စိတ်ဝိညာဉ်ဖမ်းစားသူ
Vol. 24 Ch. 332
သလင်းကျောက်ကို မြင်လိုက်သည်နှင့် ထိုလူ၏ နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။
“ဟုတ်တယ်။ ငါမင်းနောက်ကို အဲဒါအတွက်လိုက်နေတာ။
သူတို့ကိုယ်သူတို့ ရှာမန်လို့ခေါ်တဲ့ တစ်ခြားအသုံးမကျတဲ့ အမှိုက်နှစ်စမှာ အဲဒါမရှိတာတော့ စိတ်မကောင်းစရာပဲ။ ဒါပေမယ့် အဲဒါက မင်းဆီမှာရှိနေပြီဆိုမှတော့ အလိုလိုပဲ မင်းပိုင်တာဖြစ်သွားပါပြီ ညီနောင်မော့”
“မင်းသွားနေတဲ့ဘက်ကို ဆုံးဖြတ်ရမယ်ဆိုရင် ကောင်းကင်မြူခိုးမြိူ့တော်ဆီ ဦးတည်နေတာဖြစ်ရမယ်။ အဲလိုသာဆို ငါတို့ အတူတူသွားကြတာပေါ့” ဝူတုက လက်သီးနှင့်လက်ဝါးထပ်လျက် စုမင်အား နှုတ်ဆက်သည်။
“မလိုဘူး”
စုမင် ဝူတုကိုတစ်ချက်ကြည့်၍ လှည့်ထွက်လိုက်သည်။
ဤလူက အန္တရာယ်များကြောင်း သူပြောနိုင်သဖြင့် ကောင်းကင်မြူခိုးတိုက်ပွဲသို့ ဝင်ရောက်တော့မည့် သူ့အချိန်ကို မဖြုန်းတီးချင်ပေ။ ဟုတ်သည် အကယ်၍ ဤလူက အရင်စတိုက်လာလျှင်တော့ ထိုသူမည်မျှ အစွမ်းထက်ကြောင်း စစ်ဆေးကြည့်ရန် စုမင်စိတ်ထဲထည့်မည်မဟုတ်ပေ။
“ညီနောင်မော့ ခဏစောင့်ပါဦး” ဝူတုသည် ရှေ့သို့ခြေလှမ်းအနည်းငယ်လျှောက်လာပြီး ချက်ချင်းပြောဆိုလာ၏။
စုမင် ရုတ်တရက်ရပ်တန့်လိုက်ပြီး သူ့မျက်လုံးများအတွင်း အေးစက်စက်အကြည့်တစ်ခု ပေါ်လာခဲ့သည်။
“ညီနောင်မော့ အထင်မလွဲပါနဲ့။ ငါက သဘောတူညီချက်တစ်ခု လုပ်ချင်ရုံပါ။ မင်း အဲဒါကို သေချာပေါက်စိတ်ဝင်စားမှာပါ” စုမင်မျက်လုံးများအတွင်းရှိ အေးစက်စက်အကြည့်ကို သတိမပြုမိသကဲ့သို့ပင် အပြုံးတစ်ခုနှင့် ဝူတုပုံစံက တည်ငြိမ်နေခဲ့သည်။
စုမင် မည်သည့်စကားမှပြန်မပြောပဲ ဝူတုကိုသာ အေးစက်စွာစိုက်ကြည့်နေလိုက်သည်။
“ညီနောင်မော့ မင်းကောင်းကင်မြူခိုးမြို့တော်ဆီ တစ်ယောက်တည်းသွားတဲ့အခါ မင်းရဲ့ထူးချွန်အောင်မြင်မှုအတွက် သက်သေအချို့ယူသွားနိုင်မယ်ဆိုရင် ကောင်းကင်မြူခိုးမြို့တော်ထဲကို ဝင်တာနဲ့ မင်းရဲ့အဆင့်အတန်းက သေချာပေါက်ကို တော်တော်လေးမြင့်သွားမှာပဲ။ ညီနောင်မော့ ငါ ကိစ္စတစ်ခုမှာ မင်းအကူအညီလိုတယ်။ မင်းလည်းအောင်မြင်မှုတစ်ချို့ သေချာပေါက်အုပ်မိနိုင်မှာပါ။ အောင်မြင်သွားတာနဲ့ ကောင်းကင်မြူခိုးမြို့တော်ကတောင် မင်းကို မျက်နှာသာပေးမယ့် အောင်မှတ်တစ်ချို့ သေချာပေါက်ရစေရမယ်လို့ ငါမင်းကိုကတိပေးတယ်” ဝူတုက သူ့နှုတ်ခမ်းများကိုသပ်ရင်း ဖြည်းညင်းစွာပြောသည်။
