အခန်း (၇၀၉-၇၁၁)
Vol. 48 Ch. 709-711
အခန်း (၇၀၉) ယင်နှင့်ယန် စွမ်းအင်များ။ လေမိုးကြိုး အသွင်ပြောင်းလဲခြင်း။ (၁)
ပူပြင်းသော နေမင်းနှင့် အေးမြသော လမင်းတို့သည် တစ်ခုနှင့်တစ်ခု ရစ်ပတ်နှောင်ဖွဲ့လျက် တိမ်တိုက်များကို ဖောက်ထွက်သွားကြသည်။ ၎င်းတို့သည် အမြင့်သို့ ရောက်လေလေ သေးငယ်သွားလေဖြစ်ပြီး နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းအကျော်၌ ပျောက်ကွယ်သွားတော့သည်။
“ဒါ အနောက်တောင်ကုန်းဘက်ကပဲ... အကြီးအကဲစူး အဲဒီမှာ တစ်ကိုယ်တည်း ကျင့်ကြံနေတာလေ...” ညကင်းလှည့်နေသော တပည့်များသည် ဤအံ့ဩဖွယ်မြင်ကွင်းကို ကြည့်ရင်း ကိုယ့်မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
ဂိုဏ်းချုပ် ဟေးလျန်ယွမ်က အကြီးအကဲစူးကို မနှောင့်ယှက်ရန် အနောက်တောင်ကုန်းသို့ မည်သူမျှ မဝင်ရဟု အမိန့်ထုတ်ထားသဖြင့် ထိုတပည့်များမှာ အနားသို့ မကပ်ရဲကြပေ။ သို့သော် ဤထူးဆန်းသော လှုပ်ရှားမှုမှာ လျှို့ဝှက်ဆန်းကြယ်လှသော အကြီးအကဲစူးကြောင့် ဖြစ်မည်ဟု သူတို့ အခိုင်အမာ ခံစားနေရသည်။
လေမိုးကြိုး မြားအတတ် (ဧကဒသမနယ်ပယ်၊ ဘိုးဘေးတို့၏ ထွန်းလင်းတောက်ပမှုကို တုန်လှုပ်စေခြင်း ၁%)
“အောင်မြင်ပြီ။”
ကောင်းကင်ယံတွင် နေနှင့်လမြားများ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စူးချန်ခုန်းသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ သူ၏ 'လေမိုးကြိုး မြားအတတ်' မှာ နောက်ဆုံးတွင် အဆင့်တက်လှမ်းသွားနိုင်ခဲ့ပြီး နတ်ဘုရားစွမ်းရည်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
လေနှင့် မိုးကြိုးသည် ယင်နှင့် ယန်ကို ကိုယ်စားပြုပြီး နေနှင့် လအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားသည်။ မြားကို ပစ်လွှတ်လိုက်သောအခါ နေနှင့် လကို တစ်ပြိုင်နက် တောက်ပစေပြီး 'နေမင်းမြား' နှင့် 'လမင်းမြား' အဖြစ် ပေါ်ထွက်လာသည်။ နေမင်းမြားမှာ နေမင်းကြီးကဲ့သို့ ပြင်းထန်လှသော ဖျက်ဆီးအားကို ပိုင်ဆိုင်ပြီး လမင်းမြားမှာမူ လရောင်ခြည်ကဲ့သို့ အေးမြကာ မည်သည့်အရာကမျှ ဖောက်ထွင်း၍မရသော ကာကွယ်ရေးစွမ်းအား ရှိသည်။ ဤမြားနှစ်စင်းကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်ပါက တောင်တန်းနှင့် မြစ်ချောင်းများကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအား ရှိလေသည်။
ဤ 'လေမိုးကြိုး မြားအတတ်' မှာ 'ဝူချင်းရှီကျင့်စဉ်' သို့မဟုတ် 'လိပ်အသက်ရှူနည်းကျင့်စဉ်' တို့နှင့် မတူဘဲ အခြားသော နက်နဲမှုများ ရှိသည်။ စူးချန်ခုန်း၏ ဝူချင်းရှီကျင့်စဉ်တွင် ကျား၊ သမင်၊ ဝက်ဝံ၊ မျောက် နှင့် ငှက် တို့မှာ တစ်မျိုးစီ အစွမ်းထက်ကြပြီး အလုံးစုံ မျှတသော်လည်း တိုက်ကွက်တစ်ခုချင်းစီမှာမူ အခြားသော နတ်ဘုရား စွမ်းရည်တစ်ပိုင်းအဆင့်များနှင့် ယှဉ်လျှင် သာမန်မျှသာ ဖြစ်သည်။ လိပ်အသက်ရှူနည်း ကျင့်စဉ်မှာလည်း စစ်မှန်သောချီစွမ်းအင်ကို မွေးမြူရန်၊ ကာကွယ်ရန်နှင့် ဖုံးကွယ်ရန်အတွက်သာ အဓိကဖြစ်ပြီး တိုက်စစ်တွင် အခြားပညာရပ်များကို အားကိုးရသည်။
သို့သော် 'လေမိုးကြိုး မြားအတတ်' မှာမူ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိပေ။ ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ 'သတ်ဖြတ်ခြင်း' သာ ဖြစ်သည်။ ရန်သူကို သတ်ဖြတ်ရန်အတွက်သာ ဖြစ်တည်လာခြင်း ဖြစ်သဖြင့် ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
