အခန်း (၇၁၅-၇၁၇)
Vol. 48 Ch. 715-717
အခန်း (၇၁၅) ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြား။ အသက်ခြွေအဖွဲ့အစည်း၏ အရှင်သခင်။ (၁)
စူးချန်ခုန်းသည် ဝိညာဉ်စွမ်းအင်စီးဆင်းမှုကို ကြည့်ရှုသည့် တောက်ယင်ကျင့်စဉ်ကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အသေအချာ စူးစမ်းလိုက်သော်လည်း ဘာထူးခြားသည့်အရာကိုမျှ မတွေ့ရပေ။
“အဟွတ်... အဟွတ်... အဟွတ်...မိတ်ဆွေလေးတာ့၊ မော့ကျွင်းလင်ကို မောင်းထုတ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
ထိုအချိန်တွင် ချောင်းဆိုးသံများနှင့်အတူ ကောင်းကင်နတ်ဆိုး အဖိုးကြီး၏ ဧရာမခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်ကျုံ့ဝင်သွားပြီး ခြောက်ကပ်နေသော အဖိုးကြီးအသွင်သို့ ပြန်ပြောင်းသွားသည်။ သူ၏ မျက်နှာတွင် အလွန်အမင်း ကျေးဇူးတင်နေသည့် အရိပ်အယောင်များ အပြည့်။
စူးချန်ခုန်းက သူ့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ “အလောင်းအဖိုးကြီး... ခင်ဗျားက မော့ကျွင်းလင်ကို ကျွန်တော့်ဆီ ခေါ်လာခဲ့တာပဲ။ ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လို ရှင်းကြမလဲ။”
ကောင်းကင်နတ်ဆိုး အဖိုးကြီးသည် စူးချန်ခုန်း၏ အရှိန်အဝါကို ရနံ့ခံမိကာ မော့ကျွင်းလင်နှင့် အခြားသူများကို ဤနေရာသို့ တမင် ဦးတည်ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ စူးချန်ခုန်းသာ အစွမ်းမထက်ခဲ့လျှင် သော်လည်းကောင်း၊ မော့ကျွင်းလင်က အကြောင်းရင်းမရှိဘဲ ဆုတ်ခွာမသွားခဲ့လျှင် သော်လည်းကောင်း ပြင်းထန်သော အသက်လုတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပေလိမ့်မည်။ မော့ကျွင်းလင်မှာ မိစ္ဆာလမ်းစဉ်၏ ဘုရင်တစ်ပါးဖြစ်သဖြင့် သူ၏ အစွမ်းမှာ အလွန်ပင် ခန့်မှန်းရခက်လှသည်။
ကောင်းကင်နတ်ဆိုး အဖိုးကြီး၏ အန္တရာယ်ကို သူတစ်ပါးထံ လွှဲပြောင်းပေးသည့် နည်းလမ်းကြောင့် စူးချန်ခုန်း အမှန်တကယ်ပင် ဒေါသထွက်နေသည်။
ကောင်းကင်နတ်ဆိုး အဖိုးကြီးက ချောင်းခြောက်ဆိုးရင်း “မိတ်ဆွေလေးတာ့..တကယ်တော့ ငါ့အမှားပါ။ ဒါပေမဲ့ အလိုက်ခံနေရတဲ့အချိန်မှာ တခြားနည်းလမ်း ငါမစဉ်းစားမိဘူး။ ဒါပေမဲ့ ငါ မင်းကို ပြန်ပြီး လျော်ကြေးပေးပါ့မယ်။ 'ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြား' ရဲ့ ဝင်ခွင့်တစ်နေရာကို မင်းကို ပေးပါ့မယ်”
“ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြားလား”
စူးချန်ခုန်း၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မပြပေ။ သူသည် ထိုအရာအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ချေ။ သို့သော် မော့ကျွင်းလင်က ဤအဖိုးကြီးနောက်ကို အသည်းအသန် လိုက်နေခြင်းနှင့်၊ အဖိုးကြီး ပြောခဲ့သော သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်သည့် အခွင့်အရေးမှာ ဤတံဆိပ်ပြားနှင့် ဆက်စပ်နေမည်မှာ သေချာသည်။
