← Chapters

အခန်း (၃၁၂-၃၁၃)

Vol. 30 Ch. 312-313

အခန်း (၃၁၂-၃၁၃)

Vol. 30 Ch. 312-313

အခန်း (၃၁‌၂) မျှော်လင့်ချက် ကင်းမဲ့ခြင်း

"ဒီနှစ်ခုစလုံးကို မကြိုက်ဘူးလား..." ချန်ဖေးက ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

"ခြင်းတောင်းထဲမှာ အများကြီး ရှိနေတာကို ဘာလို့ ဒီနှစ်ခုပဲ ရောင်းနေတာလဲ... ငါ တခြားဟာတွေ လိုချင်တယ်..." အဘွားအိုက ချန်ဖေးကို ကျောချမ်းဖွယ် အကြည့်ဖြင့် ကြည့်ကာ သူမ၏ စကားများထဲတွင် အေးစက်မှုများ ပြည့်နှက်နေ၏။

"တခြား ဟာဝယ်မှာလား..." ချန်ဖေးက အဘွားအိုကို လှည့်ကြည့်လိုက်သည်။

"ဝယ်မယ်..." အဘွားအိုက တောင့်တင်းစွာ ခေါင်းညိတ်လိုက်၏။

"ဒါဆို ငါ ရှာကြည့်လိုက်ဦးမယ်..."

ချန်ဖေးက ခြင်းတောင်းထဲတွင် စတင် မွှေနှောက် ရှာဖွေလိုက်သည်။ သစ်သီးအချို့က အရေးကြီးကြောင်း သူ မသိစိတ်မှ ခံစားမိသဖြင့် ဘေးဖယ်ထားလိုက်၏။

ခဏအကြာတွင် သူ၏ လက်ထဲ၌ ကန်စွန်းဥဖြူလေး တစ်လုံး ပေါ်လာသည်။

ကန်စွန်းဥဖြူ အတွင်း၌ ချန်ဖေးက မီးဖိုရှေ့တွင် ရပ်၍ အစားအသောက်များကို ကြိုးစားပမ်းစား ကြော်လှော်နေသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ ချန်ဖေးက ဘာလဲဆိုတာကို သဲသဲကွဲကွဲ မြင်ရအောင် ကြိုးစားကြည့်လိုက်သည်။

ဝက်သည်းကြော်နဲ့ တူတယ်မလား...

ဘာလို့ ကြော်တဲ့ အချိန်တိုင်း ဝက်သည်း အတုံးသေးသေးလေး တစ်တုံးပဲ သုံးရတာလဲ...

ပြီးတော့ ကန်စွန်းဥဖြူက သစ်သီးလို့ သတ်မှတ်လို့ ရသလား...

ချန်ဖေး အနည်းငယ် နားမလည်နိုင်ဖြစ်သွားသော်လည်း ကန်စွန်းဥဖြူကို အဘွားအိုထံ ကမ်းပေးလိုက်ဆဲ ဖြစ်သည်။ အဘွားအိုက ကန်စွန်းဥဖြူကို ကြည့်၍ တိုက်ရိုက် ယူလိုက်၏။

ကန်စွန်းဥဖြူတွင် အခွံပါသော်လည်း အဘွားအိုက အခွံမခွာပေ။ သူမက အခွံရော အသားပါ တစ်လုံးလုံး မျိုချလိုက်သည်။

ချန်ဖေးက အဘွားအို ကန်စွန်းဥဖြူ စားပြီးသွားသည်ကို ကြည့်နေရင်း သူ၏ စိတ်ထဲမှ တစ်စုံတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက အစောက ကန်စွန်းဥဖြူထဲရှိ ပုံရိပ်ကို ပြန်လည် အမှတ်ရလိုက်ရာ မရေမတွက်နိုင်အောင် ဝက်သည်းကြော်ခဲ့သည့် အတွေ့အကြုံပင် ဖြစ်သည်။

ချန်ဖေး တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ညာဘက်လက်တွင် ယောက်မ တစ်ချောင်း ကိုင်ထားပြီး ရှေ့တွင် သံဒယ်အိုး တစ်လုံး ရှိနေသည်ဟု စိတ်ကူးကာ လေထဲတွင် နှစ်ခါသုံးခါ မွှေကြည့်လိုက်၏။

ချန်ဖေးက ဝက်သည်းကို ဘယ်လို ကြော်ရမလဲ ဆိုတာ မေ့သွားသော်လည်း အခြား အစားအစာတွေကို ဘယ်လို ကြော်ရမလဲ ဆိုတာကိုတော့ သိနေသေးသည်။

အမှန်တကယ်တော့ ဟင်းခတ်အမွှေးအကြိုင်တွေကို လျစ်လျူရှုလိုက်မည် ဆိုပါက ကြော်ခြင်း ဆိုသည်မှာ လှန်လှော မွှေနှောက်ရုံသာ ဖြစ်ပြီး ဆားထည့်သည့် အဆင့်ကိုပင် ကျော်ဖြတ်နိုင်ပေသည်။

ကြည့်ရှုနေသူများက လေထဲတွင် အရာဝတ္ထုများကို မွှေနှောက်နေသော ချန်ဖေးကို ထူးဆန်းစွာ စိုက်ကြည့်နေကြ၏။

ထို့နောက် တစ်ယောက်ယောက်က အစောက ရောင်းချခဲ့သော ကန်စွန်းဥဖြူများက ချန်ဖေး၏ ရက်လုပ်ထားသော ခြင်းတောင်းထဲတွင် ပြန်လည် ပေါ်လာကြောင်း သတိပြုမိသွားသည်။

ဘုရားရေ...

ဒါက ဘယ်လို မှော်ပညာမျိုးလဲ... ဒီလူက လူရော ဟုတ်သေးရဲ့လား... သိုင်းပညာရှင် တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် ထူးဆန်းနေရတာလဲ... အကြိမ်ပေါင်းများစွာ ရောင်းခဲ့တဲ့ သစ်သီးက ပြန်ပေါ်လာနေတယ်…

အဘွားအိုက ချန်ဖေးကို ကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး လုံးဝ မိန်းမောသွား၏။

အစောက ဆီးသီးများ၏ လုံးဝ အရသာမရှိမှုနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ် ကန်စွန်းဥဖြူတွင် အတွေ့အကြုံရင့်ကျက်စွာ ဝက်သည်းကြော်သည့် လုပ်ငန်းစဉ်ကြောင့် ထူးခြားမှု တစ်ခု ရှိနေသည်။

အဘွားအို တစ်ခဏမျှ လုံးဝ အံ့အားသင့်သွား၏။ ဗိုက်ထဲ ဘာမှမရှိဘဲ စားရတာထက် ပိုပြီး တုန်လှုပ်စရာ ကောင်းနေသည်။

ဒါတွေ အားလုံးက သိုင်းပညာ အတွေ့အကြုံတွေ ဖြစ်သင့်ပြီး ချန်ဖေး၏ အသက်စွမ်းအင်ကို စုပ်ယူဖို့ ဒါတွေကို စားသုံးရမှာ မဟုတ်ဘူးလား... ဒီရက်ပိုင်း ငါတို့ ဘာတွေ စားနေရတာလဲ... ငါတို့ အသက်စွမ်းအင် ဘာမှ မရခဲ့ဘဲ တန်ဖိုးရှိတဲ့ ငွေတွေကိုပဲ ဖြုန်းတီးပစ်လိုက်ရတယ်…

"ကန်စွန်းဥဖြူတွေ... လတ်လတ်ဆတ်ဆတ် ကန်စွန်းဥဖြူတွေ... တစ်လုံးလောက် ယူမလား..."

