအရာတစ်ခုတည်းကပင် ဝူတုအား အလျင်စလိုပြုမူရန် ဆန္ဒမရှိဖြစ်စေသည်။
ထို့အပြင် ဤမော့စုသည်သာ ရှာမန်သုံးဦးကို သတ်ဖြတ်ခဲ့သည်ဆိုလျှင် သူ့ကျင့်ကြံဆင့်တစ်ခုတည်းဖြင့် ဆုံးဖြတ်ခြင်းမပြုနိုင်ကြောင်း သူနားလည်၏။ နက်မှောင်တောင်မျိုးနွယ်စုအကြောင်းကို သူတစ်ခါမှမကြားဖူးသဖြင့် ထိုမော့စုသည် တစ်ခြားနေရာမှ ဤနေရာသို့ ရောက်လာခဲ့သူဖြစ်ကြောင်း ဆိုလိုနေသည်။
“မင်းငါ့နောက်ကို လိုက်နေတာ ဒါအတွက် ဖြစ်လိမ့်မယ်ထင်တယ်” စုမင် ဖြည်းညင်းစွာပြော၍ ညာလက်ကိုမြှောက်ပြလိုက်သည်။ စုမင်လက်ဖဝါးပေါ်၌ အရောင်ငါးမျိုးဖြင့် တောက်ပနေသော လက်သည်းခွံအရွယ်အစားရှိ ကျောက်မျက်တစ်ခု ပေါ်လာခဲ့ချေသည်။
***