“လေမိုးကြိုး မြားအတတ်... အဲဒီရဲ့ ဖျက်ဆီးအားက ကြောက်စရာပဲ။ တကယ်လို့သာ ဆန်းကြယ်လိပ် ချီစွမ်းအင်အရည်နဲ့ ပေါင်းစပ်လိုက်ရင် ပိုပြီးတော့တောင် အစွမ်းထက်ဦးမယ်။ သိုင်းဝိဇ္ဇာသူတော်စင်အောက်မှာ... ငါ့ရဲ့မြားချက်ကို ခံနိုင်တဲ့သူ တော်တော့်ကို ရှားလိမ့်မယ်။”
စူးချန်ခုန်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ မူလက အဆင့် ၁၀ မြားအတတ်ကို ချီစွမ်းအင်ဖြင့် သုံးလျှင်ပင် နတ်ဘုရားစွမ်းရည်တုအဆင့်သို့ ရောက်သော်လည်း ယခု အစစ်အမှန် နတ်ဘုရား စွမ်းရည်တစ်ပိုင်းအဆင့်ကို ချီစွမ်းအင်နှင့် ပေါင်းစပ်လိုက်လျှင် ထိုစွမ်းအားမှာ မည်မျှပြင်းထန်မည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။ အနည်းဆုံးတော့ လော့ဟွမ်က နတ်ဘုရားမျိုးစေ့ကို သုံးပြီး ထုတ်ဖော်ခဲ့သော 'နေနှင့်လ အတူတောက်ပခြင်း' ထက် များစွာ ပိုမို အစွမ်းထက်နေပေလိမ့်မည်။
“ပြီးတော့ ဒီယင်ယန်ပြောင်းလဲခြင်း နည်းစနစ်ကို ငါ့ရဲ့ တခြားသိုင်းပညာတွေမှာလည်း အသုံးချလို့ ရနိုင်တယ်” ဟု စူးချန်ခုန်း တွေးလိုက်သည်။
ယင်၊ ယန်နှင့် ဓာတ်ကြီးငါးပါးတို့မှာ အရာခပ်သိမ်း၏ အခြေခံများ ဖြစ်ကြသည်။ ၎င်းတို့ကို နားလည်သွားပါက ရရှိမည့် အကျိုးကျေးဇူးမှာ အတိုင်းအဆ မရှိပေ။ စူးချန်ခုန်းသည် ဤအခြေခံကို သုံး၍ မြားအတတ်ကို အဆင့်မြှင့်ခဲ့သလို သူ၏ အခြားသော သိုင်းပညာရပ်များတွင်ပါ ပေါင်းစပ်ရန် စဉ်းစားနေသည်။
“လူ့ခန္ဓာကိုယ်ထဲမှာ မွေးရာပါ ယင်နဲ့ယန် စွမ်းအင်နှစ်မျိုး ရှိတယ်။ ဒီစွမ်းအင်နှစ်မျိုးကို အသွင်ပြောင်းပြီး သိုင်းပညာထဲ ထည့်သွင်းမယ်”
အသိဉာဏ်တစ်ခု ပွင့်သွားပါက အခြားအရာများကိုလည်း နားလည်ရန် လွယ်ကူသွားသည်။ စူးချန်ခုန်းသည် သူ၏ 'ဓားသွားကျင့်ကြံခြင်းအတတ်'ထဲသို့ ယင်ယန် စွမ်းအင်များကို ထည့်သွင်းရန် ကြိုးစားလိုက်သည်။
“ရွှီး”
စူးချန်ခုန်း၏ ခါးမှ သံဖြတ်ဓားကို ဆွဲထုတ်လိုက်ပြီး အောက်သို့ ခုတ်ချလိုက်သည်။ သူသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို မိမိ၏ ယင်ယန်စွမ်းအင်များဖြင့် လွှမ်းမိုးကာ ဓားသွားပေါ်တွင် ကပ်ငြိစေပြီး ဂုဏ်သတ္တိများကို ပြောင်းလဲလိုက်သည်။
“ဘုန်း”
ရိုးရှင်းသော ဓားခုတ်ချက်တစ်ခု ဖြစ်သော်လည်း ရုတ်တရက် မိုးကြိုးသံကြီး ထွက်ပေါ်လာပြီး ဓားသွားမှ လျှပ်စီးအလင်းတန်းများ ပေါက်ကွဲထွက်လာကာ လျှပ်စီးလက်သကဲ့သို့ ပြင်းထန်သော တိုက်ကွက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
“တကယ် အလုပ်ဖြစ်တာပဲ” စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်သွားလေ၏။
လူ့ခန္ဓာကိုယ်တွင် ယင်နှင့်ယန် နှစ်မျိုးရှိပြီး ၎င်းတို့ကို ဟန်ချက်ညီအောင် ထိန်းထားသည်။ ၎င်းတို့ကို အခြေခံ၍ ဓာတ်ကြီးငါးပါးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သည်။ လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးတို့မှာ ဓာတ်ကြီးငါးပါး နယ်ပယ်အတွင်း၌သာ ရှိကြသည်။
“ဒါပေမဲ့ ငါက လေနဲ့ မိုးကြိုးကိုပဲ ပြောင်းလဲနိုင်သေးတယ်... အဲ့ဒါက ငါ့မှာ လေမိုးကြိုး မြားအတတ် အခြေခံရှိလို့ပဲ”
