အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း။ ၆၅
ပါးစပ်ကြီးက သူ၏ပါးစပ်ကြီးကို ဟလိုက်ပြီး အဝါရောင်ဝိညာဉ်ဆေးမြစ်အပိုင်းအစကို တစ်ကိုက်တည်းနှင့် မျိုချလိုက်သည်။
ကုယွမ်၏ အကုန်အကျခံ ကျွေးမွေးမှုကြောင့် ဤရက်ပိုင်းအတွင်း သားရဲလေးသုံးကောင်မှာ သိသိသာသာ ထွားကြိုင်းလာခဲ့သည်။ အားဟွမ်ကို နမူနာကြည့်လျှင် သူသည် ယခုအခါ ကြီးထွားမှုအဆင့် ၆၈% သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ် လဝက်ခန့်အကြာတွင် အရွယ်ရောက်သော သံသွားကြွက်တစ်ကောင် ဖြစ်လာပေတော့မည်။ ထိုအချိန်ကျလျှင် တာအိုအနှစ်သာရအမှတ်များကို အသုံးပြု၍ ရတနာရှာကြွက်ကလေးအဖြစ်သို့ အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။
ပါးစပ်ကြီးမှာမူ အနည်းငယ်နှေးကွေးပြီး ၅၉% သို့ ရောက်ရှိနေသည်။ အနှေးကွေးဆုံးဖြစ်သော အားဝူမှာမူ ခန္ဓာကိုယ်အရွယ်အစား ကြီးမားလာရုံတင်မကဘဲ သူ၏ အခွံအရောင်မှာလည်း ပို၍ရင့်ပြီး လေးလံသော အရောင်သို့ ပြောင်းလဲလာသည်။ သူ၏ဗိုက်အောက်ရှိ သံချိတ်ကဲ့သို့ ခြေထောက်နှစ်တန်းမှာလည်း ပိုမိုထက်မြက်လာခဲ့သည်။
ထိုနေ့ မွန်းတည့်ချိန် ကျောက်စိမ်းအိုးမျှော်စင်၌ ဝတ်ရုံဟောင်းတစ်ထည်ကို ပတ်ထားပြီး ကျောတွင် ဓားအရှည်ကြီးတစ်စင်း လွယ်ထားသော ဓားသမားတစ်ဦးသည် ခန်းမအတွင်းသို့ လျှောက်လှမ်း၍ ဝင်လာခဲ့သည်။ ထိုသူမှာ အသားအရေ ညိုဖျော့ဖျော့၊ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ဖြစ်သော်လည်း မျက်နှာထားမှာ အေးစက်ခက်ထန်လွန်းသဖြင့် မည်သူမျှ အနားမကပ်ရဲပေ။
သူသည် ကောင်တာသို့ ချဉ်းကပ်သွားသောအခါ အရောင်းစာရေးလေးမှာ ပြုံးရွှင်စွာဖြင့် ကြိုဆို လိုက်သည်။
"အရှင်... ဘာများ အလိုရှိပါသလဲခင်ဗျာ"
ကောင်တာတွင် အလုပ်လုပ်နေသည်မှာ ကြာပြီဖြစ်သဖြင့် ဤစာရေးလေးသည် လူမျိုးစုံကို မြင်ဖူးနေပြီဖြစ်သည်။ ထို့ကြောင့် ထိုဓားသမား၏ အရှိန်အဝါကြောင့် စကားမပြောနိုင်လောက်အောင် ကြောက်လန့်မသွားဘဲ ပုံမှန်အတိုင်းပင် ဆက်ဆံလိုက်သည်။
"သွေးကျောက်စိမ်း အရိုးသန်မာဆေးလုံးရှိသလား"
မျက်နှာညိုဖျော့ဖျော့နှင့် ထိုလူလတ်ပိုင်းဓားသမားက အသံသြသြဖြင့် မေးလိုက်သည်။
သွေးကျောက်စိမ်း အရိုးသန်မာဆေးလုံးမှာ ကျောက်စိမ်းအိုးမျှော်စင်၏ နာမည်ကျော် ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းမှာ ကျားသစ်သန္ဓေ ခြင်ဆီဆေးကြောခြင်းဆေးလုံးနှင့်အပြိုင် ကျော်ကြားသော်လည်း ဈေးနှုန်းမှာမူ ပို၍ပင် ကြီးမားလှသည်။