ကောင်းကင်နတ်ဆိုး အဖိုးကြီးက ရှင်းပြသည်။ “ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြားဆိုတာ ‘ကောင်းကင်နဂါးနိုင်ငံတော်’ ရဲ့ နောက်ဆုံး သိုင်းဝိဇ္ဇာသူတော်စင် ချန်ထားခဲ့တဲ့ အမွေအနှစ်တစ်ခုပဲ။ နဂါးမင်းမိသားစုက တစ်ချိန်က အရမ်းစည်ပင်ထွန်းကားခဲ့ပေမဲ့ အချိန်ကာလတွေ ကုန်လွန်လာတာနဲ့အမျှ ဆုတ်ယုတ်လာခဲ့တယ်။ သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ အစွမ်းနဲ့တောင် ဒီကံကြမ္မာလှိုင်းလုံးကြီးကို မတားဆီးနိုင်ခဲ့ဘဲ နောက်ဆုံးမှာ ကောင်းကင်နဂါးနိုင်ငံတော် ပျက်စီးသွားခဲ့ရတယ်”
“ကောင်းကင်နဂါးနိုင်ငံတော်”
စူးချန်ခုန်း စဉ်းစားလိုက်သည်။ ယနေ့ခေတ်တွင် လူသားမျိုးနွယ်စုကြား၌ နိုင်ငံကြီး ၁၀ နိုင်ငံ ရှိသည်။ သို့သော် ရှည်လျားလှသော သမိုင်းတစ်လျှောက်တွင် နိုင်ငံများ ပေါ်ထွန်းလာခြင်းနှင့် ပျက်စီးသွားခြင်းမှာ မဆန်းပေ။ ကောင်းကင်နဂါးနိုင်ငံတော် မှာ ပျက်စီးသွားခဲ့ပြီဖြစ်သော ထိုနိုင်ငံများထဲမှ တစ်ခုပင် ဖြစ်သည်။
“ကောင်းကင်နဂါးနိုင်ငံတော် ပျက်စီးပြီးတဲ့နောက်မှာ အဲဒီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ ‘လုံ’ မိသားစုလည်း ကံကုန်ပြီး ဆုတ်ယုတ်သွားခဲ့တယ်။ မီးအိမ်ထဲက ဆီကုန်ခါနီးအချိန်မှာ ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင်က သူ မကွယ်လွန်ခင် ကျောက်စိမ်းတံဆိပ်ပြား ၅ ခု ချန်ထားခဲ့တယ်။ အဲဒီတံဆိပ်ပြားကို ကိုင်ဆောင်ထားသူတွေက လုံမိသားစုရဲ့ ကောင်းကင်ဂူနန်းနဲ့ မင်္ဂလာနယ်မြေထဲကို ဝင်ရောက်နိုင်ပြီး လုံမိသားစုရဲ့ ရတနာတွေကို ရယူနိုင်မှာ။”
ကောင်းကင်နတ်ဆိုးအဖိုးအို၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင် တလက်လက်တောက်နေ၏။ ကောင်းကင်နဂါးနိုင်ငံတော်၏ လုံမိသားစုမှာ တစ်ချိန်က နိုင်ငံတစ်ခုကို အုပ်ချုပ်ခဲ့သူများ ဖြစ်သဖြင့် သူတို့၏ အမွေအနှစ်မှာ အလွန်ပင် နက်ရှိုင်းလှပေမည်။ နိုင်ငံပျက်စီးသွားသော်လည်း သူတို့၏ နတ်ဘုရားမျိုးစေ့များကဲ့သို့သော ရတနာအချို့မှာ ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုရတနာများမှာ လုံမိသားစု ထိန်းချုပ်ထားသော မင်္ဂလာမြေအတွင်း၌ ရှိနေပြီး ကျောက်စိမ်းတံဆိပ်ပြား ၅ ခုမှာ ထိုနေရာသို့ ဝင်ရောက်နိုင်သည့် သော့များ ဖြစ်ကြသည်။
ဤတံဆိပ်ပြားများကို လူတိုင်းက လိုက်လံရှာဖွေနေကြသော်လည်း စုစည်းရန်မှာ အလွန်ခက်ခဲလှသည်။ ယခုကဲ့သို့ စွမ်းအင်ဒီရေလှိုင်းကြီး ချဉ်းကပ်လာချိန်တွင်မှ ပျောက်ဆုံးနေသော ကျောက်စိမ်းတံဆိပ်ပြားများ လောကထဲသို့ ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဖိုးကြီးမှာ ကံကောင်းထောက်မစွာဖြင့် တံဆိပ်ပြားတစ်ခု၏ တည်နေရာကို သိရှိပြီး သိမ်းဆည်းနိုင်ခဲ့သော်လည်း သတင်းမှာ ပေါက်ကြားသွားခဲ့သည်။
