အခန်း (၇၁၂-၇၁၄)
Vol. 48 Ch. 712-714
အခန်း (၇၁၂) မော့ကျွင်းလင်နှင့် ယက္ခမိစ္ဆာဂိုဏ်း (၁)
“သူက ဘယ်သူလဲ။”
စူးချန်ခုန်းသည် အသံပို့လွှတ်မှုဖြင့် ကောင်းကင်နတ်ဆိုး အဖိုးအိုကို မေးလိုက်သည်။ ရှေ့တွင်ရှိနေသော အနက်ရောင် သံချပ်ကာနှင့် လူ၏ အရှိန်အဝါမှာ သာမန်မဟုတ်ပေ။
အဖိုးအိုက တုန်ယင်နေသော အသံဖြင့် ပြန်ဖြေသည်။ “သူ့နာမည်က မော့ကျွင်းလင်... သူက မိစ္ဆာဂိုဏ်းခွဲတွေထဲမှာ ထိပ်ဆုံးသုံးခုဝင်တဲ့ *ယက္ခမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ သူတို့ဂိုဏ်းက သမိုင်းတစ်လျှောက်မှာ သိုင်းဝိဇ္ဇာသူတော်စင်တွေ အများကြီး ထွက်ပေါ်ခဲ့ဖူးပြီး ဒီမော့ကျွင်းလင် ကိုယ်တိုင်ကလည်း သိုင်းဝိဇ္ဇာသူတော်စင် မျိုးဆက်ပဲ။ အရမ်း ကြောက်စရာကောင်းတယ်။ အစက သူ့ကို ‘မြင့်မြတ်သောနှလုံးသားမဟာမိတ်’ ရဲ့ အဓိကခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ပေမဲ့ သူက လက်မခံခဲ့ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကမှ မဟာမိတ်အဖွဲ့ထဲကို ဒုခေါင်းဆောင်အဖြစ် ရုတ်တရက် ဝင်လာတာ...”
“ကျန်တဲ့ နှစ်ယောက်ကတော့ ‘ဓားယက္ခ’ နဲ့ ‘တောင်ယက္ခ’ ပဲ။ သူတို့က ယက္ခဂိုဏ်းရဲ့ ထိပ်တန်းပညာရှင် လေးဦးထဲမှာ ပါဝင်ပြီး မိစ္ဆာလောကမှာ နာမည်ကြီးတွေပဲ။ လျှော့မတွက်နဲ့။” ကောင်းကင်နတ်ဆိုး အဖိုးအိုက ကျန်လူနှစ်ဦး၏ အမည်များကိုလည်း မိတ်ဆက်ပေးလိုက်သည်။ အဖိုးအိုကို ဒဏ်ရာရအောင် လိုက်လံတိုက်ခိုက်နိုင်သူများ ဖြစ်သဖြင့် သူတို့မှာ ဝါရင့်မိစ္ဆာကြီးများ ဖြစ်ကြသည်။
(T/N ယက္ခဆိုတာ ဘီလူးပါ။ E tran မှာလဲ Pali Sanskrit/ပါဠိနဲ့ Rakshasa=ရက္ခသာ လို့ ပြန်ထားတာမို့ အနီးစပ်ဆုံး ယက္ခ / Yakkha family ကိုပဲ ယူထားပါတယ်နော်။ သဘောတရားအားဖြင့်တော့ ကြမ်းကြုတ်တဲ့ နတ်ဆိုး၊ ဘီလူးဆိုးမျိုးမို့ အတူတူပါပဲတဲ့။)
‘မဟာမိတ် ဒုခေါင်းဆောင်... ယက္ခဂိုဏ်းရဲ့ ဂိုဏ်းချုပ်’
စူးချန်ခုန်း စဉ်းစားလိုက်သည်။ ကျန်လူနှစ်ဦးမှာပင် အစွမ်းထက်လှသော်လည်း မော့ကျွင်းလင်မှာမူ မိစ္ဆာလောက၏ တကယ့်ဘုရင်တစ်ပါး ဖြစ်ကာ သိုင်းဝိဇ္ဇာသူတော်စင်၏ အမွေဆက်ခံသူလည်း ဖြစ်သည်။ သူ၏ အစွမ်းမှာ ခန့်မှန်းရခက်လှမည်။
မော့ကျွင်းလင်၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။ “အလောင်းကောင် အဖိုးကြီး... ခင်ဗျားက တကယ်ကို လွန်လွန်းတယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ ငါတို့မဟာမိတ်ထဲ ဝင်ဖို့ ငြင်းတာကို နားလည်ပေးလို့ ရပေမဲ့ ခင်ဗျားက မဟာမိတ်ထဲက မိတ်ဆွေတွေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ အခုတော့ တာ့ဝူဖုန်းနဲ့တောင် ပူးပေါင်းနေပြီဆိုတော့ ခင်ဗျားရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်း ဆက်ပြီး တည်ရှိစရာ အကြောင်း မရှိတော့ဘူး။”
ကောင်းကင်နတ်ဆိုးအဖိုးအို၏ ပါးစပ်မှာ တွန့်ချိုးသွားပြီး အသံဩဩဖြင့် ပြန်ပြောသည်။ “မော့ကျွင်းလင်... မင်းက ဘာလို့ ဒီလောက်တောင် အတင်းအကျပ် လုပ်နေရတာလဲ။ မင်းက ဘာမှသတိပေးဘဲနဲ့ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တာလေ။ ငါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကလွဲလို့ ဘာလုပ်နိုင်မှာလဲ။”
