အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း။ ၆၁
"ကြိုပေးရမယ် ဟုတ်လား"
အဘိုးအိုချန်၏ မီးခိုးဖြူရောင် မျက်ခုံးအစုံမှာ တွန့်ချိုးသွားပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"မင်းကတော့ တကယ့်ကို အကွက်ကျကျ တွက်ထားတာပဲ ကောင်လေး"
"ဒါပေမဲ့ မမေ့ပါနဲ့ဦး... ဒါက အရောင်းအဝယ်တစ်ခု ဖြစ်တဲ့အတွက် အရောင်းအဝယ်နဲ့ တူဖို့တော့ လိုလိမ့်မယ်"
ကုယွမ် စိတ်ပျက်သွားသည့်ဟန်ကို မြင်သောအခါ သူက လေသံကို ပြောင်းလိုက်ပြီး "ဒါပေမဲ့ ကြိုပေးဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ငါ မင်းကို တစ်ဝက်ပဲ ပေးနိုင်မယ် အဲဒါက နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ရဲ့ သိုင်းဆရာအဆင့်အတွက် အပိုင်းပေါ့။ အဆင့်မြင့်သိုင်းပညာရှင်အဆင့်အတွက် နောက်ထပ်တစ်ဝက်ကိုတော့ ဒီကိစ္စပြီးမှပဲ ငါ မင်းကို ပေးမယ်"
"တစ်ဝက်..."
ထိုစကားကို ကြားသောအခါ ကုယွမ်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ... တစ်ဝက်ဆိုလည်း တစ်ဝက်ပေါ့"
အဘိုးအိုချန်သည် သူ၏ရင်ဘတ်ထဲမှ ဝါကျင့်ကျင့်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ရာ ၎င်းအပေါ်တွင် နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ဟူသော စာလုံးများကို ထင်ရှားပြတ်သားစွာ ရေးသားထားသည်။
ဖျတ်...
အဘိုးအိုချန်သည် ထိုစာအုပ်ကို ပြတ်ပြတ်သားသားပင် နှစ်ပိုင်းဖြတ်လိုက်ပြီး အပေါ်ပိုင်းကို ကုယွမ်ထံ ကမ်းပေးလိုက်ကာ "ကောင်လေး... ငါ မင်းကို ပစ္စည်းပေးလိုက်ပြီ။ ငါ့ကို စိတ်ပျက်အောင် မလုပ်မိဖို့ပဲ ငါ မျှော်လင့်ပါတယ်..."
ကုယွမ်သည် ထိုစကားများထဲတွင် ထူးခြားသော အဓိပ္ပာယ်တစ်မျိုး ပါဝင်နေသည်ကို ခံစားမိသဖြင့် ရယ်မောကာ "စိတ်ချပါ စီနီယာ ကျွန်တော့်ရဲ့ အကြီးမားဆုံးစွမ်းရည်က ကတိတည်တာပဲ။ ကျွန်တော် ကတိပေးပြီးပြီဆိုမှတော့ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိပါတယ်" ဟု ပြန်ပြောလိုက်သည်။
"သိပ်ကောင်းတယ်။ မင်းက ထက်မြက်သလို လူကောင်းတစ်ယောက်လည်း ဖြစ်တယ်။ မင်း အသက်နည်းနည်း ကြီးနေတာကပဲ နှမြောဖို့ကောင်းတာ။ မင်းသာ ငါတို့ ဆေးဘုရင်တောင်ကို ဝင်ခွင့်ရခဲ့မယ်ဆိုရင် မင်းရဲ့ အနာဂတ်က အတိုင်းအဆမရှိ ကြီးမားမှာ သေချာတယ်"
အဘိုးအိုချန်သည် ကျေနပ်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည့်အလား "ဒါနဲ့... မင်းကိုယ်ပေါ်မှာ ကပ်ညှိနေတဲ့ မိစ္ဆာစွမ်းအင် အစအနလေးက အဇ္ဈတ္တအဆင့်ကို ဖုံးကွယ်ထားလို့ ရပေမဲ့ ကောင်းကင်ဘုံလူသားနယ်ပယ်ကသူတွေကိုတော့ ဖုံးလို့မရဘူး။ မင်းအနေနဲ့ မုယောပင်နဲ့ ဝါးရွက်တွေကို ပြုတ်ပြီး အဲဒီရေနဲ့ ရေချိုးပါ။ အကြိမ်အနည်းငယ် ချိုးပြီးရင် အဲဒီစွမ်းအင်တွေ ပျောက်သွားလိမ့်မယ်"
"ပြီးတော့ ဝိညာဉ်ရှာဖွေရေးဓာတ်ပြားကို အသုံးပြုတဲ့နည်းကိုလည်း ငါ ပြောပြခဲ့မယ်။ မဟုတ်ရင် အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မိစ္ဆာအိုကြီးနဲ့ တွေ့တဲ့အခါ မင်း အငိုက်မိသွားလိမ့်မယ်..."
