← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း။ ၆၇

ကုယွမ်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် အံ့ဩသွားဟန်ဖြင့် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျင့်ကြံခြင်း၊ လက်စားချေခြင်းနှင့် သားရဲလေး သုံးကောင်ကို အစာကျွေးခြင်းတို့ဖြင့်သာ အလုပ်ရှုပ်နေခဲ့သဖြင့် ပိုင်လျန်ခရိုင်အတွင်း၌ ဤမျှအထိ ထူးဆန်းသော ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ပေ။

ကုယွမ်က ခေါင်းညိတ်ပြလိုက်ရင်း "ကောင်းပါပြီ အစ်ကိုလင်း... အစ်ကိုတို့လည်း သတိထားကြဦး။ အရေးကြီးကိစ္စ မရှိရင် အစ်ကိုနဲ့ အစ်မ အပြင်မထွက်ကြတာ အကောင်းဆုံးပဲ" ဟု ပြောလိုက်သည်။

လင်းကျိုးနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် အိမ်တွင် ထမင်းစားရန် ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းပယ်ပြီး ကုယွမ် ပြန်ခဲ့တော့သည်။

အိမ်ဝင်းတံခါးမှ ထွက်လာချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်ရှိနေပြီဖြစ်ကာ မကြာမီမှာပင် ကောင်းကင်တစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။

လပြည့်ဝန်းကြီးမှာ ကောင်းကင်ထက်တွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး တိမ်တိုက်များက ဖြည်းညှင်းစွာ ဖြတ်သန်းနေကြသဖြင့် လရောင်မှာ ဝေဝါးနေသည်။

လမ်းမပေါ်တွင် လူသူကင်းမဲ့နေပြီး လမ်းဘေးဝဲယာရှိ အိမ်များမှာလည်း တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြသည်။

ကုယွမ်သည် မြို့ပြင်သို့ ထွက်ရန် အစီအစဉ်မရှိဘဲ ချန်ကုန်းလမ်းကြားရှိ သူ၏ နေအိမ်သို့သာ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

တောက်... တောက်... တောက်...

ခေတ္တမျှ လျှောက်လှမ်းပြီးနောက် သူ၏နောက်ဘက်မှ ခြေသံသဲ့သဲ့ကို ကြားလိုက်ရသည်။ အစပိုင်းတွင် ထိုခြေသံမှာ အလွန်တိုးသော်လည်း တဖြည်းဖြည်းနှင့် ပိုမိုကျယ်လောင်လာသည်။

ကုယွမ် ရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ ပေအနည်းငယ်အကွာတွင် လူရိပ်တစ်ခုမှာ သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

သူရပ်လိုက်သော်လည်း ထိုလူရိပ်မှာ ရပ်တန့်မသွားဘဲ ဆက်လက် ချဉ်းကပ်လာခဲ့သည်။

ကုယွမ်၏ စူးရှသော အမြင်အာရုံကြောင့် လရောင်အောက်တွင် ထိုသူ၏ ရုပ်သွင်ကို မြင်လိုက်ရသည် ထိုသူမှာ ထူးဆန်းသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

သို့သော် ထိုသူမှာ ထူးခြားနေသည်၊ မျက်နှာထားမှာ သစ်သားတုံးကဲ့သို့ တောင့်တင်းနေရုံတင်မကဘဲ အသားအရေမှာလည်း လူသေတစ်ယောက်ကဲ့သို့ ဖြူလျော်နေပြီး ဇီဝအသက်ဓာတ် လုံးဝကင်းမဲ့ကာ သေမင်းအရှိန်အဝါများသာ ဖုံးလွှမ်းနေသည်။

သူသည် လျှောက်လှမ်းနေရင်း ကုယွမ်ကို စိုက်ကြည့်နေသည်။ ထိုအကြည့်မှာ အေးစိမ့်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

နွေးထွေးမှု ကင်းမဲ့နေရုံတင်မကဘဲ ရက်စက်မှု၊ လောဘနှင့် တပ်မက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဤအကြည့်မှာ ပုံမှန်မဟုတ်သည်မှာ သေချာသည်။

ကုယွမ်သည် သူကိုယ်ကိုယ် နုနယ်သော အသားတစ်တုံး ဖြစ်သွားပြီး တစ်ဖက်လူမှာ သူကို တစ်လုပ်တည်း ဝါးမျိုရန် ချောင်းမြောင်းနေသော သားရဲတစ်ကောင်အလား ခံစားလိုက်ရသည်။