တစ်လုံးကို ငွေစင် ၁၂၀၀ တိတိပါ။
အကြောင်းမှာ ဤဆေးလုံးသည် အရိုးများကို ကျစ်လျစ်စေပြီး အကြောအဆစ်များကို သန်မာစေသော ဝိညာဉ်ဆေးလုံးတစ်မျိုး ဖြစ်သောကြောင့်ပင်။ ၎င်းကို ဝိညာဉ်ကျောက်စိမ်းမှ ထုတ်ယူထားသော ကျောက်စိမ်းခြင်ဆီနှင့်အတူ ဝိညာဉ်ဆေးမြစ် တစ်ဒါဇင်ကျော်၊ သားရဲတိရစ္ဆာန်များ၏ အနှစ်သွေးတို့ဖြင့် ပေါင်းစပ်ဖော်စပ်ထားခြင်းပင်။
အစွမ်းမှာမူ ပေးရသည့်ဈေးနှင့် ထိုက်တန်သည်။ သာမန်သိုင်းသမားတစ်ဦးသည် ၃ နှစ်မှ ၅ နှစ်အထိ အရိုးသန့်စင်ခြင်းကို ပြုလုပ်ရသော်လည်း ဤဆေးတစ်လုံး၏ အာနိသင်ကို မမီနိုင်ပေ။
သိုင်းဆရာများအတွက်မူ ဤဆေးလုံး၏ တစ်ခုတည်းသော အားနည်းချက်မှာ ဈေးကြီးလွန်းခြင်းပင်။ သာမန်လူတစ်ဦးမှာ အိမ်ပေါင်၊ ခြံပေါင်လုပ်လျှင်ပင် တစ်လုံးဝယ်ရန် ခဲယဉ်းလှသည်။
"ရှိပါတယ်... ရှိတာပေါ့ခင်ဗျာ"
စာရေးလေးသည် အားတက်သရောဖြင့် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး "စိတ်ချပါ အရှင်... ကျွန်တော်တို့ဆိုင်က ဆေးလုံးတွေက ထိပ်တန်းအရည်အသွေးတွေပါ။ အရောင်နဲ့ အနံ့ကို ကြည့်ရုံနဲ့တင် အဆင့်မြင့်ဆေးလုံးဆိုတာ သိနိုင်ပါတယ်။ အကယ်၍ အရှင် ဝယ်မယ်ဆိုရင် ကျွန်တော် ငွေ ၅ တုံး လျှော့ပေးပါ့မယ်"
စာရေးလေးမှာ အလွန်ပင် စိတ်အားထက်သန်နေသည်။ ဤကဲ့သို့သော ဆေးလုံးမျိုးမှာ ဈေးကြီးလွန်းသဖြင့် ရံဖန်ရံခါမှသာ ရောင်းရလေ့ရှိသည်။ အကယ်၍ သူသာ တစ်လုံးရောင်းနိုင်လျှင် ကော်မရှင်အမြောက်အမြား ရရှိမည်ပင်။
သို့သော် ညိုဖျော့ဖျော့မျက်နှာနှင့် ဓားသမားက ခေါင်းယမ်းလိုက်ပြီး "နည်းလွန်းတယ်"
"ဗျာ"
စာရေးလေး ကြောင်သွားကာ "အရှင်... ဘာကို ဆိုလိုတာလဲဟင်"
"သွေးကျောက်စိမ်း အရိုးသန်မာဆေးလုံး တစ်လုံးတည်းနဲ့ မလောက်ဘူး... ငါ သုံးလုံး လိုချင်တယ်"
မျက်နှာညိုဖျော့ဖျော့နှင့် ဓားသမားက သြရှရှလေသံဖြင့် ပြောလိုက်ရင်း ငွေစက္ကူအထပ်လိုက်ကို ကောင်တာပေါ်သို့ တင်လိုက်သည်။
"သုံး... သုံးလုံးတောင်လားဗျာ"
အရောင်းစာရေးလေးမှာ လုံးဝကို ဆွံ့အသွားတော့သည်။