ထို့နောက်တွင် အဘိုးအိုချန်သည် ဝိညာဉ်ရှာဖွေရေးဓာတ်ပြား အသုံးပြုပုံကို ကုယွမ်အား သင်ကြားပေးပြီးနောက် ဝှီးခနဲ ထွက်ခွာသွားတော့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် လမ်းမပေါ်၌ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့သည်။
ကုယွမ်သည် သူ၏ ထက်မြက်သော နှာခေါင်းကို အသုံးပြု၍ အဘိုးအိုချန် နောက်သို့ ခြေရာခံရန် ကြိုးစားခဲ့သော်လည်း မျှော်လင့်မထားဘဲ ကျရှုံးသွားခဲ့ရသည်။ အဘိုးအိုချန်သည် မည်သည့် အနံ့အသက်မျှ ချန်မထားခဲ့ပေ။
"ဒီအဘိုးကြီးက တော်တော်လေး လျှို့ဝှက်ချက်များတာပဲ။ အဲဒီ မိစ္ဆာအိုကြီးနဲ့ ပတ်သက်ပြီး ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာ သေချာတယ်"
ကုယွမ်၏ အကြည့်တို့က ဝေ့ဝဲနေသည်။ အဘိုးအိုချန်၏ စကားများမှာ အမှားအယွင်းမရှိသကဲ့သို့ ထင်ရသော်လည်း ဤကိစ္စမှာ ထင်သလောက် မရိုးရှင်းနိုင်ကြောင်း သူ ဝေဝေဝါးဝါး ခံစားနေရသည်။ ၎င်းမှာ တစ်စုံတစ်ရာကို တွေ့ရှိသွားခြင်းကြောင့် မဟုတ်ဘဲ သူ၏ ဗီဇစိတ်ကြောင့်သာ ဖြစ်သည်။ တစ်ခါတစ်ရံ ထိုစိတ်မှာ အသုံးမဝင်သော်လည်း အချို့အချိန်များတွင်မူ ကြောက်စရာကောင်းလောက်အောင် မှန်ကန်နေတတ်သည်။
အနည်းဆုံးတော့ အဘိုးအိုချန်အနေဖြင့် ရှမင်ယန်သို့မဟုတ် လော့ရှန့်ကဲ့သို့သော သူများထံ အကူအညီမတောင်းဘဲ သူ့ထံ လာရောက်ခြင်းမှာ ထူးဆန်းနေသည်။ ရှမင်ယန်တို့ကို ဆွဲဆောင်နိုင်မည့် ပစ္စည်းမရှိခြင်းကို ထားလိုက်ပါက ပိန်နေသော ကုလားအုတ်မှာ မြင်းထက် ပိုကြီးသည်ဟူသော စကားပုံကဲ့သို့ပင် အဘိုးအိုချန်မှာ တစ်ချိန်က ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ခဲ့သူဖြစ်ရာ မည်သို့ပင်ဖြစ်စေ ယခုလောက်အထိတော့ မျှော်လင့်ချက် ကုန်ဆုံးနေစရာ မလိုပေ။
"တကယ်လို့ ရှမင်ယန် မအားခဲ့ရင်တောင် လော့ရှန့် ရှိနေသေးတာပဲဟာ။ ဒါ့အပြင် ဆေးဘုရင်တောင်ရဲ့ အတွင်းစည်းတပည့်တစ်ယောက်အနေနဲ့ ဒီလောက်အဆင့်အတန်းမျိုး ရှိခဲ့တာပဲ။ သူ့မှာ ဆွေမျိုးသားချင်းတွေ ဒါမှမဟုတ် ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း ရှိနေနိုင်တာပဲ မဟုတ်ဘူးလား"
ကုယွမ်အနေဖြင့် အဘိုးအိုချန်ကို ကူညီရန် သဘောတူခဲ့သည့် အကြောင်းရင်းတစ်ခုမှာ နက်
မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ကြောင့် ဖြစ်သော်လည်း အခြားအကြောင်းရင်းတစ်ခုမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာအိုကြီးပိုင်ဆိုင်သည့် စစ်မှန်သော တာအိုကျင့်စဉ်ကို အမှန်တကယ် စိတ်ဝင်စားနေခြင်းကြောင့်ပင်။
အဘိုးအိုချန် ပြောသည်မှာ မမှားပေ။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်လိုက်ရပါက တကယ့်ကို နှမြောစရာကောင်းလှပေမည်။ နောက်ဆုံးတွင် ကုယွမ်မှာ ဘေးမှကူညီပေးသူသာဖြစ်ပြီး အဘိုးအိုချန်မှာသာ အဓိက အင်အားစုဖြစ်သည်။