ချန်ဖေး မျက်လုံးဖွင့်လိုက်ရာ ရက်လုပ်ထားသော ခြင်းတောင်းထဲရှိ ကန်စွန်းဥဖြူများကို သတိပြုမိလိုက်၏။ သူ၏ မျက်လုံးများ တောက်ပသွားသည်။ သူ အဘွားအိုကို တစ်ချက်ကြည့်လိုက်ရာ သူမက နောက်ထပ် ကန်စွန်းဥဖြူများ ဝယ်တော့မည် မဟုတ်ပေ။

ချန်ဖေးက ကန်စွန်းဥဖြူကို အဘိုးအိုထံ ကမ်းပေးလိုက်သော်လည်း အဘိုးအိုက မလှုပ်ရှားပေ။ ချန်ဖေးက အခြားသူများကို ကြည့်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် မည်သူမျှ ချန်ဖေး၏ ကန်စွန်းဥဖြူကို မဝယ်ချင်ကြတော့ချေ။

"မင်းတို့ ဝယ်မှာလား... မဝယ်ဘူးလား... မဝယ်ရင် ဘာလုပ်ဖို့ ဒီမှာ ဒီလို ရပ်နေကြတာလဲ..."

ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ရင်း ဤသို့ ယုံကြည်ချက်ရှိမှုက ခြင်းတောင်းထဲရှိ သစ်သီးများကြောင့်လား၊ သူပိုင်ဆိုင်ထားသော ကြေးပြား အနည်းငယ်ကြောင့်လား ဟု ချန်ဖေး တွေးလိုက်မိ၏။ ချန်ဖေးက ပတ်ဝန်းကျင်ရှိ လူများကို တိုက်ရိုက်ပင် အော်ငေါက်လိုက်သည်။

ချန်ဖေး၏ ပတ်ဝန်းကျင်ရှိ လူများက သူ့ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသော်လည်း သူ၏ အော်ငေါက်မှုများကို တုံ့ပြန်ရန် အခြား ဘာမှမလုပ်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ချန်ဖေး ပြောသည်မှာ အမှန်ဖြစ်ပြီး ဘာမှ မဝယ်ဘဲ သူ့ကို ဝိုင်းရံထားခြင်းက စည်းမျဉ်းများနှင့် ဆန့်ကျင်နေသောကြောင့်ပင်။

"မင်းတို့ မဝယ်ရင် ငါ သွားတော့မယ်..."

ချန်ဖေး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ထမ်းပိုးကို ပခုံးပေါ် တင်ကြည့်လိုက်ရာ မည်သူမျှ သူ့ကို မတားဆီးသည်ကို မြင်သောအခါ သူက ထမ်းပိုးကို ထမ်း၍ ရှေ့သို့ ထွက်လာခဲ့၏။

ထိုနေရာက လူများနှင့် စည်ကားနေသော်လည်း လူအနည်းငယ်က မတ်တတ်ရပ်၍ ချန်ဖေး၏ ကျောပြင်ကို ရေခဲတမျှ အေးစက်သော မျက်လုံးများ၊ လူသတ်ချင်စိတ်များဖြင့် စိုက်ကြည့်နေကြသော်လည်း သူတို့မှာ ကူကယ်ရာမဲ့နေကြသည်။

...

ခြံဝန်း အတွင်း၌ ချီရှူချင်းက မီးဖိုချောင်ကို ရှာမတွေ့ပေ။ မေးစရာ အခြား အစေခံများကိုလည်း သူမ ရှာမတွေ့ခဲ့ချေ။ ထိုအခိုက်အတန့်တွင် အစေခံ အားလုံးက ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြပြီး ကျယ်ဝန်းလှသော ခြံဝန်းကြီးထဲတွင် သူမနှင့် သခင်မလေးသာ ကျန်ရစ်နေသကဲ့သို့ ဖြစ်နေ၏။

ချီရှူချင်းက မီးဖိုချောင် ဘယ်မှာလဲ ဆိုတာ သခင်မလေးကို မေးချင်ခဲ့သော်လည်း နောက်ဆုံး စက္ကန့်တွင် သူမကိုယ်သူမ တားဆီးလိုက်သည်။ မေးမြန်းခြင်းက များစွာ ပို၍ ဆိုးရွားသော အရာတစ်ခုခုကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ အန္တရာယ်ကိုသိသော ခံစားချက် တစ်ခုက သူမကို တားဆီးလိုက်၏။

နောက်ဆုံးတွင် ချီရှူချင်းက မီးဖိုချောင်ကို ရှာမတွေ့ခဲ့ဘဲ သခင်မလေးက ကြာပွတ် တစ်ချောင်းကို ယူ၍ ချီရှူချင်းကို ရိုက်နှက်လေသည်။

မျှော်လင့်ထားသော ပြင်းထန်သည့် နာကျင်မှုက ဖြစ်ပေါ်မလာသော်လည်း ရိုက်ချက် တစ်ချက်စီတိုင်းတွင် ချီရှူချင်း၏ မျက်နှာက ဖြူရော်လာပြီး သူမ၏ တစ်ကိုယ်လုံးက အလွန်တရာ အားနည်းလာ၏။ ချီရှူချင်းက သူမ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရကြောင်း သဘောပေါက်သွားသည်။

ဤအရာက သူမအတွက် အလွန် တန်ဖိုးရှိသော်လည်း ချီရှူချင်းက သူမ ဘာဆုံးရှုံးသွားသလဲ ဆိုတာကိုတော့ မသိချေ။

"မင်းကို သင်ခန်းစာပေးဖို့ ငါ ဒါကို ပြောနေတာ... ဒါက မင်း ကောင်းဖို့အတွက်ပဲ..."

သခင်မလေးက ကုလားထိုင်ပေါ်တွင် ထိုင်၍ ချီရှူချင်းကို ပြုံးပြနေ၏။ ဤအပြုံးက အစောကနှင့် လုံးဝ အတူတူပင် ဖြစ်သည်။ သူမ၏ မျက်လုံးများထဲတွင် အစစ်အမှန် ပျော်ရွှင်မှု မရှိဘဲ မျက်နှာ ကြွက်သားများ၏ လှုပ်ရှားမှုသာ ရှိသည်။

"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... သခင်မလေး..."

ချီရှူချင်းက အတိတ်နိမိတ်မကောင်းသော ခံစားချက် တစ်ခုကို ရုတ်တရက် ရရှိလိုက်သော်လည်း ဘာတွေ မှားယွင်းနေသလဲ ဆိုတာကို သူမ စဉ်းစား၍ မရနိုင်ချေ။

"စားဖိုမှူးကို ငါပေးတဲ့ အမှာစာတွေ အားလုံး ပေးပြီးပြီလား..." သခင်မလေးက မေးလိုက်သည်။

ချီရှူချင်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူမ၏ သခင်မလေးကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေ၏။

ဘာလို့ ဒီမေးခွန်းပဲ ဖြစ်နေသေးတာလဲ... ကျွန်မကိာ အဲဒါကို မေးပြီး ပြစ်ဒဏ်ပေးပြီးပြီ မဟုတ်ဘူးလား... ဘာလို့ ထပ်မေးနေရတာလဲ…

"စားဖိုမှူးကို အမှာစာတွေ အားလုံး ပေးပြီးပြီလား..." သခင်မလေးက ထပ်မေးလိုက်သော်လည်း သူမ၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး ချီရှူချင်းကို ဗလာကျင်းနေသော အမူအရာဖြင့် ကြည့်နေ၏။

"ကျွန်မ..."