"ရပ်စမ်း မင်းက ဘယ်သူလဲ"

ကုယွမ်က ပြတ်သားစွာ မေးလိုက်သော်လည်း ထိုသူမှာ မကြားသည့်အလား ရှေ့သို့ ဆက်တိုးလာသည်။ ထိုအချိန်တွင် လေထုအတွင်း၌ ထူးဆန်းသော အအေးဓာတ်တစ်ခု လွှမ်းမိုးလာသည်ကို သူ အာရုံခံမိလိုက်သည်။

ဤအအေးဓာတ်မှာ ရန်လိုသော အရှိန်အဝါရှိပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ရန် ကြိုးစားနေသည်။

ကုယွမ်၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထလာပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးသားခွန်အားများမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လာကာ ထိုအအေးဓာတ်ကို ပြင်ပသို့ ပြန်လည်တွန်းထုတ်လိုက်သည်။

"ဒီကောင်... မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာပဲ"

စကားအများကြီး မပြောတော့ဘဲ ကုယွမ်သည် လှည့်ထွက်ကာ မြွေလိမ်မြွေကောက် ခြေလှမ်းကို အသုံးပြု၍ လမ်းမအတိုင်း အရှိန်အဟုန်ဖြင့် ပြေးတော့သည်။ ထိုသူမှာ လူနှင့်တူသော်လည်း ပြသနေသော လက္ခဏာများမှာ လူနှင့်မတူပေ။

ထို့အပြင် ထိုသူပေါ်လာသည်နှင့် ကုယွမ်၏ စိတ်ထဲတွင် အန္တရာယ်ရှိသော အာရုံတစ်ခုမှာ စိမ့်တက်လာခဲ့သည်။

အန္တရာယ်ရှိသည်ကို သိသည့်အတွက် ကုယွမ်သည် တိုက်ရိုက်ရင်ဆိုင်ရန် မစဉ်းစားပေ။ တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက သူအတွက် အသာစီးရမည့် အခြေအနေကို ဖန်တီးရန် လိုအပ်သည်။

ကုယွမ် ထွက်ပြေးသည်ကို မြင်သောအခါ ထိုလူမှာ အစပိုင်းတွင် အံ့ဩသွားပြီးနောက် မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ပေါ်လာကာ ဒေါသတကြီးဖြင့် ဟိန်းဟောက်သံတစ်ချက် လွှတ်လိုက်ပြီး နောက်မှ အသည်းအသန် လိုက်တော့သည်။

ဤသို့ဖြင့် လူရိပ်နှစ်ခုမှာ တစ်ဦးကိုတစ်ဦး လိုက်တမ်းပြေးတမ်း ကစားရင်း လမ်းမပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေကြသည်။ ပြေးနေရင်းဖြင့် ကုယွမ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလာသည်။

သိုင်းဆရာတစ်ဦး၏ ခွန်အားမှာ ကြီးမားသော်လည်း အကန့်အသတ်တော့ ရှိသည်။ အစပိုင်းတွင် သူသည် မြွေလိမ်မြွေကောက် ခြေလှမ်းကြောင့် လိုက်လာသူထက် ပိုမြန်နေခဲ့သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ ကုယွမ်ကိုယ်တိုင်ပင် အနည်းငယ် မောဟိုက်လာသည်။

သို့သော် နောက်မှ လိုက်လာသော ထိုလူမှာမူ ပင်ပန်းနွမ်းနယ်ခြင်းကို မသိသည့်အလား အရှိန်မလျှော့ဘဲ ပို၍ပင် မြန်လာခဲ့သည်။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကုယွမ်သည် မြို့တံခါးအနီးသို့ ရောက်ရှိသွားပြီး ဒူးကိုကွေးကာ အားကုန်သုံး၍ ခုန်လိုက်ရာ မြို့ရိုးကိုကျော်ဖြတ်လျက် မြို့ပြင်သို့ ဦးတည်နိုင်ခဲ့သည်။