မော့ကျွင်းလင်က ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ လာရောက်ကာ တံဆိပ်ပြားတစ်ခုလျှင် ဝင်ခွင့်နှစ်နေရာ ပေးမည်ဟု ကတိပေးကာ လဲလှယ်ရန် ကြိုးစားခဲ့သည်။ သို့သော် အဖိုးကြီးက ဈေးဆစ်ရန် ကြိုးစားသောအခါ မော့ကျွင်းလင်က ချက်ချင်း သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အဖိုးကြီးက မျက်နှာပေါ်ရှိ အရေးအကြောင်းများ လှုပ်ရှားသွားသည်အထိ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒီတံဆိပ်ပြားတစ်ခုဟာ လုံမိသားစု ကောင်းကင်ဂူနန်းထဲကို လူနှစ်ယောက် ဝင်ခွင့်ပေးနိုင်တယ်။ မိတ်ဆွေလေးတာ့... ဒါ အတော်ပဲ၊ ငါတို့ တစ်ယောက် တစ်နေရာစီ ယူကြမယ်။ ဒါ ငါတို့ရဲ့ ကံကြမ္မာပဲ။ ငါတို့ နှစ်ယောက် ပူးပေါင်းရင် အဲဒီထဲကနေ ရတနာတွေ အများကြီး ရမှာ သေချာတယ်။”
ယခုအခါ မော့ကျွင်းလင်ကို ရန်စမိပြီးဖြစ်ရာ မိစ္ဆာဂိုဏ်းလောကတွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သောကြောင့် ကောင်းကင်နတ်ဆိုးအဖိုးကြီးသည် အစွမ်းထက်သော စူးချန်ခုန်းနှင့် ပူးပေါင်းရန် မှန်ကန်သော ရွေးချယ်မှုအဖြစ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် ရည်မှန်းချက်များ တောက်လောင်နေသည်။ “ဒါ ငါ့ဘဝအတွက် စောင့်နေခဲ့တဲ့ အခွင့်အရေးပဲ။ ငါ့အသက်ကို ရင်းပြီး ရယူရမယ့် အခွင့်အရေးပဲ။”
သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်ရန်နှင့် ထာဝရရှင်သန်ရန်အတွက် ကောင်းကင်အလောင်းပြင်ကြီးသည် မိမိကိုယ်ကိုယ် ဖုတ်ကောင်အဖြစ် ပြောင်းလဲကာ ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ လုံမိသားစု၏ ရတနာများမှာ သူ စောင့်မျှော်နေသော အရာ ဖြစ်သည်။ အကယ်၍ သူသာ နတ်ဘုရားမျိုးစေ့ သို့မဟုတ် အခြားရတနာကို ရရှိပါက သူ၏ အဆင့်မှာ ပိုမိုမြင့်တက်သွားပေလိမ့်မည်။
‘နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ မိသားစုရဲ့ ရတနာတွေလား...’
စူးချန်ခုန်းလည်း စိတ်ဝင်စားသွားသည်။ လုံလောက်သော အရင်းအမြစ်များ ရှိပါက သူသည် လိပ်ချီစွမ်းအင်ကို ပိုမိုမြန်ဆန်စွာ တိုးပွားစေနိုင်ပြီး သူ၏ နတ်ဘုရားစွမ်းရည်တုများကိုလည်း အစစ်အမှန် နတ်ဘုရားစွမ်းရည်များအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။ ဤလုံမိသားစုမှာ ရှယန်မိသားစုကဲ့သို့ပင် နိုင်ငံကို စိုးမိုးခဲ့သူများ ဖြစ်သော်လည်း ကွာခြားချက်မှာ လုံမိသားစုမှာ ပျက်စီးသွားပြီ ဖြစ်ခြင်းပင်။
“ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြား ဘယ်မှာလဲ။”
စူးချန်ခုန်းက တိုက်ရိုက် မေးလိုက်သည်။ ကောင်းကင်နတ်ဆိုးအဖိုးကြီး၏ မျက်နှာမှာ တောင့်တင်းသွားသည်။ သူက ရယ်မောရင်း ပြောလိုက်သည်။ “မိတ်ဆွေလေးတာ့... ငါ မင်းကို ဝင်ခွင့်တစ်နေရာ သေချာပေါက် ပေးမှာပါ။ လောလောဆယ် ကျန်တဲ့တစ်နေရာအတွက် ယုံကြည်စိတ်ချရတဲ့ ပညာရှင်လည်း ရှာမတွေ့သေးဘူး။ တံဆိပ်ပြား ၅ ခုစလုံး စုံပြီဆိုတာနဲ့ ငါ မင်းဆီကို လာရှာပြီး လုံမိသားစု ကောင်းကင်ဂူနန်းထဲကို အတူတူ ဝင်ကြမယ်လေ။”