“ဆက်ပြော” စိတ်တည်ငြိမ်မှုကို စုမင်ဆက်ထိန်းထားဆဲဖြစ်သည်။
“ဟားဟား ညီနောင်မော့၊ မင်းကပြတ်သားတဲ့လူပဲ။ ငါမင်းကို လေးစားသွားပြီ။ အဲဒါဆိုမှတော့ ငါလှည့်ပတ်မနေတော့ဘူးနော်။ အထူးနည်းလမ်းတစ်ချို့သုံးပြီး ငါတို့နယ်မြေထဲခိုးဝင်လာတဲ့ ရှာမန်တစ်ချို့ရှိတယ်ဆိုတဲ့အကြောင်း ငါသတင်းတစ်ခုရခဲ့တယ်။ အခု ကောင်းကင်မြူခိုးမြို့တော်ကလည်း သူတို့ကိုစိတ်ထဲထည့်ဖို့ အရမ်းအလုပ်ရှုပ်နေတာဆိုတော့”
“မင်းစောစောက မြင်ခဲ့တဲ့ရှာမန်သုံးယောက်က ပထမဆုံးအသုတ်ပဲ။ ခိုးဝင်လာတဲ့ တစ်ခြားရှာမန်တွေလည်း ရှိနေဦးမှာပဲ။ အကယ်၍ ငါတို့နှစ်ယောက်သာ အတူတူလုပ်ပြီး သူတို့အားလုံးကို သတ်ပြီး ကောင်းကင်မြူခိုးမြို့တော်ဆီ သူတို့ခေါင်းတွေယူသွားနိုင်မယ်ဆိုရင် ငါတို့ သေချာပေါက်ကို အောင်မြင်မှုအကြီးကြီး ပိုက်မိမှာပဲ”
“ညီနောင်မော့ မင်း ဘယ်လိုထင်လဲ” ဝူတုသည် စုမင်အား ပြုံးလျက်မေးသည်။
“အကယ်၍ သူတို့က ကောင်းကင်မြူခိုးမြို့တော်ရဲ့ အကာအကွယ်တွေအောက်ကတောင် ခိုးဝင်လာနိုင်မယ်ဆိုရင် သေချာပေါက်အားနည်းကြမှာ မဟုတ်ဘူး။ ဒါ့အပြင် သူတို့က လူနည်းစုပဲဆိုရင်လည်း ငါတို့က အောင်မှတ်တွေအများကြီးရမှာ မဟုတ်ဘူး။ ဒါပေမယ့် အကယ်၍ သူတို့ကအများကြီးဖြစ်နေရင်လည်း မင်းနဲ့ငါအတူတွဲလုပ်ရင်တောင်၊ သူတို့ကိုသတ်နိုင်ဖို့က ခဲယဉ်းနေဦးမှာပဲ”
“ပြီးတော့ ပိုအရေးကြီးတာက မင်းအဲဒါကို ဘယ်လိုသိလဲ” ဖြည်းဖြည်းချင်းမေးလိုက်သော စုမင်အသံက ရေခဲသဖွယ်အေးစက်နေသည်။
“ညီနောင်မော့၊ မင်းအဲအကြောင်း မသိလောက်ဘူးထင်တယ်။ ဒါပေမယ့် ကောင်းကင်မြူခိုးမြို့တော်ရဲ့ အကာအကွယ်တွေထဲမှာ အက်ကြောင်းတစ်ခုရှိတယ်... ကောင်းပြီလေ၊ အဲဒါက အမှန်တစ်ကယ် အက်ကြောင်းတစ်ခုတော့မဟုတ်ဘူးပေါ့။ ကျင့်ကြံဆင့်နိမ့်တဲ့ ရှာမန်ငယ်လေးတွေနဲ့ သူတို့အောက်ကလူတွေသာ အဲဒါကတစ်ဆင့် ဖြတ်သန်းနိုင်ကြတာ။ အလယ်အလတ်ရှာမန်တွေရဲ့ စွမ်းအားကတော့ အရမ်းကြီးမားလို့ ဝင်ရောက်ဖို့ခက်ခဲတယ်တဲ့”
“ပိုအရေးကြီးတာက အဲဒီအက်ကြောင်းကို ဖြတ်သွားနိုင်ဖို့အတွက် မင်းအသက်တွေအများကြီး စတေးဖို့လိုတာပဲ။ များသောအားဖြင့် လုံလောက်တဲ့ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့လူတွေကသာ စစ်ပွဲထဲမှာ အခွင့်အလမ်းတစ်ခုရှာပြီး ခိုးဝင်နိုင်ကြတာပေါ့”