ဘုရားရေ...ငါ ကျောက်စိမ်းအိုးမျှော်စင်မှာ အလုပ်လုပ်လာတဲ့ ငါးနှစ်၊ ခြောက်နှစ်အတွင်း ဝယ်သူတွေဟာ ဝိညာဉ်ဆေးလုံးကို တစ်ခါဝယ် တစ်လုံးပဲ ဝယ်ကြတာပါ။ ဝယ်တဲ့အခါမှာလည်း နှမြောတသဖြစ်တဲ့ မျက်နှာပေးမျိုးနဲ့ပေါ့။ အခုလို ညိုဖျော့ဖျော့မျက်နှာနဲ့ ဓားသမားလို တစ်ခါတည်း သုံးလုံးကို ဘုရင်လို ဝယ်သွားတာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။ ဒါက တကယ့်ကို အရမ်း ကြွယ်ဝချမ်းသာလွန်းနေတာပဲ ဖြစ်ရမယ်။
"ဘာလဲ... မင်းတို့ဆီမှာ မရှိလို့လား"
ဓားသမားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ရှိပါတယ်... ရှိတာပေါ့ခင်ဗျာ"
စာရေးလေး သတိပြန်ဝင်လာပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် သော့ကိုထုတ်ကာ ကောင်တာနောက်ကွယ်မှ ဘီရိုကို ဂရုတစိုက် ဖွင့်လိုက်ပြီး နောက်ထပ် ဆေးနှစ်လုံးကို ထုတ်ယူလိုက်သည်။
"ကြည့်ပါဦး အရှင် ဒီဆေးလုံးနှစ်လုံးကလည်း အရည်အသွေး အရမ်းကောင်းပါတယ်ခင်ဗျာ"
"ကောင်းပြီ"
ဆေးလုံးများကို စစ်ဆေးပြီးနောက် ဓားသမားက ခေါင်းညိတ်ကာ ဆေးပုလင်းသုံးလုံးကို ဝတ်ရုံထဲထည့်လျက် လှည့်ထွက်သွားတော့သည်။
"အရှင် ခဏနေပါဦး... သင့်ရဲ့ ငွေတွေ..."
စာရေးလေးက လှမ်းခေါ်သော်လည်း ဓားသမားမှာ တံခါးပြင်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် ငွေစက္ကူများကို အမြန်ရေတွက်ကြည့်ရာ ပမာဏ အတိအကျမှန်ကန်နေသဖြင့်မှ သက်ပြင်းချနိုင်တော့သည်။
...
ညိုဖျော့ဖျော့မျက်နှာနှင့် ဓားသမားသည် ကျောက်စိမ်းအိုးမျှော်စင်မှ ထွက်လာပြီးနောက် နောက်ယောင်ခံလိုက်သူ ရှိမရှိ သေချာအောင် လမ်းများအတွင်း လှည့်ပတ်သွားလာပြီးမှ အိမ်ဝင်းတစ်ခုအတွင်းသို့ ခုန်ဝင်လိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးမြည်သံများ တဖျောက်ဖျောက် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးမှာ သိသိသာသာ ပြန်လည်ကျုံ့ဝင်သွားကာ မျက်နှာကို ပွတ်သပ်လိုက်သည့်အခါ ချောမောသော လူငယ်လေးတစ်ဦး၏ မျက်နှာ ပေါ်လာတော့သည်။ ထိုသူက ကုယွမ်ပင်။
ရွှေမြွေအနှစ်သာရ မျိုချခြင်းကျင့်စဉ်ကို အတော်အတန် လေ့ကျင့်အောင်မြင်ထားသဖြင့် သူသည် အကြောများကို ဆန့်ထုတ်ခြင်းနှင့် အရိုးများကို ကျုံ့ခြင်းတို့ ပြုလုပ်နိုင်ကာ အခြားလူတစ်ဦးအသွင် ပြောင်းလဲရန် အလွန်ပင် သင့်လျော်လှသည်။
"ဒီဆေးသုံးလုံးတည်းအတွက် ငွေ ၃၆၀၀ တောင် ကုန်သွားပြီ။ ပေးရတဲ့ဈေးနဲ့ ထိုက်တန်ပြီး ငါ့ရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ..."