လူသူကင်းမဲ့ပြီး ဆိတ်သုဉ်းသောနေရာသို့ ရောက်မှသာ ကုယွမ် ခြေလှမ်းရပ်လိုက်တော့သည်။

သူ့တွင် ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက်များစွာရှိပြီး အထူးသဖြင့် ပြင်ပလူများ မသိစေလိုသော ဝိညာဉ်သားရဲ သုံးကောင်ရှိနေသဖြင့် မြို့ထဲတွင် တိုက်ခိုက်ခြင်းမှာ မသင့်တော်သည်မှာ အမှန်ပင်။

ချွန်း

ကုယွမ်သည် သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး လိုက်လာသော လူရိပ်ဆီသို့ လေထုကိုခွင်းကာ ထိုးနှက်လိုက်သည်။

ထက်မြက်သော ဓားဦးမှာ အေးစိမ့်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုလူလတ်ပိုင်း၏ ရင်ဘတ်ဆီသို့ စိုက်ဝင်သွားသည်။

မရှောင်ဘူးလား။

ကုယွမ်သည် အစပိုင်းတွင် အံ့ဩသွားသော်လည်း တစ်ခုခုမှားယွင်းနေသည်ကို ချက်ချင်းသတိပြုမိလိုက်သည်။

သူ၏ဓားမှာ မာကျောသော သတ္တုတစ်တုံးကို ထိမှန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ပုံမှန်အားဖြင့် ကုယွမ်၏ ဓားသိုင်းနှင့် ခွန်အားအရ သံထည်လူသားကိုပင် ထိုးဖောက်နိုင်သော်လည်း

ဤလူကို ထိုးလိုက်သည့်အခါ တစ်လက်မခန့်သာ ဝင်သွားပြီး ဒဏ်ရာရုံသာ ကျန်ခဲ့သည်။ ဒဏ်ရာမှ ထွက်လာသော သွေးများမှာလည်း နီမည်းနေပြီး ပုပ်စော်နံကာ အလွန်စေးကပ်လှသည်။

"သေချာပြီ ဒါ အသက်ရှိတဲ့ သတ္တဝါမဟုတ်ဘူး"

ကုယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာစဉ် ထိုလူက သူ့ကိုဖမ်းရန် လက်လှမ်းလိုက်သည်။

ဝှူး…

လက်သည်းများမှာ အေးစိမ့်စွာ တောက်ပနေပြီး ထိုလက်တစ်ဖက်၏ ခွန်အားမှာ ကုယွမ်၏ အရိုးများကို ချေမှုန်းပစ်တော့မည့်အလား ပြင်းထန်လှသည်။

လှုပ်ရှားမှုမှာ သွက်လက်မှုမရှိဘဲ ရိုးရှင်းသော်လည်း အင်အားကြီးမားလွန်းသဖြင့် ပို၍ပင် အန္တရာယ်ရှိနေသည်။

ကုယွမ်သည် ဘေးသို့ ရှောင်လိုက်ပြီး ဓားအရှိန်ကို အသုံးချကာ ပြန်လည်တိုက်ခိုက်လိုက်သည်။

ရွှပ် ရွှပ်…

လှီးဖြတ်ခြင်း၊ ထိုးနှက်ခြင်းနှင့် ဝှေ့ယမ်းခြင်း အမျိုးမျိုးကို အသုံးပြု၍ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖန်တီးလိုက်သော်လည်း ကုယွမ်သည် တိုက်လေလေ ပို၍ထိတ်လန့်လေလေ ဖြစ်လာသည်။

ဤကောင်၏ ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလောက်အောင် မာကျောလှသည့်အပြင် ရှောင်ကွင်းရန်လည်း မကြိုးစားဘဲ တိုက်စစ်သက်သက်ကိုသာ ဆင်နွှဲနေသည်။

ပို၍ဆိုးသည်မှာ သူဖန်တီးထားသော ဒဏ်ရာများက ထိုလူသားမဟုတ်သော သတ္တဝါအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခြင်းပင်။

ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။

ကုယွမ်သည် အငိုက်မမိစေရန် သတိထားရင်းမှ အခွင့်အရေးကို စောင့်ကြည့်နေခဲ့သည်။

စွပ်….