“အဲလိုလူမျိုးက အရမ်းနည်းနေလို့သာ မဟုတ်ရင် အဲဒါက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေမှာမဟုတ်ဘူး။ ငါတို့မြေထဲကို ခိုးဝင်လာပြီး သွားလာနေတဲ့ရှာမန်တွေက အယောက်နှစ်ဆယ်မပြည့်ဘူးဆိုတဲ့ သတင်းတစ်ခုရခဲ့တာ။ ပြီးတော့ အဲလူတွေက ရိုးရေစတေးနယ်ပယ်ကနဦးဆင့်က လူတွေနဲ့တူတဲ့ စွမ်းအားရှိတဲ့ ရှာမန်ငယ်အများစုပဲ”
“ငါဒီအရာတွေ ဘာကြောင့်သိနေလဲဆိုတာကတော့... မင်းဆက်မမေးဖို့ ငါတောင်းဆိုရလိမ့်မယ်၊ ညီနောင်မော့။ အဲဒါက ငါ့လျှို့ဝှက်ချက်ပါ” ဝူတုသည် စုမင်အားကြည့်၍ အေးစက်စက်ပြောသည်။
“ငါ မင်းဆီက ဖုံးကွယ်မထားပါဘူး။ ငါတို့ အဲလူတွေကိုသတ်ပြီးတာနဲ့ မင်းအောင်မှတ်တွေလက်ခံဖို့အတွက် ငါသူတို့အလောင်းတွေ မင်းကိုပေးပါ့မယ်။ ဒါပေမယ့် သူတို့ပစ္စည်းတွေကိုတော့ ငါ ရ ရမယ်။ ကျေးဇူးတင်ဖို့ကတော့ ဒါတွေအားလုံးပြီးသွားတာနဲ့ သလင်းကျောက်တွေက ဘာအတွက်လည်းဆိုတာ ငါမင်းကိုပြောပြနိုင်ပါတယ်။ အဆုံးမှာတော့ ကောင်းကင်မြူခိုးတိုက်ပွဲထဲကျရင် ငါတို့အတွက် အဲဒါတွေရဖို့ အခွင့်အရေးတွေအများကြီး ရှိနေသေးတာကိုး”
“ဒါက ငါတို့ပထမဆုံးအကြိမ် အလုပ်တွဲလုပ်တာပဲ။ အကယ်၍ ကိစ္စအားလုံး အဆင်ပြေသွားရင်၊ ငါတို့အတူတူ ဆက်လုပ်လို့ရတာပေါ့။ မင်းငါ့ကိုမယုံနိုင်သေးဘူးဆိုရင်၊ ရှာမန်တစ်ယောက်နဲ့တွေ့တဲ့ အချိန်တိုင်း ငါ ပထမဆုံးစတိုက်ပါ့မယ်။ အဲလိုဆို မင်းလည်းဆုံးဖြတ်ချက်ချနိုင်သွားတာပေါ့” ဝူတုက အသံတိုးတိုးဖြင့်ပြောသည်။
စုမင် တိတ်ဆိတ်ငြိမ်သက်နေမိသည်။ အကယ်၍ ဤလျှို့ဝှက်ဆန်းကြယ်သော ဝူတုသည် အခြားအပေးအယူတစ်ခုခုကို ပြောဆိုခဲ့မည်ဆိုလျှင် သူ သေချာပေါက် စိတ်ဝင်စားခဲ့မိလိမ့်မည် မဟုတ်ပေ။ သို့သော် အကယ်၍ သူဤရှာမန်များကိုသာ အမဲလိုက်သတ်ဖြတ်နိုင်ခဲ့မည်ဆိုလျှင်တော့ ကောင်းကင်မြူခိုးမြို့တော်ဆီ သတ်မှတ်ချိန်အတွင်း မရောက်နိုင်ခဲ့ခြင်းအတွက် ၎င်းကို အကောင်းဆုံးဆင်ခြေအဖြစ် အသုံးချနိုင်ပေသည်။
“ရှာမန်ငယ်ဆိုတာ ဘာလဲ။ ပြီးတော့ နောက်တစ်ချက် အလယ်အလတ်ရှာမန်ဆိုတာကရော ဘာလဲ” စုမင် ခဏတာငြိမ်သက်နေပြီးမှ ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
ဝူတုသည် ခဏတာအံ့အားသင့်မင်သက်သွားပြီး စုမင်အား အံ့သြစွာလှမ်းကြည့်လာသည်။
“ညီနောင်မော့ မင်းမသိဘူးလား။ အိုး ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် ဒါကလည်း လျှို့ဝှက်ချက်မှ မဟုတ်တာ။ မင်းကလန်၊ ဒါမှမဟုတ် မျိုးနွယ်စုက မင်းကိုပြောပြဖို့မေ့နေတာ ဖြစ်မှာပေါ့”