အကယ်၍ အခြေအနေများ ဆိုးရွားလာပါက သို့မဟုတ် အဘိုးအိုချန်တွင် မရိုးသားသော အကြံအစည်များ ရှိနေပါက သူသည် အချိန်မရွေး အမြန်ဆုံး ထွက်ပြေးလွတ်မြောက်နိုင်သည်။
အဘိုးအိုချန်က သံကျောကင်းခြေများကို မွေးမြူထားခြင်းမှာ ကုယွမ်၏ အားကိုးရာဖြစ်သည်ဟု တွေးထားသော်လည်း ၎င်းမှာ မှန်ကန်သည်။
သို့သော် အဘိုးအိုချန် မသိသည်မှာ ကုယွမ်တွင် သံကျောကင်းခြေများအပြင် မိစ္ဆာအဆင့်သို့ ရောက်ရန် နီးစပ်နေသည့် အခြားဝိညာဉ်သားရဲ နှစ်ကောင်လည်း ရှိနေသေးသည်ဟူသော အချက်ပင်။
သူတို့ အဆင့်တက်သွားသည်နှင့် ကုယွမ်တွင် အစွမ်းထက်သော ကူညီသူ နှစ်ဦး ထပ်တိုးလာမည်ဖြစ်သည်။
ထို့အပြင် အားဟွမ်နှင့် ပါးစပ်ကြီးတို့ အဆင့်တက်သွားပါက ကုယွမ်ရရှိမည့် ပါရမီအထောက်အပံ့များမှာလည်း သူ၏ အင်အားကို တစ်ဟုန်ထိုး တိုးတက်စေမည်မှာ သေချာသည်။
အဘိုးအိုချန်တွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ရှိနိုင်သော်လည်း ကုယွမ်တွင်လည်း ကိုယ်ပိုင်အစီအစဉ်များ ရှိနေပြီး မမျှော်လင့်ထားသော အဖြစ်အပျက်များကို ရင်ဆိုင်ရန် ယုံကြည်မှု အပြည့်ရှိနေသည်။
"ပစ္စည်းရပြီဆိုတော့ ဒီခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကို အမြန်ဆုံး လေ့ကျင့်ရမယ်"
သူသည် ရင်ဘတ်ထဲရှိ နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်တစ်ဝက်နှင့် ဝိညာဉ်ရှာဖွေရေးဓာတ်ပြားကို စမ်းကြည့်ရင်း ပိုင်လျန်ခရိုင်ထဲတွင် ရှိနေနိုင်သော မိစ္ဆာအိုကြီးအကြောင်းကို တွေးကာ အရေးတကြီး လိုအပ်ချက်ကို ခံစားလိုက်ရသည်။
"ဒါမှ ငါ့ရဲ့ အင်အားကို မြှင့်တင်နိုင်မှာဖြစ်ပြီး အန္တရာယ်နဲ့ ကြုံလာရင်လည်း အသက်ရှင်ဖို့ အခွင့်အရေး ပိုများလာမှာ"
"အင်း... ဒီကျင့်စဉ်ကို လေ့ကျင့်တာအပြင် လိပ်တစ်ကောင်ကိုလည်း ရှာပြီး ယဉ်ပါးအောင် လုပ်ရမယ်။ ပိုင်လျန်ခရိုင်တဝိုက်မှာ မြစ်ချောင်းအင်းအိုင်တွေ အများကြီးရှိတော့ လိပ်တစ်ကောင်ရှာဖို့ သိပ်မခက်လောက်ဘူး။ အားဟွမ်နဲ့ ပါးစပ်ကြီးကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ဘူး။ သူတို့တွေ အရွယ်ရောက်လာတာနဲ့အမျှ ဆက်ပြီး အဆင့်တက်နေဖို့ လိုမယ်..."
"ဒါ့အပြင် ချန်အိမ်တော်ကိုလည်း တစ်ခေါက်သွားရမယ်။ အုပ်ချုပ်ရေးမှူးဝူ သေသွားပြီဆိုတော့ ချန်အိမ်တော်က တစ်ခုခုကို သတိထားမိမှာ သေချာတယ်။ ဒါကြောင့် ငါကပဲ အရင်ဦးအောင် လုပ်ရမယ်"
လုပ်စရာရှိသည်များကို တွေးတောရင်း ကုယွမ် ခေါင်းကိုသာ ကုပ်နေမိတော့သည်။ မိစ္ဆာအိုကြီးကို ရှာဖွေဖို့ကိစ္စကိုမူ သူ အခုချက်ချင်း လုပ်ဆောင်ရန် အစီအစဉ်မရှိသေးပေ။ အနည်းဆုံး သူ၏ ကျင့်ကြံမှုအဆင့် တက်လာပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိမှသာ လုပ်ဆောင်မည်ဖြစ်သည်။ အဘိုးအိုချန်ကို ရှာပေးမည်ဟု ကတိပေးခဲ့သော်လည်း ချက်ချင်းရှာပေးမည်ဟုတော့ သူ မပြောခဲ့ပေ။
...