ချီရှူချင်းမှာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။

အကယ်၍ သူမ စားဖိုမှူးကို မရှာတွေ့ပါက ထပ်ပြီး အရိုက်ခံရဦးမှာလား... ချီရှူချင်းက ထပ်ပြီး အရိုက်မခံချင်တော့ပေ။ သူမ၏ ခန္ဓာကိုယ်က မနာကျင်သော်လည်း သူမ အများကြီး ဆုံးရှုံးသွားကြောင်းကို ချီရှူချင်း ခံစားသိရှိနိုင်၏။

"မီးဖိုချောင်ကို အမှာစာတွေ အားလုံး ပေးပြီးပြီလား..." အဖြေ မရရှိမီမှာပင် သခင်မလေး၏ အသံက ရေခဲတမျှ အေးစက်သွားသည်။

"ကျွန်မ သွားမေးလိုက်ပါ့မယ်..."

ချီရှူချင်းက အိမ်ထဲမှ အမြန် ပြေးထွက်သွား၏။ သူမ မီးဖိုချောင်ကို ရှာချင်သည်။ အကယ်၍ သူမ မရှာတွေ့ပါက သူမ ထိုနေရာတွင် သေဆုံးရလိမ့်မည်ဟု ချီရှူချင်း ခံစားရ၏။

ချီရှူချင်းက ခြံဝန်း အတော်များများကို ဖြတ်၍ ပြေးသွားသော်လည်း သူမ၏ နေရာအနှံ့အပြားကို လျင်မြန်စွာ မျက်ခြည်ပြတ်သွားသည်။ ခြံဝန်းတိုင်းက အတိအကျ တူညီနေပြီး ပရိဘောဂများ သို့မဟုတ် ပတ်ဝန်းကျင်ရှိ ပန်းများနှင့် အပင်များတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိချေ။ အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ချီရှူချင်းက သူမ ဘယ်ရောက်နေသလဲ ဆိုတာကိုပင် မသိတော့ပေ။

အေးစိမ့်သော ခံစားချက် တစ်ခုက ပတ်ဝန်းကျင်သို့ တစ်ဖန် ပြန့်နှံ့သွားပြီး ချီရှူချင်းက အလိုအလျောက် တုန်ယင်သွား၏။ အန္တရာယ် ရှိနေသည်။ သူမ၏ စိတ်က သူမကို အဆက်မပြတ် သတိပေးနေကြောင်း ချီရှူချင်း ခံစားရနိုင်သော်လည်း သူမ၏ လမ်းကို ဘယ်လိုရှာရမလဲ ဆိုတာကို သူမ မသိချေ။

“မင်း ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ... ဘာလို့ မလှုပ်သေးတာလဲ…”

အေးစက်စက် အသံတစ်ခုက ချီရှူချင်း၏ အနောက်မှ ရုတ်တရက် ထွက်ပေါ်လာရာ သူမကို လန့်ဖြတ်သွားစေလုနီးပါးပင်။ သူမ နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ သခင်မလေးက ထိုနေရာတွင် တိတ်ဆိတ်စွာ၊ မတုန်မလှုပ် ရပ်နေ၏။

သခင်မလေး၏ မျက်လုံးများသာ ချီရှူချင်း အပေါ်တွင် စူးစိုက်နေပြီး သူမ၏ နှုတ်ခမ်းများတွင် ဖြော့တော့သော အပြုံးတစ်ခု ရှိနေသည်။

“မင်း ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ... ဘာလို့ မလှုပ်သေးတာလဲ…”

...

ဆေးခန်းမ အတွင်း၌ ရန်ကျုံးယန်က ပတ်ဝန်းကျင်ရှိ ပို၍ ထူးဆန်းလာသော လေထုကို ခံစားမိပြီး ရွာသူမလေး၏ သွေးခုန်နှုန်းပေါ်သို့ သူ၏ လက်ကို မသိစိတ်မှ တင်လိုက်၏။

အေးစက်သော ခံစားချက် တစ်ခုက သူ၏ လက်ချောင်းထိပ်များမှနေ၍ ရန်ကျုံးယန်၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပြန့်နှံ့သွားရာ သူ့ကို အလိုအလျောက် တုန်ယင်သွားစေသည်။

တစ်ချိန်တည်းမှာပင် စိတ်ကူးယဉ်မှု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ၏ လက်ချောင်းထိပ်များမှ တစ်စုံတစ်ခုက အဆက်မပြတ် ပျောက်ကွယ်သွားနေသကဲ့သို့ ရန်ကျုံးယန် ခံစားရပြီး အရှိန်က အဆက်မပြတ် မြင့်တက်လာနေ၏။

"မင်း အဆင်ပြေပါတယ်... အိမ်ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါ..."

ရန်ကျုံးယန် မသိစိတ်မှ သူ၏ လက်ကို ပြန်ရုပ်လိုက်ရာ စုပ်ယူခံရသည့် ခံစားချက်က ချက်ချင်း ပြတ်တောက်သွားပြီး ရန်ကျုံးယန်က လေတစ်ချက်ကို အလိုအလျောက် မှုတ်ထုတ်လိုက်မိ၏။

ထိုသို့ အဆက်မပြတ် ပျောက်ကွယ်သွားပြီး ဆုံးရှုံးနေရသည့် ခံစားချက်က အလွန် ဆိုးရွားလှသည်။ ရန်ကျုံးယန်က သူ ဝါးမြိုခံရတော့မည့်အလား ခံစားလိုက်ရ၏။

"ကျွန်မ ဗိုက်က ဒီလို အခြေအနေ ဖြစ်နေတာကို... ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ..."

ရွာသူမလေးက ထူးဆန်းသော အပြုံးတစ်ခု ပြုံး၍ သူမ၏ ဗိုက်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ရာ ဗုံတစ်လုံးကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ ရန်ကျုံးယန်က မိန်းကလေး၏ လှုပ်ရှားမှုကို လိုက်ကြည့်လိုက်ရာ သူမ၏ ဗိုက်က အမှန်တကယ်ပင် အလွန် ဖောင်းကားနေပြီး သူမက ကိုယ်ဝန်ဆောင်နေသကဲ့သို့ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"ကျွန်မ ဗိုက် အရမ်းနာနေတယ်... သမားတော်ကြီး... ကျေးဇူးပြုပြီး ကြည့်ပေးပါဦး..." ရွာသူမလေးက ရန်ကျုံးယန်ကို ကြည့်၍ တိုက်တွန်းလိုက်သည်။

ရန်ကျုံးယန်က မလှုပ်ရှားသော်လည်း သူ လှုပ်ရှားမှု ရပ်တန့်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ကျောချမ်းဖွယ် အရှိန်အဝါက စတင် သိပ်သည်းလာ၏။

အကယ်၍ ကိစ္စများက ဤအတိုင်း ဆက်သွားမည် ဆိုပါက ဆိုးရွားသော အရာတစ်ခုခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး ထိုအရာက ပြင်းထန်သော အရာတစ်ခုခု ဖြစ်မည်ဟု သူ ခံစားလိုက်ရသည်။

သို့သော်လည်း ရန်ကျုံးယန်တွင် မည်သည့် ဆေးပညာ ကျွမ်းကျင်မှုမျှ လုံးဝ မရှိဘဲ သွေးစမ်းပြီးနောက်တွင် သူ ဝါးမြိုခံရတော့မည့်အလား ခံစားလိုက်ရသဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေ၏။

"သမားတော်ကြီး... ကျွန်မကို မြန်မြန် ကြည့်ပေးပါဦး..."