မကြာသေးမီက မော့ကျွင်းလင်သည် ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ ရောက်ရှိလာပြီး မဟာမိတ်ထဲဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ကောင်းကင်နတ်ဆိုးအဖိုးအိုက ငြင်းပယ်လိုက်သောအခါ မော့ကျွင်းလင်က ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး လှံဖြင့် သူ၏ ရင်ဘတ်ကို ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်။ အဖိုးကြီးသည် ဂိုဏ်းအတွင်းရှိ စီမံထားသော ထောင်ချောက်များကို အသုံးချကာ မော့ကျွင်းလင်၏ လက်ပါးစေတစ်ဦးကို သတ်ဖြတ်ပြီးနောက် ရှယန်မိသားစု စိုးမိုးရာ ရှယန်မြို့တော်ဘက်သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။
ထွားကျိုင်းသော တောင်ယက္ခက ပုဆိန်ကြီးကို ကိုင်ကာ အော်ပြောလိုက်သည်။ “ဟန်ဆောင်မနေနဲ့တော့။ အဖိုးကြီး... အဲဒီပစ္စည်း ဘယ်မှာလဲ။ ခင်ဗျား အဲဒီပစ္စည်းကို ရထားတာ ဘယ်သူမှ မသိဘူးလို့ ထင်နေတာလား။”
ဘေးမှ နားထောင်နေသော စူးချန်ခုန်းသည် အခြေအနေကို အကြမ်းဖျင်း နားလည်လိုက်သည်။ ကောင်းကင်နတ်ဆိုးအဖိုးအိုမှာ တစ်စုံတစ်ရာသော ရတနာကို ရထားပုံရပြီး မော့ကျွင်းလင်က ထိုပစ္စည်းအတွက် လိုက်လံတိုက်ခိုက်နေခြင်း ဖြစ်သည်။
“ကောင်းပြီ... အဖိုးကြီး နောက်ဆုံးတော့ ငါတို့က မိစ္ဆာလမ်းစဉ်က လူတွေပဲလေ။ အဲဒီ ‘အဆောင်တံဆိပ်ပြား’ မှာ နေရာလပ်တွေ အများကြီး ရှိပါတယ်။ ခင်ဗျားအတွက် တစ်နေရာ ပေးမယ်။ ဒါပေမဲ့ တာ့ဝူဖုန်းက ငါတို့မဟာမိတ်ရဲ့ ရန်သူပဲ။ ငါတို့နဲ့ ပူးပေါင်းပြီး သူ့ကို သတ်မယ်ဆိုရင် အရင်က အမှားတွေကို ငါ အကုန်ခွင့်လွှတ်ပေးမယ်။ မဟုတ်ရင်တော့ ခင်ဗျား ထွက်ပြေးနိုင်ရင်တောင် ခင်ဗျားရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကတော့ မြေလှန်ဖျက်ဆီးခံရမှာပဲ။” မော့ကျွင်းလင်က အေးစက်စွာ ပြောလိုက်သည်။
သူသည် ကောင်းကင်နတ်ဆိုးအဖိုးအိုကို အသုံးချကာ စူးချန်ခုန်းကို တိုက်ခိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ စူးချန်ခုန်းမှာ မိစ္ဆာဂိုဏ်းခွဲ လေးခုကို တိုက်ခိုက်ခဲ့သူဖြစ်သဖြင့် မော့ကျွင်းလင်က သူ့ကို လွှတ်ပေးရန် အစီအစဉ် မရှိပေ။
စူးချန်ခုန်း၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မပြပေ။ ကောင်းကင်နတ်ဆိုးအဖိုးအိုက တွေဝေနေသည်။ မော့ကျွင်းလင်နှင့် ပူးပေါင်းပြီး စူးချန်ခုန်းကို တိုက်ခိုက်ရမလားဟု သူ စဉ်းစားနေသည်။ သို့သော် ထိုအဖိုးကြီးက လူအမဟုတ်ပေ။ မော့ကျွင်းလင်ကဲ့သို့ ရက်စက်သူမှာ တံဆိပ်ပြားကို ရသည်နှင့် သူ့ကိုပါ သတ်ပစ်မည်မှာ သေချာလေသည်။
ထို့ပြင် တာ့ဝူဖုန်း၏ အစွမ်းကိုလည်း သူ သိထားသည်။ သူသည် စူးချန်ခုန်းထံသို့ အရေးပေါ် အသံပို့လွှတ်ကာ ဆက်သွယ်လိုက်သည်။ “မိတ်ဆွေလေးတာ့... ငါတို့ အခု ပူးပေါင်းမှ ရတော့မယ်။ ဒီနေ့ ပြဿနာက ငါ့ကြောင့် ဖြစ်တာဆိုတော့ ‘သိုင်းဝိဇ္ဇာသူတော်စင်’ ရဲ့ အမွေအနှစ်ကို ရမယ့် အခွင့်အရေးကို မင်းနဲ့ မျှဝေပါ့မယ်။”
ကောင်းကင်နတ်ဆိုးအဖိုးအိုက မော့ကျွင်းလင်၏ စကားကို မယုံကြည်ပေ။ သူ့ကို သတ်ရန် ကြိုးစားခဲ့သော မော့ကျွင်းလင်ထက် စူးချန်ခုန်းနှင့် ပူးပေါင်းရန် သူ ဆုံးဖြတ်လိုက်သည်။
‘သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာမယ့် အခွင့်အရေးလား။’
စူးချန်ခုန်း၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ ကောင်းကင်နတ်ဆိုးအဖိုးအို ပြောနေသည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း မော့ကျွင်းလင်က ဤမျှ အသည်းအသန် လိုက်နေခြင်း ဖြစ်သည်။ မော့ကျွင်းလင်က သူ့ကို လွှတ်ပေးရန် ဆန္ဒမရှိသဖြင့် စူးချန်ခုန်းလည်း တိုက်ခိုက်ရန်သာ ရှိတော့သည်။
