အခန်း (၆၄၉)
Vol. 55 Ch. 649
နန်ပါးထျန်းမှ ပြောသည်။
“ဟုတ်တယ်။ ဒါပေမဲ့ အဖွဲ့အသေးလေးတွေအဖြစ် အများကြီး ခွဲထွက်နေကြတာ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆက်ဆံရေးမကောင်းကြဘူး။ အကယ်၍ မျန့်ရွှေမှာ ဆက်နေလို့ မရနိုင်တော့ရင် ငါ ဟွမ်ကျိုးပြည်နယ်ကို သွားမယ်။ အဲဒီခွဲထွက်နေတဲ့ အဖွဲ့လေးတွေကို ပေါင်းစည်းနိုင်မယ်ဆိုရင် ဟွမ်ကျိုးပြည်နယ်မှာ အင်အားစုတစ်ခုဖြစ်လာဖို့က မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး”
ထိုစကားတွင် ချင်းယင်၏ နှလုံးအိမ်မှာ အေးစိမ့်သွားရသည်။ သူ ထိုအကြောင်းများကို တစ်ခါမှ မကြားသိခဲ့ဖူးပေ။
နန်ပါးထျန်းမှ ဆက်ပြောသည်။
“ဒါပေမဲ့ ဒါကလည်း မျန့်ရွှေရဲ့ငါးဖမ်းကုန်သည်အဖွဲ့က ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေမှ အဆင်ပြေမှာ။ မဟုတ်ရင် အဲဒီကို ပြေးသွားတာက အကြံကောင်းမဟုတ်ဘူး။ ငါတို့ ချန်ကျိုစစ်ကိုလည်း ဖြေရှင်းဖို့လိုသေးတယ်”
ထိုအခါ ချင်းယင်မှ ပြောသည်။
“ခေါင်းဆောင် တကယ်တော့ ကျွန်တော်တို့ ချန်ကျိုစစ်ကို ဖြုတ်ချရာမှာ အကြီးမားဆုံးအခက်အခဲက စီရင်စုအုပ်ချုပ်ရေးမှူးပါ။ စီရင်စုအုပ်ချုပ်ရေးမှူးသာ သဘောမတူရင် ချန်ကျိုစစ်ကို ဖြေရှင်းဖို့က ခက်ခဲပါလိမ့်မယ်”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“မင်းပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ အဲဒါက လုံးဝ ဖြေရှင်းလို့မရတာတော့ မဟုတ်ဘူး။ သခင်ကြီးယဲ့လုက တော်ဝင်နန်းတော်ရဲ့ အရာရှိတစ်ယောက်ပဲ။ အဲဒီတော့ သူ့ကို ရင်ဆိုင်ဖို့ နောက်အရာရှိတစ်ယောက် ရှာလိုက်ဖို့ပဲ လိုတယ်”
“ခေါင်းဆောင်က အဲဒီအရာရှိကို ရှာတွေ့ထားပါပြီလား”
ခဏမျှစဉ်းစားပြီးနောက် နန်ပါးထျန်း ပြန်ပြောသည်။
“ငါ အဲဒီလူကို ဆက်သွယ်ဖို့ လူလွှတ်ထားပြီးပြီ။ အဲဒီလူက ဟွမ်ကျိုးပြည်နယ် မြို့စောင့်တပ်မှူးပဲ”။
ချင်းယင်သည် နန်ပါးထျန်းမှာ ဟွမ်ကျိုးပြည်နယ်၏ မြို့စောင့်တပ်မှူးအထိ အဆက်အသွယ်ရှိနေသည်ဟူသည့် အချက်ကြောင့် အံ့ဩသွားရသည်။
ဟွမ်ကျိုးရဲ့မြို့စောင့်တပ်မှူးသာ ပါဝင်ပတ်သက်လာရင် ကိစ္စတွေက ရှုပ်ထွေးကုန်တော့မှာပဲ။
ဟွမ်ကျိုးပြည်နယ်ဟူသည် ပြည်နယ်ကြီးတစ်ခုဖြစ်ပြီး ဝူချန်ထက် တစ်ဆင့်နိမ့်သော်ငြား ရှန်းယန်နှင့် တစ်တန်းတည်းဖြစ်သည်။ သို့သော် ကျော်ကြားမှုမှာမူ ရှန်းယန်ထက် ပိုနည်းပါးသည်။