ဝူတုသည် အနည်းငယ် ခြေရာကောက်ကြည့်လိုက်သော်လည်း စုမင်ဇစ်မြစ်ကို မဖော်ထုတ်နိုင်ခဲ့ချေ။ အနည်းငယ်ပိုမိုကြီးမားသော မျိုးနွယ်စုများသည် ရှာမန်မျိုးနွယ်စုအတွင်း အဆင့်ခွဲခြားသတ်မှတ်ခြင်း စနစ်ကို သေချာပေါက်သိလိမ့်မည်ဖြစ်ပြီး စုမင်ပုံစံကလည်း မျိုးနွယ်စုငယ်လေးတစ်ခုမှ ဆင်းသက်လာသူဟု မခံစားရပေ။
'သူငါ့ကို စမ်းသပ်နေတာများ ဖြစ်နိုင်မလား'
ဝူတုသည် စိတ်နှလုံးအတွင်း ပင့်သက်ရှိုက်မိလိုက်သော်လည်း စိတ်တည်ငြိမ်မှုကို ဆက်ထိန်းထားပြီး အပြုံးဖြင့်ပြောလိုက်သည်။ “ရှာမန်မျိုးနွယ်စုက မာန်စွမ်းအားရှင်မျိုးနွယ်စုနဲ့ မတူဘူး။ သူတို့က ငါတို့နဲ့လုံးဝကွဲပြားတယ်လို့တောင် ပြောလို့ရတယ်။ ငါတို့မာန်စွမ်းအားရှင်မျိုးနွယ်စုက ငါတို့အဆင့်တွေကို လှေကားတစ်စင်းတက်တဲ့ပုံမျိုး ပိုင်းခြားထားတာ။ သွေးကြောကျောက်သား၊ ရုပ်နယ်လွန်၊ ရိုးရေစတေးနဲ့ မာန်ဝိညာဉ်ဆိုပြီးတော့လေ”
“နယ်ပယ်တစ်ခုစီတိုင်းကို ကနဦး၊ အလယ်၊ နှောင်းပိုင်းနဲ့ ပြည့်စုံဆင့်တွေဆိုပြီး အဆင့်သေးလေးခု ပြန်ခွဲတယ်”
“ဒါမယ့် ရှာမန်မျိုးနွယ်စုကတော့ အဲလိုမဟုတ်ဘူး။ ရှာမန်မျိုးနွယ်စုထဲက အဆင့်ခွဲခြားသတ်မှတ်တဲ့ နည်းစနစ်က တော်တော်လေး ရှုပ်ထွေးတယ်လို့ပြောလို့ရသလို တော်တော်လေး
ရိုးရှင်းတယ်လို့လည်း ပြောလို့ရတယ်။ သူတို့မှာ အဓိက နယ်ပယ်ကြီးခြောက်ခုရှိတယ်။ တိုက်ပွဲရှာမန်၊ ဝိညာဉ် ဉာဏ်ပညာရှင်၊ ရှေ့ဖြစ်ဟောပညာရှင်၊ စိတ်ဝိညာဉ်ဖမ်းစားသူ၊ နတ်ဆရာနဲ့ ရောင်နီခွဲဖြာဆိုပြီးတော့ ခွဲခြားထားတာ”
“အဲဒီ နယ်ပယ်ခြောက်ခုက တစ်ခုထက်တစ်ခု သာလွန်တဲ့ပုံစံနဲ့ ခွဲခြားထားတယ်။ အဲဒီလမ်းကြောင်းခြောက်ခုက ရှာမန်တိုင်း အရွယ်ရောက်ခြင်းအခမ်းအနားပြီးရင် ရွေးချယ်နိုင်တဲ့အရာတွေလို့ ပြောလို့ရတယ်။ သူတို့ဘိုးဘေး ဒါမှမဟုတ် မျိုးနွယ်စုခေါင်းဆောင်က သူတို့ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံးလမ်းကြောင်းကို ရှာပေးဖို့ စမ်းသပ်မှုတစ်ခု ကျင်းပပေးလိမ့်မယ်”