ညဉ့်နက်သန်းခေါင်အချိန်။
ချန်အိမ်တော်၊ ပင်မတံခါးကြီး။
အနီရောင်တံခါးမကြီးမှာ ကြေးမှိုများ တပ်ဆင်လျက် တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ဘေးတစ်ဖက်တစ်ချက်တွင် ရက်စက်ကြမ်းကြုတ်သော ကျောက်ခြင်္သေ့ကြီးနှစ်ကောင်က အိမ်
တော်၏ အရှိန်အဝါကို ဖော်ဆောင်လျက် စောင့်ကြပ်နေကြသည်။
အပေါ်ဘက်တွင် ချန်အိမ်တော်ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီး ချိတ်ဆွဲထားသည်။ ပတ်ပတ်လည်ရှိ တံတိုင်းများမှာ ဘေးတစ်ဖက်တစ်ချက်သို့ ရှည်လျားစွာ သွယ်တန်းနေပြီး အိမ်တော်ဝင်းအတွင်းမှ ခွေးဟောင်သံများနှင့် အစောင့်များ၏ ငေါက်ငမ်းသံများကို ရံဖန်ရံခါ ကြားရတတ်သည်။
ညမှောင်မှောင်အောက်တွင် ချန်အိမ်တော်သည် အေးစိမ့်ခြောက်ခြားဖွယ် ကောင်းသည်။ အိပ်ပျော်နေသော သားရဲကြီးတစ်ကောင်ကဲ့သို့ပင် သာမန်လူများ အနားမကပ်ရဲလောက်အောင် တားဆီးနိုင်သော အရှိန်အဝါမျိုး ရှိနေသည်။
သို့သော် ထိုလူများထဲတွင် ကုယွမ် မပါဝင်ပေ။
ယခုအချိန်တွင် ကုယွမ်သည် ချန်အိမ်တော် အပြင်ဘက်၌ ရပ်နေသည်။
"ချန်အိမ်တော်..."
သူသည် နက်နဲသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီးနောက် လျင်မြန်စွာ ရှေ့သို့တိုးကာ တံတိုင်းကို ခုန်တက်ပြီး အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် အနီးအနားရှိ အစောင့်ခွေးကြီးတစ်ကောင်မှာ လှုပ်ရှားမှုကို သိရှိသွားပြီး ဟောင်ရန် ပြင်လိုက်သည်။
သို့သော် အသံမထွက်နိုင်ခင်မှာပင် မှောင်ရိပ်ထဲမှ ထူးခြားစွာ ကြီးမားလှသော သံပြာရောင် ကင်းခြေများတစ်ကောင်က ခုန်ထွက်လာပြီး ထိုခွေး၏ လည်ပင်းကို ကိုက်လိုက်သည်။
သံကျောကင်းခြေများ၏ အဆိပ် ဘယ်လောက်အထိပြင်းထန်လဲဆိုသည်ကို ကုယွမ် ကောင်းကောင်းသိသည်။ ၎င်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ပျောက်စေနိုင်သည်။ ထိုအစောင့်ခွေးမှာ ရုန်းကန်ရန်ပင် အချိန်မရလိုက်ဘဲ ကိုယ်လက်များ တုန်ခါသွားကာ အသံတစ်ချက်မထွက်ဘဲ လဲကျ၍ သေဆုံးသွားတော့သည်။
ကုယွမ်သည် ထိုခွေးကို လှည့်မကြည့်ဘဲ ပတ်ဝန်းကျင်ကို အကဲခတ်ကာ ဦးတည်ချက်ကို ရှာဖွေလိုက်သည်။ ကင်းလှည့်နေသော အစောင့်နှစ်ဦး ဖြတ်သွားသည်နှင့် သူသည် မြွေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး သစ်သားတိုင်တစ်ခု၏ နောက်ကွယ်တွင် ပုန်းကွယ်လိုက်သည်။ အစောင့်များ ထွက်သွားသောအခါ သူသည် လခြမ်းပုံစံ တံခါးပေါက်မှတစ်ဆင့် နောက်ဖေးဝင်းသို့ ဦးတည်ကာ အဆောင်ငယ်တစ်ခုဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ဤအချိန်တွင် သူသည် ချန်အိမ်တော်၏ တည်ဆောက်ပုံကို အကြမ်းဖျင်း သိရှိထားပြီးသား ဖြစ်သည်။