ရှန်းယန်သည် ၎င်း၏ဂုဏ်သရေကို ထွန်းတောက်စေခဲ့သည့် သူရဲကောင်းကောကျူရှားကြောင့် အမည်ကျော်ဇောသည်။ သို့သော် မုလန်လူမျိုးများ မြေပြန့်လွင်ပြင်ဒေသသို့ ကျူးကျော်ဝင်ရောက်စဉ်က ရှန်းယန်အား ဥပမာအဖြစ် ပစ်မှတ်ထား နှိမ်နင်းတိုက်ခိုက်ခဲ့ရာ အလိုအလျောက်ပင် များစွာ ဖိနှိပ်ခံခဲ့ရပေသည်။
ထို့ကြောင့် ဟွမ်ကျိုးသည် အဆင့်တက်ကာ ရှန်းယန်နှင့် တစ်တန်းတည်းဖြစ်လာခဲ့သည်။
ဟွမ်ကျိုးပြည်နယ်သည် အဓိကကျသည့် ပြည်နယ်တစ်ခုဖြစ်သောကြောင့် စီရင်စုများထက် ပို၍ အရာရှိရာထူးရာခံများ များပြားပေသည်။
ပို၍ အရေးကြီးသည့်အချက်မှာ ထိုရာထူးများသည် မုလန်လူမျိုးများ အများစုရယူထားသည့် အင်အားအာဏာအစစ်အမှန်များ ဖြစ်သည်။
ဥပမာဆိုရသော် စစ်ရေးကိစ္စများနှင့် ဒေသတွင်း ဖိနှိပ်ထိန်းချုပ်မှုများကို တာဝန်ယူရသည့် ဟွမ်ကျိုး၏ မြို့စောင့်တပ်မှူးသည် ကင်းလှည့်တပ်သားနှင့် ထပ်တူညီသည်။
ဟွမ်ကျိုးတွင် ရာဇဝတ်တရားသူကြီးနှင့် လက်ထောက်ရာဇဝတ်တရားသူကြီးရာထူးများလည်း ရှိသည်။ ဟွမ်ကျိုး၏ အာဏာအကြီးမားဆုံးသော ဟွမ်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ထိုရာထူးအားလုံးသည် စစ်မှန်သော အင်အားအာဏာကို ပိုင်ဆိုင်သည့် ရာထူးများ ဖြစ်ကြသည်။
အခု နန်ပါးထျန်းက ဟွမ်ကျိုးရဲ့မြို့စောင့်တပ်မှူးကို ဆက်သွယ်ထားတယ်ဆိုတော့ တကယ်လို့ မြို့စောင့်တပ်မှူးရောက်လာပြီး နန်ပါးထျန်းကို ကူညီပေးမယ်ဆိုရင်..
အဲဒီအခါကျ ချန်ကျိုစစ်က သူ့ရဲ့အမျက်ဒေါသကိုတောင် ထုတ်ဖော်မပြနိုင်ဘဲ သခင်ကြီးယဲ့လုရှေ့မှာ ကွပ်မျက်ခံလိုက်ရမှာပဲ။
ဒီလိုအရေးပါအရာရောက်တဲ့ အဆင့်အတန်းနဲ့ပုဂ္ဂိုလ်ကို လှုပ်ရှားစေဖို့ဆိုတာ ကုံလုံတဲ့လာဘ်ထိုးမှု လိုအပ်တယ်။ လက်ရှိအခြေအနေတွေအရဆို တစ်ယောက်ယောက် သွေးမြေကျမှပဲ အကျိုးသင့်အကြောင်းသင့်ဖြစ်တော့မှာ။
ဒါပေမဲ့ ဟွမ်ကျိုးက မြို့စောင့်တပ်မှူး မျန့်ရွှေကို ရောက်လာဖို့က အချိန်လိုတယ်။ ပြီးတော့ နန်ပါးထျန်းကြည့်ရတာ အဲဒီဘက်က တုံ့ပြန်တာကို စောင့်နေပုံပဲ။
ဒါဆို အခုက အရင်းအမြစ်နဲ့ အဆက်အသွယ်တွေ ယှဉ်ပြိုင်ရမယ့်တိုက်ပွဲလား။
“ခေါင်းဆောင် ဘာလို့ အစောကတည်းက ဟွမ်ကျိုးမြို့စောင့်တပ်မှူးနဲ့ အဆက်အသွယ်ကို မသုံးလိုက်တာပါလဲ”
ချင်းယင် နန်ပါးထျန်းကို မေးလိုက်သည်။