"သမားတော်ကြီး... ကျွန်မကို မြန်မြန် ကြည့်ပေးပါဦး..."

"သမားတော်ကြီး... ကျွန်မကို မြန်မြန် ကြည့်ပေးပါဦး..."

တိုက်တွန်းမှုက ပို၍ အရေးတကြီး ဖြစ်လာပြီး အသံက ပို၍ အေးစက်လာရာ ရန်ကျုံးယန်၏ နဖူးပေါ်တွင် ချွေးအေးများ အလိုအလျောက် ထွက်လာစေသည်။

...

ချန်ဖေးက လမ်းတစ်လျှောက် လျှောက်သွားရင်း သူ၏ ကုန်ပစ္စည်းများကို အော်ဟစ် ရောင်းချနေ၏။ လမ်းက ရှည်လျားပြီး လူများက မကြာခဏ ဝိုင်းအုံလာကာ ချန်ဖေး၏ ရက်လုပ်ထားသော ခြင်းတောင်းများထဲရှိ သစ်သီးများကို ကြည့်ရှုလေ့ရှိကြသည်။

ထိုအချိန်မျိုးတွင် ချန်ဖေးက ဆီးသီးများ၊ ပန်းသီးငယ်များနှင့် ကန်စွန်းဥဖြူ တစ်ပိုင်းကို စိတ်အားထက်သန်စွာ ကမ်းပေးလေ့ရှိ၏။ ချန်ဖေး ကမ်းပေးသော သစ်သီးများကို ဝယ်ချင်သူများက အသင့် လက်ခံ၍ ဝယ်ယူကြသည်။

ထို့နောက် ချန်ဖေး၏ အရှေ့မှာတင် အရာသုံးခုစလုံးကို စားလိုက်ကြ၏။ ထို့အပြင် တစ်ကြိမ်လျှင် တစ်ကိုက် မဟုတ်ဘဲ သုံးခုစလုံးကို ပါးစပ်ထဲ တစ်လုံးလုံး ထိုးသွင်းလိုက်ကြသည်။

ချန်ဖေး၏ ခြင်းတောင်းထဲရှိ သစ်သီး အားလုံးကို တစ်ကိုက်တည်းနှင့် ဝါးမြိုပစ်ချင်နေပုံရ၏။

ဤသစ်သီး သုံးမျိုးကို စားပြီးနောက် ချန်ဖေး၏ လုပ်ရပ်ကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်သည်။ လေထဲတွင် ဟင်းချက်စွမ်းရည်များကို ပြသပြီးနောက် ချန်ဖေးက ဆီးသီးများ၊ ပန်းသီးငယ်များနှင့် ကန်စွန်းဥဖြူများကို ထပ်မံ ကမ်းပေးလိုက်သောအခါ ဝယ်သူများ တိတ်ဆိတ်သွားကြ၏။

ချန်ဖေး၏ သစ်သီးများ အားလုံးကို ဝယ်ချင်နေသည့် ယခင် လေထုက ပျောက်ကွယ်သွားပြီး လှည့်စားခံရသည့်အတွက် တွေဝေမှုနှင့် ဒေါသထွက်နေသည့် အမူအရာဖြင့် အစားထိုး ဝင်ရောက်လာသည်။ ထိုအချိန်မျိုးတွင် ချန်ဖေးက နားလည်မှု ရှိစွာဖြင့် ထမ်းပိုးကို ကောက်ယူ၍ ဆက်လျှောက်သွားလေ့ရှိ၏။

လမ်းပေါ်တွင် လူများစွာ ရှိနေသဖြင့် လူတစ်ယောက်တည်း အပေါ် အချိန်ဖြုန်းနေရန် မလိုအပ်ပေ။

ချန်ဖေး ပိုက်ဆံ ရှာချင်ပြီး သစ်သီးရောင်း၍ ချမ်းသာချင်နေ၏။

ချန်ဖေး၏ ငွေများ တိုးပွားလာသည်နှင့်အမျှ သူ၏ မသက်မသာ ဖြစ်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် မြင်ကွင်းများ စတင် လျှပ်တစ်ပြက် ပေါ်လာသည်။

သို့သော်လည်း မြင်ကွင်းများက အလွန် မြန်ဆန်လွန်းသဖြင့် ချန်ဖေး ဖမ်းမဆုပ်နိုင်မီမှာပင် ပျောက်ကွယ်သွားကြပြီ ဖြစ်၏။

သို့သော် ဤမြင်ကွင်းများက သူ့အတွက် အလွန် အရေးကြီးကြောင်း ချန်ဖေး သိသည်။ ထို့အပြင် သူ ပိုက်ဆံ ပိုများလေလေ၊ မြင်ကွင်းများ ပိုရလေလေ ဖြစ်သဖြင့် ချန်ဖေးက ပိုက်ဆံရှာရန် သစ်သီးများကို တက်တက်ကြွကြွ ရောင်းချချင်နေခြင်းမှာ သဘာဝကျပေသည်။

ထို့အပြင် လမ်းပေါ်ရှိ ဆိုင်အချို့တွင် ရောင်းချနေသော အရာများက ချန်ဖေး၏ ဆန္ဒများကို အမြဲတမ်း လှုံ့ဆော်ပေးနိုင်စွမ်း ရှိ၏။

ထိုအရာများ အားလုံးက ချန်ဖေး လာဝယ်မည့်အချိန်ကို စောင့်ဆိုင်းနေသော အလွန် ကောင်းမွန်သည့် ပစ္စည်းများ ဖြစ်နေသကဲ့သို့ပင်။

ချန်ဖေးက ဆေးခန်းမ တစ်ခုကို ဖြတ်သွားစဉ် အနည်းငယ် ရပ်တန့်သွား၏။ အတွင်း၌ ထိုင်နေသော သမားတော်က မှုန်ဝါးဝါး ရင်းနှီးနေပုံရသည်။

ချန်ဖေး တစ်ခဏမျှ စဉ်းစားပြီးနောက် ဆေးခန်းမ အတွင်းသို့ လျှောက်ဝင်သွားသည်။

"သစ်သီး ယူမလား..." ချန်ဖေး အော်ဟစ်လိုက်၏။

ဆေးခန်းမ အတွင်းရှိ လူတိုင်းက ချန်ဖေးကို အလိုအလျောက် လှည့်ကြည့်လာကြသည်။

အခန်း (၃၁၃) တောင့်တင်းခြင်း

ရန်ကျုံးယန်က ရင်းနှီးနေပုံရသော ချန်ဖေးကို မော့ကြည့်လိုက်၏။ ရန်ကျုံးယန်က ချန်ဖေးကို သိသင့်သည်ဟု ခံစားရသော်လည်း စကားလုံးများက နှုတ်ဖျားသို့ ရောက်လာသောအခါ နာမည် သို့မဟုတ် သူတို့ နှစ်ယောက်ကြားရှိ ဆက်နွှယ်မှုကို သူ မမှတ်မိနိုင်တော့ချေ။

"သစ်သီး ယူမလား... မွှေးပြီး ချိုတယ်နော်..."