ကုယွမ်သည် လက်ထဲရှိ ကျောက်စိမ်းပုလင်း သုံးလုံးကို ကြည့်ကာ ပြုံးလိုက်မိသည်။ ဤငွေများမှာ မမျှော်လင့်ဘဲ ရလာသည့် လာဘ်လာဘများ ဖြစ်သော်လည်း တစ်ခါတည်းနှင့် အကုန်သုံးပစ်လိုက်ရခြင်းက သူ့ကို အနည်းငယ် နှမြောမိစေသည်။
သို့သော် ဤဆေးလုံးများ၏ အာနိသင်မှာ ပြင်းထန်လှသဖြင့် အကျိုးရှိရှိ အသုံးပြုနိုင်ပါက သူ၏ အရိုးသန့်စင်ခြင်းအဆင့်ကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။ သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ မျိုချလိုက်သည်။
ဆေးလုံးသည် အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် ပြင်းထန်သော အပူရှိန်များ စတင်ထွက်ပေါ်လာတော့သည်။ ကုယွမ်၏ အစာအိမ်မှာ မီးဖိုကြီးတစ်ခုကဲ့သို့ ဖြစ်လာပြီး သွေးသားများကို လောင်မြိုက်ကာ အရေပြားများပါ နီမြန်းပူကျစ်လာသည်။
"ဆေးအာနိသင်က တကယ့်ကို ပြင်းတာပဲ။ ဆေးမြစ်ကို စားတုန်းကထက်တောင် ပိုအစွမ်းထက်သေးတယ်"
သူ၏ အရိုးများမှာလည်း ကိုက်ခဲယားယံလာသဖြင့် သူသည် ဝင်းအတွင်း၌ပင် ရွှေမြွေအနှစ်သာရ မျိုချခြင်းကျင့်စဉ်ပါ ကိုယ်ဟန်အနေအထားများအတိုင်း လက်သီးများကို စတင်ထိုးနှက်တော့သည်။
ဤသို့ ပြုလုပ်ခြင်းက ဆေးအာနိသင်ကို ပိုမိုမြန်ဆန်စွာ စုပ်ယူစေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများ ပွတ်တိုက်မိသံများမှာလည်း သံတုံးကို တူဖြင့်ထုနေသည့်အလား ထွက်ပေါ်နေပြီး အရိုးအတွင်းရှိ အညစ်အကြေးများကို သန့်စင်ဖယ်ရှားပေးနေသည်။
နေဝင်ချိန်ရောက်မှသာ ကုယွမ်သည် လေ့ကျင့်မှုကို ရပ်နားလိုက်သည်။ ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံးမှာ ရေငွေ့များ ထွက်နေပြီး အရေပြားပေါ်တွင်လည်း စေးကပ်ညှော်နံ့နံသော မီးခိုးရောင် ချွေးများ ထွက်နေသည်။
ဤအရာများမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်လွှဝ်လိုက်သော အညစ်အကြေးများပင်။
အခန်း။ ၆၆
ကုယွမ်သည် သူ၏ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ သိသိသာသာ အားကောင်းလာသည်ကို ခံစားမိနေသည်။ သူ၏အရိုးများမှာလည်း ပေါ့ပါးသွားသည့်အလား ထင်မှတ်ရသော်လည်း ပိုမိုမာကျောပြီး သွက်လက်လာခဲ့သည်။
ရှူး...