“ကောင်းပြီ။ မော့ကျွင်းလင်ကို ကျွန်တော် ရှင်းမယ်” စူးချန်ခုန်းက ပြတ်သားစွာ ပြန်ပြောလိုက်သည်။
“အဖိုးကြီး... အမြန်ဆုံး ဆုံးဖြတ်စမ်း။ ခင်ဗျားရဲ့ ဂိုဏ်းသားတွေ အသတ်ခံရတာကို ကြည့်ချင်တာလား။” စိတ်မရှည်သော ဓားယက္ခက အော်ပြောလိုက်သည်။
“ရှူး”
ကောင်းကင်နတ်ဆိုးအဖိုးအို၏ တုံ့ပြန်မှုမှာ ဒေါသတကြီး ကြည့်လိုက်ခြင်းပင် ဖြစ်သည်။ သူ၏ ပါးစပ်ကို အစွမ်းကုန် ဖွင့်လိုက်ရာ ပုပ်စပ်သော အနံ့အသက်များ ပါဝင်သည့် မီးခိုးရောင် မြားတစ်စင်းမှာ ဓားယက္ခ၏ မျက်နှာထံသို့ ပစ်ထွက်သွားလေ၏။
“ဟစ်” ဓားယက္ခသည် ဓားချီများဖြင့် ကာကွယ်လိုက်ရာ ထိုမြားမှာ ကြေမွသွားသည်။
တောင်ယက္ခက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း ကောင်းကင်နတ်ဆိုးအဖိုးအိုက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ “ငါက အဲဒီတပည့်တွေကို နှစ်ပေါင်းရာနဲ့ချီပြီး စောင့်ရှောက်ခဲ့ပြီးပြီ။ သူတို့ရဲ့ ကံကြမ္မာက ပျက်စီးဖို့ဆိုရင်လည်း ဒါက သူတို့ရဲ့ ကံပဲပေါ့။”
ကောင်းကင်နတ်ဆိုးအဖိုးအိုမှာ ခြိမ်းခြောက်မှုများကို ဂရုမစိုက်ပေ။ သူသည် အသက်ငါးရာကျော်ပြီ ဖြစ်ပြီး ဆွေမျိုးသားချင်းလည်း မရှိတော့ပေ။ သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ သေခြင်းတရားကို ကျော်လွန်ပြီး ထာဝရရှင်သန်နိုင်သော နယ်ပယ်သို့ ရောက်ရှိရန်သာ ဖြစ်သည်။
အခန်း (၇၁၃) မော့ကျွင်းလင်နှင့် ယက္ခမိစ္ဆာဂိုဏ်း (၂)
“ဂျောက်..ဂျောက်...ဂျောက်”
စကားအဆုံးတွင် ကောင်းကင်နတ်ဆိုးအဖိုးအို၏ ခန္ဓာကိုယ်မှ မီးခိုးရောင် စွမ်းအင်များ စီးထွက်လာပြီး ခြောက်ကပ်နေသော သူ၏ ကိုယ်ထည်မှာ လျင်မြန်စွာ ဖောင်းကားလာသည်။ အရိုးများမှာလည်း ကျယ်လောင်စွာ မြည်လျက် ခဏချင်းအတွင်းမှာပင် ပိန်ချောင်သော အဖိုးကြီးအသွင်မှ ဆယ်ပေခန့်မြင့်သော၊ ပြာနှမ်းနှမ်း အရေပြား၊ ချွန်ထက်သော သွားများနှင့် တောင်တင်းသော ကြွက်သားများရှိသည့် လူသားပုံစံ မိစ္ဆာကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ အရှိန်အဝါမှာ မော့ကျွင်းလင်ပင် မျက်စောင်းထိုးရလောက်အောင် ပြင်းထန်လှသည်။
ကောင်းကင်နတ်ဆိုးအဖိုးအိုသည် အသက်ရှည်ရန်အတွက် မိမိကိုယ်ကိုယ် ဖုတ်ကောင်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့ပြီး တိုက်ခိုက်မှု နည်းပါးခဲ့သော်လည်း သူသည် မိစ္ဆာဂိုဏ်းလောက၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည်မှာ ငြင်းမရပေ။
“မော့ကျွင်းလင်... မင်း ငါ့ကို သတ်ချင်ရင် လာစမ်းကြည့်လေ”
စူးချန်ခုန်းသည် မော့ကျွင်းလင်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်ပြီးနောက် အောက်ဘက်ရှိ တောရိုင်းမြေပြင်သို့ ဆင်းသက်လိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ အစစ်အမှန် သိုင်းဝိဇ္ဇာသူတော်စင်များ မဟုတ်ကြသဖြင့် လေထဲတွင် တိုက်ခိုက်ခြင်းထက် မြေပြင်တွင် တိုက်ခိုက်ခြင်းက သူတို့၏ အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်သည်။
“မျိုးဆက်သစ်လေးက တော်တော် မာန်တက်နေတာပဲ။”
မော့ကျွင်းလင်က ပြုံးနေဆဲ ဖြစ်သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ မိစ္ဆာလောက၏ ထိပ်တန်းပညာရှင်၊ သိုင်းဝိဇ္ဇာသူတော်စင် သွေးမျိုးဆက်ဖြစ်ပြီး ပြိုင်ဘက်ကင်း ကျင့်စဉ်များကို ကျင့်ကြံထားသူ ဖြစ်သဖြင့် တာ့ဝူဖုန်းမှာ အစွမ်းထက်သည် ဆိုဦးတော့ သူ၏ ရှေ့တွင်မူ ဘာမှမဟုတ်ဟု သူ ခံစားရသည်။