ချန်ဖေးက ဆီးသီး လက်တစ်ဆုပ်စာ ကိုင်ထားရင်း အော်ဟစ်လိုက်ပြီး ရွာသူမလေးထံ ကမ်းပေးလိုက်သည်။ ရွာသူမလေးက ချန်ဖေးကို အေးစက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ လက်ထဲမှ ဆီးသီးများကို လုယူ၍ ပါးစပ်ထဲ ထိုးသွင်းလိုက်၏။

"ကောင်းပြီ..."

ရွာသူမလေး၏ လုပ်ရပ်ကို မြင်သောအခါ ရန်ကျုံးယန်က မသိစိတ်မှ တားဆီးချင်သွားသည်။ သူမ ဗိုက်နာနေတာလေ... ဒီလို ဘယ်လိုလုပ် စားနိုင်မှာလဲ... သူမ အခြေအနေက ပိုဆိုးသွားမှာပေါ့…

ရွာသူမလေးက ကြိုးစားပမ်းစား ဝါးနေပြီး ချန်ဖေးက ရက်လုပ်ထားသော ခြင်းတောင်းထဲမှ ပန်းသီးငယ်များနှင့် ကန်စွန်းဥဖြူများကို လျင်မြန်စွာ ထုတ်ယူလိုက်၏။ ချန်ဖေးတွင် သစ်သီးရောင်းသည့် အတွေ့အကြုံ ရှိနေပြီ ဖြစ်သည်။

အရာသုံးခုစလုံးကို တစ်ယောက်ယောက်ဆီ တစ်ပြိုင်နက်တည်း ပေးရမယ်... မဟုတ်ရင် သူတို့ ဘာဖြစ်နေလဲ ဆိုတာ သဘောပေါက်သွားပြီး ထပ်ဝယ်တော့မှာ မဟုတ်ဘူး... နောက်ပြီး တစ်ခါလာဖူးတဲ့ ဖောက်သည်ဆိုတာ လုံးဝ ရှိတော့မှာ မဟုတ်ဘူး…

ချန်ဖေး လက်ရှိ လုပ်ဆောင်ရမည့် အရာမှာ လူတစ်ယောက်ကို ရှာမည်၊ မြန်မြန် ရောင်းမည်၊ ထို့နောက် နောက်တစ်ယောက်ကို ဆက်ရှာမည်။

ရွာသူမလေးက ဆီးသီးများကို ဝါးနေသော်လည်း ဘာအရသာမှ မရှိပေ။ ချန်ဖေး ကမ်းပေးသော ပန်းသီးနှင့် ကန်စွန်းဥတို့ကို မြင်သောအခါ သူမ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ယူ၍ တစ်ကိုက်တည်းနှင့် အားလုံး မျိုချလိုက်၏။

ချန်ဖေး၏ နှုတ်ခမ်းများ ရုတ်တရက် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ သူ အသက်ရှူ၍ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ဝက်သည်းကြော်သည့် အချက်သုံးချက် ပေါင်းစပ် တိုက်ခိုက်မှု တစ်ခုကို ဖော်ဆောင်လိုက်၏။ ဆီးသီးများ၊ ပန်းသီးများနှင့် ကန်စွန်းဥဖြူများက ရက်လုပ်ထားသော ခြင်းတောင်းထဲတွင် ပြန်လည် ပေါ်လာသည်။

ရန်ကျုံးယန်က ရွာသူမလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ဖေး၏ ထူးဆန်းသော ကိုယ်ဟန်အမူအရာကို ကြည့်ကာ တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွား၏။

ရန်ကျုံးယန် တွေဝေသွားရုံသာမက ရွာသူမလေးမှာလည်း ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ သူမ ဘာစားလိုက်တာလဲ... စုပ်ယူဖို့ အသက်စွမ်းအင်တွေ ရှိနေရမှာ မဟုတ်ဘူးလား... သူမ ဘာကို စုပ်ယူလိုက်တာလဲ...

ဝက်သည်းကြော်ရင်း အသက်ရှူပြီး လက်ဝှေ့ယမ်းနေတာလား... ဒါက ဘယ်လို ထူးဆန်းတဲ့ အရာကြီးလဲ…

"ထပ်ယူဦးမလား..."

ချန်ဖေးက ခြင်းတောင်းထဲမှ ပန်းသီး တစ်လုံးကို ထုတ်ယူ၍ ရွာသူမလေးကို စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

ရွာသူမလေးက ချန်ဖေးကို အေးစက်စွာ ကြည့်လိုက်ပြီး သူမ၏ ရင်ခွင်ထဲမှ ကြေးပြား သုံးပြားကို ထုတ်ယူကာ ချန်ဖေးထံ ဝန်လေးစွာဖြင့် ကမ်းပေးလိုက်၏။

ချန်ဖေး အနည်းငယ် နောင်တရစွာဖြင့် သက်ပြင်းချလိုက်ပြီး ရန်ကျုံးယန်ကို လှည့်ကြည့်လိုက်သည်။

ရင်းနှီးနေတဲ့ သူစိမ်းတွေ... ဒီခံစားချက်က အရမ်း ထူးဆန်းလွန်းတယ်။ ချန်ဖေး တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရန်ကျုံးယန်ထံ သစ်သီးရောင်းရန် ကြိုးစားမည့်အစား ဆေးခန်းမ အတွင်းရှိ အခြား လူများကို ကြည့်လိုက်၏။

ဆေးခန်းမ အတွင်း အဝင်အထွက် အဆက်မပြတ် အလုပ်များနေသော အစေခံများက ချန်ဖေး၏ အကြည့်ကို သတိပြုမိသော်လည်း မမြင်ယောင်ဆောင်၍ သူတို့၏ အလုပ်များကို ဆက်လုပ်နေကြသည်။

ယခင်က ဤကဲ့သို့သော သစ်သီးသည်များနှင့် ကြုံတွေ့ရချိန်တွင် မည်သည့် ကြော်ငြာမှုမျှ မလိုအပ်ပေ။ သူတို့က ဝိုင်းအုံလာပြီး သစ်သီးများ အားလုံးကို စားပစ်လိုက်ကြလိမ့်မည်။ သူတို့ ဆက်စားနေပြီး သစ်သီးများ ကုန်သွားသရွေ့ သူတို့ ပိုက်ဆံပေးစရာ မလိုပေ။

သို့သော် အစောက ရွာသူမလေးက သုံးခု စားပြီးနောက် ရပ်သွားပြီး ပိုက်ဆံပင် ပေးသွား၏။ လုံးဝ ပုံမှန် မဟုတ်ပုံရပေ။