“သူတို့မှာ နယ်ပယ်အမျိုးအစား ခြောက်ခုရှိပြီးတော့ တစ်ခုစီတိုင်းကို အငယ်၊ အလတ်၊ နှောင်းပိုင်းနဲ့ အဆုံးသတ်ဆိုပြီး အဆင့်လေးဆင့်ပိုင်းခြားထားတယ်။ ရှာမန်ငယ်တစ်ယောက်က ရိုးရေစတေးနယ်ပယ်ကနဦးဆင့်က လူတွေနဲ့ တူတယ်။ အလယ်အလတ်ရှာမန်တစ်ယောက်ကတော့ ရိုးရေစတေးနယ်ပယ် ကြီးမြတ်သောပြည့်စုံဆင့်ကိုရောက်နေတဲ့ ငါတို့လူတွေနဲ့ အတူတူလောက်ပဲ။ နှောင်းပိုင်းရှာမန်တစ်ယောက်က မာန်ဝိညာဉ်နယ်ပယ် ကနဦးဆင့်ကလူတွေနဲ့တူပြီး အဆုံးသတ်ရှာမန်တစ်ယောက်ကတော့ မာန်ဝိညာဉ်နယ်ပယ် ကြီးမြတ်သောပြည့်စုံဆင့်ကို ရောက်နေတဲ့လူတွေနဲ့ တူတယ်”
“အဆုံးသတ်အဆင့်ရဲ့နောက်ကတော့ ဒဏ္ဍာရီတစ်ခု ဖြစ်နေတုန်းပဲ။ နယ်ပယ်ကြီးခြောက်ခုထဲမှာ အဆုံးသတ်ကိုဖြတ်ကျော်သွားခဲ့တဲ့လူတွေက သူတို့ကိုယ်သူတို့ ဗလာရှာမန်လို့ ခေါ်ကြတယ်”
“ဒါပေမယ့် ဗလာရှာမန်တစ်ယောက်ပေါ်လာဖို့အတွက် ခက်ခဲမှုက ငါတို့မာန်စွမ်းအားရှင်တွေကြားမှာ မာန်နတ်ဘုရားပေါ်လာနိုင်တဲ့ ခက်ခဲမှုရဲ့နောက် ဒုတိယနေရာမှာရှိနေတယ်” ဝူတုက ခပ်ဖွဖွပြုံးလျက် အသေးစိတ်ကျကျရှင်းပြသည်။
“တိုက်ပွဲရှာမန်၊ ဝိညာဉ် ဉာဏ်ပညာရှင်၊ ရှေ့ဖြစ်ဟောပညာရှင်၊ စိတ်ဝိညာဉ်ဖမ်းစားသူ၊ နတ်ဆရာနဲ့ ရောင်နီခွဲဖြာ”
စုမင်မျက်လုံးများအတွင်း တောက်ပသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ ရှာမန်များအကြား အဆင့်ခွဲခြားသတ်မှတ်ချက်များကို သူပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ထိုအရာက မာန်စွမ်းအားရှင်မျိုးနွယ်စုအတွင်းရှိ ခွဲခြားမှုများနှင့် လုံးဝကွဲပြားခြားနားနေသည်။ ထိုခြောက်မျိုးထဲတွင် ရောင်နီခွဲဖြာနှင့် နတ်ဆရာတို့ကို သူ ယခင်ကမြင်ဖူးသော်လည်း ဖွတ်လူရိုင်းမျိုးနွယ်စု၏ဘိုးဘေးသည် မည်သည့်အမျိုးအစားဖြစ်ကြောင်းတော့ သူမသိချေ။
“ရိုးရှင်းတဲ့အပိုင်းက အဆင့်လေးဆင့်ဖြစ်တဲ့ အငယ်၊ အလတ်၊ နှောင်းပိုင်းနဲ့ အဆုံးသတ်အဆင့်တွေပဲ။ ရှုပ်ထွေးတဲ့အပိုင်းကတော့ နယ်ပယ်ခြောက်ခုလုံးက တစ်ခုနဲ့တစ်ခု လုံးဝကွဲပြားခြားနားနေတာကြောင့်ပဲ။ တိုက်ပွဲရှာမန်တွေက ရှာမန်မျိုးနွယ်စုရဲ့ စစ်သည်တော်တွေပဲ။ သူတို့က အရေအတွက်အများဆုံးဖြစ်ပြီး ယဇ်ပူဇော်တဲ့နည်းနဲ့တူတဲ့ သူတို့အာရုံခံစားမှုနဲ့ သူတို့ခန္ဓာကိုယ်တွေရဲ့ စွမ်းအားတွေကို အတူတူသုံးပြီး ဆေးမင်ကြောင်တွေဆီကနေ ကြီးမားတဲ့စွမ်းအားကို ရကြတယ်”
“ဝိညာဉ် ဉာဏ်ပညာရှင်တွေက သူတို့ဉာဏ်ပညာနဲ့ သူတို့ခွန်အားတွေကို ပေါင်းစပ်ပြီးတဲ့နောက် တစ်ခြားသူတွေရဲ့ကံကြမ္မာကို ထိန်းချူပ်နိုင်ကြတယ်။ သူတို့က ရှာမန်မျိုးနွယ်စုထဲမှာတောင် အရမ်းထူးခြားတဲ့လူတွေပဲ။ ရှာမန်မျိုးနွယ်စုထဲမှာရှိတဲ့ ဘိုးဘေးအားလုံးက ဝိညာဉ် ဉာဏ်ပညာရှင်တွေပဲ။ ပြီးတော့ သူတို့ဉာဏ်ပညာက အခြားသူတွေထက် သာလွန်မြင့်မြတ်ကြတယ်။ သူတို့က လေနဲ့မိုးကို ဆင့်ခေါ်နိုင်ပြီး သူတို့ပိုင်ဆိုင်တဲ့လူတွေကို သူတို့နတ်ဘုရားတွေအတွက် စတေးအောင် တွန်းအားပေးနိုင်ကြတယ်”