ရုတ်တရက် အခွင့်အရေးရသည်နှင့် ကုယွမ်၏ ဓားအလင်းမှာ လက်ခနဲဖြစ်သွားပြီး တစ်ဖက်

လူ၏ လက်ကို ဓားဖြင့်ပင့်ကာ ညာဘက်မျက်လုံးဆီသို့ တည့်တည့်ထိုးလိုက်သည်။

သို့သော် ထိုလူမှာ ရှောင်တိမ်းခြင်းမရှိဘဲ ပါးစပ်ကိုဟကာ သံဓားဦးကို အတင်းကိုက်ပစ်လိုက်တော့သည်။

ဂျောက်….

ဓားသွားက သူ၏ပါးစပ်ကို သွေးချင်းချင်းနီအောင် ဆွဲဖြဲပစ်လိုက်သော်လည်း သူ၏သွားများက ဓားကို တင်းကျပ်စွာ ဟန့်တားထားသည်။

ထို့နောက် ထိုလူက လည်ပင်းကို အားဖြင့် လှည့်လိုက်ရာ...

ဖောက်….

သတ္တုချင်း ပွတ်တိုက်သံနှင့်အတူ ကုယွမ်၏ သံမဏိဓားရှည်မှာ ထိုခွန်အားကို မခံနိုင်တော့ဘဲ အလယ်မှ ကျိုးပြတ်သွားတော့သည်။

ကုယွမ်၏ အကြည့်တို့က တည်ငြိမ်နေဆဲပင်။ သူသည် ကျိုးနေသော ဓားကျိုးဖြင့် ဘယ်ဘက်မျက်လုံးကို ထပ်မံထိုးစိုက်လိုက်သည်။

ဇွပ်….

ဤလူမှာ သံမဏိကဲ့သို့ မာကျောသော်လည်း မျက်လုံးများမှာမူ သာမန်လူကဲ့သို့ပင် ဖြစ်သဖြင့် ဓားမှာ ဦးနှောက်အထိ ထိုးဖောက်ဝင်သွားသည်။

သို့သော်လည်း သာမန်လူဆိုလျှင် အကြိမ်ကြိမ် သေနိုင်သော ဤဒဏ်ရာက ထိုသတ္တဝါကို အနည်းငယ်သာ တုန်ယင်သွားစေပြီး အရှိန်ကိုသာ အနည်းငယ် လျှော့ကျသွားစေသည်။ ထို့နောက် သူ၏လက်မောင်းများကို ပြန်ဖြန့်ကာ ကုယွမ်ကို ထပ်မံဖမ်းဆုပ်ရန် ပြင်ပြန်သည်။

"ဦးနှောက်ကို ခြေမွပစ်တာတောင် တိုက်ခိုက်နိုင်သေးတယ်။ ဒါ ဘယ်လိုအကောင်လဲ"

ကုယွမ် ပို၍ထိတ်လန့်လာပြီး ထိုအကောင်ကို ခြေထောက်ဖြင့် ကန်ထုတ်ကာ နောက်ဆုတ်

လိုက်ပြီးနောက် "အားဟွမ် ဓား" ဟု အော်ဟစ်လိုက်သည်။

"ကျိ... ကျိကျိ"

အားဟွမ်သည် ဘေးဘက်မှ ပြေးထွက်လာသည်။ သူ၏လည်ပင်းတွင် အဝတ်အိတ်တစ်အိတ် ချိတ်ဆွဲထားပြီး အတွင်း၌ ရှေးဟောင်းလက်ရာများဖြင့် တန်ဆာဆင်ထားသော ဓားတစ်စင်း ရှိနေသည်။

၎င်းမှာ ကုယွမ် မကြာသေးမီက ရရှိထားသော ချိုးရွှေဓားပင်။

အားဟွမ်မှာ ကင်းထောက်ဘဝမှ ဓားသယ်ဆောင်သူအဖြစ် ရာထူးတိုးသွားခဲ့ပြီ ဖြစ်သည်။ ရာထူးသာတိုးပြီး လစာတော့ မတိုးပေ။

တစ်ယောက်တည်း တိုက်လို့မနိုင်ရင် အဖော်ခေါ်ရမည်ပင်။ ကုယွမ်သည် ရန်သူကို အင်အားသာစီးမှုဖြင့် နှိမ်နင်းရန် ဝန်လေးမနေတော့ပေ။

အခန်း။ ၆၈

အားဟွမ်အပြင် အားဝူပါ ဘေးမှ ခုန်ထွက်လာပြီး သူ၏ကိုယ်ပေါ်ရှိ မီးခိုးရောင် မြူခိုးစိုင်များကို မြှားတစ်စင်းအဖြစ် စုစည်းကာ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။