သူက လက်ဝါးကိုတစ်ချက် ဝှေ့ယမ်းလိုက်ရာ လေထုကို ဖြတ်သန်းသွားသော အသံမှာ အဝတ်စတစ်ခုကို ဆွဲဖြဲလိုက်သည့်အလား ထွက်ပေါ်လာသည်။
သူ၏လက်မှာ အသားနှင့်သွေးဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ သံကြိမ်လုံးတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ သာမန်လှုပ်ရှားမှုတစ်ခုကပင် အရိုးများကို ချိုးဖျက်နိုင်ပြီး အသားများကို စုတ်ပြတ်သွားစေနိုင်သည့် အစွမ်းရှိနေပြီဖြစ်သည်။
"အင်း... ခွန်အားက ပိုကြီးလာတယ်. ထိုးဖောက်နိုင်စွမ်းကလည်း ပိုအားကောင်းလာသလို အရှိန်ကလည်း နည်းနည်း ပိုမြန်လာတယ်..."
ကုယွမ်သည် သူ၏ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို ဆန်းစစ်နေမိသည်။ သွေးကျောက်စိမ်း အရိုးသန်မာဆေးလုံး၏ အာနိသင်မှာ တကယ့်ကို ထူးခြားသည်။ အကယ်၍ သူသာ ပုံမှန်အတိုင်း တစ်ဆင့်ချင်း အရိုးသန့်စင်ခဲ့မည်ဆိုပါက ဤကဲ့သို့သော ရလဒ်မျိုးရရှိရန် လပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။
ပါရမီညံ့ဖျင်းသူများအတွက်မူ နှစ်နှင့်ချီ၍ပင် ကြာနိုင်သလို အချို့မှာမူ ဤအဆင့်မှာပင် တစ်သက်လုံး တစ်ဆို့နေတတ်ကြသည်။
"ပိုက်ဆံပေးပြီး အသာစီးယူရတာ တကယ့်ကို ကျေနပ်စရာပဲ... ဈေးကြီးတာတစ်ခုပဲ ဆိုးတယ်။ သာမန်လူတွေဆိုရင်တော့ ဒါကို ဘယ်လိုမှ မတတ်နိုင်ဘူး"
ကုယွမ်သည် သက်ပြင်းတစ်ချက်ချကာ ရေချိုးပြီး အဝတ်အစားလဲလိုက်သည်။ ဆေးအာနိသင် အများစုကို စုပ်ယူပြီးပြီဆိုသော်လည်း အချို့မှာ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးသဖြင့် နောက်ထပ် နှစ်ရက်ခန့်အထိ သူ ဆေးထပ်သောက်ရန် မလိုသေးပေ။
...
လေ့ကျင့်မှုပြီးဆုံးသောအခါ ကုယွမ်သည် အိမ်ဝင်းအတွင်းမှ ထွက်လာပြီး ထျန်းရွှေလမ်းကြားဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။ သူသည် ပညာရှိ လင်းကျိုးထံတွင် ရှေးဟောင်းလိပ်ကြီးများကို ဘယ်နေရာတွင် ရှာဖွေနိုင်မလဲဟု သွားရောက်စုံစမ်းရန် စီစဉ်ထားခြင်းပင်။
အဆင့်မြင့်သိုင်းပညာဖြစ်သော နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်မှာ သူလေ့ကျင့်နေသော ရွှေမြွေအနှစ်သာရ မျိုချခြင်းကျင့်စဉ်ထက်ပင် မနိမ့်ကျသလို ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်အမျိုးအစားဖြစ်သဖြင့် လေ့ကျင့်ရန် ပို၍ပင် အချိန်ပေးရနိုင်သည်။
ကုယွမ်သည် အရိုးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီး အခြေခံကောင်းသော်လည်း ဤကျင့်စဉ်ကို အောင်မြင်ရန်အတွက် သုံးငါးလမှ တစ်နှစ်နှစ်နှစ်အထိ ကြာမြင့်သွားနိုင်သည်။