အရှေ့ဘက်ခြမ်းရှိ အဆောင်များမှာ ချန်အိမ်တော်၏ သခင်လေးများနှင့် သခင်မလေးများ နေထိုင်ရာ နေရာဖြစ်သည်။ ထိုအထဲတွင် ဆဋ္ဌမမြောက် သခင်လေး ချန်ယွန်ကျဲလည်း ပါဝင်နေသည်။
အခန်း။ ၆၂
ဤအဆောင်ငယ်မှာ သေသပ်လှပပြီး တိတ်ဆိတ်ငြိမ်သက်လှသော်လည်း အခန်းတစ်ခန်းအတွင်း၌မူ မီးရောင်လင်းနေဆဲပင်။
ကုယွမ်သည် ရှေ့သို့တိုးကာ ပြတင်းပေါက်ကြားမှတစ်ဆင့် အတွင်းသို့ ချောင်းကြည့်လိုက်
သည်။ ထိုစဉ် အဖိုးတန်ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် နေရာတွင်
ထိုင်ကာ မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်နေသည်ကို တွေ့ရသည်။
သူ၏အောက်ဘက်တွင်မူ ကိုယ်ခန္ဓာတောင့်တင်းပြီး လက်ဖဝါးကြီးမားသော သိုင်းသမားတစ်ဦးဖြစ်ပုံရသည့် လူလတ်ပိုင်းတစ်ဦးက မတ်တပ်ရပ်နေသည်။
"အုပ်ချုပ်ရေးမှူးဝူ အခုထိ ပြန်မလာသေးဘူးလား"
ချန်ယွန်ကျဲက ခေတ္တမျှ နှုတ်ဆိတ်နေပြီးမှ မေးလိုက်ခြင်းပင်။
လူလတ်ပိုင်းသိုင်းသမားက ဦးညွှတ်လိုက်ပြီး "သခင်လေး... အုပ်ချုပ်ရေးမှူးဝူက မနေ့က ထွက်သွားတာ အခုထိ ပြန်မရောက်သေးပါဘူး။ ဒီကိစ္စက အိမ်တော်သခင်ကြီးအထိ သိသွားပြီမို့ မနက်ဖြန်ကျရင် သခင်ကြီးက သခင်လေးကို ခေါ်ယူမေးမြန်းလိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြန်ဖြေသည်။
ထိုစကားကြောင့် ချန်ယွန်ကျဲ၏ မျက်မှောင်မှာ ပို၍ပင် တွန့်ချိုးသွားတော့သည်။
"အုပ်ချုပ်ရေးမှူးဝူကို ငါကိုယ်တိုင် လွှတ်လိုက်တာ။ သူ့မှာ တစ်ခုခုဖြစ်ခဲ့ရင် ငါလည်း တာဝန်ရှိတယ်။ အဖေကလည်း ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
"အဓိကက အုပ်ချုပ်ရေးမှူးဝူက အမြဲတမ်း သတိရှိတဲ့လူ။ အရင်က တစ်ခုခုဖြစ်လို့ ပြန်မလာနိုင်ခဲ့ရင်တောင် သတင်းပို့လေ့ရှိတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ပြန်လည်းမလာဘူး။ ဘာသတင်းမှလည်း မရှိဘူးဆိုတော့ တစ်ခုခုတော့ ဖြစ်သွားပြီထင်တယ်"
ဖယောင်းတိုင်မီးရောင်အောက်တွင် ချန်ယွန်ကျဲ၏ မျက်နှာမှာ မရေမရာဖြစ်နေပြီး
"ငါက သူ့ကို ကိစ္စအသေးအမွှားလေးတစ်ခုပဲ လုပ်ခိုင်းလိုက်တာပါ။ အဲဒီ ကုယွမ် ဆိုတဲ့ ကောင်လေးကို သတ်ခိုင်းလိုက်တာ။ သေချာအောင်လို့ စိမ်းလန်းဝါးဂိုဏ်းက ဒုတိယခေါင်းဆောင် ကျန်းမုနဲ့ပါ ပူးပေါင်းခိုင်းခဲ့တာလေ"
"ဒါပေမဲ့ မထင်မှတ်ဘဲ သူတို့နှစ်ယောက်လုံး အတူတူ ပျောက်သွားတယ်ဆိုတော့... ဒီကိစ္စက အဲဒီ ကုယွမ် ဆိုတဲ့ ကောင်လေးနဲ့ ပတ်သက်နေတာ သေချာသလောက်ပဲ"
ကုယွမ်၏အမည်ကို ပြောလိုက်သည့်အခါ ချန်ယွန်ကျဲ၏ မျက်နှာမှာ ကြည့်မကောင်းအောင် ဖြစ်သွားသည်။ သူသည် မူလက ထိုကောင်လေးကို လုံးဝဂရုမစိုက်ခဲ့ပေ။
သူသည် ငယ်စဉ်ကတည်းက ခွေးများ၊ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော ခွေးရဲများကို မွေးမြူရသည်ကို ဝါသနာပါသူဖြစ်သည်။