ဝူတုသည် ထိုဝိညာဉ် ဉာဏ်ပညာရှင်များအား အလွန်သတိထားနေသကဲ့သို့ ၎င်းတို့အကြောင်း စပြောလိုက်သည်နှင့် ဝူတုအသံက ပိုမိုညင်သာသွားခဲ့သည်။
၎င်းတို့အကြောင်းကိုကြားသောအခါ စုမင်အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားမိသည်။ ဖွတ်လူရိုင်းမျိုးနွယ်စု၏ ဘိုးဘေး ဘယ်လောက်သန်မာကြောင်းကိုလည်း သူသတိရသွားမိ၏။ သူသည် စုမင်ဘဝတွင် တွေ့ကြုံခဲ့ဖူးသော ထူးခြား၍ မယုံနိုင်ဖွယ်အစွမ်းထက်သော ရန်သူများထဲမှ တစ်ဦးဖြစ်သည်။
“ရှေ့ဖြစ်ဟောပညာရှင်တွေက မျိုးနွယ်စုထဲမှာရှိတဲ့ အချောမောအလှပဆုံး အမျိုးသား၊ အမျိုးသမီးတွေကြားကနေ ရွေးချယ်ခံရတာ။ ပြီးရင် သူတို့ရဲ့ ရှေ့ဖြစ်ဟောခြင်းစွမ်းအားတွေကို လေ့ကျင့်ရတယ်။ သူတို့က ကောင်းမွန်တဲ့ လူမှုဆက်ဆံရေး ထိန်းသိမ်းခြင်းနဲ့ အကျွမ်းတဝင်ရှိအောင် ကြယ်တာရာတွေနဲ့ မြေပြင်ကို စောင့်ကြည့်လေ့လာစစ်ဆေးရတယ်။ အစွမ်းထက် ရှေ့ဖြစ်ဟောပညာရှင်တွေက မြေပြင်ဟာ ဘယ်အချိန်မှာကောင်းကင်ရဲ့ လွှမ်းမိုးခံရမယ်၊ ကောင်းကင်က ဘယ်အချိန်မှာအားလုံးအတွက် ထောက်ပံ့ပေးလိမ့်မယ်ဆိုတာတွေကို ဟောနိုင်တဲ့ ထိတ်လန့်ဖွယ်အခြေအနေတစ်ခုအထိတောင် ရောက်နိုင်ကြတယ်”
“စိတ်ဝိညာဉ်ဖမ်းစားသူတွေက အနီရောင်သေဆုံးခြင်းအစီအရင်၊ ပြန်လည်ရှင်သန်နိုးထခြင်း အစီအရင်နဲ့ ထာဝရှင်သန်ခြင်းအစီအရင်တွေနဲ့ပက်သက်လို့ ကျွမ်းကျင်ကြတယ်။ မင်း သူတို့မျက်လုံးတွေထဲကို လုံးဝကြည့်လို့မရဘူး။ သူတို့က မီးတောက်နဂါးတွေလောက်ကို အစွမ်းထက်ကြတယ်... အရင်က စိတ်ဝိညာဉ်ဖမ်းစားသူ အငယ်တန်းတစ်ယောက်ကို ငါသတ်ဖူးတယ်။ ပြီးတော့ သူတို့နဲ့တိုက်ရတာက အိပ်မက်ဆိုးတစ်ခုပဲ”
ဝူတုသည် ထိုနေရာရောက်အောင် ပြောပြီးသည်နှင့် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
“နတ်ဆရာတွေက သေခြင်းတရားရဲ့ စိတ်ဝိညာဉ်တွေနဲ့ သက်ရှိတွေအပေါ် အုပ်ချူပ်ကြတယ်။ သူတို့က လူသေတွေကို သနားပေမယ့် သက်ရှိတွေကိုတော့ လုံးဝစိတ်ထဲမထည့်ကြဘူး။ နတ်ဆရာတစ်ယောက်တည်းက သန်မာချင်မှသန်မာလိမ့်မယ်။ ဒါပေမယ့် အစွမ်းထက်နတ်ဆရာတစ်ယောက်ကသာ စိတ်ဝိညာဉ်ဖမ်းစားသူတစ်ယောက်နဲ့ အတူတွဲလုပ်မယ်ဆိုရင် သူတို့က သက်ရှိတွေအပေါ် ကပ်ဘေးကြီးတစ်ခု ဆောင်ကျဉ်းလာလိမ့်မယ်”