ထိုအချိန်တွင် လူလတ်ပိုင်း လူမှာ သက်ရှိပစ်မှတ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

သူသည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် မကြိုးစားဘဲ ရင်ဆိုင်လိုက်ရာ မိစ္ဆာပညာဖြင့် ဖန်တီးထားသော မြှားမှာ သူ၏ ခါးနှင့် ဝမ်းဗိုက်ဆီသို့ တည့်တည့်မှန်သွားတော့သည်။

ဂျောက်..ဍ

မြှားမှာ အဆိပ်ငွေ့များအဖြစ် ကွဲအက်သွားပြီး စီစီမြည်သံနှင့်အတူ ထိုသူ၏ အသားများကို တိုက်စားသွားရာ ရှေ့မှနောက်သို့ အပေါက်ကြီးဖြစ်သွားပြီး ခြောက်ကပ်နေသော ကိုယ်တွင်းအင်္ဂါများပင် ပေါ်လာတော့သည်။

ကျောရိုးမှာလည်း အဆိပ်တိုက်စားမှုကြောင့် ကျိုးသွားခဲ့သည်။ ကျောရိုးကျိုးသွားသဖြင့် ထိုသူ၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

သို့သော် ကျန်ရှိနေသော မျက်လုံးတစ်ဖက်မှာမူ ကုယွမ်ကို ကြောက်မက်ဖွယ်ကောင်းအောင် စိုက်ကြည့်နေဆဲဖြစ်ပြီး အခြေအနေမလှသော်လည်း ကုယွမ်ထံသို့ တရွတ်တိုက် တိုးလာနေဆဲပင်။

ချွန်း….

ကုယွမ်သည် ချိုးရွှေဓားကို ဆွဲထုတ်လိုက်ရာ အေးစိမ့်ထက်မြက်သော ဓားသွားမှာ အလင်းတန်းတစ်ခုကဲ့သို့ လေထုကို ခွင်းလျက် ထိုသူ၏ လည်ပင်းဆီသို့ ရက်ရက်စက်စက် ကျရောက်သွားသည်။

ဘုန်း…

မာကျောလှသော ထိုခန္ဓာကိုယ်မှာ ချိုးရွှေဓားအောက်တွင်မူ ဆွေးမြည့်နေသော သစ်သားကဲ့သို့ ဖြစ်သွားပြီး ခေါင်းမှာ တစ်ချက်တည်းဖြင့် ပြတ်ထွက်သွားတော့သည်။

ခေါင်းပြတ်သွားမှသာ ထိုသူ၏ လက်များ တုန်ရင်သွားပြီး နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။ သို့သော် ကုယွမ်ကမူ စိတ်မချသေးပေ။

သူ၏ စိတ်ထဲတွင် အန္တရာယ်ရှိသော အငွေ့အသက်မှာ ပျောက်ကွယ်မသွားသေးသောကြောင့်ပင်။

ရုတ်တရက် အလောင်းကောင်အတွင်းမှ မီးခိုးဖြူမြူခိုးစိုင်တစ်ခုမှာ တစ္ဆေဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲထွက်လာသည်။

ထိုမြူခိုးများ ထွက်လာသည်နှင့် မြေပြင်ပေါ်ရှိ အလောင်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့်အလား ချက်ချင်းပင် ခြောက်ကပ်ကာ ဆွေးမြည့်သွားတော့သည်။

ကုယွမ်သည် သူထံသို့ တိုးဝင်လာသော အေးစိမ့်သည့် မိစ္ဆာအငွေ့အသက်ကို ခံစားလိုက်ရပြီး မြူခိုးများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော သူစိမ်းမျက်နှာတစ်ခုကိုပါ ဝေဝါးစွာ မြင်လိုက်ရသည်။

"တစ္ဆေမိစ္ဆာလား"

ကုယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားနှင့် အရိုးများမှာ တုန်ခါလာပြီး သွေးသားခွန်အားများမှာ မီးဖိုကြီးတစ်ခုကဲ့သို့ ဟုန်းဟုန်းတောက်လာသည်။

သူ၏ ကိုယ်မှ ထွက်ပေါ်လာသော အပူရှိန်က အနားသို့ ကပ်လာသော အအေးဓာတ်များကို တွန်းလှန်လိုက်သည်။

သူသည် ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်ရာ မြူခိုးစိုင်မှာ နှစ်ခြမ်းကွဲသွားပြီး လွင့်စင်သွားတော့သည်။

"ဝူး... ဝူး... ဝူး..."