စူးချန်ခုန်းသည် ယင်ယန်စွမ်းအင်များကို သိုင်းပညာထဲ ထည့်သွင်းနိုင်သော်လည်း လွတ်လပ်စွာ ပြောင်းလဲနိုင်ခြင်း မရှိဘဲ လေနှင့် မိုးကြိုးအဖြစ်သာ ပြောင်းလဲနိုင်သည်ကို တွေ့ရှိလိုက်ရသည်။ အကြောင်းမှာ သူ၏ မြားအတတ်က လေနှင့် မိုးကြိုးမှတစ်ဆင့် ယင်ယန်ကို ဆင့်ကဲပြောင်းလဲထားခြင်း ဖြစ်သဖြင့် ပြောင်းပြန်အားဖြင့် ယင်ယန်မှတစ်ဆင့် လေနှင့် မိုးကြိုးကိုသာ ပြန်လည် ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာပင် ကြီးမားသော တိုးတက်မှု ဖြစ်သည်။
“ကျားဖြူဟိန်းသံ”
စူးချန်ခုန်း လက်သီးဖြင့် ထိုးနှက်လိုက်ရာ ယခုတစ်ကြိမ်တွင် ယင်ယန်ပြောင်းလဲခြင်းကို အသုံးပြု၍ ဝိညာဉ်စွမ်းအင်များကို မိုးကြိုးအလင်းတန်းများအဖြစ် ပြောင်းလဲကာ တိုက်ကွက်အတွင်း ထည့်သွင်းလိုက်သည်။
“ဝုန်း”
ထိုလက်သီးချက်ကြောင့် အသံလှိုင်းများနှင့် မိုးကြိုးများ ရောယှက်သွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်ဆောင်များကို လင်းထိန်သွားစေကာ နောက်တောင်ကုန်းတစ်ခုလုံး မိုးကြိုးသံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းမှာ စူးချန်ခုန်းက သူ၏ စွမ်းအားကို တမင်ထိန်းထားခြင်း ဖြစ်သည်။ မဟုတ်ပါက ပေပေါင်းများစွာအတွင်းရှိ အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။
“ကြိုးကြာငှက်ဖြူ လေဟာပြင် ဖြတ်ကျော်ခြင်း”
စူးချန်ခုန်းသည် လေထဲသို့ ပျံတက်လိုက်ပြီး ရှေ့သို့ ပျံဝဲသွားသည်။ ယင်ယန်ပြောင်းလဲခြင်းဖြင့် သူသည် လေညင်းကလေးတစ်ချက်ကဲ့သို့ ဖြစ်သွားကာ အသံမထွက်ဘဲ အလွန်လျင်မြန်စွာ ရွေ့လျားနိုင်ပြီး မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်နိုင်ခဲ့သည်။
“ဒီယင်ယန်ပြောင်းလဲခြင်း နည်းစနစ်က... တကယ်ကို နက်နဲတာပဲ”
စူးချန်ခုန်းသည် မချီးကျူးဘဲ မနေနိုင်တော့ပေ။ လော့မိသားစု သိုင်းဝိဇ္ဇာနတ်ဘုရား၏ အစွမ်းကို အတုခိုးကာ ယင်ယန်ပြောင်းလဲခြင်းကို နားလည်သွားခြင်းက သူ့အတွက် များစွာ အကျိုးရှိခဲ့သည်။ ၎င်းက မြားအတတ်ကို အဆင့်မြှင့်ပေးရုံသာမက ရှိရင်းစွဲ သိုင်းပညာရပ်များ၏ စွမ်းအားကိုလည်း ပိုမိုမြင့်မားစေခဲ့သည်။
‘ကျီးရွှယ်ရှောင်းက ဝိညာဉ်စွမ်းအင်တွေကို ရေခဲသလင်းအဖြစ် ပြောင်းလဲနိုင်တာကို ကြည့်ရင် သူလည်း ဒီလိုမျိုး စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ပုံပဲ’
စူးချန်ခုန်းသည် ဝိညာဉ်စွမ်းအင်များကို ရေခဲအဖြစ် ပြောင်းလဲနိုင်သော ကျီးရွှယ်ရှောင်းကို သတိရသွားသည်။ ၎င်းမှာလည်း ယင်ယန်နှင့် ဓာတ်ကြီးငါးပါး ပြောင်းလဲခြင်း၏ ရလဒ်ပင် ဖြစ်ပေလိမ့်မည်။
‘နောက်ထပ် ရက်အနည်းငယ်လောက် ဒီစွမ်းအားသစ်တွေကို အသားကျအောင် လုပ်ပြီးရင် သွေးနီရောင် နတ်ဘုရားမျိုးစေ့ကို သူ့ဆီ သွားပေးလိုက်တော့မယ်’
စူးချန်ခုန်းက ကတိဖျက်မည့်သူ မဟုတ်ပေ။ ဤမျိုးစေ့မှာ သူ့အတွက် မလိုအပ်တော့သလို ကျီးရွှယ်ရှောင်းသာ မကယ်ခဲ့ပါက သူသည် ဤမျှ အကျိုးအမြတ် ရရှိမည် မဟုတ်ပေ။ စူးချန်ခုန်းသည် မိမိ၏ ကတိအတိုင်း လေ့လာပြီးနောက် ၎င်းကို သူမထံ ပြန်လည် ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်။
အခန်း (၇၁၀) ယင်နှင့်ယန် စွမ်းအင်များ။ လေမိုးကြိုး အသွင်ပြောင်းလဲခြင်း။ (၂)
“ယင်နဲ့ယန်က လေနဲ့မိုးကြိုးအဖြစ် ပြောင်းလဲတယ်... ဒါကို ဓားသိုင်းနဲ့ ပေါင်းစပ်မယ်...”