တွေဝေမနေဘဲ မော့ကျွင်းလင်သည် အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းလျက် အောက်သို့ ဆင်းသက်လာခဲ့သည်။ သစ်ပင်များနှင့် တောင်ကုန်းများ ဝန်းရံထားသော တောရိုင်းမြေပြင်တွင် နှစ်ဦးသား ရင်ဆိုင်ကာ ရပ်လိုက်ကြသည်။
“သတ်”
စကားအပိုတွေ မဆိုဘဲ မော့ကျွင်းလင်က ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသည့် သူ၏ မြင့်မားသော ခန္ဓာကိုယ်မှာ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ စူးချန်ခုန်းထံ ချဉ်းကပ်လာသည်။ ခြေလှမ်းတိုင်းတွင် သူ၏ အရှိန်အဝါမှာ ပိုမိုပြင်းထန်လာပြီး သူ၏ ဦးခေါင်းထက်တွင် အနက်ရောင် စွမ်းအင်များမှာ မိစ္ဆာဦးခေါင်းကြီးတစ်ခုကဲ့သို့ ဟိန်းဟောက်နေသည်။
သူသည် ညာလက်သီးကို ရှေ့သို့ ထိုးနှက်လိုက်ရာ တောင်တန်းနှင့် ပင်လယ်များကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး သဘာဝတရားကိုပါ ကစဉ့်ကလျား ဖြစ်စေနိုင်သော အနှိုင်းမဲ့ အရှိန်အဝါတစ်ခု ပါရှိနေသည်။ မိစ္ဆာဂိုဏ်း၏ ထိပ်တန်းပညာရှင်နှင့် မဟာမိတ် ဒုတိယခေါင်းဆောင်၏ ပထမဆုံး တိုက်ကွက်မှာပင် တောင်တန်းနှင့် မြစ်ချောင်းများကို လွှမ်းမိုးသွားနိုင်သော စွမ်းအား ရှိနေသည်။ ထို့ကြောင့်လည်း ကောင်းကင်နတ်ဆိုးအဖိုးအိုမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ခြင်း ဖြစ်သည်။
“လာစမ်းပါ”
စူးချန်ခုန်း၏ မျက်လုံးများထဲတွင်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ တောက်လောင်နေ၏။ ဤကဲ့သို့သော အစွမ်းထက် ပြိုင်ဘက်နှင့် တွေ့ရသဖြင့် သူ စိတ်လှုပ်ရှားနေသည်။
ဝူချင်းရှီ၊ ကျားဖြူဟိန်းသံဖြင့် သတ်ဖြတ်ခြင်း။
စူးချန်ခုန်းက ရှောင်တိမ်းခြင်း မပြုဘဲ လက်သီးတစ်ချက် ပြန်လည် ထိုးနှက်လိုက်သည်။ မော့ကျွင်းလင်၏ သိသိသာသာ ပြင်းထန်လှသော စွမ်းအားနှင့် ယှဉ်လျှင် စူးချန်ခုန်း၏ လက်သီးမှာ ပိုမိုကျစ်လျစ်ပြီး 'ကျားဖြူဟိန်းသံ' ၏ စွမ်းအင်များကို အတွင်း၌သာ စုစည်းထားသည်။
“ဝုန်း”
သူတို့၏ လေးလံလှသော လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားရာ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာသည်။ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပေ ၃၀၀ ပတ်လည်အတွင်းရှိ မြေသားများမှာ ဧရာမတူကြီးဖြင့် ထုရိုက်ခံရသကဲ့သို့ အက်ကွဲသွားကာ နှစ်ပေခန့် နိမ့်ဆင်းသွားလေ၏။
“ဂါး… ဂါး”
ဟင်းလင်းပြင်ထဲတွင် ရတ်ရှာရှာ မိစ္ဆာဝိညာဉ်များ၏ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အနက်ရောင် စွမ်းအင်များမှာ ဝိညာဉ်များကို ဖမ်းစားနိုင်လောက်အောင် အေးစက်စက်နှင့် ကြောက်မက်ဖွယ်ကောင်းလှသည်။
“ဝေါင်း”
ပေါက်ကွဲသံများကြားတွင် ကျားသစ်တစ်ကောင်၏ ဟိန်းသံမှာလည်း မလျှော့သော ဇွဲဖြင့် ထွက်ပေါ်လာပြီး အသံလှိုင်းများကို ဟန့်တားနေသည်။
နှစ်ဦးစလုံးမှာ တစ်ဝက်ခန့် နောက်သို့ ဆုတ်သွားကြပြီး အင်အားချင်း ညီမျှနေသည်။ သူတို့၏ လက်သီးချင်း ထိတွေ့နေစဉ်မှာပင် စူးချန်ခုန်း၏ ဘယ်လက်က ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ မျောက်ဝံနတ်ဆိုးတစ်ကောင်က ကြယ်ပွင့်များကို ဆွဲယူရန် လက်လှမ်းလိုက်သကဲ့သို့ ဖြစ်သွားသည်။
“ဂျုတ်... ဂျုတ်... ဂျုတ်”
မော့ကျွင်းလင်၏ ပတ်ဝန်းကျင်ရှိ လေဟာပြင်မှာ အတွင်းသို့ ချိုင့်ဝင်သွားပြီး အရာအားလုံးကို ညှစ်ခြေပစ်တော့မည့် အားအင်တစ်ခုက သူ့ကို ဖိနှိပ်လိုက်သည်။