“နောက်ဆုံးတစ်ခုက ရောင်နီခွဲဖြာတွေပဲ။ သူတို့က လှပတယ်၊ ရှားပါးတယ်။ ပြီးတော့ ရှာမန်မျိုးနွယ်စုက အင်အားစိုက်ထုတ်မှုတွေ အများကြီး စိုက်ထုတ်ပြီးမှသာ ရောင်နီခွဲဖြာအစုံတိုင်းက အပြည့်အဝဖွံ့ဖြိုးတိုးတက်လာနိုင်တာ။ သူတို့က အပြစ်ကင်းစင်ပြီး အမှန်တစ်ကယ်လက်တွေ့ကို ဆန့်ကျင်နေတဲ့ ဖြစ်တည်မှုတစ်ခုပဲ။ သူတို့က သူတို့ကြိုက်တဲ့ဘယ်အရာမဆို စိတ်ကူးယဉ်နိုင်ပြီး သူတို့စိတ်ကူးတွေက အမှန်တစ်ကယ်ဖြစ်လာလိမ့်မယ်။ ငါ အဲဒီရှာမန်မျိုးကို မုန်းပေမယ့် တစ်ကယ်တော့ အဲဒီအမျိုးအစားထဲကနေ ဗလာရှာမန်တွေပေါ်လာဖို့ဆိုတာ အခက်ခဲဆုံးပဲ”
“ဗလာရောင်နီခွဲဖြာတစ်ယောက် ပေါ်လာတာနဲ့ သူ့တည်ရှိမှုက မာန်စွမ်းအားရှင်တွေကြားက မာန်နတ်ဘုရားအသစ်နဲ့ အတူတူဖြစ်သွားလိမ့်မယ်။ တစ်ကယ်တော့ သူက မာန်နတ်ဘုရားထက်တောင် ပိုအစွမ်းထက်လိမ့်ဦးမယ်”
“အဲဒါ ရှာမန်မျိုးနွယ်စုပဲ။ ညီနောင်မော့ မင်းသူတို့အကြောင်း ပိုနားလည်လေလေ၊ ကောင်းကင်မြူခိုးတိုက်ပွဲထဲမှာ ရှင်သန်နိုင်တဲ့အခွင့်အလမ်းက ပိုမြင့်လေလေပဲ။ အခု ငါတို့အတူတွဲလုပ်လို့ရပြီလို့ မင်းထင်လား”
ဝူတုသည် နှုတ်ခမ်းများကိုသပ်ရင်း စုမင်အားကြည့်လာခဲ့၏။
စုမင် ခဏတာတွေးတောစဉ်းစားနေပြီးမှ တည်ကြည်စွာပြောလိုက်သည်။ “မင်းဒီလောက် ယုံကြည်မှုရှိနေတယ်ဆိုမှတော့ မင်းသူတို့ကို ရှာတွေ့နိုင်မယ်လို့ သေချာမှာပေါ့။ လမ်းပြပါ”
“ညီနောင်မော့ မင်းက ပွင့်လင်းတဲ့လူပဲ။ ငါ သူတို့ကိုတစ်ကယ်ရှာနိုင်ပါတယ်။ အကြောင်းအရင်းကတော့ ကောင်းပြီလေ၊ ငါ ပြောလို့မရဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါက အတူတူလုပ်ဖို့ စိတ်ရင်းမှန်နဲ့ ကမ်းလှမ်းနေတာပါ” ဝူတုသာ် ကျယ်လောင်စွာရယ်မောရင်း လေထဲသို့ခြေလှမ်းလိုက်ပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် အဝေးသို့ပျောက်ကွယ်သွားချေသည်။
“ညီနောင်မော့ ငါတို့ တည့်တည့်ဦးတည်သွားမယ်ဆိုရင် အနီးဆုံးရှာမန်အဖွဲ့က ဒီနားတစ်နေရာရာမှာရှိတယ်။ ငါတိုက်ခိုက်တာနဲ့ ကျေးဇူးပြုပြီး င့ါကိုကူညီပေးပါ”
စုမင် စကားတစ်ခွန်းမဆိုပဲ ရှေ့သို့ခြေလှမ်းလိုက်ပြီး ဝူတုနောက်မှလိုက်၍ အလင်းတန်းတစ်ခုအသွင်ဖြင့် ကောင်းကင်ထဲသို့ တိုးဝင်သွားလိုက်သည်။