စူးချန်ခုန်းသည် အနောက်တောင်ကုန်းတွင် နည်းစနစ်သစ်ကို အသားကျအောင် လေ့ကျင့်နေသည်။ ယင်ယန်ပြောင်းလဲခြင်း၏ နက်နဲသော လျှို့ဝှက်ချက်များကို သူ၏ ကိုယ်ပိုင်သိုင်းပညာရပ်များနှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် သူ၏ တိုက်ကွက်များမှာ ပိုမိုပြင်းထန်လာပြီး ပုံစံအမျိုးမျိုး ပြောင်းလဲလာနိုင်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤသည်မှာ သူ၏ စွမ်းအားကို အရည်အသွေးပိုင်းအရ မြှင့်တင်ပေးလိုက်သည့် ကြီးမားသော အောင်မြင်မှုပင် ဖြစ်သည်။
လဝက်အကြာတွင် စူးချန်ခုန်းသည် ဤစွမ်းရည်သစ်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ သုံးလကျော် တစ်ကိုယ်တည်း ကျင့်ကြံနေစဉ်အတွင်း မြားအတတ်ကို အဆင့်မြှင့်တင်နိုင်ခဲ့ရုံသာမက သူ၏ စွမ်းအင်လမ်းကြောင်းအတွင်းရှိ လိပ်အသက်ရှူနည်း ချီစွမ်းအင်မှာလည်း ၁၃ စက်အထိ တိုးပွားလာခဲ့သည်။ ယခုအခါ ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ မူလနယ်ပယ် သိုင်းပညာရှင် ၁၀၀ ကျော်ကြောင့် သူသည် တစ်လမပြည့်မီမှာပင် ဆန်းကြယ် လိပ်ချီစွမ်းအင်အရည်တစ်စက်ကို ရရှိနေပြီ ဖြစ်သည်။ ဤနှုန်းမှာ နောင်တွင် ပိုမိုမြန်ဆန်လာမည်ဖြစ်ရာ သူတို့အပေါ် အချိန်ပေး ပျိုးထောင်ခဲ့ရသည်မှာ တန်ဖိုးရှိလှသည်။
“အပြင်ခဏထွက်ပြီး ကျီးရွှယ်ရှောင်းကို သွေးနီရောင် နတ်ဘုရားမျိုးစေ့ လာယူခိုင်းရမယ်”
စူးချန်ခုန်းက သူ၏ ကတိကို မမေ့ပါပေ။ သူသည် လေထဲသို့ ခုန်တက်လိုက်ရာ ကြိုးကြာငှက်ဖြူပုံရိပ်က သူ့ကို တင်ဆောင်၍ လျင်မြန်စွာ ပျံသန်းသွားတော့သည်။ ကြိုးကြာဖြူမှာ လေနှင့်တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိနေသည်။ 'လေ' ၏ ပြောင်းလဲမှုများကို ပေါင်းစပ်လိုက်ပြီးနောက် ၎င်း၏ ပုံမှန်အရှိန်မှာ ယခင်ကထက် တစ်ဆင့်မြင့်တက်သွားပြီး မိုင်ပေါင်းထောင်ချီကို ခဏချင်း ဖြတ်ကျော်နိုင်သည်။
ရှယန်မြို့တော်နှင့် မိုင်ရာပေါင်းများစွာ အကွာသို့ ရောက်သောအခါ စူးချန်ခုန်းသည် စာပေရနံ့အိတ်အတွင်းမှ နှင်းခဲသစ်ရွက်ကို ထုတ်လိုက်သည်။ ကျီးရွှယ်ရှောင်း ပေးထားသော ဤသစ်ရွက်ကို ချေလိုက်သည်နှင့် သူမ သိရှိပြီး ရောက်လာမည် ဖြစ်သည်။
“ဂျွတ်”
စူးချန်ခုန်း လက်ကို အနည်းငယ် အားစိုက်လိုက်ရာ နှင်းခဲသစ်ရွက်မှာ ရေခဲသလင်းမှုန့်များအဖြစ် ကြေမွသွားပြီး သူ၏ လက်ချောင်းများကြားမှ လွင့်စင်သွားသည်။ ထို့နောက် သူက ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
“သူ ရောက်လာပြီ”
စူးချန်ခုန်း အကြာကြီး မစောင့်လိုက်ရပေ။ တစ်နာရီမပြည့်မီမှာပင် အဝေးမှနေ၍ အေးစက်လှသော လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို သူ မြင်လိုက်ရသည်။ ထိုအေးစက်သော လေပြင်းအတွင်းမှ ရေခဲနှင့် နှင်းများဖြင့် ထုဆစ်ထားသကဲ့သို့ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ကျီးရွှယ်ရှောင်းပင် ဖြစ်သည်။