နန်ပါးထျန်း၏မျက်နှာ အနည်းငယ် လှုပ်ရှားသွားသည်။ သူ့တွင် အဆက်အသွယ်ရှိပြီး ကုန်တင်သင်္ဘောများ ပြေးဆွဲခဲ့သည်မှန်သော်လည်း မြို့စောင့်တပ်မှူးကို လှုပ်ရှားစေရန် လိုအပ်သည့်ပမာဏမှာ အလွန်များလွန်းသည်။ အလွန်များလွန်းသောကြောင့် ထိုဝှက်ဖဲကို ဘယ်တော့မှ ထုတ်မသုံးရစေရန် မျှော်လင့်မိသည်အထိပင်။
ဟွမ်ကျိုးမြို့စောင့်တပ်မှူးကို လှုပ်ရှားစေရခြင်းမှာ နန်ပါးထျန်းအတွက် အလွန်တရာ အကုန်အကျများလွန်းသည်။ ထို့ကြောင့် နန်ပါးထျန်းသည် ဤကတ်ကို သေရေးရှင်ရေးအခြေအနေမှအပ လုံးဝ ထုတ်မသုံးချင်ခဲ့ပေ။
နန်ပါးထျန်း ချင်းယင်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ခပ်ဟဟ ရယ်မောသည်။
“အားယင် သိုင်းလောကရဲ့အခွင့်ထူးတွေဆိုတာ သုံးတာများလေလေ ပိုပြီး မှေးမှိန်ပျောက်ကွယ်လာလေလေပဲ။ ငါနဲ့ ဟွမ်ကျိုးမြို့စောင့်တပ်မှူးနဲ့ ဆက်ဆံရေးကောင်းမွန်တယ်ဆိုပေမဲ့ အမြဲတမ်း သူ့ကို အလုပ်ရှုပ်စေလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ မင်းစိတ်ချပါ။ ဟွမ်ကျိုးမြို့စောင့်တပ်မှူး ဝင်ပါလိုက်ရင် မျန့်ရွှေက ငါတို့အပိုင်ပဲ။ ဘယ်သူမှ ငါတို့လက်ထဲက လုမယူနိုင်ဘူး။ ယဲ့လုဖုန်းဆိုရင်တောင်မှ မရဘူး”
“ငါတို့က ချန်ကျိုစစ်ရဲ့ထောင်ချောက်ထဲကို တစ်ဆင့်ပြီးတစ်ဆင့်ကျမိရင်းကနေ ဒီအခြေအနေအထိ ဖြစ်သွားခဲ့ရုံပဲ။ ဒါပေမဲ့ ဟွမ်ကျိုးမြို့စောင့်တပ်မှူးရောက်လာရင် ယဲ့လုဖုန်းလည်း ငါတို့ကို ဖိအားပေးရဲမှာ မဟုတ်တော့ဘူး။ နောက်ဆုံးကျ ငါတို့ဆုံးရှုံးသွားခဲ့တဲ့အရာတွေကို ပြန်ရမှာပဲ။ ပြီးတော့ အားယင်၊ ငါ ဟွမ်ကျိုးမှာ အင်အားစုဖွဲ့စည်းဖို့အတွက် ဟွမ်ကျိုးကို သွားနေတုန်းမှာ မင်းက မျန့်ရွှေမှာနေခဲ့ပြီး ငါ့အစား ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ဆက်ခံပြီး ကုန်သည်အဖွဲ့ကို စီမံခန့်ခွဲပေးရမယ်။ ငါတို့ရဲ့ငါးဖမ်းကုန်သည်အဖွဲ့ကို အရင်က ဂုဏ်သရေအတိုင်း ပြန်ဖြစ်အောင် တည်ဆောက်ကြမယ်”
နန်ပါးထျန်းသည် အတော်ထင်ရှားပေါ်လွင်အောင် ပုံဖော်ပြောဆိုခဲ့ရာ ချင်းယင်မှာ စိတ်ယိုင်မိလုနီးပါးပင်။
သို့သော် လုံးဝ စိတ်မယိုင်သွားရသည့် အကြောင်းအရင်းမှာ သူ နန်ပါးထျန်း၏ လှည့်စားမှုကို ခံခဲ့ရသည်မှာ တစ်ကြိမ်နှစ်ကြိမ် မကပေ။ ထို့ကြောင့် အရင်ထက် ပို၍ စိတ်ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ ထို့ပြင် ညသန်းခေါင်အချိန်သည်လည်း နီးကပ်နေခဲ့လေပြီ။