သူချစ်သော ခွေးများက သားကောင်ကို ကိုက်ဖြတ်နေချိန်တွင် သားကောင်က အော်ဟည်ရုန်းကန်နေသည်ကို ကြည့်ပြီး သူသည် ပြောမပြနိုင်သော ပျော်ရွှင်မှုကို ခံစားရလေ့ရှိသည်။ အရင်ကလည်း သူသည် လူများကို ခွေးဖြင့် ကိုက်ခိုင်းခဲ့ဖူးပြီး အချို့မှာ ခွေးကိုက်ခံရသဖြင့် သေဆုံးခဲ့ဖူးသည်။
သို့သော် သူ၏အမြင်တွင် ထိုတောသားများမှာ တန်ဖိုးမရှိသော အသက်များသာဖြစ်သည်။ သေသွားလျှင်လည်း ငွေအနည်းငယ်ပေးပြီး ဖြေရှင်းလိုက်ရုံသာရှိရာ ၎င်းမှာ သူ့အတွက် အရေးကြီးသော ကိစ္စမဟုတ်ပေ။
ချန်မိသားစု၏ သခင်လေးတစ်ဦးအနေဖြင့် သူ၌ အရာရာ မပြည့်စုံသော်လည်း ငွေတုံးငွေခဲကမူ လိုသည်ထက်ပင် ပိုလျှံနေသည်။ အခါတိုင်းတွင် အုပ်ချုပ်ရေးမှူးဝူက နောက်ဆက်တွဲကိစ္စများကို သေသပ်စွာ ဖြေရှင်းပေးလေ့ရှိသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ မထင်မှတ်ဘဲ အမှားအယွင်း ဖြစ်သွားခဲ့သည်။
ခွေးကိုက်ခံခဲ့ရသော ကုအမည်ရှိ ကောင်လေးသည် ကျောက်စိမ်းအိုးမျှော်စင်တွင် ဆေးရှာဖွေသူ ဖြစ်လာရုံတင်မက သိုင်းသမားတစ်ဦးအဖြစ်ပါ တက်လှမ်းလာသည်ကို သိလိုက်ရချိန်တွင် သူသည် ထိုအန္တရာယ်ကို အမြစ်ဖြတ်ရန် အုပ်ချုပ်ရေးမှူးဝူကို ခိုင်းစေခဲ့ခြင်းပင်။ သို့သော် ယခုတော့ ကိစ္စများက ပိုမိုကြီးထွားလာပုံပင်။
"သခင်လေး"
ထိုစဉ် လူလတ်ပိုင်းသိုင်းသမားက လက်အုပ်ချီလျက် သူ၏မျက်နှာတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာကာ
"ကျွန်တော် သွားပြီး အဲဒီကောင်လေးကို ဖမ်းလာခဲ့ရမလား။ တကယ်လို့ ဒီကိစ္စက သူနဲ့ ပတ်သက်နေတယ်ဆိုရင် အိမ်တော်သခင်ကြီး မေးတဲ့အခါ သခင်လေးအတွက် ဖြေရှင်းချက်တစ်ခု ရှိသွားတာပေါ့"
ချန်ယွန်ကျဲသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် သဘောတူလိုက်သည်။
"ကောင်းပြီ... ဒါကို မင်းပဲ တာဝန်ယူလိုက်တော့"
လူလတ်ပိုင်းသိုင်းသမားက ဦးညွှတ်ကာ "ဟုတ်ကဲ့ပါ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"
ချန်ယွန်ကျဲက ခေတ္တစဉ်းစားပြီးနောက် သတိပေးစကား ထပ်ပြောလိုက်သည်။
"မှတ်ထား... သူ့ကို အသက်ရှင်လျက် ဖမ်းမိတာက အကောင်းဆုံးပဲ။ ဒါပေမဲ့ ဖမ်းလို့မရဘူးဆိုရင်လည်း ဘယ်သက်သေမှ မကျန်ခဲ့အောင် ရှင်းပစ်ခဲ့"
စောင့်ဆိုင်းနေသော်လည်း မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာသဖြင့် ချန်ယွန်ကျဲ မော့ကြည့်လိုက်သည့်အခါ သူ၏လက်အောက်ငယ်သား၏ မျက်နှာမှာ သေမင်းအရိပ်အယောင်များ ဖုံးလွှမ်းနေသည့်အလား ညိုမည်းနေသည်ကို တွေ့လိုက်ရပြီးနောက် ထိုသူမှာ အသက်မဲ့စွာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ချက်ချင်းဆိုသလိုပင် ထိုသူ၏အောက်မှ သံပြာရောင် ကင်းခြေများတစ်ကောင် လေးတွားထွက်လာသည်။ ၎င်း၏ အခွံမှာ မာကျောပြီး ပါးစပ်မှ အဆိပ်စွယ်များမှာ ဓားကဲ့သို့ ထက်မြက်ကာ ပြာလဲ့လဲ့ အရောင်တောက်ပနေသည်။