“ရှင် လေ့လာလို့ ပြီးပြီလား။” ကျီးရွှယ်ရှောင်း အနည်းငယ် အံ့ဩသွားသည်။ စူးချန်ခုန်း နတ်ဘုရားမျိုးစေ့ကို ရထားသည်မှာ သုံးလသာ ရှိသေးသော်လည်း သူက စိတ်ဝင်စားမှု ကုန်ဆုံးသွားပုံရသည်။
“ဟုတ်ကဲ့... ကတိအတိုင်းပါပဲ။ ဒီမှာ သွေးနီရောင် နတ်ဘုရားမျိုးစေ့ပါ”
စူးချန်ခုန်းက စကားအများကြီး မပြောဘဲ မျိုးစေ့ကို သူမထံ ကမ်းပေးလိုက်သည်။ ဤမျိုးစေ့မှာ အလွန်မတည်ငြိမ်သဖြင့် ပြင်ပလူများက ၎င်းအတွင်းရှိ အစွမ်းကို သန့်စင်ရန် ကြိုးစားပါက ပေါက်ကွဲသွားမည် ဖြစ်သည်။ စူးချန်ခုန်းအနေဖြင့်လည်း ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် သန့်စင်ရန် ဆန္ဒမရှိပေ။ ကျီးရွှယ်ရှောင်းကတော့ ဤမျိုးစေ့မှတစ်ဆင့် ရှေးဟောင်းမိစ္ဆာဂိုဏ်း၏ ခြေရာကို ရှာဖွေလိုခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်။ ကျွန်မ ရှင့်ကို ကျေးဇူးကြွေးတစ်ခု တင်သွားပြီ။ ကျွန်မ တတ်နိုင်တဲ့ ကိစ္စမျိုးဆိုရင် ရှင့်ရဲ့ တောင်းဆိုမှုကို ငြင်းမှာ မဟုတ်ပါဘူး။ တကယ်လို့ အကူအညီလိုရင် ဒီနှင်းခဲသစ်ရွက်ကိုပဲ ထပ်ပြီး ချေလိုက်ပါ။ ကျွန်မ အမြန်ဆုံး ရောက်လာပါ့မယ်”
ကျီးရွှယ်ရှောင်းက ကျေးဇူးတင်စကား ဆိုရင်း နောက်ထပ် နှင်းခဲသစ်ရွက် တစ်ရွက်ကို ဖန်တီးကာ စူးချန်ခုန်းထံသို့ အသာအယာ လွှင့်ပေးလိုက်သည်။ ကျီးရွှယ်ရှောင်း၏ အစွမ်းမှာ ခန့်မှန်းရခက်လှသဖြင့် သူမ၏ အကူအညီမှာ နောင်တွင် များစွာ အသုံးဝင်နိုင်ပါသည်။ စကားပြောပြီးနောက် သူမသည် ထွက်သွားခဲ့သည်။
စူးချန်ခုန်းသည် ကြိုးကြာငှက်ဖြူကို စီးနင်းရင်း ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်လာခဲ့သည်။ လမ်းတွင် ရှုခင်းများကို ကြည့်ရင်း အေးအေးဆေးဆေး ပြန်လာနေသော်လည်း ရုတ်တရက် သူ၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူ၏ အာရုံခံစားမှုအတွင်း မကောင်းဆိုးဝါးဆန်ပြီး အေးစက်လှသော အရှိန်အဝါတစ်ခု အလွန်လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
‘ဘယ်သူလဲဟ။ ငါ့ဆီကို လာနေတာလား။’ စူးချန်ခုန်း သတိအနေအထားဖြင့် ပြင်လိုက်သည်။ သို့သော် ထိုအရှိန်အဝါ နီးကပ်လာသည်နှင့်အမျှ သူသည် အကျွမ်းတဝင်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
တိမ်တိုက်များကြားတွင် မီးခိုးရောင် ပုံရိပ်တစ်ခု အသည်းအသန် ပျံသန်းလာနေသည်။ ၎င်းမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကောင်းကင်နတ်ဆိုး အဖိုးအိုပင် ဖြစ်သည်။ သို့သော် သူသည် ဒဏ်ရာအပြင်းအထန် ရထားသည်။ သူ၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရှိနေပြီး အထူးသဖြင့် ရင်ဘတ်ရှိ နှလုံးနေရာတွင် လက်သီးဆုပ်ခန့်ရှိသော အပေါက်ကြီးတစ်ခု ဖောက်ထွက်နေသည်။ သာမန်လူဆိုလျှင် ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။
“တောက်... အဲဒီ မော့ကျွင်းလင်…တစ်နေ့ကျရင် မင်းရဲ့ သွေးတွေကို အကုန်စုပ်ပြီး မင်းကို ဖုတ်ကောင်အဖြစ် ပြောင်းပစ်မယ်။”