“ယက္ခ တိုက်ပွဲဝင်ခန္ဓာ”
မော့ကျွင်းလင်၏ မျက်လုံးများမှာ စိမ်းဖန့်ဖန့် အရောင်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် စာလုံးများမှာ လျင်မြန်စွာ ပြန့်နှံ့သွားကာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။ သူ၏ အရေပြားမှာ မှင်ကဲ့သို့ မည်းနက်သွားပြီး ငရဲမှ တက်လာသော မိစ္ဆာတစ်ကောင်နှင့်ပင် တူလေ၏။
“ဝုန်း”
သူ၏ ခန္ဓာကိုယ် တုန်ခါသွားသည်နှင့် အနှိုင်းမဲ့သော မိစ္ဆာစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ့ကို ပိတ်ဆို့ထားသော လေဟာပြင်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။ မော့ကျွင်းလင်၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး အရေပြားပေါ်တွင် မိစ္ဆာအမှတ်အသားများဖြင့် ပြည့်နှက်နေကာ သူ၏ စိမ်းဖန့်ဖန့် မျက်လုံးများမှာ မြင်ရသူတိုင်းကို ထိတ်လန့်စေသည်။ သူသည် လူသားကို စားသုံးမည့် မိစ္ဆာကြီးတစ်ကောင်ကဲ့သို့ပင်။
မော့ကျွင်းလင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “တာ့ဝူဖုန်း... မင်းမှာ ဒီလောက်ပဲ ရှိတာဆိုရင်တော့ ငါ့ကို စိတ်ကျေနပ်စေမှာ မဟုတ်ဘူးနော်။”
သူ၏ ရယ်သံမှာ ပတ်ဝန်းကျင်ရှိ တောင်တန်းနှင့် မြစ်ချောင်းများကို တုန်ခါသွားစေသည်။ အပေါ်ကောင်းကင်ယံတွင် ကောင်းကင်နတ်ဆိုးအဖိုးအိုသည် ဖုတ်ကောင်ပုံစံဖြင့် 'ဓားယက္ခ' နှင့် 'တောင်ယက္ခ' တို့ကို တစ်ယောက်တည်း ရင်ဆိုင်နေသည်။ သူသည် ရှောင်တိမ်းရင်း တိုက်ခိုက်နေသဖြင့် လောလောဆယ်တွင် နောက်ကျမကျန်သေးပေ။ သို့သော် အောက်ဘက်ရှိ မော့ကျွင်းလင်၏ စွမ်းအားကို အာရုံခံမိသောအခါ သူ၏ စိတ်ထဲတွင် လေးလံသွားသည်။
မော့ကျွင်းလင်မှာ မိစ္ဆာလမ်းစဉ်၏ တကယ့်ဘုရင်တစ်ပါး ဖြစ်သည်။ စူးချန်ခုန်းအနေဖြင့် သူ့ကို ယှဉ်နိုင်ပါ့မလားဟု သူ စိုးရိမ်နေမိသည်။
“ဒါဆိုရင်လည်း... မင်း ကျေနပ်သွားအောင် ငါ လုပ်ပေးရတာပေါ့။”
စူးချန်ခုန်း၏ မျက်နှာမှာ အေးစက်နေသည်။ မော့ကျွင်းလင်က အရင်က မိစ္ဆာဂိုဏ်းခွဲများကို တိုက်ခိုက်ခဲ့သည့် ကိစ္စအတွက် အငြိုးအတေး ထားနေသဖြင့် စူးချန်ခုန်းအနေဖြင့်လည်း အစွမ်းကုန် တိုက်ခိုက်ရန်သာ ရှိတော့သည်။
ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်…
မျောက်ဝံနတ်ဆိုး လေဟာပြင် ဖမ်းဆုပ်ခြင်း။
စူးချန်ခုန်း၏ နောက်ကျောဘက်တွင် ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ စုစည်းလာပြီး ဧရာမ မျောက်ဝံကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။ သူ၏ စွမ်းအားသိုလှောင်ရာအတွင်းမှ ဆန်းကြယ် လိပ်ချီစွမ်းအင်အရည် တစ်စက်ကို ထိုပုံရိပ်အတွင်း ထည့်သွင်းလိုက်ရာ မျောက်ဝံကြီး၏ ခန္ဓာကိုယ်မှာ ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ ပိုမိုကြီးမားပြီး ခိုင်မာလာခဲ့သည်။ ယခုအခါ စူးချန်ခုန်းတွင် ဆန်းကြယ် လိပ်ချီစွမ်းအင်အရည် ၁၃ စက်အထိ ရှိနေသဖြင့် အလဟဿ ဖြစ်မည်ကို စိုးရိမ်စရာ မလိုဘဲ အသုံးချနိုင်သည်။
“ဂျောက်...ဂျောက်..ဂျောက်”
မျောက်ဝံကြီး၏ ကျယ်ပြန့်သော လက်နှစ်ဖက်က အတင်းအကျပ် ဆုပ်ကိုင်လိုက်ရာ ဟင်းလင်းပြင်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်သွားသည်။ မော့ကျွင်းလင်ပင်လျှင် ထိုပြင်းထန်လှသော ဖိအားကြောင့် ခဏတာ ရပ်တန့်သွားခဲ့သည်။