ချန်ဖေး အနည်းငယ် နောင်တရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ရန်ကျုံးယန်ကို ပြန်ကြည့်လိုက်ရာ သူတို့ နှစ်ယောက် အပြန်အလှန် စိုက်ကြည့်နေကြ၏။

ရန်ကျုံးယန်က ရွာသူမလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ဖေးကို တောင်းပန်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ရန်ကျုံးယန်က ချန်ဖေးကို အရင်က ဘယ်မှာ မြင်ဖူးသလဲ ဆိုတာကို မမှတ်မိနိုင်သော်လည်း သူ၏ အပေါ်တွင် ရှင်းပြ၍မရသော ယုံကြည်မှု တစ်ခုကို ခံစားနေရ၏။

ထိုအခိုက်အတန့်တွင် ရန်ကျုံးယန်က ရွာသူမလေးကို ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ သူက သူမ၏ သွေးကို စမ်း၍ ဆက်လက် ကုသပေးနေသော်လည်း လွန်စွာ စက်ဆုပ်ရွံရှာမှု တစ်ခုကို ခံစားနေရ၏။ ဘာဖြစ်သွားသလဲ ဆိုတာကို သူ မသိသော်လည်း အကယ်၍ ဤအတိုင်း ဆက်သွားမည် ဆိုပါက သူ ပြင်းထန်သော ဒုက္ခ ရောက်နိုင်ကြောင်း ရန်ကျုံးယန် သိနေသည်။

ချန်ဖေးက ရန်ကျုံးယန်၏ မျက်လုံးထဲရှိ အကြည့်ကို မြင်သောအခါ သူ၏ စိတ်အောက်ခြေတွင် ရန်ကျုံးယန်ကို ကူညီရန် ဆန္ဒရှိနေဆဲ ဖြစ်၏။

"နေမကောင်းတဲ့ နေရာ ရှိလို့လား..." ချန်ဖေးက ရွာသူမလေးကို မေးလိုက်သည်။

"ဗိုက်နာနေလို့..."

ရွာသူမလေးက ချန်ဖေးကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ အမူအရာက ကျောချမ်းဖွယ် ကောင်းနေ၏။ "မင်းက ရောဂါတွေ ဘယ်လို ကုရမလဲ သိလို့လား... သိရင် ငါ့ကို ကုသပေးပါလား... ငါ့ဗိုက် အရမ်းနာနေတယ်... ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး..."

သူမက ကူညီပါ ဟု ပြောနေသော်လည်း ရွာသူမလေး၏ အမူအရာက ရေခဲတမျှ အေးစက်နေပြီး ဦးရေပြားကို ကျင်တက်သွားစေသည်။

"ငါ့မှာ ဆေးပညာ ကျွမ်းကျင်မှု မရှိဘူး..."

ချန်ဖေး ခေါင်းခါလိုက်ပြီး သူ၏ ရက်လုပ်ထားသော ခြင်းတောင်းကို ကြည့်ကာ စတင် မွှေနှောက် ရှာဖွေလိုက်၏။ ချန်ဖေးက သူ ဆေးဖော်စပ်နည်းကို သိပုံရကြောင်း မှုန်ဝါးဝါး မှတ်မိနေသည်။

ငါ ဆေးပညာမှာ သိပ်မကျွမ်းကျင်ပေမဲ့ ဆေးလုံး အတော်များများက ခန္ဓာကိုယ်ကို တိုက်ရိုက် ကုသပေးနိုင်တယ်။ သို့သော်လည်း ဆေးလုံးများက ဈေးကြီးပြီး သာမန် ဖျားနာမှုများ အတွက် မလိုအပ်သောကြောင့် လူအနည်းငယ်ကသာ ဤသို့ ပြုလုပ်ကြ၏။

ရက်လုပ်ထားသော ခြင်းတောင်းများကို ရှာဖွေပြီးနောက် ချန်ဖေး၏ လက်ထဲတွင် သစ်သီး နှစ်လုံးကို တွေ့လိုက်ရသည်။ ဤသစ်သီး နှစ်လုံးက အဆိပ်ဖြေ ဆေးလုံးနှင့် ကုသရေး ဆေးလုံးတို့နှင့် သက်ဆိုင်ကြောင်း သူ ခံစားမိ၏။

အစာအိမ် ကိုက်ခဲ နာကျင်မှုများက ပုံမှန်အားဖြင့် အစာအဆိပ်သင့်ခြင်း သို့မဟုတ် ခန္ဓာကိုယ် အတွင်းပိုင်း ဆေးဘက်ဆိုင်ရာ အခြေအနေ တစ်ခုခုကို ညွှန်ပြနေသည်။

ထိုအခြေအနေမျိုးတွင် အဆိပ်ဖြေ ဆေးလုံးများနှင့် ကုသရေး ဆေးလုံးများက အထောက်အကူ ဖြစ်သင့်ပေသည်။

သို့သော် ယခု ဤအရာက သစ်သီး တစ်လုံးနှင့် တူနေ၏။ ဘယ်လိုလုပ် ဆေးလုံး လိုဖြစ်သွားတာလဲ။

ဤအရာများက အမှန်တကယ်တော့ ဆေးလုံး နှစ်မျိုး ဖြစ်ကြောင်း ရွာသူမလေးကို ဘယ်လို ရှင်းပြရမလဲဟု ချန်ဖေး စဉ်းစားနေစဉ် သူ၏ အင်္ကျီလက်စွပ် အတွင်းရှိ ကြေးပြား နှစ်ပြားက အနည်းငယ် တုန်ခါသွားပြီး ပျောက်ကွယ်သွားကာ ချန်ဖေး၏ လက်ထဲရှိ သစ်သီး နှစ်လုံးကို ဆေးလုံး နှစ်လုံး အဖြစ်သို့ အသွင်ပြောင်းလဲသွားစေ၏။

ချန်ဖေး မျက်တောင်ခတ်လိုက်ပြီးနောက် အင်္ကျီလက်စွပ် အတွင်းရှိ ငွေများကို စမ်းကြည့်လိုက်သည်။ ငွေက အမှန်တကယ်ပင် လျော့နည်းသွား၏။ ငွေများတွင် ဤကဲ့သို့သော အကျိုးသက်ရောက်မှု ရှိနိုင်မည်ဟု ချန်ဖေး မမျှော်လင့်ထားခဲ့ပေ။

"ဗိုက်နာနေတယ် ဆိုရင် ဒီဆေးလုံး နှစ်လုံး သောက်လိုက်… သက်သာသွားလိမ့်မယ်..."