စူးချန်ခုန်းက အေးစက်စွာ ပြောလိုက်သည်။ “ရတယ်... ဒါပေမဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ကျွန်တော့်ဆီမှာပဲ ထားမယ်။ လုံမိသားစု ကောင်းကင်ဂူနန်း ပွင့်တဲ့အခါမှ ကျွန်တော် ခင်ဗျားကို လာရှာမယ်”
စူးချန်ခုန်းက ကောင်းကင်နတ်ဆိုးအဖိုးကြီးကို မယုံပါပေ။ စောင့်ဆိုင်းနေမည့်အစား အခြေအနေကို သူကိုယ်တိုင် ထိန်းချုပ်ထားလိုသည်။ ကောင်းကင်နတ်ဆိုးအဖိုးကြီးသည် ယခုအချိန်တွင် သဘောကောင်းသလို ပြောနေသော်လည်း တကယ်တမ်း ကောင်းကင်ဂူနန်း ပွင့်လာသောအခါ စူးချန်ခုန်းထံသို့ လာရှာမည် မဟုတ်ဘဲ ကျန်သည့်နေရာကို ပေးမည် မဟုတ်ပေ။
အခန်း (၇၁၆) ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြား။ အသက်ခြွေအဖွဲ့အစည်း၏ အရှင်သခင်။ (၂)
ထို့ကြောင့် ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြားကို မိမိလက်ထဲတွင် ထားတာက အလုံခြုံဆုံးသော နည်းလမ်းပင် ဖြစ်သည်။
“မိတ်ဆွေလေးတာ့... ဒါကတော့ နည်းနည်း မတရားသလိုပဲနော်။ ပြီးတော့ ကျောက်စိမ်းတံဆိပ်ပြားက ငါ့ကိုယ်ပေါ်မှာလည်း မရှိဘူး...” ကောင်းကင်နတ်ဆိုးအဖိုးကြီးက စူးချန်ခုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူသည်လည်း ဤသဘောတရားကို နားလည်သည်။ အကယ်၍ သူက တံဆိပ်ပြားကို စူးချန်ခုန်းအား ပေးလိုက်ပြီး နောက်ပိုင်းတွင် စူးချန်ခုန်းက သူ့ကို ခေါ်မသွားလျှင် သူ ဘာလုပ်နိုင်မည်နည်း။
“အဖိုးကြီး... ခင်ဗျားက ကျွန်တော်နဲ့ ပူးပေါင်းပြီး လုံမိသားစု ကောင်းကင်ဘုံနန်းထဲမှာ ရတနာတွေ ရှာချင်တယ် ပြောနေပေမဲ့ ကျွန်တော့်အပေါ် ဒီလောက်လေးတောင် ယုံကြည်မှု မရှိဘူးလား။ ငါတို့ ဟိုထဲကို ရောက်သွားရင်တောင် စိတ်တူကိုယ်တူ အလုပ်လုပ်နိုင်ပါ့မလားပဲ။” စူးချန်ခုန်းက မဲ့ပြုံး ပြုံးရင်း ပြောလိုက်သည်။ “ကျွန်တော်က ဒီလုံမိသားစုရဲ့ ကောင်းကင်ဂူနန်းကို အဲလောက်ကြီး စိတ်မဝင်စားပါဘူး။ ခင်ဗျား မပေးချင်ဘူးဆိုရင်လည်း ခုနက ကျွန်တော့်ဆီ ပြဿနာတွေ ယူလာခဲ့တဲ့ ကိစ္စကိုပဲ အရင် ရှင်းကြတာပေါ့။”
ကောင်းကင်နတ်ဆိုးအဖိုးကြီး၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ တာ့ဝူဖုန်းမှာ ငယ်ရွယ်သော်လည်း သူ့ကို အကွက်ကျကျ ချုပ်ကိုင်နိုင်စွမ်း ရှိနေသည်။ စူးချန်ခုန်း၏ တိုက်ခိုက်တော့မည့် ပုံစံကို မြင်သောအခါ ကောင်းကင်နတ်ဆိုးအဖိုးကြီး မိမိ၏ အခြေအနေကို ပြန်သုံးသပ်လိုက်သည်။ သူသည် ဒဏ်ရာအပြင်းအထန် ရထားသူဖြစ်ရာ အစွမ်းထက်သော တာ့ဝူဖုန်းနှင့် တိုက်ခိုက်လျှင် ထွက်ပြေးလွတ်မြောက်ရန်ပင် အခွင့်အရေး ရှိမည်မဟုတ်ပေ။
နောက်ဆုံးတွင် အဖိုးကြီးက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ “မင်းပြောတာ မှန်ပါတယ်။ ကောင်းကင်ဂူနန်းထဲကို တကယ်ဝင်ဖို့ဆိုရင် ငါတို့ကြားမှာ ယုံကြည်မှု ရှိဖို့ လိုတာပေါ့။ ကျန်တဲ့ ကျောက်စိမ်းတံဆိပ်ပြားတွေကလည်း တခြား ဂိုဏ်းကြီးတွေနဲ့ အင်အားစုတွေဆီ ရောက်ကုန်လောက်ပြီ... ကောင်းပြီ။ ဒီတံဆိပ်ပြားကို မင်းဆီမှာပဲ ထားလိုက်တော့မယ်။”