သံချိတ်များကဲ့သို့ အေးစက်စွာ တောက်ပနေသည့် ခြေထောက်နှစ်တန်းမှာ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ခြစ်ရာများချန်ခဲ့ရင်း သူ၏ထံသို့ လျင်မြန်စွာ ဦးတည်လာနေသည်။
"မကောင်းတော့ဘူး"
ချန်ယွန်ကျဲမှာ ချန်အိမ်တော်တွင် အရေးပါဆုံးသူ မဟုတ်သော်လည်း ငတုံးမဟုတ်ပေ။ ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် သူ၏မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွားပြီး အန္တရာယ်ကို အာရုံခံမိလိုက်သည်။
သူသည် တွေဝေခြင်းမရှိဘဲ ထိုင်နေရာမှထကာ နောက်သို့ဆုတ်လိုက်ပြီး အော်ဟစ်အကူအညီတောင်းရန် ပြင်လိုက်သည်။
ဤအဆိပ်ရှိသတ္တဝါမှာ သာမန်မဟုတ်ဘဲ တစ်စုံတစ်ယောက်က မွေးမြူထားသည့်အရာ ဖြစ်ကြောင်းနှင့် သူ့ကို ရည်ရွယ်၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ဆူညံအောင်ပြုလုပ်ရန်ပင်။ ဆူညံလေလေ လူတွေပိုသိလာလေဖြစ်ပြီး သူ့အတွက် ပို၍ဘေးကင်းလေပင်။
သို့သော် ချန်ယွန်ကျဲ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခါးနှင့် ဝမ်းဗိုက်ဆီသို့ လက်သီးတစ်ချက်က အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။
ဘုန်း…
ထိုလက်သီး၏ အရှိန်မှာ လေးလံသော တူကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ပင်။ ထိုတစ်ချက်တည်းနှင့်ပင် ချန်ယွန်ကျဲမှာ မြေပြင်မှ လွင့်ထွက်သွားပြီး နံရိုးများ ကျိုးပဲ့ကုန်ကာ အသံပင် မထွက်နိုင်တော့ပေ။
ချန်ယွန်ကျဲ မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင် သူ၏မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်နေပြီး အူများပြတ်ထွက်တော့မည့်အလား ခံစားနေရကာ မျက်စိရှေ့တွင် မှောင်အတိ ကျသွားတော့သည်။ သူသည် ဝမ်းဗိုက်ကိုဖိလျက် ပါးစပ်ဟထားသော်လည်း စကားမပြောနိုင်ရှာတော့ပေ။
ခေတ္တမျှ အသက်ကို မနည်းလုရှူလိုက်ပြီးနောက် အရှေ့တွင် လက်ထဲ၌ ဓားတစ်စင်း ကိုင်ဆောင်ကာ သူ့ကို ငုံ့ကြည့်နေသည့် ချောမောသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။
"အု... မင်း... မင်းပဲ ကုယွမ်"
ချန်ယွန်ကျဲသည် အံကြိတ်ကာ သူ၏ရှေ့မှ လူငယ်ကို စိုက်ကြည့်ရင်း မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိသွားသည်။
"ဟုတ်တယ် ငါပဲ"
ကုယွမ်က ခေါင်းညိတ်ပြလိုက်ပြီး "ငါ ဘာလို့ ဒီကို ရောက်နေသလဲဆိုတာ မင်းသိပုံပဲ။ အဲဒါ ကောင်းတာပေါ့" ဟု ပြောလိုက်သည်။
စကားမဆုံးသေးခင်မှာပင် အိမ်၌စွပ်ထားသော ဓားရှည်ဖြင့် ချန်ယွန်ကျဲ၏ ပါးစပ်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
ဖြောင်း….