ကုယွမ်ကတော့ ထိုမျှအထိ မစောင့်နိုင်ပေ။
ထို့ကြောင့် သူသည် ဖြတ်လမ်းနည်းကို အသုံးပြုရန် လိုအပ်သည်။
လမ်းမပေါ်တွင် လျှောက်လှမ်းနေစဉ် လမ်းသွားလမ်းလာများ သိသိသာသာ နည်းပါးသွားသည်ကို ကုယွမ် သတိပြုမိသည်။
ရဲမက်များနှင့် အစောင့်အကြပ်များမှာလည်း ဟိုဟိုဒီဒီ အလုပ်ရှုပ်နေကြပြီး ဓားလွယ်ထားသော သိုင်းသမားများကိုလည်း တားဆီးစစ်ဆေးနေကြသည်။
၎င်းမှာ သူ၏ လက်ချက်ကြောင့်ပင်။ ချန်အိမ်တော်ကိစ္စနှင့် ချန်ချန် သေဆုံးမှုမှာ လူအများ၏ စိုးရိမ်စိတ်ကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
ကုယွမ်သည်လည်း ဓားလွယ်ထားသူဖြစ်သဖြင့် ရံဖန်ရံခါ အစောင့်များ၏ တားဆီးမေးမြန်းခြင်းကို ခံရတတ်သည်။
သို့သော် သူ၏ ရုပ်ရည်မှာ ချောမောပြေပြစ်ပြီး လူဆိုးတစ်ဦးနှင့် မတူသဖြင့် သာမန်လူများက သူ့ကို နာမည်ကျော် လူသတ်သမား ယန်ရှီဆန်းဟု မည်သို့မျှ ထင်မှတ်နိုင်မည်မဟုတ်ပေ။ ရုပ်ရည်ကောင်းခြင်းက တစ်ခါတရံတွင် အခွင့်အရေးတစ်ခုပင် ဖြစ်နေတော့သည်။
ထို့အပြင် သူ၏ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းအိုးမျှော်စင်၏ ဆေးရှာဖွေသူ အမှတ်အသားကို မြင်ရုံဖြင့် မည်သူမျှ သူ့ကို အနိုင်ကျင့်ရန် သို့မဟုတ် ငွေညှစ်ရန် မစဉ်းစားရဲကြပေ။
လမ်းဘေးဆိုင်တစ်ဆိုင်မှ မုန့်အိတ်အချို့ကို ဝယ်ယူပြီးနောက် ကုယွမ်သည် ထျန်းရွှေလမ်းကြားရှိ အိမ်ဝင်းတစ်ခု၏ တံခါးကို ခေါက်လိုက်သည်။
"အစ်ကိုကု ရောက်လာတာပဲ"
မကြာခင်မှာပင် လင်းကျိုးက တံခါးဖွင့်ပေးလိုက်ပြီး ကုယွမ်ကို မြင်သည်နှင့် ဝမ်းသာအားရဖြင့် အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
"ကြွပါ ကြွပါဦး"
"အစ်ကိုလင်း... ဒီရက်ပိုင်း အဆင်ပြေရဲ့လား"
ကုယွမ်က ဝယ်လာသော မုန့်ထုပ်များကို ချလိုက်သည်။
ထိုအခါ လင်းကျိုးက ပြုံးရွှင်စွာဖြင့် "အစ်ကိုကု လမ်းညွှန်ပေးတဲ့အတိုင်း ကျွန်တော်က လူတွေအတွက် စာရေးပေးတယ်။ မိန်းမကလည်း ဈေးဆိုင်လေး ဖွင့်ထားတယ်လေ။ ပင်ပန်းပေမဲ့ ငွေလေးတော့ အတော်အတန် စုမိနေပါပြီ" ဟု ပြန်ပြောသည်။
သူက တစ်ခုခုကို သတိရသွားဟန်ဖြင့် "ဒါနဲ့ အစ်ကိုကုက ဒီနေ့ စာလာဖတ်တာလား။ ဒါပေမဲ့ စာလုံးတွေ အကုန်တတ်နေပြီ မဟုတ်လား" ဟု မေးလိုက်သည်။
ကုယွမ်က ခေါင်းယမ်းလိုက်ပြီး "မဟုတ်ပါဘူး ဒီနေ့က တစ်ခုခု စုံစမ်းချင်လို့ လာတာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က လိပ်မွေးရတာ ဝါသနာပါလို့လေ။ ဒီအနားမှာ လိပ်ရှာလို့ရမယ့်နေရာမျိုး အစ်ကိုလင်း သိမလားလို့။ လိပ်အိုကြီးတွေဆိုရင် ပိုကောင်းတာပေါ့။ ထူးထူးခြားခြား ဖြစ်လေ ပိုကောင်းလေပဲ"
"လိပ်တွေလား..."