ကောင်းကင်နတ်ဆိုး အဖိုးအို၏ မျက်လုံးများမှာ ဒေါသကြောင့် တောက်လောင်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ ဖုတ်ကောင်ကဲ့သို့ ဖြစ်နေသဖြင့် ဦးခေါင်းမှလွဲ၍ အခြားနေရာများမှာ သေစေနိုင်သော ဒဏ်ရာမဟုတ်သော်လည်း ယခုဒဏ်ရာမှာ သူ့ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
“အလောင်းကောင် အဖိုးကြီး.. မပြေးနဲ့တော့။ ဒုခေါင်းဆောင်က စနေတာပါဗျာ။ ခင်ဗျားရဲ့ အစွမ်းကို စမ်းကြည့်ရုံလေးပါ။”
ကြမ်းတမ်းသော အသံကြီးတစ်ခု လေထဲတွင် ဟိန်းထွက်လာသည်။ ကောင်းကင်နတ်ဆိုး အဖိုးအိုမှာမူ ဂရုမစိုက်ဘဲ တိမ်တိုက်များကြားသို့ တိုးဝင်ကာ လမ်းကြောင်းပြောင်း၍ ထွက်ပြေးနေသည်။
‘မဖြစ်ဘူး... ဒီအတိုင်းဆို မိတော့မယ်။ အဲဒီ မော့ကျွင်းလင်က ခန့်မှန်းရခက်လွန်းတယ်။ တခြား လူဆိုးနှစ်ယောက်နဲ့ ပေါင်းရင် ငါ့မှာ အခွင့်အရေး မရှိဘူး။’
ကောင်းကင်နတ်ဆိုး အဖိုးအို စိုးရိမ်နေစဉ်မှာပင် ရုတ်တရက် သူ၏ နှာခေါင်းက အကျွမ်းတဝင်ရှိသော ရနံ့တစ်ခုကို ရလိုက်သည်။ သူ၏ မှိန်ဖျော့ဖျော့ မျက်လုံးများမှာ အရောင်တောက်လာပြီး တွန့်ဆုတ်မနေဘဲ ထိုရနံ့ရှိရာဘက်သို့ ဦးတည် ပျံသန်းသွားတော့သည်။
“ဟိုမှာ” အဝေးမှ လိုက်လာသော လူနှစ်ဦးမှာလည်း ကောင်းကင်နတ်ဆိုး အဖိုးအို၏ ရုတ်တရက် လှုပ်ရှားမှုကို သတိပြုမိသွားပြီး အမြန် လိုက်လံ ဖမ်းဆီးကြသည်။
“ကောင်းကင်နတ်ဆိုး အဖိုးအိုလား။”
စူးချန်ခုန်း မျက်မှောင်ကြုတ်လိုက်သည်။ အဝေးမှ မီးခိုးရောင် မြူခိုးများအတွင်းတွင် မီးခိုးရောင် ဝတ်စုံဝတ် အဖိုးကြီးတစ်ဦး အသည်းအသန် ပြေးလာသည်ကို သူ မြင်လိုက်ရသည်။ ၎င်းမှာ အမှန်ပင် ကောင်းကင်နတ်ဆိုး အဖိုးအို ဖြစ်နေလေတော့သည်။
အခန်း (၇၁၁) ယင်နှင့်ယန် စွမ်းအင်များ။ လေမိုးကြိုး အသွင်ပြောင်းလဲခြင်း။ (၃)
“တကယ်ကို မင်းဖြစ်နေတာပဲ။”
ကြိုးကြာဖြူကို စီးနင်းနေသော စူးချန်ခုန်းကို မြင်လိုက်ရသောအခါ ကောင်းကင်နတ်ဆိုး အဖိုးကြီး၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်တစ်ခု ဖြတ်ပြေးသွားလေ၏။
ကောင်းကင်နတ်ဆိုး အဖိုးအိုမှာ အသည်းအသန် လိုက်လံဖမ်းဆီးခံနေရခြင်း ဖြစ်သည်။ သူသည် လိုက်ဖမ်းသူများကို ဇဝေဇဝါဖြစ်စေရန် ရှယန်မြို့တော်ဘက်သို့ ဦးတည်ပြေးလာခဲ့ခြင်းဖြစ်သော်လည်း လမ်းတွင် စူးချန်ခုန်း၏ အရှိန်အဝါကို အနီးအနား၌ ခံစားလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသို့ ခံစားလိုက်ရသည်နှင့် သူသည် ချက်ချင်းပင် ထိုဘက်သို့ ပျံသန်းလာခဲ့ရာ စူးချန်ခုန်းနှင့် အမှန်တကယ် တိုးတော့သည်။
စူးချန်ခုန်းက သူ့ကို တည်ငြိမ်စွာ ကြည့်လျက် “ခင်ဗျားက ပြဿနာတွေကို ကျွန်တော့်ဆီ ယူလာတာလား။”
စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းကျင့်စဉ်မှာ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သော်လည်း သူသည် နတ်ဘုရားစွမ်းရည်တုကို သုံး၍ ပျံသန်းနေသဖြင့် ဝိညာဉ်စွမ်းအင်အချို့ ယိုစိမ့်နေခြင်း ဖြစ်သည်။ ထိုစွမ်းအင်များကို ခြေရာခံရာတွင် ကျွမ်းကျင်သော ကောင်းကင်နတ်ဆိုး အဖိုးအိုက အဝေးမှပင် သိရှိသွားခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဆိုး အဖိုးကြီးမှာ မျက်နှာပျက်သွားပြီး အားနာသလို ပြုံးလိုက်သော်လည်း သူကိုယ်တိုင်မှာလည်း အသက်လုပြေးနေရသဖြင့် အခြားသူကို အားနာနေရန် အချိန်မရှိပေ။
“နောက်တစ်ယောက်လား။”
ထိုအချိန်တွင် ကောင်းကင်ယံ၌ နက်ရှိုင်းလှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် လူနှစ်ဦး ပေါ်လာပြီး လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။ ထိုလူနှစ်ဦးစလုံးမှာ ကျောပြင်တွင် အနက်ရောင် စွမ်းအင်အတောင်ပံများကို ခတ်ထုတ်လျက် လေထဲတွင် ရပ်တန့်နေကြသည်။ ပျံသန်းနိုင်သူများ ဖြစ်ကြသဖြင့် သူတို့မှာ အားနည်းသူများ မဟုတ်သည်မှာ သေချာလှသည်။
စကားစပြောလိုက်သူမှာ အရပ်အမောင်း အလွန်မြင့်မားပြီး ထွားကျိုင်းလှသော လူကြီးတစ်ယောက် ဖြစ်သည်။ သူ၏ မျက်နှာမှာ ကြမ်းတမ်းခက်ထန်ပြီး ပုဆိန်ကြီးတစ်လက်ကို ထမ်းထားသည်။ သူ၏ အရေပြားပေါ်တွင် စာလုံးနက်များ ရေးထိုးထားပြီး မှိန်ဖျော့သော အလင်းတန်းများ ထွက်ပေါ်နေသည်။ အခြားတစ်ယောက်မှာမူ မျက်နှာတည်ငြိမ်ကာ အနက်ရောင် ဆံပင်များကို ဖားလျားချထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသည်။ သူ၏ အကြည့်များမှာ ကောင်းကင်နတ်ဆိုး အဖိုးအိုနှင့် စူးချန်ခုန်းထံတွင် တည်နေ၏။
လူထွားကြီးက စူးချန်ခုန်းကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။ “မင်းက ဘယ်သူလဲ။ ‘မြင့်မြတ်သောနှလုံးသားမဟာမိတ်’ ရဲ့ ကိစ္စတွေမှာ ဝင်ပါချင်တာလား။”
“မြင့်မြတ်သောနှလုံးသားမဟာမိတ်”
ထိုအမည်ကို ကြားလိုက်သည်နှင့် စူးချန်ခုန်းသည် သူတို့၏ နောက်ခံကို ချက်ချင်း သိလိုက်သည်။ သူတို့မှာ မိစ္ဆာဂိုဏ်းမှ လူများ ဖြစ်ကြသည်။ လောကကြီး ကစဉ့်ကလျား ဖြစ်နေချိန်တွင် မိစ္ဆာဂိုဏ်းဝင်များ စုစည်းကာ ‘မြင့်မြတ်သောနှလုံးသားမဟာမိတ်’ ကို တည်ထောင်ထားကြောင်း စူးချန်ခုန်း ကြားဖူးထားသည်။
သို့သော် ကောင်းကင်နတ်ဆိုး အဖိုးအိုမှာလည်း မိစ္ဆာဂိုဏ်းဝင်တစ်ဦးပင် ဖြစ်ရာ အဘယ်ကြောင့် သူတို့အချင်းချင်း လိုက်လံဖမ်းဆီးနေကြသနည်းဟု စူးချန်ခုန်း တွေးနေမိသည်။
စူးချန်ခုန်းသည် ခေါင်းခါပြလိုက်ပြီး “ကျွန်တော် တခြားသူတွေရဲ့ ကိစ္စမှာ ဝင်ပါဖို့ ဆန္ဒမရှိပါဘူး။ ဒါ ခင်ဗျားတို့ရဲ့ ပြဿနာပဲ။ ကျွန်တော် သွားပါရစေ။”
စူးချန်ခုန်း ဝင်မပါလိုပေ။ ကောင်းကင်နတ်ဆိုး အဖိုးအိုမှာ အသက်ခြွေအဖွဲ့အစည်း၏ တည်နေရာကို ရှာဖွေပေးခြင်းဖြင့် ရှေးယခင်က အကြီးအကဲ ရွှမ်းမင်အပေါ် တင်ရှိခဲ့သော ကျေးဇူးကြွေးကို ဆပ်ခဲ့ပြီးပြီ ဖြစ်သည်။ သူတို့ကြားတွင် အကြွေးတွေ မရှိတော့ပေ။ မိစ္ဆာတစ်ဦးဖြစ်သော ကောင်းကင်နတ်ဆိုး အဖိုးအိုအတွက်နှင့် အန္တရာယ်ရှိသော ကိစ္စများတွင် သူ အဘယ်ကြောင့် ဝင်ပါရမည်နည်း။