ချန်ယွန်ကျဲ၏ ခေါင်းမှာ ဘေးသို့ လည်ထွက်သွားပြီး သွားများအားလုံး ကြေမွကုန်ကာ မျက်နှာတစ်ခြမ်းလုံး သွေးချင်းချင်းနီသွားတော့သည်။ ထိုအချိန်မှာပင် ချန်ယွန်ကျဲ၏ လက်ထဲမှ တိတ်တဆိတ် ထုတ်ယူထားသော မြှောင်ဓားလေးမှာ မြေပြင်ပေါ်သို့ လျှောကျသွားသည်။
ကုယွမ်က ရှေ့သို့တိုးကာ ချန်ယွန်ကျဲ၏ လက်ကို ခြေထောက်ဖြင့် နင်းခြေလိုက်ရာ အရိုးကျိုးသံများပင် ထွက်ပေါ်လာသည်။
ချန်ယွန်ကျဲမှာ နာကျင်လွန်းသဖြင့် ပါးစပ်ဟကာ အော်ဟစ်ရန် ပြင်သော်လည်း ကုယွမ်က သူ၏မျက်နှာကို ခြေထောက်ဖြင့် ကန်ကာ ထိုအော်သံကို ပြန်လည်ပိတ်ဆို့လိုက်သည်။
"အခု ငါမေးမယ် မင်းဖြေ"
"ချန်မိသားစုရဲ့ အိမ်တော်သခင်ကြီး... မင်းအဖေ အခု ဘယ်မှာလဲ"
ချန်ယွန်ကျဲက နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ကုယွမ်သည် ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး လျင်မြန်သော အရှိန်ဖြင့် သူ၏လည်ပင်းအရေပြားကို အနည်းငယ် လှီးဖြတ်လိုက်ရာ နွေးထွေးသော သွေးများ စီးကျလာသည်။
"စကားမပြောဘူးပေါ့ ဒါဆို သေလိုက်တော့"
"ဟင့်အင်း ကျွန်တော့်ကို မသတ်ပါနဲ့ ကျွန်တော် ပြောပါ့မယ် ပြောပါ့မယ်"
မည်မျှပင် ကောက်ကျစ်စဉ်းလဲပါစေ ချန်ယွန်ကျဲမှာ အတွေ့အကြုံဖြင့် ရင့်ကျက်သူ မဟုတ်သေးပေ။
ကုယွမ်၏ ရိုက်နှက်မှုကို ခံလိုက်ရပြီးနောက် သူသည် စိုးရိမ်စိတ်နှင့် ကြောက်ရွံ့မှုတို့၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီဖြစ်သည်။
လည်ပင်းပေါ်မှ အေးစိမ့်သော ဓားအထိအတွေ့ကြောင့် ကြောက်လန့်လွန်းသဖြင့် သူသည် သူ၏ဖခင်ကို သစ္စာဖောက်ရန် ဝန်မလေးတော့ပေ။
"ကျွန်တော့်အဖေက အခု စာကြည့်ခန်းထဲမှာ ရှိနေလောက်ပြီ"
သူ၏စကားများမှာ သွားများမရှိတော့သဖြင့် သဲသဲကွဲကွဲ မရှိသော်လည်း ကုယွမ်ကတော့ နားလည်အောင် နားထောင်နိုင်ခဲ့သည်။
ထိုစကားကို ကြားရသည့်အခါ ကုယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။
"စာကြည့်ခန်းထဲမှာလား မင်း သေချာလား"
ချန်ယွန်ကျဲက ရှင်းပြသည်။
"ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ ချန်မိသားစုရဲ့ လုပ်ငန်းတွေမှာ ပြဿနာအချို့ ကြုံနေရလို့ အဖေက စာကြည့်ခန်းထဲမှာပဲ ကိစ္စတွေကို ကိုင်တွယ်နေတာပါ"
"ကျေးဇူးပဲ"
ကုယွမ်က သိရှိကြောင်း ခေါင်းညိတ်ပြလိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ ဓားရှည်ဖြင့် ချန်ယွန်ကျဲ၏ လည်ပင်းကို ပြတ်သားစွာ လှီးဖြတ်လိုက်တော့သည်။
"မင်း... အု..."
ချန်ယွန်ကျဲသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ ဖော်ပြလျက် လည်ပင်းမှ ဒဏ်ရာကို လက်ဖြင့် အသည်းအသန် ဖိထားရှာသည်။ သူသည် ကုန်းပေါ်သို့ ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ အားကိုးရာမဲ့စွာ ရုန်းကန်နေတော့သည်။
သို့သော် နွေးထွေးသော သွေးများမှာ သူ၏လက်ချောင်းကြားမှတစ်ဆင့် မရပ်မနား စီးထွက်ကာ မြေပြင်ပေါ်သို့ တစက်စက် ကျနေခဲ့သည်။
"မနေ့က စိုက်ခဲ့တဲ့ အကြောင်းတရားကြောင့် ဒီနေ့ ဒီလို အကျိုးတရားကို ခံစားရတာပဲ။ ချန်ယွန်ကျဲ... ဒီလို အဆုံးသတ်မျိုး ဖြစ်လာတာက မင်းရဲ့ ကိုယ်တိုင်ပြုခဲ့တဲ့ ကံပဲ"
ကုယွမ်သည် ဤမြင်ကွင်းကို စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ ခေတ္တအကြာတွင် ချန်ယွန်ကျဲ၏ လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။
၎င်းကို မြင်လိုက်ရသည့်အခါ ကုယွမ်သည် ရင်ထဲမှ အလုံးကြီး ကျသွားသည့်အလား သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။ သူသည် များစွာသော ရန်ငြိုးအာဃာတကို လက်စားချေနိုင်ခဲ့ပြီ ဖြစ်သဖြင့် စိတ်ထဲတွင် ပေါ့ပါးလွတ်လပ်မှုကို ခံစားလိုက်ရတော့သည်။