‘မဆန်းပါဘူး... ဒီတာ့ဝူဖုန်းက ဖန်ရှန့်ဝူကို အနိုင်ယူနိုင်တာ မဆန်းတော့ဘူး။ သူ့ရဲ့ နတ်ဘုရားစွမ်းရည်တု အတတ်က သာမန် ပညာရှင်တွေထက် အများကြီး ပိုစွမ်းတာပဲ’ မော့ကျွင်းလင် စိတ်ထဲမှ အံ့ဩသွားသည်။
“ခုတ်”
မျောက်ဝံ၏ ဖမ်းဆီးမှုဖြင့် မော့ကျွင်းလင်ကို လှုပ်မရအောင် လုပ်ထားစဉ် စူးချန်ခုန်းသည် သံဖြတ်ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ ဓားသွားဝိညာဉ်နှင့် ဓားမှာ တစ်သားတည်း ဖြစ်သွားပြီး ဝိညာဉ်ကို တိုက်ရိုက် ပိုင်းဖြတ်နိုင်သော စွမ်းအားများဖြင့် မော့ကျွင်းလင်၏ လည်ပင်းထံသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
အခန်း (၇၁၄) မော့ကျွင်းလင်နှင့် ယက္ခမိစ္ဆာဂိုဏ်း (၃)
ဓားချက်က ရောက်မလာသေးခင်မှာပင် ရန်သူသည် မိမိ၏ အလောင်းမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီဟူသော ထင်ယောင်ထင်မှား ဖြစ်ရပ်ကို ခံစားလိုက်ရပြီး သိစိတ်ပင်လယ်မှာလည်း ကြေမွလုနီးပါး ဖြစ်သွားသည်။ ဓားသွားဝိညာဉ်၏ ဖိအားတစ်ခုတည်းနှင့်ပင် သာမန်လူဆိုပါက ခုခံလိုစိတ် ပျောက်ဆုံးကာ အသတ်ခံရန် လည်ပင်းကို အသာအယာ ဆန့်ပေးမိပေလိမ့်မည်။
“ဓားသွားဝိညာဉ်လား”
မော့ကျွင်းလင်၏ အကြည့်များမှာလည်း လေးနက်သွားသည်။ မိမိ၏ စိတ်ဝိညာဉ်သိုင်းပညာကို ဝိညာဉ်နယ်ပယ်အထိ ရောက်အောင် ကျင့်ကြံနိုင်ခြင်းမှာ အဆင့်မြင့် နတ်ဘုရားစွမ်းရည်တုအတတ်ကို ကျွမ်းကျင်အောင် ကျင့်ကြံခြင်းထက်ပင် ပိုခက်ခဲလှသည်။
မော့ကျွင်းလင်သည် လေဟာပြင်၏ ဖိညစ်မှုကို ခံနေရသဖြင့် လှုပ်ရှား၍ မရသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်။ သူ၏ နဖူးအလယ်တွင် အရေပြား ကွဲအက်သွားပြီး သွေးနီရောင် မျက်လုံးတစ်လုံး ပေါ်လာခဲ့သည်။ ထိုမျက်လုံးမှ ပြင်းထန်လှသော သွေးနီရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ့ကို ပိတ်ဆို့ထားသော အားအင်များကို ဖယ်ရှားပစ်ကာ ဝင်ရောက်လာသော ဓားချက်ကို တားဆီးလိုက်သည်။
“ဝုန်း”
ဒီရေလှိုင်းကဲ့သို့ ပြင်းထန်လှသော သွေးနီရောင်အလင်းတန်းနှင့် ဓားသွားဝိညာဉ်ပါဝင်သော ဓားချက်တို့ ထိပ်တိုက်တွေ့ဆုံသွားရာ မိုးကြိုးပစ်သကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ယံရှိ တိမ်တိုက်များပင် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ဤသည်မှာ သိုင်းဝိဇ္ဇာသူတော်စင် သွေးမျိုးဆက်မှ ဆင်းသက်လာသော စွမ်းအား ဖြစ်သည်။ မော့ကျွင်းလင်မှာ သိုင်းဝိဇ္ဇာသူတော်စင်၏ မျိုးဆက်ဖြစ်သဖြင့် သွေးမျိုးဆက် နတ်ဘုရားစွမ်းရည် 'ယက္ခမျက်လုံး'ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ယက္ခမျက်လုံး ပွင့်လာပါက ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးသွားပေလိမ့်မည်။
“ဝိညာဉ်ခြွေလှံ”
မော့ကျွင်းလင်သည် ချည်နှောင်မှုများမှ လွတ်မြောက်သွားသည်နှင့် သူ၏ လက်အတွင်းသို့ အနက်ရောင် လှံရှည်တစ်စင်း ရုတ်တရက် ရောက်ရှိလာသည်။ သူ၏ လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ယမ်းလိုက်ရုံဖြင့် ထိုလှံမှာ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ အကွာအဝေးကို ဂရုမစိုက်ဘဲ မယုံနိုင်စရာ အရှိန်ဖြင့် စူးချန်ခုန်း၏ ဝိညာဉ်ကို ပစ်မှတ်ထား၍ ထိုးနှက်လိုက်သည်။
မော့ကျွင်းလင်က သွေးမျိုးဆက်စွမ်းရည်ဖြင့် ချုပ်နှောင်မှုကို ဖြတ်ကျော်ခြင်း စူးချန်ခုန်း၏ တိုက်ကွက်ကို တားဆီးခြင်းနှင့် ပြန်လည်တိုက်စစ်ဆင်ခြင်းတို့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