အဖိုးအိုက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း စူးချန်ခုန်းက အေးစက်လှသော အသံဖြင့် အသံပို့လွှတ်၍ သတိပေးလိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို ပြဿနာထဲ ဆွဲထည့်ဖို့ ကြိုးစားရင် ကူညီမှာမဟုတ်တဲ့အပြင် သူတို့နဲ့ပေါင်းပြီး ခင်ဗျားကို တိုက်ပစ်မယ်။”
ထိုစကားကိုကြားတော့ ကောင်းကင်နတ်ဆိုး အဖိုးအို မျက်နှာပျက်သွားသည်။ သူသည် တာ့ဝူဖုန်း၏ ကြောက်စရာကောင်းသော အစွမ်းကို သိထားသဖြင့် စူးချန်ခုန်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ရဲတော့ဘဲ ပါးစပ်ပိတ်နေလိုက်သည်။
မဟာမိတ်အဖွဲ့မှ ပညာရှင်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကြိုးကြာဖြူကို စီးထားသော ဤလူမှာ မည်သူမှန်း မသိသော်လည်း သူတို့၏ ပစ်မှတ်မှာ ကောင်းကင်နတ်ဆိုး အဖိုးအို ဖြစ်သဖြင့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားလိုကြသည်။ ထို့ကြောင့် ဓားလွယ်ထားသော လူက ပြောလိုက်သည်။ “ဒါဆိုရင်လည်း ခင်ဗျား အမြန်ထွက်သွားတော့။”
“ကောင်းပါပြီ။” စူးချန်ခုန်း ခေါင်းငြိမ့်ပြလိုက်သည်။
“တာ့ဝူဖုန်း... အခုမှ ငါတို့ ဆုံတာကို ဘာလို့ ဒီလောက် အသည်းအသန် ထွက်သွားချင်နေရတာလဲ။”
သို့သော် ထိုအချိန်တွင် ပျင်းရိပျင်းတွဲ အသံတစ်ခု ထွက်ပေါ်လာသည်။ တိမ်တိုက်များကြားမှ အနက်ရောင် စွမ်းအင်မျှင်များ စုစည်းသွားပြီး လူတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။ ၎င်းမှာ အသက် ၃၀ ကျော်ခန့်ရှိပြီး အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသည့် လူတစ်ဦး ဖြစ်သည်။ သူ၏ မျက်ခုံးများမှာ ဓားကဲ့သို့ ထက်မြက်ပြီး မျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ တောက်ပသော်လည်း နှုတ်ခမ်းများမှာ မည်းနက်နေသည်။ သူ၏ မျက်နှာနှင့် အရေပြားပေါ်တွင် မကောင်းဆိုးဝါး ဆန်သော အမှတ်အသားများ ရှိနေသဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။
“မော့ကျွင်းလင်”
ထိုသူကို မြင်လိုက်ရသောအခါ ကောင်းကင်နတ်ဆိုး အဖိုးအို၏ မျက်နှာမှာ ဖြူလျော့သွားလေ၏။ မော့ကျွင်းလင်က သူ့ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ခဲ့သူ ဖြစ်သည်။
အနက်ရောင် သံချပ်ကာနှင့် လူမှာ စူးချန်ခုန်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။ စူးချန်ခုန်း ကြိုးကြာငှက်ဖြူကို စီးထားသည်ကို မြင်သောအခါ သူသည် စူးချန်ခုန်း မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုလိုက်ပုံရသည်။ တာ့ဝူဖုန်းမှာ မိစ္ဆာဂိုဏ်းခွဲ လေးခုကို ဆက်တိုက် တိုက်ခိုက်ခဲ့သူဖြစ်ရာ ထိုဂိုဏ်းများမှာ မြင့်မြတ်သောနှလုံးသားမဟာမိတ်၏ အစိတ်အပိုင်းများ ဖြစ်နေခဲ့သည်။
ဤအနက်ရောင် သံချပ်ကာနှင့် လူ၏ အရှိန်အဝါမှာ အလွန်နက်ရှိုင်းလှသဖြင့် သူသည် အစွမ်းထက်ဆုံးသော ပညာရှင်များထဲမှ တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။