ချန်ဖေးက ရွာသူမလေးကို ကြည့်၍ သူ၏ လက်ဖဝါးထဲရှိ ဆေးလုံးကို ပြသလိုက်၏။ ရွာသူမလေးက ယူရန် ပြင်လိုက်စဉ်မှာပင် ချန်ဖေးက ရုတ်တရက် သူ၏ လက်မောင်းကို ပြန်ရုပ်လိုက်သည်။

ရွာသူမလေးက ချန်ဖေးကို စိုက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက သွေးရောင် လွှမ်းနေပြီး ပတ်ဝန်းကျင် လေထုက အေးစိမ့်ကာ ကျောချမ်းဖွယ် ကောင်းနေပြီး လူတွေကို ထိုနေရာမှာတင် အေးခဲသွားစေတော့မည့်အလား ဖြစ်နေ၏။

"ဆေးကုသဖို့ ပိုက်ဆံ မပေးဘူးလား..." ချန်ဖေးက ပတ်ဝန်းကျင်မှ စကားသံများကို လျစ်လျူရှု၍ တည်ကြည်စွာဖြင့် မေးလိုက်သည်။

ဤဆေးလုံးက ဖန်တီးရန် ကြေးပြား နှစ်ပြား ကုန်ကျခဲ့၏။ ရွာသူမလေးကို အလကား ပေးလို့ မရပေ။ သစ်သီးရောင်းဖို့ အချိန်ကိုပေးဆပ်ရတာ ဆိုတော့ ဆေးကုသမှု အတွက် မပေးဘဲ နေလို့ မရပေ။ "ငါ ပျောက်သွားမှ ပေးမယ်..." ရွာသူမလေးက ဆေးလုံးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် လောဘတကြီး တောက်ပမှု တစ်ခု ရှိနေ၏။

"မင်း ဗိုက်နာနေတာ... ဒါကို သေချာပေါက် ကုသလို့ ရတယ်... မင်း စားပြီးသွားတဲ့အထိ စောင့်ပြီး အလုပ်မဖြစ်ဘူးလို့ ပြောပြီး ထွက်သွားခွင့် ပြုလို့ မရဘူး... အဲဒါ အဆင်မပြေဘူး..."

ချန်ဖေးက ခေါင်းခါလိုက်ပြီး ရွာသူမလေး၏ စကားကို သဘောမတူပေ။

ရွာသူမလေးက ချန်ဖေးကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ကျောချမ်းဖွယ် ပြုံးလိုက်၏။ "ငါ သေချာပေါက် ပေးပါ့မယ်... တကယ်လို့ ကောင်းကောင်း အလုပ်ဖြစ်ရင် ငါ ထပ်ဝယ်မယ်..."

"ကောင်းပြီ..."

ချန်ဖေး ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ဆေးလုံး နှစ်လုံးကို ရွာသူမလေးထံ ကမ်းပေးလိုက်သည်။ မိန်းကလေးက သူမ၏ လက်ထဲရှိ ဆေးလုံးများကို ကြည့်လိုက်ရာ အမှန်တကယ်ပင် ဆေးဖော်စပ်နည်းကို အသုံးပြု၍ ပြုလုပ်ထားခြင်း ဖြစ်၏။ သေချာသည်မှာ ဤအရာများက လေထဲမှ ရုတ်တရက် ပေါ်လာသော အစောက သစ်သီး သုံးလုံးနှင့် မတူပေ။

ချန်ဖေး၏ မျှော်လင့်တကြီး အကြည့်အောက်တွင် ရွာသူမလေးက ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်၍ မဝါးဘဲ မျိုချလိုက်သည်။

တစ်ခဏချင်းမှာပင် ချန်ဖေးက သူ၏ မှတ်ဉာဏ် နှစ်ခုကို ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သူ မထိတ်လန့်သွားပေ။ သူ၏ လက်ထဲတွင် ယောက်မ တစ်ချောင်း ရှိနေသကဲ့သို့ ဟန်ဆောင်ကာ လေထဲတွင် ကန်စွန်းဥနှင့် ကြက်သားကို စတင် ကြော်လှော်လိုက်၏။

ရွာသူမလေး၏ ယခင် အေးစက်သော အမူအရာက ရုတ်တရက် အေးခဲသွားသည်။

သူမတွင် ဆေးလုံး ဖော်စပ်ခြင်းနှင့် ပတ်သက်သည့် မည်သည့် ကျွမ်းကျင်မှုမျှ မရှိဘဲ ဟင်းချက်နည်း နှစ်ခုသာ ရှိ၏။ သူမက တောင့်တင်းနေသော လည်ပင်းကို လှည့်၍ ချန်ဖေးကို ကြည့်လိုက်သည်။ သည်လူက ဘယ်သူကြီးလဲ...

ရှင်းလင်းစွာ ဆေးလုံး တစ်လုံး ဖြစ်နေပါလျက်နဲ့ စားဖိုမှူးတွေနဲ့ ဘယ်လိုလုပ် ပတ်သက်သွားရတာလဲ... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ…

ချန်ဖေးက လေထဲတွင် ကန်စွန်းဥနှင့် ကြက်သား တစ်ပန်းကန် ကြော်လိုက်ရာ ထိုခံစားချက်ကို ပြန်လည် ရရှိသွား၏။ ချန်ဖေးက ရက်လုပ်ထားသော ခြင်းတောင်းကို လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ဆေးလုံး နှစ်လုံးက အတွင်း၌ ပြန်လည် ပေါ်လာသည်။

"မင်း ဗိုက်နာသေးလား... ငါ့မှာ ဆေးလုံး နည်းနည်း ရှိသေးတယ်... နောက်ထပ် နှစ်လုံး ယူမလား..." ချန်ဖေး ပြုံး၍ ခြင်းတောင်းထဲမှ ဆေးလုံးများကို ထုတ်ယူကာ ရွာသူမလေးထံ ကမ်းပေးလိုက်၏။

ဘေးတွင် ရပ်နေသော ရန်ကျုံးယန်က သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်နေသည်။ ချန်ဖေး၏ ဆေးလုံး နှစ်လုံးက ရွာသူမလေး အပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိမည်ကို သူ မသိသော်လည်း သူမ အလွန်အမင်း ဒေါသထွက်နေကြောင်းကို သူ ခံစားသိရှိနိုင်၏။

သူမက အချိန်မရွေး ချန်ဖေး အပေါ် ခုန်အုပ်ပြီး သူမ၏ ဒေါသကို ဖြေဖျောက်ရန် ချန်ဖေးကို အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်နေပုံရသည်။

ရန်ကျုံးယန် တံတွေးမြိုချလိုက်၏။ ဤရွာသူမလေးက ပုံမှန် မဟုတ်ပေ။ ရန်ကျုံးယန် မသိစိတ်မှ အနည်းငယ် ကြောက်လန့်သွားသော်လည်း အကယ်၍ ချန်ဖေးက ရွာသူမလေးကို ဤကဲ့သို့ ဖြစ်သွားစေနိုင်သည် ဆိုပါက ချန်ဖေးကလည်း ပုံမှန် မဟုတ်ပေ။

"အလုပ်မဖြစ်ဘူး... ဆက်ကြည့်ပေးစမ်း..." ရွာသူမလေးက ရန်ကျုံးယန်ကို လှည့်ကြည့်လိုက်သည်။

ချန်ဖေးကို သူမ တကယ် နားမလည်နိုင်သဖြင့် သူမက နားလည်ရ လွယ်ကူသော အရာကိုသာ စွဲကိုင်ထားရန် ဆုံးဖြတ်လိုက်၏။

"အလုပ်မဖြစ်ဘူး... ဆေးပမာဏ မလုံလောက်လို့ ဖြစ်မယ်... နောက်ထပ် နှစ်လုံး ထပ်သောက်ကြည့်ပါလား..." ချန်ဖေးက ဘေးမှနေ၍ အကြံပေးလိုက်သည်။

ရွာသူမလေးက ချန်ဖေးကို အေးစက်စက် တစ်ချက်ကြည့်လိုက်သော်လည်း သူ၏ စကားကို ပြန်မပြောပေ။ ချန်ဖေး ကမ်းပေးသော မည်သည့်အရာကိုမျှ မစားရန် သူမ ဆုံးဖြတ်ထား၏။

"ငါ မင်းရဲ့ သွေးကို စမ်းကြည့်ပြီးပြီ... ဒီဆေး နှစ်မျိုးက မင်း သက်သာလာအောင် သေချာပေါက် ကူညီပေးလိမ့်မယ်..."