“ဖောက်”
သူ၏ လှံက စူးချန်ခုန်း၏ ရင်ဘတ်ကို ထိုးဖောက်သွားသော်လည်း ၎င်းမှာ စူးချန်ခုန်း ချန်ထားခဲ့သော ပုံရိပ်ယောင်မျှသာ ဖြစ်သည်။
“ဂျွတ်”
'နတ်သမင် ကောင်းကင်လှမ်းခြေ' ကို အသုံးပြု၍ စူးချန်ခုန်းသည် မော့ကျွင်းလင်၏ နောက်ကျောသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပေါက်ကွဲသံများနှင့်အတူ စူးချန်ခုန်း၏ သံဖြတ်ဓားမှာ မိုးကြိုးလျှပ်စီးများအဖြစ် ပြောင်းလဲသွားပြီး စူးရှလှသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤဓားချက်မှာ ယင်နှင့်ယန် ပြောင်းလဲခြင်း၏ နက်နဲမှုကို အသုံးပြုထားပြီး မိမိ၏ ယင်ယန်စွမ်းအင်မှ လေနှင့်မိုးကြိုးကို ဆင့်ကဲပြောင်းလဲထားသဖြင့် အရှိန်အဟုန်မှာ အလွန်ပင် ကြီးမားလှသည်။
မော့ကျွင်းလင်၏ လှံချက်မှာ လေဟာပြင်ကိုသာ ထိမှန်သွားပြီး သူ၏ အင်အားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေသော်လည်း သူသည် အားယူကာ ခန္ဓာကိုယ်ကို လွှဲလိုက်ပြီး သူ၏ အနက်ရောင် ဘယ်ဖက်လက်ဝါးဖြင့် စူးချန်ခုန်း၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဇွတ်”
မော့ကျွင်းလင် နောက်သို့ ယိုင်သွားသည်။ သူ၏ လက်ဝါးပေါ်ရှိ မိစ္ဆာအမှတ်အသားများမှာ အားကြောင့် အပိုင်းပိုင်းပြတ်သွားပြီး အရိုးအထိ ရောက်သော ဒဏ်ရာကြီးတစ်ခု ဖြစ်သွားလေ၏။ ထို့ပြင် ပြင်းထန်သော ဓားချီများမှာ သူ၏ အသိစိတ်အာရုံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသဖြင့် သူ၏ ဦးနှောက်မှာ ကြေမွတော့မည့်အတိုင်း တစီစီ မြည်နေသည်။
မော့ကျွင်းလင်မှာ သိုင်းဝိဇ္ဇာသူတော်စင်ထံမှ ဆင်းသက်လာသော 'ယက္ခတိုက်ပွဲဝင်ခန္ဓာ' ကို ကျင့်ကြံထားသူ ဖြစ်သဖြင့် ယခုကဲ့သို့ ဒဏ်ရာရရှိခြင်းမှာ အလွန်ပင် ရှားပါးလှသည်။ ထို့ကြောင့် သူ၏ နဖူးပေါ်ရှိ တတိယမြောက် မျက်လုံးမှာ သွေးရောင်ကဲ့သို့ နီမြန်းသွားပြီး အော်ဟစ်လိုက်သည်။ “မင်းကတော့ သေချင်နေတာပဲ။”
မော့ကျွင်းလင်၏ နှလုံးခုန်သံမှာ ပြင်းထန်လာပြီး ငရဲမှ လာသော စွမ်းအားများက သူ၏ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားကာ မူလက မည်းနက်နေသော သူ၏ အရေပြားမှာ စိမ်းဖန့်ဖန့် အရောင်သို့ ပြောင်းလဲသွားသည်။ သူသည် စူးချန်ခုန်းနှင့် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးရန် သူ၏ အစွမ်းကုန်ကို ထုတ်ဖော်တော့မည် ဖြစ်သည်။ စူးချန်ခုန်းကလည်း ချီစွမ်းအားသိုလှောင်ရာရှိ ဆန်းကြယ် လိပ်ချီစွမ်းအင်အရည်ကို အစွမ်းကုန် အသုံးချကာ မော့ကျွင်းလင်ကို ဤနေရာမှာပင် အပြတ်ရှင်းရန် အသင့်ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် မော့ကျွင်းလင်သည် သူ့ကို စိုက်ကြည့်နေသော အေးစက်လှသော မျက်လုံးတစ်စုံကို အာရုံခံမိလိုက်သည်။ ဆူးနှင့် အထိုးခံရသကဲ့သို့ ခံစားလိုက်ရပြီး မြွေဆိုးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသကဲ့သို့ ကျောချမ်းသွားခဲ့သည်။
“ဘယ်သူလဲ။”
မော့ကျွင်းလင်၏ မြင့်တက်နေသော စွမ်းအားများမှာ ရုတ်တရက် ကျဆင်းသွားပြီး နောက်သို့ ဆုတ်ခွာသွားကာ ပတ်ဝန်းကျင်ကို သတိကြီးစွာ စူးစမ်းလိုက်သည်။ သူ၏ နဖူးပေါ်ရှိ သွေးမျက်လုံးမှာလည်း လူးလာတုံ့ပြန်လျက် ရှာဖွေနေသည်။