စကားအဆုံးတွင် ကောင်းကင်နတ်ဆိုးအဖိုးကြီး၏ လည်ချောင်းမှာ လှုပ်ရှားသွားပြီး လက်ဝါးအရွယ်အစားခန့်ရှိသော ကျောက်စိမ်းတံဆိပ်ပြား တစ်ခုမှာ သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာကာ စူးချန်ခုန်းထံသို့ ဖြည်းညှင်းစွာ ပျံသန်းသွားသည်။ သူသည် အလျော့ပေးလိုက်ရခြင်း ဖြစ်သည်။
စူးချန်ခုန်းသည် တံဆိပ်ပြားကို ချက်ချင်း မကိုင်ဘဲ သဘာဝဝိညာဉ်စွမ်းအင်များဖြင့် ရစ်ပတ်ကာ အသေအချာ စစ်ဆေးလိုက်သည်။ တံဆိပ်ပြားပေါ်တွင် အသက်ဝင်လှသော နဂါးရုပ်လေး တစ်ရုပ်ကို ထွင်းထုထားပြီး ဖျော့တော့သော ဝိညာဉ်စွမ်းအင်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ၎င်းမှာ အလွန်ပင် ထူးခြားသော အရည်အသွေး ရှိပုံရသည်။
“ဒါက ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြားပေါ့...” စူးချန်ခုန်း စိတ်ဝင်တစား ကြည့်လိုက်သည်။
“ကောင်းကင်နဂါးနိုင်ငံတော် ပျက်စီးသွားပြီးတဲ့နောက်မှာ အဲဒီနယ်မြေတွေကို ‘ငွေလမင်းအင်ပါယာ’ က သိမ်းယူခဲ့တယ်။ အခုတော့ ငါတို့ သတင်းကို စောင့်ကြည့်ရုံပဲ။ ငွေလမင်းအင်ပါယာက မကြာခင်မှာ သတင်းတွေ ထုတ်ပြန်လာလိမ့်မယ်လို့ ငါ ခန့်မှန်းရတယ်။ အဲဒီအချိန်ကျရင် ငါတို့ ငွေလမင်းအင်ပါယာကို အတူတူ သွားကြတာပေါ့” ဟု ဘေးမှ ကောင်းကင်နတ်ဆိုး အဖိုးကြီးက ပြောလိုက်သည်။
ငွေလမင်းအင်ပါယာမှာ ရှယန်အင်ပါယာနှင့် အိမ်နီးချင်းနိုင်ငံ ဖြစ်သည်။ ရှယန်အင်ပါယာ၊ ဝူကျိအင်ပါယာနှင့် ငွေလမင်းအင်ပါယာတို့မှာ အလယ်အလတ်အဆင့်ရှိ နိုင်ငံကြီး ၃ ခု ဖြစ်ကြသည်။ အုပ်ချုပ်သူများ ပြောင်းလဲသွားသော်လည်း မြေကမ္ဘာမှာမူ ပြောင်းလဲခြင်း မရှိပေ။
“နောက်မှပဲ ကျွန်တော် လိုအပ်တဲ့ သတင်းတွေကို ထပ်ရှာကြည့်လိုက်မယ်” စူးချန်ခုန်းသည် ကောင်းကင်နတ်ဆိုးအဖိုးကြီး၏ စကားကို အပြည့်အဝ မယုံကြည်ပေ။ သို့သော် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများ သို့မဟုတ် ရှယန်မိသားစု၏ အမှတ်အသား တုံကင်ပြားကို အသုံးပြု၍ စုံစမ်းရန်မှာ မခက်ခဲပေ။
ကောင်းကင်နတ်ဆိုးအဖိုးကြီးက အကြံပြုလိုက်သည်။ “မိတ်ဆွေလေးတာ့... အချိန်ကျရင် ရှယန်အင်ပါယာ မြောက်ပိုင်းက အလောင်းမြှုပ်တောင်မှာ ငါ့ကို လာရှာပါ။ ငါ အဲဒီမှာပဲ ဒဏ်ရာကုသရင်း စောင့်နေပါ့မယ်”
မော့ကျွင်းလင်ကို ရန်စမိထားသဖြင့် အဖိုးကြီးသည် သူ၏ မူလဂိုဏ်းသို့ မပြန်တော့ဘဲ အခြားတစ်နေရာတွင် ပုန်းကွယ်ကာ ဒဏ်ရာကုသရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ကောင်းပါပြီ” ဟု စူးချန်ခုန်းက ခေါင်းငြိမ့်ပြလိုက်သည်။
ကောင်းကင်နတ်ဆိုးအဖိုးကြီးသည် ကျောက်စိမ်းတံဆိပ်ပြားကို နောက်ဆုံးတစ်ခေါက် နှမြောတသစွာ ကြည့်လိုက်ပြီးနောက် ထွက်သွားတော့သည်။
“နေဦး... ခင်ဗျား ခုနက တခြား ထူးဆန်းတဲ့ အရှိန်အဝါ တစ်ခုခုကို ခံစားလိုက်ရသေးလား။” စူးချန်ခုန်းက လှမ်းမေးလိုက်သည်။