ရွာသူမလေးက သူ့ကို ဆက်လက် ရှာဖွေချင်နေကြောင်း ရန်ကျုံးယန် ကြားသောအခါ သူ၏ နဖူးပေါ်တွင် ချွေးများ ထွက်လာပြီး ချန်ဖေး၏ ဆေးလုံးကို အမြန် စတင် ကြော်ငြာတော့၏။

"ကြည့်ပါ... သမားတော်ကြီးကတောင် ဒီဆေးက အလုပ်ဖြစ်တယ်လို့ ပြောနေပြီပဲ..." ချန်ဖေး ပြုံးဖြီးဖြီး လုပ်လိုက်သည်။

ရွာသူမလေးက သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ရန်ကျုံးယန်ကို တစ်ချက်၊ ချန်ဖေးကို တစ်ချက် ကြည့်လိုက်၏။

"မနာတော့ဘူး..."

ရွာသူမလေးက သွားကြိတ်လိုက်ရာ ကြီးမားလှသော အင်အားကြောင့် သွားများကြားမှ ကြိတ်သံ တစ်ခု ထွက်ပေါ်လာပြီး ထိုအသံက သူမ၏ သွားများကို ချေမွတော့မည့်အလား နားကလော်စရာ အနည်းငယ် ကောင်းနေသည်။

"အို... တကယ်လား..." ချန်ဖေးက အနည်းငယ် နောင်တရစွာဖြင့် ဆေးလုံးများကို ပြန်ယူလိုက်၏။

ရွာသူမလေးက ကြေးပြား ငါးပြားကို ကျသင့်ငွေ အဖြစ် ချထားခဲ့ပြီး မတ်တတ်ရပ်ကာ နောက်ကြောင်း ပြန်မကြည့်ဘဲ ထွက်သွားသည်။ ချန်ဖေးက ကြေးပြား ငါးပြားကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကောက်ယူလိုက်၏။

ဆေးလုံး နှစ်လုံးက အမှန်တကယ်တော့ ကြေးပြား ငါးပြားသာ ကျသင့်ခြင်း ဖြစ်သည်။ ဤသည်က အစောက သစ်သီးရောင်းရသည်ထက် များစွာ စွမ်းဆောင်ရည် ပိုကောင်းပေသည်။

ရန်ကျုံးယန်က ထွက်သွားသော ရွာသူမလေး၏ ကျောပြင်ကို ကြည့်နေရင်း မှုန်ဝါးဝါးဖြင့် သူမက ယခင်ကထက် ကိုယ်အလေးချိန် အများကြီး လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။

ရန်ကျုံးယန် အနီးကပ် သေချာ မကြည့်နိုင်မီမှာပင် ရွာသူမလေးက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ချန်ဖေးက ကြေးပြား ငါးပြားကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ပြီး ရန်ကျုံးယန်ကို မော့ကြည့်လိုက်၏။ ဤသမားတော် နေရာက အတော်လေး ကောင်းသည်။ လမ်းဘေးဈေးသည် ဖြစ်ခြင်းထက် အလားအလာ များစွာ ပိုကောင်း၏။

ရန်ကျုံးယန်က ချန်ဖေး၏ အကြည့်ကို ခံစားမိပြီး ကျေးဇူးတင်ရန် အမြန် မတ်တတ်ရပ်လိုက်သည်။ ချန်ဖေးက ပြုံး၍ လက်ဝှေ့ယမ်းပြလိုက်၏။ ယခု ချန်ဖေးက ဆေးခန်းမတွင် နေရာတစ်နေရာ ဘယ်လို ရနိုင်မလဲ ဆိုတာကို ပိုသိချင်နေသည်။

ချန်ဖေးက ဆေးခန်းမ အတွင်းရှိ အခြား လူများကို တစ်ချက်ကြည့်လိုက်သော်လည်း သူတို့က ဖြစ်ပျက်နေသည်များကို သတိမပြုမိကြပုံရ၏။ အစောက ချန်ဖေး ဆေးရောင်းနေသည်ကို သူတို့ မတားဆီးခဲ့ကြပေ။

"ငါ အခု သွားလို့ ရပြီလို့ ထင်တယ်..." ရန်ကျုံးယန် ရုတ်တရက် အော်ပြောလိုက်သည်။

"ဘယ်ကို သွားမှာလဲ..." ချန်ဖေးက ရန်ကျုံးယန်ကို နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်၏။

"ငါ အစောက အဲဒီလူကို မကုသပေးနိုင်ခဲ့ဘူး... ပြီးတော့ ထွက်သွားလို့လည်း မရခဲ့ဘူး... အခု ထိုလူ ထွက်သွားပြီဆိုတော့ ငါလည်း ဒီနေရာကနေ ထွက်သွားလို့ ရပြီ..."

ရန်ကျုံးယန်က ရွာသူမလေးနှင့် ရင်ဆိုင်ရချိန်တွင် သူ အမှန်တကယ် ထွက်သွားချင်ခဲ့သော်လည်း သူ လုံးဝ မလုပ်နိုင်ခဲ့ကြောင်း ရှင်းပြသည်။ အကယ်၍ သူသာ အတင်းအကျပ် ထွက်သွားမည် ဆိုပါက ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ဖြစ်လာလိမ့်မည်ဟု သူ ခံစားခဲ့ရ၏။

သို့သော် ယခု ရွာသူမလေး ထွက်သွားပြီ ဖြစ်ရာ သူ့ကို ထွက်မသွားစေရန် တားဆီးထားသည့် ကန့်သတ်ချက်က ရုပ်သိမ်းသွားပုံရသည်။

ချန်ဖေးက သူ ပထမဆုံး သစ်သီးရောင်းခဲ့သည့် နေရာကို ပြန်လည် အမှတ်ရလိုက်သဖြင့် သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ အခြားသူများ အားလုံး ဝယ်ယူခြင်းကို ရပ်တန့်သွားမှသာ ချန်ဖေးက သူ၏ ထမ်းပိုးနှင့်အတူ ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။

မရေမတွက်နိုင်သော သံသယများက ချန်ဖေး၏ စိတ်ထဲတွင် ရစ်ဝဲနေသော်လည်း သူက မသိစိတ်မှ လျင်မြန်စွာ မေ့ပျောက်သွားခဲ့၏။

"မင်း သမားတော် မလုပ်ဘူးဆိုရင် ငါ့ကို ခဏလောက် လုပ်ခွင့်ပေးပါ..."

ချန်ဖေးက သူ အစောက သုံးစွဲခဲ့သော ကြေးပြား ငါးပြား အကြောင်းကို စဉ်းစားလိုက်သည်။ ရန်ကျုံးယန်က သမားတော် မလုပ်ဘူး ဆိုမှတော့ သူ ကိုယ်တိုင် လုပ်ရပေလိမ့်မည်။

All Chapters