သို့သော် နောက်တစ်ခဏတွင် ထိုမြူခိုးများမှာ အသိဉာဏ်ရှိသကဲ့သို့ ပြန်လည်စုစည်းသွားပြီး အရွယ်အစားမှာ သိသိသာသာ သေးငယ်သွားကာ မကျေမနပ် အော်ဟစ်လျက် အဝေးသို့ ထွက်ပြေးရန် ကြိုးစားတော့သည်။

ကုယွမ်က ဝင်မတားလိုက်ပေ။ အကြောင်းမှာ အားဝူ၏ မီးခိုးရောင်မြှားတစ်စင်းက ထိုမြူခိုးစိုင်ကို ထိုးဖောက်လိုက်သောကြောင့်ပင်။

မီးခိုးရောင် အဆိပ်ငွေ့များ ပေါက်ကွဲသွားပြီး မြူခိုးစိုင်တစ်ခုလုံးကို ဖုံးလွှမ်းကာ တိုက်စားပစ်လိုက်သည်။

"အား"

ရှိုက်ကြီးတငင် အော်ဟစ်သံမှာ မြူခိုးများကြားမှ ထွက်ပေါ်လာပြီး နားငြီးဖွယ် ကောင်းလှသည်။

သို့သော် မြူခိုးများ တိုက်စားခံရပြီး ပျောက်ကွယ်သွားသည်နှင့်အမျှ ထိုအသံမှာလည်း တဖြည်းဖြည်း အားနည်းသွားပြီး ငြိမ်သက်သွားတော့သည်။

ကုယွမ်သည် မြေပြင်ပေါ်ရှိ ဆွေးမြည့်နေသော အကြွင်းအကျန်များကို သေချာကြည့်ရင်း

"လင်းကျိုးရဲ့ အိမ်နီးနားချင်း သိုင်းဆရာကြီး ဦးလေးကျန်းကို သတ်ပြီး အသွေးအသားတွေ စုပ်ယူသွားတာ ဒီတစ္ဆေမိစ္ဆာပဲ ဖြစ်ရမယ်"

"ဒါတင်မကသေးဘူး..."

သူသည် ရင်ဘတ်အတွင်းမှ ဝိညာဉ်ရှာဖွေရေး သံလိုက်အပြားကို ထုတ်ကြည့်လိုက်ရာ ကြေးပြားပေါ်ရှိ အပ်ကလေးမှာ တုန်ရင်လျက် မြေပြင်ပေါ်ရှိ အလောင်းကောင်ဆီသို့ ညွှန်ပြနေသည်။

"ဒီတစ္ဆေမိစ္ဆာက ငါရှာနေတဲ့ နက်မှောင်လိပ်အိုကြီးနဲ့ တကယ်ပဲ ပတ်သက်နေတာလား..."

ကုယွမ်၏ အကြည့်တို့မှာ တင်းမာသွားပြီး နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ အားဟွမ်နှင့် အားဝူကို ခေါ်ကာ ထိုနေရာမှ လှည့်ထွက်ခဲ့တော့သည်။

ဤနက်မှောင်လိပ်အိုကြီးနှင့် ပတ်သက်လာလျှင် ဤမိစ္ဆာလမ်းစဉ်လိုက် ကျင့်ကြံသူမှာ သာမန်မဟုတ်သည်မှာ သေချာလှသဖြင့် ရှောင်ရှားခြင်းက အကောင်းဆုံးပင်။

အသားထဲက အပ်ထွက်သကဲ့သို့ သူ၏ လက်ရှိအင်အားနှင့် မယှဉ်နိုင်သေးပါက အဝေးသို့ ရှောင်နေခြင်းမှာ အရှက်ရှိစရာ မဟုတ်ပေ။

"နောက်မှ အဖိုးကြီးချန်ဆီမှာ ဒီနက်မှောင်လိပ်အိုကြီးက ဘယ်လိုနတ်ဘုရားပညာရပ်တွေ တတ်တာလဲ။ သူ့ရဲ့ နည်းလမ်းတွေက ဘယ်လိုမျိုးလဲဆိုတာ သေချာစုံစမ်းရမယ်။ ရန်သူ့အကြောင်းသိမှ ကိုယ့်အတွက် အဆင်ပြေမှာမဟုတ်ဘူးလား။ ဒါ့အပြင် ဦးလေးကျန်းကို သတ်သွားပြီးနောက်မှာ ငါ့လို သွေးသားခွန်အား ပြည့်ဝတဲ့ သိုင်းဆရာတွေကို ဒီတစ္ဆေမိစ္ဆာတွေက ပိုပြီး မျက်စိကျနေကြတာ သိသာတယ်"

...