ထိုအရပ်ရှိ ဝေးလံသောနေရာတွင် ရှာမန်များသည် သတိကြီးစွာထားလျက် လွင်ပြင်များကို ဖြတ်သန်းနေကြသည်။ ထိုလူနှစ်ဦးထဲမှ တစ်ဦးသည် နွားချိုများပါသည့် သားရေဦးထုပ်တစ်လုံးကို ဝတ်ဆင်ထားသည်။ ထိုလူ့အကြည့်က စူးရှနေပြီး သူ့နှုတ်ခမ်းထက်တွင် အမာရွတ်တစ်ခုရှိနေသဖြင့် သူ့နှုတ်ခမ်းများအား လေးပိုင်းပိုင်းခြားထားခံရပုံ ပေါ်နေစေသည်။ ထိုအရာက အမှန်တစ်ကယ်ပင် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
သူ့ဘေးတွင် ကောင်လေးတစ်ယောက်ရှိသည်။ ထိုကောင်လေး၏ ဆံပင်များသည် ခေါင်းအနောက်တွင် လွင့်မျောနေပြီး သူသည် မျက်လုံးများကိုပိတ်ထားသော်လည်း သူ့ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်လေထုတစ်ခုရှိနေသဖြင့် သူ့ထံရံဖန်ရံခါလှမ်းကြည့်လာသော အမာရွတ်နှင့်လူ၏ မျက်နှာပေါ်တွင် အကြောက်တရားနှင့် လေးစားမှုများပေါ်လာတတ်သည်။
“မင်း ကြောက်နေတယ်” နှစ်ဦးလုံး ရှေ့သို့ဆက်တိုးလာစဉ် မျက်လုံးများပိတ်ထားဆဲ ဖြစ်သောကောင်လေးထံမှ အသံထွက်ပေါ်လာသည်။ သူ့အသံသည် အတော်စူးရှသဖြင့် ထိုလူ၏ စိတ်ဝိညာဉ်ကို ကုတ်ခြစ်လိုက်သကဲ့သို့ပင် ဖြစ်သည်။
“အရှင် စိတ်ဝိညာဉ်ဖမ်းစားသူ...” ကောင်လေးဘေးရှိလူက တုန်ရီသွားသည်။
“မကြောက်နဲ့။ အဲဒီဝူတုက ဘာလှည့်ကွက်မှ လုပ်ရဲမှာမဟုတ်ဘူး။ ငါတို့အရောင်းအဝယ်ပြီးတာနဲ့၊ သူလည်း ငါတို့အဖော်ဖြစ်လာပြီး မသေဆုံးနိုင်တဲ့ရှာမန်ခန္ဓာကိုယ်ထဲမှာ ပျော်ပျော်နေရင်း ငါ့နောက်လိုက်လာလိမ့်မယ်”
ကောင်လေး၏နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ ကောင်လေးသည် မျက်လုံးများပိတ်ထားဆဲဖြစ်သော်ငြား ထူးဆန်းသောအနက်ရောင်အလင်းတစ်ဖြာသည် သူ့မျက်ခွံအဟကြားမှ တောက်ပနေဆဲဖြစ်သည်။
“ဟုတ်ကဲ့” ထိုယောကျာ်း၏ မျက်ဝန်းများက ချက်ချင်းဗလာဖြစ်သွားပြီး လေးလေးစားစားပြန်ဖြေရင်း ခေါင်းငုံ့သွားချေသည်။ သူ့စကားလုံးများထဲတွင်တော့ စိတ်ခံစားချက်ဟူ၍ အရိပ်အမြွက်ပင်မရှိပေ။ ၎င်းက လူသေတစ်ဦး စကားပြောနေသကဲ့သို့ပင် ဖြစ်သည်။
ခေါင်းငုံ့သွားသည်နှင့် တစ်ပြိုင်နက် ထိုလူ၏လေးစိတ်ပိုင်းနှုတ်ခမ်းထဲမှ လောက်ကောင်တစ်ကောင် တိုးထွက်လာပြီး မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။ ထိုလူ... သူ့ခန္ဓာကိုယ်သည်... လောက်ကောင်များဖြင့် ပြည့်နေခဲ့၏... ထိုလူသည်ကား... လူသေကောင်တစ်ယောက်ပင် ဖြစ်သည်။
***