မော့ကျွင်းလင် အစွမ်းကုန် တိုက်ခိုက်တော့မည့်အချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အကြည့်တစ်စုံက သူ့ကို စောင့်ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် သူ၏ စိတ်ထဲတွင် သတိပေးသံများ မြည်ဟည်းသွားပြီး ဧရာမ သားရဲကြီးတစ်ကောင်၏ အမဲလိုက်ခြင်းကို ခံနေရသော သိုးငယ်လေးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။
“ဟင်”
စူးချန်ခုန်းမှာမူ မည်သည့် ထူးခြားမှုကိုမျှ မခံစားရသော်လည်း မော့ကျွင်းလင်၏ ထူးဆန်းသော လှုပ်ရှားမှုကြောင့် သူ သတိထားလိုက်သည်။ တောင်ယက္ခနှင့် ဓားယက္ခတို့မှာ ကောင်းကင်ယံတွင် တိုက်ခိုက်နေဆဲဖြစ်ပြီး အခြားသူရှိနေသည့် အရှိန်အဝါကို သူ မခံစားရပေ။ သို့သော် မော့ကျွင်းလင်၏ ထိတ်လန့်နေသော ပုံစံမှာ ဟန်ဆောင်နေခြင်း မဟုတ်သည်မှာ သေချာသည်။
မော့ကျွင်းလင်သည်လည်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသူကို ရှာမတွေ့ပေ။ သို့သော် ထိုအကြည့်ပိုင်ရှင်မှာ သူ့ကို သတ်ဖြတ်ရန် စောင့်ဆိုင်းနေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ခံစားနေရသည်။ ထိုခံစားချက်မှာ ခဏမျှသာ ဖြစ်သော်လည်း မော့ကျွင်းလင်ကဲ့သို့ ထိပ်တန်းပညာရှင်တစ်ဦးအတွက်မူ အမှားအယွင်း မရှိနိုင်ပေ။ အမှောင်ထဲတွင် အလွန် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦး ပုန်းကွယ်နေသည်မှာ သေချာပေသည်။
ဤအခြေအနေတွင် စူးချန်ခုန်းနှင့် ဆက်လက် တိုက်ခိုက်ရန်မှာ မော့ကျွင်းလင်အတွက် မဖြစ်နိုင်တော့ပေ။
“တာ့ဝူဖုန်း... ဒီနေ့အတွက် ဒီမှာတင် ရပ်လိုက်ရအောင်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေတော့။ သွားပြီ။”
မော့ကျွင်းလင်က လေးနက်စွာ ပြောလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို သတိထားလျက် သူ၏ စွမ်းအင်အတောင်ပံများကို သုံးကာ အသည်းအသန် ထွက်ပြေးသွားတော့သည်။
“ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ။” တောင်ယက္ခနှင့် ဓားယက္ခတို့မှာ အခြေအနေကို နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ မော့ကျွင်းလင်သည် သူ၏ အစွမ်းကုန်ကို မထုတ်ရသေးဘဲ အဘယ်ကြောင့် ဆုတ်ခွာသွားရသနည်း။ သို့သော် ဂိုဏ်းချုပ်တွင် အကြောင်းပြချက် ရှိမည်ဟု ယုံကြည်ကာ သူတို့လည်း ကောင်းကင်နတ်ဆိုး အဖိုးအိုကို ပစ်ထားခဲ့ပြီး မော့ကျွင်းလင်နောက်သို့ အပြေးလိုက်သွားကြသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ... သူတို့အားလုံး ဆုတ်သွားကြတာလား။” ကောင်းကင်နတ်ဆိုး အဖိုးအို ကြောင်သွားသည်။ မော့ကျွင်းလင်သည် သူ၏ ကိုယ်ပေါ်ရှိ ရတနာများကိုပင် ဂရုမစိုက်ဘဲ ထွက်ပြေးသွားခြင်း ဖြစ်သည်။
စူးချန်ခုန်းလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လိုက်ပြီး တိုက်မနေတော့ပေ။ ခဏတာ ရင်ဆိုင်မှုအတွင်း မော့ကျွင်းလင်မှာ အနည်းငယ်သာ ရှုံးနိမ့်ခဲ့သော်လည်း တစ်စုံတစ်ခုကို ကြောက်လန့်သွားသကဲ့သို့ အမြန် ဆုတ်ခွာသွားခြင်းမှာ ထူးဆန်းလှသည်။ မိစ္ဆာလောက၏ ဘုရင်တစ်ပါးမှာ အကြောင်းပြချက်မရှိဘဲ ဤသို့ လုပ်လိမ့်မည် မဟုတ်ပေ။
စူးချန်ခုန်း ပတ်ဝန်းကျင်ကို သတိကြီးစွာ စူးစမ်းလိုက်သော်လည်း စိမ်းလန်းသော တောင်တန်းများ ပြာလွင်သော ရေပြင်နှင့် တိမ်တိုက်များမှလွဲ၍ မည်သည့်အရာကိုမျှ မတွေ့ရပေ။ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ထိပ်တန်းပညာရှင်များပင် မသိနိုင်အောင် တိတ်တဆိတ် စောင့်ကြည့်နေနိုင်သနည်း။ လုံးဝကို သတိမထားမိနိုင်လောက်အောင်တောင်လား။