ခုနက မော့ကျွင်းလင်မှာ တစ်စုံတစ်ခုကို အာရုံခံမိ၍သာ အလျင်စလို ထွက်ပြေးသွားခြင်း ဖြစ်သော်လည်း စူးချန်ခုန်းမှာမူ မည်သည့်အရာကိုမျှ မခံစားမိခဲ့ပေ။ ကောင်းကင်နတ်ဆိုးအဖိုးကြီးမှာ ခြေရာခံခြင်းနှင့် အာရုံခံခြင်းတွင် ကျွမ်းကျင်သူဖြစ်သဖြင့် သူ့ကို မေးကြည့်ရခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဆိုးအဖိုးကြီး ခေတ္တရပ်သွားပြီးနောက် ခေါင်းခါပြသည်။ “မင်းရယ် ငါရယ် မော့ကျွင်းလင်တို့ အုပ်စုကလွဲရင် အနီးအနားမှာ ဘယ်သူမှ မရှိပါဘူး”
ကောင်းကင်နတ်ဆိုးအဖိုးကြီးက သူ၏ အာရုံခံနိုင်စွမ်းကို ယုံကြည်မှု အပြည့်ရှိသည်။ မဟုတ်လျှင် သူသည် မော့ကျွင်းလင်၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်လာနိုင်စရာ အကြောင်းမရှိပေ။ သို့သော် စူးချန်ခုန်း စိတ်ထဲတွင် သံသယများ ရှိနေဆဲ ဖြစ်သော်လည်း ရှာမတွေ့သဖြင့် လွှတ်ထားလိုက်ရတော့သည်။
စူးချန်ခုန်းသည် ကြိုးကြာငှက်ဖြူကို စီးနင်းကာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်လာခဲ့သည်။ ဤခရီးစဉ်တွင် ကျီးရွှယ်ရှောင်းထံသို့ နတ်ဘုရားမျိုးစေ့ သွားပို့ရာမှ မမျှော်လင့်ဘဲ 'ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြား' ကို ရရှိခဲ့ခြင်းမှာ ကံကောင်းမှု တစ်ခုပင် ဖြစ်သည်။
လမ်းတွင် စူးချန်ခုန်းသည် ရှယန်မိသားစု၏ အမှတ်အသား တုံကင်ပြားကို ထုတ်ယူကာ ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြားနှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းလိုက်သည်။ မကြာမီမှာပင် ရှယန်ကျယ်ထံမှ ပြန်ကြားချက် ရောက်လာခဲ့သည်။ “သတင်းရတာနဲ့ အကြီးအကဲ တာ့ဝူဖုန်းကို ချက်ချင်း အကြောင်းကြားပေးပါ့မယ်။”
“အခုတော့ ကောင်းကင်နဂါး ကျောက်စိမ်းတုံကင်ပြားနဲ့ ပတ်သက်တဲ့ သတင်းကို စောင့်ဆိုင်းရင်း တိတ်တဆိတ် ကျင့်ကြံနေဖို့ပဲ ကျန်တော့တယ်။”
ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် စူးချန်ခုန်းသည် ကောင်းကင်နဂါး ကျောက်စိမ်းတုံကင်ပြား၏ သတင်းကို စောင့်မျှော်ရင်း အေးအေးဆေးဆေး ကျင့်ကြံနေထိုင်ခဲ့သည်။
အရာအားလုံးသည် ထုံးစံအတိုင်း အေးချမ်းသာယာနေပုံရသော်လည်း ထိုငြိမ်သက်နေသော မျက်နှာပြင်အောက်တွင် လှိုင်းတံပိုးတို့သည် တရိပ်ရိပ်နှင့် ထကြွနေပြီ ဖြစ်သည်။
နိုင်ငံအသီးသီးတို့၏ နယ်စပ်အကြားတွင် မည်သည့်နိုင်ငံပိုင်နက်မျှ မဟုတ်သော အုပ်ချုပ်သူမဲ့ တောရိုင်းမြေရိုင်းကြီး တစ်ခုရှိလေသည်။ ထိုနေရာတွင် ဥပဒေဟူသည် မရှိဘဲ ဓားပြများက စိတ်တိုင်းကျ သောင်းကျန်းခြိမ်းခြောက်နေကြသည်။
သာမန်အရပ်သားများအနေဖြင့် အစောင့်အရှောက်မပါဘဲ ထိုနေရာသို့ ချဉ်းကပ်ရန် အားထုတ်ခဲ့လျှင် ကြောက်မက်ဖွယ်ရာ သေဘေးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။
အခန်း (၇၁၇) ကောင်းကင်နဂါး ကျောက်စိမ်းတံဆိပ်ပြား။ အသက်ခြွေအဖွဲ့အစည်း၏ အရှင်သခင်။ (၃)
“သောက်ကြဟေ့.. သောက်ကြ။”
ခုခံရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသော တောင်ကုန်းတစ်ခုပေါ်တွင် ဝတ်စုံအမျိုးမျိုးနှင့် ကြမ်းတမ်းခက်ထန်သော ပုံစံရှိသည့် လူတစ်စုသည် အရက်ကို အငမ်းမရသောက်ကာ အသားများကို ကိုက်ခဲစားသောက်နေကြသည်။ ဤသူများမှာ နိုင်ငံနှစ်ခု၏ နယ်စပ်တွင် အခြေစိုက်ထားသော တောင်ဓားပြအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တစ်စုံတစ်ရာအတွက် အောင်ပွဲခံနေကြခြင်း ဖြစ်သည်။
“ဟားဟား… တောင်ပိုင်းတိမ်ကိုယ်ရံတော်အဖွဲ့ရဲ့ အကြီးအကဲဆိုတဲ့ကောင်က ငါတို့ ‘တောင်ကုန်းနက်စခန်း’ ရှေ့မှာ လာပြီး မာန်တက်နေသေးတယ်။ ‘သေ’ ဆိုတဲ့ စကားလုံးကို ဘယ်လိုပေါင်းရမှန်းတောင် မသိတဲ့ကောင်ပဲ။ အခုတော့ လူရော ပစ္စည်းရော အကုန် ငါတို့လက်ထဲ ရောက်သွားပြီ။”
ကိုယ်ရံတော်အဖွဲ့ထံမှ ဆုလာဘ်များ အသီးသီးရရှိထားသဖြင့် တောင်ကုန်းနက်စခန်းမှ ဓားပြများမှာ စိတ်ဓာတ်တက်ကြွနေကြသည်။
“အဲဒါ... ဘာကြီးလဲ။”
အရက်မူးပြီး လေချဉ်တက်နေသော ဓားပြတစ်ဦးသည် ခေါင်းကိုခါယမ်းကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ထိတ်လန့်သွားတော့သည်။ နေ့ခင်းကြောင်တောင် အချိန်ဖြစ်သော်လည်း ကောင်းကင်တွင် မည်းမှောင်သော တိမ်တိုက်များ ရုတ်တရက် စုစည်းလာပြီး စခန်းတစ်ခုလုံးကို အရိပ်မည်းကြီး လွှမ်းမိုးသွားသည်။ စခန်းအတွင်း၌ မိမိလက်ဝါးကိုပင် မမြင်ရလောက်အောင် အမှောင်အတိ ကျသွားခဲ့သည်။
“တိမ်တွေထဲမှာ... လူတစ်ယောက် ရှိနေတယ်”
မျက်စိလျင်သူအချို့မှာ ထိုတိမ်တိုက်မည်းကြီးထဲတွင် မတ်တတ်ရပ်နေသော လူပုံရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။ ထိုပုံရိပ်မှာ ခုနစ်ပေခန့် မြင့်မားပြီး ထွားကျိုင်းတောင့်တင်းလှသည်။
“ကောင်းကင်ကြီး... ပြိုကျလာတာလား။”
ကြောက်စရာကောင်းသည်မှာ ကောင်းကင်မှ တိမ်တိုက်များသည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ အောက်ဘက်ရှိ စခန်းထံသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာခြင်း ဖြစ်သည်။
“ပြေးကြဟေ့”
အချို့က သတိဝင်ကာ အသည်းအသန် ထွက်ပြေးရန် ကြိုးစားသော်လည်း လွတ်မြောက်စရာ နေရာမရှိပေ။
“ဝုန်း”
ဧရာမ တိမ်တိုက်မည်းကြီးက ဖိချလိုက်ရာ စခန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ အိမ်ခြေနှင့် အဆောက်အဦးများမှာ ပြင်းထန်လှသော ဖိအားကြောင့် ပြိုကျပျက်စီးသွားပြီး ဓားပြများမှာလည်း အော်ဟစ်ချိန်ပင်မရဘဲ အသားတုံးများအဖြစ် ကြေမွကုန်ကြသည်။
ထို့နောက် တိမ်တိုက်များက ကြေမွသွားသော ဓားပြများကို စုပ်ယူကာ သွေးနီရောင် လုံးငယ်လေးများအဖြစ် ဖိသိပ်လိုက်သည်။ တိမ်တိုက်ထဲရှိ ထွားကျိုင်းသော လူပုံရိပ်က လက်ယက်ခေါ်လိုက်ရာ လူရာပေါင်းများစွာ၏ အသားနှင့် သွေးများဖြင့် ဖွဲ့စည်းထားသော ထိုလုံးငယ်လေးများမှာ သူ၏ လက်ဝါးထဲသို့ ကျရောက်လာသည်။ သူသည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ထိုအလုံးငယ်များကို တစ်ကျိုက်တည်း မျိုချလိုက်တော့သည်။