ဈေးထဲရှိ အဘိုးကြီးလီ၏ ငါးဆိုင်တွင်။

"အဘိုးကြီးလီ... ဒီလိပ်အိုကြီးကို ငွေတုံး ၂၀ ပေးမယ် ဘယ်လိုလဲ"

မျက်နှာညိုဖျော့ဖျော့နှင့် ဓားတစ်စင်းကို ရင်ဘတ်တွင် ပွေ့ထားသော လူလတ်ပိုင်းတစ်ဦးက အသံသြသြဖြင့် အဘိုးကြီးလီကို ကမ်းလှမ်းလိုက်သည်။

အဘိုးကြီးလီကမူ အရပ်ပုပု၊ ဆံပင်ဖြူဖြူနှင့် အရောင်လွင့်နေသော ဝတ်ရုံဟောင်းတစ်ထည်ကို ပတ်ထားရင်း အေးလွန်းသဖြင့် နီရဲနေသော နှာခေါင်းကို တစ်ချက်တစ်ချက် ရှုံ့နေသည်။

သူတို့ရှေ့ရှိ ရေကန်ငယ်ထဲတွင်မူ လိပ်အိုကြီးတစ်ကောင် ရှိနေ၏။

ထိုလိပ်မှာ ဇလုံတစ်လုံးထက်ပင် ကြီးမားပြီး လေးလံသော ကျောက်ခွံပေါ်တွင် ရှေးဟောင်းဆန်သော ထူးဆန်းသည့် အမှတ်အသားများ ရှိနေကာ ရေညှိစိမ်းများ ဖုံးလွှမ်းနေသည်။

သူ၏ လည်ပင်းနှင့် ခေါင်းပေါ်တွင် အရိုးကဲ့သို့ အဖုအထစ်များစွာ ရှိနေပြီး နဖူးပေါ်မှ အဖုမှာမူ ချွန်ထက်နေသဖြင့် ဦးချိုတစ်ခုနှင့်ပင် တူနေတော့သည်။

ဤလိပ်အိုကြီးမှာ လူနှစ်ယောက် ကြည့်နေသည်ကို ဂရုမစိုက်ဘဲ ကျောက်တုံးပေါ်တွင် ငြိမ်

သက်စွာ နားနေသည်။

သူသာ လှုပ်မနေလျှင် ကျောက်တုံးတစ်တုံးဟုပင် ထင်မှတ်ရပေမည်။

အဘိုးကြီးလီက ခက်ခဲသော မျက်နှာပေးဖြင့် လိပ်ခွံကို ပွတ်သပ်ရင်း နှမြောတသစွာ ပြောလိုက်သည်။

"ဒီလိပ်က ကျွန်တော့်အဘိုးအဘွား လက်ထက်ကတည်းက မြစ်ထဲက ရလာပြီး ကျွေးထားတာပါ။ အခုဆို နှစ်ပေါင်း တစ်ရာကျော်နေပြီ။ ကျွန်တော် ကြီးလာတာကိုတောင် သူက စောင့်ကြည့်နေခဲ့တာ။ အရှင်က ခေါ်သွားမယ်ဆိုတော့ ကျွန်တော့်ရင်ထဲ တကယ် မခံစားနိုင်ဘူး..."

"ငွေတုံး ၅၀"

ညိုဖျော့ဖျော့မျက်နှာနှင့် ဓားသမားက မျက်တောင်တစ်ချက် မခတ်ဘဲ ဈေးကို မြှင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝင်းလက်နေသော ငွေတုံးအချို့ကို ထုတ်ပြလိုက်သည်။

ဂလု…

အဘိုးကြီးလီတစ်ယောက် တံတွေးကို အလိုအလျောက် မျိုချလိုက်မိသည်။ ဈေးထဲက ငါးသည်တစ်ယောက်အတွက် ငွေ ၅၀ ဆိုသည်မှာ တစ်သက်လုံး ရှာလျှင်ပင် မရနိုင်သော ရွှေပုံငွေပုံကြီးပင်။

"အရှင်... အရှင်က..."