လင်းကျိုးက ရိုးသားသူဖြစ်သဖြင့် ဤကဲ့သို့ ထူးဆန်းသော မေးခွန်းကို ဘာမှမတွေးဘဲ ခေတ္တစဉ်းစားပြီး ပြန်ဖြေသည်။
"မြို့ပြင်က ချင်းရွှေမြစ်မှာ တံငါသည်တွေက မြစ်လိပ်တွေကို ခဏခဏ ဖမ်းမိတတ်ကြတယ်။ ဒါပေမဲ့ သူတို့က အဲဒီလိပ်တွေကို မြစ်စောင့်နတ်ရဲ့ ဝင်စားသူတွေလို့ ယုံကြည်ကြတော့ မသတ်ရဲကြဘူး။ ပြန်လွှတ်ပေးလေ့ ရှိကြတယ်"
"နောက်ပြီး မြို့တောင်ဘက်က နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ရေတွင်းဟောင်းနားမှာလည်း လိပ်အိုကြီးအချို့ ရံဖန်ရံခါ တက်လာပြီး နေပူစာလှုံတတ်ကြတယ်လို့ ကြားဖူးတယ်"
"နောက်တစ်ခုက ဈေးထဲက အဘိုးကြီးလီရဲ့ အိမ်မှာ လိပ်အိုကြီးတစ်ကောင် ရှိတယ်။ အဲဒီလိပ်က သူ့အဘိုးလက်ထက်ကတည်းက မွေးထားတာ။ လူမျိုးဆက် သုံးလေးဆက်လောက်တောင် ကျော်နေပြီတဲ့"
"လူမျိုးဆက် သုံးလေးဆက်တောင် ကျော်နေပြီ..."
ကုယွမ်၏ မျက်နှာမှာ အနည်းငယ် တွန့်သွားတော့သည်။ အစ်ကိုလင်း၏ ရိုးသားမှုကတော့ တကယ့်ကို အံ့မခန်းပင်။ လင်းကျိုးပြောသော နေရာများကို မှတ်သားပြီးနောက် ကုယွမ် ပြန်ရန်ပြင်လိုက်စဉ် ဘေးအိမ်ဝင်းဆီမှ ရှိုက်ကြီးတငင် ငိုကြွေးသံများကို ကြားလိုက်ရသည်။
ထိုအသံမှာ အလွန်ပင် သနားစဖွယ်ကောင်းပြီး နာကြည်းကြေကွဲမှုများ၊ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။
ဘေးအိမ်မှ တစ်စုံတစ်ယောက် ကွယ်လွန်သွားပုံပင်။ သို့သော် လင်းကျိုးမှာမူ ထိုအသံကို ကြားရုံနှင့်ပင် အေးစိမ့်သောလေလှိုင်းတစ်ခု အဖြတ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်ကို ကုယွမ် သတိထားမိလိုက်သည်။
ကုယွမ်က စူးစမ်းလိုစိတ်ဖြင့် "အစ်ကိုလင်း... ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက်တောင် လန့်သွားရတာလဲ" ဟု မေးလိုက်သည်။
"ဘေးအိမ်က ဦးလေးကျန်းက သိုင်းကျောင်းတစ်ခုက နည်းပြချုပ်လေ။ မနေ့ညက အပြင်မှာ အရက်ထွက်သောက်ရင်း ပြန်မလာဘူး။ ဒီနေ့ မွန်းတည့်ချိန်မှာ သူ့ကို ပြန်တွေ့တော့ သူက မရှိတော့ဘူးတဲ့"
လင်းကျိုးက အသံကိုနှိမ့်ကာ တံတွေးတစ်ချက် မျိုချလိုက်ပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်
"သေသွားတာတင် မဟုတ်ဘူး။ သူ့ကို တွေ့တဲ့အချိန်မှာ ရုပ်အလောင်းက ခြောက်ကပ်နေတဲ့ အလောင်းကြီး ဖြစ်နေတာ။ မူလက ဝက်ဝံတစ်ကောင်လို သန်မာပြီး ရှစ်ပေနီးပါး အရပ်ရှိတဲ့လူက ကလေးတစ်ယောက် အရွယ်အစားလောက်ပဲ ကျန်တော့တာတဲ့။ အဲဒါကို မြင်ပြီး ဒေါ်ဒေါ်ကျန်းလည်း အဲဒီနေရာမှာတင် မေ့လဲသွားတော့တာပဲ"