တိမ်တိုက်များ အနည်းငယ် လွင့်စင်သွားသောအခါ ထိုသူ၏ ရုပ်သွင် ပေါ်လာသည်။ သူသည် အသက် ၃၀ ကျော်ခန့်ရှိပြီး ဆံပင်ဖရိုဖရဲနှင့် ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ အသားစိမ်းကိုစားပြီး သွေးကိုသောက်သည့် တောရိုင်းသားရဲတစ်ကောင်နှင့် တူလှသည်။
“အရသာ မရှိလိုက်တာ... သွားရည်စာအဖြစ်ပဲ သဘောထားလိုက်တော့မယ်။ ဘယ်သိုင်းဂိုဏ်းက ငါ့မျက်စိထဲ ဝင်မလဲ ကြည့်ရသေးတာပေါ့” ထိုလူက နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ယုတ်မာစွာ ပြုံးလိုက်သည်။
နောက်ထပ် မည်သည့်နေရာတွင် သွားရောက်စားသောက်ရမည်ကို သူ စဉ်းစားနေစဉ် အနီးအနားရှိ တောအုပ်ထဲမှ သူ့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို အာရုံခံမိလိုက်သည်။ ၎င်းမှာ ဝတ်ရုံနက်ဝတ်ထားသော လူတစ်ဦး ဖြစ်သည်။
ဝူးရှ်
တွေဝေမနေဘဲ ထိုလူသည် တိမ်မြူထဲမှ ခုန်ဆင်းကာ ဝတ်ရုံနက်နှင့် လူ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ မိစ္ဆာတစ်ကောင်ထက်ပင် ကြောက်စရာကောင်းသော ဤလူသည် ဧကရာဇ်တစ်ပါး သို့မဟုတ် မိစ္ဆာအရှင်သခင်ကို တွေ့လိုက်ရသကဲ့သို့ ရိုသေစွာဖြင့် “လက်အောက်ငယ်သားက အသင်းတော် အရှင်ကို ဂါရဝပြုပါတယ်” ဟု စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှု ရောပြွမ်းလျက် ပြောလိုက်သည်။
ဝတ်ရုံနက်နှင့် လူမှာ တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏ ဝတ်ရုံထဲတွင် အသားနှင့် အရိုးများအစား အနက်ရောင် မြူခိုးများဖြင့်သာ ပြည့်နှက်နေပုံရသည်။ သူ၏ အေးစက်လှသော ရွှေရောင်မျက်လုံးများမှာ အခြားနယ်ပယ်တစ်ခုမှ လာသော သားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
“ပိုင်ယင်ခွမ်း... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ မင်း တော်တော် တိုးတက်လာတာပဲ” ဝတ်ရုံနက်နှင့် လူ၏ အသံက ပိုင်ယင်ခွမ်း ၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။
ပိုင်ယင်ခွမ်းက အလျင်အမြန် ပြန်ဖြေသည်။ “ဒါတွေအားလုံးက အရှင့်ရဲ့ သင်ကြားပြသမှုတွေကြောင့်ပါ။ မဟုတ်ရင် ကျွန်တော် ဒီနေ့လို အဆင့်မျိုး ရောက်လာမှာ မဟုတ်ပါဘူး။”
ဝတ်ရုံနက်နှင့် ပိုင်ယင်ခွမ်း၏ ရိုသေမှုကို ကျေနပ်သလို ခေါင်းညိမ့်ပြလိုက်သည်။
“အရှင်... ကျွန်တော့်ဆီကို ကိုယ်တိုင်လာရှာတယ်ဆိုတော့ အရေးကြီးတဲ့ တာဝန်တစ်ခုခုများ ရှိလို့လားခင်ဗျ။” ပိုင်ယင်ခွမ်း တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။ အသင်းတော် အရှင် ကိုယ်တိုင် ပေါ်လာသည်ဆိုပါက အရေးကြီးသည့် ကိစ္စဖြစ်မည်မှာ သေချာပါသည်။
“လူတစ်ယောက်ကို ရှင်းပစ်စေချင်တယ်” ဝတ်ရုံနက်နှင့် လူက တည်ငြိမ်စွာ ဆိုသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ယင်ခွမ်းက ပြုံးလိုက်ပြီး။ “အမိန့်သာ ပေးလိုက်ပါ အရှင်… သိုင်းဝိဇ္ဇာသူတော်စင် အဆင့်ကလွဲလို့ ကျန်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် သူ့ခေါင်းကို အရှင်ဆီ ဆက်သပါ့မယ်။”