ဝေးကွာသည့် ဟွမ်ကျိုးမြို့စောင့်တပ်မှူးနှင့် နှိုင်းစာလျှင် သခင်ကြီးယဲ့လုသည် ပို၍ နီးစပ်သည်။
ထိုသို့တွေးလိုက်ရင်း ချင်းယင်သည် နန်ပါးထျန်းကို ချီးမွမ်းပြောဆိုသည်။
“ခေါင်းဆောင်က ဉာဏ်အမြော်အမြင်ကြီးမားပါတယ်”
နန်ပါးထျန်းသည် စိတ်ကျေနပ်သွားကာ ထိုင်ခုံတွင် ကျောမှီထိုင်လိုက်ရင်း လက်ချောင်းများသည် စားပွဲကို ဖွဖွခေါက်နေသည်။
ဟွမ်ကျိုးမြို့စောင့်တပ်မှူးကို ဆက်သွယ်ထားပြီးပြီဆိုတော့ နောက်ရက်နည်းနည်းနေရင် ရောက်လာလိမ့်မယ်။ ဒီအခွင့်အရေးမှာ မျန့်ရွှေက ပြဿနာတွေကို ဖြေရှင်းရမယ်။
ဤကိစ္စအပြင် နန်ပါးထျန်းသည် အခြားကိစ္စကိုလည်း စိတ်ပူနေသေးသည်။ စည်းမျဉ်းအရ မြောက်ပိုင်းတောင်သို့ စေလွှတ်ထားသည့် အသေခံတပ်သားများသည် ယနေ့ညတွင် သု့ကို သတင်းပြန်လာပို့ရမည် ဖြစ်သည်။ သို့သော် အခုထိ တစ်ယောက်မှ ရောက်မလာသေးပေ။
တစ်ခုခုဖြစ်နေတာများလား။
ထိုသို့တွေးတောနေရင်း နန်ပါးထျန်း၏ စားပွဲခေါက်နေသည့် လက်ချောင်းများမှာ ပို၍ မြန်ဆန်လာသည်။ ခဏကြာအတွေးထဲ နစ်မြောနေပြီးနောက် မပြန်သေးဘဲ ရပ်နေသည့် ချင်းယင်ကို နန်ပါးထျန်း သတိထားမိလိုက်သည်။
“အားယင် တခြားကိစ္စရှိသေးလို့လား”
ရည်ရွယ်ချက်ဖြင့် ရောက်လာပြီး ညသန်းခေါင်ကို စောင့်ဆိုင်းနေသည့် ချင်းယင်မှာ မပြန်ချင်သေးပေ။
“အာ ဘာမှမရှိတော့ပါဘူး”
“ဘာကိစ္စမှ မရှိတော့ရင် ပြန်လိုက်တော့လေ။ ငါဒီမှာ မင်းကို မလိုအပ်သေးဘူး”
ထိုအခါ ချင်းယင်မှ ပြောသည်။
“ကျွန်တော် ခေါင်းဆောင်နဲ့အတူ နည်းနည်းလောက် ထပ်နေပေးဦးမယ်လေ။ ကျွန်တော် အိမ်ပြန်သွားလည်း ဘာမှမှ လုပ်စရာမရှိဘဲ။ ခေါင်းဆောင် တစ်ခုခုလိုအပ်တာရှိခဲ့ရင် ကျွန်တော့်ကို ခိုင်းစေနိုင်ပါတယ်”
နန်ပါးထျန်းမှာ သတိလက်လွတ်ဖြစ်သွားရာ ပြန်ပြောသည်။
“ငါ့မှာလည်း ဘာမှလုပ်စရာရှိမနေဘူး။ မင်းနေချင်ရင်တော့ နေလေ”
ထိုသို့ပြောပြီးနောက် နန်ပါးထျန်းသည် သဲနာရီကို ကြည့်နေသည်။ အချိန်မှာ ညသန်းခေါင်နီးနေလေပြီ။
ထိုအချိန် မျန့်ရွှေစီရင်စု၌
မျန့်ရွှေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ မျန့်ရွှေမြို့သည် ညဘက် စည်ကားတတ်သည့်မြို့ဖြစ်သော်ငြား ၉နာရီခန့်တွင် ပုံမှန် တိတ်ဆိတ်သွားကြသည်။ ယခုသည် ညသန်းခေါင်နှင့် နီးသည့် ၉နာရီမှ ၁၁နာရီအတွင်း အချိန်ဖြစ်ရာ တစ်မြို့လုံး တိတ်ဆိတ်နေပေသည်။