အဘိုးကြီးလီ ရင်ခုန်သွားသော်လည်း တစ်ဖက်တွင်လည်း စိုးရိမ်စိတ်က ဝင်လာသည်။ အတွေ့အကြုံအရ ငွေတွေ အမြောက်အမြား ပေးလာခြင်းက တစ်ခါတရံတွင် ဘေးဒုက္ခကိုပါ သယ်ဆောင်လာတတ်သည်။ အထူးသဖြင့် တစ်ဖက်လူက သိုင်းလောကသားတစ်ဦး ဖြစ်နေသည့်အခါမျိုးတွင် ပိုဆိုးသညါ။

"အဘိုးကြီး... ကျွန်တော် နောက်ထပ် ငွေတုံး ၂၀ ထပ်ပေါင်းပေးမယ်"

ဓားသမားက အဘိုးကြီး၏ စိုးရိမ်မှုကို ရိပ်မိဟန်ဖြင့် ဆက်ပြောသည်။

"အပြင်လူတွေကိုတော့ ကျွန်တော် ငွေ ၈ တုံးနဲ့ ဝယ်သွားတယ်လို့ပဲ ပြောလိုက်ပါ။ ဒါဆို အဘိုးအတွက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"

ဤစကားကို ကြားမှ အဘိုးကြီး လီ စိတ်အေးသွားပြီး "မဟုတ်တာ... ငွေ ၅၀ ဆိုရင်ပဲ လုံလောက်ပါပြီ" ဟု ပြောလိုက်သည်။

"ဟက်..."

ဓားသမားက ခပ်ပြုံးပြုံးဖြင့် နောက်ထပ် ငွေ ၂၀ ကိုပါ အဘိုးကြီးလက်ထဲ ထည့်ပေးလိုက်ပြီး "ရပါတယ်... ကျွန်တော့်မှာ ဒီလောက် ငွေကြေးက အရေးမကြီးပါဘူး..." ဟု ပြောလိုက်သည်။

ထို့နောက် သူသည် အသံကို တမင်မြှင့်ကာ ဒေါသထွက်ဟန်ဖြင့် အော်ပြောလိုက်သည်။

"ဘာ ငွေ ၁၀ တုံး ဟုတ်လား။ ပိုက်ဆံတွေက သစ်ပင်က သီးနေတာ မှတ်လို့လား။ စကားများမနေနဲ့ အလွန်ဆုံး ၈ တုံးပဲ ပေးနိုင်မယ်"

စကားအဆုံးတွင် သူသည် လိပ်ကို ပလိုင်းထဲထည့်၍ အဝတ်ဖြင့် အုပ်လိုက်ပြီး အဘိုးကြီး လီ ၏ ကျေးဇူးတင်သော အကြည့်များကြားမှ အပြင်သို့ ထွက်လာခဲ့သည်။

လမ်းဘေးမှ စပ်စုနေသော လူများကို တစ်ချက်ဝှေ့ကြည့်ကာ အေးစက်သော မျက်နှာထားဖြင့် ထွက်ခွာသွားတော့သည်။

ဈေးထဲမှ ထွက်လာပြီးနောက် နောက်ယောင်ခံမပါသည်ကို သေချာအောင် လမ်းများအတွင်း လှည့်ပတ်သွားလာပြီးမှ လမ်းကြားတစ်ခုအတွင်းသို့ ဝင်လိုက်သည်။

တံတိုင်းကို ကျော်ဖြတ်ကာ အိမ်ဝင်းတစ်ခုအတွင်းသို့ ရောက်ရှိချိန်တွင် သူ၏ ကိုယ်ပေါ်မှ အရိုးမြည်သံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာ ပြန်လည် ကျုံ့ဝင်သွားတော့သည်။

မျက်နှာကို သုတ်လိုက်သည့်အခါ ချောမောသော လူငယ်လေးတစ်ဦး၏ ရုပ်သွင် ပေါ်လာသည်။ ဤသူကား ကုယွမ်ပင်။

All Chapters