"လူတွေပြောတာတော့ ဦးလေးကျန်းက ညဘက်မှာ တစ္ဆေသရဲ တစ်ခုခုနဲ့ ကြုံပြီး သူ့ရဲ့ အသွေးအသားနဲ့ အနှစ်သာရတွေကို အစုပ်ခံလိုက်ရတာတဲ့။ အခု အလောင်းကို ပြန်သယ်လာကြပြီ ထင်တယ်"
"တစ္ဆေသရဲနဲ့ ကြုံတာ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ကုယွမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်ခြင်း မဟုတ်ဘဲ အံ့ဩခြင်းသာ ဖြစ်သည်။ ဤကမ္ဘာတွင် အံ့ဖွယ်စွမ်းအင်များ ပိုင်ဆိုင်သော ကျင့်ကြံသူများနှင့် မိစ္ဆာသားရဲများ ရှိနေမှတော့ လူကို ဒုက္ခပေးသော တစ္ဆေသရဲများ ရှိနေခြင်းမှာလည်း မဆန်းပေ။
သို့သော် ကုယွမ်သည် ကျောက်စိမ်းအိုးမျှော်စင်ရှိ စာအုပ်များတွင် ကျင့်ကြံခြင်းလောက၏ အခြေခံဗဟုသုတအချို့ကို ဖတ်ဖူးသည်။
တစ္ဆေသရဲများသည် အအေးဓာတ်ကို ပိုင်ဆိုင်ပြီး လူသားများမှာ အပူဓာတ်ကို ပိုင်ဆိုင်ကြသည်။ အထူးသဖြင့် ဦးလေးကျန်းကဲ့သို့ သိုင်းဆရာတစ်ဦးမှာ အပူရှိန်ပြင်းထန်သော သွေးသားခွန်အားများ ရှိနေသဖြင့် သာမန်တစ္ဆေများမှာ အနားသို့ပင် မကပ်ရဲကြပေ။
တကယ်လို့သာ ကျင့်ကြံမှုအဆင့်ရှိသော နာမ်ဝိညာဉ် သို့မဟုတ် တစ္ဆေအိုကြီးများ ဖြစ်နေပါကမူ သိုင်းဆရာများကို မကြောက်ဘဲ နေရောင်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိကြပေလိမ့်မည်။
"ဒါနဲ့ နေပါဦး... ပိုင်လျန်ခရိုင်လို နေရာမျိုးမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အရာတွေ ဘယ်ကနေ ဘယ်လို ရောက်လာရတာလဲ"
"အစ်ကိုကုလည်း သတိထားဦးနော်"
လင်းကျိုးက ကုယွမ် ငြိမ်သက်နေသည်ကို မြင်သဖြင့် ထပ်မံသတိပေးလိုက်သည်။
"ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ ကြားတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မြို့အနောက်ဘက်မှာ အခုလို ထူးဆန်းတဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့သေးတယ်။ လူအချို့လည်း အကြောင်းမဲ့ ပျောက်ဆုံးကုန်ကြလို့ တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်နေတာ။ အခု လမ်းပေါ်မှာ ရဲမက်တွေ များနေတာက ချန်အိမ်တော်က လူသတ်သမားကို ဖမ်းဖို့တင် မဟုတ်ဘဲ လူတွေရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်နေရတာလည်း ပါတယ်"